တခါတလေကျရင် ကမ်းခြေမှာ ထိုင်ရင်း ငေးရင် ဟိုး အဝေး မှုန်ပျပျက ပင်လယ်ကူး သဘောင်္ကြီးတွေ ဖြတ်သွားတာ တွေ့ရင် သဘောင်္တွေကို သဘောကျတဲ့ ကိုယ့်ရဲ့ တဦးတည်းသော မောင်လေးကို သတိရမိတတ်တယ်။ သူ့နံမည်က ဥာဏ်မိုး တဲ့။ အဖေ နဲ့ အမေကတော့ ဖိုးဥာဏ် လို့ ခေါ်တယ်။
သူနဲ့ ကိုယ်နဲ့က တနှစ်ကြီး တနှစ်ငယ်။ ဆော့ဖော် ဆော့ဖက်၊ ကျောင်းသွားဖော် ကျောင်းသွားဖက်။ ငယ်ငယ်တုန်းကတော့ တယောက်နဲ့ တယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြတယ်။ ကိုယ်ကလဲ သူ့ကို ခေါ်တာ မောင်လေး တဲ့၊ သားသား တဲ့။ သူကလဲ ကိုယ့်ကို မမချို တဲ့။
ကိုယ်တို့အိမ်မှာ ငယ်ငယ်ကဆိုရင် အဖေက မိသားစုဝင်တွေရဲ့အသံကို ကက်ဆက်ထဲ အသံသွင်းထားတတ်တယ်။ တိပ်ခွေလေးနဲ့ပေါ့။ မိသားစု စကားပြောတာ သီချင်းဆိုကြတာ အစုံပဲ။ အားလုံး တယောက်တပုဒ်စီ ဆိုကြ၊ ပြီးရင် ပြန်နားထောင်ကြ နဲ့။ ပျော်စရာ ကောင်းပါပေ့။ ကိုယ်ကလဲ က ရင်း သီချင်းဆိုတာ အသံသွင်းထားသေးတယ်။ ရေဒီယို သီချင်းတွေပေါ့။
ကိုယ်ကတော့ စိန်နားကပ်ကြီး ပန်ရမလို သီချင်းကို အမြဲဆိုတာ။ ကျမအဖို့ မောင့်တမျက်နှာ ကမ္ဘာကြီး တခုလို .. အဲဒီသီချင်းပေါ့။ ဒါပေမဲ့ စကားက မပီသေးတော့ ပါးပို့ မောင့်မျက်နှာ တဘာကြီး တခုလို လို့ ဆိုတယ်။ ဆိုရင်းနဲ့ နောက်အပိုဒ်တွေကျတော့ မရတော့ဘူး။ စာသား မရတော့ ၀ါး ဆို နေတယ်။
အဲဒီအချိန်မှာ အဲ့ ဆိုပြီး ကလေးငိုသံလေး ပေါ်လာပြီး ကိုယ်က “မောင်လေး နိုးပြီ၊ မောင်လေး နိုးပြီ ”လို့ အော်ပြီး ပြေးသွားတာ။ အဲဒီအခွေလေးကို ကြီးတဲ့အထိ၊ ဖွင့်လို့ ရသေးတဲ့အထိ ဖွင့်တုန်း။ သိမ်းထားတုန်း။ သီချင်းစာသားမရတာ မောင်လေး ကယ်သွားပေလို့ပဲ။ အဲဒီလို ချစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ မောင်လေးပေါ့။
ငယ်ငယ်တုန်းက သောကြာနေ့ ညနေဖက်ဆိုရင်လဲ ရွှေသွေး တေဇ ထွက်တဲ့ရက်မို့ အရင်ဦးဆုံး ဖတ်ရဖို့ ဦးကြရတယ်။ အစောကြီး ကြိုဦးလို့လဲ မရဘူး။ သောကြာနေ့ မနက် နိုးလာတဲ့အချိန်က စ ပြီး ဦးလို့ ရပြီ။ ဒါနဲ့ သောကြာနေ့မနက် အိပ်ယာက နိုးတာနဲ့ ဥာဏ်မိုးက ငါ ရွှေသွေး၊ တေဇ ပထမ တဲ့။ သူ ဦးတဲ့အချိန် ကိုယ်က ခလူး ခလော အိပ်ကောင်းတုန်း။
