ငှက်ကလေး ခရီးသွား


ဒီနေ့ဆို ရန်ကုန်မှာ နိုဝင်ဘာလ ၁၉ရက်။ အဖေသာ ဒီနေ့ ဒီအချိန်မှာ ရှိတယ်ဆိုရင် အသက် (၇၅) နှစ် ပြည့်ခဲ့ပြီ။
အဖေ့ မွေးနေ့အမှတ်တရအတွက် ကိုယ့် အမအငယ် မိုးမိုးနှင်းရဲ့ စာကဗျာ အတ္ထုပ္ပတ္တိလေးကို ဖော်ပြချင်ပါတယ်။ မနှင်းက ဒီစာစုလေးကို အဖေဆုံးပြီး ၃လ အကြာမှာ ရေးခဲ့တာပါ။ မနှင်းကတော့ ကိုယ်တို့ မိသားစုထဲမှာ အနုပညာသွေး အပါဆုံး၊ အဖေ့ကို နားလည်မှု အပေးနိုင်ဆုံး သမီးတယောက်ပါ။
ကိုယ့်ရဲ့ မှတ်တမ်းလေးမှာ ကိုယ့်အမတယောက်ရဲ့စာလေးကို အဖေ့မွေးနေ့ အမှတ်တရ ဖော်ပြခွင့်ရတာ ၀မ်းသာမိပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ငှက်ကလေး ခရီးသွား

မတ်လရဲ့ ဥရောပမှာ ချယ်ရီတွေ စောစောစီးစီး မြိုင်မြိုင် ပွင့်နေပြီ ငှက်ကလေး။ ငှက်လေး ပြန်မလာဘူးလား။

အစ၏ သမိုင်း

သူ့ကို စမွေးတော့ သူ့အိမ်ရာသည် နွားစားကျက်သာသာဖြစ်သည်။ သူ့အိပ်ယာသည် နွားစားခွက်သာသာ ဖြစ်သည်။ ဒါဆို ယေရှုခရစ်လို ဖြစ်နေတာပေါ့ ဟု သူမက ပြူးပြူးပြက်ပြက် အံအားတသင့်မေးတော့ “အဲသလိုဆန်ဆန်ပါပဲ သမီးရဲ့” ဟု ခပ်တွေးတွေး ဖြေသည်။ အဖ ဦးဘအို နှင့် အမိ ဒေါ်စံထယ်တို့မှာ ရပ်ရွာသစ် ပြောင်းစ ကာလ ဖြစ်သည်။ ရေစကြို ခရိုင် မုံညင်း၊ မြေဖြူမှ တောင်သာမြို့နယ် ကန်မြဲဇဂျမ်းရွာသို့ အထုပ်အထည် သိပ်မပါ လက်ချည်းသာသာ ပြောင်းစဉ်က ဖြစ်သည်။

အဖိုး ဘုရားတကာ ဦးထွန်းတင်က သားမောင်ဘအိုကို မဟာဂီတ လိုက်စားစေခဲ့သည်။ ဘာသာ သာသနာနှင့် ဂီတကို စည်းကမ်း တင်းကြပ်စွာ မျိုးစေ့ချပေးခဲ့သည်။ အရွယ်တန်၍ တရွာသူ မစံထယ်နှင့် အကြောင်းပါတော့ အဖိုးက ငွေ အရင်းအနှီးထုတ်ကာ နယ်လှည့် စီးပွားရှာခိုင်းသည်။ ကိုဘအိုမှာ တောင်ယာ စိတ်မ၀င်စား၊ စီးပွားမမှု။ ဖခင်ပေးသော ငွေအရင်းအနှီးနှင့် နယ်လှည့် အထည်သည် ဖြစ်ရသည်။ ထိုဘ၀တွင် ပျော်ရွှင်စွာ ကျင်လည်သည်။

အထက်ပြည် အထက်ရွာ မန္တလေးအထိ၊ အောက်ပြည် အောက်ရွာ မော်လမြိုင်၊ ရွှေတိဂုံအထိ “စိန်ဗေဒါ”ဆိုင်းဝိုင်းနှင့် လိုက်သည်။ ဤတွင် ဂီတ အနုပညာနှင့် ပျော်မွေ့တော့သည်။ အထည်စီးပွားဖြစ်မဖြစ် သိပင်မသိတော့။ ဇနီး မစံထယ်နှင့် မိခင် ဖခင်ကိုပင် အမှတ်မရနိုင်တော့။

၎-၅-၁၀ နှစ် သူ့သည်းခြေကြိုက် စိန်ဗေဒါ ဆိုင်းဝိုင်းနောက် အထက်၊ အောက်၊ အညာ၊ အကြေ စုံအောင် စုန်ဆန်ပါတော့သည်။ မိခင် နာမကျန်းဖြစ်ကာမှ စာကလေး တစောင်မှ တဆင့် ရွာသို့ ပြန်လည်ခြေချ မိသည်။ ငွေလည်း မကျန်၊ လက်လုပ်လက်စားလည်း မလုပ်တတ်။

ထိုမှတဆင့် ဇနီးသည်ကို လက်ဆွဲကာ ကန်မြဲ ဇဂျမ်းသို့ အခြေချဖို့ ကြိုးပမ်းခဲ့သည်။ သားသမီး စုစုပေါင်း ဆယ်ဦးထက် မနည်း ဖွားခဲ့သော်လည်း နောက်ဆုံး သုံးဦးသာ အဖတ်တင်ရသည်။ အဖတ်တင်သည့် သမီးကြီးမှာ“တင်မေ” ဖြစ်လာရသည်။ ကန်မြဲမှ မွေးသူ သမီး “မမြဲ” မှာ အရွယ်မတန်ခင် ကွယ်လွန်ရသည်။ သည့်နောက် ကန်မြဲဖက် မွေးသူ ကန်မြဲဇဂျမ်းသား မောင်ဘဂျမ်းသည် “တင်မိုး” ဖြစ်ပါသည်။ နှမ အငယ်ဆုံးမှာ “မတင်စန်း” ဖြစ်သည်။

