ဘလော့ဂ်လောကထဲရောက်လာတော့ သူငယ်ချင်းဆိုရင် အရမ်းခင်တတ်တဲ့ ကိုယ်က ဘလော့ဂ်ဂါ သူငယ်ချင်းတွေ ထပ်တိုးလာလို့ ၀မ်းသာရတာပေါ့။
အရင်ကဆို ဘလော့ဂ်ဖတ်တော့မယ်ဆိုရင် ဆရာမမေငြိမ်းဘလော့ဂ်ကို အရင်သွား၊ ဆရာမ လင့်ခ်ထားတဲ့ အထဲက ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ်တွေကိုသွား လည်၊ ဖတ်ပြီးရင်လည်း ကျေနပ်လို့..။ တနေ့တာ တာဝန်ပြီးဆုံးသွားသလိုမျိုး။
အဲဒီတုန်းက ဇော်ဂျီဖောင့်လဲ ကောင်းကောင်းမသုံးတတ်သေးတော့ လေးထောင့်တုံးတွေနဲ့ ရင်းနှီးနေရတဲ့ ကာလတွေ..။ firefox နဲ့ဖတ်မှ အမှန်မြင်ရတာ။ အခုတော့ စာလဲ ကောင်းကောင်း ရိုက်တတ်သလိုလို ရှိပြီ။ သွားလည်ပြီး စာဖတ်လို့ သဘောကျရင် ကွန်မန့်လေးတွေရေး၊ ခြေရာလေးတွေ ချန်ခဲ့တတ်ပြီ။
သူငယ်ချင်းဆိုတာကလဲ ရေးရရင်တော့ ရေးစရာတွေ တပုံကြီးပေါ့။
အိမ်မှာ အဖေက စ လို့ မိတ်ဆွေ အပေါင်းအသင်း အရမ်းခင်တယ်။ စနေ၊ တနင်္ဂနွေလို နေ့တွေမှာ ကိုယ်တို့အိမ်ရှေ့ ခြံကွက်လပ် ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်းနဲ့ လက်ဖက်သုတ်နဲ့ လက်ဖက်ရည် နဲ့ တအုံတမကြီး တနေ့လုံး နေကြတာပါ။
ကိုယ်တို့အဖို့မှာလဲ ဒီမြင်ကွင်းတွေက မဆန်းတော့ပါဘူး။ တခါတလေ လူကြီးတွေဝိုင်းထဲဝင်၊ နားထောင် ပေါ့။ အမေကတော့ နောက်ကနေ ဒိုင်ခံ စားရေးသောက်ရေး စီစဉ်၊ လုပ်ကိုင်ပေးတယ်။ တခါမှ အဖေ့မိတ်ဆွေတွေကို ငြိုငြင်တာ မတွေ့ဖူးဘူး။
မိတ်ဆွေတွေကလဲ တဆိုက်ဇ် တည်း မဟုတ်ကြဘူး။ လူကြီးလူငယ်၊ ပုပု ၀၀ ဆိုက်ဇ်စုံပါ။ ရောက်တတ်ရာရာ စပ်မိစပ်ရာတွေ ပြောကြတာ။ နားထောင်လို့တော့ သိပ်ကောင်းပဲ။ လူငယ် ကဗျာဆရာတွေလည်း ပါကြတာမို့ ဆံရှည်ကိုယ်တော်တွေလဲ ပါပါတယ်။
သူတို့တွေ ကဗျာရွတ်ကြရင် ကိုယ်တို့က ကလေးတွေဆိုတော့ နားလည်း မလည်လို့ ကြိတ်ပြီး ရီကြတာပေါ့။ သူတို့တွေ အတည်ပေါက် စပ်လာသမျှ ကိုယ်တို့ ညီအမတွေနဲ့တွေ့ရင် ပျက်တာပါပဲ။ ကိုယ်တို့ ညီအမတွေက အရီလဲသန်ကြတယ်။
ငါ့ရင်အုံကြီးက ပွင့်ထွက်ပြီး..(ခွိခွိခွိ)
ငါးမျှားတံ ထိပ်မှာ ငါ့အလွမ်းတွေ ချိတ်လို့ ..(ဟိဟိ)
အဲဒါဟာ ငါ့ အံဖတ်တွေပေါ့…(ဟားဟားဟား)
ဟေ့ ကလေးတွေ သွားစမ်း၊ သွားစမ်း။ ရှုပ်လိုက်တာ အော် ငါ့ကလေးတွေနှယ်..။ အဖေက ကိုယ်တို့ကို မောင်းထုတ်လိုက်ပါတယ်။ ဟန်ပန်အပြည့်နဲ့ ရှေ့တိုးနောက်ငင် ကဗျာရွတ်နေတဲ့ ကဗျာဆရာလဲ မုဒ် ပျက်ပါလေရော။
အဲဒီလို စကားဝိုင်းတွေ၊ ကဗျာရွတ်ပွဲတွေကလဲ အပတ်တိုင်းလိုလိုမှာ ညနေရောက်ရင်တော့ လူစုခွဲကြပြီး တယောက်လည်ပင်း တယောက်ဖက်ပြီး ပြန်ကြတာပါ။ လူပုံတွေကသာ ကြမ်းချင်ကြမ်းမယ်၊ အမူအရာ၊ စိတ်နေစိတ်ထားတွေကတော့ ယဉ်ကျေးကြပါတယ်။ အနုပညာသမားတွေ မဟုတ်လား။ ခဏခဏလဲ ငိုကြတယ်။ :P
