အဲဒါကတော့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်လေးတခုခုအပေါ်မှာ ပြန်ကြည်နူးပြီး တွေးတတ်တာပါပဲ။ ဒီလို အဖြစ်မျိုးကလဲ ကိုယ့်မှာတော့ များများစားစား မရှိပါဘူး။ ရှိတာ နည်းနည်းလေးပေမဲ့ ပြန်တွေးတိုင်း ကြည်နူးရတာကတော့ လျော့ မသွားဘူး။
ပီတိ ဖြစ်ရတယ် ဆိုတာ ဒါမျိုးလား မသိ။ အဲဒီလို အဖြစ်အပျက်လေးတွေလဲ တမင် တိုက်ဆိုင် ကြုံကြိုက်အောင် လုပ်ယူတာလဲ မဟုတ်။ သူတို့ကိုယ်တိုင်တောင် သတိထားမိချင်မှ ထားမိမဲ့ အဖြစ်လေးတွေပါ။ ဒါပေမဲ့ ကိုယ့်အဖို့မှာတော့ ပြန်တွေးတိုင်း စိတ်ချမ်းသာပြီး အင်အားတွေ ရလာသလိုပဲလေ။ အဲဒါဆို အားငယ်ဝမ်းနည်းတဲ့ စိတ်တွေ သက်သာပြီး ငါ့ဘ၀မှာ ဒီလို အဖြစ်အပျက်လေးတွေ ကြုံနိုင်သေးတယ်လို့ အားတင်းမိတာပါပဲ။
အဲဒီလို ကိုယ် ကြည်နူးချမ်းမြေ့ခဲ့တာလေးတွေကို စာလာဖတ်တဲ့ မိတ်ဆွေတွေကို မျှချင်လို့ ရေးလိုက်ပါတယ်။ လူတိုင်းလူတိုင်းမှာ ဒီလို အဖြစ်မျိုးလေးတွေ ရှိကြမှာပါပဲ။ ပြန်တွေးဖို့ မေ့နေရင် ကိုယ်ကြုံခဲ့တာလေး ပြန်တွေးဖြစ်သွားရင်ကို အနည်းဆုံး တဒင်္ဂတော့ စိတ်ချမ်းသာ သွားမှာပါပဲ။
ကိုယ် အဖြစ်အပျက်လေးတွေက ဒီလိုပါ။ ဘာမှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီး မဟုတ်ဘူးလေ။
ကိုယ် Dim Sum ကို ပထမဆုံး စားဖူးတာ မြန်မာပြည်က Oriental House မှာပါ။ Dim Sum ကိုတော့ လူတိုင်း သိကြမှာပဲ။ တရုတ်ရိုးရာ အစားအစာ လို့ ပြောရမယ်ထင်တယ်။ ကိုယ်အကြိုက်ဆုံး မနက်စာတွေထဲက တခုပေါ့။ ပထမဆုံး စားဖူးတဲ့အချိန်က ကိုယ့်မှာ ကြိုက်လိုက်တာ။ နဂိုကမှ အစားအသောက် မက်ရတဲ့အထဲ အသားလေးတွေ ပေါင်းထား၊ ထုပ်ထား တာဆိုတော့ သဘောကျလိုက်တာ။
အဲဒီအချိန်တုန်းက စားရင်းနဲ့ စဉ်းစားမိတာက ကိုယ်ချစ်ခင်တဲ့ လူကြီးတွေကို ကျွေးချင်တာပါ။ မနက်ခင်းမှာ ရေနွေးလေးသောက်၊ Dim Sum လေး စားရရင် လူကြီးတွေ အဖို့ စားရတာ မာလဲ မမာတော့ ၀ါးရတာ အဆင်ပြေမယ်ပေါ့။ အရသာလဲ ရှိတယ်။ လိုသလောက်လဲ ကိုယ်တနိုင် မှာယူ စားရုံပဲ ဆိုတော့ ပိုတာ ကျန်တာလဲ မဖြစ်ဘူးပေါ့။
ဒါနဲ့ ကိုယ် ချစ်ခင်တဲ့ လူကြီးသူမတွေကို ဆိုင်ကို ခေါ်သွားပြီး ကျွေးခဲ့ပါတယ်။ တကူးတက သွားခေါ်ပြီး သူတို့စားချင်တာလေးတွေ စိတ်တိုင်းကျ ရွေးပြီး မှာပြီး ကျွေးခဲ့တာပါ။ အဲဒီတုန်းက ကိုယ့်မှာ အမေလဲ မရှိတော့၊ အဖေလဲ အဝေးရောက်နေတာမို့ သူတို့ကို ရည်မှန်းပြီး ကျွေးတာမို့ စိတ်ချမ်းသာလိုက်တာ အလွန်ပါပဲ။