အစပထမ အရီးအံ့၏ အိမ်တွင် အဖီဆွဲနေခဲ့ကြခြင်း ဖြစ်သည်။ အရီးအံ့၏ အိမ်ဖီသည် သူ၏ မွေးဖွားရာ ဖြစ်လာရသည်။

ထိုမှအစပြု၍ ဖခင် မိခင်တို့၏ အပ်ချုပ်ပညာ၊ အဖ၏ဂီတ အနုပညာ မေတ္တာ၊ စေတနာ ရက်ရောမှုနှင့် လုံ့လ ၀ီရိယတို့ကြောင့် တရွာတကျေးတွင် ချစ်ခင်မှုရရှိကာ အိမ်ယာ တင့်တယ် အတည်တကျ ဖြစ်ခဲ့ကြရသည်။ ထိုမှ ရွာဂီိတ၀ိုင်း၊ အိမ်ဂီတ အသိုင်းအ၀ိုင်းမှတဆင့် သူ၏ ဘုန်းကြီးကျောင်းပညာရေးကို ရွာဆရာတော် အရှင်အာစရဆီမှာ ကျိုးကျိုးနွံနွံ သင်ယူသည်။ စာတတ်၊ ပညာတတ် ဖြစ်လိုစိတ် အလွန်ပြင်းပြသည်။ မန္တလေး ရွှေရေးဆောင် ကျောင်းတိုက်မှ ကိုရင်ဘ၀မှာ အားရဖွယ်၊ အားကျဖွယ်၊ သနားစဖွယ်လည်း ဖြစ်သည်။

“ဖေဖေ မန္တလေး ကိုရင်လေးဘ၀ မနက်မနက် ဖိနပ်မပါ ဆွမ်းခံထွက်ရင်း တခါတရံ အမရပူရဖက်၊ အင်းဝဖက်ထိ လယ်ကန်သင်းရိုးတွေမှာ ဖြတ်လျှောက်ရင်း လောကီပညာတွေ သိပ်ဆည်းပူးချင်ခဲ့တာပဲ။ တနေ့တော့ ငါ လောကီပညာတွေ တတ်မြောက်ပြီး လောကီ အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ အမြဲခံစား အိပ်မက်နေခဲ့တယ် သမီးရယ်”

ဆရာတော်များအား အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓဘာသာအား အင်မတန် ဦးထိပ်ထားသော်လည်း သူ၏တိုးတက်သော အမြင်က ရေစကြို “အမေတိုက်” အိမ်သို့ စွန့်စွန့်စားစား ပို့ခဲ့သည်။ ဤတွင် အဒေါ်ဖြစ်သူ အမေတိုက်၏ ဆိုင်လုပ်ငန်းများ ကူညီရင်း အတန်းကျောင်းပညာရေး စခဲ့ရသည်။

အဖေ၊ အမ၊ ကန်မြဲ ဇဂျမ်းနှင့် ဂီတကိုတော့ သူမမေ့။ ရွာကိုပြန်လာတိုင်း အကျိုးဆောင်သည်။ စာသင်ကြားရေး၊ စာကြည့်တိုက်လုပ်ငန်း အစရှိသည်..။ အဖေ့ရဲ့ မဟာဂီတကိုလည်း ရံဖန်ရံခါ လွမ်းဆွတ်သည်။

သည်လိုနှင့် အခြေခံပညာ အထက်တန်းအောင် ဆရာသမားများ ကျေးဇူးနှင့် မန္တလေးတက္ကသိုလ် ရောက်ခဲ့ရပါသည်။

“ဖေဖေ ဆယ်တန်းအောင်တော့ အသက် ၂၄နှစ် ရှိပြီ။ ကျောင်းစတက်တုန်းက ဘုန်းကြီးကျောင်းဘ၀ကလာတော့ အတန်းထဲမှာ အကြီးဆုံးဖြစ်နေတာ။ ငါ့သမီးက ၁၆နှစ်တောင် မပြည့်သေးဘူး ဆယ်တန်းအောင်တာ ကံကောင်းပါတယ် သမီးရဲ့” ဟု အားပေးစကားများ အမှတ်ရမိပါသေးသည်။

မန္တလေး တက္ကသိုလ်မှ တဆင့် ကဗျာဆရာတင်မိုး၏ ကဗျာဇာတ်လမ်းများ အစပြုပါပြီ။

သူမ၏ငှက်ကလေး

သူမက ဖခင်ကို ငှက်ဟုခေါ်မည်။ ငှက်က အပြစ်ကင်းစင်သည်။ အသံချိုသည်၊ သဘာဝလောကကို အကောင်းမြင်သည်။ အလှဆုံး သီဖွဲ့သည်။ မနက်လင်းအားကြီးနိုး သီချင်းဆိုသည်။ သည်လောက်ဆို ငှက်ကလေး၏ ဂုဏ်အင်္ဂါ လောကတွင် တနေရာစာ ကြွယ်ဝပြီ။

ငှက်ကလေးနိုးလျှင် ချက်ချင်း မျက်နှာသစ်သည်။ နိုးထခြင်း၊ သစ်လွင်ခြင်း၊ အသံတွေကို ရှာမည်။ အရုဏ်၏အလှ အခင်းအကျင်းကို သူက အမက်မောဆုံးဖြစ်မည်။ သန့်စင်ခြင်း၏သဘောလား။ ကျေးငှက်တို့၏ ဂီတသံ၊ ပဲပြုတ်သည် မလေး၏ စူးရှရှ ဂရုဏာသံ၊ စမ်းချောင်းလေး တွတ်ထိုးသံ၊ လက်ဖက်ရည်ဆိုင်များ၏ တရားဓမ္မသံ (သို့မဟုတ်) ကြောင်ကျီကျီ ဂီတသံ၊ ဒါမှ မဟုတ် ကလေးနိုးထ သံ၊ အရုဏ်ဦး ဘုရားရှိခိုးသံ အကုန် စူးစမ်းသည်။ ကဗျာတပုဒ် ဖန်ဆင်းမိပြီပေါ့။ နောက် နေခြည်ထွက်လာ၊ နေစာလှုံ စာတပုဒ် ပြီး တပုဒ်၊ နောက်တပုဒ်။ လက်ဖက်ရည်ကြမ်း တခွက်၊ ဆေးလိပ်တတို၊ ကော်ဖီတငုံ၊ ပဲပြုတ်သည်မလေးရောင်းတဲ့ ကောက်ညှင်းပေါင်း။ အားလုံး ကဗျာဖြစ်ခဲ့ပြီ။
“မနက်ခင်း ကဗျာများ” သည် လှပသည်ချည်း။ ။

