လေယာဉ်ကြီး နဲ့ ကိုယ်

တနေ့က မိတ်ဆွေတယောက်ပြန်တာ လေဆိပ်လိုက်ပို့ရင်း လေယာဉ်စီးရတာတွေ၊ လေဆိပ်တွေနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံရတာတွေ ရေးချင်စိတ် ပေါ်လာတယ်။

ကိုယ်က လေဆိပ်တွေ ရောက်တိုင်း၊ လိုက်ပို့၊ လာကြိုရတိုင်း ပျော်ပြီး ခရီးထွက်ချင်စိတ် အမြဲဖြစ်တယ်။ လူတွေ ဥဒဟို သွားနေတာ အားကျပြီး ကိုယ်လဲ ခရီး ထွက်ပစ်လိုက်ချင်တာ။ ဘူတာရုံကျတော့ ၀မ်းနည်းတာ။ ကိုယ်သာ ရထားကြီးနဲ့ လိုက်မသွားရဘူးဆိုရင် ဘယ်တော့မှ ဘူတာရုံကို လိုက်မပို့ချင်ဘူး။ ဘာမှန်းမသိ ၀မ်းနည်းတတ်လို့။ လေဆိပ်နဲ့ ဘူတာမှာ ခွဲခွာရခြင်းတောင် ခံစားမှုက မတူဘူး။

လေယာဉ်တွေကို မြင်ဖူးတာ ငယ်ငယ်က တိုင်းမ်တို့ နယူးစ်ဝိခ် မဂ္ဂဇင်းတွေထဲက ကြော်ငြာတွေမှာပါ။ လေယာဉ်မယ်လေးတွေက လှလိုက်တာ။ အများအားဖြင့် ထိုင်းလေကြောင်းလိုင်း ကြော်ငြာတွေ ထင်ပါရဲ့။ တခါတလေ နိုင်ငံပေါင်းစုံက အ၀တ်အစားတွေ ၀တ်ပြီး လေယာဉ်မယ်လေးတွေ တန်းစီပြီးနေရင် ကိုယ်တို့မှာ ဘယ်တယောက်ကို အလှဆုံးလဲ အကြိုက်ဆုံးလဲဆိုပြီး ရွေးရတာ အမော။

ပထမဆုံး လေယာဉ်စီးတော့ စင်ကာပူကိုပေါ့။ စီးရတာ ကြောက်တော့ ကြောက်တယ်။ အဲဒီတော့ လေယာဉ် တက်တဲ့အချိန်နဲ့ ဆင်းတဲ့အချိန် လက်ရန်းကို ကုပ်ပြီး ကိုင်ထားရတာပေါ့။ ကိုယ့်တူလေးကို တခါက ကြွားပြီး အံတီချိုက တိုက်လေယာဉ်မောင်းမှာ လို့ ပြောဖူးတာ သွားသတိရမိတယ်။ ဘယ်လို စိတ်ရူးပေါက်ပြီး ပြောမိပါလိမ့်လို့ အဲဒီလို လေယာဉ်အတက် အဆင်းတွေမှာ နောင်တ ရတတ်ပါတယ်။ အခုလို ငြိမ့်ငြိမ့်လေး တက်နေ၊ ဆင်းနေတာတောင် ဘုရားတ နေရတာ မဟုတ်လား။ တိုက်လေယာဉ်ဆို အသဲတွေ အူတွေ ဗြောင်းဆန်ကုန်မှာပေါ့။

လေထဲရောက်သွားရင်တော့ အေးဆေးပါ။ လေယာဉ်ထဲမှာပေးတဲ့ သတင်းစာဖတ်၊ ဈေးဝယ် လမ်းညွှန် ကြော်ငြာလေးတွေလျှောက်ကြည့် ပြီးရင် ပြူတင်းပေါက်ကနေ တိမ်တွေနဲ့ လှနေတဲ့ ကောင်းကင်အပြာကြီးကို တမေ့တမော ငေးတော့တာပါပဲ။ ပြီးတော့ လာကျွေးသမျှစား၊ တိုက်သမျှ သောက်ပေါ့။ တခါမှ မငြင်းဖူးဘူး ထင်တာပဲ။ စားသမျှလဲ အကုန်ကောင်းတယ် ထင်တာပဲ။ အဲဒါ အာရှတွင်း သွားတဲ့ လေယာဉ်တွေ စီးလို့ပါ။

