ကိုယ်နားလည်တဲ့ အိမ်ထောင်ရေး

တနေ့က ညီမလေးတယောက် နဲ့ စကားပြောရင်း အိမ်ထောင်ဖက် ရွေးချယ်တာတွေ၊ မိဘကို အသိပေးရတာတွေ၊ လက်မထပ်မီ လူကြီးတွေ ဆုံးမကြတာတွေကို စကားရောက်သွားတယ်။ ပြောမိတာတော့ အစုံပဲ။ ကိုယ့်အကြောင်းလဲ ပါ၊ စဉ်းစားဆင်ခြင်ရတာတွေလဲ ပါ ဆိုပါတော့။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ မိန်းကလေး ဖြစ်စေ၊ ယောကျာင်္းလေး ဖြစ်စေ ဘ၀မှာ အလေးအနက်ထား စဉ်းစားသင့်တဲ့ အရာပေါ့။ ချစ်တာကို အခြေခံပြီး ချစ်ရုံနဲ့ မပြီးဘဲ တဦးကို တဦး နားလည် ခွင့်လွှတ်ပြီး အပေးအယူမျှမယ်၊ မောင်တထမ်း မယ်တရွက် နဲ့ မိသားစု ဘ၀လေးကို အတူ ညှိနှိုင်း တိုင်ပင်မယ်ဆိုရင်တော့ စိတ်ချမ်းသာရတာပေါ့။

ကိုယ်တို့အိမ်ကတော့ အိမ်ထောင်ဖက် ရွေးတာမှာ မိဘ ဆွေမျိုးက ၀င်ရောက်စွက်ဖက်တယ် ဆိုတာ ထုံးစံ မရှိခဲ့ဘူး။ ကိုယ်ချစ်ရင် ကိုယ်သဘောမျှရင် လက်တွဲနိုင်တယ်။ မိဘ ဆွေမျိုးက ကိုယ့်နှလုံးသားနဲ့ အသိဥာဏ်နဲ့ပဲ ဆုံးဖြတ်စေခဲ့တယ်။

ကိုယ်တို့ မောင်နှမတတွေ အရွယ်ရောက်လို့ အသီးသီး ကိုယ်ချစ်တဲ့သူတွေ တွေ့ကြတော့ ကိုယ်တို့မှာ အဖေပဲ ရှိတော့တာ။ အဖေကတော့ သမီးက ချစ်ရင် အဖေကလဲ လိုက်ချစ်ရမှာပေါ့ လို့ပဲ ပြောခဲ့တာပါ။ သားသမီးတိုင်းကို မိဘ မေတ္တာအပြည့်နဲ့ ရေးတဲ့ ကဗျာတပုဒ်နဲ့ လက်ဖွဲ့တတ်သူပါ။ ဒါကြောင့်မို့လဲ အဖေ့သူငယ်ချင်း တက္ကသိုလ်မင်းမော်က ကဗျာနဲ့အတူ၊ သမီးလှူသည်၊ နတ်လူသာဓု ခေါ်စေသောဝ် လို့ ကဗျာစပ်ခဲ့တာ။

ကိုယ်သူ့ကို အိမ်နဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တုန်းက အဖေက အထဲမှာ။ အဲဒီတုန်းက ကိုယ်လဲ သူ့အိမ်က ထမင်းဖိတ်ကျွေးလို့ သွားစားရင်း သူ့မိဘ၊ အမတွေနဲ့ ဆုံပြီးပြီ။ ကိုယ့်အိမ်ကို တလှည့် မိတ်ဆက်မယ်ဆိုတော့ အမတွေကို ကြိုပြောထားတာမို့ သူတို့ကလဲ ထမင်းစားဖိတ်မယ်လို့ ပြင်ဆင်ကြတယ်။ အမေအစား အမေ့အမ ကိုယ်တို့ ကြီးကြီးတယောက်ကိုလဲ အသိပေးတဲ့အနေနဲ့ အိမ်မှာ ခေါ်ထားတယ်။

ကိုယ်တကယ်ပူတာက ကိုယ်နဲ့ အထက်အောက် တနှစ်ကြီး တနှစ်ငယ် မောင်လေးနဲ့ အဆင်ပြေပါ့မလား ပူတာ တခုပါပဲ။ သူက မကျေနပ်ရင် ၀ူးဝူးဝါးဝါး လုပ်တတ်လို့ပါ။ အဲဒီတုန်းကများ လန့်လိုက်၊ ထိတ်လိုက်တာ။ ဘာမှ မဖြစ်သလို မနည်း ဟန်ဆောင်နေရတယ်။ သူတလှည့် ကိုယ်တလှည့် တယောက်နဲ့ တယောက် အားပေးနေရတယ်။

