ဒီဇင်ဘာရောက်ပြီဆိုတော့ လူတွေကို ကြည့်ရတာ ဆောင်းအအေးဓာတ်နဲ့အတူ လှုပ်လှုပ်ရှားရှား သွားသွားလာလာ နဲ့မို့ ဒီရာသီနဲ့ဒီမြင်ကွင်းတွေက ဒီဇင်ဘာရဲ့ ပုံရိပ်တွေလို ဖြစ်နေတယ်။
ပထမဆုံး ဒီဇင်ဘာရောက်ပြီလို့ သတိထားမိတာက ၁ရက်နေ့ ကစလို့ တချို့အိမ်တွေမှာ မီးအလှဆင်ကြတာကိုပါ။ ကိုယ်တို့ မြို့နယ်လေးမှာတော့ အိမ်တော်တော်များများ ဒီဇင်ဘာ ၁ရက် ဆို Sweet December ဆိုပြီး စ မီးထွန်းကြပြီ။ တလလုံး ထွန်းတဲ့အပြင် နှစ်ကူးပြီး ၁ပတ်လောက်ကြာမှ ပြန်သိမ်းတာ သတိထားမိတယ်။
အိမ်ရှေ့က မြက်ခင်းမှာ နှင်းလူရုပ်ကြီးတွေ၊ သမင်လေးတွေ၊ ရောင်စုံ မီးလုံး၊ မီးသီး၊ မီးတန်းလေးတွေ၊ ခရစ်စမတ် ဘိုးဘိုးကြီး အရုပ်တွေနဲ့ အလှဆင်ကြတာ တွေ့ရတယ်။ အိမ်ထဲမှာတော့ ခရစ်စမတ် သစ်ပင်ကြီးပေါ့။ ကိုယ်တို့လဲ အဲဒါမျိုးတွေ တွေ့ရင် ပျော်ပြီး ကားလေးနဲ့ပတ်ပြီး လိုက်ကြည့်ကြတယ်။
အဖေရှိတုန်းကတော့ အဖေက အဲဒီလို အလှအပလေးတွေကို ကြည်နူးတယ်။ ကိုယ်တို့ ၃ယောက် တလမ်းဝင် တလမ်းထွက် လိုက်ကြည့်ကြတာပဲ။ ဟိုမှာ ကြည့်ပါအုံး သမီးရေ၊ အရုပ်ကလေးက လှုပ်လို့ပါလား တဲ့။ သိပ်လှတဲ့ လမ်းဆို ကားပေါ်က ဆင်းပြီး လမ်းလျှောက်လိုက်သေးတယ်။ ဒါနဲ့ အဲဒီနှစ်ကတော့ ကိုယ်တို့လဲ Home Depot ကနေ မီးကြိုးလေးတွေ သွားဝယ်ပြီး အိမ်ပတ်ပတ်လည်ကို နှစ်သစ်ကို ကြိုတဲ့အနေနဲ့ ထွန်းလိုက်ကြတယ်။
အိမ်ကို တံစက်မြိတ်တလျောက် ပတ်ပြီး ထွန်းရတာမို့ ကြိုး အရှည်ကို မခန့်မှန်းတတ်ပြန်ဘူး။ ဒါနဲ့ ကြိုးလေးက အိမ်ဘေးမှာ အဆုံးထိ မရောက်ဘဲ တွဲလောင်းလေး ကျနေတော့ အဖေက အဲဒါ ပန်းကုံးလေးပေါ့ သမီး တဲ့။ ကပိုကရိုနဲ့ ချစ်စရာကောင်းလိုက်တာ တဲ့။ ဒီအတိုင်းပဲ ကျနေပါစေ တဲ့။ တကယ်က မီးကြိုး တိုသွားလို့ တွဲလောင်းကျရတာလေ။
နောက်ထပ် ဒီဇင်ဘာရဲ့ ပုံရိပ်တခုကတော့ Shopping Mall တွေက အပြိုင်အဆိုင် ဈေးလျှော့ကြတာပါ။ ဈေးလျှော့တဲ့ ကူပွန်တွေကလဲ ဟိုက ဒီက ပို့လိုက်ကြတာမို့ တနေ့ တနေ့ အိမ်က စာတိုက်ပုံးဖွင့်ရင် ကြော်ငြာတွေချည်း။ လက်ဆောင်ပေးတဲ့ ရာသီလဲ ဖြစ်ပြန်တာမို့ လက်ဆောင်ပေးချင်ရင် ဈေးချိုချိုနဲ့ ပစ္စည်းကောင်းရနိုင်တဲ့ အချိန်အခါပေါ့။