အမေရိကန် ပြည်တွင်းသွား လေယာဉ်တွေကတော့ လေကြောင်းလိုင်းတွေ များသလောက် ကိုယ်စီးသမျှတော့ service မကောင်းဘူး။ လေယာဉ်မယ်လေးတွေကလဲ ငယ်ငယ်လှလှ လေးတွေ သိပ်မတွေ့ရသလိုပဲ။ အသက်ကြီးကြီး နှုတ်ခမ်းနီရဲရဲကြီးတွေ ဆိုးထားပြီး မုန့်လဲ မကျွေးဘူး။ အများဆုံးကျွေးမှ မုန့်ကျိုးလိမ် တခုလောက် ပစ်ပေးလိုက်တာပါပဲ။ သူတို့ဆီမှာ ခရီးသွားတဲ့သူက များလွန်းတော့ ထူးပြီး ခရီးသည်ကို ချော့နေစရာ မလိုဘူးလို့များ ထင်သလား မသိ။

နယူးယောက်ခ်သွားတုန်းကလဲ လေယာဉ်လက်မှတ် ၀ယ်မယ်ဆိုတော့ ဆင်းမဲ့ လေဆိပ်က လဂွားဒီးယား တဲ့။ ဘယ့်နှယ် နံမည်ကြီးပါလိမ့်ဆိုပြီး ကိုယ်က အဲဒီလေဆိပ်ကို မဆင်းဘူး။ နံမည် မလှလို့။ JFK ဂျွန် အက်ဖ် ကနေဒီ လေဆိပ်ကို ဆင်းတဲ့လက်မှတ်ပဲ ရွေးဝယ်တယ်။ အဲဒီလေဆိပ်က မြို့နဲ့ လှမ်းတာမို့ မိတ်ဆွေတွေ အဝေးကြီး လာကြိုရတယ်။ လုပ်လိုက်ရင် တလွဲပဲ။

နောက်ထပ် လေဆိပ်အတွေအကြုံတခုက အယ်လ်အေမှာပါပဲ။ အဲဒီတုန်းက ကိုယ်က ဗိုက်ခွဲပြီး အော်ပရေးရှင်း လုပ်ထားလို့ အိမ်မှာ bed rest နားနေရတဲ့ ကာလ။ ဆန်ဖရန်စစ်စကိုက မိုးမခ စကားဝိုင်းအတွက် အဖေ သွားတော့ ဟိုမှာ အဖေ နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြရမယ် တဲ့။ မိုးမခက ကိုမောင်ရစ်က ဖုန်းဆက်လာတယ်။ ဒါနဲ့ ဖုန်းချချချင်း ထူပူပြီး လေယာဉ်နဲ့ လိုက်သွားမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။

လေယာဉ်လက်မှတ်ကို အနီးဆုံးအချိန် ချက်ချင်းဝယ်ပြီး အိမ်က ချက်ချင်းထွက်ရတာမို့ လေယာဉ် မမီမှာစိုးလို့ လေဆိပ်မှာ ကိုယ့်အမျိုးသားက ရှေ့က ပြေးသွားတယ်။ ကိုယ်က ဗိုက်ခွဲထားလို့ ဖြေးဖြေးပဲ နောက်က လိုက်ရတယ်။ ခါးမှာလဲ ခါးပတ်ပြားကြီး ပတ်ထားရပြီး အကျီ င်္နဲ့ ဖုံးထားရတာ။ security စစ်တဲ့ နေရာလဲ ရောက်ရော ကိုယ့်ကိုတွေ့တာနဲ့ လုံခြုံရေး ၀န်ထမ်းတွေ အကုန်ပျာကုန်တာ။ သူတို့က ပုံမှန်မဟုတ်တာ ချက်ချင်းသိတယ်။

VIP မို့လို့ မဟုတ်ဘူး။ Suicide Bomber ထင်လို့လေ။ ကိုယ့်ကို မလှုပ်နဲ့၊ ရှေ့မတိုးနဲ့ တဲ့။ ခါးမှာ ထိုးထားတဲ့ သေနတ်ပေါ်ကို လက်တွေတင်ရင်း ပြောတယ်။ အားလုံးက ကိုယ့်ကို ကြည့်လို့။ ကိုယ်ကလဲ လေယာဉ် မမီလိုက်မှာစိုးလို့ ရှေ့ကို ဖြေးဖြေးချင်း တိုးမလို့။ တယောက်က ခပ်ကျယ်ကျယ် အော်တယ်။ မင်းအကျီ င်္အောက်မှာ ဘာလဲ တဲ့။ တခုခု ရှိတယ် တဲ့။ (ဗုံးတွေ ချိတ်ထားတာဟေ့ လို့ ပြောလိုက်ရင်တော့ ပွဲပြီးပြီ။ ဒီဘလော့ဂ်တောင် လုပ်ရမှာ မဟုတ်ဘူး။)

