အဲဒီတုန်းက ကိုယ်က လေးတန်း။ အဖေ့ ညီမ ဒေါ်လေးစန်းက ရွာကနေ ရန်ကုန်လာလည်တော့ အပြန်မှာ ကိုယ်တယောက်တည်း ဒေါ်လေးနဲ့အတူ အဖေ့ရွာကို လိုက်သွားခဲ့တာ။ ကိုယ်က အမေကိုကပ်သူဆိုတော့ ဟိုရောက်မှ ပြန်ချင်နေမစိုးလို့ လိုက်ချင်တာ သေချာရဲ့လား ဆိုတာ လူကြီးတွေက မသွားခင် တမေးတည်း မေးနေခဲ့တာပါ။
ကိုယ်ကလဲ ဘာစိတ်ပေါက်သွားတယ် မသိ။ လိုက်မယ် ပဲ။ ကျောင်းပိတ်ရက်လဲ ဖြစ်တော့ ဒေါ်လေးစန်းကလဲ ခေါ်သွားမယ်ဆိုပြီး ပြောတာနဲ့ အမေက အ၀တ်အစား အသစ်လေးတွေချည်း ရွေးထည့်ပေးလိုက်တယ်။ ဟိုရောက်ရင် အမေ့ကို သတိရလို့ ပြန်ပို့ပေး လို့ ဂျီမကျနဲ့နော်၊ သင်္ကြန်ပြီးမှ ပြန်လာရမှာ သမီးနားလည်တယ်နော် လို့ အမေက ပြောလဲပြော၊ ဆုံးလဲ ဆုံးမတယ်။
ဒါနဲ့ အဖေတို့ရွာကို ပထမဆုံးအကြိမ် အဖေတို့ အမေတို့ မပါဘဲ ဒေါ်လေးစန်းနဲ့ လိုက်လာခဲ့တယ်။ မီးရထားပေါ်မှာ ပျော်လိုက်တာ။ ဘူတာဆိုက်တိုင်း မုန့်တွေ ၀ယ်စားရတာ မှတ်မိနေတယ်။ အိုးလေးတွေ ရွက်ပြီး ရေရောင်းတဲ့ ရေသည်လေးတွေဆီက ရေ၀ယ်ပြီး မျက်နှာသစ်ရတာ မမေ့နိုင်ဘူး။ အေးမြနေတဲ့ရေစင်ပဲ။
ရထားက သာစည်ဘူတာမှာ အကြာကြီးနားတော့ အဒေါ်က မုန့်ဟင်းခါး စားမလား တဲ့။ ကိုယ်ကလဲ ရန်ကုန်က မုန့်ဟင်းခါးလို ထင်ပြီး စားမယ်ပေါ့။ စားတော့ ပဲပျစ်ပျစ်နဲ့ ချက်ထားတဲ့ မုန့်ဟင်းခါးမျိုး။ ရန်ကုန်က ငါးမုန့်ဟင်းခါး နဲ့ မတူဘူး။ ကိုယ်လဲ လုံးလုံး မကြိုက်တာနဲ့ ရထား စင်္ကြန်ပေါ်မှာ အန်လိုက်တာ။ ရထားနဲ့ အပြိုင် ဥသြဆွဲလိုက်သေးတယ်။
ရွာနံမည်က ကန်မြဲ ဇဂျမ်းတဲ့။ တောင်သာနယ်က။ တောင်သာကနေ ထော်လာဂျီကားကြီးတွေ စောင့်စီးရတာ။ ကိုယ်က ရွာကို ရောက်ချင်လှပြီ။ ကားတွေက တနေ့မှ မနက်တစီး ညတစီး လောက်လာတော့ စောင့်လိုက်ရတာ။ တနေ့ခင်း ကုန်အောင်ပဲ။ အဲဒီတုန်းက ကားမလာနိုင်လွန်းလို့ ရွာကို အမြန်ရောက်ချင်လွန်းလို့ ငိုတောင် ငိုမိတယ် ထင်တယ်။
ညနေမိုးချုပ်ခါနီးမှ ကားက လာတယ်။ ကားဆရာက ကားပိုင်ရှင် တဲ့။ ဦးမိုး တဲ့။ ကားကြီးလာတော့လဲ ကားပေါ်မှာ ကုန်အပြည့်ပါလား။ ကြက်သွန်အိတ်တွေ အပြည့်အသိပ်။ လူက ဘယ်လိုလုပ်စီးမလဲ ဆိုတော့ အဲဒီ ကြက်သွန်အိတ်ပေါ် တက်ထိုင် လိုက်သွားရမှာ တဲ့။ ညည်းဟိုဖက်နည်းနည်းတိုး၊ ဒီဖက် နည်းနည်းလောက် နဲ့ မျှထိုင်ပြီး ဟိုအစွန်း၊ ဒီအစွန်းကိုင် လိုက်သွားရတာမျိုး။
