မိတ်ဆုံပွဲ (၂)

ဆန်ဖရန်စစ်စကိုမှာ စာပေဟောပြောပွဲသွားတာ မနေ့က ည ၉နာရီခွဲလောက်မှာ အယ်လ်အေ ကို ပြန်ရောက်ပါတယ်။ ဒီအပတ် စနေတနင်္ဂနွေကတော့ အဓိပ္ပါယ်ရှိတဲ့ စိတ်ပျော်ရွှင်ရတဲ့ နားရက်ပါပဲ။

ကိုယ်က စာပေဟောပြောပွဲကို မသွားခင် ဗုဒ္ဓဟူးနေ့လောက်မှာကတည်းက ခရီးတိုလေး သွားမယ်ဆိုပြီး ဘလော့ဂ်မိတ်ဆွေတွေကို ခွင့်တောင်း ခွင့်တိုင် သွားတယ်။ သောကြာနေ့ နေ့လည်မှာ သွားတာ၊ တနင်္ဂနွေညမှာ ပြန်ရောက်တယ်ဆိုတော့ တကယ် ခရီးသွားတဲ့အချိန်က ၂ရက်ခွဲ ၃ရက်လောက်ပဲ ကြာပါတယ်။

ဒါပေမဲ့ ကိုယ်က ကြိုပျော်နေတာက ၂ရက်ဆိုတော့ စုစုပေါင်း ရောသောပြီး ၅ရက်ခွင့်တိုင်လိုက်တယ်။ ဆိုင်လား မဆိုင်လားတော့ မသိဘူး၊ သင်္ကြန်ဆိုလဲ သင်္ကြန်အကြိုရက်တွေ ပိတ်တာပဲဆိုတော့ ကိုယ်လဲ ခရီးအကြိုဆိုပြီး ကိုယ့်ဖာသာကိုယ် ဘလော့ဂ်ပိတ်ပြီး တိတ်တိတ်လေး ပျော်နေတယ်။

တကယ်တော့ ဆန်ဖရန်စစ်စကိုနဲ့ အယ်လ်အေဆိုတာ မဝေးလွန်းတာမို့ ဂဒီးဂဒီး ရောက်နေတာပါ။ ဒါပေမဲ့ ဒီတခေါက်ကတော့ စာပေဟောပြောပွဲမို့ ပိုပြီးပျော်မိ၊ ပိုပြီး အဓိပ္ပါယ် ရှိရတာပါ။ ကိုယ်တို့ကလဲ မိုးမခက ကိုမောင်ရစ်တို့အိမ်မှာပဲ တည်းနေကျဆိုတော့ သွားကတည်းက အဲဒီကိုပဲ ဦးတည်သွားတယ်။

လာသမျှစာရေးဆရာကြီးတွေကလဲ အဲဒီမှာပဲ တည်းကြမှာဆိုတော့ စကားတွေ ပြောကြရတော့မှာပေါ့။ ကိုမောင်ရစ်နဲ့အမတို့အိမ်က San Francisco State University ထဲမှာ။ တည်းဖို့က သူတို့အိမ်အပြင် တက္ကသိုလ်က ဧည့်ရိပ်သာ ၂ခန်းလဲ ငှားထားတယ်။

ကိုယ်တို့စ ထွက်တော့ လူက ၅ယောက်။ မလွင်မာ၊ ငယ်ငယ်၊ ဘိုဘိုနဲ့ ကိုယ်တို့ နှစ်ယောက်။ ရုံးကို နေ့လည် ၁၂နာရီအတိမှာ ဘိုဘို့ကားနဲ့ အမတို့လာကြိုတယ်။ ဒါနဲ့ နေ့လည်စာ ထိုင်းဆိုင်လေး တဆိုင်မှာ စားသောက်ပြီးတာနဲ့ တခါတည်း မောင်းကြတာပေါ့။ ကားပေါ်မှာ စကားလဲ ပြော၊ သီချင်းလဲ ဆို၊ အသီးတွေလဲ စားကြတယ်။ Rest Area တွေမှာလဲ နားရင်း အညောင်းဖြေ ရတာပေါ့။

