ကိုထိန်လင်းဆိုတာက ပန်းချီဆရာ၊ အသွေးထဲ အသားထဲကကို ပန်းချီဆွဲချင်စိတ် ပြင်းပြနေသူ။ သူ့ကို စစ်အစိုးရက မတရားဖမ်းဆီး ထောင်ချစဉ်က ထောင်ထဲက သူ့အချိန်တွေကို အကျဉ်းသားတွေရဲ့ ထောင်အ၀တ်အစားတွေပေါ်မှာ ပန်းချီတွေ ခိုးဆွဲပြီး အချိန်တွေကို အဓိပ္ပါယ်ရှိရှိ ကုန်လွန်စေခဲ့သူပါ။ အကျဉ်းသားတွေရဲ့ အဝတ်တွေကို ပိတ်ကား လုပ်လို့ အပြင်ကို သူ့ပန်းချီကားပေါင်း ၃၀၀ ကျော် ထုတ်နိုင်ခဲ့သူဆိုတာ သိဖူး ကြားဖူး ကြမှာပါပဲ။
Vicky ကတော့ မြန်မာပြည်ဆိုင်ရာ အင်္ဂလန် သံအမတ်ကြီးဟောင်းပါ။ သူက မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုကို နှစ်သက်လေ့လာတဲ့သူဆိုတော့ မြန်မာလို ရေရေလည်လည် လုံးစေ့ပတ်စေ့ ပြောတတ်သူပဲ။ ၁၉၉၀ ကျော်နှစ်တွေတုန်းက Vicky က ကိုယ့်ဝတ္ထုတိုလေး တပုဒ်ကို “Ink over ripped out ငွေမင်သုတ်တယ် ဆုတ်ဖြဲတယ်”ဆိုတဲ့ စာအုပ်မှာ အင်္ဂလိပ်လို ဘာသာပြန်ဖူးပါတယ်။ သူနဲ့ မတွေ့ဖြစ်တာ ဆယ်နှစ်ကျော်ခဲ့ပြီ။ အခုပြန်တွေ့တော့လဲ အရင်လို ချောတုန်းပဲ။
သူတို့ LA ကို အလည်အပတ်လာကြတော့ ကိုယ်တို့အိမ်မှာ ဆုံကြတယ်။ ကိုဇာဂနာ မိသားစုရယ်၊ LA Organizers အဖွဲ့က မိတ်ဆွေ တချို့ရယ်၊ LA မှာ ထုတ်တဲ့ မန္တလေး ဂေဇက်က မိတ်ဆွေတွေရယ် အားလုံး ဆုံပြီး စကားပြောကြတာပါပဲ။ တနေ့လုံး စားလဲစား၊ ပြောလဲ ပြောနဲ့ ညနေစောင်းလို့ စောင်းမှန်းတောင် မသိအောင်ပဲ။
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာ များတယ်။ ကျောင်းတက်တုန်းက အကြောင်းတွေလဲ ပါရဲ့၊ ကိုယ်တို့ ခင်ရတဲ့ သူငယ်ချင်းတွေ အကြောင်း။ တချို့ ဆုံးပါး၊ တချို့ လမ်းခုလတ်မှာ ကိုယ့်အချင်းချင်း နောက်ကျောဓားနဲ့ထိုးခံရတာတွေ၊ တောရိပ် တောင်ရိပ် ခိုခဲ့ရတာတွေ၊ ထောင်ထဲမှာ လျှို့လျှို့ဝှက်ဝှက် ရတဲ့ဆေးနဲ့ ရသလို ပန်းချီဆွဲခဲ့ရပုံတွေ အစုံပေါ့။
တော်တော်လေးကြာတော့ ပန်းချီဆရာက အိမ်ပြင်ထွက်ပြီး အပြင်မှာ ပစ်ထားတဲ့ သုံးထပ်သားပြား တပြားကို ယူလာတယ်။ အိမ်ရှင်ကို ပန်းချီဆွဲပေးမလို့ တဲ့။ ကိုယ့်မှာ ကျေးဇူးတင် ၀မ်းသာလိုက်တာ။ အိမ်မှာ ရှိနေတဲ့ ကြတ်ထားတဲ့ ပန်းချီဘောင်တခု ယူပြီး ဒီပေါ်မှာ ဆွဲပါ ဆိုတော့ မဆွဲချင်ဘူး တဲ့။
ဒါနဲ့ ပင်နီနဲ့ ပုဆိုးလေး ၀တ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီဆရာဟာ ကြမ်းပြင်ပေါ်မှာ အ၀တ်လေးခင်းပြီး ရှိတဲ့ဆေးလေးနဲ့ ပန်းချီ စ ဆွဲပါတယ်။ သူပန်းချီဆွဲနေတာ ကဗျာတပုဒ်လိုပဲ။ ကိုယ်တို့လဲ ဘေးနားမှာ အံ့သြပြီး ငေးကြည့်နေမိတယ်။
