မော်တော်ကား နဲ့ ကိုယ်

ပြီးခဲ့တဲ့ အပတ်က ကိုယ်တို့အလုပ်က နေရာပြောင်းတော့ ကံကြမ္မာက မျက်နှာသာပေးတယ် ဆိုရမယ်၊ ကိုယ်တို့အိမ်နားကို ရုံးက ရွှေ့လာတယ်။ အရင်ကဆိုရင် အလုပ်က မိုင် ၂၀လောက် ဝေးတာမို့ ဖရီးဝေး မကြပ်ရင် နာရီဝက်၊ ဖရီးဝေး ကြပ်ရင် ၄၅မိနစ်တော့ အသာလေး မောင်းရပါတယ်။ အသွားအပြန်ဆိုတော့ လမ်းမှာ ၁နာရီခွဲလောက်ကုန်နေတဲ့ သဘောပေါ့။

ကယ်လီဖိုးနီးယားမှာ မိုင် ၂၀ ဆိုတာ သိပ်မဝေးဘူး၊ နီးပါတယ် လို့ ဆိုရမလိုလို။ အယ်လ်အေက ကျယ်လွန်း ကြီးလွန်းလို့ နာရီဝက်မောင်းသွားရတဲ့ နေရာဆိုရင် နီးသေးတယ် ပြောရမလို ဖြစ်နေတယ်။ ကားမောင်းတတ်မှ၊ ကားရှိမှ ခြေလက် ရှိသလိုပဲ။ ကားမမောင်းရင် သူများကို မှီခိုနေရလို့ သိပ်အဆင်မပြေတတ်ဘူး။

အခု ရုံးက နီးလာပြီဆိုတော့ ဖရီးဝေးလဲ မောင်းစရာမလိုတော့ဘူး၊ မြို့တွင်းလမ်းကလေးကနေ ၅မိနစ်လောက် မောင်းသွားရင် ရုံးကို ရောက်ပြီ။ ၃မိုင်ပဲ ဝေးတယ်။ အဲဒီတော့ ရုံးကလူတွေက ကိုယ့်ကို ကျန်းမာရေးလဲ လိုက်စားဖြစ်အောင်၊ ၀ိတ်လဲ ချပြီးသားဖြစ်သွားအောင် ရုံးကို လမ်းလျှောက်လာပါလား လို့ဆိုကြတယ်။ သူကလဲ ကောင်းသားပဲ တဲ့။ ကိုယ်ကတော့ ဒါမျိုးတွေ မကြားချင်လို့ ဟိုငေး ဒီငေး လုပ်နေရတယ်။

အဲဒီတော့ အခု တနလာင်္နေ့က စ လို့ ဟိုဖက်ရုံးမှာ လက်စသပ်ပြီး ဒီဖက်ရုံးကို စ တက်ရပြီ။ ဒီတော့ ကိုယ်လဲ ကိုယ့်ကို လမ်းလျှောက်တက်ခိုင်းမှာစိုးလို့ ကားကို ကိုယ်မောင်းပါ့မယ်ဆိုပြီး အကြံနဲ့ တာဝန်ယူလိုက်ရတယ်။ မောင်းတဲ့လူက ဘယ်လမ်းဆင်းလျှောက်လို့ ဖြစ်ပါ့မလဲ၊ ဘေးက ထိုင်လိုက်တဲ့သူသာ လျှောက်ချင် လျှောက်ပေါ့၊ ဟုတ်ဖူးလား။

ကိုယ်တို့ နှစ်ယောက်က တရုံးတည်းဆိုတော့ ကားတစီးတည်းသွားနေကျမှာ မိုင် ၂၀ မောင်းရတုန်းကတော့ သူ့ကို ဦးစားပေးပြီး ၃မိုင်ကျတော့ ကိုယ်က တလှည့် ပြန်မောင်းပေးရတဲ့ သဘောပါပဲ။ သူတလှည့် ကိုယ်တလှည့်ဆိုတော့ မျှမျှတတ လဲ ဖြစ်တာပေါ့။ ဒါပေမဲ့ အဲဒီ ၃မိုင်ကိုပဲ ကိုယ်က မိုင် ၃၀ လောက် ထင်သွားရတယ်လေ။

