လေလွင့်အတွေးများ

လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ လုပ်ချင်တဲ့ စိတ်ကူးလေးတွေ ရှိတတ်ကြတယ်။ တခါတလေကျတော့လဲ မွန်းကြပ်လာရင် စိတ်ထွက်ပေါက်အနေနဲ့ ကိုယ်လုပ်ချင်တာတွေကို လျှောက်တွေး ပစ်လိုက်တတ်တာ။ စိတ်ကူးထဲမှာ အစွမ်းကုန် လွတ်လပ်ပစ်လိုက်တတ်တာမျိုး ထင်ပါရဲ့။ ကိုယ့်အတွေးထဲမှာတော့ ဘာကိုမှ ထောက်ထား ငဲ့ညှာစရာ မလိုဘူးကိုး။

ကိုယ်လည်း ငယ်ငယ်တုန်းကတော့ အဲဒီလို တွေးမိတာ ခဏခဏပဲ။ ကိုယ့်ဆန္ဒတွေပေါ့။ ကြီးတော့လည်း တွေးမိနေတုန်းပဲ။ တခါတလေပေါ့။ ကိုယ့်စိတ်ကိုက အပူအပင်ကင်းကင်းနဲ့ လွတ်လပ်ချင်နေတာကိုး။

ဒါနဲ့ အခုလဲ stress တွေ များနေတဲ့အချိန်မို့ စာမရေးဖြစ်တဲ့အတူတူ ဒီဝတ္ထုလေးကို ပြန်တင်ဖို့ စဉ်းစားမိတယ်။ ကလေးအတွေးတွေလို့ သဘောထားပေးပေါ့နော်။ ဘာပဲဖြစ်ဖြစ် ၁၉၉၀ ဇူလိုင်လ မဟေသီမှာ ပါခဲ့တဲ့ ၀တ္ထုတိုလေးကို ဘလော့ဂ်မှာ ပြန်အသက်သွင်းလိုက်ပြီ။ ဖတ်ကြည့်ကြပါအုံး။

လေလွင့်အတွေးများ

မြက်ခင်းစိမ်းစိမ်းနုနုလေးတွေ မျက်စိတဆုံး ရှိနေတဲ့ ကွင်းပြင်ကြီးမှာ ပြေးချင်လိုက်တာ။ မြောက်လေပဲ ဖြစ်ဖြစ်၊ အနောက်လေပဲ ဖြစ်ဖြစ် လွတ်လပ်တဲ့လေအေးတခုပေါ့၊ အလိုက်သင့် တိုက်နေစေချင်သေးတယ်။ အချိန်ကလဲ ဘယ်ပန်းချီရေးလို့ မမီနိုင်တဲ့ ညနေဆည်းဆာ အရောင်ဖြာဖြာအောက်မှာပေါ့။

မတ်စေ့သာသာလောက်ရှိတဲ့ ပန်းဝါ၀ါအပွင့်လေးတွေကလဲ လေယူရာ ယိမ်းနွဲ့နေချိန်ကလေး..။ အဲဒီအထဲက နှစ်သက်ရာ ပန်းတပွင့်ကို လွင့်နေတဲ့ ဆံပင်ပေါ်မှာ ထိုးစိုက်လိုက်ချင်သေးတယ်။ ကလစ်မပါလို့ အထိန်းအကွပ်မဲ့နေတဲ့ ပန်းကလေးကလဲ စိမ်းနေတဲ့ မြက်ခင်းပေါ် ကျမသွားစေချင်ပါဘူး။

ပြေးရင်းနဲ့ မောလာပြီလို့ သတိပြုမိတဲ့အချိန်မှာ မြက်ခင်းပေါ်မှာ အိပ်စက်အနားယူ ချင်တယ်။ အမောပြေရင် ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ရှတတ မြက်ခင်းတွေပေါ် ပြားသွားအောင် လွတ်လွတ်လပ်လပ် ပြေးလှိမ့်ပစ်လိုက်ချင်တာ။ နေ၀င်ခါနီးလို့ နီလဲ့လဲ့ ဖြစ်နေတဲ့ ကောင်းကင်ကြီးမှာ ဗျိုင်းကလေးတွေပဲဖြစ်ဖြစ်၊ ကျီးကလေးတွေပဲဖြစ်ဖြစ် အုပ်စုဖွဲ့ပြီး ပြန်သွားတာကို အိပ်နေရာက ငေးချင်သေးတယ်။ ဒါက တခုပေါ့။

