မာမားနဲ့ သဒ္ဓါဆွမ်း

ဘလော့ဂ်လေးကို မရေးဖြစ်တာ ကြာပြီ။
မရေးဖြစ်တာက ဘာရယ် မဟုတ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ရှုပ်နေတာမို့ပါ။ ကိုယ့်အမျိုးသားရဲ့ အမေ မာမား လဲ နေမကောင်းလို့ ဆေးကုရင်း၊ ကိုယ်တို့နဲ့ အတူနေဖို့ ရောက်နေတယ် ဆိုတော့ ဘလော့ဂ်ဖက်ကို မလှည့်နိုင်သေးဘူးဖြစ်နေတယ်။

မာမားကို စ တွေ့ဖူးတာ ကိုယ်တို့ ချစ်စ သူ့အိမ်ကို ထမင်းစားဖိတ် လိုက်သွားတုန်းကပါ။ အဲဒီတုန်းက ကြားရက် တရက်ဖြစ်နေတာမို့ မာမားက ကျောင်းကနေ နေ့တဝက်ခွင့်ယူပြီး အိမ်ပြန်လာတာ။ ကိုယ့်ကို တွေ့တွေ့ချင်း ပထမဆုံး ပြောတဲ့စကားက သမီးသွားလေးတွေက ညီနေတာပဲ တဲ့။ (မာမားသားက သွားတက်တွေနဲ့မို့လေ)။ ကိုယ်တို့စားဖို့ လိမ်မော်သီးတွေလဲ ဝယ်လာတာ မှတ်မိသေးတယ်။

နောက်တော့ ယဉ်ကျေးသိမ်မွေ့တဲ့ သူ့အဖေနဲ့ အမေကို ကိုယ်တင်မက ကိုယ့်ရဲ့ အမတွေပါ တမိသားစုလုံး ချစ်ခင်ကြတာပါပဲ။ မာမားက သပ်သပ်ရပ်ရပ် လှလှပပ နေတတ်တယ်။ အိမ်ကနေ လမ်းထိပ်လေးထွက်ရင်တောင် အဝတ်အစားလေး လဲပြီးမှ သပ်သပ်ရပ်ရပ် ထွက်တတ်တယ်။ ကိုယ့်လို ဆံပင်စုတ်ဖွား ထမိန် တစောင်းနဲ့ လမ်းထွက်တာ မဟုတ်ဘူး။

အဲဒါကြောင့် အိမ်က ကောင်မလေးတွေက ပြောကြတယ်။ မမ (သူ့အမ) နဲ့ ကိုယ်တို့ သမီးယောင်းမ နှစ်ယောက်ပေါင်း ပြင်ရင်တောင် မားမားသပ်ရပ်တာ ခြေဖျား မမီဘူး ဆိုပဲ။ မမကမှ သပ်ရပ်ပါသေးတယ်။ ကိုယ်ကတော့ မနက်မိုးလင်းလာရင် ဆံပင်စုတ်ဖွားနဲ့ နေတာပါ။ အကျီ င်္ဆိုလဲ ဝတ်ရလွယ်ရင်၊ ချောင်ချိ အဆင်ပြေနေရင် ကောက်စွပ်လိုက်တာပါပဲ။

နေပုံ ထိုင်ပုံ ဝတ်ပုံ စားပုံ အတော် ကွဲလွဲပေမဲ့ ကိုယ်တို့ နှစ်ယောက် ရန်ကုန်မှာ တတွဲတွဲပဲ။ လှစ်ကနဲ ဆို နှစ်ယောက်သား ထွက်သွားကြပြီ။ ကိုယ်ကားမောင်းတတ်တာလဲ မာမားကြောင့် ပါပဲ။ ကားကလဲ မောင်းတာသာ သင်ထားတာ သွားရဲ မောင်းရဲဖို့ကလဲ လိုသေးတာမို့ မောင်းစမှာ ဘေးက လိုက်တဲ့ အဖော်က အရေးကြီးပါတယ်။

