ကေ တို့ ကိုအောင်သာငယ် တို့က ဘူမိ ကွင်းဆင်းတဲ့ အကြောင်းတွေ ရေးကြတော့ ကိုယ်ကလဲ စိတ်ကူးထဲမှာ လိပ်ပြာလေး နိုးနေချိန် မိပလဲ ရေးခိုင်းရော ဒိုင်သူကြီး ၀ီစီမှုတ်မယ်ကြံတုန်း ပြေးထွက်သွားတဲ့ ကစားသမားလို ဖြစ်နေတယ်။ ၀ီစီက မှုတ်မယ် လုပ်တုန်း ကိုယ်က ကွင်းတ၀က်လောက် ရောက်နေပါပေါ့။
ကိုယ့်ဘ၀မှာ လွတ်လွတ်လပ်လပ်နဲ့ အပျော်ရွှင်ဆုံး အချိန်တွေဆိုတာ တက္ကသိုလ် ကျောင်းတော်ကြီး တက်ရတဲ့ အချိန်တွေ ဖြစ်မယ်။ ဒါတောင် ကိုယ်တို့က နှစ်ပြည့် တက်ကြရတာ မဟုတ်ဘူး။ ၈၈မှာ ပထမနှစ်ဆိုတော့ ကျောင်းတွေက ပိတ်လိုက် ဖွင့်လိုက်မို့ ထုံ့ပိုင်း ထုံ့ပိုင်း နဲ့ ကျောင်းတက်ခဲ့ရတာ။ ကျောင်းပြီးတော့ ၉၄မှာ။
နှစ်တွေ ကြာပေမဲ့ တက်ရတဲ့အချိန်ကတော့ နည်းပါတယ်။ တက္ကသိုလ်တွေ စာသင်ကျောင်းတွေကို သူပုန်ကျောင်းတွေလို့ အစိုးရက ထင်နေတဲ့ကာလတွေမို့ ခေတ်ကြီးနဲ့အတူ ဆန်ခဲ့ရတယ်။ ဒီလောက် အချိန်တိုတိုလေးသာ တက်လိုက်ရပေမဲ့ ကျောင်းကြီးအပေါ်မှာ ဘူမိဌာနအပေါ်မှာ သံယောဇဉ်ကတော့ ထုနဲ့ ထည်နဲ့ ကြီးမားခဲ့ပါတယ်။
ကျောင်းသူ ကျောင်းသားဘ၀ဆိုတာ အပျော်ဆုံး၊ အလွတ်လပ်ဆုံး အချိန်တွေပဲ မဟုတ်လား။ ကိုယ်ပျော်မယ်ထင်တာတွေ လုပ်လိုက်ကြ၊ မှားမှားမှန်မှန် ဒီအချိန်မှာ ဘာမှ အရေးမကြီးသလိုပဲ။ သူငယ်ချင်းတွေ တအုပ်ကြီးနဲ့ သွားလိုက် လာလိုက်ကြ။ ကျောင်းတံခါးပိတ်တောင် အိမ်မပြန်ချင်ကြဘူးလေ။
ဒါကြောင့်မို့ ကျောင်းမှာ အားကစားပွဲတွေ လုပ်ရင် တခြားမေဂျာတွေက ပြောကြတာ ဘူမိက တောကျီးကန်း တွေတဲ့။ တယောက်ကို ထိရင် အကုန် ၀ိုင်းအာ တတ်ကြလို့ လူအမြင်ကတ်လဲ အုပ်စုလိုက် ခံရတတ်တယ်။
ဒီအထဲမှာ စာသင်တော့လဲ စာသင်ခန်းတင် မဟုတ်၊ တောထဲတောင်ထဲ Field ဆင်းရ၊ ကျောက်ထုရင်း စာသင်ရပြန်တာမို့ အပိုဆု ရသလိုတောင် ထင်မိတယ်။ အဲဒီအပြင် ပင်ပန်းဆင်းရဲတော့လဲ အတူ၊ ငတ်အတူ ပြတ်အတူ (အိမ်က ပါလာတဲ့ ပိုက်ဆံတွေ ပြတ်လပ်ကုန်လို့) နေခဲ့ကြတာဆိုတော့ တယောက်နဲ့ တယောက်လဲ ပိုပြီး ခင်မင်မိကြတယ်။
ကိုယ်တို့ မေဂျာက မိန်းကလေး နည်းတယ်။ ဒီမေဂျာရဖို့ မိုင် ၂၀ လမ်းလျှောက်ပြီးမှ ၀င်ခွင့်ရခဲ့တာဆိုတော့ သူများတွေလို နုနုငယ်ငယ်တွေ နည်းပါတယ်။ အဲဒီအထဲမှာ ကိုယ်တို့ သူငယ်ချင်း ၄ယောက် တွဲမိကြတယ်။ မိန်းကလေးအားလုံး ခင်ကြပေမဲ့ ထိုင်တော့ ဒီလေးယောက် အတူတူ ထိုင်တာမို့ ပိုတွဲမိကြတယ် ဆိုပါတော့။
