ဒီနေ့တော့ စကားတွေ ပြောကြတာနဲ့ ပတ်သက်ပြီး ကိုယ်စဉ်းစားမိတာလေးတွေ ရေးကြည့်မလို့ပါ။
လူတွေ တယောက်နဲ့တယောက် ပြောဆို ဆက်ဆံကြတဲ့အခါ ပြောတဲ့စကားက ဘာကို ဆိုလိုသလဲဆိုတာ သိမှ နားထောင်တဲ့လူက ပြန်ပြော၊ ပြန်ဖြေနိုင်တာမျိုး မဟုတ်လား။ အဲဒီတော့ လူတွေက စကားပြောကြပြီဆိုရင် သူ့စတိုင်နဲ့သူ၊ သူ့ဝသီနဲ့သူ ပြောတတ်ဆိုတတ်ကြတယ်လေ။ အဖေ့မိတ်ဆွေတွေထဲမှာကို စတိုင်အမျိုးမျိုးနဲ့ အများကြီးတွေ့ရတယ်။
တချို့ကျတော့ စကားစ ပြောရင် သမိုင်းနဲ့ ချီတယ်။ တကယ့်လိုရင်းက ခုနကလေးတင် ဖြစ်သွားတဲ့အကြောင်း ပြောမလို့။ ဒါပေမဲ့ အစချီတော့ ဘိုးတော်ဘုရား လေးဖက်သွားတဲ့ ခေတ်ကနေ စ ပြောတယ်။ အဲဒီတော့ နားထောင်ရတဲ့လူက focus တွေ ဝေ ၀ါးကုန်တယ်။ သူပြောချင်တာ သမိုင်းကို ပြောချင်တာ ထင်တယ်တို့ ဘာတို့ ဖြစ်ကုန်တယ်။ အပျိုး များသွားတယ် ဆိုပါတော့။
တချို့ကျတော့လဲ ကျောင်းဆရာလုပ်လာတာ နှစ်ကြာလာတော့ အရိုးစွဲသွားတာမျိုး ရှိတတ်သေးတယ်။ သူက နားထောင်နေတဲ့သူကို ပြန်မေးတာ။ ကျောင်းသားကို စာမေးသလိုမျိုး။ စကားတ၀က်မှာ ရပ်ပြီး အဲဒီတော့.. ဘာဖြစ်သလဲ..တဲ့။ အဲဒီအခါ နားထောင်နေတဲ့ကိုယ်က စကားထောက်ပေးရတော့တာ။ သူက ဒီလို ဖြတ်ဖြတ်မေးနေတော့ သူ့စကားကို အမြဲစူးစိုက်နေမှကို ဖြစ်တော့မယ်လေ။ ဒါမှ ထောက်လို့ ရမှာပေါ့၊ ဟုတ်ဖူးလား။
ကိုယ်တို့မိဘတွေက ဆရာ၊ ဆရာမ အသိုင်းအ၀ိုင်းဆိုတော့ ဒါမျိုးတွေ ခဏခဏ ကြုံရတတ်တယ်။ အကျင့်ကြီးကို ပါနေတာပါလေ။ အဲဒီလို လူမျိုးတွေနဲ့တွေ့ရင်တော့ ကိုယ်တို့က မအောင့်နိုင်ဘဲ အရယ်သန်သူပီပီ သူ့ရှေ့မှာပဲ တခွိခွိ နဲ့ ရီမိတော့တာပဲ။ ပြောတဲ့သူကတော့ ဘာကို ရီမှန်းမရိပ်မိလို့ အံ့သြလို့။ သူ့အဖို့တော့ ဘာမှ မထူးဆန်းဘူးလေ။ နိစ္စဓူဝ ကျောင်းသားတွေကို စာသင်သလိုပဲ ပြောနေမိတာကိုး။
အဲဒီတော့ ဘာဖြစ်သလဲ သမီး..။
ခွိခွိ ခွိ ဘာမှ မဖြစ်ပါဘူး ဦး၊ ခွိ ခွိ..