ဟာ..တိုက်တော့မယ်၊ ဘယ်လိုမောင်းနေတာလဲ။ ဘေးလိုင်းကို ကျော်ပြီး ဘေးကကားနဲ့ ဂျိမ်းတော့မယ်..အဲဒီလို ပြောနေရင်တော့ ကားမောင်းတဲ့လူက ရှေ့က သစ်ပင် ဝင်တိုက်လိုက်ရုံပဲ ရှိတော့မယ်။ မာမားကတော့ ကိုယ် စ မောင်းမယ်ဆိုတော့ ပြောပါတယ်။ သမီးရေ သွားချင်တဲ့နေရာသာ သွားပေတော့ မာမား ဘေးက အဖော်လိုက်မယ် တဲ့။

ဒါနဲ့ ဘေးခုံမှာ လက်ရန်းကို မြဲမြဲကိုင်ပြီး သတိအနေအထားနဲ့ ကိုယ်ကို မတ်မတ်ထားပြီး လိုက်ပါတော့တယ်။ တခုခု တိုက်မိရင် သက်သာအောင် လက်ရန်းကို ဆုပ်ကိုင်ထားရ ရှာတာပါ။ ကိုယ်စိတ်များမှာစိုးလို့ စကားလဲ မပြောပါဘူး။ ရှေ့ကို တည့်တည့်ကြည့်ပြီး တောင့်တောင့်ကြီး ဘေးကနေ လိုက်နေတာ။ ကိုယ်တို့နှစ်ယောက်လဲ ဒီစတိုင်နဲ့ ကားမောင်းကျင့်ခဲ့ကြတယ်။

တခါကတော့ ရန်ကင်းစင်တာ အသွား တက္ကသိုလ်ရိပ်သာလမ်းမကြီးမှာပေါ့။ ရှေ့မှာ မီးပွိုင့်။ မီးက နီနေတော့ ကိုယ်က အရှိန်လျှော့ပြီး ကားရပ်ရမယ်။ လမ်းကလဲ ရှင်းနေတယ်။ အဲဒီအချိန်က လမ်းဘေးက ပုလိပ် ထွက်လာပြီး ကားကို လက်ပြပြီး သွားခိုင်းတယ်။ ကိုယ်လဲ ပထမတော့ အံ့သြသွားတယ်။ မီးနီနေပေမဲ့ ကားရှင်းနေလို့ သွားခိုင်းတာလားတော့ မသိဘူး။

ဒါနဲ့ ကိုယ်လဲ ဝမ်းသာအားရ ဖြစ်ပြီး ကားကိုရပ်၊ နည်းနည်း နောက်ပြန် ဆုတ်ပြီးမှ အရှိန် နဲ့ မီးနီကို ဖြတ်ပစ်လိုက်တာ။ ကာတွန်းကားတွေထဲကလိုပေါ့။ ကားကို နောက်ပြန်ဆုတ်ပြီးမှ အရှိန်နဲ့ ထွက်သလိုပေါ့။ ကာတွန်းထဲမှာသာဆို ဘီးနောက်မှာ ဖုံလုံးပုံလေးတွေပါ ထည့်ဆွဲလိုက်မှာ။ ပုလိပ်ကြီးက ဘယ့်နှယ်ဟာကြီးပါလိမ့်ဆိုပြီး အံ့သြလို့။ ကိုယ်တို့နှစ်ယောက်ကတော့ မီးနီဖြတ်တာ ပြုံးပြုံးကြီး။

နောက်တခါကတော့ အိမ်ကိုအပြန် ပါရမီလမ်းပေါ်မှာပါ။ ကိုယ်တို့နှစ်ယောက် အေးအေးဆေးဆေး ကားမောင်းလာကြတုန်း နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ မော်တော်ပီကယ် ပုလိပ်တွေ တွေ့တယ်။ ဒါနဲ့ ကိုယ်ကတောင် ရယ်ရယ်မောမော ပြောလိုက်သေးတယ်။ မာမားရေ ချိုသင်းတို့က အစောင့်အရှောက်တွေနဲ့ ကားမောင်းနေတာ လို့။ မာမားက ပြောသေးတယ်။ မီးတွေတော့ ပြနေတယ်၊ မောင်းခိုင်းနေတာ ထင်တယ် တဲ့။

