တချို့က ဖြေးဖြေးမှန်မှန် အသေအချာ စဉ်းစားပြီးတော့ ပြောတတ်တယ်။ တချို့ကတော့ အားတက်သရော မြန်မြန်ဆန်ဆန်။ တချို့ကတော့ တလျှောက်လုံး ငြိမ်နေပြီးမှ ပြောလိုက်တဲ့တလုံးကျတော့လဲ ပိဿာလေးနဲ့ နံဘေးပစ်သလို ပြောပြန်ရော။
အဲဒီလို ပြောတဲ့အခါမှာလဲ ကိုယ်စွဲနေတဲ့စကားလုံးကို စကားပြောနေရင်း ထပ်ခါထပ်ခါ သုံးတတ်တာ သတိထားမိတယ်။ အခုတလော ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာရော၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှာရော အဲဒါမျိုးလေးတွေကို ကိုယ် သတိထားမိနေတယ်။ အဲဒါကလဲ အထူးတလည် လုပ်ယူတာမဟုတ်ဘဲ ကိုယ့်ဖာသာကိုယ် သတိမထားလိုက်မိခင် ဖြစ်သွားတတ်တာမျိုး။ အကျင့်ဖြစ်နေတာ လို့ ပြောရမလား မသိဘူး။
ကိုယ့်အမျိုးသားရဲ့ သူငယ်ချင်း နယူးယောက်ခ်က အကိုတယောက်ကတော့ စကားပြောရင် အမြဲထည့် ပြောတတ်တာက “အေးလေ၊ အေးလေ” တဲ့။ ဒီကဖြင့် ဘာမှ မပြောရသေးဘူး။ သူက အေးလေ၊ အေးလေ နဲ့ ထောက်ခံနေပြီ။ သဘောကောင်းပုံများ ပြောပါတယ်။ သူများပြောရင် follow လိုက်ပေးတာ အကျင့်ပါနေတယ် ပြောရမှာပေါ့။
နောက်တယောက်ကတော့ စကားပြောရင် အမြဲ ထည့်ပြောတတ်တာက “ကိုယ်တကယ် အကောင်းပြောတာ” တဲ့။ သူကတော့ သူပြောမဲ့ စကားတခွန်းကို အလေးအနက် ဖြစ်စေချင်ပုံပါ။ ဒါပေမဲ့ သူ တခါမှ အတည် မပြောလေတော့ ဘယ်သူမှ မယုံကြလို့ ဒီတခါတော့ အတည်ပြောတာပါ လို့ ပြောချင်သလားမသိ။ ကိုယ်တကယ်အကောင်းပြောတာ လို့ စပြောရင် ပြုံးစိစိ ဖြစ်ရပြီ။ ချင့်ချိန်သာ ယုံပေတော့။ သူ ရွှီးတော့မယ်။
တချို့ကျတော့လဲ နိုင်ငံခြားရောက်နေလို့ ထင်ပါရဲ့၊ စကားပြောတာမှာ အင်္ဂလိပ်လို ထည့်ပြောတတ်တာပါ။ ကိုယ်ကတော့ အဲဒီလူနဲ့ စကားပြောရင် ရီချင်နေတတ်လို့ မနည်း အောင့်ထားရတာ။ သူက ဗမာလိုချည်း တောက်လျှောက် ပြောသွားပြီး နောက်ဆုံး အပိတ်လေးမှာ အင်္ဂလိပ်လိုလေး နဲ့ ပိတ်တတ်တာပါ။ you know what I mean တဲ့။
ကိုယ်လဲ အစကတော့ ကိုယ့်ကို ရှင်းပြနေတာမို့ အဲဒီလို ပြောတာ ထင်မိတယ်။ ဘယ့်နှယ် ဟုတ်ရမှာလဲ။ သူ့ဟာက အခွန်းတိုင်း ရှင်းပြတာ ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒါကြီးနဲ့ ပိတ်တော့တာ။
“ဒီကနေသွားရင် Garfield ရောက်တော့ ညာချိုးလိုက်၊ ဆိုင်လေးက အဲဒီနားမှာပဲ ရှိတယ်၊ you know what I mean?”