တကယ် သူ လာတော့ အားလုံး အဆင်ပြေပါတယ်။ ကိုယ်က ဒီလူကို တသက်တာ ရည်ရွယ်ပါတယ်လို့ အသိပေးပြီးပြီပဲ။ ကိုယ်စိုးရိမ်တဲ့ ကိုယ့်မောင်လေးကလဲ ဘာမှ ပူညံပူညံ မလုပ်တဲ့အပြင် သူထမင်းစားတာကို ဘေးကနေ ထိုင်ပြီး စကားတွေ ဖောင်အောင် ပြောလို့။ အဒေါ်ကလဲ အေးအေးချမ်းချမ်း။ အမတွေကလဲ အေးအေးဆေးဆေး။ မကြေမချမ်း သဘောမတူကြတာက ကိုယ့်ကြောင်လေး တွေပါ။ မထင်တဲ့အကွက်က ထ ဖောက်တာပေါ့။

သူလာတဲ့ အချိန် သောင်းကျန်းလိုက်ကြတာ ဗြောင်းကို ဆန်လို့။ သူ့ကို တိုက်တဲ့ ကော်ဖီခွက်လဲ ပြေးလွှားရင်း တိုက်ပစ်လို့ ကျကွဲလို ကွဲ။ သူထမင်းစားနေတုန်း နံဘေးက ကြောင်အိမ်ပေါ်က သကြားပုလင်းကို တွန်းချလိုက်လို့ ပုလင်းကွဲပြီး သကြားတွေ ပြန့်ကြဲ။ တခါမှ ဒီကြောင်တွေ အဲဒီလို မဆော့ဖူးဘူး။ သူတို့ အချစ်ကိုလုမဲ့သူလို့ သိနေသလိုလိုပါ။

အဖေ အပြင်ရောက်တဲ့အချိန်က သူက ရန်ကုန်မှာ မရှိတော့ဘူး။ အလုပ်သွားလုပ်နေပြီ။ အဖေ့ကို သူ့အကြောင်း မပြောရသေးဘူး။ အဲဒီနေ့က အဖေ လွတ်တယ်ဆိုတော့ အိမ်မှာ လူတွေကလဲ မစဲ၊ ဖုန်းလဲ မနားရ နှုတ်ဆက်ကြ၊ ၀မ်းသာကြနဲ့။ ကိုယ်တို့လဲ လာသမျှ မိတ်ဆွေတွေကို ဧည့်ဝတ်ကျေအောင် ကျွေးဖို့ မွေးဖို့ ပြင်ဆင်ကြပေါ့။

အဖေ့ကိုတော့ အေးအေးဆေးဆေးတနေ့မှ ကိုယ့်မှာ ရည်ရွယ်ထားသူ ရှိကြောင်း ပြောမယ်လို့ပဲ။ အမေရှိရင်တော့ အမေကတဆင့် အသိပေးခွင့်တောင်းမိမှာပဲ။ အခုတော့ အဖေ့ကိုပဲ တိုက်ရိုက် မျက်နှာပူပူနဲ့ ပြောရတော့မှာပဲ လို့ ထင်ထားတာ။ ဒါပေမဲ့ အဲဒီလို ကိုယ် မျက်နှာမပူရဘဲ ကံကောင်းသွားခဲ့တာ။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က အဖေလွတ်လို့ ၀မ်းသာပြီး ဖုန်းတွေ ဆက်ကြတာမှာ ဖုန်းတခုက သူ့အမေရဲ့ ဖုန်းဖြစ်နေခဲ့တာ။ ဆရာကြီး လွတ်တာ ၀မ်းသာပါတယ် လို့ လှမ်းနှုတ်ဆက်လိုက်တာပါ။ အဲဒီတော့ အဖေက ဘယ်သူပါလဲ လို့ မေးတာပေါ့။ အဲဒီတော့ သူ့အမေ မာမားက သူ့သားနဲ့ သမီးမိုးချိုသင်းက သိပ်ခင်ကြပါတယ် တဲ့။

သူ့သားနဲ့ ကိုယ့်သမီး သူငယ်ချင်းဖြစ်ရုံနဲ့ ခုလို မိခင်ဖြစ်သူက တကူးတက ၀မ်းသာကြောင်း နှုတ်ဆက်ပြောတာ တော်ရုံ တန်ရုံ ခင်မင်မှုတော့ ဘယ်ဟုတ်လိမ့်မလဲ လို့ အဖေလဲ ရိပ်မိသွားတော့တာပေါ့။ ဒါနဲ့ အဖေလဲ ကိုယ့် အမအကြီးဆုံးကို မေးမြန်းရင်း အသိပေးပြီးသား ဖြစ်သွားတာပဲလေ။ အဲဒီကတည်းက ယဉ်ကျေး သိမ်မွေ့တဲ့ သူ့မိဘနှစ်ပါးကို ခုချိန်ထိ ကျေးဇူးတင် ချစ်ခင်နေခဲ့ရတာ။

