ခရေပွင့်လေးတွေကို လွမ်းတယ်

ငယ်ငယ်တုန်းက ညဖက် ထမင်းစားပြီး အေးအေးချမ်းချမ်း ရှိတဲ့အချိန်ဆို အဖေ နဲ့အမေက လမ်းလျှောက် ထွက်တတ်တယ်။ အဲဒီအခါဆို ကဲ လမ်းလျှောက်ထွက်မယ် လိုက်မလားဟေ့ လို့ တယောက်ယောက်က လောဆော်လိုက်တာပါပဲ။

ဒါဆို ကိုယ်တို့ မောင်နှမတွေလဲ လုပ်လက်စ အလုပ်တွေ ပစ်ချ၊ လိုက်မယ်ဟေ့ လို့ ပြိုင်တူ အော်လိုက်တတ်ကြတယ်။ ငယ်ငယ်တုန်းက လမ်းလျှောက်ဖို့ကို ခုလို မပျင်းဘူး။ မိသားစုလိုက် အေးအေးသက်သာ ထမင်းစားပြီး လမ်းလျှောက်ကြတာမို့ ကြည်နူးစရာတောင် ကောင်းသေးတယ်။

အဲဒီတုန်းကဆို အိမ်က ည ၈နာရီလောက် ထွက်တတ်ကြတယ်။ သိပ်ဝေးဝေးလံလံကြီးလဲ မလျှောက်ပါဘူး။ များသောအားဖြင့် ကိုယ်တို့နေတဲ့ ပုဂံခြံဝင်းကနေ တက္ကသိုလ်ရိပ်သာလမ်း တလျှောက် လှည်းတန်းဈေးဖက် လျှောက်ကြတယ်။ ဒါပေမဲ့ လှည်းတန်းဈေးထိလဲ မရောက်ဘူး။ သထုံလမ်းထိပ်လောက် ရောက်ရင် အိမ်ဖက် ပြန်လှည့်တာပဲ။

အဖေနဲ့ အမေက စကားတပြောပြော နဲ့ နောက်ကနေ ဖြေးဖြေးလျှောက်လိုက်တယ်။ ကိုယ်တို့ကလေးတွေ ကတော့ ရှေ့က ပြေးတမ်းဆော့ကြတာပေါ့။ လမ်းမကြီးကလဲ ရှင်းလို့။ ပလက်ဖောင်းကလဲ ကျယ်တော့ လွတ်လွတ်လပ်လပ် ပြေးလို့ ရသေးတယ်။ ကိုယ်တို့က ခရေပင်တန်းတွေထိ ပြေးကြတာ။

သထုံလမ်းမရောက်ခင် တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ကိုယ်တို့ငယ်ငယ်ကတော့ ခရေပင်တန်းလေး ရှိတယ်။ ခုတော့ ရှိသေးလား၊ အပင်တွေ ခုတ်လိုက်ကြပြီလား မသိဘူး။ ညဖက်ဆို ခရေတွေက သိပ်မွှေးတာ။ ကိုယ်တို့ မောင်နှမတတွေ ခရေပန်းတွေ ကောက်ကြတာပေါ့။ ဘယ်ဘက် အစွန်ဆုံးကျတဲ့ ခရေပင်ကြီးကတော့ အပွင့်ကြီးကြီးတွေ ကြွေတယ်။ သိပ်လှတာပဲ။

ခရေပွင့်မွှေးမွှေးတွေကို ကိုယ်က ကောက်ရင်း တခါတလေ ကြယ်လေးတွေ ကောက်နေတယ် လို့ ကိုယ့်ကိုယ်ကို ထင်မိသေးတယ်။ ခရေပွင့်ပုံစံက ကြယ်ပုံလေးတွေလိုမို့ ကိုယ်က ချစ်နေမိတာပေါ့။ အဲဒီတုန်းက ကလေးဆိုတော့ လမ်းလျှောက်ရင်း ကောင်းကင်ကို မော့ပြီး ကြယ်တွေနဲ့ လမင်းကြီးကို မော့ကြည့်ရင်း လျှောက်တာ။ မော့ရင်း လျှောက်တော့ ပလက်ဖောင်း အနိမ့်အမြင့် မသိဘဲ လိမ့်လဲ လို လဲ။ ဒူးကွဲလို ကွဲ။

ကိုယ်ဘယ်သွားသွား လမင်းကြီးက နောက်က လိုက်နေသလိုမို့လဲ အံ့သြရသေးတာ။ ပြေးရင်းတန်းလန်း မိဘစကားပြောတာကို ဖြတ်ပြီး “အဖေ၊ အဖေ၊ လမင်းကြီးက သမီးနောက် ဘာလို့ လိုက်နေတာလဲ” လို့ မေးရသေးတာ။ အဖေကတော့ “အဲဒါ သမီးကို ချစ်လို့ပေါ့” တဲ့။ အမေကလဲ ပြုံးလို့။ ကိုယ်ကလဲ ပြုံးပြီး သဘောတွေကျလို့။