သိပ်ပျော်စရာကောင်းမှာပဲ။ မိုးတွေ တဝေါဝေါနဲ့ ဒေါသကြီးနေချိန်မှာ မည်းပြောင်နေတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ လမ်းလျှောက်နေချင်လိုက်တာ။ လမ်းမီးတိုင်တွေကလဲ မှိန်နေစေချင်သေးတယ်။ မီးအရောင်ပျပျအောက်မှာ ခုန်ဆွ ခုန်ဆွဖြစ်နေတဲ့ ဖားကလေးတွေကို မြင်ရမယ်။ ဖားသေးသေးလေးတွေကိုတွေ့ရင် လမ်းမကြီးပေါ်မှာ ဒူးထောက်ပြီး လက်နဲ့ လိုက်ဖမ်းရရင် သိပ်ရယ်ရမှာပဲ။

ဒါပေမဲ့ တခုတော့ ရှိတယ်။ ဒီလမ်းပေါ် ကားမလာစေချင်ဘူး။ ညဆိုတော့ ကားလဲ လာမှာ မဟုတ်ပါဘူး။ တိတ်ဆိတ်တဲ့နေရာမျိုးမှာ သီချင်းလဲ အကျယ်ကြီး ဆိုချင်တယ်။ တိုးသင့်တဲ့နေရာတိုး၊ ကျယ်သင့်တဲ့နေရာမှာ ကျယ်ပေါ့။ ခပ်မှန်မှန်ဆိုရတဲ့သီချင်းဆိုလဲ မပင်ပန်းဘူးမဟုတ်လား။ ဒါကြောင့် ဆိုချင်သေးတာပဲ။

မိုးမတိတ်သေးရင် လမ်းပေါ်မှာ တယောက်တည်း ပြေးချင်တယ်။ ကိုယ့်ဖိနပ်သံကို နားထောင်ရတာ ဂီတသံလိုပါပဲ။ သာယာတယ်။ မိုးကလဲ သည်း၊ လေကလဲ အရမ်းတိုက် ဆိုရင်တော့ ထီးမည်းမည်း အရှည်ကြီးဆောင်းပြီး လေတိုက်တဲ့ဘက်ကို ကွယ်ထားချင်လိုက်တာ။ ထီးလွင့်သွားရင်တော့ ဟာသ တပုဒ်ပေါ့။ လေကတိုက်၊ ထီးကလွင့်နဲ့ တော်တော်ပျော်ရမယ်။

ထီးကိုပိတ်ပြီးတော့လဲ နိမ့်နေတဲ့ သစ်ရွက်တွေကို အသံအကျယ်ကြီးမြည်အောင် ရိုက်ချင်လိုက်တာ။ မမီမကမ်းနဲ့ လှမ်းရိုက်မှာနော်။ ဒါဆိုရင် သူတို့က နာတယ်ဆိုတဲ့သဘောနဲ့ ခပ်ကျယ်ကျယ် အော်ကြလိမ့်မယ်။ နောက်ပြီးတော့..

မနက်အစောကြီး နှင်းတွေ အရမ်းကျနေချိန်ပေါ့။ ကျောက်တောင်ကြီးပေါ်မှာ ထင်းအကြီးကြီးတွေနဲ့ မီးဖိုကြီး ဖိုချင်လိုက်တာ။ တောင်ထိပ်ပေါ်ကဆိုတော့ နေတက်လာပုံကို မြင်ရမှာပဲ။ မနက်ဝေလီဝေလင်း မြူတွေကလဲ ကျ ဆိုတော့ ချမ်းစိမ့်စိမ့်လေး။ စောင်တထည် သဘက်တခုလောက် ကိုယ်ကို ပတ်ထားလိုက်မယ်။