ဘာဖြစ်လို့လဲဆိုတော့ ဆရာသမားက ဘေးကနေ ငြိမ်ငြိမ် မလိုက်ဘဲ ကိုယ့်ကို ဆုံးမ သြ၀ါဒ ပေးနေတာမို့ပါ။ တကယ်က ကိုယ်လဲ ဂွေမကိုင်တာ ကြာပါပြီ။ အခုသာ လမ်းလျှောက်ခိုင်းမှာ စိုးလို့ မကိုင်မဖြစ်ကိုင်ရရှာတာပါ။

“ရှေ့မှာ မီးပွိုင့်က နီနေတယ်လေ၊ ဘာဖြစ်လို့ လီဗာ နင်းနေတာလဲ၊ အရှိန်လျှော့မှပေါ့”
“ရှေ့ကျရင် ဘယ်ကို ကွေ့ရမှာနော်၊ ဟော.. ပြောရင်းဆိုရင်း ညာကွေ့လိုက်ပြီ။ ဘယ် ကို ကွေ့ရမှာလေ ချိုသင်း”
“ဟာ.. ကားမောင်းနေတာ concentrate မလုပ်ပါလား၊ မောင်းရင်း ဟိုဖက်လိုင်းကို ကျော်နေပြီ၊ ဘေးကကားနဲ့ တိုက်တော့မယ်”

ကိုယ်လဲ ၃မိနစ်ပဲ မောင်းရပေလို့ပဲ။ ချွေး ၃ ပိဿာလောက် ထွက်သွားတယ်။ ဒါကြောင့် ကားမောင်းသင်ရင် ကိုယ့်ယောကျာင်္းနဲ့ ဘယ်တော့မှ ကားမောင်းမသင်နဲ့လို့ ဆိုကြတာပါ။

ကိုယ်လဲ ရန်ကုန်မှာ ကားမောင်းသင်တုန်းက သူနဲ့ လုံးလုံး မသင်ခဲ့ပါဘူး။ သင်တန်းတက်တယ်၊ အိမ်က ကားမောင်းတဲ့ သော်ဇင်ဆိုတဲ့ ကောင်လေးနဲ့ သင်တယ်။ သူတို့က တစိမ်းတွေမို့ စိတ်ရှည်ကြတယ်။ ဒါပေမဲ့ ကိုယ်မောင်းလို့ ဘေးကနေ ထိုင်လိုက်ရင် ယောင်ယောင်ပြီး ဘရိတ်တွေ အုပ်ရလွန်းလို့ ကားပေါ်ကလဲ ဆင်းရော သော်ဇင်ခမျာ ပေါင်ကြီးတန်းပြီး နာနေရော။

ဒါနဲ့ ကားမောင်းတတ်ရော ဆိုပါတော့။ အဲဒီအချိန်က သူက ရန်ကုန်မှာ မရှိတော့ ဟန်ကိုကျလို့။ ဆူမဲ့လူ၊ ပြောမဲ့လူ မရှိ။ မှားသွားလို့ တိုက်မိမလို ဖြစ်သွားလဲ သွားလေးဖြဲ၊ လက်ကလေးပြ ကိုယ်က ဦးအောင် တောင်းပန်လိုက်တာပဲ။ ဟိုဖက်လူကလဲ ရီပြနေတဲ့လူကိုတော့ ကြာကြာ ဘယ်စိတ်ဆိုးမလဲ။ အေးဆေးပဲ။