ဈေးလဲ မများပါဘူး။ အလှူကြီးလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ စားရတဲ့ လူကြီးတွေတော့ မသိ၊ ကျွေးရတဲ့ ကိုယ့်အဖို့မှာတော့ ကျေနပ်ကြည်နူးရတာ ပြန်တွေးတိုင်းပါပဲ။ ကိုယ်တို့ ချစ်ခင်တဲ့ ဦးလေးကြီး တယောက်ဆိုရင် မမေ့နိုင်တဲ့ စား ပွဲလေး တခုပါပဲ လို့ ပီတိနဲ့ တဖွဖွ ပြောနေတာ။ ကိုယ်တို့ကလဲ သဒ္ဓါတရားအပြည့်နဲ့ ကြည်ကြည်နူးနူး ကျွေးတော့ ရောင်ပြန်ဟပ်သွားတယ် ထင်ပါရဲ့လေ။
နောက် အဖြစ်အပျက်တခုကတော့ အဖေနဲ့ ပတ်သက်တာပါ။ အဖေက ဘာသိဘာသာ သမား ဆိုတာ အဖေ့ကို သိတဲ့လူတွေ ကောင်းကောင်းသိမှာပါပဲ။ အပေါ်ယံ အလှအပတွေကို လုံးဝ ဂရုမထားတဲ့သူပဲ။ နေမိနေရာ ငေးမိငေးရာ နေတတ်သူမျိုးပဲ။ သူ့မှာ မိတ်ဆွေရယ်၊ ဖတ်စရာ ရေးစရာ စာအုပ်ရယ်၊ ဆေးလိပ်ရယ် ရှိရင် တော်ပြီ ဆိုတာမျိုးပေါ့။
သူ လျှောက်သွားသမျှ၊ သူနေသမျှ မိတ်ဆွေတွေ၊ သားသမီးအရင်းလို တပည့်တွေက ဆင်ပေး၊ လဲပေး ကြတာပါပဲ။ ဒါကြောင့် အဖေ့မှာ ၀မ်းမနာ သားသမီးတွေ များလှတယ်။ ၀တ်ပေးရင်လဲ ၀တ်လိုက်တာပဲ။ ဘာရယ်လို့ မရှိဘူး။ ဒီအတိုင်းထားလဲ ဒီအတိုင်းပဲ နေတာပဲ။ အဲဒီလိုမျိုးပေါ့။
တခါကတော့ ဆောင်းရာသီ တရက်မှာပေါ့။ အဖေက အေးလို့ တဲ့။ ရေမချိုးချင်ဘူး။ ရေနွေးနဲ့တောင် မချိုးချင်ဘူး။ ပျင်းတာလဲ ပါတယ်။ ဒါတွေက အပိုအလုပ်တွေပါ သမီးရယ် လို့ ပြောနေတာပါ။ ကိုယ့်မလဲ အဖေ့ကို ချော့ရတာပေါ့။ တကိုယ်ရည်သန့်ရှင်းတာ အပိုအလုပ် မဟုတ်ပါဘူး အဖေရယ်ပေါ့။ ရေချိုးပြီး အကျီ င်္လေး လဲလိုက်ရင် နွေးနွေးထွေးထွေးနဲ့မို့ အဖေ နေလို့ သိပ်ကောင်းမှာပဲ ပေါ့။
အဖေက အကျီ င်္ချွတ်လိုက်ရင် အေးသွားမှာကိုတောင် ကြောက်နေတော့ တော်တော် ပြောယူရတယ်။ ဒါနဲ့ကိုယ်က အဖေ့ကို ရေနွေးနဲ့ ကိုယ်ပတ်တိုက်ပေးမယ်လေ၊ ဘယ်လောက်မှ မကြာစေရပါဘူး လို့ ပြောရတယ်။ နောက်ဆုံး ညည်းညည်းညူညူနဲ့ လက်ခံပါတော့တယ်။
ဒါနဲ့ မျက်နှာသုတ်ပုဝါ အသေးလေးတခုကိုယူ၊ ရေနွေးလေး ဆွတ်ပြီး အဖေ့ကို တကိုယ်လုံး ကိုယ်ပတ်တိုက်ပေးတာပါ။ ခေါင်းကနေ ခြေအဆုံး၊ အကြိုအကြား မကျန် သန့်ရှင်းသွားအောင် အသေအချာ ပွတ်တိုက်ပစ်လိုက်တာပါ။ ရေနွေးလေးနဲ့ဆိုတော့ နွေးနေတာပေါ့။ အဲဒီလို ကိုယ်လုပ်ပေးနေတုန်း အဖေက ကိုယ့်ကို ပြောပါတယ်။