မကြာပါဘူး။ မောင်းရင်းတန်းလန်း ကားဘေးကို ပုလိပ်က ဖြတ်သွားပြီး “ရပ် ဆိုတာ နားမလည်ဘူးလား၊ လမ်းကြောင်းလာနေတာကွ” ဆိုပြီး အော်သွားတယ်။ အဲဒီတော့မှ ကိုယ်တို့ကို ရပ်ခိုင်းနေတယ်ဆိုတာ သိတာ။ ကိုယ်တို့က ခပ်တည်တည်နဲ့ ဘိုးအေကြီး ကားရှေ့က မောင်းနေတာ။

အခု မာမားဒီရောက်လာတော့ ကိုယ်လဲ မာမားနဲ့ လျှောက်သွားပြီး ကားမောင်းပြန်ကျင့်ရတော့ မယ်ဆိုပြီး ဝမ်းတွေသာလို့။ ဒီလိုပြောတော့ ကိုယ့်အမျိုးသားက မျက်နှာသိပ်မကောင်းဘူး။ နှစ်ယောက်သား သူများနိုင်ငံမှာ တလွဲတွေ လုပ်ရင် ရှင်းရခက်မှာ ရင်လေးနေပုံပဲ။ “မားမားက လူများတဲ့နေရာ ဆရာဝန်က မသွားခိုင်းသေးဘူးနော်၊ နားရအုံးမယ်” လို့ ကိုယ်ကြားအောင် တတွတ်တွတ် ပြောနေပါတယ်။

ဒီနေ့တော့ မာမားနဲ့အတူ သဒ္ဓါဆွမ်းကပ်မယ်ဆိုပြီး အိမ်နားက ဘုန်းဘုန်းကို ဆွမ်းစား ပင့်ပါတယ်။ မမကလဲ စင်ကာပူက သင်္ကန်းတွေ ဝယ်ပေးလိုက်လို့ ကပ်မယ်ပေါ့။ နောက်ပြီး ဒီတခါ ကိုယ်ချည်း ချက်မယ်လို့ စိတ်ကူးထားတာမို့ အပြင်လူတွေ အားနာလို့ မဖိတ်ဖြစ်တော့ဘူး။ သူငယ်ချင်း လူလွတ်နှစ်ယောက်ကတော့ အစားအသောက် အသံကြားလို့ ပြေးလာတာနဲ့ လက်ခံလိုက်ရတယ်။ ရှိစေတော့။

ကိုယ်က ဟင်းချက်တော့မယ် ဆိုရင် ကိုယ် ပိုင်နိုင်တဲ့ ဝက်သားချည်း ဆွဲဆွဲထုတ်လာတာမို့ အဲဒီသူငယ်ချင်းက ဖုန်းနဲ့တမျိုး၊ အီးမေးလ်နဲ့ တဖုံ ဝက်သားမချက်ဖို့ နားချတယ်။ တော်လောက်ပါပြီ၊ များပြီပေါ့။ အမယ်တွေလဲ များတော့ တယောက်တည်း ချက်မှာ ပင်ပန်းပါတယ် ပေါ့။ ဒီတခေါက် ဝက်သားလေးတော့ ချန်ခဲ့လိုက်ပါ ပေါ့။ ကိုယ်ကလဲ ဒီတခါ တယောက်တည်း ကြဲမှာမို့ ဝက်သားလေးချက်ပြီး sign လေးတော့ ထိုးလိုက်ချင်တာ။ ဒါနဲ့ ဘယ်လောက်ပင် တားသော်ငြားလည်း ချက်မိပြန်တယ်။

