မနေ့က ရုပ်ရှင်အကြောင်းရေးပြီးတော့ ဒီနေ့ သီချင်းအကြောင်း ရေးမလို့။
ကိုယ်တို့ တအိမ်လုံးက ဂီတ သီချင်း သိပ်ကြိုက်ကြတယ်။ အမေကဆို ကိုယ်ငယ်ငယ်က မေရှင်သီချင်းတွေ တပုဒ်ပြီးတပုဒ် ဆိုပြတာ မှတ်မိတယ်။ အမေ့အသံလေးက ချိုပြီးအေးနေတာပဲ။ ကိုယ်က ဘေးမှာ ငြိမ်ပြီးနားထောင်ပေါ့။ အိပ်ယာပေါ်မှာ လှဲရင်း သီချင်းတွေဆိုကြတာပဲ။ အမေက တယောလဲ ထိုးတတ်တယ်။
အဖေကတော့ တူရိယာအားလုံးကို ဟိုနည်းနည်း ဒီနည်းနည်း အကုန်တီးတတ်နေသလိုပဲ။ သံစဉ်နားလည်နေတော့ တတ်လွယ်နေတာ ဖြစ်မှာပေါ့။ တယော၊ ဘင်ဂျို၊ အော်ဂင် အိမ်မှာ ရှိတဲ့အပြင် လမ်းမှာ ဗုံလေးတွေ သူများတီးနေတာ တွေ့လို့ သဘောကျပြီး ဟိုမှာ ဗုံ၊ ဗုံ ဆိုပြီး လက်ညှိုးထိုး ၀ယ်ခိုင်း နေတတ်သေးတာ။ သီချင်းတွေကတော့ ပြောမနေတော့၊ အကုန်ရ ပဲ။
ကိုယ်တို့ အလှည့်ကျတော့ အဲဒီလိုကြီး မတီးတတ်၊ မမှုတ်တတ်ပေမဲ့ နားထောင်ဖို့ဆိုရင်တော့ ဘယ်တော့မှ မငြီး ဘူး။ အသံကတော့ ကိုယ့်ဂုဏ်ကိုယ် မဖော်တော့ပါဘူးလေ။ အဖေပြောတာတော့ အ၀င်အထွက်လဲ မမှန်၊ ကီးလဲ မကိုက် ဆိုပဲ။ ဘယ့်နှယ်များ ဆိုနေပါလိမ့် ငါ့သမီးရယ်၊ ဟုတ်မှ ဟုတ်သေးရဲ့လား တဲ့။
အဲဒီတော့ ကိုယ့်အကြောင်းကိုယ်သိပြီး နားထောင်တဲ့ ဖက် အားသန်သွားတယ် ဆိုပါတော့။ အိမ်မှာလဲ သီချင်း၊ အပြင်သွားဖို့ ကားပေါ်တက်လိုက်တာနဲ့လဲ သီချင်းပဲ။ ကိုယ့်ဖာသာကိုယ်လဲ နေ့ဖက်နားထောင်တဲ့သီချင်း၊ ညဖက် နားထောင်တဲ့သီချင်းလို့ ရွေးထားသေးတာ။ ကိုယ့်အမျိုးသားကလဲ ကိုယ့်အကြိုက် သီချင်းတွေကို လက်ရွေးစင် ရွေးပြီး စီဒီတချပ်ပြီးတချပ် စိတ်ရှည်ရှည် ကူးပေးထားတယ်။
ကိုယ်နဲ့သူနဲ့က ရုပ်ရှင်ကြိုက်တာတူသလို သီချင်းကြိုက်တာလဲ တူကြသေးတယ်။ ကိုယ်က ကိုယ့်အိမ်ထောင်ဖက်ကို သီချင်းမကြိုက်တတ်မှာ၊ သီချင်းတွေကို နားညည်းတယ်ဆိုတဲ့သူမျိုးနဲ့ အိမ်ထောင်ကျမှာ သိပ်ကြောက်တာ။
သူကလဲ မိုက်ခဲ ပဲ။ ခေသူမဟုတ် ပေါ့။ သူသီချင်း စ ဆိုတော့မယ်ဆိုပြီး အသံစမ်းနေရင် ကိုယ်ကတော့ အိမ်တံခါးတွေ၊ ပြူတင်းပေါက်တွေ အကုန်လိုက်ပိတ်ပြီ။ ကိုယ်ကခန္ဓီပါရမီ ပြည့်စုံတယ်ဆိုပေမဲ့ အိမ်နီးနားချင်းတွေကျတော့ သိနိုင်ဘူးလေ။