အဖေ့မိတ်ဆွေ ဂီတဆရာတယောက်ကတော့ စကားကို တ၀က်ပဲ ပြောတယ်။ သူက အတွေးထဲမှာ ရှေ့က တ၀က်ကို ပြောပြီးသွားပြီ။ အဲဒီတော့ နောက်ဆုံးစကားလုံးလောက်ပဲ ပြောလိုက်တယ်။ နားထောင်ရတဲ့သူက တ၀က်တန်းလန်းကြီးနဲ့ ဘာကိုဆိုလိုမှန်း မသိ ဖြစ်ရတယ်။ ပြီးတော့ လူကလဲ ညင်သာယဉ်ကျေးလေတော့ အသံက တိုးတိုးလေး။ သူ တနာရီလောက် တိုးတိုး တိုးတိုးနဲ့ ပြောသွားရင် ကိုယ်တကယ်သဘောပေါက်တာက တလုံး နှစ်လုံးလောက်ပဲ ဖြစ်နေတယ်။ တကယ့်သေရေး ရှင်ရေး ဆို ဒုက္ခ။
နောက်တယောက်ကတော့ ကိုယ်တို့မိသားစုနဲ့ အရမ်းခင်တဲ့ ပန်းချီဆရာ။ သူကတော့ စကားပြောရင် subject တွေ အကုန် ဖြုတ်ခဲ့တယ်။ verb လောက်ပဲ ပြောတယ်။ ဥပမာ..
“အဲဒီတော့ … ဖြစ်တယ်၊ ဖြစ်တယ်”
“ဘာဖြစ်တာလဲ ဦး၊ ဘာတွေ ဖြစ်ကုန်တာလဲ”
“အော်..မြို့ထဲမှာ အရေးအခင်းတွေ ဖြစ်တာကို ပြောတာပါ”
“ဟင် ဟုတ်လား၊ ဘယ်နားမှာလဲ”
“ရှိတယ် ရှိတယ်..”
“ဘာရှိတာလဲ ဦး”
“အော်..ထောက်လှမ်းရေးတွေ ရှိနေတာကို ပြောတာ သမီး”
“အဲဒီတော့ ဘာဖြစ်ကုန်သလဲ ဦး”
“ပါကုန်တယ် ပါကုန်တယ်..”
“ဘာလဲ ကျောင်းသားတွေ ပါကုန်တယ် ပြောတာလား”
“အေး ဟုတ်တယ်၊ ပါကုန်တယ်”
ကဲ စဉ်းစားသာ ကြည့်ကြပါတော့ အရပ်ကတို့။ အဲလိုမျိုးနဲ့ ကိုယ်သိချင်တဲ့ သတင်းကို မေးနေရတာပါ။ တကယ်တော့ သူက မြို့ထဲက ပြန်လာတာမို့ ကိုယ်တို့ကို ဒီသတင်း ပြောပြချင်လွန်းလို့ အပြန်မှာ အိမ်ကို ၀င်လာတာ။ သူက အခုလို verb လေးတွေပဲ ပြောတဲ့အခါကျတော့ စကားတခု လိပ်ပတ်လည်ဖို့ ပဟေဠိဖော်နေရသလိုပါ။
ဒါနဲ့ ကိုယ်လဲ ဒီလိုအသိုင်းအ၀ိုင်းမှာ ကြီးပြင်းခဲ့ရတော့ စကားပြောရင် သတိထားပါတယ်။ ကိုယ်ပြောတာ သိပ်ရှည်နေမလား၊ မြန်မြန်ဖြတ်တယ်။ နားထောင်တဲ့သူ စိတ်ဝင်စားရဲ့လား အကဲခတ်တယ်။ အဆုံးတွေချည်း မပြောမိဖို့လဲ ဂရုစိုက်ပါတယ်။
ဒါပေမဲ့ အခုတလော ကိုယ်က ဟိုတွေး ဒီတွေးနဲ့မို့ စကားတွေလဲ ဟိုဒီရောက်ကုန်တယ် ထင်ပါ့။ စကားတွေကို မှတ်မိတဲ့အချိန်၊ သတိရတဲ့အချိန်မှ ထ ပြောတတ်တာပါ။ ကိုယ့်ဒဏ်ကို ကိုယ့်အမျိုးသား ခံနေရတယ် ဆိုပါတော့။
ညနေခင်း အလုပ်တွေဘာတွေပြီးလို့ အေးအေးလူလူ ပြန်လာကြတော့..သီချင်းလေး နားထောင်နေတုန်း..