တောင်ပေါ်က စေတီလေးတွေကို ထုံးဖွေးဖွေးနဲ့ လှမ်းမြင်ပြီး ဖူးရတာလဲ အရသာ တမျိုးပဲ။ သိပ်ကြည်နူးစရာကောင်းမယ်။ တအားအေးလို့ ပါးစပ်ဖွင့် ထားလိုက်ရင် အာငွေ့လေးတွေ မှုတ်ထုတ်တာလဲ ကစားနည်းတခု ရမှာပဲ။ မီးစွဲနေတဲ့ ထင်းတခုကို မီးပုံကြီးထဲက ဆွဲထုတ်ပြီး လေမှာ မြှောက်ကစားရင် သိပ်ပျော်ရမယ်။ ဒါက တမျိုး။

မီးတွေ ထိန်ထိန်လင်းနေတဲ့ သီတင်းကျွတ်လို တန်ဆောင်တိုင်လို ပွဲတွေမှာ ပွဲခင်းထဲ လမ်းလျှောက်ရင် သိပ်ပျော်စရာကောင်းမှာပဲ။ လမ်းဘေးတလျှောက်မှာ တရှဲရှဲနဲ့ ရေမုန့်တွေ၊ မုန့်ဆီကြော်တွေ အီကြာကွေးတွေ ကြော်ကြနဲ့ဆိုတော့ များလွန်းလို့ ဘာစားရမှန်းတောင် သိမှာ မဟုတ်ဘူး။

လူအုပ်ထဲမှာဆိုတော့ တခါတခါ ခြေချဖို့တောင် မလိုဘူး သိလား။ တိုးတိုးဝှေ့ဝှေ့ ငေးငေးမောမောနဲ့ပေါ့။ ထိုင်ခုံမရှိတဲ့ အငြိမ့်ပွဲတွေမှာလဲ ခဏတဖြုတ်ရပ်ကြည့်မိချင်မိနေမှာ။ လမ်းဘေးရုပ်ရှင်တွေလဲ ရှိသေးတာ။ ဒါပေမဲ့ အဲဒီကားတွေတော့ မကြည့်ချင်ပါဘူး။

မေ့နေလိုက်တာ။ ပျော်စရာအကောင်းဆုံး တခု ကျန်သေးတာပဲ။ ရောင်စုံ မီးချောင်းတွေနဲ့ ရဟတ်ကြီးပေါ့။ ရဟတ်ကြီးကလေ ဟိုး..အဝေးကကြီးက မြင်ရင်ကို လူကို ပျော်သွားနိုင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။ ညဈေးတန်းရောက်ရင် ရဟတ်ကြီးကို စီးဖြစ်အောင် စီးသင့်တာ။ ရဟတ်ရဲ့ အပေါ်ဆုံးကို ရောက်သွားရင် ငုံ့ကြည့်လိုက်ပါလား။ လူတွေတလှုပ်လှုပ်နဲ့ သွားလာနေကြတာကို မျက်စိတဆုံး မြင်ရတယ်။ ရဟတ်ကြီး ကြမ်းကြမ်းတမ်းတမ်း လွှဲရင်အော်ကြ ဟစ်ကြနဲ့ တအားပျော်စရာကောင်းတာ။ ပျော်ကို ပျော်ရပါတယ်လေ။

တယောက်တည်း ခရီးအရှည်ကြီး သွားချင်သေးတယ်။ မီးရထားရဲ့ အထက်တန်းတွဲ ပြူတင်းပေါက်ရှိတဲ့ နေရာလေးမှာပေါ့။ ပြူတင်းပေါက် အကျယ်ကြီးမှာ သဘာဝပန်းချီကားတွေ တခုပြီး တခု ၀င်လာမှာပဲ။ ဓာတ်ကြိုးပေါ်မှာ လေဟုန်စီးနေတဲ့ ဆက်ရက်လေးတွေကို လန့်ပြီး ပျံသွားအောင် ခြောက်လိုက်ချင်သေးတယ်။

