မရေးဖြစ်တာက ဘာရယ် မဟုတ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ရှုပ်နေတာမို့ပါ။ ကိုယ့်အမျိုးသားရဲ့ အမေ မာမား လဲ နေမကောင်းလို့ ဆေးကုရင်း၊ ကိုယ်တို့နဲ့ အတူနေဖို့ ရောက်နေတယ် ဆိုတော့ ဘလော့ဂ်ဖက်ကို မလှည့်နိုင်သေးဘူးဖြစ်နေတယ်။
မာမားကို စ တွေ့ဖူးတာ ကိုယ်တို့ ချစ်စ သူ့အိမ်ကို ထမင်းစားဖိတ် လိုက်သွားတုန်းကပါ။ အဲဒီတုန်းက ကြားရက် တရက်ဖြစ်နေတာမို့ မာမားက ကျောင်းကနေ နေ့တဝက်ခွင့်ယူပြီး အိမ်ပြန်လာတာ။ ကိုယ့်ကို တွေ့တွေ့ချင်း ပထမဆုံး ပြောတဲ့စကားက သမီးသွားလေးတွေက ညီနေတာပဲ တဲ့။ (မာမားသားက သွားတက်တွေနဲ့မို့လေ)။ ကိုယ်တို့စားဖို့ လိမ်မော်သီးတွေလဲ ဝယ်လာတာ မှတ်မိသေးတယ်။
နောက်တော့ ယဉ်ကျေးသိမ်မွေ့တဲ့ သူ့အဖေနဲ့ အမေကို ကိုယ်တင်မက ကိုယ့်ရဲ့ အမတွေပါ တမိသားစုလုံး ချစ်ခင်ကြတာပါပဲ။ မာမားက သပ်သပ်ရပ်ရပ် လှလှပပ နေတတ်တယ်။ အိမ်ကနေ လမ်းထိပ်လေးထွက်ရင်တောင် အဝတ်အစားလေး လဲပြီးမှ သပ်သပ်ရပ်ရပ် ထွက်တတ်တယ်။ ကိုယ့်လို ဆံပင်စုတ်ဖွား ထမိန် တစောင်းနဲ့ လမ်းထွက်တာ မဟုတ်ဘူး။
အဲဒါကြောင့် အိမ်က ကောင်မလေးတွေက ပြောကြတယ်။ မမ (သူ့အမ) နဲ့ ကိုယ်တို့ သမီးယောင်းမ နှစ်ယောက်ပေါင်း ပြင်ရင်တောင် မားမားသပ်ရပ်တာ ခြေဖျား မမီဘူး ဆိုပဲ။ မမကမှ သပ်ရပ်ပါသေးတယ်။ ကိုယ်ကတော့ မနက်မိုးလင်းလာရင် ဆံပင်စုတ်ဖွားနဲ့ နေတာပါ။ အကျီ င်္ဆိုလဲ ဝတ်ရလွယ်ရင်၊ ချောင်ချိ အဆင်ပြေနေရင် ကောက်စွပ်လိုက်တာပါပဲ။
နေပုံ ထိုင်ပုံ ဝတ်ပုံ စားပုံ အတော် ကွဲလွဲပေမဲ့ ကိုယ်တို့ နှစ်ယောက် ရန်ကုန်မှာ တတွဲတွဲပဲ။ လှစ်ကနဲ ဆို နှစ်ယောက်သား ထွက်သွားကြပြီ။ ကိုယ်ကားမောင်းတတ်တာလဲ မာမားကြောင့် ပါပဲ။ ကားကလဲ မောင်းတာသာ သင်ထားတာ သွားရဲ မောင်းရဲဖို့ကလဲ လိုသေးတာမို့ မောင်းစမှာ ဘေးက လိုက်တဲ့ အဖော်က အရေးကြီးပါတယ်။
ဟာ..တိုက်တော့မယ်၊ ဘယ်လိုမောင်းနေတာလဲ။ ဘေးလိုင်းကို ကျော်ပြီး ဘေးကကားနဲ့ ဂျိမ်းတော့မယ်..အဲဒီလို ပြောနေရင်တော့ ကားမောင်းတဲ့လူက ရှေ့က သစ်ပင် ဝင်တိုက်လိုက်ရုံပဲ ရှိတော့မယ်။ မာမားကတော့ ကိုယ် စ မောင်းမယ်ဆိုတော့ ပြောပါတယ်။ သမီးရေ သွားချင်တဲ့နေရာသာ သွားပေတော့ မာမား ဘေးက အဖော်လိုက်မယ် တဲ့။
ဒါနဲ့ ဘေးခုံမှာ လက်ရန်းကို မြဲမြဲကိုင်ပြီး သတိအနေအထားနဲ့ ကိုယ်ကို မတ်မတ်ထားပြီး လိုက်ပါတော့တယ်။ တခုခု တိုက်မိရင် သက်သာအောင် လက်ရန်းကို ဆုပ်ကိုင်ထားရ ရှာတာပါ။ ကိုယ်စိတ်များမှာစိုးလို့ စကားလဲ မပြောပါဘူး။ ရှေ့ကို တည့်တည့်ကြည့်ပြီး တောင့်တောင့်ကြီး ဘေးကနေ လိုက်နေတာ။ ကိုယ်တို့နှစ်ယောက်လဲ ဒီစတိုင်နဲ့ ကားမောင်းကျင့်ခဲ့ကြတယ်။