အချိန်ကျတော့ ဘုန်းဘုန်းကြွလာတယ်။ ဘုန်းဘုန်းကလဲ ကိုယ်ချက်မယ်ဆိုတာ ကြိုသိထားပေမဲ့လည်း ဒီတခါ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ မပြုံးရွှင်လို့လဲ မဖြစ်ဘူးလေ။ ကိုယ်က အရင်တခါ ကိုယ့်လက်ရာ ဆိုတဲ့ ပို့စ်မှာ ကိုယ့်ချက်တာ ဘုန်းရမှာမို့ မျက်နှာမကောင်းဘူး ထည့်ရေးထားတာ ဖတ်မိထားတာကိုး။ ပြုံးပင်ပြုံးသော်ငြားလည်း သိပ်တော့ အသက်မဝင်ဘူးပေါ့လေ။

ဒါနဲ့ ဆွမ်းကပ်ချိန်ကျတော့ ဘုန်းဘုန်းက ဟင်းပွဲတွေ ကြည့်ပြီး သက်ပြင်း ခိုးချတယ်။ ကိုယ်ကလဲ တခြားနေရာမှာ ထုံချင်သလိုလို ရှိပေမဲ့ ဒီနေရာမှာတော့ ရိပ်မိပါတယ်။

ဘုန်းဘုန်းကိုလည်း “ကြည့်ပါအုံး ဘုရား၊ တပည့်တော်ချက်ထားတာ အဆင်ပြေရဲ့လားဘုရာ့” လို့ ဘေးကနေ မေးနေတာ။ ဘုန်းဘုန်းကလဲ ဒီတခါ ဘလော့ဂ်ထဲ ထည့်ရေးမှာစိုးလို့ ကောင်းပါတယ် အကုန်ကောင်း လို့ ပီပီသသကြီး ပြောတယ်။ ဒါနဲ့ မာမားနဲ့အတူ အားလုံး စားပွဲကိုင်ပြီး ဆွမ်းကပ်တာကို ဘုန်းဘုန်းချပေးတာ လိုက်ဆိုကြရတယ်။

ဆိုတုန်းခဏ ဟာကနဲ ကိုယ့်မျက်စိတောင် ပျာသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကိုယ်ချက်ထားတဲ့ဟင်းတွေကို လိုက်ရေတွက်ရင်း တခုခု လိုနေတယ် ထင်နေမိတာ။ ဟာ..my favorite pork! …… ဆွမ်းကပ်တဲ့အထဲမှာ ဝက်သားဟင်း မပါဘူး ဖြစ်နေတာကိုး။ တကယ်က ဘုန်းဘုန်းကြွတော့ လောလော လောလောနဲ့ ဝက်သားဟင်းကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်နွှေးနေတာ ထုတ်ဖို့ မေ့သွားကြတာ တဲ့။

ကိုယ်လဲ နောင်အခါ ဆွမ်းကပ်ရင်တော့ ဆိုင်မှာပဲ သွားကပ်ရမလားလို့ အားငယ်ငယ်နဲ့ တွေးနေမိပါကြောင်း။ ။
မိုးချိုသင်း

40 comments:

PAUK said...

ဖတ်ပြီး..ပါးစပ်ကို မပိတ်နိုင်ဘူး..
ပြုံးပြုံးကြီး မီးပွိုင့်ဖြတ်တာရော..
လမ်းရှင်းတာ မသိပဲ ဘိုးအေကြီးကားရှေ့က ကန့်လန့် ကန့် လန့်လုပ်နေတာရော..
ဘုန်းဘုန်းပြုံးပုံရော...
ရီနေရတယ်..

PAUK said...

အားငယ်စွာနဲ့ ငိုပြီးပြန်သွားပါတယ်..
စားမရတာမှ ချက်ထားတာကိုး...
သိကြသေးတာပေါ့..
နောက်ဆို..အချဉ် အစပ်တွေချည်း တင်တော့မယ်..
ဘာမှတ်လဲ...
ဟီးဟိ

Toe Toe Yin said...