ထိုသို့ ကျေနပ်စွာ လွတ်လပ်ပြီးသကာလ ပြင်ပသို့ ထွက်ကာ ကဗျာနှင့် လောကရဲ့ အမှန်တရားကို ညှိမည်။ အဖြေရှာမည်။ ကျောင်းဆရာတဦးရဲ့ ဘ၀၊ ပန်းချီဆရာ၏ အတွေး၊ ကလေးငယ်၏ ပုံရိပ်၊ ဆိုက်ကားဆရာ၏ ဇာတ်လမ်း၊ အိမ်ရှင်မ၏ ဒုက္ခ၊ အရာရှိမင်း၏ ပြဿနာ၊ လူငယ်တို့၏ အရေး။ လောကတရားခုံရုံး၌ လွတ်လပ်တရားသူကြီး ဖြစ်မည်။ ကိုယ်ပိုင်အတွေး နိုင်ငံတွင် ကိုယ်တိုင် အစိုးရမည်။ အမှန်၊ အမှား၊ အချို၊ အခါး ခြုံငုံ ကြည့်ရှုမည်။ လက်ဖက်ရည်ဆိုင်များသည် သူ၏ကဗျာ စတူဒီယိုများသာ ဖြစ်ပါသည်။ နားထောင်စမ်း လူတွေရဲ့အသံ။ သူတို့ ပြောပြနေကြတာ၊ သူတို့ရဲ့ အလွှာလွှာ ခံစားမှုတွေ။ ရုံးမှာ၊ ကျောင်းမှာ၊ လမ်းမှာ။

ညဖက်အိမ်ပြန်တော့ ဒါတွေ ကဗျာဖြစ်ပြန်သည်။ ထိုကဗျာများကတော့ အရောင်စုံရပြီ။ ရသစုံသည်။ ခံစားမှု အစုံစုံ၊ စေတနာ အဖုံဖုံ။

ညနေဖက်တွင် ငှက်ကလေး၏တေးသံ အနည်းငယ် အက်ကွဲသည်။ ဘာပဲပြောပြော ဖခင်သည် သူမ၏ အရင်းနှီးဆုံး တေးသီငှက် ကလေးတကောင် ဖြစ်ရသည်။

အတ္ထုပ္ပတ္တိ

ပန်းများရဲ့ အတ္ထုပ္ပတ္တိ

မျိုးစေ့
ပန်းပင်
ပွင့်
ကြွေ
ဒါဟာ ပန်းပွင့်ရဲ့ အတ္ထုပ္ပတ္တိ မဟုတ်။

မြေထဲက ရုန်းထ မှု
လေထဲမှာ ရနံ့ ဖြန့်ဝေမှု
မုန်တိုင်းကို ခေါင်းငုံ့မခံ
လက်တုံ့ပြန်နိုင်မှု
နေရဲ့ ဒဏ်ကို
အားမာန်အဖြစ် ပြောင်းလဲမှု
သူ့စွမ်းအား သူ့ဂုဏ်သတ္တိတွေသာ
ပန်းပွင့်၏ အတ္ထုပ္ပတ္တိ ဖြစ်တယ်။

ပွင့်ပါစေ
ကြွေပါစေ
နိယာမ တရားထဲမှာ ကျင်လည်ပါစေ။

မြေ
လေ
ရေ
နေ
သူ့ အတ္ထုပ္ပတ္တိ ဖြစ်ထွန်းရာ အခြေအနေ
မွှေးပျံ့လာမယ့် ကမ္ဘာမြေ။

၁၉-၁၁-၉၅

အဖေမရှိမှ အဖ အကြောင်း ရေးရတော့မည်။ အရာရာ ချီတုံ ချတုံ၊ မချိတင်ကဲ။ အရာရာ အပိုင်းပိုင်း အစစ။ တိုတိုတောင်းတောင်း၊ ရှည်ရှည်လျားလျား။

အဖက အထည်ချုပ်၊ အမက ကြယ်သီးဖောက်၊ အဖက ဘင်ဂျိုတီး၊ ပတ္တလားခေါက်၊ အမက အကြမ်းတည်။ ဆရာအို တီးဝိုင်းသည် ရွာရှိလုလင်တို့၏ အနုပညာ ဘူမိနက်သန်။ ဖခင်၏ ကြီးပြင်းရာ အခြေအမြစ်။

ကဗျာ၏အချစ်က အချစ်ကို ကဗျာ ဖြစ်စေခဲ့သည်။ မန္တလေး တက္ကသိုလ် ဇာတ်လမ်းများတွင် ကဗျာသန်သူ၊ ကဗျာဆန်သူ၊ ကဗျာခင်သူ၊ ကဗျာ မင်သူ၊ ကဗျာမွေ့သူ၊ ကဗျာကို တွေ့သူ ရန်ကုန်သူ မိခင် “စန်း”နှင့် ချစ်ကြိုးသွယ်ခဲ့ရပြီ။ ထို့နောက် “ကဗျာ မိသားစု ” တည်ထောင်ကြလေသည်။

မန္တလေး စာပေလှုပ်ရှားမှုများမှ ရန်ကုန်သို့ ပြောင်းလာခဲ့ရာ သူမကို မွေးဖွားခဲ့သည်။ သူမကို “သမီးက မန္တလေး သန္ဓေ၊ ရန်ကုန်မွေး” ဟုပြောပြခဲ့သည်။

ကဗျာ မိသားစု

သူမကတော့ ဖခင်ကို စ သိချိန်တွင် ဖခင်၏ ဖောဖောသီသီ နှစ်နှစ်ခြိုက်ခြိုက် အပြုံးကို အဓိက မှတ်မိသည်။ ဖခင်သည် ငှက်တကောင်၏ တေးဆိုသံနှင့် မခြားမနား လေချွန်သည်။