“ကျနော်လဲ အဲဒီ့ဆိုင်မှာပဲ အမြဲ ၀ယ်ဖြစ်တယ်။ သူက ဈေးလဲ သက်သာတယ်လေ။ you know what I mean”
နောက်တယောက်ကတော့ စကားအဆုံးမှာ မဟုတ်ဘူး၊ စကားအစမှာ ပြောတတ်တာပါ။ သူလဲ ဘိုလို တော့ခ်တာပါပဲ။ ဒါပေမဲ့ သူ့ဘိုစကားက သူများကို အလုပ်ပေးတဲ့ စကားပါ။ you remember တဲ့။
စကား စ မပြောနဲ့၊ ပြောတာနဲ့ you remember က စတယ်။ မေးခွန်းမေး အတော်ဝါသနာ ပါတာလား၊ မှတ်မိလားလို့ အဖော်စပ်တာလား မသိ။ သူ့မေးခွန်း မလာခင် စဉ်းစားရတာ ဦးနှောက်လဲ ပူပြီ။ ကြာတော့ မမှတ်မိဘူးဟေ့ လို့ အော်လိုက်ရတယ်။ ဘယ့်နှယ်၊ ပြော မပြောရသေးဘူး၊ ကိုယ်က ဘာမှတ်မိရမှာတုန်း။
နောက်တယောက်ကတော့ ပူးတွဲ အသုံးပြုတာပါ။ အင်္ဂလိပ်လိုရော ဗမာလိုရော ထည့်ပြောတာပါ။ နားထောင်နေတဲ့ ကိုယ် နားမလည်မှာ စိုးရှာပုံပါပဲ။ သူကျတော့ telling the truth တဲ့။
“Telling the truth အမ။ ကျမ တကယ် လိမ်မပြောဘူး။ အဲဒီအကျီ င်္လေးက ၁၅ကျပ်ပဲ ပေးရတာ” တဲ့..
“Telling the truth အမ။ ကျမ လိမ်မပြောဘူး။ သူက အဲဒီလိုကြီး မေးတာနော်” တဲ့.. အေးပါဟယ်၊ နင်လိမ်မပြောတာ ငါသိပါပြီ လို့..။
ကိုယ်ချစ်ခင်ရတဲ့ အမတယောက်ကတော့ ဆရာမလေ။ စာတွေ ရှင်းပြရလွန်းလို့လား၊ မိသားစုမှာ ဦးဆောင် အကြံထုတ်ရတဲ့သူမို့လား မသိ။ သူက စကားပြောရင် အနှစ်ချုပ် တတ်တယ်။ “အိသည်တော့ ” တဲ့..။
ပြောချင်တာက “အဲဒီတော့….” ပါ။ ဒါပေမဲ့ ကိုယ်တို့က အိသည်တော့ ပဲ ကြားတယ်။ ပထမတော့ နားထဲမှာ တမျိုးလေး၊ အဆန်းလေး ကြားလိုက်မိသလိုလို။ နောက်တော့ အဲဒီ အိသည်တော့…လေးကိုပဲ နားစွဲနေမိတော့တာလေ။
“အိသည်တော့၊ ပထမဆုံး ဟောလီးဝုဒ်ကို သွားမယ်၊ ပြီးမှ ဘိခ်ျကို ချီတက်ကြတာပေါ့၊ ဟုတ်ဖူးလား”
“အိသည်တော့၊ အမက ဟင်းချက်မယ်၊ ရှင်က ကြက်သွန်လှီး ပေး” တဲ့။
အမ အမျိုးသားကတော့ တမျိုးပါ။ ဘယ်လောက်များ သဘောတရားရေးတွေ စိတ်ထဲမှာရော အပြင်မှာပါ ဆွေးနွေး ငြင်းခုန်နေသလဲ မသိ။ သူအမြဲ ပြောတတ်တာက “သဘောတခုက…” တဲ့။ သဘောတရားရေးတွေ မဆွေးနွေးလဲ သူ့ သဘောတခုက ပါလာတာပါပဲ။ ဟုတ်ပါပြီ၊ သဘော ဘယ်နှစ်ခုများ ဖြစ်ချင်သေးလို့လဲ။
“သဘောတခုက ဒီလိုရှိတယ်လေ။ ကျနော်တို့ ပထမအဆင့်အနေနဲ့ ဒီလိုလေး သွားကြည့်မယ်၊ ပြီးတော့ ဟိုလို လုပ်ကြည့်တာပေါ့” တဲ့။
“သဘောတခုက ကျနော်တို့ ယောကျာင်္းလေးတွေက ကားတစီးနဲ့ သွားပြီး၊ ခင်ဗျားတို့ မိန်းကလေးတွေ က နောက်တစီးနဲ့ လိုက်ခဲ့ပေါ့” တဲ့..။
သူများတွေ အကြောင်းချည်း ပြောပြီး ကြိတ်ရီနေတယ် ဖြစ်မှာစိုးလို့ ကိုယ့်အကြောင်းလဲ ပြောပါအုံးမယ်လေ။ ကိုယ်က အခုလို စာရေးနေတဲ့အချိန်သာ မပါတာပါ၊ စကားပြောရင်တော့ အမြဲထည့်ပြောတတ်တာက “ဟို ဘာလဲ” တဲ့ (မရီပါနဲ့လေ..)
“ကိုယ်လဲ တယောက်တည်း (ဟို ဘာလဲ) အခုလို ရီစရာလေးတွေ ကြံဖန် ဟိုတွေး ဒီတွေး တွေးနေတော့ (ဟို ဘာလဲ) အနားမှာ အဖော်မရှိလဲ ပျင်းတော့ မပျင်းရဘူးပေါ့ ၊ ဟို ဘာလဲ ဘာလဲ ဘာပြောမလို့ပါလဲ….မေ့ကုန်ပါပြီလေ”