ကိုမောင်ရစ်နဲ့ မမေသန်းဌေးတို့အိမ်ကို ရောက်တော့ ည ၈နာရီထိုးပြီ။ အိမ်မှာ ဆရာဦးဝင်းဖေ၊ ဆရာဦးစွမ်းရည်၊ အံတီဒေါ်မာမာအေး၊ ဆရာ ဦးအောင်ဝေးတို့နဲ့ ဆုံရတာပေါ့။ မိုးမခ ဝိုင်းတော်သားတွေ ဖြစ်တဲ့ ကိုထိန်လင်းနဲ့ ဒီဇင်မိုးတို့ မောင်နှံ၊ ကိုဇာနည်ဝင်းတို့ကလဲ စောင့်နေသေးတယ်။

ကိုယ်တို့ကို စောင့်ရင်း ညစာ ထမင်းစားကြတာမို့ ပျော်စရာကောင်းလိုက်တာ။ ဆူညံနေတာပဲ။ ဒီလူကြီးသူမတွေက အဖေ့မိတ်ဆွေရင်းကြီးတွေ။ ကိုယ်က သူတို့မျက်စိအောက်မှာ သူတို့လက်ထဲမှာ ကြီးပြင်းလာရတာ။ ကိုယ့်ဦးလေး၊ အဒေါ်တွေဆိုလဲ ဟုတ်၊ ကိုယ်လေးစား ချစ်ခင်ရတဲ့ စာရေးဆရာကြီးတွေ၊ ကဗျာဆရာကြီးတွေ၊ အဆိုတော်တွေလဲ ဟုတ်တာကိုး။

ကိုယ်တို့တွေ အချင်းချင်း စကားတွေလုပြော၊ ပြိုင်ပြောနေကြတာကို လူကြီးတွေက ပြုံးပြီး ကြည့်နေ နားထောင်နေတာ။ ဦးအောင်ဝေးက ပျော်ပြီး ဆရာ ဦးစွမ်းရည်ရဲ့ အချစ်ကဗျာတပုဒ်ကို အဲဒီတညတည်းမှာပဲ ၄ခေါက်တိတိ ထ ရွတ်တယ်။ သူ့တကိုယ်လုံး ကဗျာတွေ ဖြစ်ကုန်ပြီထင်ပါရဲ့၊ အလွတ်ရလိုက်တဲ့ ကဗျာတွေ နည်းတာမှ မဟုတ်ဘဲ။

ဦးအောင်ဝေးက ဆံပင်ကောက်ကောက်နဲ့မို့ ဆံပင်စည်းထားရင် ထူးအိမ်သင်နဲ့တူပြီး ဆံပင်ချထားရင်တော့ ဆရာ ဒဂုန်တာရာ နဲ့ တူပြန်ရော။ သူက အောင်ဝေးဟန်အတိုင်း ရှေ့တိုး နောက်ငင် ကဗျာရွတ်တော့ ကိုယ်တို့လဲ ရီလိုက်ရတာ။

ဒါနဲ့ ည ၁၂နာရီလောက်ကျတော့ လူကြီးတွေလဲ အိပ်ချင်ပြီမို့ လူစုခွဲပြီး ဆရာတွေနဲ့ ယောကျာင်္းလေးတွေ က ဧည့်ရိပ်သာကို သွားပြန်အိပ်ကြပြီး ကိုယ်တို့မိန်းကလေးတွေက မမေသန်းဌေးတို့အိမ်မှာပဲ အိပ်ကြတယ်။ တွေ့တုန်းတွေ့ခိုက် သူငယ်ချင်းတွေ စကားပြောနေရင်း ပြောလို့လဲ ကောင်းပါရဲ့၊ ကိုယ်ကတော့ အိပ်လို့လဲ ကောင်းသွားတယ်။ စားတာများလို့ ချက်ချင်း အိပ်ပျော်သွားတာ။