လက်ထပ်တော့မယ် ဆိုတော့ ကိုယ့်အလုပ်က ဆရာဖြစ်တဲ့ ဆရာ ဦးတင်မောင်သန်းက ကိုယ့်ကို ပြောပါတယ်။ ချိုသင်းရေ..နင်တို့က ချစ်လို့ ယူကြတာဆိုပေမဲ့ တယောက် စိတ်သဘောထား တယောက် အသေးစိတ် သိကြတာ မဟုတ်သေးဘူး။ အခုမှ အသေအချာ သိရမှာဆိုတော့ အမြင်မတူတာတွေ ရှိချင် ရှိနိုင်တယ်။ ဒါတွေကို အသေအချာ သိအောင် ၁နှစ်တော့ သည်းခံ တဲ့။ တနှစ်ကြာရင် သူက ဘယ်လို၊ ဘာကြိုက်တယ်-မကြိုက်ဘူး၊ ကိုယ်က သူနဲ့ ဘာမတူဘူး စသဖြင့် အကုန် သိသလောက် ဖြစ်ပြီ တဲ့။ အဲဒီအခါ နားလည်မှုရအောင် ညှိယူပေတော့ တဲ့။ ဒါဆို ပျော်ရလိမ့်မယ် တဲ့။

ကိုယ်လဲ ကိုယ့်ဆရာပြောလို့သာ နားထောင်လိုက်တာ။ ကိုယ်တို့ချင်း သိပြီး နားလည်ပြီးသား၊ နောက် ချစ်လဲ ချစ်ပြီးသားမို့ ဘာသည်းခံစရာ လိုမလဲ ထင်တာပေါ့။ ဘယ်ဟုတ်လိမ့်မလဲ။ နှစ်ယောက်အတူတူနေရတော့မှ မတူ ကွဲလွဲတာတွေ တပုံကြီး။ တကယ့် လက်တွေ့မှာ ကိုယ့်ကို မကြိုက်တာတွေလဲ ပေါ်၊ သူ့ကို မကြိုက်တဲ့အချက်တွေလဲ သိ ဆိုတော့ တဂျိမ်းဂျိမ်းပဲ။

နှစ်ယောက်စလုံးက မိသားစုထဲမှာ အငယ်တွေ။ သူက ဒုန်းဆို ကိုယ်က ဒိုင်း။ အရင်ကတော့ ကျောင်းသွား၊ကျောင်းပြန် ကြိုပို့ လုပ်တာလောက် သိတာကိုး။ အဲဒီတုန်းကတော့ သူမကြိုက်တာလဲ ကိုယ်မပြော၊ ကိုယ်မကြိုက်တာလဲ သူမလုပ် ကိုး။ အခုတော့ ၂၄နာရီအတူနေရတော့ သိရပြီ။ အဲဒီ transition time တနှစ်လောက်က အတော်ညှိလိုက်ရတယ်။ ဒါတောင် ချစ်လို့ ယူကြတဲ့ အတွဲနော်။ မချစ်သာ မချစ်ရင် ဘယ်လိုနေကြမယ် မသိ။

အဖေ ဆုံးမတာကတော့ တမျိုးပါ။ ဇနီး ခင်ပွန်းဆိုတာ ကိုယ်နဲ့ အရင်းနှီးဆုံးပဲ တဲ့။ အပြင်လူနဲ့ဆိုရင် ကိုယ်က သဘောကောင်း လိုက်လျော ဟန်ဆောင်နေလို့ ရချင်ရတတ်ပေမဲ့ အိမ်မှာတော့ ကိုယ့်စိတ်သဘောထား အမှန်၊ ကိုယ့်အားနည်းချက်၊ ကိုယ့် လိုအပ်ချက်ကို အရင်းနှီးဆုံး ကိုယ့် အိမ်ထောင်ဖက်က အသိဆုံးပဲ တဲ့။

အဲဒီအခါ ကိုယ့်ကို သိလေ ချဉ်လေ မဖြစ်ရအောင် အနီးဆုံးလူက ကိုယ့်ကို လေးစားအောင် နေတတ်ပါစေ ငါ့သမီး တဲ့။ အချင်းချင်းတွေမို့ လေးစားဖို့ မလိုအပ်ဘူးလို့ မထင်ပါနဲ့ တဲ့။ ကိုယ့် အနီးဆုံးလူက ကိုယ့်ကို ချစ်လဲ ချစ်မြတ်နိုး၊ လေးလဲ လေးစားရင် သမီးတို့ အိမ်ထောင်ရေး သာယာပါလိမ့်မယ် တဲ့။

ကိုယ့်အမေဆုံးတော့ အမေ့ကို မြေမချမီ အဖေ့ထက် ၃နှစ်ငယ်ပေမဲ့လည်း အမေ့ မေတ္တာတရားကို ကျေးဇူးတင် လေးစားလို့ အဲဒီဂုဏ်ကို ကန်တော့ခဲ့တာ လို့ အဖေက ရှင်းပြဖူးပါတယ်။