ကိုယ်နိုးလာတော့ သူက ဦး ပြီးနေပြီ။ ညနေကျလို့ အမေ ရွှေသွေး ၀ယ်လာရင် သူက အရင်ဖတ်ရတော့မှာ။ ဒါနဲ့ ကိုယ်လဲ ညနေကျတော့ ရွှေသွေးဖတ်ချင်လွန်းလို့ သူ့ရှေ့မှာ လမ်းသလားနေရတယ်။ မမ ဖတ်ပြမယ်လေ၊ အတူတူ ဖတ်ကြမယ်လေ မောင်လေး၊ အဲဒီလို သွားသွား နှူးနေရတာ။ သူကလဲ သုံးခါထက် ပို မနှူးရဘူး။ မမချို ဖတ်ပြ လို့ ပြောလိုက်တာပဲ။
အဲဒီတော့ သူ့ဖာသာသူ သောကြာနေ့ မနက် အစောကြီး ထ ပြီး ဘယ်လောက် ကြို ဦးဦး၊ ဖတ်တော့ အတူတူဖတ်ရတာပါပဲ။ သူကလဲ ကိုယ်ဖတ်ပြရင် ကျေနပ်လို့။ သူတယောက်တည်း မဖတ်ချင်တော့သလောက် ကိုယ်ဖတ်ပြတာကို စွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဇာတ်ကောင်တွေ စကားပြောတာ ဖတ်ရင် အသံနေ အသံထား အနိမ့်အမြင့်နဲ့ စကားတကယ်ပြောနေသလို ဖတ်တာကိုး။ လူဆိုးဆိုလဲ လူဆိုး အသံ၊ ယုန်ကလေးဆိုလဲ ယုန်ကလေး အားငယ်တဲ့ အသံ။
ကိုယ်တို့ မောင်နှမ နှစ်ယောက် အိပ်ယာပေါ်မှာ ၀မ်းလျားမှောက်ပြီး ဖတ်ကြတာပါ။ သူက ဘေးမှာ ကိုယ်ဖတ်တာကို ပါးစပ်တလှုပ်လှုပ်နဲ့ တလုံးချင်း လိုက်ရွတ်လို့။ ကိုယ်ကျော်သွားရင် ဒီမှာ ကျန်ခဲ့ပြီလို့ ထောက် ပြ တတ်သူပါ။ ကိုယ်က ဆွဲထားတဲ့ သရုပ်ဖော် ပန်းချီဆိုလဲ ဖြည့်စွက်ပြီး ဘာသာပြန်လိုက်သေးတာ။ ပုံကို ကြည့်ပါလား ၀ံပုလွေက ကိုက်စားတော့မှာ စသဖြင့်ပေါ့။ ဆရာကြီး ဦးဘကြည် ပန်းချီတွေဆိုရင် အသက်ဝင်လွန်းလို့ သိပ်ကြိုက်တာပေါ့။
ငယ်ငယ်ကတည်းကနေ ၇တန်း ၈တန်း အထိ ကျူရှင်တက်လဲ ကိုယ်တို့ မောင်နှမနှစ်ယောက် အတူတူပဲ။ ကိုယ့်ထက် သူက ၁ တန်းငယ်ပေမဲ့ ကိုယ်အဖော်ရအောင် မိဘတွေက သူ့ကို အမြဲ ကိုယ့်အတန်း လိုက်တက်စေတယ်။ သူက ဥာဏ်လဲ ကောင်းတယ်။ ဒါကြောင့် ၈တန်းမှာ သူ ၅ဘာသာ ဂုဏ်ထူး ထွက်သေးတယ်။
အဲဒီလို လုံးထွေးနေတဲ့ ကိုယ်တို့ မောင်နှမ နှစ်ယောက် နည်းနည်းဝေးသွားတာက သူ ၉တန်းလောက်မှာပါ။ သူက မိန်းကလေးတွေ အမတွေကြားထဲမှာ ကြီးပြင်းလာရသူမို့ မိန်းမ ဆန်မှာ နွဲ့မှာ သူ့ကိုယ်သူ အင်မတန် ပူပုံရတယ်။ ခုမှ အဲဒီအချိန်တွေကို ပြန်စဉ်းစားမိတာက သူ ဒီလို ယောကျာင်္းဆန်ဆန် ကြမ်းကြမ်းတမ်းတမ်းပုံကို ကြိုးစား ဆောက်တည်ယူရပုံရတယ် လို့ ထင်မိတာပါ။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ အိမ်မှာ ယောကျာင်္းလေးဆိုလို့ သူ့အပြင် အဖေသာရှိတယ်၊ အဖေဆိုတာကလဲ စိတ်က နူးနူးညံ့ညံ့၊ စာနဲ့ ကဗျာမှာပဲ ပျော်မွေ့သူ။ သံတောင် တချက် ရိုက်ဖူးသူ မဟုတ်။ ဥာဏ်မိုး အရွယ်ရောက်လာတော့ အမေနဲ့ ကိုယ်တို့ညီအမတွေမှာ အစွန်းနှစ်ခုကြား စိတ် ပင်ပန်းလိုက်တာ။