သူဆွဲတာက ကိုယ်တို့ ဘယ်တော့မှ မေ့ပျောက်လို့ မရတဲ့ မြသီလာ။ ဘွဲ့နှင်းသဘင်ခမ်းမ နဲ့ သစ်ပုတ်ပင်နဲ့။ ကံကော်ပင်တွေမှာ ကံ့ကော်ပန်းဝါ၀ါလေးတွေတောင် ဝေနေသလားလို့ ထင်မိတယ်။ ငြိမ်းငြိမ်းချမ်းချမ်း အင်းလျားကန်က လှိုင်းကြက်ခွပ်လေးတွေက ပြေးလို့။ တောင်ငူဆောင်ကင်တင်းမှာ အဖေတို့နဲ့အတူ လက်ဖက်ရည်သောက် စာပေ ဆွေးနွေး ကြတာတွေကို သတိရမိလို့ အဲဒီ inspiration နဲ့ ဒီပန်းချီကို ဆွဲတာ တဲ့။
ဘာဖြစ်လို့ သူများလွှင့်ပစ်ထားတဲ့ သုံးထပ်သားပြားကို လမ်းဘေးက ကောက်ပြီး ဆွဲရတာလဲ လို့ မေးတော့ ကိုယ်တို့ဘ၀တွေကိုလဲ အာဏာရှင်တွေက အသုံးမကျ ဖြစ်သွားအောင်၊ စုတ်ပြတ် နင်းခြေ ကန်ကျောက်ပစ်လိုက်တာ တဲ့။ အမှိုက်လိုပဲ တဲ့။ ဒါပေမဲ့ အဲဒီအမှိုက်ကပဲ အခုလို ပန်းချီဆွဲလိုက်တဲ့အခါ လောကအတွက် အသုံးကျစရာ တခုခု ဖြစ်သွားတယ် တဲ့။ ဒါကြောင့်မို့ recycle လို အခက်အခဲ၊ မတရား ဖိနှိပ်မှု ဘယ်လိုရှိရှိ၊ ဖျက်ဆီးတိုင်း မပျက်စီးဘဲ ပြန်ရှင်သန်နေတဲ့ ဘ၀တွေကို ကိုယ်စားပြုတာပါ တဲ့လေ။
ကိုဇာဂနာ့ အမျိုးသမီး မလွင်မာအတွက်လဲ ပန်းချီတကား ဆွဲပေးသေးတယ်။ နောက်ထပ် သွားကောက်လာတဲ့ သုံးထပ်သားပြား တခုနဲ့ပါပဲ။ ဒီတခါ အမအတွက် ဆွဲပေးတာက အငြိမ့် ပန်းချီကားလေးပါ။ မင်းသမီးလေးက က လို့။ ဘေးမှာ လူရွှင်တော်တွေနဲ့။ လူရွှင်တော်ရဲ့ ပုဆိုးကွက် အတုံးကြီးကြီးတွေက ပန်းချီကားကို ပိုမြိုင်အောင် လုပ်ထားတယ်။
ဒါပေမဲ့ လူရွှင်တော် တယောက်ကတော့ ဘောင်ကလေးထဲမှာ ထိုင်နေတယ်။ အဲဒီ လူရွှင်တော်က ကတုံးလေးနဲ့။ အဲဒီဘောင်လေးကို သော့ခတ်ထားသေးတယ်။ အထဲမှာ နေနေရပေမဲ့ သူ့လက်ကလေးက ချိုးပြီး ကနေသေးသလိုလို။ အပြင်မှာ ကနေတဲ့ မင်းသမီးကလဲ အကမပျက်၊ ပန်းပန်လျက်။
ကိုထိန်က ပန်းချီဆွဲရင်း ဘေးနားမှာ ငုတ်တုတ်လေး ထိုင်ပြီး ငေးနေကြတဲ့ မလွင်မာနဲ့ ကိုယ်တို့ကို ရေးလိုက် ပြောလိုက် လုပ်နေတာပါ။ ကိုယ်လဲ ပန်းချီကားထဲက ဘောင်လေးထဲ ရောက်နေတဲ့ လူရွှင်တော် ကတုံးမင်းသားလေးကို ကြည့်ရင်း သူ့ဆေးလေးတွေ ပြန့်သွားသလို ၀ါးကုန်တယ်။ သူလဲ တမင်တကာ စွန့်ပစ်ခံထားရတဲ့ ပစ္စည်းလေးပဲ။ ဒါပေမဲ့ ဒီ recycle က ကိုယ်တို့အားလုံးအဖို့မှာတော့ တန်ဖိုး မဖြတ်နိုင်ပါဘူး။
ညမိုးချုပ်တော့ ဧည့်သည်တွေ ပြန်ကြပြီ။
သူတို့တွေ ပြန်ပေမဲ့ ဘယ်သူတွေ နင်းခြေခြေ မပျက်စီးသွားဘဲ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး လောကကို ကောင်းကျိုးတစုံတရာ ပြုနိုင်ဆဲဖြစ်တဲ့ recycle လူတွေအကြောင်း တသီတတန်းကြီး တွေးနေမိတာ။
ဒီအချိန်အခါလေးကို အမှတ်တရအနေနဲ့ လိုအပ်တဲ့ တချိန်ချိန်မှာ ပြန်သတိရနိုင်အောင် ကိုယ့်မှတ်တမ်းလေးမှာ ရေးခြစ်လိုက်ပါတယ်။
မိုးချိုသင်း