ကားကြီးက လူသီးကြီး ဖြစ်နေပြီ။ ဒါတောင် လမ်းမှာ လူတင်တုန်း။ တောသူတောင်သား ရွာသားတွေကလဲ အေးအေးချမ်းချမ်းပဲ။ အချိန်တွေကလဲ ပေါ ပါ့။ ကွမ်းတွေဝါး၊ လေတဖြူးဖြူး နဲ့ တွယ်စီးရင်း လိုက်တာပဲ။ ရွာအ၀င်မှာ ချောင်းတခု ဖြတ်ရသေးတယ်။ ချောင်းနံမည်တော့ မမှတ်မိတော့ဘူး။ သွားတဲ့ အချိန်က ရေမရှိလို့ ကြက်သွန်ခင်းတွေ ၀ါခင်းတွေကို ၀ါတလွင့်လွင့် နဲ့ တွေ့ရတယ်။
ထန်းပင်လေးတွေ မြင်ရတဲ့ ဟိုးအဝေးက မှုန်ပျပျ မဲမဲအစုလေးက အဖေတို့ ရွာ တဲ့။ ကိုယ်က ရွာအ၀င် မတ်တပ်ရပ်ကြည့်တော့ ရွာက ကလေးတွေက သတင်းကြားလို့ မျှော်နေကြတာ။ ထော်လာဂျီ နောက်က အော်ရင်း တပြုံကြီး ပါလာတယ်။ ရန်ကုန်သူ လာပြီဟေ့ တဲ့။
ဒေါ်လေးစန်းတို့ အိမ်ရှေ့မှာပဲ ကားက ရပ်ပေးတယ်။ တချို့ ဆင်းကြတာပေါ့။ ကိုယ့် ၀မ်းကွဲ အမတွေ ဖြစ်တဲ့ မမမိုး နဲ့ မတူးက ဆီးကြိုတယ်။ ရေနံဆီ မီးခွက် ထွန်းပါဟဲ့ တဲ့။ အဲဒီတုန်းက ရွာမှာ မီးမရှိတော့ ရေနံဆီ မီးခွက်နဲ့ပဲ နေရတယ်။ အိမ်ကလဲ မှောင်လို့။ ဘဂျမ်းသမီး ကြည့်စမ်းပါရစေအေ ဆိုတဲ့ အဒေါ်ကြီးတွေကလဲ ငုတ်တုတ်။ ကလေးတွေကလဲ ကိုယ့် ရှေ့မှာ ငုတ်တုတ်။ မိုးချုပ်တဲ့အထိ ဒီအတိုင်း ထိုင်ကြည့်နေကြတာပါပဲ။
ကိုယ်လဲ အသစ်အဆန်းဖြစ်နေလို့ ဟိုကြည့် ဒီကြည့်နဲ့။ နောက် ခရီးကလဲ ပန်းလာတော့ အိပ် အိပ်ဆိုပြီး ပြောလို့ ဒေါ်လေးစန်းနဲ့ အတူ အိပ်ရတယ်။ တညလုံး အိပ်မပျော်ပါဘူး။ ဂျပိုးကိုက်လို့ပါ။ အမေ့ကိုလဲ သတိရပြီး ပထမဆုံး ညမှာပဲ ငိုလိုက်ရတာ။ ညလယ်ကြီး ထပြီး အမေကို တ ပြီး ခုပြန်မယ် ခုပြန်ပို့ နဲ့ အော်ငိုနေလို့ တအိမ်လုံး မအိပ်ကြရဘူး။
မနက်မိုးလင်းမှ အိပ်သွားတာ။ နိုးလာတော့ ကုတင်ဘေးမှာ ရှပ်ရှပ် ရှပ်ရှပ်နဲ့ လူတွေ ဖြတ်နေကြတာကိုး။ ဘာဖြစ်လို့ပါလိမ့်လို့ အံ့သြနေတာ၊ ကိုယ့်ကို မျောက်ပွဲကြည့်သလို ကြည့်တာကိုး။ ရန်ကုန်သူနှယ် အိပ်ချက်က မတရား တဲ့။
နောက်တော့ ချက်ချင်းပဲ သူငယ်ချင်းတွေ ရသွားတယ်။ ကိုယ့်ညီမ ၀မ်းကွဲ မိမော်ရဲ့ သူငယ်ချင်းတွေပေါ့။ ဗန်းဌေး တဲ့။ မိုးဆွေ တဲ့။ အတူး တဲ့။ သူတို့နဲ့အတူ မန်ကျည်းပင်ကြီးအောက်မှာ ထွေကစားတယ်။ ခြေတပေါင်ကျိုး ကစားတယ်။ လိုက်တမ်း ပြေးတမ်း ကစားတယ်။ တကိုယ်လုံး ပေတူးလို့။ နွားကြီး လှည့်ပြီး ကြိတ်တဲ့ နှမ်းဆီဆုံမှာ နွားရှေ့က ကန့်လန့်လုပ်နေလို့ နွားဝှေ့လိုက်တာ မိမော် ကော့ကနဲ လွင့်သွားသေးတယ်။
နွားနို့စစ်စစ်လဲ ထန်းညှက်နဲ့ ကျိုပြီး သောက်ရတယ်။ သိပ်ကောင်းတာပဲ။ အကြိုက်ဆုံးက ဈေးနေ့မှာ မမမိုးနဲ့ အဖော်လိုက်သွားပြီး အကြော်တွေ လက်သုတ်စုံတွေ စားရတာကိုပါ။ အကြော်တွေက ပဲဆီစစ်စစ်နဲ့ ကြော်ထားတာမို့ ကြွပ်ရွ လို့။ အသုတ်စုံကလဲ အကြော်တွေနဲ့ ထည့်သုတ်ထားတာ။ မွှေးနေတာပဲ။ ဈေးမှာ ဟိုဆိုင်ဝင် ဒီဆိုင်ထွက် အမ နောက် လိုက်တာပဲ။