စနေနေ့မနက်ကိုတော့ ဗမာဆန်ဆန် ပဲပြုတ်နဲ့ ထမင်းကြော် စားကြတယ်။ နေ့လည်စာကိုတော့ မမေသန်းဌေးက အကုန်ချက်ပြုတ်ထားတာ ဟင်းတွေက စုံလို့။ အမက တက္ကသိုလ်က ဆရာမ ဆိုတော့ ဒီတခေါက် စာမေးပွဲစစ်ရာမှာ တပည့်တွေကို မေးခွန်းတွေ အရင်လို ခက်ခက်ခဲခဲ မစဉ်းစားနိုင်ဘဲ လွယ်လွယ်လေးတွေချည်း မေးလိုက်တာ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူအများကြီးစာ ဟင်းတွေ စီစဉ်ရ၊ ကြိုချက်ရတာမို့ အချိန်မရှိလို့လေ။ သူ့တပည့်တွေ ကံကောင်းသွားတာ။

ကိုမောင်ရစ်က ဧည့်ဝတ်ကျေရမှာတွေနဲ့ သူ့အလုပ်က TTMY (ဗမာလို တောက်တိုမယ်ရ) ဖြစ်နေတာမို့ ဓာတ်ပုံရိုက်ဖို့ ကင်မရာကို ငယ်ငယ့်ကို တာဝန်ပေးထားတယ်။ ငယ်ငယ် ဓာတ်ပုံရိုက်မှာကို သဘောအကျဆုံးက ကိုယ်တို့ ညီအမ ၃ယောက်ပါ။ ဘာဖြစ်လို့လဲဆိုရင် ကိုမောင်ရစ် ဓာတ်ပုံရိုက်ရင် ကိုယ်တို့ပုံတွေက ထမင်းစားတုန်း ပါးစပ်ကြီးဟပြီး သွင်းနေပုံတို့၊ ကိုယ်တခြမ်းကြီး လိမ်နေတာတို့၊ မျက်စိတွေမှိတ်ပြီး ထမင်းလုံးစီ ငိုက်နေတာတို့ ရွေးပြီး ရိုက်တတ်လို့ပါ။

ငယ်ငယ်ကျတော့ အိုကေတယ်လေ။ ရိုက်ပြီးတာနဲ့ သမီးရေ၊ အံတီ့ကို ပြပါအုန်းဆိုပြီး ကြည့်လိုက်တာ။ မလှဘူး ထင်ရင်၊ ဒါကြီးက မလှဘူးကွ၊ ဖျက်လိုက် ဖျက်လိုက် လုပ်တာ။ ကိုယ်တို့ကို ဓာတ်ပုံရိုက်ဖို့ ချိန်နေပြီဆိုရင်လဲ တကိုယ်လုံး မရိုက်နဲ့နော်၊ သိပ်ဝ နေပြီ၊ ကိုယ်တဝက်ပဲ ရိုက်၊ အောက်ပိုင်း မပါဘူးဟေ့ လို့ အော်ကြတာ။

ပွဲပြီးလို့ ငယ်ငယ်ရိုက်ထားတဲ့ပုံတွေ ကြည့်တော့ နောက်စိပဲ ပါတဲ့ပုံနဲ့၊ မျက်နှာတခြမ်းမှာ ဆံပင်တွေအုပ်နေတာမို့ သူလဲ ဝတာတွေ ရှောင်ရိုက်ရင်း ရိုက်ရင်းနဲ့ ဒီလိုပုံတွေပဲ ကျန်ရှာတော့တယ်။ တကယ်က ကိုယ်က ဘလော့ဂ်မိတ်ဆွေတွေအတွက် ဓာတ်ပုံ ကောင်းကောင်းလေးတွေ တင်ပေးချင်ပေမဲ့ တပုံမှ အဆင်မပြေတာနဲ့ လက်လျှော့လိုက်ရတာပါ။