ရန်ကုန်မှာ တခါ ကားတိုက်ဖူးတယ်။ ဈေးသွားရင်း ရန်ကင်းစင်တာမှာပါ။ ကိုယ်က ကားကို ပါကင်ကနေ နောက်ဆုတ်နေတာ အတည့်လာနေတဲ့ကားနဲ့ သွားခြစ်မိတာပါ။ သူကလဲ ကိုယ်နောက်ဆုတ်နေတာကို မမြင်တာလားမသိ၊ ကိုယ်ကတော့ သူ့ကို မမြင်တာ သေချာတယ်။ ဒါနဲ့ သူမှားတယ်၊ ကိုယ်မှားတယ် ဖြစ်တော့ ပုလိပ်ကလဲ ညှိလိုက်ပါ တဲ့။ ဒါနဲ့ ကိုယ်လဲ ညှိလိုက်တယ်လေ။ သူ့ကားကို ကိုယ်ပြင်ပေးမယ်၊ ကိုယ့်ကားကို သူပြင်ပေး၊ ကြေပြီပေါ့ လို့။

စာရင်းချုပ်လိုက်တော့ သူ့ကားပြင်ခ က ၁သောင်း ၁ထောင် ကျပြီး ကိုယ့်ကားပြင်ခက ၃ထောင် ပဲ ကျတာပါ။ ကိုယ်က ၇ထောင် စိုက်ပေးလိုက်ရတာပါ။ အဲဒါကို ကိုယ့်အမျိုးသားက နားထောင်ပြီး “ဟိုလူက မှားပြီး ချိုသင်းက ဘယ့်နှယ် ၇ထောင် ထွက်သွားတာလဲ” တဲ့။ ကိုယ်ကလဲ ရှင်းပြပါတယ်။ ဟုတ်တယ်လေ၊ ချိုသင်းက ကြေအောင် လုပ်လိုက်တာ၊ သူ့ကား ကိုယ်ပြင်၊ ကိုယ့်ကား သူပြင် ဆိုပြီးတော့.....လို့။

ဒါနဲ့ အမေရိကားရောက်တော့ လိုင်စင်ဆိုတာကြီး ထပ်ဖြေရမယ် ဖြစ်ပြန်ရော။ အဲဒီတော့ လမ်းစည်းကမ်းတွေ သေချာသိအောင် တဲ့၊ စာအုပ်ကြီး သူက ဖတ်ခိုင်းတယ်။ ကိုယ့်မှာ လမ်းစည်းကမ်းမို့ မှားမှာစိုးလို့ ကြောက်ပြီး Dictionary နဲ့ တောင် ဖတ်ရတာ။ သူများတွေလို မေးခွန်းဟောင်းလေးတွေ ကြည့်ပြီး သွားဖြေရတာ မဟုတ်ဘူး။ စာအုပ်ကြီး အတိုင်းပေါ့။

ရေးဖြေအောင်လို့ ကားမောင်းဖြေတဲ့နေ့ကတော့ စစ်တဲ့လူက ကိုယ့်ဘေးကနေ ထိုင်လိုက်ပြီး ဘေးကနေ ဘယ်ကွေ့၊ ညာကွေ့၊ ဟိုနားရပ်၊ ဒီလမ်းထဲသွား စသဖြင့်ပေါ့ ပြောလာတယ်။ ကိုယ်ကလဲ အကုန် ရတယ်။ နောက်ဆုံးပြီးပြီလဲ ဆိုရော ပါကင်မှာ ရပ်ရတယ်။ ဒါနဲ့ examiner က အမှတ်လေးတွေ ခြစ်ပြီး ကိုယ့်ကို အအောင်ပေးတော့မှာ။

သူက လိုအပ်တာလေးတွေ ပြောရင်း ကိုယ့်ခြေထောက်ကို ကြည့်လိုက်တော့ သူအံ့သြသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဖိနပ် မပါဘဲ မောင်းနေတာကိုး။ မင်း ဖိနပ်ရော တဲ့၊ သူက မေးတယ်။ ကိုယ်ကလဲ ရှိတယ်လေ၊ ဒီမှာ ဆိုပြီး ကားခုံအောက်က ဖိနပ်ကလေးကို ခြေထောက်လေးနဲ့ ကော်ပြီး လှိမ့်ထုတ်လိုက်တယ်။