“ကြယ်လေးတွေ ချစ်စရာ၊ အပြာရောင် ကောင်းကင်မှာ၊ သူတို့ကို ပြုံးရင်း တလုံးချင်း ကြည့်နေပါ၊ မကြာခင် ပြန်ကာပြုံးလို့ သူတို့လဲ ကိုယ့်ကို ခင်ကာ..” ဆိုတဲ့ ပြုံးတုံ့လှယ် သီချင်းက ကိုယ်တို့ ညီအမတွေ ဆိုနေကျပေါ့။

တခါတလေ ပုဂံလမ်းဖက် လျှောက်သေးတယ်။ အဲဒီမှာ ခြံတခြံက ညမွှေးပန်းတွေ စိုက်ထားတော့ ညဖက်ဆို တလမ်းလုံး မွှေးနေတယ်။ နောက် ယုဇနပန်းနံ့လဲ ရတယ်။ အဲဒီလို ပန်းနံ့လေးနဲ့ မွှေးနေရင် ကိုယ်ကတော့ လေတဝကြီး ရှူပစ်လိုက်တတ်တယ်။

တခါတခါ တက္ကသိုလ် ဘော်လုံးကွင်းတွေဖက် ခြေဆန့်တတ်တယ်။ ညဖက် လသာသာမှာ ဘော်လုံးကွင်းထဲ မိသားစု ခဏတဖြုတ် ထိုင်တတ်သေးတယ်။ တော်လှန်ရေးနေ့ မီးပန်းလွှတ်တာတွေကိုလဲ အဲဒီ တက္ကသိုလ် ဘောလုံးကွင်းကနေ ကိုယ်တို့ မိသားစု ထိုင် ကြည့်တတ်တယ်။

အဲဒီအချိန်ဆိုရင် အဖေက အမှောင်ထဲ ကွင်းပတ်ပြေးခိုင်း၊ ရေမြောင်းတွေကို ခုန်ပြီး ကျော်ခိုင်းတတ်တယ်။ ကဲ ခုန်ကြည့်စမ်း သမီး၊ မကြောက်နဲ့ ရဲရဲ ခုန် တဲ့။ ကိုယ်တို့ကလဲ မြောင်း ဟိုဖက် ဒီဖက် ခုန်ကြတာ။ ပျော်လို့။ တကယ်က အဖေက ကိုယ်တို့ကို ရဲအောင် မကြောက်တတ်အောင် သင်ပေးနေတာပါ။ အဖေ ငယ်ငယ်က မြောင်းတွေမကျော်ရဲ၊ အမှောင်ထဲ မသွားရဲဘူး တဲ့။ ဒါကြောင့် သူ့သားသမီးတွေကို သူ့လို မဖြစ်အောင် သင်ပေးတာ တဲ့။ ကြီးမှ ပြန်ပြောပြလို့ သိတာပါ။

အဲဒီတုန်းကတော့ ညဖက် လမ်းလျှောက်ရုံတင် မကဘူး။ မနက်စောစောလဲ လမ်းထ လျှောက် ကြသေးတယ်။ အဖေတို့ အမေတို့ လမ်းလျှောက်ဖော်တွေက ဒီပုဂံခြံဝင်းမှာ နေတဲ့ ဆရာ၊ ဆရာမ မိသားစုတွေပါပဲ။ ဆရာ ဦးလှဆောင်တို့ စုံတွဲ၊ စာရေးဆရာ ဦးမင်းလှညွန့်ကြူး တို့ စုံတွဲ နဲ့ ဆရာ ဦးတိုးလှ တို့ပါ။ ရန်ကုန်တက္ကသိုလ်ဝင်းကြီးကို ဖြတ်ပြီး မနက်စောစော အင်းလျားကန်ဘောင်ကို လျှောက်ကြတာပါ။

အပြန်ကျရင် အင်းလျားမှာ အကြော်စား၊ တခါတလေ လက်ဖက်ရည်ဆိုင် ထိုင်တတ်ကြတာမို့ ကိုယ်တို့လဲ မုန့်စားချင်လို့ စောစော ထ လိုက်ကြသေးတယ်။ အမြဲတော့ မလိုက်နိုင်ဘူး။ အိပ်ချင်လို့။

အခုတော့ အဲဒီလို လမ်းလျှောက်ခဲ့ရတာတွေဟာ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ ထမင်းစားပြီးလို့ အစာကြေအောင်ပဲဖြစ်ဖြစ် မလျှောက်ဖြစ် တော့ဘူး။ အဖေတို့ အမေတို့တုန်းကလဲ ၀မ်းရေးအတွက် တနေ့လုံး အလုပ်လုပ်၊ သားသမီး ၅ယောက်အတွက် ရုန်းကန် လှုပ်ရှားခဲ့ရတာပါပဲ။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်မိသားစုအတွက် တနေ့တာထဲက အချိန်လေးတချိန် ဖဲ့ပေးနိုင်တယ်။