အဲဒီမှာ မိန်းမပီပီ ဘယ်အချိန် ဈေးဝယ်သင့်တယ်၊ ဘယ်နေရာမှာ ပိုသက်သာပြီး ပစ္စည်းပိုကောင်းတယ် စသဖြင့် သူငယ်ချင်း အချင်းချင်း လက်တို့ကြတယ်။ ကိုယ်ကတော့ bargain shopper ပါ။ ဈေးကြီးတာလဲ မ၀ယ်နိုင်တော့ ဈေးသင့်တင့်ပြီး ပစ္စည်းကြိုက်ရင် ၀ယ်မိတယ်။
အဲဒီမှာ နဂိုက ဈေးချရတဲ့အထဲ အမြဲဝယ်နေကျ ဖောက်သည်တွေကို တနှစ်လုံး ၀ယ်ထားတဲ့ ပမာဏကိုလိုက်လို့ Discount coupon တွေ ပေးတတ်တယ်။ အဲဒါအပြင် ရာခိုင်နှုန်းနဲ့ လိုက်ပြီး ဈေးထပ်လျှော့ပေးသေးတယ်။ ဘယ်လိုပဲ ဈေးလျှော့လျှော့ ကိုယ်က သဘောကျပေမဲ့ rebate တွေကိုတော့ လုံးလုံး မကြိုက်ဘူး။
Mail in rebate ဆိုတာကို ဒီရောက်မှ ကိုယ်စ ကြားဖူးတာ။ သူက ဘယ်လိုလဲဆိုတော့ ပစ္စည်းတခုက ၁၀၀ တန်တယ်ဆိုပါတော့၊ ဒါပေမဲ့ ၉ကျပ် ၉၉ပြားပဲ ပေးရမယ် တဲ့။ ဒါပေမဲ့ အခု ၁၀၀ အရင် ပေးထားရမယ်၊ ပြီးရင် သူတို့ဖြတ်ညှပ်ခိုင်းတဲ့ ဈေးနှုန်းလေဘယ်လ်လေးကို စာတိုက်ကနေ ပြန်ပို့ပေးမှ သူတို့က ၁၀၀ထဲက ၉ကျပ်၉၉ပြားနှုတ်ပြီး ကျန်ငွေကို check နဲ့ မေ့လောက်တဲ့အချိန်လောက်မှ ပြန်ပို့ပေးတယ်။ ပိုက်ဆံ လှည့်သုံးတဲ့သဘောနေမှာပေါ့။
ကိုယ်ကတော့ အဲဒါမျိုး ကွေ့ဝိုက်နေတာ လုံးလုံး မကြိုက်ဘူး။ လျှော့ချင်လျှော့၊ မလျှော့ချင်နေ။ ဟိုလိုလို ဒီလိုလိုတော့ မလုပ်နဲ့ ပဲ။ ပြီးရင် လူက မေ့လို့ သူတို့ဖြတ်ပိုင်း စာမထည့်မိတာနဲ့၊ ဟိုဟာလိုလို့ မပေးရတာနဲ့၊ ဒီဟာမပြည့်စုံလို့ ဆုံးရတာနဲ့။ ကိုယ်လဲ တခါမှ ပြည့်ပြည့်၀၀ ပြန်မရဖူးဘူး။ သူတို့ ပြောတဲ့ rebate စည်းကမ်းတွေဆိုတာလဲ စာလုံးသေးသေးလေးတွေနဲ့ သူများ မမြင်အောင် ရေးထားတာ။ တခုခု လိုရင် မရတော့ပြန်ဘူး။