ကြုံရတဲ့ ယောကျာင်္းနှစ်ယောက်မှာ အဖေကျတော့ နူးညံ့လွန်းလို့ တဖက်စွန်းမှာ ရပ်နေတဲ့သူ။ စိတ်ကူးယဉ် ကမ္ဘာထဲမှာပဲ နေချင်သူ။ ဥာဏ်မိုးကျတော့ အဖေနဲ့ ဆန့်ကျင်ဖက် တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း ၀ုန်းဝုန်း ဒိုင်းဒိုင်း။ လက်တွေ့ကျကျ။ ကိုယ်တို့ ရင်းနှီး ကြီးပြင်းလာရတဲ့ အဖေ့ပုံစံနဲ့ တခြားစီ။ သူလဲ ဟိုဖက် တဖက်စွန်းမှာ ရပ်သူပေပဲ။
ဥာဏ်မိုးက အိမ်ခင်လွန်းသူပါ။ အိမ်ဟင်း အိမ်ထမင်းမှ မြိန်သူပေါ့။ မိတ်ဆွေ သူငယ်ချင်း အပြင်လူအပေါ်မှာတော့ သူက အင်မတန် ကောင်းတယ်။ အိမ်မှာတော့ ဗိုလ်ကျချင်၊ အနိုင်လိုချင်တယ်။ အမေက ချစ်လွန်းတော့ အလိုလည်း လိုက်ရှာတယ်။ တဦးတည်းသော သားထွေး ပေကိုး။
နောက် အမေ ဆုံးတော့ သူ လုံးဝ ပြောင်းလဲသွားတယ်။ အတော်လဲ ရင့်ကျက်လာတယ်။ စာဖတ်တာလဲ ၀ါသနာပါတော့ စာကလဲ သူ့ကို ပြောင်းလဲစေတယ်။ သူ့ကို အမြဲ မေတ္တာထားနေတဲ့ မိဘနဲ့ မိသားစု မေတ္တာကိုလည်း နားလည်သွားတာ ပါမှာပါပဲ။
သူ ရည်းစားထားတော့ တအိမ်လုံး နေ့ချင်းမဆိုင်း သိသွားတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥာဏ်မိုးက အိမ်မှာ “ သူ ငါ့ကို ပြုစားနေပြီ။ သူ့ကိုပဲ သတိရပြီး မြင်နေတယ်။ ကယ်ကြပါအုံး” လို့ အော်နေလို့ပါ။ ကိုယ်တို့မှာ သူ့မိန်းကလေးကို မမြင်ဖူးခင်ကတည်းက သနားလိုက်ရတာ။ သူ ဗိုလ်ကျမှာ စိတ်ပူရတာကိုး။
ကိုယ်ကလဲ စင်ကာပူကနေ ပို့စ်စကဒ်လေး ပို့လိုက်သေးတယ်။ ပုံလေးက လူဝံကြီးက သူ့ဂျိုင်းကြားထဲမှာ ကြောင်သေးသေးလေး ညှပ်ပြီး ချီထားပုံပါ။ နင်နဲ့ နင့်ကောင်မလေးပုံ ဆိုပြီးတော့လေ။ သူက အသားညိုညို လူကောင်က ထွားထွား၊ သူ့ မိန်းကလေးက အသားဖြူဖြူ ပိန်ပိန်သေးသေး ခပ်ပြုံးပြုံး ခပ်အေးအေး လေ။ နံမည်က ယဉ်ယဉ် တဲ့။