စနေနေ့ ညနေ ၄နာရီကနေ ည ၁၀နာရီအထိ ဆရာတွေ တလှည့်စီ စာပေဟောပြောကြတယ်။ နားထောင်လို့ ကောင်းလိုက်တာ။ ဗမာပြည်မှာ စာပေဟောပြောပွဲ နားထောင်ရတဲ့ ဆောင်းညချမ်းတွေကို ပြန်ရောက်သွားသလိုပါပဲ။

ဝတ္ထုအကြောင်း၊ ကဗျာအကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ ကို ထိန်းသိမ်းသင့်တဲ့ အခြေခံအချက်တွေအကြောင်း။ ဆရာဦးဝင်းဖေနဲ့ အံတီဒေါ်မာမာအေးက version နှစ်မျိုးနဲ့ ချစ်သမျှကို သဖြန်ကို ဆိုပြသွားသေးတယ်။ ကောင်းမှကောင်းပဲ။ ဗဟုသုတလဲရ၊ ပျော်စရာ ကြည်နူးစရာလဲကောင်း၊ ကိုယ့်အဖို့မှာတော့ အဖေ့ကိုလဲ လွမ်းပေါ့လေ။

တနင်္ဂနွေကျတော့ မိုးမခ (၅)နှစ်ပြည့် စကားဝိုင်းကို မေတ္တာနန္ဒ ဘုန်းကြီးကျောင်းမှာ လုပ်ပါတယ်။ ပထမဆုံး ဘုန်းဘုန်းဆွမ်းကပ်ပြီးတော့ ဆရာကြီးတွေကို အားလုံးကန်တော့ကြတယ်။ ပြီးမှ တဦးချင်းစီ မိတ်ဆက်၊ ဆရာတွေ မြင်တဲ့ ညီညွတ်ရေး သဘောထားအယူအဆတွေ နားထောင်ကြ၊ ဒီမှာမွေးတဲ့ မြန်မာကလေးတွေကို ကိုယ့်မြန်မာစကား မမေ့အောင် ဘယ်လို ကြိုးစားအားထုတ်မလဲ ဆွေးနွေးကြ ပေါ့။

ညနေ ၃နာရီထိုးတော့ အားလုံးကို နှုတ်ဆက်ပြီး ကိုယ်တို့ အိမ်ပြန်ခဲ့ကြတယ်။ မနက်ဖန်မနက် အလုပ်သွားရအုံးမှာမို့ ၇နာရီကြာ ကားမောင်းပြီး အိမ်ကို အသော့နှင်ခဲ့ကြပါတယ်။ ဒီလိုလေး စာပေဟောပြောပွဲလေးလုပ်တာ တနှစ်စာ ကျေနပ်မှုတွေ ရလိုက်သလိုပါပဲလေ။

အိမ်ရောက်တော့ ဝမ်းမနာသား သမီးတွေ ဖြစ်တဲ့ ကြောင်လေး ၄ကောင်က အိမ်ထိပ်မှာ မျှော်လို့။ ကိုယ်တို့မရှိတဲ့ နှစ်ရက် သုံးရက်အတွင်း သခင်တွေများ ပျောက်သွားပြီလား ဆိုပြီး သူတို့ပူရှာပေလိမ့်မယ်။ ကိုယ်တို့နှစ်ယောက်ကို မျက်စိအောက်က အပျောက်မခံ လိုက်ကြည့်လို့။ အစာတွေ အပြည့်ထားခဲ့တာတောင် မကုန်ပါဘူး။