အဲဒီတော့ ကိုယ်ကလဲ ပြန်ပြောရတယ်။ ငါအခုမှ ဆေးရုံက ဆင်းတာ ရက်ပိုင်းပဲ ရှိပါသေးတယ် လို့။ အော်ပရေးရှင်း လုပ်ထားရလို့ ခါးပတ်ပတ်ထားရတာပါ လို့။ အခု ငါ့အဖေ နေမကောင်းလို့ သွားတွေ့မှာ လို့။ သူတို့က ကြောက်တော့ ခပ်လှမ်းလှမ်းက အော်မေးတာမို့ ကိုယ်ကလဲ အော်ပြောရတာ။ အဲဒီတော့ သူတို့က အဖေ့ကို စိတ်ပူလို့ ငိုချင်သလို ဖြစ်နေတဲ့ ကိုယ့်ပုံကိုကြည့်ပြီး ယုံသွားလား မသိဘူး။

အခန်းတခန်းထဲခေါ်သွားပြီး အမျိုးသမီး အော်ဖစ်ဆာ နှစ်ယောက်နဲ့ တကိုယ်လုံး စစ်ဆေးတော့တာပဲ။ ပြီးမှ မှန်ကန်တော့မှ “ငါတို့ တွန်းလှည်းနဲ့ လိုက်ပို့ပေးရမလား” ဘာညာ မေးတာ။ အဖော်ရော မပါဘူးလား တဲ့။ ဒီလိုအချိန် ခရီးမသွားသင့်ဘူးလဲ ပြောသေးတယ်။ ကိုယ်ကလဲ အမျိုးသားပါပါတယ်။ သူလဲ စိတ်ပူလို့ ရှေ့က ပြေးပြီလို့ ပြောလိုက်ရတယ်။ ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပဲလေ။

ပထမဆုံး အမေရိကားကို လာတုန်းကတော့ လေယာဉ်ကို ၁၆နာရီကျော်ကြာအောင် စီးရတာ။ အကြာကြီးစီးရတာ အဲဒီအကြိမ် ပထမဆုံးဆိုတော့ လေယာဉ်ကြီးက အကြီးကြီးမို့ သဘောကျလိုက်တာ။ လူတယောက်ကို ကိုယ့်ရှေ့မှာ တီဗီ တလုံးနဲ့။ ရုပ်ရှင်ပေါင်း ၅၀ကျော် ရွေးပြီး ကြည့်လို့ရတယ်။ ဂိမ်းတွေဆော့၊ စတိတ်ရှိုးတွေ ကြည့်သွားလဲ ရတယ်။

ခက်တာက ထိုင်ခုံမှာ ခလုတ်တွေ စုံနေတာပါ။ ကိုယ်ကလဲ လောကဓာတ်ပညာတွေကို လန့်တဲ့ အခံကလဲ ရှိတယ်။ ဒါပေမဲ့ ရုပ်ရှင်ကလဲ အရမ်းကြိုက်တော့ ကြည့်လဲ ကြည့်ချင်တယ်။ ဒါနဲ့ တခုကြည့်ချင်တိုင်း ဘေးနားက ကိုယ့်အမျိုးသားကို လုပ်ပေးပါအုံး၊ ချယ်နယ် ပြောင်းပေးပါအုံး ပြောရတယ်။

နောက်တော့ သူလဲ အိပ်ရော ကိုယ်လဲ မနှိုးချင်တာနဲ့ ကိုယ့်ဖာသာကိုယ် စမ်းသပ်မယ် ဆိုပြီးစိတ်ထဲက ဖြစ်လာတယ်။ ဒါနဲ့ ဟိုခလုတ်လေး နှိပ်ကြည့်လိုက်၊ တီဗီက ဖလပ်ဆို ပိတ်သွားလိုက်၊ ချယ်နယ်ပြောင်းမယ်ဆိုပြီး ခလုတ်တခု နှိပ်လိုက် ခြေနင်းခုံက ဗြုန်းဆို မြောက်တက်လာလိုက်နဲ့..။