သူတို့ နှစ်ယောက် ရန်ကုန်မြစ်ကို မြင်နေရတဲ့ နေရာလေးမှာ အမြဲထိုင်ပြီး စကားတွေ ပြောကြတာတဲ့။ ဥာဏ်မိုးက သဘောင်္တွေကို အရမ်း စိတ်ဝင်စားတယ်။ သူက အဝေးက လှမ်းမြင်ရတဲ့ ပင်လယ်ကူး သဘောင်္ကြီးတွေကို ကြည့်ပြီး သဘောင်္တွေ အကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြ တတ်တာ တဲ့။ သဘောင်္နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ၀ါသနာပါလွန်းလို့ သဘောင်္သား ဖြစ်ချင်တာ တဲ့။
သူတို့ လက်ထပ်အပြီး ၇လ အကြာမှာ သူ သဘောင်္လိုက်သွားတယ်။ သူ တကယ် သဘောင်္လိုက်ရပြီဆိုတော့လဲ ပျော်ပုံ မရပါဘူး။ သူချစ်တဲ့ ယဉ်ယဉ်နဲ့ ကိုယ်တို့မိသားစုကို အတော်လွမ်းရှာတာပါ။ ပင်ပန်းတာလဲ ပါမှာပါ။ ဖုန်းထဲမှာ သူငို နေတယ်။ မချို..ယဉ်ယဉ့်ကို သတိရလိုက်တာ တဲ့။ ယဉ်ယဉ်နဲ့ စကားမပြောလိုက်ရဘူး တဲ့။ အဲဒီတုန်းက ယဉ်ယဉ်က သူ ဖုန်းဆက်မယ် မှန်း မသိလို့ သူ့ မိဘ မြို့ကို အလည်လိုက်သွားနေတာ။ နောက် ၂ရက်ကြာ ထပ်ဆက်တော့ သူတို့ ဖုန်းပြောလိုက်ရတယ်။
နောက် တပတ်လောက်ကြာတော့ သူလိုက်သွားတဲ့ သဘောင်္အေးဂျင့်က အကြောင်းကြား လာပါတယ်။ ဥာဏ်မိုး ဆုံးပြီတဲ့။ အလုပ်လုပ်ရင်း ရင်ဘတ်အောင့်တယ်ဆိုလို့ အခန်းထဲ နားတုန်းခဏ ငြိမ်ငြိမ်သက်သက် ဆုံးရရှာတယ်။ ဆိပ်ကမ်းဆိုက်တုန်းမို့ ချက်ချင်း ဆေးရုံတင် ကြိုးစားကုသော်လည်း ဆုံးနှင့်ပြီ တဲ့။ နှလုံး ရုတ်တရက် ရပ်သွားတယ်လို့ ဆေးစာမှာ ပါတယ်။
ကိုယ်တို့အားလုံးလဲ ရူးမတတ်ကျန်ခဲ့တာပါပဲ။ သူ့ကို အင်ဒိုနီးရှားက မီဒန်ကျွန်းလေးမှာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း ကိုယ့်အမျိုးသားကိုယ်တိုင် လိုက်သွား သဂြိုဟ်ပြီး ကိုယ်တို့ရဲ့ တဦးတည်းသော မောင်လေးရဲ့ အရိုးအိုးလေး သာ ပြန်သယ်လာခဲ့တယ်။
သူဆုံးတာ ၇ နှစ်ကျော်ခဲ့ပြီ။ သူဆုံးတော့ အသက်က ၂၇ နှစ်။ အရွယ်ကောင်းတုန်း သန်မာ ဖျတ်လတ်တုန်း။ ခုပြန်တွေးရင် ခု မယုံနိုင် ဖြစ်ရသေး။ ယဉ်ယဉ်လဲ ခုထိ တယောက်တည်း။ ဥာဏ်မိုး မွေးနေ့တွေမှာ ဘုန်းကြီးကျောင်းကို ဆွမ်းပို့မြဲ။
လူ့ဘ၀ဆိုတာ တကယ်တိုတယ်။ နေရတဲ့ အချိန်လေးမှာ တယောက်ကို တယောက် ချစ်ချစ်ခင်ခင် ကြည်ကြည်နူးနူး နေသွားချင်တယ်။ နားလည်ပြီး အပြန်အလှန် ယုံကြည်မှုတွေနဲ့ပဲ ဘ၀ကို ဆက်လျှောက်ချင်တယ်။
ပင်လယ်ကမ်းခြေတနေရာမှာ ပင်လယ်ကူး သဘောင်္ကြီးတွေ ဟိုး အဝေးကနေ တရွေ့ရွေ့သွားနေတာ လှမ်းမြင်ရင် ကိုယ့်မြင်ကွင်းတွေက အမြဲတမ်း မျက်ရည်တွေနဲ့ေ၀၀ါးသွားတော့တာပဲလေ။
မိုးချိုသင်း