ဒါနဲ့ မတန်ခူးကို ဟုတ်ပြီ ဟုတ်ရဲ့ ရေးပေးမယ်လို့ ပြောပြီးပါမှ အလွဲက ရှာမရဘူး။ ငါ ဘယ်မှာ လွဲဖူးလို့လဲ ထင်သေးတာကိုး။ ဒါနဲ့ ဒီညတော့ မရေးသေးဘူး အမရေ လို့ ပြောပြီး ကိုယ်တို့ အယ်လ်အေကို အလုပ်ကိစ္စနဲ့ ရောက်နေတဲ့ ဘလော့ဂ်ရေးတဲ့ ရွှေဂျမ်းကို သွားတွေ့မယ် ဆုံးဖြတ်လိုက်တယ်။
ကိုယ်လဲ ဒီဘလော့ဂ်လေး လုပ်ဖြစ်မှ သူငယ်ချင်းတွေ တိုးလာလို့ ၀မ်းသာနေတာ။ ဘလော့ဂ်လုပ်မှ ခင်ရတဲ့ မိတ်ဆွေတွေ ရှိပေမဲ့ လူချင်းသာ ဘလော့ဂ်ပေါ်မှာ ခင်နေတာ၊ တွေ့ဖူး မြင်ဖူးကြတာ မဟုတ်ဘူးလေ။ အရင်ကတည်းက မသိဘဲ မရင်းနှီးဘဲ ဘလော့ဂ်မှာသိပြီးမှ အပြင်မှာ တွေ့ဖူးတာ ၃ယောက်ပဲ ရှိသေးတယ်။
ပထမတယောက်က Heart Museum တဲ့။ မခင်ဦးမေက Heart Museum ရဲ့ အဖေ ဆုံးတာမို့ သတင်းသွားမေးပါအုံးလို့ ရွာဆော်ကြီး လုပ်ပြီး link ပေးသွားလို့ နာရေးသွားမေးတာ။ သူ့ဘလော့ဂ်ကို အရင်က မရောက်ဖူးဘူး။ သတင်းမေးရင်း လျှောက်ကြည့်မိတော့ တမြို့တည်းသားဖြစ်နေလို့ ဘာလုပ်ပေးရမလဲ မေးမိတယ်။ သူကလဲ ရက်လည်ဆွမ်းသွတ် ဖိတ်ပါတယ် တဲ့။ ဒါနဲ့ နာရေးဆိုတော့ ရောက်အောင် သွားမယ်ဆိုပြီး သွားခဲ့တယ်။
အဲဒီဘုန်းကြီးကျောင်းကို ရောက်တော့ တရားနာတော့မဲ့ အချိန်။ ဘုန်းဘုန်းက ရင်းနှီးပြီးသား၊ ကိုယ်တို့နဲ့ ဆွေနီးမျိုးစပ် ဘကြီးဘုန်းကြီး။ ကိုယ့်ကိုတွေ့တော့ အော် အလှူရှင်နဲ့ အသိတွေလား၊ ဘယ်သူနဲ့သိတာလဲ တဲ့။ လောက၀တ် ရိုးရိုး မေးတာပါ။ ကိုယ်လဲ ဘုန်းဘုန်းကို ကြောင် ကြည့်လို့။ ပါးစပ်က ဟတ် ဟတ် နဲ့ ရှေ့ဆက် မတက်ဘူး။ Heart Museum လို့ ပြောလိုက်ရမှာလား၊ သူ့နံမည်ရင်းက ဘာလဲ၊ ဘာမှကို မသိ။
ကိုယ့်ကို လိုက်ပို့ပေးတဲ့ ကိုယ့်အမျိုးသားကလဲ ကိုယ့်အဖြစ်ကို ကြည့်ပြီး ရိုးနေပုံပါပဲ။ ခပ်အေးအေးပဲ နေတယ်။ ကိုယ်တို့ပုံက အလှူရှင်ကို သိသလိုလိုလုပ်ပြီး လာစားတဲ့ သူတွေနဲ့ တူနေပါပြီ။ အဲဒီအချိန်မှာ လူငယ်တယောက်က ထ လာပြီး အမ ကျနော်ပါ တဲ့။ အေး၊ ၀မ်းသာလိုက်တာဟယ်၊ အမလဲ လူမသိလို့ ဒုက္ခရောက်နေတာ တဲ့။ နာရေးကို လာမေးတဲ့သူက တွေ့တွေ့ချင်း ၀မ်းသာလိုက်တာဟယ် ပြောရတာတော့ သိပ်မဟုတ်သေးဘူး။ ဒါပေမဲ့လဲ မတတ်နိုင်တော့ဘူးလေ။ နောက် မိတ်ဆက်ကြတော့ သူက မန္တလေး ဘူမိကတဲ့။ ဘူမိကဆိုတော့ ခင်မိပြီပေါ့။
