မနက်ဆိုရင် အလုပ်ကို နေ့လည်လောက်မှာ သွား၊ ညနေ အလုပ်က ပြန်ဆင်းရင် ဆေးရုံမှာ ည အိပ်တယ်။ အဲဒီတော့ လူမမာစောင့် လုပ်နေတာ ပင်ပန်းပြီး အလုပ်များမှာပေါ့လို့ ကြားသူများ သနားသလိုလိုရှိရင် ကိုယ်က ပြုံးမိတယ်။
တကယ်တော့ ကိုယ်လဲ တခါမှ ဆေးရုံမှာ အခုလို လူမမာစောင့် ညအိပ်ဖူးတာ မဟုတ်ပါဘူး။ ကိုယ်ငယ်ငယ်ကလဲ ကလေးလိုလို ခွေးလိုလိုမို့ ဘယ်သူမှ ဆေးရုံစောင့်ပေးဖို့ ကိုယ့်ကို အားမကိုးကြတာလဲ ပါမယ်။ နောက်ပြီး ဖြစ်လိုက်ရင် ကိုယ်ကချည်းပဲ ဆိုတော့ ကိုယ်ဆေးရုံတက်သမျှ အမတွေ စောင့်အိပ်ရတာချည်းပါ။
ဒီတခါတော့ ပြေးပြီး ရေတွက်လိုက်မှ သူရယ် ကိုယ်ရယ် နှစ်ယောက်တည်းဆိုတော့ မာမား ဆေးရုံတက်ရမဲ့အချိန်မှာ နှစ်ယောက်သား ဂျူတီခွဲပြီး သူက Day shift ကိုယ်က Night shift တာဝန်ယူလိုက်ကြတယ်။
မာမားကို ခွဲခန်းထဲက ထုတ်လာတော့ နေရမဲ့ အခန်းက နှစ်ယောက်ခန်း ဖြစ်နေလို့ အတော်သဘောကျသွားတာပါ။ ဟိုဖက်ကုတင်က လူနာ မရှိလေတော့ ကိုယ့်ဖို့ပဲဆိုပြီး ကုတင်လေးကို မျက်စပစ်ထားတယ်။ လူနာရှိရင် ကိုယ်က ထိုင်ခုံမှာ စောင့်အိပ်ရမှာမို့ သိပ် အဆင်ပြေမှာ မဟုတ်ဘူးလေ။ နောက်လူနာရော လာအုံးမလားဆိုတော့ မလာပါဘူး တဲ့။
အဆင်ကပြေချင်တော့ ကိုယ့်သူငယ်ချင်း ဘိုဘိုက အင်တာနက်သုံးလို့ရတဲ့ သူ့ Notebook လေး ယူထား တဲ့။ ကိုယ့်မှာ ပြုံးနေတာ တချိန်လုံး။ ဒါဆို ညမှာ အီးမေးလ်လေး ချက်ခ်၊ ဘလော့လေးကြည့် ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေတာ။ ဆေးရုံမှာဆိုတော့ အိမ်မှာလို ဟင်း ချက်စရာလဲမလို၊ ဇိမ်ပဲ။ မာမားက လက်လာဆွဲမှ လူနာစောင့်ရမှာ သတိရသွားတယ်။
ပထမနေ့မှာပဲ ကိုယ့်မှာ အခက်ကြုံရတာပါ။ ကိုယ်အိပ်ရမဲ့ ကုတင်ကို ဘယ်သူကများ အမြင့်ကြီး လုပ်သွားတယ် မသိ။ ရင်ခေါင်းနီးပါးလောက် မြင့်နေတာ။ ကိုယ်လဲ အိပ်ယာတွေ့ရင် လှဲပြုနေချင်စိတ်က အလိုလို ဖြစ်နေတာဆိုတော့ ငါ အိပ်ရင် ကုတင်ပေါ်ကို လှေကားများ ထောင်တက်ရမလား တွေးနေရတယ်။ ခလုတ်တွေလဲ မနှိပ်ရဲ။
လူမမာကိုသာ တဖက်ကလုပ်ပေးနေတာ၊ ဘေးက ကုတင်လေးကို တကြည့်ကြည့်ဆိုတော့ ကိုယ့်သူငယ်ချင်းက ရိပ်မိတယ်။ အဟမ်း အဟမ်း၊ လူမမာထက် လူမမာ့ချွေးမက ပိုအရေးကြီးတယ်၊ သူတလွဲတွေလုပ်ရင် လူမမာ ပိုခံရနိုင်တယ် လို့ ပြောပြောဆိုဆို ဟိုခလုတ် ဒီခလုတ် နှိပ်လိုက်တာ ကုတင်ကြီးလဲ နိမ့်ပြီး ကိုယ်တက်လှဲနိုင်တဲ့ အနေအထား ဖြစ်သွားရော။ တော်သေးတာပေါ့လေ။