ကိုယ်တို့အလှည့်ကျတော့ရော..။ ကိုယ်ဆိုရင် လမ်းပိုလျှောက်သင့်တဲ့ ဒီအသက်အရွယ်မှာ ဘာများလုပ်နေပါလိမ့်လို့ တွေးမိတယ်။ ရုံးကပြန်လာရင် သုတ်သုတ် သုတ်သုတ် နဲ့ ထမင်းဟင်းချက်၊ ပြင်ဆင် စားသောက်ပြီးတာနဲ့ ကွန်ပျူတာ ရှေ့ထိုင်တော့တာပဲ။ တနေ့လုံးလဲ အလုပ်တွေ ထိုင်လုပ်ခဲ့ပြီးပြီ။ ပြန်လာတော့လဲ ဒါနဲ့ပဲ မျက်နှာအပ်ထားတယ်။ နှစ်ယောက်သား ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် ငြိမ်ငြိမ်ဆိတ်ဆိတ် စာဖတ်နေ၊ စာရေးနေတယ်။ ည ၁၂နာရီထိုးမှ နေရာက ထပြီး အိပ်ရာဝင်တယ်။

လမ်းလျှောက်ဖို့ ပန်းခြံလေး တခုကလဲ ကိုယ်တို့နဲ့ ၄အိမ်ကျော်လောက်မှာ ရှိတာပါ။ ဝေးတယ်ဆိုရင်လဲ မပြောပါဘူး။ အဲဒီပန်းခြံလေးဆို ကိုယ် ၂ခါလား သွားဖူးတယ်။ အဲဒါလဲ လမ်းလျှောက်တာ မဟုတ်သေးဘူး။ သိပ်စိတ်ညစ်တုန်း တခါက နှစ်ယောက်သား ပန်းခြံလေးထဲက ခုံလေးမှာ ထိုင်ပြီး တယောက်လက် တယောက်ဆုပ်ပြီး ငေးနေကြတာပါပဲ။ ပြီးတော့လဲ ထ ပြန်ခဲ့ကြတာ။

ကိုယ့်ရဲ့ boss အံတီက လမ်းလျှောက်ဖြစ်အောင်လို့ ဆိုပြီး ဈေးအတော်ကြီးတဲ့ လမ်းလျှောက်စက်ကြီး ဝယ်လာ၊ အိမ်မှာ လာဆင်ပေးဖူးတယ်။ ခုတော့ စက်ကြီးလဲ လှဲထား ချထားရင် မတော်တဆ လမ်းတက်လျှောက်မိမှာစိုးလို့ စက်ကိုပါ ထောင်ထားလိုက်ပြီ။ တခါတလေ ပိုက်ဆံအိတ်တို့၊ အနွေးထည် ဂျာကင်လေးတွေတောင် စက်ပေါ် ချိတ်လိုက်သေး။

ကိုယ်တို့မိတ်ဆွေ ကိုမိုးကတော့ ပြောပါတယ်။ စက်ကြီးလဲ တဖြေးဖြေး ပိန်ပိန်လာပြီနော် တဲ့။ ဖြစ်နိုင်ပါတယ်။ စက်လဲ အညောင်းမိနေလောက်ရောပေါ့လေ။


မိုးချိုသင်း

37 comments:

မီယာ said...

အဖေက သူ့သူငယ်ချင်းတွေနဲ့ scrabble ကစားနေရင်း ကလေးတွေက ခရေပင်ကြီးအောက်မှာ ဖျာခင်းထားပြီး ကျလာတဲ့ ခရေပန်းတွေကို သီပြီး ဘုရားတင်ဖို့ အမေ့ကို ပေးရတယ်။ အမေက စားစရာ ပဲလှော်တို့ ဘာတို့ ချပေးတတ်တယ်။
လမ်းလျှောက်တာ ကောင်းတယ် အမရေ... တွေးချင်ရာတွေး ငေးချင်ရာငေးပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။

ဇနိ said...

ခရေပန်းနံ့လည်း ကြိုက်တယ်။ ယုဇနပင်က အိမ်မှာရှိလို့ ကြိုက်တာ။ မိုးရွာရင် မနက်အိပ်ယာနိုးတာနဲ့ ဖွေးနေအောင်ပွင့်နေတဲ့ ယုဇနပန်းနံ့လေးကို ရတာ သတိရမိတယ် အမရယ်။ အမတို့မိသားစု လမ်းလျှောက်တာ ကြည်နူးစရာပါလား။ မြောင်းတွေခုန်တော့ အမချိုသင်းရော ကျော်နိုင်ရဲ့လား။ ငယ်ငယ်က ဝတုတ်လေးဆို ကျော်နိုင်မှာမဟုတ်။ လမ်းလျှောက်စက်ကြီးလည်း ပိန်နေအုံးမယ်။ သနားပါတယ်နော်။ နိနိတော့ အိမ်နားက ပန်းခြံလေးမှာ ချယ်ရီတွေပွင့်ရင် လမ်းလျှောက်ဖြစ်တယ်။ ကျောင်းအသွားအပြန်လည်း လမ်းလျှောက်တယ်။ ခရေပန်းနံ့လေးတော့ မရဘူးပေါ့ အမရယ်။
နိနိ

Anonymous said...