အဲဒီအချိန်မှာ သွားတာပါပဲ။ ဟာ..ဒါ အန္တရာယ် သိပ်များတယ်၊ ဘရိတ်အုပ်လို့ ဖိနပ်က လိမ့်လာရင် ခြေနင်းနားရောက်ပြီး တကယ် ဘရိတ်အုပ်ရမဲ့အချိန်ကျရင် ရှုပ်ကုန်မယ် ဆိုပြီး စာမေးပွဲ ချလိုက်တာပဲ။ ကိုယ့်မှာ ရီရခက် ငိုရခက်။ ရန်ကုန်မှာကတည်းက ကိုယ်က ဖိနပ်ချွတ်ပြီးပဲ မောင်းနေတာ၊ အားရလို့။ ကုန်ကားဒရိုင်ဗာကြီးတွေ ပူလွန်းလို့ ဖိနပ်ချွတ်မောင်းသလိုလေ။ ဒီလိုနဲ့ နောက်တခေါက်မှ အောင်ပါတော့တယ်။

ဒီမှာတော့ ကိုယ်က ကားသိပ်မမောင်းတော့ဘူး။ လမ်းမသိတာရော၊ မျက်စိ သိပ်မမြင်ချင်တော့တာရော ကြောင့်ပါ။ သူငယ်ချင်းတွေနဲ့ သွားရင်တော့ ဘေးကနေ ဟိုကွေ့ ဒီကွေ့ ဆိုပြီး မောင်းတဲ့ လူကို လမ်းညွှန်ပါတယ်။ သူတို့မောင်းရင် ကိုယ်က စတိုင်နဲ့ ဘေးကနေ သူငယ်ချင်းတွေဆီ ဖုန်းနဲ့ပွားရင်း လမ်းပြ တာပါ။

တခါကလဲ “ညီမရေ ညာကွေ့ ညာကွေ့” ဆိုပြီး ဖုန်းပြောရင်းတဖက် အတင်းကွေ့ခိုင်းတာ one way လမ်းကြီး ဖြစ်နေလို့ ဟိုက် သောက်ပလုတ်တုပ် ဖြစ်ရသေး။ တခါကလဲ ကားရပ်နေလို့ ဆက်သွားလေ ဆက်သွား လို့ ပြောမိလို့ မီးနီနေတယ်လေ အမ တဲ့။ မီးနီကြီး အတင်း ဖြတ်ခိုင်းနေတာနော်။ ဖရီးဝေး အ၀င်ကိုလဲ လမ်းထင်ပြီး ကွေ့ခိုင်းပြီးမှ ဖရီးဝေးကြီး ဖြစ်နေလို့ ကွေ့ပါဟ မြန်မြန်ပြန်ကွေ့ပါဟ လို့ အော်ရသေးတယ်။

ဆိုတော့ ကိုယ်လဲ confidence ပျောက်သလိုတောင် ဖြစ်နေပြီ။ တကယ်တော့ ကိုယ့်မှာ ကားမောင်းရင်း တလွဲဖြစ်ရတဲ့ ဇာတ်လမ်းတွေ ရှိသေးတယ်။ ဒါပေမဲ့ အိမ်ကလူကြီး ဖတ်ပြီး လမ်းလျှောက်ခိုင်းနေမှာစိုးလို့ တိတ်တိတ်ပဲ နေတာ ကောင်းမယ်ထင်ပါရဲ့။ နို့မို့ဆို ရုံးကို ဖတ်သီဖတ်သီ ပြေးသွားနေရပါအုံးမယ်လေ။

မိုးချိုသင်း

33 comments:

CONTACT said...

ဟဲဟဲ... ဆရာကြီးကို သတိရမိပြီး ဖတ်ပြီးပြုံးမိပါရဲ့ ။KM

P.Ti said...