သူမကတော့ သူမကိုယ်သူမ ၇လအရွယ်နှင့် ကွယ်လွန်ခဲ့ရသော သူမအထက် အမ “မိုးမိုးမင်း” ၀င်စားသည်ဟု ယုံကြည်နေသည်။ ဖေဖေတို့ မေမေတို့ ဘ၀လေးထဲကို နှစ်ခါ ပြန်ဝင်လာတာ ဟု ဖခင်က အမှတ်တရ ပြောလေ့ရှိသည်။ “မင်းမင်းက သူ့အဖေ မြင်ရင် မျက်လုံးလေးတွေ ကြယ်လို ၀င်းတောက် သွားတာ။ အဖေ့လေချွန်သံကို ရှာပြီး ပြုံးပြရတာ အမော” ဟု မိဘ၏ နက်ရှိုင်းမေတ္တာကို ငယ်ငယ်ကတည်းက ခံစားနေရသည်။

သူမအရွယ်ရောက်တော့ အိမ်သိပ်မကပ်ချင်။ ဖခင်နောက် တတောက်တောက် လျှောက်လိုက်သည်။ မိဘကျေးဇူးဖြင့် ဘ၀တွင် စာအုပ်ကောင်းများသာ ဖတ်ခွင့်ရခဲ့သည်။ ငယ်ငယ်ကတည်းက ပထမဦးဆုံး ဖတ်ခိုင်းတဲ့ စာအုပ်ကို မှတ်မှတ်ရရ ရှိလှသည်။ သမီး ဒါကို ကုန်အောင်ဖတ်။ စာအုပ်စင်မှ ဆွဲထုတ်ပေးသည်။ အင်ဒီရာဂန္ဓီသို့ ပေးစာများ။(ဖခင် နေရူးမှ-)

ယခင်ကတော့ Le Petit Prince (ခင်လေးမြင့် ဘာသာပြန် မင်းသားလေး)၊ Anderson ပုံပြင်များ၊ မိုးမခပင်ကြီးအောက်မှာ (အံ့မောင် ဘာသာပြန်)တို့ ဖတ်ဖူးပြီ။ နောက်ပိုင်းလည်း စာအုပ်အစုံစုံ Anne Frank Diary၊ မိုးကြယ်မို့လားနှင့် လမ်းသစ်၊ ငဘ၊ သူလိုလူ၊ ရင်နင့်အောင် မွှေး၊ လေရူးသုန်သုန်၊ ဦးစံရှား စုံထောက် ဇာတ်လမ်းများ၊ အစုံ အစုံ။

သူမကတော့ ဆရာဇော်ဂျီဘာသာပြန် နင်လားဟဲ့ ချစ်ဒုက္ခ ၀တ္ထုတိုများနှင့် ဆရာဝဏ် ဘာသာပြန် ဟိုက္ကူကဗျာများကို ငယ်ငယ်ရွယ်ရွယ် စိတ်ကူးယဉ် စွဲလန်းခဲ့ရသည်။ ယခု ကွယ်လွန်သူ ဆရာ မောင်ထွန်းသူရဲ့ လေလွင့်ငှက်ငယ်ကလေးများ ထင်သည် စသည်များ အပါအ၀င်ပါ။ ကလေးဘ၀တွင် မူရင်း၊ ဘာသာပြန်၊ ကဗျာ၊ စာ စုံလှသည်။ မိဘကျေးဇူးပါ။

စံ နှင့် ချိုကတော့ သူမထက် စာဖတ်နိုင်သည်။ ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက် မရွေး အိမ်တွင် သည်းကြီး မည်းကြီး စာဖတ်ကြသည်။ ပြီး အမြင်တွေ ဖလှယ်ကြသည်။ ရွှေဥဒေါင်းများ၊ ဂျာနယ်ကျော်များ၊ ခင်နှင်းယုများ၊ စံစံက သူ့ရဲ့ ငယ်ဘ၀တခုလုံး စကားလက် အိုဟာရာက လွှမ်းမိုးနေပါသတဲ့။ “အေး”ကတော့ မဂ္ဂဇင်း ၀တ္ထုတိုများကို ပိုနှစ်ခြိုက်သည်။ “ချို”က မြန်မာစာ အရေးကောင်းသည်။ ဒါကြောင့် အယ်ဒီတာ နှင့် ၀တ္ထုရေးဆရာမလေး ဖြစ်လာသည်။ လွမ်းဆွတ်ဖွယ် “မှန်တင်ခုံပေါ်က နှင်းဆီပွင့်”။

“ဥာဏ်”ကတော့ ဟိုတအုပ်၊ သည်တအုပ်၊ ဟိုနားခွေ၊ သည်နားခွေ ဖတ်နေတာပါပဲ။ ဘာစာအုပ်တွေလဲတော့ သိပ်မသိ။

တအိမ်လုံး အကြိုက်ကတော့ မိုးမိုးအင်းလျား ဖြစ်မည်။ အမေက စ ဦးဆောင်။ “မြန်မာပြည်တွင် နေကြသည်”က အလွန် သရုပ်ပေါ်လှတဲ့ ဂန္တ၀င်အနုပညာလက်ရာ။

အိမ်တွင်းစကားဝိုင်းများတွင် စာပေနှင့် အနုပညာရေး က အဓိက ဖြစ်လို့နေသည်။ ၀မ်းရေး အတွက် အမေက မေတ္တာစေတနာ ဗလပွနှင့် အမေ့ကျောင်းပျိုးခင်း မူကြိုကို အောင်မြင်စွာ ဖွင့်၍ အဖေ့အနုပညာကို ပါရမီ ဖြည့်သည်။ သားသမီး ငါးဦး အ၀တ်လှ၊ ဗိုက်ဝခဲ့ပါသည်။