မိချော တဲ့။ နိုင်နိုင် တဲ့။ စ၀တ တဲ့။ စ၀တ ဆိုလို့ တမျိုးတော့ မထင်ပါနဲ့။ န၀တ တို့ နအဖ တို့နဲ့ လားလားမှ မဆိုင်ပါဘူး။ နံမည်က စိုးဝင်းတင် ဖြစ်နေလို့ စ၀တ ဖြစ်သွားရတာ။ နင့်နံမည်ကလဲဟယ်၊ ယောကျာင်္းနံမည်လိုလို ဘာလိုလိုနဲ့ ဆိုတော့ ခါးလောက်ရှိတဲ့ ဆံပင်အရှည်ကြီးနဲ့ မိန်းမပီသတဲ့ သူငယ်ချင်းက ပြုံးရှာတယ်။
မိချော နဲ့ နိုင်နိုင်ကတော့ အရပ်က ၄ပေကျော်ကျော် ၅ပေအောက် မတိမ်းမယိမ်းလေးတွေ။ စ၀တက အရပ် ၅ပေ ၈လက်မဆိုတော့ တခုခုသွားမလို့ ဘတ်စ်ကားစီးမယ် ကြံရင် ဒတ်ဆန်း အပုကားဆို စ၀တက သူမစီးချင်ဘူး၊ သူ့ကိုယ်ကြီး ခွေခေါက်ပြီး ငုံ့ရလို့။ ဟီးနိုး ဒေ၀ူးကားကြီးဆို မိချောနဲ့ နိုင်နိုင်က မစီးချင်ဘူး။ ကား လက်ကိုင်ကွင်းကို မမီတော့ ကားဘရိတ်အုပ်ရင် ကားရှေ့ကို လွင့်လွင့်သွားလို့။ ကိုယ်ကတော့ ၅ပေ ၃လက်မဆိုတော့ ဘာကားလာလာ အိုကေတယ်။ J
ပြောရရင်တော့ သတိရစရာတွေ အများကြီးပေါ့လေ။ တတိယနှစ် ကွင်းဆင်းတော့ ကျောက်ဆည် ကုလားကျောင်းမှာ ကွင်းဆင်းရတယ်။ ပထမဆုံး ကွင်းဆင်း အတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားမိတာပေါ့။ ပျော်လဲ ပျော်၊ ပင်လဲ ပင်ပန်းတယ်။
ကျောက်ဆည် စ ရောက်တဲ့ ညမှာပဲ ကိုယ်တို့ထဲက တင်တင်က နံမည်အသစ်ရသွားတယ်။ ညမှောင်မဲမဲ အထက ကျောင်းရဲ့ အိမ်သာကိုအသွား ကင်း က ထမိန်ထဲဝင်ပြီး ပေါင်ကို ကိုက်လိုက်လို့။ ကင်းဝင်မင်းသမီး တဲ့။ မြေကြီးပေါ်မှာ နာလွန်းလို့ လူးနေတဲ့ တင်တင့်ကို ကြည့်ပြီး သနားလိုက်တာ။ အိမ်သာကို မသွားရဲကြတော့လို့ ဒုက္ခအတော်ရောက်ရသေးတယ်။
အဲဒီတုန်းက ညည ကျရင် ခြင်ထောင်ထဲမှာ ဖယောင်းတိုင်မီးထွန်းပြီး ကွတ်ကီးနဲ့ အအေး သောက်ကြတဲ့ ခြင်ထောင်ပါတီလဲ ရှိသေးတာ။ တနေ့လုံး ပင်ပန်းသမျှ ပြန်ပြောကြတာပေါ့။ ပင်ပန်းတာတွေ စိတ်အခန့်မသင့် ဖြစ်တာတွေ ခြင်ထောင်ထဲမှာ မိန်းကလေးတွေ တိုးတိုး တိုးတိုးနဲ့ ရင်ဖွင့်ကြတာပါပဲ။ ဆရာမက မအိပ်ကြသေးဘူးလား ဒီကောင်မလေးတွေ..လို့ ပြောမှ အလျှိုလျှို ခြင်ထောင်ထဲက ထွက်ကြတာ။