ဝက်သားဖေးဘရိတ် ချိုသင်းရဲ့ ပို့စ်ကို
ချိုသင်း ဖေးဘရိတ် ငထက် နဲ့ တိုး တို့ လာရောက် အားပေးသွားပါကြောင်း

ငထက် နဲ့ တိုး

MANORHARY said...

ပျော်စရာကြီး..ဒီနေ့ချိုသင်းပို့စ်ကိုဖတ်ရတာ
စိတ်ထဲချမ်းသာရတယ်
ရယ်လည်းရယ်ရတယ်။
နောက်များများရေးနော်..း)

tg.nwai said...

ချိုသင်းရေ..ကျေးဇူးပါ..စိတ်ညစ်ညစ်နဲ့ အင်တာနက်ပေါ်တောင် အချိန်မပေးနိုင်တဲ့ အချိန်.. ချိုသင်း ပို့စ်တက်လာတာတွေ့လို့ အပြေးလာဖတ်တာ...။ ဘုန်းဘုန်းပြုံးတာ အသက်မ၀င်ပေမယ့် တို့တွေကတော့ ပါးစပ်ကို မစေ့နိုင်ဘူး..။

ချိုသင်း မာမားရော..ချိုသင်းတို့မောင်နှံပါ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...။ မာမားလည်း မြန်မြန်နေကောင်းပါစေ...။

ATN said...

ဖတ်ပြီးတော့ ၀က်သားဟင်းကို ချဉ်ပေါင်ကျော်နဲ့ စားချင်လာပြီ...း)

nu-san said...

မမိုးချိုသင်းရဲ့ မားမားက သိပ်ချစ်ဖို့ကောင်းတာပဲ.. အမ ကားမောင်းတာ ဘေးနားမှာ အဖော်လိုက် ပေးတယ်နော်.. မီးပွိုင့်ဖြတ်တဲ့အကြောင်းရေးထားတာ ကာတွန်းပုံပါ မျက်စိထဲမြင်ယောင်ပြီး ရီမိတယ်အမရေ.. နောက်ပြီး ဘိုးအေကြီး ရှေ့ကမှ ကားပိတ်မောင်းရတယ်လို့.. :D

အမ ချက်ထားတဲ့ ၀က်သားကို ပွဲမထုတ်လိုက်ရဘူးပေါ့နော်.. :)

ဇနိ said...

ဟား ဟား ဒါကြောင့် အမချိုသင်းဝက်သားမပါလို့ ဘုန်းဘုန်းက ကောင်းတယ်ပြောတာကိုး။ ဝက်သားချက်တယ်ဆို ကိုဇနိကို အလည်လွှတ်လိုက်မယ်။ အမချိုသင်းကားမောင်းတာ တယ်လည်းလျင်သကိုး။
နိနိ

Rita said...

ဟားဟား အစ်မ သိပ်ကံကောင်းတာပဲနော်

ကလိုစေးထူး said...

မီးပွိုင့်မှာ ကားနောက်ဆုတ်ပြီးမှ ပြန်မောင်းထွက်တဲ့အခန်းကို မျက်စိထဲမြင်ယောင်ပြီး ရယ်ရတယ်။ :D

P.Ti said...

အမက တစ်ခုခုလုပ်ပြီးရင် ကာတွန်းထဲကလိုပုံမျိုးတွေမိတယ်ထင်တယ်။ အဟဲ ကျွန်တော်လဲအဲလိုပဲ တွေးတတ်လို့...

ဝက်သားကတော့ ကြိုက်တယ်အမ... ကြိုက်သလိုချက် စားပေးမယ်.. :D

:P said...

ဘုန်းဘုန်းကတော့ ငါ့မှာ မျက်နှာမကောင်းဖြစ်လည်း အရေးခံရ၊ အပူရုပ်ကို ဟန်လုပ်ပြီး ခပ်ပြုံးပြုံးနေလည်း အရေးခံရဆိုပြီး နောက်တစ်ခေါက်ဆွမ်းစားပင့်ရင် ထားဖို့ မျက်နှာထား ကျင့်နေမလားမသိဘူးးးး..။
** တစ်ပုဒ်လုံး တပြုံးပြုံးနဲ့ ဖတ်သွားတယ်...။

:P said...

