ကိုယ်တို့ငယ်ငယ်က ကျောင်းသွားတဲ့ လမ်းကလေးမှာ စိန်ပန်းပွင့်တွေ ကြွေလို့။ မိုးတွေက စွေလို့။ ထီးလေးတွေဆောင်းပြီး အဖြူနဲ့ အစိမ်း ကျောင်းစိမ်းအကျီ င်္လေးတွေဝတ်၊ လွယ်အိတ်လေး လွယ်လို့ ကျောင်းကို သွားရတာ သတိရနေတယ်။
ကိုယ် လေးတန်းရောက်တော့ တီတီစီကနေ စိန့်သြဂတ်စတင်း ကျောင်းကို အဖေတို့ အမေတို့က အမတွေနဲ့ ကျောင်းတူအောင် ပြောင်းလိုက်တယ်။ ကျောင်းက အိမ်နဲ့ နီးနေတော့ လမ်းလျှောက်သွားကြရတာ။ ကျောင်းကို ရောက်ဖို့ ယူတီစီ စစ်တပ်ဝင်းကို ဖြတ်သွားကြရတယ်။ အိမ်ကနေ လမ်းလေးကူး၊ စစ်တပ်ထဲက ဖြတ်၊ ကျောင်းကို ရောက်တယ်။ ကိုယ်တို့ မောင်နှမ နှစ်ယောက်ရယ်၊ ကျောင်းသွား ကျောင်းပြန် အတူတူ သွားတဲ့ သူငယ်ချင်း နှစ်ယောက်ရယ်ပေါ့။
ကိုယ့်မှာ ကျူရှင်က သူငယ်ချင်း၊ ကျောင်းမှာတူတူထိုင်တဲ့ သူငယ်ချင်းလို့ အမျိုးမျိုး ရှိပေမဲ့ ဒီသူငယ်ချင်း နှစ်ယောက်ကတော့ ကျောင်းသွားဖော် သူငယ်ချင်းလို့ ပြောရမယ် ထင်ပါရဲ့။ ကျောင်းမှာတော့ အတန်းချင်း မတူလို့ အတူတူ မထိုင်ရပေမဲ့ ကျောင်းဆင်းတာနဲ့ အိမ်အတူတူပြန်၊ ကျောင်းတက်ဖို့လဲ ကျောင်းကို အတူတူလာတဲ့ သူငယ်ချင်း နှစ်ယောက်ပေါ့။ ခင်မာလာအောင် တဲ့၊ နောက်တယောက်က သန္တာယု တဲ့။
မာလာက ပိန်ပိန်ပါးပါး အသား ဖြူဖြူ ရုပ်ချောချော။ ထမိန်ကို ခပ်ရှည်ရှည် ၀တ်တတ်တယ်။ သန္တာယုကတော့ လွယ်အိတ်ကို အမြဲ စလွယ်သိုင်းလို့။ ယောကျာင်္းလေး ဆန်တယ်။ ဒိုင်ယာနာ ဆံပင်ပုံစံနဲ့။ မဟုတ်မခံ ဇတ်ဇတ်ကြဲ စတိုင်။ မာလာနဲ့ ကိုယ်က သီချင်းဆိုရတာ ၀ါသနာပါလို့ လမ်းတလျှောက် သီချင်းတိုးတိုး အတူတူဆိုရင် သန္တာယုက ဘယ်တော့မှ မပါဘူး။ စကားနည်းနည်း ခပ်အေးအေးပဲ ဘေးကလိုက်တတ်တယ်။
ကျောင်းလွှတ်ချိန်ဆို လူတွေက အများကြီး။ စစ်တပ်ထဲက ဖြတ်သွားကြတဲ့ သူတွေလဲ တပုံကြီး။ ကိုယ့်အုပ်စုလေးတွေနဲ့ကိုယ် အိမ်ပြန်ကြရတာ။ စကားတပြောပြော၊ သူငယ်ချင်းတွေ အကြောင်း၊ ဆရာမတွေအကြောင်း၊ ကျောင်းသင်ခန်းစာတွေ အကြောင်းပေါ့။ အရိုက်ကြမ်းတဲ့ ဆရာ၊ ဆရာမတွေအကြောင်းတော့ အပြောဆုံးပေါ့။