ကြောင်သမီး ပဲထုပ်ကလေး (ပဲများလွန်းလို့ပါ)က ဘာနဲ့ ထိခိုက်မိမှန်း မသိ၊ လက်တဖက်က ထော့ကျိုး ထော့ကျိုး ဖြစ်နေပါလေရော။ သွားစွယ်လေးတချောင်းလဲ ကျွတ်ထားသေးတယ်။ သားပိညှက်ကတော့ ကိုယ်တို့ရှေ့ရောက်မှ ချောင်းပိုဆိုးပြတယ်။ ကိုယ်လုံးလေးတောင် တုန်ပြနေလို့ အဆုပ်များ အအေးမိကုန်ပလားဟဲ့ လို့ ပူရသေး။ နောက်သားနှစ်ကောင် ဖြစ်တဲ့ အိုဘားမား နဲ့ အကြီးကောင်ကတော့ တမှိုင်မှိုင်နဲ့။ မိဘတွေ မရှိလို့ အလွမ်းအဆွေးပဲ ပိုနေသလိုလို။

ဒါနဲ့ မိဘနှစ်ပါးလဲ အပြစ်ပိုကြီးပြီး စိတ်မကောင်းခြင်းကြီးစွာနဲ့ ပြောရတယ်။ သားတို့ သမီးတို့ရေ.. အဖေတို့ အမေတို့ ဒီပိတ်ရက်လေး ၂ရက်မှာ ပျော်မိပါတယ်ကွယ်၊ ကလေးတို့ ခွင့်လွှတ်ကြပါလို့။

မိုးချိုသင်း

(ဒီနေ့ ရုံးကပြန်လာတော့ ဗြောင်းဆန်အောင် ဆော့နေကြပါရောလား ။.. ဤကား စကားချပ်။)

28 comments:

မီယာ said...

အမရေပျော်ခဲ့တယ်ပေါ့လေ။ စာတပုဒ်လုံးအပျော်တွေ
လွှမ်းနေလို့ပါ။

P.Ti said...

ခရီးစဉ်က ပျော်စရာကြီးပဲနော်...

ကျန်ခဲ့တဲ့ ကျွန်တော်တို့လည်း အမကိုလွမ်းနေတယ်... ဘာမုန့်များပါလားသလဲလို့ မျှော်နေတာ... :P

ဟန်လင်းထွန်း said...

မုန့်လဲ ပါဘူး။ သူတစ်ယောက်ထဲပဲ နားထောင်ခဲ့တယ်။ အသံလည်း ကူးယူလာဘူး။ :) :)

ဗေဒါရီ said...

ပျော်စရာကြီးပဲ အမရေ ...
ဓာတ်ပုံလေးတွေ ကြည့်ရ၊ သီချင်းလေးတွေ နားထောင်ရရင် ကောင်းမှာပဲ။
အန်တီမာမာအေးနဲ့ ဦးဝင်းဖေဆိုတဲ့ သီချင်း နားထောင်ချင်လိုက်တာ။ ငယ်ငယ်ရဲ့ လျှပ်တပြက် ရိုက်ချက် ဓာတ်ပုံလေးတွေလဲ ကြည့်ချင်တယ် .. အမရဲ့။ ကောင်းကောင်း မကောင်းကောင်း အမှတ်တရပေါ့။
ဦးဦးဖျားဖျား ကွန်မန့်ရေးရပြီဆိုပြီး ၀မ်းသာနေတာ ... စာတပုဒ်လုံး ဆုံးအောင်လဲ ဖတ်ပြီးရော ကိုယ့်ထက် ဦးသူ ရှိနေပါရောလား။ :P

zarny win said...