ဘေးကလူက စိတ်ပူနေရင် ကားမောင်းတဲ့လူက စိတ်လှုပ်ရှားတတ်လား.. သိဘူးလေ.. တစ်ခါ ဟိုင်းဝေးခရီးကို သူငယ်ချင်းမောင်းတဲ့ကားနဲ့ အကြုံလိုက်လာတာ.. သူက အမောင်းကြမ်းတော့ "အမလေး.. အမလေး" တ မိလို့ "ငါမောင်းတဲ့ကားကိုစီးရင် အမလေး မတနဲ့"တဲ့.. အမြင်ကလည်းကပ်၊ ကားပေါ်က ဆင်းသွားလို့လည်း မဖြစ်တော့ "အဘလေး၊ အဘလေး" ဆိုပြီး တပေးလိုက်တယ်.. သူဘာမှ ပြောမရတော့ဘူးးး..။

JuneOne said...

မမရေ ရေးတတ်လိုက်တာ။
ဖတ်ရင်းနဲ့ပါးစပ်ပိတ်လို့မရတော့ဘူး။

kay said...

အော် - မချိုသင်း ငြိမ်နေတာ..ဒါကြောင့်ကိုး။
ရိုသေ.. ရိုသေ..အသက်ရှည်တယ်။း)

ဆောင်းယွန်းလ said...

ဖတ်လို့ကောင်းလိုက်တာ ပါးစပ်တောင်ပြန်ပိတ်မရလောက်အောင် ရယ်လိုက်မိပါတယ် မချိုသင်းရေ....

မီယာ said...

အမချိုသင်းရေ ဒီတခေါက်လည်း လွဲပြန်ပြီပေါ့... အမလက်ရာ မိန့်မိန့်ကြီး ထိုင်စားမာ့်သူတစ်ယောက်လုံး အနားမှာ ရှိတာပဲ.. အားမငယ်ပါနဲ့။ ယောက္ခမနဲ့ ချွေးမ ချစ်ခင်ကြတာ ကြည်နူးစရာ.. ကံထူး သူလေးအမပါ.. လူတိုင်း ဒီလိုမျိုး အခွင့်အရေး မရပါ။

hee he said...

Good Reading Ama.
Longtime waiting for previous post to present post.but we know u very well n go ahead.hopefully u don't know me. we r living very close when we was childhood n we study at same school.I'm a friend of yr bro.bye.this is my first comment , but I'm a regular reader for yr blog.

ပုံရိပ် / Pon Yate said...

အစ်မရေ ဒီပို့စ်ကိုရော ဘုန်းဘုန်းက ဖတ်မိဦးမှာလား မသိဘူး။ :D

strike said...

မ mct ဆိုင်မှာပဲသွားကပ်တာကောင်းဆုံးပါပဲ။

Nwe Oo said...

Oh this one made me feel like eating pork! I am one of your fans. Please keep regular posts. I felt something was missing when there was nothing new to read in your blog last week.
You made me happy. Thank you.

Phyo Evergreen said...

ွှအန်တီချို ချက်တဲ့ဝက်သားဟင်းစားချင်တယ်..။ ပို့စ်တစ်ပုဒ်လုံး ရယ်ပြီးဖတ်သွားတယ်..။ ဟီးဟီး

Sonata Cantata said...

ပို့စ်လေးရေးပြီး အမျှဝေတဲ့ အတွက်
သာဓု၊ သာဓု၊ သာဓုပါ။

မိသားစုအားလုံး အစဉ်ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကေဇီလင်း said...