သမီးလုပ်ပေးတာ ကိုယ့်ဖာသာကိုယ် ရေချိုးတာထက်တောင် စင်သေးတယ် တဲ့။ ကောင်းလိုက်တာ၊ လန်းသွားတာပဲ တဲ့။ ဒါနဲ့ သာဓုခေါ်ပြီး ဆုတွေ ပေးနေတာ အကြာကြီးပဲ။ ကိုယ်လဲ လုပ်နေရင်းနဲ့ ကြည်နူးလွန်းလို့ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ် ဖြစ်နေတယ်။ အဖေ့ ပီတိတွေ ကိုယ့်ဆီ လာကူးစက်တယ် ထင်ပါရဲ့။ အဲဒီအဖြစ်လေးကိုလဲ ကိုယ် ဘယ်တော့မှ မမေ့နိုင်တော့ဘူးလေ။
နောက် အဖြစ်အပျက်တခုကတော့ ကိုယ် မလေးရှား Johor Bahru မှာ နေတုန်းကပါ။ အဲဒီတုန်းက ကိုယ်တို့က ရန်ကုန် ပြန်တော့မှာ။ နောက် ၂ပတ်လောက်ဆို ပစ္စည်းတွေ သိမ်းပြီး ပြန်တော့မယ်လေ။ တနေ့တော့ ကိုယ်တို့ နှစ်ယောက် အပြင်က ပြန်လာတော့ ကိုယ်တို့နေတဲ့ တိုက်အောက်က ဓာတ်လှေကားနားမှာ စားကြွင်း စားကျန်လေးတွေ ရှာစားနေတဲ့ ကြောင်လေး တကောင် တွေ့တယ်။
ကြောင်လေးက ၄-၅လ သားလောက်ပဲ ရှိပါအုံးမယ်။ ကိုယ်သိပ်လိုချင်တဲ့ အရောင်၊ ကြောင် အ၀ါကြား လေးပေါ့။ ချောလိုက်တာ ကျားပေါက်စ လေးလိုပဲ။ ကိုယ့်တသက် တွေ့ဖူးသမျှ ကြောင်တွေထဲမှာ ဒီကြောင်လေး လှတာကို ဘယ်ကြောင်မှ မမီသေးဘူး။ ဒါနဲ့ ကိုယ်လဲ တိတ်တိတ်လေး နောက်ကနေ ဖမ်းလိုက်ပြီး ကိုယ်တို့နေတဲ့ ၄ထပ်ကို ပွေ့ခေါ်လာခဲ့တယ်။
ကြောင်လေးကလဲ မရုန်းဘူး။ သူ့မျက်လုံးလေးက သောက်ရှူးကြယ် လေးတွေလိုပဲ။ ပြာစင်ပြီး အရောင်တောက်နေတာ။ ဒါနဲ့ နှစ်ယောက်သား မွေးမယ် လို့ ဆုံးဖြတ်လိုက်တယ်။ နို့တွေ၊ ကြောင်စာဗူးတွေ ပြေးဝယ်၊ ကျွေးပေါ့။ ချစ်လွန်းလို့ အရိပ်တကြည့်ကြည့်နေတယ်။ ဒါပေမဲ့ စားပြီးသောက်ပြီးတော့ ကြောင်လေးက သူ့အမေကို သတိရလို့ ထင်ပါရဲ့။ မှိုင်သွားလိုက်တာ။
တရက်ပြီး တရက် ဘာမှလဲ မစားတော့ဘူး။ နုံးပြီး အိပ်ပဲ အိပ်နေတယ်။ ကိုယ်တို့ကလဲ မြန်မာပြည် ခေါ်သွားဖို့တောင် ဆုံးဖြတ်ထားပြီဆိုတော့ တိရိစ္ဆာန်သယ်ရင် လေယာဉ်ခ ဘယ်လို ပေးရလဲတွေ စုံစမ်းနေပြီ။ ကြောင်လေးကတော့ ငယ်လွန်းတော့ အမေကို သတိရနေတယ် ထင်ပါရဲ့။ အသံလဲ မျှင်းမျှင်းလေးပဲ ထွက်တယ်။ ကျောလေးဆန့်ပြီး တချိန်လုံး လှဲနေတော့တယ်။
တညတော့ ကိုယ်တို့နှစ်ယောက် တိုက်အောက်က ရေကန်လေးဘေးမှာ ထိုင်ပြီး စကားပြောနေတုန်း လသာသာမှာ ရေကူးကန်က လျှံနေတဲ့ ရေတွေကို ကြောင်တကောင်က လာလျက် သောက်နေတာကိုး။ ဒါနဲ့ ကိုယ်က အိမ်က ကြောင်လေးရဲ့ အမေ ထင်ပြီး နောက်ကနေ တိတ်တိတ်လေး သွားပြီး ဗိုက်ကို စမ်းလိုက်တယ်။