ဒါကြောင့် ကိုယ်က rebate ဆိုတဲ့ စာလုံးပါရင် ဘယ်လောက် ဈေးချိုချို မ၀ယ်တော့ဘူး။ သူက ဘာနဲ့တူသလဲဆိုတော့ ကိုယ်တို့ ရွှေပြည်ကြီးက လူကြီးမင်းများလိုပဲ။ ပြန်ပေးမယ်၊ ပြန်ပေးမယ်ဆိုပြီး ဟိုဟာလုပ်ရအုံးမှာလိုလို၊ ဒီဟာပဲ လုပ်ဖို့ လိုနေသေးသလိုလို၊ တခုမဟုတ် တခုနဲ့ ငြိနေတော့ကာ နောက်ဆုံးလဲကျရော ဝေလေလေ ဖြစ်ပြီး မောင်ပိုင်စီးသွားပါလေရော။ ကိုယ်ကတော့ ဒါမျိုးတွေ ရိုး…နေပြီမို့ rebate ဆိုတာနဲ့ ပြေးပြီ။
အလုပ်မှာလဲ ခရစ်စမတ်မတိုင်ခင် ခရစ်စမတ်ပါတီဆိုပြီး လက်ဆောင်ပစ္စည်းချင်း လဲကြ၊ အလုပ်က လက်ဆောင်တွေပေးနဲ့မို့ ပျော်စရာကောင်းပါသေးတယ်။ မနှစ်ကတော့ ကိုယ်တို့အလုပ်မှာ အများမြင်တဲ့ ကြော်ငြာနံရံမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ကိုယ့်နံမည်ဘေးမှာ သွားရေးထားရတယ်။ Wish List လို့ ခေါ်တယ်။ ကိုယ်သာ လက်ဆောင်ရမယ် ဆိုရင် ဘာလိုချင်ပါတယ်ပေါ့။
ပြီးတော့ ကိုယ်လက်ဆောင်လဲမဲ့သူကို မဲနှိုက်လို့ တိတ်တိတ်လေး ကြိုသိထားတယ်၊ ဒါဆို သူဘာလိုချင်ပါလိမ့်လို့ wish list မှာ လာကြည့်ထားရတယ်လေ။ ဒါမှ သူလိုချင်တာ ကိုယ်ပေးတော့ အလဟာသ မဖြစ်ဘူးပေါ့။ လက်ဆောင်ဆိုပေမဲ့လဲ မလိုချင်တာရပြီး အပိုဖြစ်မနေဘူးပေါ့။ အတော်လက်တွေ့ကျတယ် ပြောရမယ်။ ဘာလေးများပါလိမ့်ဆိုပြီး အံ့သြ၀မ်းသာတဲ့ ခံစားမှုတော့ မရဘူးပေါ့လေ။
အဲဒီ့ wish list ဖတ်ရတာလဲ စိတ်ဝင်စားစရာပါ။ ချစ်စရာလေးတွေ။ ဘယ်သူမှ ကြီးကြီးမားမား မရေးကြပါဘူး။ ဦးထုပ် တဲ့၊ ဘောလုံး တဲ့၊ ရုပ်ရှင် လက်မှတ်တဲ့၊ gift card တဲ့။ တချို့ကျတော့လဲ ကောင်မလေး ချောချော တဲ့။ တကီလာ အရက် တဲ့။ တယောက်ကတော့ ရေးတယ်၊ ဘာပဲဖြစ်ဖြစ်ပါ တဲ့၊ ငါ့ကိုတော့ အံ့သြအောင်လုပ် တဲ့။ ကိုယ်ကတော့ အဲဒါတွေဖတ်ပြီး ပိုက်ဆံတွေ အများကြီး ရှိချင်တာ။ သူတို့လိုချင်တာတွေ အားလုံးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ မဟုတ်လား။