သြော်....အစ်မရဲ့ စာရေးတဲ့စခန်းက ခရေပန်းပင်တွေ ရှိတဲ့လမ်းကိုး၊ ယုဇနပန်းရဲ့ ရနံ့တွေ၊ ညမွှေးပန်းရဲ့ရနံ့တွေနဲ့ရောပဲနော်။
အဲဒီလမ်းကို အဖော်မွန်နဲ့ ချစ်သူဘ၀တုန်းက လျှောက်ဖူးတယ်။ :)

MANORHARY said...

ပုဂံလမ်းကိုလွမ်းတယ်
သထုံလမ်လေးကိုရောပဲ
ဘ၀ရဲ့လမ်းတွေကလျှောက်ရတာသက်သောင့်သက်သာ
မရှိလေတော့ အပမ်းပြေအညောင်းပြေလမ်းတွေလည်း
မလျှောက်ဖြစ်တော့တာထင်ပါရဲ့နော်

JuneOne said...

ဟိုတစ်လောက ရဲစခန်းမှာ လိပ်စာသွား

ပြောင်းတော့ အဲဒီ့က ကားဂိတ်နား မှာခရေ ပင်တွေ့လို့

ကုန်းပြီးလိုက်ကောက်တာ ကားစောင့်နေတဲ့ သူတွေဝိုင်းကြည့်

တာ တို့ကို အထူးအဆန်းပဲ။မမရဲ့

စက်ကြီးကို အညောင်းဖြေပေးလိုက်ပါဦး။

RePublic said...

အစ်မ MCT အထွေ အထူးပြောစရာမလို ၊၊ ရေးတဲ့ပို့စ်တိုင်း ဖတ်လို့ ကောင်းတယ်၊၊ ခရေပွင့်ဆိုလို အမေ့ကိုပဲသတိရတယ်၊၊ သူက ခရေ ဆို အရမ်းကြိုက်တာ၊၊

:P said...

ဖတ်သွားပါပြီ အစ်မရယ်.. မန့်ချင်တာက ကိုဝီနဲ့တထပ်တည်းဖြစ်နေတယ်။

Anonymous said...

အန်တီချိုသင်းရေ.. အခု ခရေပင်တန်းသာမကဘူး တက္ကသိုလ်ရိပ်သာလမ်းက အပင်ကြီးတွေ အားလုံးအတုံးအရုံးပေါ့.. နာဂစ်ကြောင့်လေ.. ကျောင်းသွားတုန်းက နေ့တိုင်းအဲ့လမ်းက ဖြတ်သွားရတော့ အပင်တွေရှိတုန်းကနဲ့ မရှိတုန်းကနဲ့ ဘယ်လိုကွာဟသွားမှန်းကို မပြောတတ်တာ.. အမြစ်ကစပြီး ပြိုကုန်တာ..။ မိန်းထဲမှာလည်း အဲ့လိုပါပဲဗျာ..
အန်တီရေးထားတာလေးက ကြည်နူးစရာလေး.. တက္ကသိုလ်ရိပ်သာလမ်း၊ ပုဂံလမ်း၊ သထုံလမ်း၊ အင်းလျားကအကြော်ဆိုင်၊ လက်ဖက်ရည်၊ ကန်ဘောင် အားလုံးကို လွမ်းသွားတယ်.. သတိရလိုက်တာ..း(

အန်တီတို့နှစ်ယောက်ကလည်း အေးတိအေးစက်ကြီးတွေ တစ်မျိုးကြီးပဲ။း(

ပုံရိပ် / Pon Yate said...

အစ်မတို့ မိသားစု အကြောင်း ဖတ်သွားတယ်။ ကြည်နူးစရာ လွမ်းစရာလေးတွေ။ ပုံရိပ်လည်း ခရေပွင့်လေးတွေ ကောက်ရတာ ကြိုက်တယ်။ အလုပ်ကို လမ်းလျှောက်ပြီး သွားပေါ့ အစ်မရယ် (ဟဲဟဲ အစပြန်ဖော်ပေးတာ)။

Unknown said...

ချိုသင်းေ၇
နေ.တိုင်းေ၇ာက်ပါတယ်။
ပုဂံလမ်းနဲံ.ခေ၇ပွင်.တွေလွမ်းမိတယ်
မမိုး(RI)

kay said...

မချိုသင်း စက်ကြီးပိန်လာတယ်ဆိုလို့ ရီလိုက်မိတယ်။
မချိုသင်းရယ်..အချိန်နဲနဲပေးပြီး လျှောက်ပါ။ တကယ် အရသာ ရှိလွန်းလို့ပါ။ လမ်းလျှောက်ရင်း..စာရေးဖို့တွေ အတွေးရတတ်တယ်။ တကယ်ပြောတာ။

PAUK said...

