လူတွေက ဘ၀မှာ အနည်းဆုံး တခုခုတော့ စွဲလန်းနှစ်ခြိုက်ကြတာပဲ။ တချို့က အစားအသောက်ကို မက်မောတယ်၊ ဘ၀မှာ ဘာမှမရှိရင်နေပါစေ၊ ကောင်းကောင်းလေး စားရရင် တော်ပါပြီ တဲ့။ တချို့ကတော့ ငွေ ဆိုမှ ငွေပဲ။ တချို့ကတော့ ရာထူး ဂုဏ်သိန်တွေကို အလေးထားပြန်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့။
ကိုယ့်အမျိုးသားကလဲ အရင်က တော်တော် အမေးအမြန်းထူတာပါ။ ဂျာနယ်လစ်တွေများ အရင်ဘ၀က ဖြစ်ခဲ့သလားမသိ။ ကိုယ့်ကိုလဲ ရည်းစားဘ၀တုန်းက လာမေးသေးတယ်။ ချိုသင်းက ဘ၀မှာ ဘာကို ကြိုက်သလဲ တဲ့။ ကိုယ်လဲ ဒီလို ဒဲ့ ကြီး လာမေးမယ်မထင်လို့ အဖြေကို အိမ်မှာ ကြိုမကျက်လာမိဘူး။ အဲဒီတော့ စဉ်းစားရတာပေါ့။
ဒါနဲ့ ကိုယ့်အမအကြီးဆုံး မစံ ပြောဖူးတဲ့စကား သတိရမိတယ်။ သူက အကြီးဆိုတော့ တနေ့တနေ့ ဟင်းချက်ဖို့ စဉ်းစားရတာ ဦးနှောက်ခြောက်လွန်းလို့ တယောက်ကြိုက်ရင် ကျန်တယောက်က မကြိုက်ဆိုတော့ မောင်နှမတွေအကြိုက် တလှည့်စီ ချက်ရတယ်လေ။ အမ အလတ် မအေးက အစပ်ပါတဲ့ ဟင်းဆို ပြီးပြီ။ တရှူးရှူး တရှဲရှဲနဲ့ စားတော့တာပဲ။ အမ အငယ် မနှင်းကတော့ ဟင်းသီးဟင်းရွက် ကြိုက်တယ်။ အရွက်ကြော်တွေဆို သူက အားရပါးရ စားတော့တာပဲ။ ကိုယ်တို့ အငယ်နှစ်ယောက်ကိုတော့ ဘာကြိုက်သလဲ သွားမမေးနဲ့ တဲ့၊ ကောင်းတာမှန်သမျှ အကုန်ကြိုက်တာပဲ တဲ့။
အဲဒါနဲ့ ကိုယ်လဲ သူပြောတဲ့စကား သတိရပြီး အကောင်းဆို အကုန်ကြိုက်တယ် လို့ ဖြေလိုက်တယ်။ (focus တခုတည်း မထားဘဲ ဖြန့်ထားတဲ့သဘော)
အဲဒီလို ဖြေလိုက်တော့ သူလဲ တော်တော် အူသွားတာပါ။ ကိုယ်ဖြေတာ ဘောင် ကျယ်တယ်လေ။ ဥပမာ ဒီ အကျီ င်္လေး ကြိုက်လိုက်တာ ဆိုရင် မင်းပဲ အရင်က ဒါမျိုးတွေ မကြိုက်ဘူးဆို.. ဆိုပြီး လုပ်လို့ မရပါဘူး။ အကောင်းကြိုက်တယ်လို့ ပြောထားတယ် မဟုတ်လား။ ဒီဟင်းက ဈေးကြီးပေမဲ့ အရမ်းစားချင်လို့ မှာမယ်နော် လို့ ပြောရင်လဲ မင်းပဲ ဘာနဲ့ပဲဖြစ်ဖြစ် စားနိုင်တယ်ဆို.. လို့ မျက်မှောင် မကြုတ်လေနဲ့ပဲ။ ကိုယ်က ကြို declare လုပ်ထားပြီးသား။ အဲဒီတော့ သူလဲ ဘာမှ မပြောသာဘူးပေါ့။ (အဖြေမှန်သွားတယ်၊ ညီမလေး ၁ မှတ်ပေါ့)
ဒီလို သူ့အကြိုက် ကိုယ့်အကြိုက်လေးတွေ ပိုက်ပြီး ချီတက်နေကြတဲ့အထဲမှာ အဖေ့အကြိုက်ကတော့ အန္တရာယ် တော်တော်များတာပါ။ အဖေ ကြိုက်တာ ဆေးလိပ် လေ။