ကိုယ်လဲ perfect မဟုတ်တာတော့ သေချာပါတယ်။ ဒါကြောင့် အားနည်းချက်တွေ လိုအပ်ချက်တွေ များလှတယ်။ ဒါကြောင့်မို့ တခါတလေ စိတ်လိုက်မာန်ပါ ဖြစ်ရင် အဲဒီဆုံးမစကားလေးတွေကို ကြားယောင်ပြီး ကိုယ့်စိတ်ကိုယ် ချွန်းပြန်အုပ်ရတတ်တယ်။ မကောင်းတဲ့ အပြုအမူဆိုလဲ အမြဲသတိထားပြီး မလုပ်မိအောင် ရှောင်ရတယ်။ နောက်ပြီး ကိုယ်က ပျော်ပျော်ရွှင်ရွှင်သာ နေချင်သူမို့ စိတ်ဆိုး စိတ်ကောက်ပြီး ကုန်သွားရတဲ့ အချိန်တွေကို နှမြောလို့။

ဒီလိုနဲ့ ကိုယ်လဲ အိမ်ထောင်ပြုဖို့ စဉ်းစားနေတဲ့ ညီမလေးကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ရှင်းပြ ပြောပြလိုက်တာ သူလဲ ဘယ်လို သဘောပေါက်သွားတယ်မသိဘူး။ တော်ပါပြီ မယူတော့ပါဘူး မမရယ်၊ တယောက်တည်းပဲ ကောင်းပါတယ် တဲ့။
အော်....ကိုယ့် ထုံးစံအတိုင်း ခုတ်ရာ တခြား၊ ရှရာ တလွဲ ဖြစ်ပြန်ပြီ ထင်ပါရဲ့လေ။

မိုးချိုသင်း

45 comments:

ZT said...

အင်း။ ရင်လေးစရာပါလား။ ဖူး။

Su said...

ya now i think i better stay alone :)

May Moe said...

ဒီလိုပါပဲ ဝုန်းဝုန်းဒိုင်းဒိုင်း ညှိညှိနှိုင်းနှိုင်းပေါ့ ဟီး ဖတ်မှတ်သွားပါတယ်

kay said...

အော်..ဖတ်ကောင်းကောင်းနဲ့ဖတ်နေတာ.နောက်ဆုံးမှ..ညီမလေးက.. မယူတော့ပါဘူး ဆိုတော့..ဘယ်လိုလုပ်ရ။ ခက်တာပဲ..ကာလသားသမီးတွေ..ကျမ ညီမ ၀မ်းကွဲတွေလဲ..အဲလိုပဲ..တွဲလာလိုက်တာ..တကယ်ယူဖို့ကျ..ကျားမီးဆွဲရမလိုပဲ..။ ခေတ်တွေ..အမြင်တွေလဲ ပြောင်းကုန်ပီထင်တယ်နော်..။ အမေတို့အဖေတို့ခေတ်က..ရိုးရိုး..ကျမတို့ခေတ်က..မရိုးတော့..သူတို့ခေတ်ကျတော့..ဆန်းကုနပြီ။

လင်း said...

အပျိုကြီးဘဲလုပ်တော့မယ်း) ။ လင်းကတော့ အကြာကြီး ချစ်သူဘ၀နဲ့ နေပြီး နောက်ဆုံးပိတ်တော့ အသဲကွဲတာနဲ့ အဆုံးသတ်ပါတယ်။
( နှစ်တွေကြာလာတော့လည်း ကြာရှည်ဖုံးထားလို့ မရတာတွေနဲ့  သတ်ရတာတွေလဲရှိပါ့)
ဟီး သူ့ ကိုမရလို့ ပါ ။ ရမယ်ဆိုရင်တော့ အပျိုကြီးမလုပ်ဘူး။

shin said...

ha ha...like the ending!.. I thought your cousin sister will say "Thank you! a ma!" lol....

RePublic said...

ဖတ်လို့တော်တော် ကောင်းတယ်ဗျာ ၊၊ အမှန်ပါ၊

khin oo may said...

နောင်နောက်ကို ဝင်မရှူပ် ရန်လေးနက်စွာ မေတ္တာရပ်ခံလိုပါသည်။

ဟန်လင်းထွန်း said...

မချိုသင်း

ဒီကိစ္စ က ကြားနေမြင်နေရတာ ရိုးနေပြီဆိုပေမယ့် ဘယ်တော့မှ မရိုးနိုင်တဲ့ ကိစ္စ။ အင်းးးးးးး ဟူးးးးးးးးးး

သက်ပြင်းကိုခပ်ကြမ်းကြမ်းမှုတ်ထုတ်ရင်း ပြန်လည်ထွက်ခွါသွားပါတယ်။

ဇနိ said...