ကားမောင်းသင်ချင်ရင် တစိမ်းနဲ့သင် ဆိုတာကတော့ မှန်တယ်အမရေ... ကျွန်တော်ဆို ကျွန်တော့်အမကို သင်ပေးရတာ စိတ်မရှည်တော့ နောက်ဆုံး သူကားမောင်းသင်တန်းသွားတက်ရတယ်...

အမချိုသင်း ကုန်တင်ကားကြီးမောင်းသလို ဖိနပ်ချွတ်ပြီး ကားမောင်နေပုံမြင်ပြီး သဘောကျသွားတယ်... အဟဲ...

ဇနိ said...

အမရယ် လမ်းလေး အပြေးလျှောက်သွားတာတော့ ဟုတ်ဘူး... ကျန်းမာရေးက အဓိကနော်..

ဇနိ said...

အမချိုသင်းရာ ကောင်းမမောင်းပါနဲ့။ ကိုကြီးကျော်ဘေးကသာ အသာချွဲလိုက်နေလိုက်။ ဖုန်းနဲ့ပွားရင်း လမ်းညွှန်လဲမလုပ်နဲ့နော်။
နိနိ

MANORHARY said...

လမ်းလျှောက်နိုင်ရင်တော့ အကောင်းဆုံးပေါ့
ဆရာကြီးလုပ်တာမဟုတ်ဘူးနော်...း)
တို့လည်း အဲလိုငပျင်းထဲတော့ ပါတာပဲ..
ကိုယ်ချင်းစာပြီးပြောတာ..အသက်အရွယ်အရက
လျှောက်ရတော့မယ်လေ...း)

Life is for Success said...

မကြီးမိုး

ကိုကြီးကျော်နဲ့အတူလျှောက်ပေါ့။ အကျင့်ပါမကြီးမိုး ၇ာ။။။။။။။။။။။။။။။။

sin dan lar said...

၃ မိုင်ဆိုတော့ နည်းနည်းတော့ဝေးတယ်။
တစ်ဝက်လျှောက်၊ ကျန် တစ်ဝက်ကို ကားနဲ့ လိုက်ရင်ရော.......
မမ လမ်းလျှောက်ရင်း လမ်းတစ်ဝက်ရောက်ကာနီးရင် ကိုအကြော်ကို ဖုန်းဆက်ပြီး ထွက်ခဲ့တော့ပြောလိုက်ပေါ့ ....
မကောင်းဘူးလား......

ခင်မင်းဇော် said...

ဟုတ်ပ ချိုသင်းရယ်..
ကိုမင်းဇော်လဲလေ ဟိုတုန်းက ဂီယာကိုင်ထားတဲ့ လက်ကို လာလာရိုက်တယ် သိလား။ နောက် ဆိုင်ကယ်စီးလဲ တချိန်လုံး ပြောနေတာ။ သူမပါရင် ကိုယ့်ဖာသာ ဖြောင့်ဖြူးနေတာပဲ။
သူပါလာရင် မောင်းရတာကို မလွတ်လပ်သလိုနဲ့။ ကိုယ်ချင်းစာတယ်။။
ခုတော့ ဘာမှကို မမောင်းချင်တော့ဘူး။

လင်း said...

၃မိုင်တောင်ကျတော့လဲ ဝေးလွန်းပါတယ်လေ။ကားနဲ့ ဘဲသွား ပြီးတော့အရင်လို့ ဘေးကနေ ဇိမ်လေးနဲ့ သာ ပြန်ထိုင်လိုက်ပါ အမရာ။ တလွဲဖြစ်တဲ့ အကြောင်းတွေ သူမေ့လောက်မှ တခါထပ်ရေးအုန်းနော်။ ဖတ်ချင်သေးတယ်

ဗေဒါရီ said...