တော်ပါပြီလေ မစမ်းတော့ပါဘူးဆိုပြီး ဇိမ်နဲ့ကြည့်မယ် လုပ်ပြန်တော့ တံတောင်နဲ့ ရီမုဒ်ကို ဖိမိပြီး တခုပြီးတခု ပြောင်းကုန်လို့ ဟိုက် သောက်ပလုတ်တုပ် ဖြစ်ရသေး။ နောက်တော့ ကိုယ့်ဖာသာကိုယ် အတင်းကြိုးစားပြီး ဒါက ဒါကို နှိပ်တာ၊ ဟိုဟာက ဟိုဟာကို နှိပ်တာနဲ့ တတွတ်တွတ် ရွတ်ပြီး သိသလိုလို ရှိပြီဆိုတော့ လေယာဉ်က အယ်လ်အေမြို့ပေါ်မှာ ဆင်းဖို့ ၀ဲနေပြီ။ ကိုယ်က လုပ်တတ်တုန်းလေး ခဏ စမ်းကြည့်ချင်လို့ပါဆိုပြီး နေခဲ့လိုက်ချင်သေးတာ။

အဲဒီခရီးမှာပဲ လေယာဉ်ပေါ်မှာ အိမ်သာကိုသွားတော့ တံခါးလက်ကိုင်ကို ကိုင်လိုက်တာနဲ့ ဓာတ်လိုက်တာပါ။ ဘယ့်နှယ်ဟာကြီးပါလိမ့် လို့ စိတ်ထဲမှာ ဖြစ်နေတုန်း၊ ဟုတ်မှ ဟုတ်ရဲ့လား လို့လဲ ထင်မိသေးတယ်။ အမှန်ပဲ။ အမေရိကားအလာ လေယာဉ်ပေါ်မှာကတည်းက စ လိုက်တာ သတ္ထုပစ္စည်းတွေနဲ့ ဓာတ်လိုက်တာ အခုထိပဲ။

ကိုယ့်ကိုယ်မှာ မတရား ဓာတ်တွေ စီးနေပြီထင်တယ် လို့ စိတ်တော့ ပူမိသား။ နောက်မှ သူများတွေလဲ ဓာတ်တွေ လိုက်ကြတာ မေးကြည့်လို့ သိရတယ်။ လူတိုင်းတော့ မဟုတ်ဘူး။ တချို့ပေါ့။ ကိုယ်လဲ တဖျပ်ဖျပ်နဲ့ ဓာတ်လိုက်တာများ တခါတလေ မီးတောင်ပွင့်တယ်။ လာမထိနဲ့ မီးပွင့်သွားမယ် ဆိုတာ ကိုယ်က တကယ်ကြီး ပြောတာ..။

တခါကတော့ Mall ထဲမှာ လမ်းလျှောက်နေတုန်း ဘေးနားက မှန်မှာ ကိုယ့်ပုံကို ကြည့်မိတော့ ဆံပင်တွေ အကုန်လုံး ထောင်လို့။ ကာတွန်းကားထဲက ဆံပင်တွေထောင်နေတဲ့ ရုပ်ပြောင်ပုံလိုမျိုးပဲ။ သူကလဲ အံ့သြလို့။ အဲဒီနေ့က သိုးမွှေးအကျီ င်္ ခေါင်းစွပ်ဝတ်ထားတယ်။ သတိထားမိတာ သိုးမွှေးအကျီ င်္ဝတ်ရင် ပိုဖြစ်သလိုပဲ။ လျှပ်ကူးမြန်လို့ ထင်ပါရဲ့။

အခုတော့ ကိုယ်က သံတွေ၊ သတ္ထုတွေဆို ဘာမှ မကိုင်ရဲတော့တာမို့ အခန့်ကြီးစားလိုတောင် ဖြစ်နေတယ်။ ဥပမာ စတိုးဆိုင်ထဲ ၀င်မယ်ဆိုရင် ခပ်တည်တည်နဲ့ လျှောက်လာ၊ တန်းဝင်သွားရုံပဲ။ တံခါးလက်ကိုင်က သံမို့ မကိုင်ရဲလို့ သူက တံခါးဖွင့်ပေးထားတယ်လေ။ စတိုင်ပေါ့။ ကုသိုလ်ကံများ ပြောပါတယ်။ သူကလဲ ကားတံခါး၊ ဆိုင်တံခါး ဖွင့်ဖွင့်ပေးရတာ Lady first မို့ ဦးစားပဲ ပေးနေရသလိုလို။ တကယ်က ဓာတ်လိုက်မှာ ကြောက်လွန်းလို့ ကိုယ့်အကြောင်း ကိုယ်တို့ပဲ သိတယ်လေ။

အဲဒါ လေယာဉ်ပေါ်ကတည်းက စ တဲ့ဇာတ်လမ်း။ ခုထိ မဆုံးသေးဘူး။

မိုးချိုသင်း

33 comments:

ဇနိ said...