အမရေ ပို့စ်လေးကို ဖတ်ပြီး ရ့င်ပြုံးရပါတယ်။ အမရဲ့ စာတွေက ညီမတို့ကို အမြဲပဲ ပြုံးစေတယ်။ မီးပွိုင့်ဖြတ်တာကို ကာတွန်းကကအတိုင်း ခိုင်းနှိုင်းရေးပြတာ မျက်စိထဲ ကွင်းကွင်းကွက်ကွက်ကို မြင်လာစေပါတယ်။ အမရဲ့ မာမားလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အမတို့နဲ့အတူ ပျော်ရွှင်နိုင်ပါစေ။ အားပေးလျက်ပါ။

မမသီရိ said...

ညီမလေး ရေ..ဖတ်ကောင်းလိုက်တာ
စာရေးဆရာ မလို့ မပြောရဘူး....း)
ဒီတစ်ခါ ညီမလေး ဆီ အရောက် နောက်ကျတယ်
မမ လဲ အလုပ်လေး နဲနဲ များ သွားတယ်
ပြီးတော့ အဆင်ပြေတဲ့ အချိန် ကျ connection က ဒုက္ခ ပေးပြန်ရော..
ညီမလေး အိမ် ကို လာမိရင် ထပြန်ဖို့ ကလဲ..
အရှိန် အတော် ယူ ရတယ်လေ..
ရောက် ရင် မပြန်ချင်လို့.....း)
အထဲဝင် အပြင်ထွင် မွှေနှောက် ချင် တော့..
အသေအချာ အချိန်လေး ရမှ ပဲ လာဖြစ်တော့ တာ..
ခုလဲ မဖတ်ရသေးတဲ့ ပို့စ် အသစ် ၃ ခုလုံး ဖတ်သွား တယ်..နော်..
...
စကားမစပ်
ခုထိ အလွမ်းတွေ နဲ့ မူးနေရတုန်းလား...
....
ညီမ ဓါတ်ပုံတွေ မမ..ယူသွားတယ်နော်
နောက်ဆုံး ပို့စ်ထဲ မှာ ထည့်ရေးထား တယ်
သဘောတူ ရင်...အချိန်ရတဲ့ အခါ မမ..
ပုံတူဆွဲ ပေးမယ်....
ချမ်းမြေ့ပါစေ..

pan pan said...

မချိုသင်းရေ...့ကျွန်မဘဝမှာ ယောက်ခမ ဆိုတာ အဆွယ်ပြူးပြူးကြီးနဲ့ပါ ။အခုလို ..လူမျိုးရှိတယ်ပေါ့..ဟား...အားကျလိုက်တာ..အိမ်ထောင်သည်တိုင်း ဒီလိုဘဝမျိုး ရရင် သိပ်ကောင်းမှာ

pan pan said...
This comment has been removed by the author.
တန်ခူး said...

ချိုသင်းရေ… မားမားရောက်တော့ ပျော်နေတာပေါ့…
ဒီမှာနေရတာ အထီးကျန်တော့ အဲဒီလို အိမ်ကလူတွေ လာရင် တို့ လဲသိပ်ပျော်တာ….
ခုတောင် အိမ်ကမိဘတွေကို လာဖို့ အတင်းပူဆာနေတာ…
ဘာပဲဖြစ်ဖြစ်ချိုသင်းရဲ့ ၀က်သားလေးတော့ စားချင်သား… အချက်များလေ လက်တက်လေမိုလား…
ဘုန်းဘုန်းကလဲ ချိုသင်းဘလော့ဂ် ပရိသတ်ကိုး…

မေအောင် said...

ပါရမီက လိုသေးတယ်လေ။
ဝက်သားချက်ပါရမီကို ဆွမ်းကပ်ပြီး
ဖြည့်နေတယ်လို့ သဘောထား။
ဘာပဲရေးရေး ဖတ်လို့ကောင်းတယ်။

May Sithu Aung said...

မမိုးချိုသင်းရေ Geology major ဘာကြောင့်ယူ ဖြစ် ခဲ့တယ် ဆိုတာလဲ ရေး ပေး ပါအုံး။
မိပ

အိန္ဒြာ said...