“ပုဂံကျောင်းက ခေါင်းလောင်းသံ” ကဗျာများ ၁၉၇၇ ထုတ်ကတော့ ဖခင်ရော သူမပါ အားအရဆုံး ကဗျာစာအုပ်ဟု ထင်မြင်ပါသည်။ အနုပညာ၊ လူမှုရေး၊ လူသားရေးရာ အစစ စေတနာနဲ့ အရည်အသွေး ရောင်ပြန်ဟပ်နေသော ခေတ်၏ ကြေးမုံတချပ်လို့ သူမထင်သည်။ ကံကော်ရိပ်မှ အိမ်မက်များကိုလည်း အံ့သြတကြီး သူမ နှစ်ခြိုက်သည်။

ဆယ်ကျော်သက် သူမ စာလက်တဲ့စမ်းကြည့်တော့ “ရထားည” တို့ “အိမ် ဒိုင်ယာရီ” တို့ “စိတ္တဇ ပန်းချီ” တို့၊ “ပညတ်များ”တို့ “စပယ်မေမေနှင့် စကားပြောခြင်း”တို့ ထွက်လာသည်။ ဖခင် သိပ်သဘောတွေ့ပုံ မရ။ လက်တွေ့နဲ့ ဘ၀ကို ဆက်စပ်ပါ သမီးရဲ့၊ အတွေးနဲ့ ခံစားမှုတွေကို လျှော့ပါ။ လွင့်မျော မနေစေနဲ့။

ဖခင်က ဆရာကြီး ရွှေဥဒေါင်း၏ခွန်အားရှိသော စာကို ထောင့်အမျိုးမျိုးမှ တွေး၍ လိုလားသည်။ အနုပညာနဲ့ လောကကို အားပေးပါ ဒါ အဓိပ္ပါယ် ပိုရှိပါတယ် တဲ့။ သူမ ဖခင်ကဗျာများ ဖတ်ရင်း ရဲရဲဝင့်ဝင့် ထောက်ခံပါသည်။

ထို့နောက် ဖခင် အလုပ်ပြုတ်၊ “စာသင်ပြခြင်း” ၏ အပြစ်ဒဏ်။ အလကားပဲတင်း စေတနာ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ အကျိုးပြုအပြီး ရလဒ်။

အိမ်ပြောင်း၊ အမေဆုံး၊ အဖေ ထောင်ကျ၊ ကဗျာများ အချိုမြ နည်းပါးချိန် ကာလ။

အမှန်တော့ အမေဆုံးပါးကတည်းက အဖေ အတော်ငိုင်ခဲ့ပြီ။ ဒါပေမဲ့ ခွန်အားတွေ ပြန်မွေးသည်။ လောကဓံကို တင်းခံကြည့်သည်။ အငိုမှ ပြုံးကြည့်သည်။

မိုးနှင့်စမ်း

မိုးရွာလျှင်
စမ်းကလေး စီးမှာပင်။
မိုးစဲလျှင်
စမ်းကလေး အားနည်းမှာပင်။
မိုးကုန်လျှင်
စမ်းကလေး၏ အဟုန်ရပ်ပြီး
အနာဂတ် မိုးရာသီကို
မျှော်အုံးမည်ပင်။
မိုးရှိလျှင်
စမ်းရှိမှာ သေချာသည်ပင်။

တင်မိုး

သူပေးခဲ့သော တာဝန်များ

မီးတိုင်ငြိမ်း၍
သိမ်းပိုက် အထုပ်၊ တလှုပ်လှုပ်ဖြင့်
မိုးချုပ်ချိန်မှာ၊ သူနားရှာပြီ
နားပါစေတော့ ငြိမ်းစေတော့။

သူ့တာဝန်များ၊ အလုပ်နား၍
တံခါးသော့တံ၊ သူအပ်နှံခဲ့။

သွေးလက်စ နှင့်
ဝင်းပ လက်လက်၊ အကွက်ကျကျ
အရည်လှသည့်၊ မြ နှင့် ပတ္တမြား
ချန်၍ ထားခဲ့။

ထွန်စ ယက်စ၊ ပေါင်းသင်ရမည့်
မြသား ယာမြေ ဟိုတောင်ခြေတွင်
နေ၀င်ခါစ၊ ချိုးမ ကူသံ
တောပန်းမန်နှင့်
စိုက်ရန်ပျိုးရန်၊ ချန်ခဲ့သည်။

သူစိုက်ခဲ့သည့်
နွဲ့နွဲ့ လေဟုန်၊ စံပယ်ရုံမှ
ဖူးငုံနေဆဲ ရှိသေးသည်။

စံပယ်ပန်းနံ့၊ သင်းပျံ့နေစဉ်
ငါ့ ဥယျာဉ်၌
ပေါင်းသင် ရေလောင်းရအုံးမည်။

သူထားခဲ့ရာ၊ ရတနာကို
ကောင်းစွာ သွေးရပေအုံးမည်။

သူသီလက်စ၊ တေးအလှသည်
ပါဒ ပြည့်ရန်၊ အဖြည့်ခံမို့
ထပ်မံ ဖြည့်စွက် ရအုံးမည်။

ငါ့မှာ တာဝန်၊ ထမ်းဆောင်ရန် မို့
လွမ်းပန်း မပန်နိုင်ပါသေး။
သူပေးခဲ့ရာ၊ မြတ်ဝန်တာကို
ငါ့မှာ ထမ်းဖို့ ရှိပါသေး။

(စန်း ၅လ ပြည့်)
၁၇-၄-၉၁

နောက် အကျဉ်းစံဘ၀။ သုတတို့၊ ကိုရင်ခေါင်းပြား တို့၊ သက်ဇော်တို့၊ သက်ထွန်းတို့၊ သက်ဝင်းအောင်တို့ရဲ့ တိုးတိုးဖော် ဖြစ်ခဲ့ရသည်။

မှတ်မှတ်ရရ အဖေထောင်ကထွက်တဲ့နေ့က အဖေ့ထောင်ဝင်စာတွေ့ရသည့်နေ့။ သမီးတွေလည်း အဖေလွတ်တာတွေ့တော့ အပျော်လွန်ပြီး ပြင်ဆင်ထားသော ထောင်ဝင်စာ အထုပ်များအား ထောင်ထဲမှာ ကျန်ခဲ့သော ရဲဘော်များကိုပေးရန် သတိမရလိုက်ကြ။ အဖေ ငိုသည်။ “သမီးတို့ ထောင်ဝင်စာ ပို့ဖို့ မေ့သွားကြတာလား” တဲ့။ နောက်မှ ၀န်ထမ်းများနှင့် ပြန်လည် ပို့လိုက်ရသည်။