အဲဒီလို သူ့အကြိုက်၊ ကိုယ့်အကြိုက် သီချင်းလေးတွေ နားထောင်လိုက်၊ ဆိုလိုက် လုပ်နေတော့ တယောက် အကြိုက် တယောက်သိလာရတယ်။ ကိုယ့်အထာက သီချင်းတပုဒ်ကို ကိုယ့်ဖာသာကိုယ်သာ ဖွင့်ရမယ်ဆိုရင် ဘယ်တော့မှ တ၀က်တပျက်က နားမထောင်ချင်တာပါပဲ။ တ၀က်တပျက်နဲ့ ရပ်လိုက်ရရင်လဲ နောက်တခါနားထောင်ရင် အဆင်သင့်ဖြစ်နေအောင် အစကို ပြန်ရစ်ထားလိုက်တယ်။ အဲဒါကို သူက ပြောတယ်လေ။ အတိအကျ ဦးအောင်လှ ကြီး ပါလားတဲ့။
တခါကတော့ သူက သူ့သူငယ်ချင်းတယောက် အကြောင်း ပြောပြတယ်။ အဲဒီသူငယ်ချင်းက သီချင်းတွေကို အရမ်းချစ်တော့ တမြတ်တနိုး ဖြစ်လွန်းလို့ အပွန်းအပဲ့ အတိမ်းအစောင်း မခံနိုင်ဘူး တဲ့လေ။ ဘာဖြစ်လဲ၊ သီချင်းဆိုတာပဲ၊ ပျော်လို့ဆိုတာ မှားမှားမှန်မှန်ပေါ့ လို့ ပြောလဲ မရပါဘူး။ သူ့ရှေ့မှာတော့ မှားမဆိုနဲ့ဘဲ။ အဲဒီတော့ သူ့နားမှာ သီချင်းဆိုရင် သတိထားပြီး ဆိုနေရတယ် တဲ့။ သူက ဘေးကနေ စောင့်ကြည့်နေတာ၊ မှန် မမှန်ကိုပေါ့။
တနေ့တော့ တခြားသူငယ်ချင်းတယောက်က သူ့အကြောင်း မသိသေးလို့ ဘာရယ်မဟုတ်ဘူး၊ သီချင်းလေး တပုဒ် ညည်းလိုက်တာ တဲ့။ ခင်မောင်တိုးရဲ့ ကုန်လွယ်လွန်းလိုက်တာ သီချင်းပေါ့။ စိမ်းလဲ့ကာ ရွာရဲ့နောက်ကွယ် လွင်ပြင်မှာ … ဆိုပြီး မှားဆိုလိုက်တာ။ အဲဒီတော့ ဟိုတယောက်က ဘေးကနေ နားထောင်ရင်း နား ကလော သွားတယ် ထင်ပါရဲ့။ “အေး၊ ရွာရဲ့နောက်ကွယ် လွင်ပြင်မှာတော့ မင့်ကြီးဒေါ်ကြီး သချိုင်္င်းပဲ ရှိတာပဲကွ” လို့ ပြောလိုက်တယ်တဲ့။ နောက်တော့ သူ့ရှေ့မှာ သီချင်းဆိုချင်ရင်တောင် သူမကြားနိုင်အောင် ပါးစပ်လေး လှုပ်ရုံ လှုပ်နေရတာပေါ့လေ။
ဒါလဲ မမှတ်သေးဘူး။ နောက်တယောက်က သူ့ဘေးမှာ လာဆိုပြန်ရော။ ခိုင်ထူးရဲ့ အဝေးဆုံး သီချင်းပေါ့။ လွမ်းစမျက်ရည်တွေ.. ရင်မှာ သိမ်းထားမယ် အချစ်ရယ်၊ စစ်အတွင်းက နာကြည်းချက်တွေနဲ့.. တဲ့။ တကယ်တော့ စိတ်အတွင်းက နာကြည်းချက် ဖြစ်ရမှာ။ အဲဒီတော့ အမှားမခံတဲ့တယောက်က တော်တော် ဒေါသထွက်သွားတာပါ။ “ဘာလဲ၊ စစ်အတွင်းက နာကြည်းချက်ဆိုတော့ မင်း အဖွားနဲ့ ဂျပန်တွေ ဇာတ်လမ်းရှိခဲ့လို့လား” တဲ့။
ကိုယ်ကတော့ သူ့လောက် အခြေအနေ မဆိုးသေးဘူး ထင်တာပဲ။
သီချင်းဆိုတာပဲ၊ ခွင့်လွှတ်ရမှာပေါ့။ နဂါးနီဆိုလဲ ဖြစ်တယ်၊ အင်တာနေရှင်နယ် သီချင်းဆိုလဲ ရတယ်။ ကမ္ဘာမကြေဘူး ဆိုလဲ စိတ်မဆိုးပါဘူး။ ကိုယ်တောင် လိုက်ဆိုလိုက်အုံးမှာ..။
မိုးချိုသင်း