တခါကတော့ ရန်ကင်းစင်တာ အသွား တက္ကသိုလ်ရိပ်သာလမ်းမကြီးမှာပေါ့။ ရှေ့မှာ မီးပွိုင့်။ မီးက နီနေတော့ ကိုယ်က အရှိန်လျှော့ပြီး ကားရပ်ရမယ်။ လမ်းကလဲ ရှင်းနေတယ်။ အဲဒီအချိန်က လမ်းဘေးက ပုလိပ် ထွက်လာပြီး ကားကို လက်ပြပြီး သွားခိုင်းတယ်။ ကိုယ်လဲ ပထမတော့ အံ့သြသွားတယ်။ မီးနီနေပေမဲ့ ကားရှင်းနေလို့ သွားခိုင်းတာလားတော့ မသိဘူး။
ဒါနဲ့ ကိုယ်လဲ ဝမ်းသာအားရ ဖြစ်ပြီး ကားကိုရပ်၊ နည်းနည်း နောက်ပြန် ဆုတ်ပြီးမှ အရှိန် နဲ့ မီးနီကို ဖြတ်ပစ်လိုက်တာ။ ကာတွန်းကားတွေထဲကလိုပေါ့။ ကားကို နောက်ပြန်ဆုတ်ပြီးမှ အရှိန်နဲ့ ထွက်သလိုပေါ့။ ကာတွန်းထဲမှာသာဆို ဘီးနောက်မှာ ဖုံလုံးပုံလေးတွေပါ ထည့်ဆွဲလိုက်မှာ။ ပုလိပ်ကြီးက ဘယ့်နှယ်ဟာကြီးပါလိမ့်ဆိုပြီး အံ့သြလို့။ ကိုယ်တို့နှစ်ယောက်ကတော့ မီးနီဖြတ်တာ ပြုံးပြုံးကြီး။
နောက်တခါကတော့ အိမ်ကိုအပြန် ပါရမီလမ်းပေါ်မှာပါ။ ကိုယ်တို့နှစ်ယောက် အေးအေးဆေးဆေး ကားမောင်းလာကြတုန်း နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ မော်တော်ပီကယ် ပုလိပ်တွေ တွေ့တယ်။ ဒါနဲ့ ကိုယ်ကတောင် ရယ်ရယ်မောမော ပြောလိုက်သေးတယ်။ မာမားရေ ချိုသင်းတို့က အစောင့်အရှောက်တွေနဲ့ ကားမောင်းနေတာ လို့။ မာမားက ပြောသေးတယ်။ မီးတွေတော့ ပြနေတယ်၊ မောင်းခိုင်းနေတာ ထင်တယ် တဲ့။
မကြာပါဘူး။ မောင်းရင်းတန်းလန်း ကားဘေးကို ပုလိပ်က ဖြတ်သွားပြီး “ရပ် ဆိုတာ နားမလည်ဘူးလား၊ လမ်းကြောင်းလာနေတာကွ” ဆိုပြီး အော်သွားတယ်။ အဲဒီတော့မှ ကိုယ်တို့ကို ရပ်ခိုင်းနေတယ်ဆိုတာ သိတာ။ ကိုယ်တို့က ခပ်တည်တည်နဲ့ ဘိုးအေကြီး ကားရှေ့က မောင်းနေတာ။
အခု မာမားဒီရောက်လာတော့ ကိုယ်လဲ မာမားနဲ့ လျှောက်သွားပြီး ကားမောင်းပြန်ကျင့်ရတော့ မယ်ဆိုပြီး ဝမ်းတွေသာလို့။ ဒီလိုပြောတော့ ကိုယ့်အမျိုးသားက မျက်နှာသိပ်မကောင်းဘူး။ နှစ်ယောက်သား သူများနိုင်ငံမှာ တလွဲတွေ လုပ်ရင် ရှင်းရခက်မှာ ရင်လေးနေပုံပဲ။ “မားမားက လူများတဲ့နေရာ ဆရာဝန်က မသွားခိုင်းသေးဘူးနော်၊ နားရအုံးမယ်” လို့ ကိုယ်ကြားအောင် တတွတ်တွတ် ပြောနေပါတယ်။