တမနက်မှာတော့ ကိုယ်က နိုးလာတော့ အိမ်ရှေ့ ဧည့်ခန်းမှာ ခြင်ထောင် ထောင်ထားတာ တွေ့ပါတယ်။ ကိုယ်ကလဲ ကိုယ့်အမ မအေးလို့ ထင်လိုက်တယ်။ သူက တခါတလေ အိမ်ရှေ့ ထွက်အိပ်တတ်တယ်လေ။
ဒါနဲ့ စ ချင်တာနဲ့ ခြင်ထောင်ကို ဖွင့်မကြည့်မိဘဲ ခြင်ထောင်ကြိုးတွေ အကုန်ဖြုတ်လိုက်ပြီး သူ့ကို ပိုးတုံးလုံးလို ခြင်ထောင်နဲ့ လိပ်ထားလိုက်တယ်။ သူကလဲ တုပ်တုပ်မှ မလှုပ်ပါဘူး။ တရှုးရှူးနဲ့ အိပ်ကောင်းနေတာပါ။ ကိုယ်ကလဲ တွေ့ကြသေးတာပေါ့ ပေါ့လေ။
ပြီးတော့ ခြင်ထောင်အပြင်ဖက်ကနေ သူ့ခြေမ ရှိတဲ့နေရာကို စမ်းပြီး အတင်းချိုးလိုက်ပါတယ်။ ထ တော့ မအေး၊ ထ တော့ ပေါ့။ သူကလဲ မလှုပ်သေးဘူး။ ကိုယ်ကလဲ အဲဒီအမကို အရမ်းချစ်၊ အရမ်းနိုင်လေတော့ သူ့ခြေထောက်တွေကို ဆိတ်ဆွဲ လိမ်ပြီး နှိုးတယ်။ အင်း အင်း လို့တော့ အသံထွက်လာတယ်။ လုံးလုံး မနိုးဘူး။
အဲဒီတုန်းက ကိုယ်က တကယ့်ကလေးဆိုတော့ ဘာမှ မသိသေးတာပါ။ ဒါနဲ့ ခြင်ထောင်အဖြူကြီး အုပ်လို့ ပိုးတုံးလုံးလို ဖြစ်နေတဲ့ သူ့ကိုယ်ပေါ်ကို ကိုယ်က ခြေထောက်ကနေ ပြေးတက်လိုက်ပါတယ်။ အဲလို ပြေးတက် ပြေးဆင်းနဲ့ နှိုးနေတာ ၃ခါလောက်လဲ လုပ်မိရော၊ ၀ူးဝူး ၀ါးဝါးနဲ့ ပိုးတုံးလုံးကြီး ထ ထိုင်ပါတယ်။
ကိုယ်လဲ မအေး နိုးပြီကွ ဆိုပြီး ၀မ်းသာအားရ နဲ့ ခြင်ထောင်ကို ဆွဲဖယ်လိုက်တာ အသားမည်းမည်း နှာခေါင်းချွန်ချွန်နဲ့ အဖေ့မိတ်ဆွေ ကဗျာဆရာ ဖြစ်နေတာ တွေ့လိုက်ရတယ်။ အမလေး လန့်လိုက်တာ မပြောပါနဲ့တော့။ ကြောက်အားလန့်အားနဲ့ သူ့မျက်နှာကို ဘုန်း ဘုန်းနဲ့ ယောင်ပြီး ထုလိုက် ရိုက်လိုက် ပါသေးတယ်။ ပြီးမှ အိမ်ခန်းထဲ ၀င်ပြေးတော့တာ။
တကယ်တော့ သူက အဲဒီတုန်းက ရွှေဘိုဆောင်မှာ နေနေတာတဲ့။ ညမှာ ကိုယ်တို့အိမ်ကနေ အဆောင်ပြန်တော့ မန်းငွေအောင်တို့ မြန်မာ့အသံကို လောင်ချာနဲ့ပစ်တဲ့နေ့မို့ အဲဒီရွှေဘိုဆောင်နားမှာ အပစ်အခတ်တွေ ဖြစ်ကြတယ်။ ဒါနဲ့သူလဲ အဖေ့ဆီ ပြန်ပြေးလာလို့ အိမ်မှာပဲ အိပ်ခိုင်းလိုက်ရတာ ဆိုပဲ။ ကိုယ်က စော အိပ်သွားတော့ မသိလိုက်ဘူးလေ။
ကိုယ် ကြီးလာလို့ စာလေး ဘာလေးရေးတော့ လက်ဖက်ရည်ဆိုင် ထိုင်တုန်း အဲဒီ ဦးကို လေထန်ကုန်းမှာ တခါတွေ့သေးတယ်။ ကိုယ်တို့မိသားစုက အဖေ့မိတ်ဆွေလဲ ကိုယ့်မိတ်ဆွေဖြစ်၊ ကိုယ့်သူငယ်ချင်းလဲ အဖေ့သူငယ်ချင်းဖြစ် ဆိုသလို ရောထွေးခင်တတ်ကြပေမယ့် ဒီတယောက်ကိုတော့ ကိုယ့်ကို မမှတ်မိပါစေနဲ့လို့ ကြိတ်ဆုတောင်းနေရပြီး မျက်နှာခပ်လွှဲလွှဲနေခဲ့ရပါကြောင်း။ ။
မိုးချိုသင်း