မြန်မာပြန်တိုင်း မနက်တိုင်း
စက်ဘီးစီးတယ်..
ညတိုင်း...ကောင်းကင်ကြီးကိုမော့ကြည့်ဖြစ်တယ်..
ကြယ်တွေလင်းလက်လွန်းလို့လေ..
လခြမ်းလေးလည်း..သာနေတယ်..

သက်ပိုင်သူ said...

အမရေ
အခုတော့.. အဲဒီ အပင်တွေ ဘယ်ဆီဘယ်ဝယ် မသိတော့ဘူးနော်

ဆောင်းယွန်းလ said...

စာအရေးအသားသိပ်ကောင်းတာပဲ မချိုသင်းရေ..
မချိုသင်းရေးတဲ့စာတွေဖတ်လိုက်ရတိုင်း ကျနော်တို့ငယ်
ဘဝကိုပြန်ရောက်သွားသလို ခံစားရပါတယ်..
ဟုတ်တယ် လမင်းကြီးနဲ့လည်းပြိုင်ပြီး လမ်းလျှောက်ခဲ့ဖူး
တယ်.ပြီးတော့ ခရေပန်းတွေလည်း ကောက်ခဲ့ဖူးတယ်
ကျနော်ငယ်ငယ်က ကျောင်းတက်တော့ စိန်ပေါလ်မှာ.
ကျောင်းဘေးအနော်ရထာလမ်းမပေါ်က ရေမြောင်းမှာ
အုတ်ပြားတွေလွတ်နေတာတွေ့ရင် ခုန်ခုန်ပြီးကျော်လေ့
ရှိခဲ့တယ်.တစ်နေ့တော့ ဘာပြောကောင်းမလဲ နှစ်ပြားလွတ်နေတဲ့ မြောင်းကိုကျော်လိုက်တာ မြောင်းထဲ
ပြုတ်ကျသွားလို့ ကျောင်းမတက်ခဲ့ရပဲ အိမ်ပြန်ခဲ့ရတယ်..

လမ်းလျှောက်စက်ကြီးကို ထောင်ထားပြီး အဝတ်တွေချိတ် ပိုက်ဆံအိပ်တွေချိတ်ထားတယ်ဆိုတာ
ဖတ်ရတော့ အသံပါထွက်အောင်ရယ်မိတယ်ဗျို့...

ခင်မင်လျက်...

nu-san said...

ငယ်ငယ်ကတော့ ကျနော်တို့ မောင်နှမတွေလည်း ဦးလေးနဲ့ ညနေ ထမင်းစားပြီးရင် ဟိုနားဒီနား လမ်းလျှောက် ဖြစ်ကြတယ်။ ကိုယ်တွေက ကလေးဆိုတော့ ဦးလေးက အမြဲပြောတယ်.. “နေ့လည်စာ စားပြီး တရေးမှောက်၊ ညစာ စားပြီး တမိုင်လျှောက်”တဲ့.. အခုများတော့ တရေးလည်း မမှောက်နိုင်ဘူး တမိုင်လည်း မလျှောက်ဖြစ်ပါဘူး အမရယ်... တနေကုန် ရုံးမှာ အလုပ်လုပ်ပြီး ပြန်လာရင် ဟင်းချက် စားသောက်ပြီးတာနဲ့ ကွန်ပျူတာ တစ်ယောက်တစ်လုံးနဲ့ မျက်နှာအပ်ထားဖြစ်တာများတယ်။ ကိုယ်လက် လှုပ်ရှားမှုက နည်းတော့ နည်းနည်း လှုပ်ရှားလိုက်ရင်ကိုပဲ မောနေပြီ။ လှေကားတွေဆိုလည်း elevator ကိုပဲ အားကိုးတယ်.. ဘယ်တော့မှ ဒီအတိုင်း မတက်ဘူး... ရုံးသွားရုံးပြန် စက်ဘီးစီးတာပဲ လှုပ်ရှားမှုရှိတယ်.. ကျန်တာတော့ NO ပဲ အမရေ... အမကလည်း ရေးတတ်တယ်.. စက်ကြီးက အညောင်းမိနေပြီတဲ့.. :D

ဒီပို့စ်ဖတ်ပြီးတော့ ကျောင်းဝင်းကြီးကိုလည်း သတိရတယ်.. အင်းလျားက မုန့်တီနဲ့ အကြော်ဆိုင်လည်း သတိရတယ်.. ပြီးတော့ ကျောင်းထဲက ပန်းနံ့တွေကိုလည်း သတိရတယ်.. အခုတော့ နာဂစ်ကြောင့် အပင်တွေလည်း မရှိတော့ဘူးနော်..

D Soe said...

အမရေ ဖတ်လို့အရမ်းကောင်းပါတယ်...။စာအရေးအသားကို အရမ်းကြိုက်တယ်။ အမြဲတမ်းလဲရောက်ဖြစ်ပါတယ်။ အမတို့ မိသားစုဘဝလေးက အရမ်းချစ်စရာလေး...။ :)

Unknown said...