ထိုမှ သူမလဲ ”ဖန်မီးအိမ်” ဆေးခန်းရှင် ဖြစ်၊ နိုင်ငံရပ်ခြားတွေ၊ ပြည်တွင်းတွေ လှည့်လည်၊ အိမ်ထောင်လဲကျ၊ ချစ်သော မြန်မာပြည် နှင့် ကဗျာ မိသားစုကလေးအား ခွဲခွာ ခဲ့ရ။ လောကကြီးမှာ အမှန်တကယ်တော့ ကဗျာထက် အရေးကြီးတာ သိပ်မရှိခဲ့။

တလောကမှ ကိုအောင်ဝန်း (နယ်သာလန်) ပြောပြမှ “ဆရာတို့က ရသ ခံစားတတ်အောင် လူတိုင်းကို သင်ပေးချင်တာ၊ ရသ ခံစားတတ်မှ လူအချင်းချင်း ကိုယ်ချင်းစာတရားရှိမှာ လို့ ပြောခဲ့တာ” သူ့ရင်ထဲမှာ ယနေ့အထိ စွဲခဲ့ရကြောင်း မှတ်မှတ်ရရ သိရသည်။ ဟုတ်ပါရဲ့။ ငွေကြေး၊ အာဏာ၊ ရာထူး၊ လောဘ တက်နေသရွေ့ လောကမှာ ကဗျာမဲ့၊ ရသမဲ့နေမည်လေ။

ကဗျာ မိသားစု

အိမ်မြိတ်စွန်း၌
ပြည့်ဝန်းသောလ၊ သိက္ခာကျအောင်
ရှင်မနဲ့သား၊ ဖွံ့ထွားထွား။

သည်မိ သည်ဖ
လပြည့်ဝန်းခိုင်၊ အပိုင်ရ သို့
သားလှ ရင်သွေး၊ ဖြူဖွေးဖွေး။

သမီးတစု၊ ကြယ်ဖြူဥ သို့
တယုတယ၊ ထွန်းပပ။

မိသားစုတွင်၊ စိတ်ကြည်ရွှင်လျက်
ကြင်နာ သစ်သစ်၊ အချစ် ထပ်ထပ်
မြတ်မြတ် ဆင့်ဆင့်၊ သက်ရွယ်ရင့်တိုင်
ချစ်နှင့် အတူ၊ ပြုံးကြည်ဖြူလျက်
လူသားကောင်းကျိုး၊ ဆောင်သည်ပိုးလျက်
နိုးကြားဘ၀၊ နေလိုလှ။

(မိုးဝေ၊ ၁၉၈၅၊ ဖေဖော်ဝါရီလ)



မိုးမိုးနှင်း

ဆက်ပါအုံးမည်..

35 comments:

Su said...

thank you very much

ရွာသားလေးဝိုင်တီယူ said...

သိပ်ချစ်မြတ်နိုးဖို့ကောင်းတဲ့ မိသားစုလေးပါပဲ။ အစ်မရေ တစ်အိမ်လုံးကိုချစ်မိအောင်ရေးတတ်ကြတယ်ဗျာ

MANORHARY said...

လောကကြီးမှာ အမှန်တကယ်တော့ ကဗျာထက် အရေးကြီးတာ သိပ်မရှိခဲ့။
....
မှန်လိုက်တာနော်....
ကဗျာတွေနဲ့ချစ်စရာကောင်းတဲ့မိသားစုလေးကိုရခဲ့တဲ့
အတွက်ကံကောင်းပါတယ်လို့တွေးပါ ..ချိုသင်းရေ..

ဇနိ said...

အမရေ ဖတ်သွားပါတယ် - ဆက်ပါဦးမယ် ကိုလည်း ဆက်စောင့်နေပါတယ်...
ကျနော်လည်း ရေစကြိုနယ်သားပါ။
မုံညင်း၊ မြေဖြူမှ တောင်သာတို့ကို ကြားဖူးတယ်ဗျ...

Ko Paw said...

ဖတ်လို့ကောင်းလိုက်တာ။ ကဗျာမိသားစုရဲ့ အပျော်တွေရော၊ အလွမ်းတွေရော ကူးစက်ခံစားမိပါတယ်။

myatnoe said...

အမရေ..အားကျလိုက်တာ အမရေ...

စိတ်ကူးခဲ့ဖူးတဲ့ဘဝလေးက တကယ်ပဲ အပြင်မှာရှိနေပါလားဆိုတာ..
ကိုယ့်မျက်စိတောင်ကိုယ်မယုံရဲဘူးး

ဖတ်လိုက်ရတာ ကြည်နူးကျေနပ်စရာ အမရယ်
အမရဲ့ ဘဝကို အားကျလိုက်တာ။

sin dan lar said...

အစ်မရေ..
မမိုးမိုးနှင်းရေးတာ အစ်မရဲ့ရေးဟန်နဲ့ကွာတယ်နော်...
နှစ်ယောက်လုံးဖတ်လို့ကောင်းတယ်။
ဆက်ပါဦးမယ် ကိုလည်းစောင့်နေပါတယ်...

Kay said...

ကဗျာ စာပေ အနုပညာ မိသားစု လေးကို မြင်ယောင် နားလည် ခံစားမိပါတယ် မချိုသင်း။
ဒါနဲ့..ဆရာကြီးတင်မိုးရဲ့..ပုံက..ပုဆိုး လွယ်အိတ် ..စီးကရက် ခဲလို့.. ရိုးသားချစ်စရာ ကောင်း လိုက်တာ။ ကျမ အဖေလည်း ၇၅ နှစ် ပြည့်တောမယ်လေ။ အော်- အတွင်းကြေ ရောဂါ တွေ ခုထိ မဆုံးနိုင်သေးဘူး။

မေငြိမ်း said...

ရင်ထဲမှာ ဆို့ဆို့ကြီးကျန်ခဲ့တယ်...

MANORHARY said...