ကျောင်းသွားတဲ့ လမ်းကလေးကလဲ သာယာတယ်။ ယူကလစ်ပင်မြင့်မြင့်တွေက တက္ကသိုလ် ဘောလုံးကွင်းတွေဖက်က တိုက်လာတဲ့ လေတွေကို ဆီးကာပေးထားတယ်။ ယူကလစ်ရွက်တွေကို လေတိုးသံ တရွှီးရွှီးနဲ့။ နွယ်ပင်လို တိုက်ပန်းပွင့် အဆုပ်ဆုပ်တွေကလဲ လေယူရာ ယိမ်းလို့။
ကိုယ်တို့ ကျောင်းသွား ကျောင်းပြန် ဖြတ်သွားရတဲ့ စစ်တပ်ဆိုတာကလဲ ဘာမှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မဟုတ်ပါဘူး။ မရွှင်တဲ့ မျက်လုံးနဲ့ စစ်သားပိန်ပိန်လေး တယောက် ကင်းတဲလေးမှာ စောင့်လို့။ ကားအ၀င်အထွက် စစ်တဲ့ ဂိတ်တားကြီး ဘေးမှာ ဒီလိုပဲ ထိုင်နေတာပါပဲ။ ကားအ၀င်အထွက်လဲ တွေ့တာ ရှားပါတယ်။
တက္ကသိုလ်ကျောင်းသားတွေကို လေ့ကျင့်ပေးတဲ့ တပ်မို့လို့လား မသိ။ ဘယ် ညာ၊ ဘယ် ညာ ဆိုတဲ့ လေ့ကျင့်သံကို တနှစ်လုံးနေမှ ၂ခါလောက် တွေ့ဖူးတာပါ။ ကြည့်လိုက်ရင် စစ်သား မိသားစုတွေ ကလေးတွေ တို့လို့တွဲလောင်းချီလို့သာ တွေ့ရတတ်တယ်။ ကလေးလေးတွေကလဲ သနပ်ခါးဘဲကြားလေးတွေနဲ့ ခါးထစ်ခွင်ထဲကနေ ကိုယ်တို့ ကျောင်းသူ ကျောင်းသားတွေကို ငေးနေတတ်တယ်။
သူတို့ ဇနီးမယားတွေကိုတော့ ကျောင်းရှေ့က တပ်ဝင်းထဲမှာ အအေး ရောင်းလို့တမျိုး ပြောင်းဖူးရောင်းလို့ တဖုံ တွေ့ရတတ်သေးတယ်။ တပ်တွင်းမှာ ကြက်တွေ ၀က်တွေလဲ မွေးပါသေးတယ်။ တခါတလေ ၀က်တွေ ပြေးလာလို့ ရှောင်ရ ရှားရတာမျိုး ကြုံဖူးတယ်။
အများအားဖြင့် ရိုးရိုးသားသားနေကြ၊ လခနဲ့ မလောက်ငလို့ ကိုယ့်ဝမ်းကိုယ့်ကျောင်း မွေးမြူရေး လုပ်ကြနဲ့ နေပုံပါပဲ။ ဘာမှလဲ ကိန်းခမ်း မရှိတာမို့ ကိုယ်တို့ ကလေးတွေ အဖို့မှာ စစ်တပ်ကို ကြောက်စရာရယ်လို့ မမြင်။ ဘာသိဘာသာ အေးအေးချမ်းချမ်းပဲ သွားလာနေခဲ့တာပါ။ ဒါက အခြေခံလူတန်းစား စစ်တပ်လေးမို့ ဖြစ်မှာပေါ့။