အိုဘားမား နဲ့ အကြီးကောင်က ကျနော့်ကို ဖုန်းဆက်တယ်။
သူတို့၂ကောင် တမှိုင်မှိုင်ဖြစ်နေတယ် တဲ့။ မိဘတွေ ရုတ်တရက်ပျောက်သွားပြီးပြန်ပေါ်လာတယ် တဲ့။ မလွတ်လပ်တော့ဘူးလို့ ဆိုတယ်။ ကျနော်လည်း ဘာမှ ပြန်မပြောနိုင်ဘူး။ တမှိုင်မှိုင် ဖြစ်သွားတယ်။
:D Zarny Win

Nyein Chan Aung said...

လာဖတ်ပါတယ်..။

ရွာသားလေးဝိုင်တီယူ said...

I miss the chance to see sister's photo :(

MANORHARY said...

ချိုသင်းရေ..ပြန်ရောက်ပြီလား...
ဆရာစွမ်းကိုနှုတ်ဆက်ကြောင်းပြောချင်တာ
ချိုသင်းမသွားခင်ရက်တွေက ကွန်နက်ရှင်
မကောင်းတာနဲ့....
ခုအားလုံးကျန်းမာပျော်ရွှင်စွာဆိုတော့...
စိတ်ချမ်းသာသွားပြီ...

ဇနိ said...

အမချိုသင်း အစားတွေအများကြီးစားပြီး အိပ်ပျော်သွားတယ်ပေါ့လေ။ နိနိတို့ကို သတိရမိသေးလား။
အမချိုသင်း သားတွေသမီးတွေကလည်း လွမ်းနေကြတာနေမယ်။
ပျော်စရာကောင်းတဲ့ မိတ်ဆုံပွဲလေးကို စိတ်ကူးနဲ့တူတူလိုက်ကြည့်နေမိပါတယ်။
ဒါနဲ့ ဓါတ်ပုံလေးပြမလားလို့ လိုက်ရှာသေးတယ်။

ဇနိ said...

အမရေ - ပျော်စရာနော်...
ဘိုဘိုဆိုတာက ဆရာမကြီး လူထူဒေါ်အမာရဲ့ မြေးလား အမ..
း)

http://picasaweb.google.com/MoeMaKa.Net/20089thAnnualBurmeseLiteraryTalk#

ဒီမှာ သွားရှာသေးတယ်..း)
မမြင်ဘူးတော့ ဘယ်သူမှန်းကျ မသိဘူး
း)

sin dan lar said...

ဆရာမ...
စာဖတ်ပြီး ဆရာမ သိပ်ပျော်လာခဲ့တာသိသာတယ်..
ဟီဟိ ကြောင်နံမည်က အိုဘားမားတဲ့လားးးး

တန်ခူး said...

ချိုသင်းရေ… ကြောင်လေးတွေတင် မျှော်နေတာ မဟုတ်ပါဘူး… တို့ တွေလဲ မျှော်နေတာပါ… ဓာတ်ပုံတွေ ကောင်းကောင်း မကောင်းကောင်း တင်ပေးပါဗျို့ … (ပူဆာတာ)… ပျော်လဲပျော်စရာ အကျိုးလဲရှိတဲ့ ဒီလို ခရီးမျိုးလေးတွေ သွားချင်လိုက်တာ… ကိုယ်ချစ်တဲ့ ဆရာ၊ဆရာမတွေနဲ့ လဲတွေ့ ရတယ်လေ…

Kay said...

မချိုသင်းသားက..အိုဘားမား တဲ့လား...သဘောကျသွားပြီ။ မြင်ယောင်ပြီး ဖတ်လိုက်တယ်။ ပျော်စရာကြီးပေါ့။

PAUK said...

မချိုသင်းရေ...
မတန်ခူးပြောသလိုပဲ...ကြောင်လေးတွေတင်မဟုတ်
ကျနော်တို့ရော..မချိုသင်းကိုမျှော်နေတာ..
ဓါတ်ပုံမတင်ပေးချင်တော့..ကြည့်မကောင်းဘူးပဲ
ပြောတော့မှာပေါ့လေ..
ဟီးဟိ..

သက်ဝေ said...