အစ်မ ရေ.. အစ်မ ရေး တာလေးကိုဖတ်ပြီး အိမ်ကိုလွမ်းသွားတယ်အစ်မရယ်..ခရေပန်း အနံ့  လေးတွေမရတာကြာပြီပဲ...

khin oo may said...

စက်ကြီးပိန်ပြီး ချိုသင်းဝလာတယ်လို့ပြောလေ..ရင်ထဲရှိတာတွေပြော..ချန်မထားနဲ့

tg.nwai said...

ချိုသင်းတို့လိုပဲ..ငယ်ငယ်က ညနေခင်းတွေဆို မေမေတို့နဲ့ လမ်းလေးလျှောက်.. ကလေးတွေကတော့ လမ်းလျှောက်ရင်း တွေ့တဲ့ ဆိုင်က အချဉ်ထုတ်တွေ.. နေကြာစေ့တွေ ၀ယ်စားပေါ့လေ။ အရင်က ဆောင်းတွင်းဆို ဖေဖေလမ်းလျှောက်တိုင်း လိုက်.. လမ်းလျှောက်က အပြန် လက်ဖက်ရည်သောက်.. နံပြားနဲ့ မလိုင်စားပေါ့။

အခုတော့ဖြင့် မနက်လည်း မလျှောက်နိုင်၊ ညနေလည်း မလျှောက်နိုင်.. တခါတလေ ကလေးတွေ ပြေးရအောင် အင်းယားမှာ သွားလျှောက်ဖြစ်ပေမယ့် အရင်ကလို ကြည်ကြည်နူးနူး လေညင်းခံလျှောက်ဖြစ်တာမျိုး မဟုတ်ပဲ ကလေးတွေ လိုက်ကျောင်းသလိုမျိုးဖြစ်နေတာပါပဲ...။

ခရေပွင့်ခြောက်လေးတွေကိုလည်း သတိရသွားတယ်..။ :)

ATN said...

အခုရော လမင်းကြီးက ချိုသင်းနောက်ကို လိုက်နေတုန်းပဲလား...

နေဦး ခုမှ သတိရတယ်
ဒါကြောင့်မို့ စက်ကြီးထောင်ထားတာကိုး...
သူလည်း ကျောလေးဘာလေး ညောင်းရှာမှာပေါ့
တခါတလေ တက်နင်းပေးလိုက်ပါလား...း)

အိန္ဒြာ said...

အစ်မရေ..

အိမ်နားမှာ ဘယ်သူမှကောက်မယ့်သူမရှိတဲ့
ခရေပင်ပုပုလေးတွေဝိုင်းလို့...
ပန်းလေးတွေကိုထိုင်ကောက်နေရင်
ဘာလုပ်နေလဲဆို မသိမသာကြည့်နေကြတော့တာပဲ..
ပန်းတွေကောက်ရင်း...ခရေကို နမ်းရှိုက်မိရင်း..
ဝမ်းတွေနည်းလာလိုက်တာ....
ဘာမှန်းမသိတဲ့ ၀ါတာတာ အပွင့်နုတ်နုတ်လေးတွေကို တယုတယကောက်နေတဲ့အပြင်..
မျက်ရည်ကျနေမိတာပါ..မြင်သွားကြရင်တော့..
သူတို့..
ဓါတ်ပုံတွေဘာတွေရိုက်ယူကြမလားပါပဲ...

ရုပ်ဝတ္ထုတွေဆန်လာလိုက်ကြတာ....
မိသားစု လမ်းလျှောက်ချိန်လေးကနေ...
လျှပ်စစ်လမ်းလျောက်စက်ဖြစ်ကုန်တဲ့အထိပေါ့နော်..အစ်မ

လမ်းလျှောက်စက်ပိန်သလို အစ်မလဲ ကိုယ်ရေစစ်ပါစေလို့

P.Ti said...

အမရေ... ဖတ်ပြီးလွမ်းသွားပါတယ်... ကိုယ်နဲ့ရင်နှီးခဲ့တဲ့နေရာဖြစ်တော့ စိတ်ကူးထဲကနေ တက္ကသိုလ်ကြီးထဲပြန်ရောက်သွားတာပေါ့...

ကျောင်းတက်တုန်းကလေ... ရေတမာပင်တွေ ရှိတဲ့လမ်းမကြီးပေါ် သူငယ်ချင်းတွေထိုင်ပြီး တညလုံး စကားပြောတာတွေ ဘယ်လိုမှမေ့မရပါဘူး...

လွမ်းတယ်...

P.Ti said...

သြော်... အမ လမ်းလျှောက်ဖြစ်အောင်တော့ လျှောက်ပါ... ကျန်းမာရေးအတွက် နည်းနည်းဖြစ်ဖြစ် လှုပ်ရှားပါ... :)

လင်း said...