ဒီနေ့တော့ မာမားနဲ့အတူ သဒ္ဓါဆွမ်းကပ်မယ်ဆိုပြီး အိမ်နားက ဘုန်းဘုန်းကို ဆွမ်းစား ပင့်ပါတယ်။ မမကလဲ စင်ကာပူက သင်္ကန်းတွေ ဝယ်ပေးလိုက်လို့ ကပ်မယ်ပေါ့။ နောက်ပြီး ဒီတခါ ကိုယ်ချည်း ချက်မယ်လို့ စိတ်ကူးထားတာမို့ အပြင်လူတွေ အားနာလို့ မဖိတ်ဖြစ်တော့ဘူး။ သူငယ်ချင်း လူလွတ်နှစ်ယောက်ကတော့ အစားအသောက် အသံကြားလို့ ပြေးလာတာနဲ့ လက်ခံလိုက်ရတယ်။ ရှိစေတော့။
ကိုယ်က ဟင်းချက်တော့မယ် ဆိုရင် ကိုယ် ပိုင်နိုင်တဲ့ ဝက်သားချည်း ဆွဲဆွဲထုတ်လာတာမို့ အဲဒီသူငယ်ချင်းက ဖုန်းနဲ့တမျိုး၊ အီးမေးလ်နဲ့ တဖုံ ဝက်သားမချက်ဖို့ နားချတယ်။ တော်လောက်ပါပြီ၊ များပြီပေါ့။ အမယ်တွေလဲ များတော့ တယောက်တည်း ချက်မှာ ပင်ပန်းပါတယ် ပေါ့။ ဒီတခေါက် ဝက်သားလေးတော့ ချန်ခဲ့လိုက်ပါ ပေါ့။ ကိုယ်ကလဲ ဒီတခါ တယောက်တည်း ကြဲမှာမို့ ဝက်သားလေးချက်ပြီး sign လေးတော့ ထိုးလိုက်ချင်တာ။ ဒါနဲ့ ဘယ်လောက်ပင် တားသော်ငြားလည်း ချက်မိပြန်တယ်။
အချိန်ကျတော့ ဘုန်းဘုန်းကြွလာတယ်။ ဘုန်းဘုန်းကလဲ ကိုယ်ချက်မယ်ဆိုတာ ကြိုသိထားပေမဲ့လည်း ဒီတခါ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ မပြုံးရွှင်လို့လဲ မဖြစ်ဘူးလေ။ ကိုယ်က အရင်တခါ ကိုယ့်လက်ရာ ဆိုတဲ့ ပို့စ်မှာ ကိုယ့်ချက်တာ ဘုန်းရမှာမို့ မျက်နှာမကောင်းဘူး ထည့်ရေးထားတာ ဖတ်မိထားတာကိုး။ ပြုံးပင်ပြုံးသော်ငြားလည်း သိပ်တော့ အသက်မဝင်ဘူးပေါ့လေ။
ဒါနဲ့ ဆွမ်းကပ်ချိန်ကျတော့ ဘုန်းဘုန်းက ဟင်းပွဲတွေ ကြည့်ပြီး သက်ပြင်း ခိုးချတယ်။ ကိုယ်ကလဲ တခြားနေရာမှာ ထုံချင်သလိုလို ရှိပေမဲ့ ဒီနေရာမှာတော့ ရိပ်မိပါတယ်။
ဘုန်းဘုန်းကိုလည်း “ကြည့်ပါအုံး ဘုရား၊ တပည့်တော်ချက်ထားတာ အဆင်ပြေရဲ့လားဘုရာ့” လို့ ဘေးကနေ မေးနေတာ။ ဘုန်းဘုန်းကလဲ ဒီတခါ ဘလော့ဂ်ထဲ ထည့်ရေးမှာစိုးလို့ ကောင်းပါတယ် အကုန်ကောင်း လို့ ပီပီသသကြီး ပြောတယ်။ ဒါနဲ့ မာမားနဲ့အတူ အားလုံး စားပွဲကိုင်ပြီး ဆွမ်းကပ်တာကို ဘုန်းဘုန်းချပေးတာ လိုက်ဆိုကြရတယ်။
ဆိုတုန်းခဏ ဟာကနဲ ကိုယ့်မျက်စိတောင် ပျာသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကိုယ်ချက်ထားတဲ့ဟင်းတွေကို လိုက်ရေတွက်ရင်း တခုခု လိုနေတယ် ထင်နေမိတာ။ ဟာ..my favorite pork! …… ဆွမ်းကပ်တဲ့အထဲမှာ ဝက်သားဟင်း မပါဘူး ဖြစ်နေတာကိုး။ တကယ်က ဘုန်းဘုန်းကြွတော့ လောလော လောလောနဲ့ ဝက်သားဟင်းကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်နွှေးနေတာ ထုတ်ဖို့ မေ့သွားကြတာ တဲ့။
ကိုယ်လဲ နောင်အခါ ဆွမ်းကပ်ရင်တော့ ဆိုင်မှာပဲ သွားကပ်ရမလားလို့ အားငယ်ငယ်နဲ့ တွေးနေမိပါကြောင်း။ ။