အဖေက ဆေးလိပ်ကို တကယ့်ကို မက်မက်မောမော နှစ်သက်တာ..။ အထူးသဖြင့် ဆေးပေါ့လိပ်ပေါ့။ ဆေးလိပ်က သူ့အဖော် တဲ့။ အခုလို ကိုယ့်တိုင်းပြည်နဲ့ ဝေးရာမှာ နေရတယ်ဆိုတော့ အဖော်မရှိဘူး၊ ဗမာပြည်လွမ်းတယ် ဆိုပြီး အကြောင်းပြလို့ ပိုကောင်းနေတာပေါ့။
ကိုယ်တို့က အဖေ့ကို ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေ နောင်မှာ ခံစားရမှာ စိုးရိမ်တယ်။ အဖေ ဆေးလိပ်တွေ သောက်လွန်းလို့ အမောမခံနိုင်တာလဲ သိသာတယ်။ အဲဒီတော့ သမီးတယောက်အနေနဲ့ တကယ်ပဲ စိတ်ပူမိပါတယ်။ ဒါပေမဲ့ တားရမှာလဲ မတားရက်ဘူး၊ သောက်နေတာလဲ မကြည့်ချင်ဘူး၊ အရမ်း ဒွိဟ ဖြစ်ရတဲ့ အချိန်ကာလ တွေပေါ့။
အဖေက ကိုယ်တို့ အိမ်နားက မက္ကစီကန် ဆေးလိပ်ဆိုင်လေးရဲ့ ပင်တိုင် ဖောက်သည်ကြီး။ တခါ ၀ယ်ရင် ဗူးလိုက် မ၀ယ်ဘဲ၊ အတောင့်လိုက်ဆွဲတာ ဆိုတော့ ဟိုက မီးခြစ်ကလေးတွေ လက်ဆောင်ပေးတာ ပြုံးပြုံး ပြုံးပြုံး နဲ့ ကျေနပ်ပြီး ယူလို့။ ဆေးလိပ်လေးဖွာလိုက်၊ စာလေး တကုန်းကုန်းနဲ့ ရေးလိုက်နဲ့ဆိုတော့ ဘယ်သူက ပြောရက်မှာလဲလေ။ ဆေးလိပ်ဖြတ်ခိုင်းတာကို ငယ်ချစ်ကလေးနဲ့ မခွဲနိုင် ဘာညာ ကဗျာတွေ စပ်နေတာပါ။
တနေ့တော့ ဆရာဝန်က အခုလိုနှုန်းအတိုင်း ဆေးလိပ်သောက်နေရင် အောက်စီဂျင်ဗူးနဲ့ လမ်းသွားနေရမယ်လို့ ခြောက်လိုက်တယ်။ အဲဒီနေ့ ဆေးခန်းက ပြန်လာတော့ သုံးယောက်စလုံး မျက်နှာမကောင်းဘူး။ အဖေကတော့ လွယ်အိတ်ကလေးလွယ်ပြီး ခေါင်းငိုက်စိုက် ချလို့။ ကိုယ်တို့လဲ အဖေ သိပ်များ စိတ်မကောင်းဖြစ်နေသလား ဆိုပြီး တိတ်တိတ်ပဲ ဘေးကနေ လိုက်လာတယ်။ စာလို ပြောရရင်တော့ အသံတိတ် လမ်းလျှောက်ကြသည် ပေါ့။
တနေရာရောက်တော့ အဖေက ဗြုန်းကနဲ ရပ်လိုက်တယ်။ ကဲ သမီးတို့၊ ဒီနေ့က စပြီး အဖေ ဆေးလိပ်ဖြတ်ပြီကွာ တဲ့။ တကယ်ကို ဆွေးဆွေးမြေ့မြေ့ ပြောတာပါ။ ကိုယ်ကလဲ ဒါမျိုးတွေ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားဖူးပြီး ပြန်ပြန်သောက်ထားတဲ့ ရာဇ၀င်က ရှိထားတော့ ရိုးဟိုးဟိုး..လို့လဲ လူကြီးကို ဒီအချိန်မှာ သွားမပြောရဲဘူး။ သိပ်ကောင်းပါတယ် အဖေ၊ ဒီလိုပဲ ဖြစ်သင့်ပါတယ် အဖေ ပေါ့။ ခေါင်းတညိတ်ညိတ်ပေါ့။
ဒီလောက်နဲ့ ဇာတ်လမ်းက ဘယ်ပြီးမလဲ။ အဖေက ကိုယ်တို့နှစ်ယောက် အရိပ်အခြေကို ကြည့်ပြီး သူ့ကို သိပ်မယုံဘူးဆိုတာ အကဲခတ်မိပုံရတယ်။ လူကြီးပဲ..ငါသိပါတယ်၊ ငါ ငယ်ရာက ကြီးလာတာပါ၊ မင်းတို့ မယုံဘူး မဟုတ်လားပေါ့ (အဖေ့ စိတ်ထဲကပြောနေတာကို ရေးပြနေတာပါ) အဲဒီတော့ မာန်ပါပါနဲ့ သွားကွာ..ဆိုပြီး ဆေးလိပ်ဗူးကို ဘေးက ချုံပုတ်နား ပစ်တင်ပစ်လိုက်တယ်။