အမရေ ... အမရေးတဲ့စာလေးတွေက ဖတ်ရင်း မပြုံးဘဲ မနေနိုင်ဘူး။ ချစ်ဖို့ သိပ်ကောင်းတယ်။ မျက်စိထဲလည်း မြင်ယောင်တယ်။
လိုင်စင်ဖြေတော့ ဖိနပ်လေးချွတ်မောင်းမိလို့ အအောင် မပေးတာ ဖတ်ပြီး ဖြစ်မှဖြစ်ရလေလို့ ရယ်မိတယ်။
အခုရော ဖိနပ်ချွတ်မောင်းတုန်းလား အမ။
အန္တရာယ်ကင်းစွာ မောင်းနိုင်ပါစေ။

PAUK said...

လမ်းပဲလျှောက်ပါ မလှထုံရေ...
(ရေးထားတာ..ရီရတယ်)

nu-san said...

အမက စီတီယာတိုင်ကိုင်ပြီး ကိုကြီးကျော်က ပါးစပ်နဲ့ မောင်းရတာပေါ့နော်.. :D အမ ကားမောင်းဖြစ်ရင် ပိန်သွားမလားပဲ... ကျနော့်သူငယ်ချင်း တစ်ယောက်ကတော့ ကားမောင်းတာ အရမ်းသတိထားရတော့ stress ရပြီး ပိန်သွားဖူးတယ်.. သူက နဂိုကလည်း ကြောက်တတ်တတ်ရယ်.. :)

tg.nwai said...

သဘောကျသွားပါတယ်.. သူ.ကားကိုယ်ပြင် ကိုယ့်ကားသူပြင် မျှမျှတတ ညှိလိုက်နိုင်တာကိုး..:)

ThuHninSee said...

"ကိုယ့်ယောကျာင်္းနဲ့ ဘယ်တော့မှ ကားမောင်းမသင်နဲ့"
မှန်လိုက်လေ။
၃မိုင်ဆိုတာ နီးနီးလေးပါအစ်မရယ်။
နှင်းတွေဘာတွေ မကျဘူးမဟုတ်လား။ လမ်းလျှောက်ပါ။

khin oo may said...

ပြောချင်တာကတော့မြင်ဘူးသွားပြီး ချောတယ်လို့ ၂ ယောက်လုံးကိုပြောချင်တာပါဘဲ။။

ရှင်မင်းညို said...

မမိုးချိုရေ...
ဖိနပ်ချွတ်ပြီး လိုင်စင်ဖြေတဲ့ ပုံကိုမြင်ပြီး အော်ရီလိုက်ရတာ..

မီယာ said...

အမရေသူတို့ဘေးနားကထိုင်လိုက်ရင် အမှားတွေပိုလုပ်မိသလိုပဲနော်။ ကိုယ့်ဘာသာဆိုဖြူးနေတာ။ ပေါက်ကရလုပ်တာတွေတော့ အများကြီးပဲ။ အမလိုတော့မရေးရဲဘူး။ insurance သပ်သပ်စီထားရတော့မလားလို့ကြိမ်းထားလို့ပါ။

Nu Thwe said...

အစစ်ပဲ.......သူတို့ကို ဘေးထားပြီး ကားမောင်းလို့ကတော့ အဝေဖန်ခံရဖို့သာ မှတ်။ ချစ်လို့ ပြောတာ-လို့တော့ ဆိုရှာသား =D ကိုယ်သိတာကတော့ သူတို့အနားရှိရင် သတိထားလေ မှားလေနဲ့ အလုပ် မဖြစ်ပါဘူး။ ကိုယ့်အတွေ့အကြုံအရ မိန်းမတွေက ကားမောင်းရင်း multi-tasking လုပ်တတ်တယ်။ ဒီတော့ စိတ်အာရုံ ထွေပြားတာပေါ့။ မိုက်မဲစဉ်အခါက ရန်ကုန် အေဒီလမ်း ကုန်းဆင်း မီးပွိုင့်မှာ နှုတ်ခမ်းနီ ထုတ်ဆိုးလိုက်တာ ဘရိတ်လွတ်ပြီး ရှေ့ကားကို သွားထိဖူးတယ်။ အသာလေးမို့ ဘာမှ မပျက်စီးတာ တော်သေး။ အန္တရာယ် ကြောက်လို့ နောက်ပိုင်း ဆင်ခြင်ပါတယ်။ ချိုသင်းတို့ ရွှေမြို့တော်ကြီးက ကားတွေ မတရား ရှုပ်တာတော့ အမှန်။ မောင်းရဲသူများကို လေးစားပါ၏။ တစ်ခါတလေ လမ်းလျှောက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဟုတ်ဘူးလား။

အောင်သာငယ် said...