မမချိုသင်း လေယာဉ်ကြီးက စလိုက်တဲ့ဇာတ်လမ်းလေး တယ်မိုက်တာပဲ။ ခုထိဇိမ်ကျလိုက်တာ။ နိနိလည်း ဓါတ်လိုက်တတ်တယ်လို့ ညာပြောမယ် ဒါမှ တံခါးလေးတွေ ဖွင့်ပေးမှာလေ။ လေယာဉ်ကြီးမြင်ရင်တော့ အိမ်ပြန်ချင်တယ်။

myatnoe said...

အမရေ.. မြတ်နိုးလည်း ဒိရောက်တော့ တခါတလေ ဓာတ်လိုက်သလိုဖြစ်တယ်။ ..ကွန်ပျူတာ စားပွဲတွေ နေရာတွေ ကုလားထိုင် အပေါ်ကတန်းကလေးတွေ မှာ အဖြစ်များတယ်။ ဘာဖြစ်မှန်းမသိခဲ့ဘူး။
တခါတလေမှပါ။ လန့်လန့်သွားတယ်။
အဖော်ရှိပီကွ..။

အမနဲ့လေယာဉ်လိုက်စီးလိုက်တယ်။ ပီးတော့ အမလို ဗိုက်ပါစည်းလိုက်တယ်။ အဟီး

MANORHARY said...

တချို့ တွေကအဲဒီလိုပဲ..ကိုယ်ထဲမှာ လျှပ်စစ်ဓါတ်များနေတတ်တယ်...သတိထားပေါ့..ဟို
တစ်ယောက်လည်းအဲလိုပဲလေ..လျှပ်စစ်ပစ္စည်းဆိုကိုင်တာ
နဲ့ပျက်ပြီးသွားပြီ ..း)

ဟန်လင်းထွန်း said...

ဓတ်လိုက်တာ က ဇိမ်ပဲနော်။ ဓတ်လိုက်တာက အမသူ့ကို ပြန်လိုက်ရင် သူမလိုက်ဘူး။ နောက်တခါ ကိုယ်က အရင် ဦးအောင် လိုက်။ မှတ်ပြီလားဆိုပြီး အော်ပြီးမေး ဒါဆိုရပြီ

Taungoo said...

အဲလိုမျိုးဓါတ်လိုက်တဲ့သူတွေရှိသလား။ ဒီထဲမှာတင် မမသင်းရယ်၊ မမမြတ်နိုးရယ် နှစ်ယောက်တောင်ပဲ။ သတိလည်းထားကြပါဦးဗျာ။ ထူးဆန်းပါပေ့။

Kay said...

ကျမ တို့ဆီမှာလည်း လိုက်တယ်။ ဒါပေမဲ့..အဲလို တဦးတယောက် ထဲမဟုတ်- အားလုံးလိုလိုပဲ.. များများ ဖြစ်တာ နဲ့နဲနဲ ဖြစ်တာပဲ ကွာတယ်။ ဒီမှာတော့..မြေတွေက.. mineralization များလို့ ဓါတ်ကူးပစ္စည်းတွေ ပါနေလို့ -လို့ယူဆရတာပဲ။ နေအုံး- မချိုသင်း ဗိုက်ခွဲ တုန်း..အထဲမှာ- တခု ခု များ ကျန်ခဲ့လားမသိ။း)

tututha said...

အမရေ ဒီနေ့ပဲလာပြန်အော်မလို့ဟာ .. အော်တောင် မအော်လိုက်ရဘူး ခေါင်းစဉ်အသစ်ကလေး တွေ့လိုက်ရတယ်။ ပျော်လိုက်တာ။ အမကတော့ ရေလည်မိုက်ပဲ။ တူးလည်း လေယာဉ်ပျံကြီးစီးပြီး ခရီးအဝေးကြီးသွားချင်လိုက်တာ။ ခုတော့ ထိုင်ရုံရှိသေး ရွှတ်ဆိုရောက်သွားတဲ့ နေရာတွေပဲ သွားဖူးသေးတယ်။

khin oo may said...

ဟာသ ဝတ်ထု ရေးနေ တာလားဟင် ။ရယ် လိုက်ရတာ။ အဆက် မပြတ်။ မြင်ယောင် ကြည်.့ပါရဲ့ ခွိ ခွိ။

nu-san said...