အမချိုသင်း ကိုယ်တိုင်ခံစားခဲ့ရတဲ့ ခံစားချက် အတွေ့အကြုံလေးအတွက် တန်ဖိုးရှိလှပါတယ်။
ခုလို သိရတော့ သတိထားရမယ်။ စဉ်းစားရမယ်ပေါ့နော်။
ခုတ်ရာတခြား ရှရာတခြားတော့ နိနိအတွက် မဖြစ်စေရပါဘူး။
တနေ့နေ့တော့ တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်အုံးမှာနော် အမချိုသင်း။
ကိုနိအိမ်က ညီမကို သိတယ်။ ချစ်လည်းချစ်ကြပါတယ်။ နိနိအိမ်ကိုတော့ မပြောရသေးဘူး။
တနေ့ အေးအေးဆေးဆေး ပြောမယ်လို့ အမလို စိတ်ကူးထားတာပဲလေ။ ခုထိပြောမထွက်သေးပါဘူး။
အေးချမ်းပျော်ရွှင်တဲ့ မိသားစုတစ်ခုကိုတော့ ထူထောင်ချင်ပါသေးတယ် အမရယ်။
သေချာတာကတော့ နိနိအတွက် ခလော ခလူးကို သည်းခံရမယ် အမချိုသင်းရေ။
နိနိ

tg.nwai said...

ကောင်းတယ် ချိုသင်းရေ.. အတွေ့အကြုံတွေ ပြန်ဝေမျှပေးတဲ့ အတွက်လဲ ကျေးဇူး။ .ဆရာ့ စကားကိုလည်း မှတ်သားသွားပါတယ်။

ချိုသင်း အချစ်ကြောင့် အားရှိရတဲ့ အကြောင်းလေးတွေလည်း ရေးဦးမှပေါ့။ သူက ၀ုန်း ကိုယ်က ဒိုင်း။ ပြီး သူကချော့ ကိုယ်လည်းပျော့... ဟဲဟဲ။

MANORHARY said...

ဟင်...အစောကြီးတည်းကဘာလို့အဲလိုမဆုံးမခဲ့တာလဲ
ဒီအချိန်ကျမှ..ဘာလုပ်ရမှာလဲ...အဟင့်..
း)

ThuHninSee said...

"ကိုယ့် အနီးဆုံးလူက ကိုယ့်ကို ချစ်လဲ ချစ်မြတ်နိုး၊ လေးလဲ လေးစားရင် သမီးတို့ အိမ်ထောင်ရေး သာယာပါလိမ့်မယ် တဲ့"
ဘယ်လို လေးစားအောင်နေရလဲဟင်။

Eaindra said...

အစ်မရေ..

ကိုးနှစ်တိတိ..ကြိုက်ခဲ့ကြတာပါ..
အခုထိညှိလို့..မရနိုင်သေးတာ..(အဟီး)

တစ်ခါတစ်လေ..တွေးကြည့်မိတယ် အစ်မရေ...အချစ်ဆိုတာ..မရှိပဲ
အိမ်ထောင်တစ်ခု..တည်မြဲတယ်ဆိုတာ..
ဟုတ်နိုင်ပါ့မလား..ပေါ့..။

အိန္ဒြာ

nu-san said...

မမိုးချိုသင်းရေ.. “သိလေ.. ချဉ်လေတဲ့လား..” ဆရာကြီးပြောခဲ့တဲ့ ဆုံးမစကားကိုလည်း မှတ်ထားပါ့မယ်.. :)

လင်းလက် said...

အမရေ ကျွန်တော်စဖတ်ဖူးကတည်းက
စာအရေးအသားကောင်းလို့ကြိုက်ခဲ့တာ
လင့်ထားတာလဲကြာပါပြီ
အမြဲလည်းလာလည်ဖြစ်ပါတယ်
စကားပြေကော၊စကားပြောရေးဟန်ပြေပြစ်တာကို
သဘောကျမိပါတယ်
လေးစားအတုယူလျှက်...............

PAUK said...

မချိုသင်း..
ကျနော့အတွက် အသုံးဝင်ဝင် မ၀င်ဝင်..
ဖတ်သွားပါတယ်..
နောက်ဆုံးအပိုဒ်ကို သဘောမကျတာကလွှဲရင်ပေါ့..
ဟီးး
အားရင်..အိမ်ဖက်လာလည်ပါဦး...
(မရောက်တာကြာပြီ..မတွေ့တာကြာပြီ..
သတိရလိုက်တာ....ထုံသင်းရာ..)

သစ်နက်ဆူး said...

မမိုး...
ရေးထားတာလေးက ကောင်းပါတယ်..
သူများတွေလည်း စဉ်းစားလို့ ရတာပေါ့...
စဉ်းစားလွန်ပြီး...နောင်လာနောက်သားတွေ
ဆုံးဖြတ်ချက်မလွဲအောင်တော့...
အခြေအနေကြည့်ပြီး ခုတ် ပေါ့...။
အခု သူရှောင်မယ့် ဘက်ကို သွားခုတ်မိပြီ...။

strike said...