“အဲဒီပစ္စည်း မပို့လို့ မဖြစ်ဘူးနော်”
“ဘာပစ္စည်းလဲ၊ ဘာကို ပြောနေတာလဲ ချိုသင်း”
“အော် မနက်က ဟိုလူ မှာထားတာလေ၊ ပို့ရအုံးမယ် ပြောတာ”
“အေးပါ သိပါတယ်။ ချိုသင်းဟာက ဘာမှန်းမသိ၊ အမြီးမပါ ခေါင်းမပါ နဲ့။ တယ်ခက်ပါလား။”
“ဟိုကိစ္စကြီး လုပ်ပြီးပြီလား”
“ဘာကိစ္စကြီးလဲ၊ လုပ်လာပြန်ပြီ” (သူက ခေါင်းကို တွင်တွင်ကုတ်ပါတယ်)
“ဟိုကိစ္စကြီးဟာလေ..၊ သူပဲလုပ်ပေးမယ် ပြောပြီးတော့..။”
“အေးလေ၊ ဘာကိုပြောနေတာလဲ လို့ မေးနေတာ။”
“အော်..ဖုန်းဆက်ရမဲ့ ကိစ္စလေ။”
“သိပြီ သိပြီ။ အဲဒီလိုလေးဘာလေး ထည့်ပြောစမ်းပါကွာ..။”
“အကိုရေ အရမ်းအရေးကြီးတယ်၊ သွားယူရမယ်နော် မမေ့နဲ့”
“ဘာသွားယူရမှာလဲ ဘာအရေးကြီးတာလဲ”
“အော် ဆေးသွားယူပေးဖို့လေ၊ မေ့နေမှာစိုးလို့ သတိပေးတာ”
“မင်းဟာက အလယ်သားချည်းပဲ ပြောနေပါလားကွ”
ဟိုး..ရှေးရှေးတုန်းက တဲ့။ ဘုရင်ကြီးက အမတ်ကြီး ဦးပေါ်ဦးကို မေးတော်မူတယ် တဲ့။ အမတ်ကြီး၊ ကမ္ဘာပေါ်မှာ ဘယ်ဥက အဆိမ့်ဆုံးလဲ တဲ့။ အမတ်ကြီးက ပြန်ဖြေတယ်။ လိပ်ဥ ပါဘုရား တဲ့။ ဘုရင်ကလဲ ဘာမှ ပြန်မပြောဘူး။ ဆိတ်ဆိတ်နေတယ်။ အမတ်ကြီးကလဲ သူ့ memory chip လေးထဲမှာ ထည့်ထားလိုက်ရတာပေါ့။ နောက်တခါ သူပြန်မေးရင် အဆင်သင့် ဖြစ်နေအောင်လေ။
နောက် တော်တော်ကြီး ကြာမှ ဘုရင်ကြီးက တခြားစကားတွေ ပြောနေရင်းက ထ မေးတယ်။ အလယ်ကနေ ဖောက်မေးတာပါ။ ပေါ်ဦး သူ့ချည်းပဲလားဟေ့ တဲ့။ အဲဒီတော့ အမတ်ကြီးက သူ့ memory ထဲကနေ ကမန်းကတန်း ထုတ်လိုက်ပြီး ဆားနဲ့ပါ ဘုရား လို့ လျှောက်လိုက်တယ် တဲ့။ ဘုရင်ကြီးက ကျေနပ်သွားတာပေါ့။
အင်း..ကိုယ့်အမျိုးသားကိုလဲ အမတ်ကြီး ဦးပေါ်ဦးရဲ့ memory chip လေးတခုတော့ ၀ယ်ပေးအုံးမှပါ။
မိုးချိုသင်း