ကောက်ရိုးပုံတွေ မီးရှို့လို့ မီးခိုးတလူတလူ ထွက်နေတာလဲ သိပ်ကြည့်လို့ ကောင်းမှာပဲ။ အက ကောင်းတဲ့ အ၀ါရောင် စပါးခင်းကြီးကိုလဲ နောက်ချန်ထားခဲ့ရမှာ ၀မ်းနည်းစရာ။ အောက်က ချောင်းရှိလို့ ရထားကြီး တံတားပေါ်ဖြတ်သွားရတဲ့အခါ သိပ်အသည်းယားစရာကောင်းတာ။

ရထားအရှိန်နဲ့ လေတိုက်တာကိုလဲ ကြည်ကြည်နူးနူး ခံစာချင်သေးတယ်။ နောက်ပြီး လွမ်းလွမ်းဆွေးဆွေး ဥသြဆွဲသံကိုလဲ တမြတ်တနိုး နားထောင်ချင်သေးတယ်။ ဘူတာတခုဆိုက်ရင် အပြေးအလွှားလာရောင်းကြတဲ့ ဈေးသည်တွေထဲမှာ စာကလေးကြော်တို့ ချိုးကြော်တို့ကို စားပစ်မှာပဲ။ ဖရဲသီးတွေ တွေ့ရင်လဲ အိမ်အတွက် ၀ယ်သွားချင်တယ်။

နောက်ပြီး တိရိစ္ဆာန်လေးတွေနဲ့ အတူနေချင်တယ်။ သိပ်ပျော်စရာကောင်းမှာ သေချာတယ်။ တိရိစ္ဆာန်လေးတွေက ရိုင်းစိုင်းပေမဲ့ ရိုးစင်းကြပါတယ်။ သူတို့ အမူအယာလေးတွေဟာ နှစ်လိုဖွယ်ရာ အပြည့်ပဲ။ ကြောင်လေးတွေဆို ချည်လုံးတွေကို လက်ကလေးနဲ့ တို့ တို့ ပြီး ဆော့နေမယ်။ ငှက်ကလေးတွေဆို သီချင်းတွေ အများကြီး ဆိုနေမှာပေါ့။

မျောက်ကလေးတွေဆိုရင်တော့ နောက်တီးနောက်တောက် လိုက် စ နေမယ် ထင်တယ်။ သမင်ကလေးတွေဟာလဲ နေရောင်ခြည်အောက်မှာ ချိုလေးတွေ တကားကားနဲ့ ခုန်ပေါက်နေမှာပဲ။ ပုံပြင်ထဲမှာ ပညာရှိလို့ နံမည်ကောင်းရထားတဲ့ ယုန်လေးတွေကိုတော့ ချုံပုတ်တွေအကြားမှာ တွေ့ရမယ် ထင်တယ်။ သူတို့နဲ့သာ အတူနေရရင် စိတ်ချမ်းသာမှု အပြည့်အ၀ရမယ်ဆိုတာ ယုံကြည်တယ်လေ။

အိမ်မှာပျင်းတဲ့အခါများဆို ကိုယ်ခင်တဲ့ သူငယ်ချင်းတွေဆီ စာတွေ တစောင်ပြီးတစောင် ရေးချင်တယ်။ စာရေးရတာ လုံးဝပျင်းစရာ မကောင်းပါဘူး။ ကိုယ်ရေးတဲ့စာကို ပြီးရင် ပြန်ဖတ်ရတာလဲ အရသာရှိတာပဲ။ သူငယ်ချင်းတွေကို အဖြစ်အပျက်အကြောင်းအရာတွေ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ပြောပြလို့ရတယ်။ စကားပြောရတာထက် ပိုနှစ်သက်တယ်လို့ ပြောရင်တောင် ရတယ်။

တစောင်ပြီးတစောင် မမောတမ်းကို ရေးနေချင်တာ။ သူတို့က စာပြန်တာ မပြန်တာ အပထား၊ ကိုယ်ရေးနေရရင်ကို စိတ်က အလိုလို ပျော်နေမိမှာ။ သူတို့ဆီက ပြန်လာတဲ့စာတွေဆိုရင် အခါခါဖတ်လေ မပျင်းလေပဲ။ ဒီစာ ကြာသွားလို့ ရိုးသွားတယ် မရှိဘဲ ခံစားမှုတွေ အသစ်ဖြစ်လို့ ကိုယ်ငယ်ငယ်က စာဆိုရင် ပိုနှစ်သက်စရာကောင်းတာ။ ပြီးရင်တော့..
ဒီလို လွတ်လွတ်လပ်လပ် ကိုယ်စိတ်ကူးရှိတဲ့အကြောင်းအရာတွေကို ၀တ္ထုရေးနေရရင် သိပ်ကောင်းမှာပဲ ။ ။

မိုးချိုသင်း

20 comments:

ဟန်လင်းထွန်း said...