ဒါကတော့ ဘ၀ပေါ့ဗျာ၊သိုးဆောင်းလိုဆိုရင်တော့ "That"s Life၊
ဒါပေမယ့် ဘ၀ဆိုတာကိုအကောင်းဆုံး၊အဆင်ပြေပြေ
ဖြင့်တွေ့ကြုံသင့်၊တွေ့ကြုံစေချင်ပါသည်။

Nu Thwe said...

ကြောင်လေးတွေ ဆန္ဒပြတာကို သဘောကျတယ် ချိုသင်းရေ။ သူတို့က ကိုကျော့်ကို ပြိုင်ဖက်လို့ သဘောထားတယ်ပေါ့လေ...ဟိဟိ။
မခင်ဦးမေ ရေးထားတာ ရယ်ရတယ်။ ဒါပေမယ့် သဘောမတူဘူး။ သူကလည်း နောက်တာ ဖြစ်မှာပါလေ။ များသောအားဖြင့် လူတွေက ဆုံးဖြတ်ချက်ကို သူတို့ဖာသာ သူတို့ ချထားပြီးသား။ ကိုယ် ပြောတာနဲ့ တိုက်ဆိုင်သွားတော့ ကိုယ် ပြောလို့ ဆုံးဖြတ်လိုက်သလိုလို ဖြစ်သွားတာ။ ပြောစရာ ရှိတာတော့ ပြောပါ။ အရမ်း ကောင်းပါတယ်။
တစ်မိသားနဲ့ တစ်မိသား တစ်နေ့မှာ ၂၄ နာရီ အတူတူ နေကြည့်တော့ မတိုက်ဆိုင်တာတွေ အများကြီး ထွက်လာတာ သဘာဝပါ။ ကိုယ် သည်းခံရတာတွေ ရှိသလို သူ သည်းခံရတာတွေလည်း ရှိတာပဲ။ ဘယ်သူ့ ဘယ်သူမှ တစ်ဖက်သတ် မနိုင်စားတဲ့၊ မကျေလည်တာလေးတွေကို ရန်မဖြစ်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ညှိနှိုင်းနိုင်တဲ့ relationship မျိုးကတော့ ရေရှည် ကောင်းမယ် ထင်ပါတယ်။ အဲဒီလိုဖြစ်အောင် work out လုပ်နိုင်တာလည်း achievement in life တစ်ခုပါပဲ။

ဗေဒါရီ said...

အမရေ .. မှတ်သားစရာတွေ အပြည့်နဲ့ စာတပုဒ်ပါပဲ။
အမဖေဖေ ဆုံးမစကားလေးက အဖိုးတန်လှပါတယ်။
အဲဒီအတိုင်း အိမ်ထောင်သည်တိုင်း လိုက်နာနိုင်ကြရင် ကတောက်ကဆ ဆိုတာ ရှိမှာမဟုတ်ဘူးနော်။
လောလောဆယ်တော့ စဉ်းစားရင်းနဲ့ အသက်တွေ ကြီးကြီးလာပြီ :D

မီယာ said...

before and after ကတော့မတူတာ အသေအချာပဲ။ နောင်ဂျိန်ကလည်း ပလေးသလားပဲ။ တခါတလေများ အံ့သြစရာ။ ဘယ်လိုပြောင်းလဲ သွားကြတာလဲလို့။

Anonymous said...

အမရေ ဒီစာဖတ်ပြီး ကျနော်လည်းအိမ်ထောင်မပြုတော့ဘူးလားလို့ အဟီး

ATN said...

ခုတ်ရာ တခြား၊ ရှရာ တလွဲ ဖြစ်ပြန်ပြီ ထင်ပါရဲ့လေ။...
----------------------------
မဖြစ်ပါဘူး...

တချို့ကတော့လည်း... တယောက်တည်းနေတာက... ပိုကောင်းတယ်လို့... ယူဆလို့... ဖြစ်ပေမပေါ့လေ...

တယောက်ထဲ... မနေချင်လို့... နှစ်ယောက်... တွဲနေချင်တဲ့... accompanionship ဆိုတဲ့... အဖော်သဟဲပြုမှုမှာ...
တယောက်နဲ့ တယောက် လေးစားတာ...
တယောက်နဲ့ တယောက် ချစ်တာ... တဦးချို့ယွင်းချက်... အားနည်းချက်ကို... အခြားတဦးက... နားလည်... လက်ခံ... ခွင့်လွှတ်တာ... အဲတာတွေက... တကယ်... အရေးကြီးတာတွေပါပဲ...