ကိုယ်တို့နှစ်ယောက်လဲ မျက်လုံးပြူးသွားတယ်။ ဟာ အဖေ တကယ်ကြီးလုပ်တော့မယ် ထင်တယ်လို့ ဖြစ်သွားတယ်။ performance တွေ သိပ်အားကောင်းနေပြီဆိုတော့ ယုံရမလိုလို ဖြစ်လာတယ်။ ချက်ချင်းပဲ အဖေ့ကို သနားသွားတယ်။ အဖေ ဆေးလိပ်ကို သိပ်ကြိုက်ရက်နဲ့ ဖြတ်ရတော့မယ်ဆိုပြီး အိမ်ပြန်တဲ့လမ်းတလျှောက် ၀မ်းနည်းနေမိတာ။ အဲဒီတော့ အဖေကြီး၊ အားမငယ်နဲ့ သမီးတယောက်လုံးရှိတယ်ဆိုပြီး အားပေးချင်စိတ်တွေ ၀င်လာတယ်။ ဒါနဲ့ အိမ်ပြန်အရောက် ကားပေါ်ကဆင်းတော့ ကိုယ်လဲ အဖေ့ကို 'အဖေ့လွယ်အိတ်ပေးလေ၊ ချိုသင်း လွယ်ခဲ့ပေးမယ်' လို့ ပြောလဲပြော၊ ဆွဲလဲယူလိုက်တယ်။
အဲဒီတော့ အဖေက သူ့ အိတ်ကို မသိမသာ အတင်းပြန်ဆွဲထားတာပါ။ သူဆွဲ ကိုယ်ဆွဲနဲ့မို့ ကိုယ်လဲ ဘာများဖြစ်ပါလိမ့်မလဲလို့ လွယ်အိတ်ထဲ လှမ်းကြည့်မိတော့ လား..လား..ဆေးလိပ်ဗူး အသစ်တွေမှ ၃၊ ၄ ဗူးပဲ တွေ့တယ်။ ခုနက လွှင့်ပစ်ခဲ့တာ ဗူးအခွံကြီး..။ အဲဒီလိုမျိုး..။
နောက်တခါကတော့ စားသောက်ဆိုင်မှာ သွား စားတုန်းကပါ။ စားပြီးသောက်ပြီးတော့ အဖေက ဆေးလိပ်သောက်ချင်တာကို မပြောဘဲ အပေါ့အပါးပဲ သွားလိုက်အုံးမလိုလို အိမ်သာဖက်ကို လက်ညှိုးထိုးပြပြီး ထ ထွက်သွားတာ။ ကိုယ်တို့ကလဲ သိတယ်။ ဒါပေမဲ့ အသာနေလိုက်တယ်။ နောက်တော့ ပိုက်ဆံတွေဘာတွေ ရှင်းပြီး အပြင်ကို ခပ်မြန်မြန်ပဲ လိုက်ထွက်လိုက်တယ်။
ပထမတော့ အဖေ့ကို မမြင်မိဘူး။ ဆိုင်ဘေးမှာ evergreen ခရစ်စမတ်သစ်ပင်လေးက အုပ်အုပ်ဆိုင်းဆိုင်းလေး ရှိနေတာကိုး။ ဒါပေမဲ့ ခက်တာက အဲဒီအပင်သေးသေးရဲ့ ထိပ်မှာ မီးခိုးလေးတွေ ထွက်နေတာပါ။ အဖေက ကိုယ်တို့ထွက်လာတာမြင်တော့ ဆေးလိပ် သောက်နေတာကို မြင်မှာစိုးလို့ မျက်နှာကို အပင်ထဲ စိုက်ထားလိုက်တာ။ ဒါပေမဲ့ အပင်ထဲ ခေါင်းလေးသာ ၀င်နေပြီး ကိုယ်လုံးကြီးကိုကျတော့ အဖေ့သမီးက မမှတ်မိနိုင်လောက်ဘူး ထင်နေတာလေ။ ဖြစ်မှ ဖြစ်ရလေ..။
ဒီလိုနဲ့ အဖေ ဆုံးသွားတဲ့အထိ ဒီဆေးလိပ်ကို မဖြတ်နိုင်ခဲ့ပါဘူး။ အဲဒီအတွက် မကောင်းမှန်းသိပေမဲ့လည်း စိတ်ထဲမှာ တမျိုးတော့ ကြံဖန် ဖြေနိုင်ခဲ့ပါတယ်။ အဖေ ချစ်တဲ့ တိုင်းပြည်နဲ့ ဝေးနေရပေမဲ့လည်း ကြိုက်တဲ့ဆေးလိပ်နဲ့တော့ ဝေးတသက်သက် ဖြစ်မသွားရဘူးလို့လေ..။ ခံစားမှုကို ဦးစားပေးတယ်လို့လဲ ဆိုချင် ဆိုကြပါစေတော့..။
မိုးချိုသင်း