အမရေ... ဘာလို့လည်း မသိ.. ကျွန်တော်လည်း သူများနဲ့ သွားထိမိရင် ဓာတ်လိုက်တယ်.. များသောအားဖြင့် အလုပ်ထဲမှာ.. ကျနော်တို့ ၂ ယောက်က ကျောချင်းကပ်ထိုင်တာမို့ သူ့ကို တခုခု သိချင်လို့ မေးမယ်ဆိုပြီး လှမ်းတို့လိုက်ရင် ဓာတ်လိုက်ရော.. တခါတလေဆို လန့်တောင် လန့်တယ်.. အမရဲ့ LA ခရီးစဉ်ကတော့ အတော်လေး ရီရသား.. ဒါပေမယ့်လည်း အမ ဘယ်လောက် စိတ်ပူနေမယ်ဆိုတာ မှန်းလို့ရတယ်.. :) လေယာဉ်ကို ၁၆ နာရီတောင်စီးရတာ အမုန်းပဲနော်.. ကျနော်ဖြင့် ၆ နာရီစီးရတာကိုတောင် တွန့်လိမ်နေတာ.. ညောင်းလို့ အမရေ.. :D

PAUK said...

မချိုသင်းရေ..
ဗိုက်မှာခါးပါတ်ဆီးထားပြီး လေဆိပ်မှာ ကိုးယိုးကားယားဖြစ်နေပုံကိုမြင်ယောင်နေတယ်..
ဟားဟား
အရမ်းရီနေရတယ်..

ဒူကဘာ said...

ဓါတ်လိုက်တာခြင်းများ တူသဗျိုး၊ လေယာဉ်စီးတာကတော့ ကွာတယ် ဒူကဘာတို့ ငယ်စဉ်က ဗန်းမော် ကနေ မြစ်ကြီးနား သွားတဲ့ စစ်ကျန် ဒါကိုတာ လေယာဉ်ကြီးစီးတာ မိုးရွာလို့ မိုးယိုတော့ အမေက ထီးဖွင့်ဆောင်းပေးတော့ လေယာဉ်မယ်က မဖွင့်ဖို့ပြောတော့ စကားများကြတာ တခုတ်တရ ရှိနေသေးတယ်။

ရှင်မင်းညို said...

မမိုးချိုရေ..ရှင်မင်းလဲဓါတ်လိုက်လွန်းလို့အော်နေတာ
တယ်တချိန်လုံး.. ကားတခါးဖွင့်လဲလိုက်.. ဆောင်းတွင်းအကျီချွတ် လိုက်ရင်အကျီကနေ မီးတွေပွင့်နဲ့စုံနေတာပဲ....

အမေရိကားလာကိုလာတိုင်း မမိုးချိုလိုလေယာဉ်ပေါ်မှာ မပျော်နိုင်ဘူးငါဘာလို့ဒီခရီးလာမိတာလဲ..
လေယာဉ်ပျံကြီးပျက်ကျရင် ကောင်းမှာလို့ ပထမဆုံးလာတဲ့
တခါရယ်ကျောင်းပိတ်လို့ခဏ ပြန်လာတုန်းကရယ် ပြန်မလာချင်လို့တွေးမိတယ်...

pandora said...

အစ်မရေ မျက်စိထဲမှာ မြင်ယောင်လာတယ်။
စင်္ကာပူမှာ ဆိုရင်တော့ မလွယ်.. သိတယ်မဟုတ်လား .. ဒီမှာက မိုးကြိုးတော်တော်ပစ်တယ်

ပန်းခရမ်းပြာ said...

Suicide Bomber ထင်လို့ ရဲတွေ“ပြာ” သွားတာ ဖတ်ရင်း ရယ်မိတယ်။ တကယ့် ရုပ်ရှင်ထဲက ပြကွက်တွေလိုပဲနော်။

sin dan lar said...

လာဖတ်သွားပါတယ် ဆရာမ

Phyo Evergreen said...

အစ်မရေ အမြဲလာဖတ်ဖြစ်ပါတယ်...။ အရေးအသားတွေ
ကြိုက်လွန်းလို့ပါ...။ ဖတ်ရင်းရီလိုက်ရတာ...။ ခဏခဏ ပြန်ဖတ်လို့ ရီရတာတောင်မောနေပြီ...။

Heartmuseum said...