ဗိုက် မှာလဲ ကလေးတွေ နို့တိုက်ထားပုံပဲ၊ သားသည်အမေပေါ့။ ဒါဆို သေချာပြီ။ ဒါနဲ့ အသာလေး ပွေ့လိုက်တော့ အလိုက်သင့် လိုက်လာတယ်။ ကြောင်အမေကြီး တကိုယ်လုံး နံ လို့။ အမှိုက်ပုံများ ဖွထားသလား မသိ။ ဒါနဲ့ အပေါ်ထပ်ကို ခေါ်ခဲ့ပြီး ကိုယ်တို့ အခန်းတံခါးကို ဖွင့်လိုက်ရင်ပဲ အိမ်မှာကျန်နေတဲ့ ကြောင်လေးက လှဲနေရာက ချက်ချင်း ကုန်းထ ပြီး သူ့အမေကို ညောင် ညောင် နဲ့ စကားတွေ ပြောလိုက်တာ တခန်းလုံး ဆူညံသွားတော့တာပဲ။
သူ့အမေကလဲ ဒီကောင် ပျောက်နေတာ ဒီရောက်နေပါလား ဆိုပြီး အံ့သြနေပုံပဲ။ စကားတွေ ပြန်ပြော၊ လျှာနဲ့ လျက်ပေးတယ်။ နို့တိုက်တယ်။ ကိုယ်တို့ကျွေးထားတဲ့ နို့တွေ စားစရာတွေ အကုန်လုံးကိုတော့ အမေကြီးက အကုန် စားပစ်လိုက်ရော။ ဘယ်လောက် ငတ်နေတယ် မသိ၊ ထပ်ကျွေးလဲ ထပ်ကုန်တာပဲ။
ခုနက အစားမစားနိုင် မသောက်နိုင် တမှိုင်မှိုင် ဖြစ်နေတဲ့ ကြောင်လေးလဲ တက်ကြွ မြူးထူး လို့။ ဒါနဲ့ ကိုယ်တို့ နှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ကြရတာပေါ့။ နောက်တော့ ဆုံးဖြတ်ချက် ချ လိုက်ပြီး သူတို့ နှစ်ကောင်စလုံးကို ပွေ့ချီပြီး အောက်ထပ်ကို လိုက်ပို့ ပေးလိုက်ပါတယ်။
အစာလဲ ၀ပြီ၊ အမေနဲ့သားလဲ ပြန်တွေ့ပြီ ဆိုတော့ ကျေနပ်ပြီး နှစ်ကောင်သား တညောင်ညောင် နဲ့ စကားတပြောပြော လျှောက်သွားကြတာ လရောင်အောက်မှာ အမြီးလေးတွေ ထောင်လို့။ အမြီးအကြီးကြီး တခု နဲ့ အမြီးသေးသေးလေး တခု။ ကိုယ်လိုချင်တာ မရလိုက်ပေမဲ့ စိတ်ချမ်းသာပြီး ကျန်ခဲ့တာ ကိုယ်တို့ဘ၀မှာ ဒါ ပထမဆုံး ပါပဲ။
ကိုယ်က ကိုယ့်အမျိုးသားကို မှာခဲ့တယ်။
တကယ်လို့ ရုတ်တရက် မဟုတ်ဘဲ ကိုယ်သေရမယ်ဆိုရင် ကိုယ့် နောက်ဆုံးအချိန်မှာ တရားခွေတွေလဲ မဖွင့်ပါနဲ့တော့လို့။ ကိုယ့်ဘ၀မှာ ကိုယ်လုပ်ခဲ့တာလေးတွေအပေါ် ကြည်နူးမိတာလေးတွေသာ ကိုယ့်ကို ပြောပြပေးပါလို့။ ဒါဆို ဘာအလှူကြီးကြီးမှ မလုပ်နိုင်တဲ့ ကိုယ့်အဖို့ ဘ၀ကူးချိန်မှာ အနည်းဆုံး စိတ်လေးတော့ နည်းနည်း အေးချမ်းသွားမယ်လို့ ထင်မိလို့ပါလေ။
မိုးချိုသင်း
(ဒီပို့စ်လေးကို အခု ခရီးထွက်နေတဲ့ ကိုကျော်ဝဏ္ဏ အတွက် ရေးပါတယ်။ လေယာဉ်နားချိန်မှာ ချိုသင်း ပို့စ်လေး ဖတ်ရရင် ကောင်းမှာပဲ လို့ ပြောတဲ့အတွက်ပါ။)