ချိုသင်းရေ..ဆရာ့ကဗျာလေးတစ်ပုဒ်တင်ထားတယ်..
ဖတ်ကြည့်လိုက်ပါဦး...

သက်ဝေ said...

ဖတ်ရင်းက မျက်ရည်ကျနေတယ်...
ဆက်ရန်ကို မျှော်နေပါတယ်...

မိုးနှင့်စမ်း ကဗျာလေး... သိပ်ကောင်းတာဘဲ..

ဇနိ said...

ဒီမမကလည်း စာရေးကောင်းလိုက်တာ။ အဆုံးကို တရှိန်ထဲဖတ်သွားတယ် အမချိုသင်းရေ။ နောက်ဆက်ရန်ကိုလည်း မျှော်နေပါတယ်။
ချစ်စရာ့အေးချမ်းတဲ့မိသားစုလေးတွေ ဖတ်ရတာ ကြည်နူးသလို ရင်ထဲတမျိုးကြီးဖြစ်မိတယ်။
မဇနိ

tututha said...

တကယ့် အနုပညာရှင်ပဲ အစ်မရေ။ ရေးထားတာ သိပ်လှတာပဲ။ ဒါပေမယ့်အစ်မ ဒီနေ့က ရန်ကုန်မှာ နိုဝင်ဘာ ၁၈လေ။ တူးမေမေရဲ့ မွေးနေ့ပေါ့ ...

pandora said...

ကဗျာမိသားစုလေးရဲ့ ကြည်နူးစရာ မေတ္တာတွေကို ခံစားသွားပါတယ်။

PAUK said...

မချိုသင်းတို့ မောင်နှမတွေကို အားကျလိုက်တာ..

khin oo may said...

ဖတ်သွားပါသည်။

Taungoo said...

ဘဘဦးတင်မိုးကို တောင်ငူက စာပေဟောပြောပွဲတစ်ခုမှာ လာဟောတုန်းက တစ်ခါပဲ မြင်ဖူးလိုက်ပါတယ်။ အဲဒီပွဲမှာ ဘဘရယ်၊ ဆရာဦးအောင်သင်းရယ်၊ ဆရာမခင်ဆွေဦးရယ် တော့ မှတ်မိလိုက်တယ်။ မီးပြတ်နေလို့ မီးစက်ကလဲ ခပ်မှိန်မှိန်ရယ် ဟောသွားခဲ့ကြရတာ။ အဲဒီတုန်းက ကဗျာတွေရွတ်ပြလိုက်၊ အဲဒီကဗျာလေးတွေနဲ့ ပက်သက်တဲ့အကြောင်းလေးတွေ ပြောသွားလိုက်နဲ့ နားထောင်လို့ကောင်းလိုက်တာဗျာ။ မှတ်မှတ်ရရ ကဗျာလေးကတော့ “ ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကိုပြန်ပို့ကြပါတော့” ဆိုတဲ့ကဗျာတိုလေးပါ။ အဲဒီကဗျာတိုလေးနဲ့ ဆက်ပြီးဖြစ်လာတဲ့ အကြောင်းလေးတွေ ပြောပြသွားတာ ရယ်ရလိုက်တာဗျာ။ မှတ်မှတ်ရရ အဲဒီတစ်ကြိမ်ပဲ နားထောင်ဖူးလိုက်ပါတယ်။

Aung Kyaw said...

really good wirting ..
i am waiting to readd ur continuing ..

Aung Kyaw said...

really good wirting ..
i am waiting to readd ur continuing ..

ရှင်မင်းညို said...

မိသားစုဆိုတဲ့ အနှစ်သာရကို မမိုးချိုတို့ရဲ့စာတွေမှာ အမြဲတွေ့ ရတယ်....
ချစ်စရာကောင်းတဲ့ မိသားစုပါပဲ.....
ရှိလိုက်တဲ့အချိန်တွေဟာ တန်ဖိုးရှိတဲ့ အချိန်ကောင်းတွေပါပဲ...

မီယာ said...

ကဗျာ စာပေ အနုပညာ မေတ္တာတွေနဲ့ ငြိမ်းချမ်းတဲ့အမတို့မိသားစုလေးဘိုးစဉ်ဘောင်ဆက်
အေးချမ်းပါစေ။ အမတို့ကိုမမြင်ဖူးပေမယ့် ဆရာ့ကဗျာတွေနဲ့ကြီးပြင်းလာရသူတစ်ယောက်မို့ အမတို့ကိုစိတ်ထဲကနေရင်းနှီးနေပြီးသားပါ။

ခင်မင်းဇော် said...

ချိုသင်းရယ် အမဖြင့် ဒီစာဖတ်ပြီး မျက်ရည်ကျမိသေးတော့တယ်။ ဆရာကြီးကို သတိရလိုက်တာ။ မဲဆောက်ရောက်လာတုန်းက အညာဟင်းတွေချည်း သူက သတိရနေတာ။ အညာသား ကိုလွမ်းဏီနဲ့ အကိုက်ပေါ့

amayar said...

အမရယ်..

ဖတ်ရင်းက မျက်ရည်ကျနေတယ်..
ဒီမမလည်း စာရေးကောင်းလိုက်တာ။
ဆက်ပါဦးမယ်.. ကိုလည်းစောင့်နေပါတယ် အမ...။

ဆောင်း said...

အမှတ်တရလေးတွေပါ.....

ယောနသံစင်ရော် said...

မမိုးချိုရေ...ဆရာကြီးအကြောင်းတော့ ကိုနေရိန်ပြောပြောနေလို့ရင်းနှီးနေတာ .. ဆရာကြီးရဲ့ရိုးသားဖြူစင်ချစ်စရာကောင်းတဲ့ အကြောင်းတွေပေါ့...လူချင်းတော့ အပြင်မှာ တခါမှ မတွေ့လိုက်ရဘူး။ ဖုန်းနဲ့လည်း တခါပဲနှုတ်ဆက်လိုက်ရတယ်။

(ကိုဘိုကြီးမပြောနဲ့ .ကိုယ့်သူငယ်ချင်းကလည်း ဖုန်းလေးတချက်တောင် မဆက်ဘူး ... အမရေ)

P.Ti said...