ကိုယ်တို့ ကြီးပြင်းလာတော့ သူငယ်ချင်းတွေလဲ တကွဲတပြားစီ ဖြစ်ကုန်ကြပြီ။ သူတို့လဲ ဘွဲ့တွေရ၊ အိမ်ထောင်တွေကျ ကုန်ပြီထင်ပါရဲ့။ ကိုယ်တို့လဲ ဆယ်တန်းပြီးလို့ အိမ်ပြောင်းလာကတည်းက ကျောင်းသွားဖော် သူငယ်ချင်းလေးတွေနဲ့ ဝေးသွားတာ ခုထိပဲ။ တခါမှကို ပြန်မတွေ့တော့ဘူး။
ကိုယ်အိမ်ထောင်ကျအပြီး တခါလှည်းတန်းဈေးမှာ ကိုယ်တို့နှစ်ယောက် လမ်းလျှောက်လာတုန်း သန္တာယု အကို ကိုကျော်မင်းယု နဲ့ တွေ့တယ်။ ကိုယ့်အမျိုးသားနဲ့ သူကလဲ ကျောင်းနေဖက် သူငယ်ချင်းတွေ တဲ့။ သူတို့ ဖက်လှဲတကင်း နှုတ်ဆက်ကြတော့ ကိုယ့်သူငယ်ချင်းလေးကို မေးမိသေးတယ်။
အချိန်တွေကြာချင် ကြာပေမဲ့ ဘယ်မေ့နိုင်ပါ့မလဲ။ မတရားအဖမ်းခံရတဲ့သူတွေလဲ ခုထိ မလွတ်သေးဘူး။ မိသားစုတွေ တကွဲတပြား။ ကျောင်းသားတွေနဲ့ ကျောင်းနဲ့က တနေရာစီ။ ကျောင်းတွေလဲ မြို့ပြင်ရောက်။ ငယ်ဘ၀တွေမှာ စစ်တပ်ထဲက ဖြတ်ပြီး နေ့စဉ်နေ့တိုင်း ကျောင်းသွားခဲ့ရကြတဲ့ ကျောင်းသူ ကျောင်းသားတွေက အခုတော့ စစ်ခေါင်းဆောင်တွေရဲ့ ထောင်သွင်း အကျဉ်းချခံနေရတယ်။ နောက်ထပ်လဲ မတရားအမှုတွေဆင်ဖို့ တပြင်ပြင်လုပ်နေတယ်။
ရန်ကုန်မှာ ရှိတုန်း ကိုယ်တို့ ကျောင်းလေးနား ဖြတ်သွားစဉ်က ကျောင်းသွားနေကျ လမ်းကလေးဘေး စစ်တပ်ကလေးကတော့ ဒုံရင်း ဒုံရင်းပါပဲ။ ဘာမှလဲ တိုးတက် မဖွံ့ဖြိုးလာ၊ ကြက်တွေ ၀က်တွေ မွေးပြီး ကျားကန်နေရဆဲပါပဲ။ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေကတော့ ပြည့်သူ ဘဏ္ဍာတွေနဲ့ အကြွယ်ဝကြီး ကြွယ်ဝပြီး အာဏာရူးတုန်း စစ်သွေးဆာတုန်းပါပဲ။
သန္တာယု အကို ကိုကျော်မင်းယု (ကိုဂျင်မီ)က ၆၅ နှစ်၊ သူ့အမျိုးသမီး မနီလာသိန်းက ၆၅နှစ်။ အဖေရော အမေရော ထောင်ထဲမှာဆိုတော့ အိမ်မှာကျန်နေတဲ့ လသားအရွယ် သမီးငယ်လေးကို ကလေး မိဘအစား ကိုယ့်သူငယ်ချင်း အဒေါ်လုပ်သူက ကမ္ဘာမကြေ သီချင်းဆိုပြီး သိပ်နေရလေသလား။
ဘာရယ် မဟုတ်ပါဘူး။ ကျောင်းဖွင့်ချိန်ရောက်လို့ ကျောင်းသွားဖော် သူငယ်ချင်းလေးတွေကို သတိရမိတာလေးတွေပါ။