ကျနော်လည်း လိမ့်သွားတယ်။ မြက်ခင်းပေါ်မှာ။ ဖတ်နေတုန်း ကုလားကားထဲက မင်းသမီး မြက်ခင်းပေါ်မှာ လိမ့်ရင်းလိမ့်ရင်း ဂျောက်ထဲကျသွားတာ ၊ ပြီးတော့ ဂျောက်ထဲမှာ သီချင်းထဆိုတာ ဘာမဆိုင် ညာမဆိုင် သတိရသွားတယ်၊

လင်း said...

ကလေးအတွေးလို့ မပြောပါဘူး၊ လင်းလဲ အဲဒါမျိုးတွေ ခုထိလုပ်ချင်နေတုန်း၊ စိတ်တွေ အရမ်းညစ်လာတဲ့ အချိန်ဆို ကွင်းပြင်ကျယ်ကြီးမှာ လျှောက်ပြေးပြီး အကျယ်ကြီး အားးးး ဆိုအော်ချလိုက်ရင် နည်းနည်း သက်သာသွားတယ်။

ရွာသားလေးဝိုင်တီယူ said...

nice thinking. I also want to do all the way. :)

s0wha1 said...

မီးရထား စီးချင်သွားတယ်။ မိုးရေထဲတော့ မိုးခြိမ်းတာကြောက်လို့ လမ်းလျှောက်မထွက်ချင်ဘူး။ မြက်ခင်းပြင်ပေါ်တော့ လူးလိမ့်ချင်သား။

PTi said...

ကျွန်တော်လည်းအဲလိုအတွေးတွေရှိတယ်... တခါတလေ တကယ်လုပ်လိုက်တယ်... မိုးရွာထဲမလမ်းလျှောက်တာမျိုးပေါ့...

နောက်ပြီးတော့ ပြေးလိုက်ရင် တော်ရုံစိတ်ညစ်တာ ပျောက်သွားတတ်တယ်... စမ်းကြည့်ပါလားအမ

MANORHARY said...

လေလွင့်အတွေး လို့မထင်ပါဘူး...အတွေးတွေလေလို
လွင့်နေတာလို့ပဲမြင်တယ်...၁၉၉၀ ကတည်းကဖတ်ထားခဲ့တဲ့ဝတ္ထု ပါ...ခု ပြန်ဖတ်ရတော့
စိတ်တွေပြန်ပေါ့ပါးလာသလိုပဲ....လောကဟာတစ်ခါတစ်
လေတော့လည်း...........

ရှင်မင်းညို said...

မမိုးချိုရဲ့အဲဒီတုန်းကအတွေးလေးက အရမ်းဖြူစင်အေးချမ်းတယ်...
အမရေးသလို အကုန်လုပ်ရရင်ကောင်းသား...
စိတ်တွေမွန်းကြပ်လာရင်တော့ ကားအရမ်းမောင်း
သီချင်းအကျယ်ကြီးဖွင့် ပြီးအကျယ်ကြီးလိုက်အော်ဆို
လိုက်အော်လိုက်ရင်သက်သာသွားသလိုပဲ...

sin dan lar said...

ဝတ္ထု လေးပြန်တင်ပေးတာကျေးဇူးပါဆရာမ..
နောက်လည်း အသစ်မရေးချင်သေးရင် အဟောင်းလေးတွေပြန်တင်ပေးပါနော်

MANORHARY said...

ချိုသင်းရေ..တစ်ခုတက်ခ်ထားတယ်
ရေးဦးနော်..