ချိုသင်းရေ...
ကြည်နူးစရာ အပျော်တွေမျှဝေပေးတာ ကျေးဇူးတင်ပါတယ်...။
ဓါတ်ပုံလေးတွေ မပါတာတော့ စိတ်မကောင်းပါ...။ ဒါပေမယ့် မိုးမခမှာ တင်ထားတဲ့ ဓါတ်ပုံတွေထဲမှာ ချိုသင်းပုံလေးကို အမိအရ ရှာကြည့်နေရင်း...
(ဟဲဟဲ.. တွေ့ ပြီ... တွေ့ ပြီ... သူဘဲ... သူဘဲ...)
ဘာမှ အများကြီး မပြောင်းလဲ...
အဖြူလေးနဲ့  အမဲလေးနဲ့  ရောပြီး လှနေတဲ့ ချိုသင်း...!!!
:-D

ကိုအောင်(ပျူနိုင်ငံ) said...

အမရယ့် ကြည်နူးစရာတွေကို လာရောက်ဖတ်ရူပါတယ်။

မေငြိမ်း said...

ဟွန်း မနာလိုပါဘူး.. သူတို့ပဲ တွေ့ကြတယ် :D

thorn musem said...

မမိုးတို့ ရေ....
ပြန်ရောက်လာပြီဆိုလို့ ဝမ်းသာပါတယ်..။
ပျော်တယ်ဆိုတော့လဲ စိတ်ကူးနဲ့ အားကျပြီး ပျော်ရတာပါဘဲ..။
စာတွေထပ်တင်တော့နော်..။

ယောနသံစင်ရော် said...

မမိုးချိုရေ..လူမလာနိုင်ပေမဲ့ ဖုန်းလေးဆက်ပြီး အမတို့ ပွဲမစမီ စပ်စုလိုက်သေးတယ်။ အမ ကြောင်လေး က အမဲရောင်မို့လို့လားဟင်...အိုဘားမားဆိုတော့။ ကိုဘိုကြီးကို လည်းပွဲထုတ်ပါဦး အမ ... မေးတဲ့သူတွေမေးနေပြီ။

myatnoe said...

အမ စာပေဟောပြောပွဲဆိုတာ အခုချိန်မှာ ကြုံခွင့်ရရင် သိပ်ကျေနပ်မိမှာပဲ..
ပထမဆုံး စာပေဟောပြောပွဲတက်တုန်းက ၅တန်းနှစ် ပုဇွန်တောင် က YMBA သေချာမမှတ်မိဘူး။ အဲဒီတုန်းက ဆုသွားယူလို့ ဖေဖေနဲ့ သွားခဲ့တာ။
ကလေးဆိုတော့ ဟောပြောတိုင်းငိုက်နေတာပဲ။ ရီစရာရှိမှ နိုးပီးရီတာ။ ဒီလိုနဲ့ ကြီးလာတော့လဲ ညဖက်တွေဆို အိမ်ကမပါပဲမသွားရ။ တက္ကသိုလ်ရောက်မှ ပြန်ကြုံတာ ။ သိပ်ကောင်းတာပဲနော်။ အခုချိန်မှာ ဆရာကြီးတွေ ပြောတဲ့ အကြောင်းတွေ နားထောင်ချင်မိပါရဲ့..။

အဟီးမှန်တာပြောရရင် အမရယ် မတန်ခူးရယ် မခင်ဦးမေ ကိုပါထည့်မှ ပေါင်းပီး စာပေဟောပြောပွဲလေး လုပ်ပါလားးးးးးးးးးးး

အောင်သာငယ် said...

ဆန်ဖရန်ကတော့ ဝေးလို့ မသွားနိုင်ဘူး။
အယ်လေပွဲတော့ သွားမှာ...
အဲကျမှ ဘော်ဘော်တွေ တွေ့ရမယ် ထင်တယ် ...

လင်း said...