ကိုယ်နဲ့ စ၀တ က အတူတူအိပ်တယ်။ သူဆံပင် အရှည်ကြီးက သန်ပြီး မွှေးနေတာပဲ။ ကိုယ်က သူ့ဆံပင်တွေကို ကိုင်ရင်း အိပ်တယ်။ သဘောကျလို့။ နောက်ပြီး ကိုယ်က ငပျင်း။ မနက်အစောကြီးထ ကိုယ့်ဂျူတီဆို သောက်ရေအိုးတွေ ဖြည့်ပြီးမှ အ၀တ်အစားလဲ တောထဲ ဆင်းရတာမို့ မနက်ပိုအိပ်လို့ ရအောင် တခါတည်း ၀တ်စုံပြည့် ၀တ်ပြီး အိပ်တယ်။ တခါတလေ ဘွတ်ဖိနပ်ပါ ၀တ်ရက် အိပ်မလို့ စ၀တက နင် ငါ့ကို ကန်မိမှာနော် အခုချွတ် ဆိုမှ စပ်ဖြဲဖြဲနဲ့ ချွတ်ရတာ။
စ၀တ က ကိုယ့်ကို အတော် သည်းခံရှာတယ်။ ကိုယ်က အိပ်ရင်းလဲ ယောင်သေးတာ ခဏခဏ။ အမေ၊ အမေ ဆိုပြီးတော့ တဲ့။ သူအိပ်လို့ကောင်းတုန်း ကိုယ်က အမေ အမေဆိုပြီး နှိုးတော့ သူလဲ ကြားထဲက အမေ ဖြစ်လိုဖြစ်ပေါ့။ တခါကလဲ သူ့အိပ်မက်ထဲမှာ တောင်တက်ရင်း ကျောက်တုံးပိလို့ တဲ့။ ကျောက်တုံးကြီး ကို တွန်းမရ ဖယ်မရ မွန်းလိုက်တာ တဲ့။ နိုးလာတော့ ကိုယ်က ချမ်းလို့ သူ့အပေါ်တက်ဖိပြီး အိပ်နေတာလေ။
ညရောက်လို့ အိမ်သာ သွားရင်လဲ သူငယ်ချင်းတွေ တယောက်တလှည့် လက်နှိပ်ဓာတ်မီးလေးတွေ ကိုင်ပြီး ကျောင်းနဲ့ ခပ်ဝေးဝေးက အိမ်သာ မှာ သွားရတယ်။ အိမ်သာအသွားလမ်းမှာ သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုကြီးသာ တို့ ကိုဝင်းအောင်တို့က ဗြူးဗြဲနဲ့ ခြောက်တတ်သေးလို့ အမြဲ တထိတ်ထိတ် တလန့်လန့် နဲ့။
တယောက်အိမ်သာထဲ ၀င်တုန်း အပြင်က မှောင်ကြီးထဲ တယောက်တည်း မစောင့်ရဲ ပြန်တော့ အိမ်သာထဲ နှစ်ယောက်စလုံးဝင် တယောက်က ဟိုဖက်လှည့်ပြီး သီချင်းဆိုနေတတ်တယ်။ ရဲဆေးတင်ရင်း သီချင်းဆိုကြတာလေ။ အဲဒီလောက်ထိ ချစ်ခင် ရင်းနှီးခဲ့ကြတာ။
ကိုယ့်အုပ်စုနဲ့ ကိုယ် တောထဲ တောင်ထဲ ကျောက်တွေ တိုင်းရရင်တော့ ကိုယ်တို့ရဲ့ ပျော်ရွှင်မှုက ဓာတ်စက်သံပါပဲ။ တောင်ပေါ်မှာ ကျောက်ထုရင်း ဓာတ်စက်သံကို နားစွင့်နေမိတာ။ တွံတေးသိန်းတန်များ ဟစ်လိုက်ရင် တခါတည်း ပြုံးသွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်စက်သံကြားရင် အလှူရှိတယ်လေ။
ဒါဆိုရင် ထမင်းဗူး ဟန်းကောလေးတွေ ကိုင်ပြီး အသံရှိရာ ချီတက်ကြတော့တာပါပဲ။ ဘုန်းကြီးကျောင်း တွေ့တာနဲ့ ပုဆိန်ပေါက် ဦးချပြီး ရီပြလိုက်ရင်ပဲ ဘုန်းတော်ကြီးက ဒီကျောင်းသားတွေကို ကျွေးလိုက်ကြပါဟေ့ တဲ့။ ဘယ်နှစ်ဖွဲ့များ ကိုယ်တို့ရှေ့မှာ ဒီလိုစားခဲ့ဖူးကြလို့ ကျောင်းသားတွေ မြင်ရင် ဒီလောက် ဓာတ်ပေါက်နေရပါလိမ့်။