ဆက်ဖတ်ချင်တယ် အမရယ်... ပျော်စရာလေးနော်..

မေမေ့ကလည်း သူအားရင် သူသိခဲ့တဲ့အကြောင်းလေးတွေ ရေးပေးမယ် တဲ့...

လင်း said...

အမတို့ အားလုံးမှာ အဖေ့သွေးတွေ အပြည့်ပါတယ်ထင်နော်။ စာရေးကောင်းလိုက်တာ။ အမတို့ မိသားစုလေးကို မျက်စိထဲမှာ မြင်ကြည့်လို့ ရတယ်။ ပျော်စရာ၊ ၀မ်းနည်းစရာတွေအားလုံးကို တက်ညီလက်ညီ အတူကျော်ဖြတ်ကြပုံက အားကျဖို့ ကောင်းတယ်။

ဆက်တင်ပေးနော် အမ။ မျှော်နေမယ်.

myatnoe said...

အမရေ.. အလည်ခေါ်လို့ကျေးဇူးပါနော်။ လာဖြစ်ရင် L.A ကို အရင် လာမှာအမ ရ။

အခုတော့ ဘလော့နားပီဆိုတာ လာပြောရင်း နုတ်ဆက်တာပါ။
နောက်ဆို အမကို ကော်မန့်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။
အမရဲ့ စာတွေကိုတော့ မကြာမကြာ လာဖတ်ဖြစ်နေမှာပါ
အမရေ ကျန်းမာရေးဂရုစိုက်ပါ။

ခင်တဲ့
မြတ်နိုး

Heartmuseum said...

အမရေ... ကျွန်တော် မိုးမခမှာ ဖတ်ပြီး ဒီဖက်ဝင်လာတာ ဒီမှာလဲတင်ထားသကိုးဗျ။ ဆရာကြီးအကြောင်းဖတ်ရင်း တမာနံ့သင်း အညာမြေကို လွမ်းသွာတယ်ဗျာ။

rose said...

မမရေ

မိုးရှိလျှင် စမ်းရှိမှာ သေချာသည် ဆိုသော ဆရာကြီး ကတော့ စန်းနဲ့ အတူ သူရဲ့ မွေးနေ့ကို မမတို့ ကွယ်ရာမှာ ကျင်းပနေမှာပေါ့နော်---

မမနှင်းရဲ့ ဆက်ရန်ကို စောင့်နေပါတယ်။

masumon said...

အစ်မ
ပို့စ်ထိပ်ဆုံးက ဘဘပုံကို မြင်တော့ ၀မ်းနည်းလိုက်တာ ပို့စ်လဲ ဆုံးရော မျက်ရည်ကျမိတယ် အချိန်တိုတိုလေးမှာ ခနလေးပဲ ဆုံခွင့်ရလိုက်ပေမယ့် တကယ့်ကို အဖိုးတစ်ယောက်လို ချစ်မိတယ် ဘဘဆုံးခါစက တီချယ်က ရှိုက်ကြီးတငင်နဲ့ လှမ်းပြောတာ ကြားကြားချင်း မယုံနိုင်ဘူး ဖြစ်ချင်တော့ ဘဘနဲ့ တကယ့်အရင်းတွေလိုဖြစ်နေတဲ့ ဦးဂျေအိမ်မှာ ရောက်နေတုန်းဆိုတော့ ဘဘ သတင်းပို့ရင်း ဦးဂျေ မျက်ရည်ကျတာ မြင်ရတယ် တကယ့်ကို စိတ်မကောင်းဘူး အစ်မရေ.ဘဘ မြင့်မြတ်တဲ့ ဘုံဘ၀ ရောက်မှာပါ..

THITNETSUE said...

မမိုးချို..
တစ်ကယ့်အနုပညာမိသားစုဘဲဗျာ...။
သူများတွေ ရေးသွားတာစုံနေတာနဲ့ ဘာရေးရမှန်းတောင် မသိတော့ဘူး...
ဆရာကြီး ဓါတ်ပုံကတော့ ချစ်စရာ ကောင်းလိုက်တာ...။

ပုံရိပ် / Pon Yate said...

မချိုသင်းရဲ့ အစ်မကလဲ စာရေး ကောင်းတာပဲ။

sin dan lar said...

cboz မတွေ့လို့ ပို့စ်နဲ့မဆိုင်ပဲ ဒီလာရေးတာ...
ကာတွန်းကားကြည့်တဲ့ရုပ်ပေါက်တယ်ဆိုတဲ့
အစ်မမိုးချိုသင်းကိုမြင်ဖူးချင်တယ်ဗျိုးးးးး
(မတူးတူးသာပြောလို့) :P:P:P

တန်ခူး said...

မနှင်းရဲ့ နှလုံးသွေးနဲ့ ရေးတဲ့ ငှက်ကလေးအကြောင်းကို နှလုံးသားနဲ့ ကြည့်ပြီး နှလုံးသားနဲ့ ဖတ်သွားတယ် ချိုသင်းရယ်… ဖတ်အပြီး နှလုံးသားတွေ နွမ်းလျသွားလိုက်တာ… ဒီအဖေ့သွေး ဒီသမီးတွေရဲ့ အနုပညာချမ်းသာကြွယ်ဝပုံကတော့ အံ့မခန်းပါပဲနော်… လွယ်အိတ်လေးလွယ်ပြီး ပုဆိုးလေးဝတ် မြန်မာဆန်ဆန် အပြုံးလေးနဲ့ ချစ်စရာ တို့ တွေရဲ့ ဘဘ(မနှင်းရဲ့ ငှက်ကလေး) အတွက် အလွမ်းတွေက ဘယ်တော့မှ ခမ်းခြောက်မှာ မဟုတ်တော့ပါဘူးကွယ်… တခုတောင်းဆိုပါရစေ… မနှင်းရော ချိုသင်းရော… တခြားအမတွေပါ စာလေးတွေ ဆက်ရေးပေးပါနော်… အလွမ်းတွေသက်သာသွားပြီး အနားမှာ ငှက်ကလေးပျံဝဲလာသလို ခံစားရလို့ ပါ… ချိုသင်းရော မနှင်းကိုပါ ကျေးဇူးပါ….