နောက်တယောက်ကတော့ အကိုကြီး ကိုအောင်သာငယ်ပေါ့။ အကို့ကိုတော့ အိမ်မှာ မိတ်ဆုံပွဲလေးလုပ်တော့ လာတက်တဲ့မိတ်ဆွေတွေနဲ့ အတူ လိုက်လာလို့ တွေ့ရတာပါ။ အကိုကလဲ တခြား State က ပြောင်းလာခါစ။ ကိုယ်က မီးဖိုထဲမှာ အမြည်းစိန် လုပ်နေတုန်း လာနှုတ်ဆက်တာ။ အကိုကလဲ ဘူမိဗေဒနဲ့ပဲ ကျောင်းပြီးတယ်ဆိုတော့ တခါတည်း အကိုအရင်းလို ခင်သွားတယ်။ (အကိုက အဲဒီအကြောင်းကို သူ့ဘလော့ဂ်မှာ ရေးဖူးပါတယ်)
အခုတယောက်ကတော့ ရွှေဂျမ်းလေ။ ရုံးဆင်းတာနဲ့ ဂျမ်းပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်တော့ ဂျမ်းက ၀မ်းသာလိုက်တာ အမရေ တဲ့၊ အခုပဲ အစည်းအဝေးပြီးလို့ ဟိုတယ်နားက Outlet Mall ကို သွားကြည့်မလို့ လမ်းလျှောက်နေတယ် တဲ့။ ညကျရင် အဒေါ်က ထမင်းလိုက်ကျွေးမှာမို့ သွားစားပြီး တွေ့ကြတာပေါ့။ ဒီဖုန်းကိုပဲ ဆက်နော် တဲ့။ ဒါနဲ့ ကိုယ်ကလဲ ညကျရင် အမ လာတွေ့မယ်ဆိုပြီး စကားလေးဘာလေး ပြောပြီး ဖုန်းချလိုက်တယ်။
ညရောက်တော့ သွားကြရော ဆိုပါတော့။ ဂျမ်းလာတဲ့ မြို့ကလေးက ကိုယ်တို့နေရာနဲ့ နည်းနည်း ဝေးတယ်။ မိုင် ၃၀လောက် ထင်ပါရဲ့။ အိမ်က စ ထွက်ကတည်းက ဖုန်းဆက်တာ ဂျမ်းက မကြားလို့ ဖုန်းမကိုင်ဘူး။ ကိုယ်ကလဲ နောက်တခါခေါ်ရင် ကိုင်မှာပါလေ ဆိုပြီး စိတ်မပူဘူး။ လာမယ်လို့ ညနေက ပြောထားပြီးသားပဲလေ။ ကားထဲမှာ သီချင်းလေးဆိုရင်း သွားတယ်။
တော်တော်ကြာ မောင်းမိတော့ ကိုယ့်အမျိုးသားက ပြောတယ်၊ ရောက်ခါနီးပြီ ဖုန်းထပ်ဆက်ကြည့်ပါအုံး တဲ့။ ဒါနဲ့ ကိုယ်က ဖုန်းဆက်တယ်။ မကိုင်ဘူး။ ထပ်ဆက်တယ်။ မကိုင်သေးဘူး။ ထပ်ဆက်တယ်။ မကိုင်ပြန်ဘူး။ အဲဒါမှ ဂွ ပဲ။
ကိုယ်သိတာက သူတည်းတာ Marriott Hotel ဆိုတာကိုပါ။ ကိုယ်လဲ လွယ်လွယ်ပဲ နီးတော့မှ ဘယ် Marriott လဲ လှမ်းမေးမယ်ပေါ့၊ ကြံထားတာ။ အခု သူဖုန်းမကိုင်တော့ ခေါင်းကြီးပြီ။ တမြို့လုံး ဟိုနားမှာလဲ Marriott ဒီနားမှာလဲ Marriott ကိုး။ ဖရီးဝေးကြီးပေါ်မှာ ကားကလဲ ဆက်မောင်းနေတယ်၊ ဦးတည်ရာမဲ့ ပေါ့။