ပျော်စရာကြီးပါလားနော်။ မနာလိုလိုက်တာ။
ကြောင်သားသမီးလေးတွေမှ မဟုတ်ပါဘူးနော်။ ဘလော့မောင်နှမတွေကလဲမျှော်နေတာပါ။ နေ့ တိုင်းလာလာကြည့်ရတာ။ အမောမပြေဘဲ နေမကောင်းတောင်ဖြစ်တယ်။ လွမ်းလို့ 

tututha said...

အမရေ လွမ်းလိုက်တာနော်။ တူးက ဆရာဝင်းဖေ ခရေဇီကွ။ အဲဒီဟောပြောပွဲလေး နားထောင်ချင်လိုက်တာနော် .. ချစ်တဲ့ညီမ တူး

သက်ဝေ said...

ချိုသင်းရေ...
မိုးမခမှာ ချိုသင်းရဲ့  ဓါတ်ပုံလေးတွေ့ လို့  Comment မှာဝမ်းသာအားရ ပြောမိတာ... စိတ်မရှိပါနဲ့ နော်..။
မမျှော်လင့်ဘဲ မြင်လိုက်ရလို့  ၀မ်းသာပြီး ပြောလိုက်မိတာ...

khin oo may said...

kom: တို့ကလည်း သိပြီးသားပါ သူကြောက်မှန်းသိလို့ဖြဲချောက်လိုက်တာ smile
14 Nov 08, 01:25 AM
kom: ဆော်ရီး အစ်မအသစ်တင်နေလို့စီပုံးကိုလွတ်သ

Nu Thwe said...

ချိုသင်းတို့ မိသားစု စားဖို့ ကြေးအိုး လာပို့ပါတယ်။ (နောက်တစ်ခါ LA လာဖြစ်ရင် အတူတူ ချက်စားကြတာပေါ့) ကိုယ်တိုင်လည်း ချက်စားကြည့်ပါ။ မခက်ဘူး တကယ် ပြောတာ။ လက်ဆ မမှန်တာကတော့ ကိုယ်တိုင်လည်း ဖြစ်နေကျ ဟဲဟဲ။ လုံးဝ စမ်းမကြည့်ရင် လုံးဝ မတိုးတက်ပဲ ဖြစ်နေမှာပေါ့။ အနည်းဆုံး ကြောင်လေးတွေကတော့ ကြိုက်မှာ သေချာတယ်း)
ဟုတ်ကဲ့၊ နှစ်မျက်နှာ (တတိယပိုင်း) ကို တည်းဖြတ်နေပါတယ်။ “မကြာမီ လာမည်” ပေါ့။ ဒီတစ်ခါ အားပေးတဲ့လူ သိပ်နည်းပေမယ့် ချိုသင်း အားပေးလို့ ပျော်သွားတယ်။
ကိုယ်ကလည်း ခရီးသွား၊ အလုပ်ပြန်အ၀င်နဲ့ ဘလော့ဂ်လောကကနေ ဝေးနေတာ။ အလည် မထွက်နိုင်၊ နှုတ်ဆက်စကား မပါးနိုင်နဲ့ ပျက်ကွက်နေတာ အတော် ကြာနေပြီ။ သည်းခံပါနော်။

kk said...

အစ်မရေအရမ်းပျော်ခဲ့ပုံပဲ..
ဓါတ်ပုံကြည့်ရမလားလို့မျှော်နေတာပါ..
ကျန်းမာရေးလဲဂရုစိုက်ပါ၊ Post အသစ်လဲ
များများတင်ပါနော..
နေ့တိုင်းလာချောင်းပါတယ်..:)

Heartmuseum said...

အမချိုသင်းက SF မှာ ကဲနေတုန်း ကျွန်တော်က မြတ်ကောင်း(ကိုဇာဂနာ သား)တို့နဲ့ NY မှာ မော့နေတယ်... ဟီ....ဟိ