အဲတာတွေက... အဖော်သဟဲပြုမှုကို... ဖက်တွယ်ထားလိုသူတိုင်း...
ဖတ်ရတဲ့ စာမျက်နှာတွေပါပဲ...

အဲ... စာမျက်နှာတွေကို... လူသား နှစ်ယောက်... အတူတကွ... ဖတ်နိုင်ကြပြီဆိုရင်ဖြင့်.... ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့... အဖော်သဟဲပြုမှု... သို့မဟုတ်... အိမ်ထောင်ရေးတခုကို... ရပြီပေါ့...။

------------

ဒါက... အကိုနားလည်တဲ့... အိမ်ထောင်ရေးပါ...
ငါ့ ညီမရေ့...း)

ပုံရိပ် / Pon Yate said...

မချိုသင်း ဖေဖေ ပြောတဲ့ စကားက အရမ်းကောင်း တာပါပဲ။

KLNG said...

မမမှတ်သားနာယူသွားပါတယ်..။

P.Ti said...

အဲဒါတွေကြောင့်ပေါ့... တစ်ယောက်ထဲပဲနေတော့မယ်... အဟဲ

ကြောင်လေးတွေမရှိပေမယ့် ကျန်ရစ်ခဲ့မယ့်သူတွေကို သနားလို့ပါ..

အဟဲ.. ကြောင်ကြည့်တာ.. :P

thwe thwe said...

အင်း တကယ်တော့ မမက ဆရာ မင်းမော်လိုပဲ

အားလုံးကြားကြားသမျှ ညီမ ညီမ ညီမ ယူတော်မူကြပါလို့ ပြောသင့်တယ်

အခုတော့ သူက အပျိုကြီးလုပ်တော့မယ်ဆိုတော့ တစ်သက်လုံးတင်ကျွေးရတော့မယ်

ကဲ ဘယ်လိုလုပ်ကြမလဲ? အခုမှတော့ ပြောလည်း ပြောပြီးနေပြီဆိုတော့ ကျွေးလိုက်ပါတော့လေ
:P;)) :)))

Ko Kyaw said...

ဖတ်လို့သိပ်ကောင်းပါတယ်၊ နောက်ဆုံးကျမှ ရယ်မိတော့တယ် :)
By the way, Happy Christmas !

nyimuyar said...

thanks for ur message.

:P said...

ဖတ်မှတ်သွားပါတယ်

tututha said...

သဘောမတူတဲ့ကြောင်ဆိုလို့ ဒီတခါပဲကြားဖူးတယ် ... အဆန်းချည်းပါပဲလား :) :) :)

သက်ဝေ said...

သူစိမ်းနှစ်ယောက် တစ်ဘ၀ထဲမှာ ကောင်းတူ ဆိုးဖက် အေးအတူ ပူအမျှ ရည်ရှည် ပေါင်းဖက် နေထိုင်ဖို့ ဆိုတာ စေ့စေ့တွေးကြည့်ရင် တော်တော်ကို မလွယ်တာပါ။ ကိုယ့်မောင်နှမ ရင်းချာတွေတောင် တစ်ခါတစ်ခါမှာ စိတ်နဲ့ မတွေ့ ဘဲ ရန်ဖြစ်ကြရသေးတာ… သူစိမ်းနှစ်ယောက်ဆိုရင်တော့ ပြောဖွယ်ရာမရှိ…။

အဲဒီလိုအခါမျိုးတွေမှာ ကိုယ့် ကို တကယ်ချစ်တဲ့သူ ကိုယ်ကလဲ တကယ်ချစ်တဲ့သူ မှသာလျှင် ရည်ရှည် သည်းခံနိုင်မှာ။ အဲဒါတွေအတွက် အဓိက လိုအပ်တာက အချစ်…။ ပြီးတော့ တစ်ယောက်ကို တစ်ယောက် နားလည်မှု ၊ လေးစားမှု နဲ့  သည်းခံခွင့်လွှတ်ခြင်း…။

ဒါမှသာ သာယာချမ်းမြေ့တဲ့ အိမ်ထောင်လေး တစ်ခု ဖြစ်လာမယ်လို့  ယုံကြည်ပါတယ်...။

စူး said...

အမ......................ရေ့


စာတွေတော့ အားတိုင်းဖတ်ပါတယ်..အမရဲ့
အမကျန်းမာရေးဂရုစိုက်ပါ.....


အမရေ့............ မတတ်သာလို့ခနတာခွဲခွါပေမဲ့
ရီစရာစာတွေရေးတဲ့ အမ သဘောကောင်းတဲ့အမကို မေ့ပါဘူးးးးးးးးးးးးးးးးး

khin oo may said...

kom: kom: kom: ဤ အိမ်ပေါ်သို့ကောင်းချီး မင်္ဂလာရောက်စေသောဝ်... မင်္ဂလာရောက်စေသောဝ်...

khin oo may said...