စာမေးပွဲကျပုံလေးကို သဘောကျသကွာ ငါ့ညီမ...
အလုပ်နီးရင် လမ်းလျှောက်ပေါ့... ဓါတ်ဆီခလည်း သက်သာမယ်လေ... တချက်ခုတ် ၂ ချက်ပြတ်...း)

ဟန်လင်းထွန်း said...

အခုကော သေချာ မောင်းနေပြီလား အမ ။ ယောင်္ကျားယူထားတာပဲ သူမောင်းပေါ့။ :)

ပုံရိပ် / Pon Yate said...

အစ်မ လိုင်စင် မောင်းဖြေမှာ ကျရတဲ့ အကြောင်းရင်းကို အံ့သြမိတယ်။ သူတို့က အဲလို တွေးတာကိုးလို့။ မြန်မာပြည်မှာ ဖိနပ်ချွတ်မောင်းတဲ့ လူမရှားလောက်ဘူး ထင်တယ်။ အန္တရာယ်တော့ ရှိကောင်း ရှိမှာ ပေါ့လေ။

masumon said...

အစ်မကားမောင်းတာ ဘေးက လူ ပေါင်ကြီးတန်းသွားတာ ကို မြင်ယောင်မိတယ် ရယ်ရတယ်နော် ကျွန်တော် ကားမောင်းသင်တုန်းကလဲ ဦးလေးသင်ပေးတာ တစ်ခါမှား တစ်ခါ ခေါက်နဲ့ တစ်ခါမှား တစ်ခါ နားရင်းအုပ်နဲ့ ကားပေါ်ကလဲ ဆင်းရော လူရော ခေါင်းရော ပူထူနေပြီ သူကလဲ အကွက်ဝင်တုန်း တီးတာလေ ဒီအတိုင်းဆို အော်တောင် မအော်ရဲဘူးလေ အဘွားကို ကြောက်ရလို့ ဟိဟိ အခုထက်ထိ မတတ်ဘူး ဆိုင်ကယ်တော် အသားကုန်ကျွမ်းတယ် မသေရံတမယ်ကို ကျွမ်းတာ ကံကောင်းလို့ မတူးတူးသာ ကလေးလေး အသက်ရှင်တယ် အစ်မ ဗိုက်ကြီးနဲ့ ချင်းမိုင်မှာ ဆိုင်ကယ်မှောက်တာ ခိခိ အစ်မ လာလို့ မကြောက်ရင် လိုက်စီးနော် ဘဘ တောင် လိုက်စီးရဲတယ်

Su said...

How about riding a bicycle?
3 miles is not short enough to walk but I think its ok to ride a bicycle.
And about that barefoot driving, some of my friends still doing that in ygn.
Sometimes I also drive barefoot, especially if I’m wearing a high heel
Its safer to drive barefoot then to drive with a stiletto :D

wai said...

အစ်မရေ
အစ်မကားမောင်းတာကိုဖတ်ပြီး ရယ်လိုက်ရတာ။ ထိုင်းမှာလည်း ကျွန်တော်က ကျောင်းဝင်းထဲမှာ မောင်းရင် မီးနီနေရင်တောင် ကိုယ့်ဘေးက ကားကိုကြည့်လိုက်သေးတာ။ ထိုင်းတွေတောင်ဖြတ်ရဲရင် ကိုယ်လည်း ဘုရင့်နောင်သွေးပဲ ဖြတ်တာပေါ့။ အမှန်ကတော့ ဘေးများတဲ့အပြင် စည်းကမ်းမရှိတာပေါ့နော်။ တက်ကသိုလ်ဝင်းထဲ ဆိုတော့ ကျောင်းသားတွေက မကြောက်ဘူးလေ။း)

rose said...