အမပီတိပြောသလိုပဲ ကျန်းမာရေးအတွက် သတိထား
ပြီးလမ်းလျှောက်ဖြစ်အောင် ကြိုးစားပါ။ ဟဲ ပြောမဲ့သာပြောသာပါ လင်းလဲ ဒီလိုပါဘဲ တနေ့ တနေ့ 
ဒီကွန်ပျူတာရှေ့ က မထတာ တဖြည်းဖြည်းခါးမှာ အဆီတွေတက်လာပြီ။

ငါ့အမက ငယ်ငယ်ထဲက ကဗျာဆန်တာကိုး၊ ခရေပန်းကောက်ရတာကို ကြယ်လေးတွေကောက်နေရတယ်လို့ ထင်၊ လမင်းကြီးက ကိုယ့်နောက်ကိုလိုက်တယ်လို့ ထင် ၊

tututha said...

လမင်းကြီးက တူးနောက်ကိုလည်း လိုက်နေတယ်လို့ ထင်ခဲ့ဖူးတယ်အစ်မရေ။ အဲလိုမျိုး တူးအဖေကိုပြောတော့ ပါပါက ဆရာကြီးအစ်မကို ပြောသလိုပဲ ပြန်ပြောခဲ့တာ။

CONTACT said...

ံပိန်ချင်လို့ ပါ

I phoned the local gym and I asked if they could teach me how to do the splits.

The owner said, 'How flexible are you?'

I said, 'I can't make Tuesdays or Thursdays.'

KM

pandora said...

ပန်ဒိုရာတော့ စက်ဘီးလေး ၀ယ်ထားတယ်
ခုထိတော့ နည်းနည်းပါးပါး ဘီးလေး လည်ဖြစ်ပါတယ်။

အစ်မပြောတဲ့ မြင်ကွင်းလေးတွေ မြင်ယောင်လာတယ်။ လွမ်းလိုက်တာ။

juli said...

'လှဲထား ချထားရင် မတော်တဆ လမ်းတက်လျှောက်မိမှာစိုးလို့ စက်ကိုပါ ထောင်ထားလိုက်ပြီ' မချိုသင်းရဲ့ အဲဒီလိုအရေး အသားလေးတွေကို သိပ်သဘောကျတာပဲ.. :)

weik.zar said...

စားနိုင်တာ အလှတပါး တဲ့၊ စားသာစားပါ။ But you need to know how to be slim တဲ့။ဟိဟိ။

Aye Win said...

အင်္ကျီချိတ်စက်ပဲဟာ တွေ့သားပဲ။ သူများတွေ အင်္ကျီချိတ်စရာမရှိလို့ လူကြုံနဲ့ သမင်ချိုတွေ၊ ဘာတွေမှာနေရသေးတာ။ စိတ်သက်သက်သာသာ ချိတ်ပါ။ ကိုမိုးကလဲ သူ့အိမ်မှာ သံရိုက်ပြီး ချိတ်ရတာနဲ့ သူများအိမ်က အင်္ကျီချိတ်စက်ကို မျက်မောင်းကျနေပြန်ပြီး။ ချိတ်သာချိတ်ပါ ချိုဝဏ္ဏရာ

khin oo may said...

မချိုသင်း: သာမီး ဒီနေ့လဲ နိုင်ပြန်ပြီနော်..
(ကိုကိုကျော်ပြောတာတွေ နဲ့ လာရွီးနေပြန်ပြီး မေမိုးဆိမှာ တွေ့ခဲ့တယ်။ )

khin oo may said...

http://amhattaya.blogspot.com/2009/02/blog-post_09.html

Monday, February 9, 2009
ဒန့် သလွန်သီးငါးခြောက်ဟင်းနဲ့ မရမ်းသီးထောင်း

မနေ့ က ညဈေးသွားတော့ ဒန့် သလွန်သီးတွေရလာတယ်။ ဒီနေ့ ရုံးပိတ်ရက်လဲဖြစ်နေတော့ ကိုယ့်ကိုကိုယ် ကောင်းကောင်းမွန်မွန်လေး ချက်ကျွေးပြီး ပြုစုလိုက်တယ် ။ အိမ်ကလူကြုံလာထားတဲ့ ငါးရံခြောက်လေးနဲ့  ဒန့် သလွန်သီးကိုချက်တယ်။ ပြီးတော့ စားမကုန်နိုင်အောင် အများကြီးပို့ ထားတဲ့ မရမ်းသီးကို ငါးပိလေးနဲ့ ထောင်းလိုက်တယ် ( အထင်မကြီးပါနဲ့  မေမေက ငါးပိကိုပါထောင်းပြီးသားပို့ လိုက်တာပါ။ မရမ်းသီးကိုထောင်းပြီး ငါးပိထောင်းနဲ့ ရောလိုက်သမီးတဲ့ ။ သူ့ သမီး အပျင်းအိုး အကြောငိးကို နောကျနေပြီဆိုတော့) ။ ဒန့် သလွန်သီး ငါးခြောက်ဟင်း ရယ်၊ မရမ်းသီးထောင်း ခရမ်းကြွတ်သီးတို့ စရာနဲ့  ထမင်းတွေ အများကြီး စားလိုက်တယ်။ ကဲ အများကြိးတော့ မဟုတ်ဘူး မလုကြနဲ့ နော်။ တခြားသူတွေတော့ မသိ မနိစ် မထုံသင်းစ်နဲ့  မမကွမ်စ် တို့ (ကဲထပ်ဖြည့်လိုက်ပြီနော် ကျေနပ်တော့) ကတော့ ကြိုက်မယ်ဆိုတာ သေချာသိတယ်။


Posted by လင်း at 1:37 PM

Labels: စားသောက်ဖွယ်ရာ

4 comments:

khin oo may said...