အမရေ လေယာဉ်စီး အတွေ့အကြုံဖတ်သွားတယ်ဗျာ။
post နဲ့မဆိုင်ပေမယ့်cbox မတွေ့ email မသိလို့ ဒီမှာပဲ ရေးခဲ့တာ ခွင့်လွှတ်ပါဗျာ။ မနက်ဖြန် Oct 19, 2008 Sunday မှာ အဖေ့အတွက် ရက်လည်ဆွမ်းကပ်ပွဲကို
Burma Buddhist Monetary
710 Grandview Ln,
La Puente, CA 91744
မှာ လုပ်မှာဗျ။ LAမှာနေတာဆိုတော့ အချိန်ရရင် မိသားစု လာစားပါလားဗျာ။ ကျွန်တော် ဖိတ်ပါတယ်။
လေးစားလျှက်
Daniel

Heartmuseum said...

မနက်(၁၀:၀၀)နာရီ စမှာဗျ။

blackrose said...

လာလည်ဖတ်ရှုရယ်မော သွားတယ်။ အရမ်းဖတ်လို့  ကောင်းတယ်။ အားလည်းကျတယ်။ အားပေးနေပါတယ်။

thorn musem said...

မမိုး.....
မမိုးရဲ့ ထူးခြားချက်က စာရေးတတ်တာဗျ....။
ဖြစ်ရိုးဖြစ်စဉ်လေးကို ရေးတတ်တော့ မီးပွင့်တာ....
အဲ....ရွှေဖြစ်တာ...။
မမိုး ကုန်တိုက်ထဲကို ခန့် ခန့် ကြီး ၀င်သွားတာ..
တစ်ခါလောက်ကြည့်ချင်တာ..။
ကားလမ်းပြောင်းပြန်မောင်းတာ...
ခါးပတ်ပြားကြီးနဲ့ ခြိမ်းခြောက်တာ...
အမှတ်တရတွေပါဘဲ...။
လေးစားပါတယ်။

ဖီးနစ် said...

ဓာတ်လိုက်တာတော့ကျွန်တော်လဲခနခနဖြစ်တယ်ဗျ
ကားဆိုတံခါးကိုကိုင်လိုက်ရင်ဖြောင်းဆိုမီးပါပွင့်တယ်
ကားကိုဆိုင်ကိုပြန်အပ်ပြီးစစ်ခိုင်းတော့လဲဘာမှမဖြစ်ဘူးဆိုပဲ
ဘယ်ကားကိုကိုင်ကိုင်ဖြစ်တယ်
ဆဲလ်ဖုန်းဆိုပျက်တာများလို့ အာမခံကတောင်မယုံတော့ဘူး
အိပ်ရင်လဲ သိုးမွေးစောင်ဆို မီးတွေတဖြောက်ဖြောက်ပွင့်တယ်အစကတော့တော်တော်လန့် တယ် ဖြစ်ပါများလာတော့လဲယဉ်လာသလိုပဲ
ဘာလို့ လဲတော့မသိဘူး တစ်ခုသတိထားမိတာက
ဆောင်းတွင်းဆိုပိုဖြစ်သလိုပဲ။
ဆောရီးနော် မဆိုင်တာတွေလျှောက်ရေးတာများသွားလို့ 

ဆောင်း said...

မမိုးချိုသင်း ဓါတ်လိုက်တာက တယ်မိုက်တာဘဲ။ တံခါးဖွင့်ပေးမဲ့လူ အသင့်နဲ့  ခန့် ခန့်ကြီးဝင်သွားရုံဘဲ
ဘုရင်မတို့  အိမ်ရှေ့ စံမင်းသမီးတို့  ဘာတို့ လိုဘဲ ..... (မုန့် ကျွေးနော်)

ဓါတ်လိုက်တာက ချည်သားမ၀တ်လို့ ပါ။ အေးတဲ့ နိုင်ငံတွေမှာ နွေးအောင် ၀တ်ဖို့  နိုင်လွန်တို့ သိုးမွှေးတို့ သာဝတ်မှ နွေးတာ။အဲဒီ အရာတွေက ဓါတ်လိုက်တတ် ပါတယ်။ ကျမဆို ရန်ကုန်မှာတောင် ဖြစ်ဘူးပါတယ်။ အေးတဲ့ နိုင်ငံရောက်လာတော့ လူတိုင်း ဖြစ်တတ် ပါတယ်။

ပုံရိပ် / Pon Yate said...

