ပြည်ပကိုရောက်ပြီ၊ ကိုယ့်မိဘ ဆွေမျိုး အသိုင်းအ၀ိုင်း အရိပ်က ခွဲထွက်လာရပြီ ဆိုတာနဲ့ အသေးအဖွဲလေးတွေကစလို့ ကြီးကြီးမားမားတွေအထိ ရင်ဆိုင်ပေတော့ပဲ။ ရေခြား၊ မြေခြားမှာ ကိုယ်နဲ့ ယဉ်ကျေးမှုမတူ၊ အကျင့်စရိုက်မတူ၊ ဓလေ့ထုံးစံမတူ တဲ့သူတွေနဲ့ သင့်တင့်လျောက်ပတ်အောင် ပေါင်းသင်း ဆက်ဆံ ပေတော့ပဲ။
အဲဒီတော့ ဒီရောက်ပြီဆိုတာနဲ့ “ကိုယ်ထူကိုယ်ထ၊ ကိုယ်ထူကိုယ်ထ” ဆိုတာကို ပါးစပ်က တတွတ်တွတ် ရွတ်နေပါမှ။ ဘာမဆို ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်ပြော၊ ကိုယ်တိုင်ရင်ဆိုင်၊ ကိုယ်တိုင်ဆုံးဖြတ်။ အနည်းဆုံး ကိုယ့်ကျန်းမာရေးတောင် ကိုယ်တိုင်ဂရုစိုက်ပါမှ သူများကို ဂရုစိုက်ရာ ရောက်တယ်လေ။ ကိုယ့်ကြောင့် သူများ ၀န်မပိဘူးပေါ့။
ကိုယ်လဲ ဒီရောက်မှ ဆေးရုံတွေ ဆေးခန်းတွေနဲ့ တော်တော်အဖော်လုပ်ရတာ၊ ကိုယ့်အိမ်နားက ဆေးရုံဆို နေရာတွေတောင် တော်တော် ကျွမ်းကျင်နေပြီ။ ဘယ်နေရာကနေ၀င်ရင် ဖြတ်လမ်းပဲ၊ ပိုနီးတယ်။ ဘယ်အချိန်မှာ ဆေးသွားယူရင်တော့ လူနည်းလို့ သိပ်မစောင့်ရဘူး၊ ဒီဖက်ကသွားရင် ဆေးရုံထဲက ကော်ဖီဆိုင်လေးကို ရောက်တယ် စသဖြင့်ပေါ့။
ကိုယ်က ဆီးချို သွေးချိုကို အမေ့ဆီက အမွေရထားတော့ နေ့တိုင်း ဆေးထိုး၊ ဆေးသောက် လုပ်ရတယ်။ အပ်ကြောက်ပါတယ်ဆိုမှ နေ့တိုင်း ဆေးထိုးရတော့ စိတ်ညစ်တာပေါ့။ ဒါပေမဲ့ ရုပ်ကလဲ ဘယ်လိုမှ စိတ်ညစ်တဲ့ပုံ မပေါက်တော့ ဘယ်သူကမှ မသနားဘူး။ သွေးချိုတွေတက်နေလဲ စပ်ဖြဲဖြဲပဲ။
ဆရာဝန်က နေ့တိုင်း သွေးဖောက်စစ်ခိုင်းတော့ ကိုယ်ကလဲ ကြံရတယ်။ မနေ့ညက သိပ်စားတာ များသွားတယ်ဆိုရင် နောက်တနေ့ မနက်မှာ သေချာပေါက် တက်နေပြီ၊ အဲဒါဆို မနက်ရောက်ရင် ကိုယ်က သွေးစစ်ဖို့ပဲ မေ့သွားသလိုလို၊ အလုပ်ပဲများလို့ အချိန်လုနေရသလိုလို၊ အစာမစားခင် စစ်ရတာဆိုတော့ သိတဲ့အချိန်မှာ အစာစားပြီးနေလို့ နောက်ကျသွားသလိုလိုနဲ့ ကိုယ့်နဖူးတွေဘာတွေ ရိုက်လိုက်ရတယ်။ ဟာ မေ့သွားတယ်ကွာ ပေါ့။ တခါတလေ စုတ်လေးတောင် သပ်လိုက်သေး။
တလောကတော့ ဆရာဝန်က ဒီကောင်မလေးတော့ ပညာပေးမှပါ ဆိုပြီး သွေးချိုသမားတွေ သိသင့်တာတွေ၊ ဆောင်ရန် ရှောင်ရန်တွေ ပညာပေးတဲ့ သင်တန်း တက်ခိုင်းပါတယ်။ ၁လ သင်တန်းလေးပါ။ ကိုယ်ကလဲ အာစရိ စကားဆို နားထောင်ပြီးသား ဆိုတော့ အလုပ်ပြီးတဲ့အချိန် ရွေးပြီး သွားတက်လိုက်ပါတယ်။