20 Dec 08, 09:48 AM
Boyz: ဘရိတ်ပါ ဖြုတ်ပေးလိုကါမယ်
20 Dec 08, 09:48 AM
kom: တွန်းချင်သူများ လင်း ( http://amhattaya.blogspot.com/
20 Dec 08, 09:48 AM
Boyz: သင်းထုံကို တောင်ပေါ်က အဆင်းမှာ ဘီးတပ်၊ချောဆီထည့်ပြီး ဂျက်အင်ဂျင်အားနဲ့ ကူတွန်းပေးမယ်.
20 Dec 08, 09:47 AM
kom: sin dan lar: တွန်းပြီဟေ့
20 Dec 08, 09:47 AM
Boyz: ပျောက်ကုန်ပြီ
20 Dec 08, 09:47 AM
Boyz: ခုမှ နိုးတယ်..
20 Dec 08, 09:47 AM
kom: MayMoe: သာမီးလဲ ကူတွန်းပေးပါ့မယ်
20 Dec 08, 09:46 AM
kom: Republic: ကျနော်လည်း ကွိတို့ အစ်မချို တို့လို ၀င်တိုက် ..အဲ ၀င်တွန်းပေးလိုက်ပါတယ်ဗျ
20 Dec 08, 09:46 AM
kom: မဇနိ: လင်းနေမကောင်းဘူးဆို နိနိလည်း နောက်ကနေ တွန်းကူပါ့မယ် မမချိုသင်းနဲ့အတူ
20 Dec 08, 09:46 AM
kom: မချိုသင်း: ချောင်းဆိုးတာ လည်ပင်းကို scarf အမြဲ ပတ်ထား ညီမ၊ အေးတယ်။ အမဆို နေ့တိုင်း ပတ်ထားရတယ်။

khin oo may said...

20 Dec 08, 09:46 AM
kom: မချိုသင်း: ညီမရေ နေမကောင်းဘူးဆို.. ဒီတောင်ကို ကျော်နိုင်အောင် နောက်က တွန်းတင် ပါ့မယ်ညီမရယ်။

pandora said...

အဖော်နဲ့နေမလား တယောက်တည်းနေမလား။ ၅၀ - ၅၀ ပဲလို့လည်း ပြောကြတာကြားဖူးတယ်။ ကိုယ့်ရွေးချယ်မှုပေါ့လေ။ ဘာပဲရွေးရွေး Appreciate what you have လို့ သူငယ်ချင်းတယောက်က ပြောဖူးသေးတယ်။

Dr. Yi Yi Win said...

အစ်မရေ..စာတွေလာဖတ်သွားပါတယ်နော်. အစ်မမှာဘလော့ဂ်တွေ သုံးခုတောင်ဗျ။ အခြားဖက်တွေလည်းရောက်ခဲ့ပါတယ်ရှင်။

ဝတီခင် said...

မမချိုသင်း။ နှစ်ဦး သဘောထားချင်းတိုက်ဆိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပါ။ အခုလို ဆရာကြီးရဲ့ဆုံးမစကားတွေနဲ့အတူ အမရဲ့စာကိုဖတ်ပြီး စဉ်းစားဆင်ခြင်စရာတွေ အများကြီးရပါတယ်။ ကျေးဇူးပါ ....

Unknown said...

Ma Moe Cho Thinn,
How are you? I visit to your blog everyday but I haven't seen new posts. Ama yay, try to keep your health fit. I hope that you are rather busy not sick.
Merry Xmas and happy new year.

စူး said...

အမချိုသင်းရေ..
နေကောင်းပါရဲ့လားးးးး
ကျန်းမာရေး ဂရုစိုက်ပါ..

အမရေ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေနော်

Merry X-mas and Happy New year2009!!!!

WWKM said...

ဖတ်သွားပါတယ် အစ်မရေ.
ပညာယူစရာတွေလဲ မှတ်သားသွားပါတယ်ရှင်.
ကျေးဇူးတင်ပါတယ်နော်.

ရွှေပြည်သူ (ShwePyiThu) said...

“ကိုယ့်ကို သိလေ ချဉ်လေ မဖြစ်ရအောင် အနီးဆုံးလူက ကိုယ့်ကို လေးစားအောင် နေတတ်ပါစေ” ဆိုတဲ့စကားက သိပ်အဖိုးတန်တာပါပဲ အစ်မ။ အိမ်ထောင်ပြုမယ့် သူငယ်ချင်းတွေကိုလည်း ပြန်ပြောပြလို့ရအောင် တလေးတစား ဖတ်သွားပါတယ်။

KKN said...

Ma Moe,

Thanks alot to read it... I just married going to one year...last time i love too much him...He also...now i feel a little bit something...I think ....
he also may be...but i don't want to leave from him.....so i will try again & i will surely listen ur
talking....Sorry pardon me....my english is so poor...Thanks alot Ma Moe....

Nwe ( S'pore )