လာကြည့်တဲ့လူတွေလဲ ပြန်ကြပြီ။ မာမားကလဲ မေ့ဆေးအရှိန်နဲ့ဆိုတော့ အေးအေးချမ်းချမ်းကို အိပ်တော့တာပါ။ ကိုယ့်ကိုလဲ မအိပ်ခင် ပြောသေးတယ်၊ သမီးပင်ပန်းနေပြီ၊ အိပ်၊ အိပ် တဲ့။ ကိုယ်ကလဲ စာလေးဖတ်၊ ဘလော့လေး လည်ပြီး အိပ်ပါ့မယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ကွန်ပျူတာက ကုတင်ပေါ်မှာ ဆိုတော့ ကိုယ့်အလှည့်ရောက်ပြီဆိုပြီး ဝမ်းသာအားရ ကုတင်ပေါ်တက်လိုက်ရင်ပဲ ဟ၊ ဟ လုပ်ပါအုံး ဖြစ်သွားရတယ်။
သူ့ကုတင်က ဘီးတွေနဲ့ကိုး။ သူငယ်ချင်းက ကုတင်သာ နှိမ့်ပေးသွားတာ ဘီးတွေကိုတော့ lock မလုပ်ပေးသွားဘူးကိုး။ ဒါကြောင့် ကိုယ်တက်လိုက်တာနဲ့ လျှောပြီး ကုတင်က နံရံနဲ့ ပြေးဆောင့်တော့မှာ။ မနည်း ခုန်ချ ကုတင်ကို ဖမ်းဆွဲ ဘရိတ်အုပ်လိုက်ရတယ်။ ဂလုံးဂလွမ်းနဲ့ အသံတွေ မြည်ရင် ကိုယ့်ကြောင့် လူမမာ အိပ်ရေးပျက်တော့မယ်လေ။
အော်..ဒုက္ခ၊ ဒုက္ခ။ အိပ်ဖို့ရာ ကျောကလေးဆန့်ဖို့ ကုတင်ကြီးကလဲ ကိုယ့်ရှေ့မှာ။ ကုတင်ပေါ်မှာလဲ ကွန်ပျူတာက ပွင့်ရက်လေး။ အဲဒီကွန်ပျူတာထဲမှာ ကိုယ်ချစ်ခင်တဲ့ သူငယ်ချင်းတွေဆီကို သွားဖို့ လင့်ခ်လေးတွေ ရှိနေတယ်။ ဒါပေမဲ့ ကုတင်ပေါ်လဲ မတက်ရဲတော့ ခေါင်းကုတ်ပြီး ကြည့်နေရတယ်။
အဲဒီအချိန်မှာ မေခလာကယ်မ လို့ နာ့စ်မ ရောက်လာတယ်။ ဒါနဲ့ သူ့ကို ကုတင်ကြီး ရွေ့နေလို့ ဘီးကို lock လုပ်ပေးဖို့ ပြောရတယ်။ ကိုယ်က အသစ်အဆန်းတွေ ခလုတ်တွေဆို လန့်တဲ့စိတ်က ရှိနေလို့သာပါ။ သူ နှိပ်လိုက်တော့ လွယ်လွယ်လေးပါ။ ဒါနဲ့ ကိုယ်လဲ စမတ်ကျသွားတာပေါ့။
ကုတင်ကို သေချာကိုင်ကြည့်၊ တွန်းကြည့်၊ မရွေ့တော့ဘူးဆိုမှ ကုတင်ပေါ်တက်တယ်။ ဒါနဲ့ အီးမေးလေးစစ်၊ ဘလော့လေးလည် လုပ်နေတာပေါ့။ မြန်မာဖောင့်ကတော့ ရိုက်မရလို့ ကွန်မန့်ရေးမရဘူး။ စာဖတ်နေရင်း စိတ်ထဲမှာ တမျိုးပဲ။ တရှူးရှူးနဲ့ ကုတင်က မြည်နေတာကိုး။ ဟိုဖက်ဖိရင် ဒီဖက်ကမြည်၊ ဒီဖက်ဖိရင် ဟိုဖက်က မြည်။ ဘယ့်နှယ်ဟာကြီး ဖြစ်ပြန်ပါလိမ့်။
တကယ်က မွေ့ယာက အထူးပြုလုပ်ထားတဲ့ လေမွေ့ယာ။ လူမမာတွေ bed sore မရအောင်၊ သွေးလည်ပတ်တာ မှန်အောင်၊ ကုတင်ကြီး မပူအောင် အထူးပြုလုပ်ထားတာလေ။ အော် ဖြစ်ရလေ။ ငါ့နှယ် လူမမာကုတင် တက်အိပ်မိတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ။
ဒါနဲ့ စိတ်ညစ်ပြီး အိပ်ရော ဆိုပါတော့။ ကုတင်က ကလေးကုတင်လေးလို ဘေးကို ပြုတ်မကျအောင် အကာလေးတွေနဲ့။ ကိုယ်လဲ သဘောကျပြီး ကလေးလေးတောင် ပြန်ဖြစ်သွားသလိုလို။ အထိန်းနဲ့အကွပ်နဲ့ အိပ်ရတာလဲ တမျိုးကောင်းတာပါပဲ။ အဲဒီကာထားတဲ့ ဘောင်မှာ ခလုတ်လေးတွေ ခေါင်းဖက်အခြမ်းကို မြှင့်တာ၊ ခြေထောက်ဖက် အပိုင်းကို မြှင့်တာ နိမ့်တာ အစုံတွေ့တယ်။ နာ့စ်ကို ခေါ်ချင်ရင် နှိပ်ရတဲ့ ခလုတ်ကိုလဲ တွေ့တယ်။