တို့လဲကြိုက်တယ်။ နာမည် ပြန်ထည့်ပေးပါ။ ပိုစ်ထဲမှာ ထည့်ပေးပါ။
February 9, 2009 2:36 PM
khin oo may said...

သူ့ဟင်းကဖြင့်ပိစိညျောင့်တောက်လေး။
February 9, 2009 2:37 PM
Craton said...

အေးလေ.. အေးလေ.. အန်ကြီးတို့ကျ မေ့နေတယ် နော့်လေဂျီးဒေါ်.. မရမ်းသီးငပိထောင်း စားချင်တယ်း(
February 9, 2009 2:53 PM
ရွှေဂျမ်း said...

ကြိုက်မှကြိုက်... ဒါပေမယ့် မခင်ဦးမေပြောသလို ဟင်းကလည်း ပိစိလေးပါလား။ လာစားမယ့်လူတွေအတွက် လောက်ပါ့မလား အမရဲ့။
February 9, 2009 2:53 PM

တန်ခူး said...

တို့ လဲတူတူပဲ ချိုသင်းရေ… အပျင်းထူလွန်းတာ အိမ်နားလေးက လမ်းလျှောက်ပတ်လမ်း တခေါက်ပဲရောက်ဖူးတယ်…မဖွင့်ခင်က သွားမယ်တကဲကဲ… ဖွင့်လဲဖွင့်ရော အပျင်းတွေထူရော… ဖေဖေတို့ မေမေတို့ ကတော့ မနက်တိုင်း ၀ိရိယနဲ့ လျှောက်တုန်း… ကိုယ်က အိပ်ရာထဲကွေးလို့ လေ…

Dr. Yi Yi Win said...

လွမ်းစရာ မိသားစုဘ၀လေးရယ်၊ လက်ရှိနေ့ တဓူဝဘ၀လေးရယ် ရေးထားတာကောင်းတယ် အစ်မ။ လွမ်းတောင်လွမ်းမိသွားတယ်။

အိမ်လွမ်းသူ said...

မမိုးရဲ့ ခရေပွင့်လေးတွေကိုဖတ်ပြီး ကျွန်မလည်း ငယ်ငယ်အကြောင်းတွေကို တမျှော်တခေါ်ကြီး ပြန်သတိရမိသွားတယ်။ အခုအရွယ်မှာ ငယ်ငယ်ကပျော်ရွှင်ခဲ့ဖူးတဲ့ဘဝတွေလို ဘာလို့မပျော်နိုင်တော့တာလဲလို့လဲ ပြန်စဉ်းစားမိတယ်။ ကျန်းမာရေးဂရုစိုက်ပါမမိုးရေ... ကျန်းမာနေရင် ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရနေသေးတယ်...။ မကျန်းမာရင် ဒီလိုနေရာမျိုးမှာ ပိုပြီးအထီးကျန်သလိုခံစားရတယ်...။ အစစအဆင်ပြေပါစေရှင်...

Life is for Success said...

Ma gyi cho,

do not be lazy. Health is really important..... should be i think u need followers to walk toghter with u...... in other countries it is very difficult... all are busy with their own work....

သက်ဝေ said...

ချိုသင်းရေ...
ငယ်ဘ၀တွေထဲမှာ မိဘတွေ မောင်နှမတွေ နဲ့အတူတူ ညနေခင်းမှာ လမ်းလျှောက်ရတဲ့ အချိန်တွေ၊ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားကြရတဲ့ အချိန်တွေ ကိုယ်စီရှိကြတယ်နော်... လွမ်းစရာပါ...။
အခုလဲ မအားတဲ့ကြားထဲကပဲ ညနေ ထမင်းစားပြီးချိန်မှာ လမ်းနဲနဲလျှောက်ဖြစ်အောင် ကြိုးစားတယ်...။
အဲဒီအချိန်လေးမှာမှ ကိုကြီးနဲ့
စကားလေးဘာလေး အေးအေးဆေးဆေး ပြောရတာလေ... ဟဲဟဲ... ယုံတယ်ဟုတ်...။

ယုံရင် ချိုသင်းလဲ သူနဲ့အတူတူ ညနေဖက်လေးမှာ လမ်းလျှောက်ကြည့်ပါလေ... နော်...။