နောက်တော့ ကိုယ်လဲ ငယ်ငယ်က ဦးစံရှားဖတ်ခဲ့တဲ့ အရှိန်နဲ့ ဖျစ်ညှစ် စဉ်းစားလိုက်တာ ညနေက ဂျမ်း Mall ကြီးဆီ လမ်းလျှောက်သွားနေတယ် ဆိုတာကိုး။ ဒါနဲ့ အဲဒီ Mall ကို သွားပေတော့လို့ ဆရာကြီး လုပ်လိုက်တယ်။ အဲဒီ Mall နဲ့ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးလောက်မှာ ရှိတဲ့ Marriott ဖြစ်ရမယ်လို့ အတပ်ဟော လိုက်တယ်။ Mall နေရာကတော့ ကိုယ်အပိုင်သိတာကိုး။
Mall ကြီးကို ပတ်ပြီး ဟိုတယ်ကို ရှာကြတာ နောက်ဆုံးတော့ တွေ့ပြီလေ။ ဒါပေမဲ့ သူ ဒီမှာ တည်းမတည်း သေချာသေးတာ မဟုတ်ဘူး။ ဂျမ်းကိုလဲ အပြင်မှာ မမြင်ဖူးတော့ ဘယ်လို လိုက်ရှာရမလဲ မသိဘူး။ ဖုန်းဆက်ကြည့်တော့လဲ မကိုင်သေးဘူး။ ဒါနဲ့ ဟိုတယ်ရှေ့မှာ ညကြီးမင်းကြီး ယောင်လည်လည်နဲ့ လမ်းလျှောက်နေတယ်။ သူ သူ့အဒေါ်နဲ့ ထမင်းသွားစားနေလို့ ဆိုင်ထဲမှာ ဆူနေတော့ မကြားတာထင်တယ်လို့ တွေးနေတယ်။
ကိုယ့်အမျိုးသားက မေးတယ်။ နံမည် သိသလား တဲ့။ ဂျမ်းလေ..ရွှေဂျမ်းလေ။ အဲဒါ နံမည်ရင်းလား တဲ့။ မသိဘူးလေ။ သူက နံမည် သိရင် Hotel Reception ကို သွားမေးမလို့ပါ။ နောက်တော့ သက်ပြင်းရှည်ကြီး ချတယ်။ ကဲ ဒီလောက်ထိ လာပြီးမှတော့ ဖုန်းသာရအောင် ဆက်ပေတော့ တဲ့။
နောက်တော့ ဂျမ်းက ဖုန်းဆက်လာတယ်။ ထင်တဲ့အတိုင်းပဲ။ ဆိုင်ထဲမှာဆိုတော့ ဖုန်းသံကို မကြားဘူး။ missed calls ၁၀ခုလောက်တွေ့တော့ လန့်သွားတာ တဲ့။ ဒါနဲ့ ဆုံခဲ့ကြတယ် ဆိုပါတော့။ တွေ့ကြတော့လဲ ပြောလိုက်ကြ၊ ရီလိုက်ကြနဲ့။ ဘလော့ဂ်က သူငယ်ချင်းတွေ အကြောင်း ပြောကြတာပါပဲ။ ချက်ချင်းပဲ ခင်သွားလိုက်တာ။ ည ၁၀နာရီကျော်မှ ပြန်ခဲ့တယ်။
ပြန်လာတော့ ကိုယ်လုပ်ချင်တာ လုပ်ခဲ့ရပြီဆိုတော့ ပြုံးပြုံး ပြုံးပြုံးနဲ့။ တလွဲလုပ်ခဲ့တာတွေလဲ မေ့သွားပြီ။
တလောကတော့ ကိုယ်တို့ မင်္ဂလာ ၁၃နှစ်ပြည့် အကြောင်း ပို့စ်လေး တပုဒ် ရေးမိတယ်။ အဲဒီပို့စ် တင်လိုက်တာနဲ့ မိတ်ဆွေတွေဆီက ဖုန်းတွေ လာပါတယ်။ နှုတ်ဆက်ကြ ဘာညာပေါ့။
Santa Rosa မှာနေတဲ့ အကိုလို ခင်ရတဲ့ အကိုကြီးတယောက်ကတော့ ကိုယ့်အမျိုးသားဆီ ဆက်လာတယ်။ မြန်မာပြည်မှာတော့ အကျဉ်းသားတွေ လွှတ်ကုန်ပြီ တဲ့။ မင်းကတော့ ၁၃ နှစ် တဲ့။ ဒီတသက် လွတ်မဲ့ပုံ မမြင် တဲ့။ ငါတို့ ဘန်ကီမွန် ကို ပြောပေးရအုံးမလား ဆိုပဲ။ ကိုယ့်ကို သူက ပြန်ပြောပြတာပါ။
အဲဒါ သူ့ တသက်စာ အလွဲပဲ ဆိုပါတော့လေ…
မိုးချိုသင်း