အင်မတန်ကောင်းပါလား လို့ ကိုယ့်စိတ်ထဲမှာ ဖြစ်မိတယ်။ လူနာ အဆင်ပြေအောင် အလွယ်တကူ ခေါ်ရအောင် လုပ်ထားတာကိုး။ အိပ်ရာက မထ နာ့စ်ကို ခေါ်လို့ရတယ်လေ။ ဒါနဲ့ ကိုယ်လဲ မှေးကနဲ အိပ်လိုက်တာ လူသံလိုလို ကြားလို့ လန့်နိုးလာတယ်။
ဘာအကူအညီလိုလဲ၊ ဘာလုပ်ပေးရမလဲ တဲ့။ ခေါင်းထူပြီး လူရှာတော့လဲ မတွေ့၊ အင်္ဂလိပ်လို မေးနေတာပါ။ နောက်မှ လိုက်ရှာတော့ ကုတင်ထိပ်က စပီကာက အသံထွက်နေတာ။ “ရှင် နာ့စ် အကူအညီလိုလို့ ခလုတ်နှိပ်လိုက်တယ် မဟုတ်လား” တဲ့။ အမ်..ကိုယ်အိပ်ရင်း ဘောင်က ခလုတ်တွေ သွားဖိမိတယ် ထင်ပါရဲ့။ မတော်တဆပါ၊ အကူအညီ မလိုပါဘူး။ ကျေးဇူးတင်ပါတယ် လို့ ပြန်ဖြေလိုက်ရတယ်။
ဒါနဲ့ အိပ်လိုက်၊ ခလုတ်တွေကို လက်နဲ့ တွန်းမိလိုက် station က စပီကာနဲ့ လှမ်းမေးလိုက်၊ မတော်တဆပါ ဖြေလိုက်။ ပြန်အိပ်လိုက် ကိုယ်ကြီးနဲ့ ဖိမိလိုက်၊ စပီကာကို ဆောရီးပါ လှမ်းပြောလိုက်။ ကိုယ်လဲ လူနာစောင့်တာ အတော် အိပ်ရေးပျက်သွားတယ်။
နောက်တော့ မဖြစ်ချေဘူး ဆိုပြီး အဲဒီဘောင်တွေကို ခေါင်းအုံးနဲ့ကာလိုက်တော့မှ သွားမထိမိတော့ဘူး။ မာမားကို ထ ကြည့်တော့လဲ မာမားက အိပ်မောကျလို့။ ဒါနဲ့ အေးအေးဆေးဆေးပဲ၊ ပြန်အိပ်မယ်ဆိုပြီး အိပ်လိုက်တာ တချိုးတည်းပဲ။
အရမ်းကို အိပ်မောကျနေပြီ၊ ဟောက်တောင် ဟောက်ချင်နေပြီဆိုမှ ကိုယ့်ကို တယောက်ယောက်က လာနှိုးနေသလိုလို ထင်မိတာကိုး။ စန်းစန်း၊ စန်းစန်း တဲ့။ အဲဒါ မာမား နံမည်ပဲ။ ဒါနဲ့ ကမန်းကတန်း ကုန်းထ လိုက်တော့ ကုတင်ဘေးမှာ ဆရာဝန်ငယ်ငယ် ချောချောလေး တယောက်။ မျက်လုံး သေချာပွတ်ပြီး ကြည့်လိုက်တာလေ။
ကိုယ့်ကို မာမားထင်ပြီး လူမှားပြီး လာနှိုးနေတာ။ သူက စမ်းသပ်မလို့။ ခွဲစိတ်တဲ့ အခြေအနေ၊ ခေါင်းမူးသလား၊ နာသလား မေးမလို့။ မီးမှိတ်ထားတော့ မသဲမကွဲနဲ့ ကုတင်မှားပြီး ကိုယ့်ကို လာနှိုးနေတာ။ ဗိုက်ခွဲထားတဲ့ ချုပ်ရာ ကြည့်မယ် တဲ့။ ဘုရား ဘုရား။ လူမှားနေပြီ။ စန်းစန်းက ဟိုဖက်ကုတင်လို့ ပြောလိုက်ရတယ်။ နာရီကြည့်လိုက်တော့ မနက် ၆နာရီကျော်နေပြီ။
နေ့လည်ရောက်လို့ ကိုယ့်အမျိုးသားလာတော့ မာမားက ပြောတယ်။ ညက သမီးတယောက် မအိပ်ရှာဘူး တဲ့။ သူနိုးလာလို့ ကြည့်လိုက်တိုင်း သူ့ကို ကြည့်နေတာ တွေ့တယ် တဲ့။ သမီးက စိတ်ပူတတ်လို့ ပင်ပန်းရှာတယ် တဲ့။
ကိုယ်ကတော့ ပြုံးပဲ နေလိုက်ပါတယ်လေ။
မိုးချိုသင်း