နှစ်သစ်ကူးတဲ့ည ဆိုရင်တော့ ကိုယ်က မြန်မာပြည်မှာ နေခဲ့တဲ့ အချိန်တွေကို အရမ်းလွမ်းသွားတတ်တယ်။ အဲဒီညဆို အမေက မုန့်တမျိုးမျိုးလုပ်၊ ကော်ဖီပူပူလေး သောက်ပြီး မြန်မာ့အသံက လွှင့်တဲ့သီချင်းတွေ၊ ဟာသတွေ ထိုင်ကြည့်ရင်း စောင့်ကြတာ။ ည ၁၂နာရီထိုးတာနဲ့ အဖေနဲ့အမေက ဘုရားစာတွေ၊ မေတ္တာသုတ်တွေ ရွတ်တတ်တယ်။ ကိုယ်တို့ကတော့ ဖုန်းတွေလာရင် Happy New Year ဆိုပြီး နှုတ်ဆက်ကြတာပေါ့။
အဲဒီညဆိုရင် ခရစ်ယန်ဘုရားသီချင်းတွေကို အဖေ့မိတ်ဆွေတွေက အိမ်မှာ လာဆို တတ်သေးတယ်။ စာရေးဆရာ ဦးငြိမ်းကျော်တို့ အဖွဲ့၊ စာရေးဆရာ ဦးမင်းသစ်တို့ အဖွဲ့ စသဖြင့်ပေါ့။ ပျော်စရာကြီး။ ဆရာဦးငြိမ်းကျော်ဆို သူလဲ ဗုဒ္ဓဘာသာဆိုပေမဲ့ ပျော်လို့ အဲဒီအဖွဲ့တွေနဲ့ လိုက်နေတာ တညလုံးပဲ တဲ့။ ဆရာ ဦးမင်းသစ် အမျိုးသမီးက အံတီ ရှယ်လီ တဲ့။ အရင်က အဆိုတော်။ အသံသိပ်ကောင်းတယ်။ တနှစ်မှာ We are the World ကို အိမ်မှာ သူဆိုတာ မှတ်မိနေတယ်။
ဒီရောက်ပြီး လွန်ခဲ့တဲ့ တနှစ်ကျော်ကတော့ ကိုယ်တို့အိမ်မှာ ကိုယ်တို့ သားအဖ ၃ယောက် ဟော့ပေါ့ လုပ်စားရင်း နှစ်ကူး စောင့်ကြတယ်။ ကိုယ်က ထမင်းလေးကြော်၊ ရာသီဥတု အေးအေးလေးမှာ ဟော့ပေါ့ နဲ့ ၀ိုင်တခွက် နဲ့။ အဖေက ကိုယ်လုပ်တဲ့ ဟော့ပေါ့ကို ကြိုက်လွန်းလို့။ တဖွဖွ ပြောမဆုံးဘူး။ အပြင်ဆိုင်တွေမှာ ဘယ်ဒီလိုကောင်းမလဲ သမီး တဲ့။
တကယ်က ကိုယ်ကလဲ သိလို့ လုပ်တတ်လို့ မဟုတ်ဘူး။ ကြားဖူးနားဝနဲ့ ပင်လယ်စာ အစုံဝယ်ပြီး ကြက်ပေါင်းရည်ထဲ ပြွတ်သိပ် ထည့်လိုက်တာပဲ။ ချိုပြီး ကောင်းသွားတာပေါ့လေ။ အဖေကတော့ ကိုယ့်လိုပဲ ချိုရင် ကြိုက်တာပဲကိုး။ ပြီးတော့ ၀ိုင်လေး တခွက်ဝင်သွားတာနဲ့ မူးပြီး အိပ်ပျော်သွားလို့ ၁၂နာရီ ထိုးခါနီးမှာ အဖေကြီးရေ ထ ထ၊ နှစ်သစ်ကို ကြိုပါအုံး ပြောရတယ်။ အဲဒီတော့လဲ ထပြီး တကုန်းကုန်းနဲ့ ကဗျာရေးနေပြန်ရော။
ဒီလိုပဲ ဟိုတွေး ဒီတွေးနဲ့ နောက်တနှစ်တောင် ကူးတော့မယ်။ အသက်လဲ တနှစ်ကြီးပြန်အုံးမယ်။ ဘာတွေ ရင်ဆိုင်ရပြီး၊ ဘာတွေ ပျော်ရွှင်ရအုံးမလဲ ကိုယ်သိချင်မိတယ်။ အဲဒီလို လိမ့်တခါ လူးတလှည့်၊ ပျော်တလှည့် မော်တလှည့် ဘ၀ကြီးကိုပဲ ကိုယ့်မှာ တွယ်တာပြီး ချစ်ခင်နေမိတော့တယ်။
မိုးချိုသင်း