ရွာက ဈေးလေး
ပြီးတော့ ရွာက ကန်ကြီးဆီလဲ ရောက်ရသေးတယ်။ အမလုပ်တဲ့ မတူးက အိမ်သားတွေ ရေချိုးဖို့ ကန်ထဲက ရေကို ခပ်သွက်သွက် ခေါက်တုံ့ခေါက်ပြန် ရေထမ်းတာကို ဘေးက အဖော်လိုက်တာပါ။ ကိုယ်လဲ ထမ်းကြည့်ချင်တယ် ပြောလို့ ရေမပြည့်တပြည့်ထည့်၊ အမက ထမ်းချင်အုံး ဆိုပြီး ထမ်းခိုင်းလိုက်တာ ရှေ့ကို မသွားနိုင်ဘဲ ထမ်းပိုးက လည် နေလို့ လူလဲ ပတ်ချာလှည့်နေတာ။ ရေတွေလဲ ဖိတ်၊ လူလဲ ပက်လက်လန် တာပဲလေ။
ဟိုတလောကတော့ ကိုယ့်အဒေါ် နဲ့ အမတွေ သူတို့သားသမီးတွေကို ရှင်ပြုနားသ အလှူလုပ်တော့ ကိုယ့်အမ မစံတို့ ဇနီးမောင်နှံ သွားကြတယ် တဲ့။ ဓာတ်ပုံတွေ ပို့ပေးလို့ ကြည့်ရတယ်။ လူတွေလဲ အသက်တွေ ကြီးကုန်ပြီနော်။ အရင်က ကိုယ်နဲ့ ဖန်ခုံတမ်း ဆော့တဲ့ မိမော်က သူကြီးကတော် ဖြစ်နေပေါ့ တဲ့။ သူ့သမီးလေး ကျော့ကျော့စံ က နားသ မှာတဲ့။ အဲဒီ ကျော့ကျော့စံ ဆိုတဲ့ နံမည်က အဖေတို့ရွာမှာ စာပေဟောပြောပွဲလုပ်တုန်းက မွေးတဲ့ကလေးမို့ စာရေးဆရာမ ဂျူးပေးသွားတဲ့ နံမည် လေ။
သူငယ်ချင်းတွေ ဖြစ်တဲ့ အတူးက ဆုံးတာ ကြာပြီ။ အရက်မူးပြီး သူများ ဓားနဲ့ ထိုးလို့ သေ ရတာတဲ့။ သူက အသားမဲမဲ လူက လုံးလုံးနဲ့ ကစားရင် အလွန်သန်တယ်။ ကိုယ့်ကိုလဲ ခင်လိုက်တာ၊ မိုးလင်းတာနဲ့ အိမ်ပေါက်ဝမှာ ဆော့ဖို့ စောင့်နေတတ်သူပေါ့။ အခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးရရှာတယ်။ မျက်နှာက ဗန်းကြီးလို ၀ိုင်းဝိုင်းကြီးနဲ့ သနပ်ခါး ပါးကွက်ကြားနဲ့ ဗန်းဌေးလဲ သားတို့အမေ ဖြစ်နေပြီ။
ရွာက ရေမရှိတဲ့ ကန်ကြီးနဲ့ ရေတွင်းလေးတွေ
ရွာရဲ့ ဈေးလေး တနေရာ
ရွာက ဆယ်ရက် တကြိမ် ဈေးလေးမှာလဲ မြေကြီးပေါ် ပုံခင်းပြီး လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ ပေါပေါများများ ရတုန်းပဲ။ ရွာကလူငယ်လေးတွေကလဲ မြို့တက်အလုပ်ရှာ၊ တချို့က မလေးရှား သွားသတဲ့။ ဒေါ်လာစကားကို လှိုင်လှိုင်ပြောသတဲ့။ ဒါပေမဲ့ ရွာကိုသွားတဲ့ လမ်းကတော့ ဆိုးတုန်းပဲ။
ရွာရဲ့ အထကကျောင်းရှေ့မှာ အဖေ့ကဗျာလေးကို အုတ်တိုင်မှာ ထွင်းထားဆဲ။
“ယောင်ယောင်နန၊ အမှောင်ကျသည့်
သန်းခေါင်ညများ ပျောက်လေပြီ …” လို့ စထားတဲ့ ကဗျာလေးပါ။
ခေါင်းလောင်းထိုးသံ မြိုင်မြိုင် ကြားရရင်တော့ သန်းခေါင်ညတွေ တကယ်ပျောက်မှာပါ လို့ တွေးနေမိပါတယ်။
မိုးချိုသင်း