သြော် ကိုကြီးကျော်လည်း အကွက်ရတုန်း ဟောက်ထားအုံ့းမှ ဆိုပြီး အပီဟောက်ထားတာ အခုတော့ ကလောင်သွားနဲ့ ထိပြီး ၀ိုင်းပြော ကုန်ပြီ "ယောင်္ကျားယူထားတာ သူပဲမောင်းပေါ့တဲ့ "

ဖြစ်မှဖြစ်ရလေ ငါ့အစ်ကိုရယ် :D

တင်ဇာ said...

"၃မိနစ်ပဲ မောင်းရပေလို့ပဲ။ ချွေး ၃ ပိဿာလောက် ထွက်သွားတယ်။" ဆိုလို့ ဖတ်ပြီး ပြုံးသွားတယ် အစ်မချိုသင်းရေ။ :)

malay said...

Cho Thinn yayy...............

A mel lay.... After i read this post, i m very glad u and me are the same way. :)
till now i also can not drive well. Once my husband shouted and bite my head ( Na Yinn ). So i m so angry to him then i entirely don't try to drive. Now whenever, wherever i go, he has to drive. And i also not pass the DMV exam although old questions.
Anyway, i love ur post.

One day , i will try to drive with another person.
I also want to drive very well in SF.
Or we will wait and see other face when we go outside.

with love
ML

thorn musem said...

မမိုး...
ဖတ်ရင်းနဲ့ တောင် မောလာတယ်ဗျာ...
ကိုယ်ပါ ကားထဲမှာ ကံဆိုးပြီးဝင်ထိုင်မိသလိုဘဲ...
စာကလဲ ရေးတတ်ပ..။

သက်ဝေ said...

ချိုသင်းရဲ့  မျှမျှတတ ဦးစာပေးတတ်ပုံလေးကို သဘောကျလိုက်တာ...
ဒီမှာတော့ ကိုယ့်အလုပ်က ပိုဝေးတော့ ကိုယ့်ကိုယ်ဘဲ သူက ဦးစားပေးနေတယ်... ဘယ်လိုလုပ်ရပါ့...။
*** Comment တွေထဲမှာ ကိုယ်နဲ့ ဘ၀တူတွေ အများကြီးတွေ့ ရတာမို့  အရမ်းဝမ်းသာ အားတက်မိပါကြောင်း...။

Republic said...

ကားမောင်ကျွမ်းကျင်ပုံတွေ လာရောက်လေ့လာပါတယ် ခင်ဗျ၊၊

JulyDream said...

ကားမောင်းတဲ့ အတွေ့အကြုံလေးတွေကို ဖတ်ရှုလေ့လာသွားပါတယ်။ အခုချိန်ထိတော့ ကိုယ်ဘာသာကိုယ် ကားမမောင်းဖူးသေးဘူး။ အိမ်က အဖေက ပေးမမောင်းလို့ စက်ဘီးပဲ စီးခဲ့တယ်။

ဒူကဘာ said...

အင်း.....အဲဒီလိုပဲ ဆီအက်တယ်လ်မှာ ဒေါက်ဖိနပ် ချွတ်မောင်းတာ အက်ဆီဒင့် ဖြစ်တော့ ဘရိတ်အုတ်တာ ဖိနပ်က ဘရိတ်တံမှာ ထောက်ပြီး ကိစ္စများကြသေးတယ် ဗမာထဲကပါပဲ သတိထား..အသိနဲ့ယှဉ်ပေါ့ မမိုးချိုသင်း..ယာဉ်တိုက်မှုဆိုတာ ၂ဖက်လုံးနစ်နာကြရလို့ ပါပဲ။

tututha said...

ခုမှရောက်တော့တယ် အစ်မရာ။ အကြံဝင်ပေးလိုက်ဦးမယ် လမ်းပဲလျှောက်ပါ .. ဟီဟိ။