မချိုသင်း အစ်မရဲ့ ခါးပတ်ပြား ပုံပြင်ကို ဖတ်ပြီး ဖြစ်မှ ဖြစ်ရလေလို့။ ပုံရိပ်တော့ လေယာဉ်ပျံ ပထမဆုံး စီးဖူးတော့ ဘာမှ မစားနိုင်ဘူး။ အစားအသောက်ကို အနံ့တောင် မခံချင်လောက်အောင် မူးခဲ့ဖူးတယ်။

rose said...

ဟာ---

ဓါတ်စီးသမားတွေ အများကြီးပါ့လား။
ဘာပဲဖြစ်ဖြစ် ဆွယ်တာဝတ်တဲ့ အချိန်မှာ ဆံပင်တွေ ထောင်နေတော့ ဒီဇိုင်းက မိုက်တာပေါ့။ ဇိမ်လည်းကျသေးနော။
ကောင်းတယ် မမရေ။

နှင်းဆီဖြူ said...

ဟုတ်တယ်ဆရာမရေ... ကျမကတော့ လူချင်းထိရင် ပိုဓာတ်လိုက်တတ်တယ်....ဆောင်းတွင်းမှာ ပိုဆိုးတယ်...

လင်း said...

ဟီးဟီး ရီရတာ မျက်ရည်တောင်ထွက်တယ်။ လေယဉ်ကွင်းထဲမှာ လုံခြုံရေးတွေနဲ့  အမဖြစ်နေပုံကို မြင်ယောင်ပြီး ရီတာအူတက်နေပြီ။ လေယဉ်ကွင်းကို နာမည်မကြိုက်လို့ တခြားလေယဉ်ကွင်းရွေးတာလဲ ရီရတာဘဲ။ ဓါတ်လိုက်တာတော့ အဖော်ရှိသွားပြီ ။

ကောင်းကင်ကို said...

သဲထိတ်ရင်ဖို ပါလား အစ်မ။

LIN LET KYAL SIN said...

မမမိုးချိုသင်းရေ ရေးလည်းရေးတတ်ပါ့။ ဖတ်ရင်းနဲ့ တောက်လျှောက်ပြုံးရီနေမိတယ်။ ဆံပင်တွေ ထောင်တယ်ဆိုတော့ ဆိုင်သွားဖို့တောင် မလိုတော့ဘူး တခါတည်း စတိုင်ဖြစ်သွားတာပေါ့နော် :P

တန်ခူး said...

ချိုသင်းရေ… ရုံးမှာကတည်းက ကော်မန့် တင်နေတာ အရမ်းနှေးနေလို့ ခုမှ ပြန်တင်ရတယ်…
ချိုသင်းအဖြစ်လေးတွေက ပြုံးစရာ… ချစ်စရာ… Suicide Bomber အခန်းကို အကြိုက်ဆုံးပဲ… ချိုသင်းလို အဲလို လေယာဉ်ပေါ်မှာ ပျော်စရာလေးတွေ နဲ့  အားကျလိုက်တာ… တို့ ကတော့ ခရီးရှည်မပြောနဲ့  မြန်မာပြည်ပြန်တဲ့  ခရီးတိုလေးမှာတောင် မစားနိုင် မပြောနိုင်… လေယာဉ်မူးလို့ လေ…

မေငြိမ်း said...

ချိုသင်းပြောပြတုန်းက အဲလိုဓာတ်လိုက်တယ်ဆိုတော့ ဟယ်..ဟုတ်လားလို့ ဆန်းနေခဲ့တာ..နော်။ တော်ပါသေးရဲ့..သူများတွေလည်း အဖော်တွေရှိလို့..။ မဟုတ်ရင် ငါ့သမီးလေးတယောက်တည်း ဓာတ်တွေများစီးဝင်နေသလား.. ဒုက္ခပါပဲလို့ စိတ်မကောင်းဖြစ်နေခဲ့တာ။

phyophyo said...

ma gyi moe,
i am really proud of you for receiving a lot of comments every article. It means a lot of ppl enjoying all ur post including me also. Now i have a habit already, when starting open my net first i doing is going to ur blog and look for new post. when i see new post i so happy otherwise so sad. Keep it up ma gyi.... i hope u can post so many post eveyday. :)
enjoy! take care ur health

with rgrds

ဂျစ်တူး - gyit_tu said...

အဟိ ခါးပတ်ကြီးနဲ့ ကိစ္စကို ရယ်ချင်ဆုံးပဲး)

phwe said...

ဟုတ်တယ်အမ။ ညီမလည်းအမလိုပဲခဏခဏဓါတ်လိုက်တတ်တယ်။ ဘဝတူတွေလာတွေ့ကြတာပေါ့။