သင်တန်းပထမနေ့မှာပဲ အခန်းထဲ ၀င်လာလိုက်တာနဲ့ တော်တော်ပျော်သွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းတခုလုံးမှာ ကိုယ်က အပိန်ဆုံး ဖြစ်နေတာကိုး။ သိတဲ့အတိုင်း ဒီကလူတွေက ထွားကလဲထွား၊ စားချင်တာကလဲ စားဆိုတော့ အခန်းထဲမှာ ပုံစံအမျိုးမျိုးနဲ့ ထိုင်နေကြပုံများ သစ်သီးဝလံ ပြပွဲမှာ ရွှေဖရုံသီးခင်းထဲ ၀င်သွားရသလိုပါပဲ။
ကိုယ်ဝင်လာတော့ ငချွတ်လေးပါလား၊ မွတ်တားလေးပါလား ဆိုတဲ့ အကြည့်နဲ့ ဒေါင့်အမျိုးမျိုးက လှမ်းကြည့်ကြတယ်။ သူတို့ဆရာဝန်တွေက အတင်းတွန်းပို့လိုက်လို့သာ လာရတာ၊ သူတို့ရှေ့က စားပွဲပေါ်မှာ အချိုရည်ဗူးတွေ၊ စားစရာတွေ အစီအရီ တင်ထားကြတာပါ။ သင်တန်းဆရာမ ပိန်ပိန်ချောချောလေးရဲ့ ဆောင်ရန် ရှောင်ရန်တွေကို မုန့်စားရင်း နားထောင်နေတာလေ။
ဆရာမကလဲ ဒါမျိုးတွေ ရိုးနေပြီဆိုတဲ့ အပေါက်ပါပဲ။ “အခု ရှင်တို့ကို ပညာပေးပြီး နောက် နှစ်ပတ်လောက်ဆိုရင် ဒီစားပွဲပေါ်က အစားအစာတွေဟာ ရှင်တို့အတွက် ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာ ကိုယ်တိုင်နားလည် သဘောပေါက်ပြီး ဖြစ်သွားမယ်၊ အဲဒီအခါ ဒီစားပွဲပေါ်မှာ စားစရာတွေ မရှိတော့ဘဲ ရှင်းသွားမှာပါ” တဲ့။ စိန်ခေါ်ပါတယ်။
အမှန်ပါပဲ။ နောက် နှစ်ပတ်ကြာတဲ့အခါမှာ စားပွဲပေါ်မှာ အချိုရည်ပုလင်းတွေ၊ မုန့်တွေအစား ရေပုလင်းတွေ နေရာယူလာတာကို တွေ့ရပါတယ်။ သိပ်ကို ထိရောက်တာပဲနော်လို့ အထင်မစောလိုက်ပါနဲ့လေ။ စားပွဲပေါ်ကနေ စားပွဲအောက် သူတို့အိတ်ကလေးတွေထဲ နေရာပြောင်းပြီး ရောက်သွားကြတာပါ။ စားပွဲပေါ်မှာတော့ ရေဗူးပဲ ခပ်တည်တည် တင်ထားတာပေါ့။ ကိုယ်လဲ သူတို့နည်းလေးတွေ အတု ယူပေါ့နော်။ အော် ဒီလိုလားပေါ့။
ဆရာမကလဲ အချိုရည်ဗူးကို ကောက်ကိုင်လိုက်၊ လေဘယ်လ်ကို ကြည့်ပြီး သကြားဓာတ် ဘယ်လောက်ပါတယ် လို့ ပြောလိုက်၊ သူတို့ကလဲ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်လိုက်ပေါ့။ အားလပ်ချိန်ကျတော့ အပြင်ထွက်ပြီး အားရပါးရ အိတ်ထဲက အချိုရည်တွေ မော့၊ မုန့်တွေ ထုတ်တီးကြတော့တာပဲ။ ကိုယ်ကလဲ ဆရာမသင်တဲ့စာထက် စာသင်သားတွေကိုပဲ သဘောကျနေတယ်။
နောက်ဆုံးနေ့ကတော့ အားလုံး ဆရာမရှေ့မှာ သွေးစစ်ရပါတယ်။ ဆရာမက တယောက်ချင်းစစ်တာပါ။ အားလုံး မျက်နှာမကောင်းကြဘူး။ သူတို့ ရီဇတ်ကို သူများ တွေ့မှာစိုးလို့လဲ လက်နဲ့ အုပ်ထားကြသေးတာ။
သင်တန်းကပြန်လာတော့ စိတ်မကောင်းဘူး။ သင်တန်းပြီးဆုံးကြောင်း လက်မှတ်လေးကို ကိုင်ပြီး ငါတော့ နောက်ကို ဆင်ဆင်ခြင်ခြင် နေမှပါ လို့။ ဒီလို ခိုးကြောင်ခိုးဝှက်စားရမှာကို လိပ်ပြာမသန့်လို့လေ။
မိုးချိုသင်း