အစ်မချိုသင်းချက်တဲ့ ၀က်သားတော့
တကယ်စားချင်တယ်...
ကိုယ် ပိုင်နိုင်တဲ့ လို့ကပြောထားတော့..
စိတ်မှန်းနဲ့တောင်တော်တော်အရသာရှိမယ့်ပုံ...

သစ်နက်ဆူး said...

ပြုံးပင်ပြုံးသော်ငြားလည်း သိပ်တော့ အသက်မဝင်ဘူးပေါ့လေ။

ဘုန်းဘုန်းဘ၀ကလည်း ကရုဏာသက်ရမလိုဘဲ...

ကိုကျော် မျက်နှာမကောင်းဘူးဆိုကတည်းက...
မာမားက ရိပ်မိဘို့ ကောင်းတာ...
ဘာဘဲပြောပြောလေ...
မမိုးမောင်းတဲ့ ကားကို စီးရဲတယ်ဆိုကတည်းက
မာမားက ..
ဒေါ်စုပြီးရင် သတ္တိအကောင်းဆုံး အမျိုးသမီးဘဲဗျ..။
သွားလေးတွေစီနေတာကတော့ သွားတိုက်ဆေးကောင်းလို့ နဲ့ တူတယ်..
ကျနော်သုံးဘူးတဲ့ အမျိုးအစားဘဲလားမသိ။

လင်းလက်ကြယ်စင် said...

ဖတ်ရင်း ပြုံးမိပါတယ်။ ပျော်၇ွှင်စရာလေးတွေ ရေးတတ်တဲ့ မမ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ :)

သက်ဝေ said...

သရုပ်ဖေါ်ကောင်းလွန်းတော့ ဖတ်ပြီး အသက်ဝင်ဝင် ပြုံးသွားပါတယ်...
မားမား နေကောင်းပြီး ပျော်ရွှင်စရာ မိသားစုလေး ဖြစ်ပါစေ... ဘုန်းဘုန်းကိုလဲ ခဏခဏ ဆွမ်းကပ်နိုင်ပါစေ... :-P

RePublic said...

အစ်မ MCT ကြီးက လုပ်ပြန်ပီ၊၊ ဘာရေးရေး နှစ်လိုဖွယ် ပျော်ရွှင်ဖွယ်ရာတွေ အပြည့်နဲ့ ပြုံးနေရတယ် ဗျာ ၊၊ သတိတရရှိပါတယ် ၊၊

khin oo may said...

မားမားကသွားကလေးတွေ ညီတယ် လို့သတိပြူတော့သွားဖြူတာကို သတိပြူမိလို့ဖြစ်မ။် ဘာလို့သတိပြူမိရသလဲဆို အသားကမဲနေလို့ အရောင်ပိုလက်သွားလို့ပါ။

khin oo may said...

သူကျတော့ဘယ်တော့မှ စာမပြန်ဘူး သူများကဘဲပြန်ရတယ်။ မချစ်တော့ဘူး။

မဆုမွန် said...

ကင်းဝင်မင်းသမီးကို ဖတ်ပြီး ရယ်မိတယ် အိမ်သာထဲ အတူတူဝင်ကြတာ ကိုဖတ်ပြီး ညီမတို့ တုန်းကလဲ အတူတူပဲလို့ တွေးမိတယ်..ကားမောင်းတာကို ဖတ်ပြီးလဲ ရယ်မိတယ် အစ်မက စာရေးတစ်အားကောင်းပဲ

Anonymous said...

အမရေ အကြိုက်တော့တူနေပြန်ပြီ ၀က်သားကကျနော့အသည်းစွဲပဲဗျ :P

Talkii said...

မေ့တာမဟုတ်လောက်ပါဘူး။ အကြောင်းသိလို့ အိမ်ကလူတွေက ဆွမ်းကပ်တဲ့ထဲ မထည့်တာဖြစ်မယ် :) တခြားလူတွေအတိုင်းပဲ ပြုံးပြီး ဖတ်သွားပါတယ်။