ကိုယ်တို့ရဲ့ Field in charge ဆရာမက နှစ် နှစ်စလုံး ဆရာမဒေါ်ကျော့မင်းဌေးပေါ့။ တပည့်တွေကို သိပ်ချစ်၊ သိပ်နားလည် တတ်လို့ ကိုယ်တို့လဲ ပင်ပန်းခက်ခဲတဲ့ကြားထဲက ပျော်ရွှင်ခဲ့ရတာပါ။ ကိုယ်တို့ ကွင်းဆင်းတော့ ပါမောက္ခ ဆရာ ဒေါက်တာ ဦးသိန်းကိုယ်တိုင် လိုက်ပေးခဲ့တာ။ ဆရာ့ကို ကိုယ်တို့က ကွယ်ရာမှာ ခေါ်တာ ကျောက်ဆရာကြီး တဲ့။ ယရစ်နဲ့ ကြောက်တဲ့ ကြောက်စရာ တော့ မဟုတ်ဘူး။ ကျောက်တွေကို ထုံးလိုခြေ ရေလိုနှောက် သိလွန်းလို့ ကျောက်ဆရာကြီးလို့ ခေါ်တာ။ ဆရာ့ကို တပည့်အားလုံးက ချစ်ကြတာပဲ။
ဒီအကြောင်းတွေ ပြန်တွေးမိရင် ကိုယ်အလွမ်းဆုံး အချိန်တွေက ကျောင်းစာတွေလုပ်ပြီးလို့ ညဦး သီချင်းတွေ ဆိုကြတဲ့ အချိန်တွေပါပဲ။ ယောကျာင်္းလေးတွေက ဂစ်တာတီး၊ မိန်းကလေးတွေကလဲ တခါတလေ ဆိုကြတယ်။ ဆရာမလဲ အင်္ဂလိပ်သီချင်းတွေ အဆို အရမ်းကောင်းတာ မှတ်မိနေတယ်။ ဆရာ တပည့်တွေ လွတ်လွတ်လပ်လပ် ဆိုကြ တီးကြ တာပဲ။
ကိုယ်ကတော့ နားထောင်သမား။ ဂစ်တာအတီးကောင်း အဆိုကောင်းတွေက ကိုဝင်းအောင် တို့ ကိုနေလင်းတို့။ ခင်မောင်တိုး သီချင်းတွေ ခင်ဝမ်းသီချင်းတွေ ဆိုကြတာ များတယ်။ မိန်းကလေးထဲမှာ ယဉ်ယဉ်က အသံသိပ်ကောင်းတယ်။ အဲဒီသီချင်းတွေ အခုအချိန် ပြန်ကြားရင် အမြဲ မျက်ရည်ဝဲမိတယ်။ ဒီလိုအချိန်တွေ ပြန်မရနိုင်တော့ဘူးလေ။
တနေ့ကတော့ အိပ်မက်တောင် မက်တယ်။ အိပ်မက်ထဲမှာလဲ အခု လက်ရှိ အရွယ်တွေပါပဲ။ ကိုယ်တို့ သူငယ်ချင်း လေးယောက် ပြန်ဆုံကြတယ် တဲ့။
မိချောက သူ့သမီးလေးကို ချီလို့၊ ဒါက နင်သွားပြီးမှ မွေးတဲ့ အငယ်မလေးလေ တဲ့။ ငါ စုနန္ဒာအောင်လို့ နံမည်ပေးထားတာ တဲ့။ သမီးက အမေကို သိပ်ကပ်တယ်တဲ့။
နိုင်နိုင်ကတော့ သားကစ် ကို ကျောင်းသွားကြိုရအုံးမှာ တဲ့။ နိုင်နိုင့် ထုံးစံအတိုင်း ငါ့သားကစ်ကလေးက ချစ်စရာလေးနော် လို့ တပြောတည်း ပြောနေတုန်းပဲ။
စ ၀ တ ကတော့ ပြုံးလို့။ သူက အခုတော့ သဘောကောင်း ရုပ်ချော တဲ့ အပျိုကြီး။ ဆံပင်က ခါးထိဖြောင့်စင်းပြီး ရှည်နေတာကို ဖြတ်ပစ်လိုက်လို့ ကိုယ့်မှာ နှမြောလိုက်တာ။
နိုးလာတော့ ကိုယ့်ပါးပြင်မှာ မျက်ရည်တွေနဲ့ စိုစွတ်လို့॥။ ဟိုး…..အဝေးက ခင်မောင်တိုးရဲ့ ဒဏ္ဍာရီ သီချင်းသံ တိုးတိုးလေးလဲ ကြားလိုက်မိသလိုပဲ။
မိုးချိုသင်း