PAUK said...

မချိုသင်းရေ...
မြက်ခင်းပေါ်မှာလှဲပြီးတွေးချင်ရာတွေးချင်တယ်..
ဘုရားပွဲထဲလျှောက်သွားပြီး..မုန့်သိုင်းခြုံ မုန့်လင်မား
ပေါင်းတင်းဝါး စားချင်တယ်..
ရဟတ်တော့ ကလေးစီးပဲစီးရဲတယ်..ဟီး

khin oo may said...

တို့ဆီကိုလည်း စာရေးပါ။

တန်ခူး said...

ဒီမှာလဲ stressများနေချိန်နဲ့  ချိုသင်းလေလွင့်အတွေးလေးတွေဖတ်လိုက်ရတော့ အတူလွင့်မျောသွားတာ နဲနဲတော့ သက်သာသွားသလိုပဲ… တခါတခါ အထိန်းအချုပ်မရှိ လွတ်လပ်စွာ လွင့်မျောရတာ ဘာနဲ့ မှမတူတဲ့  စိတ်ကျေနပ်မှုကိုရစေတယ်နော်…

ဇနိ said...

အမချိုသင်းရေ အတွေးတွေနောက် လိုက်သွားတာ စာလည်းဆုံးရော ရပ်မသွားဘူး ဆက်တွေးနေရင်း ကွန်းမန့်ရေးတယ်။
အမစာလေးက ဖတ်ရတာ စိတ်ပေါ့ပါးသွားလိုက်တာ။

thorn musem said...

မမိုး...........
ဖတ်လို့ ကောင်းတယ်ဗျ...
မမိုး ၀တ္တုလေးနဲ့  ရှင်မင်းညိုဆီက
သျောင်ပေဆူးသီချင်းနဲ့ တော့...ဟုတ်နေတာဘဲ...။
ကျနော်တို့ သားအဖကတော့ ကျောင်းပိတ်ရက်တွေမှာ ပင့်ကူ လိုက်ရှာတာ...အနီနဲ့ အပြာကြားလေးတွေလေ...
ကျနော်ရောသားရော..ပင့်ကူကိုက်ရင် စပိုက်ဒါမဲန်
များ ဖြစ်သွားမလားလို့ ....။

ကလိုစေးထူး said...

မြန်မာပြည်ကို ပြန်သတိရသွားစေတော့တာပဲ အမရေ...။
အမရေးထားသလို တွေးလိုက်ရတာ တခါတခါကျရင် လူက ဖားကလေးတွေကို ကုန်းကုန်းကွကွ လိုက်ဖမ်းမိလိုက်၊ တခါတခါကျရင် ဟိုးတောင်ထိပ်ပေါ်ကနေ နေတက်လာပုံကို ငေးကြည့်လိုက်၊ ဘုရားပွဲတွေကိုလဲ လျှောက်သွားမိနေသေးတယ်။ ဘုရားပွဲက လမ်းဘေးမှာ ကြော်ရောင်းတတ်တဲ့ မုန့်တွေထဲမှာ ကျနော် အကြိုက်ဆုံး မုန့်လေပွေကိုလဲ မျက်စိထဲ မြင်ယောင် စားလိုက်မိသေးတယ်။ စာထဲမှာ မျောသွားတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့...။

rose said...

မမပြောတာတွေကို တွေးကြည့်တာတောင် တော်တော် ပျော်ဖို့ကောင်းတယ်။ တစ်ခုလောက်များ လုပ်ကြည့်ရရင် ဘယ်လောက်ကောင်းမလဲ။ အင်းဒါပေမဲ့ ရွှေဝါရောင် စပါးခင်းရယ်၊ တောင်ပေါ်က ထုံးဖြူစေတီလေးရယ်၊့ ပျော်စရာ ရာသီပွဲခင်းရယ်၊ ရန်ကုန် မိုးရာသီရနံ့ လေးကိုတော့ ဘယ်နေရာမှာ အစားထိုးရှာလို့ ရမလဲနော်။ သီချင်းစာကြောင်းလေးတစ်ခုကိုပဲ အော်ဆိုလိုက်ချင်တော့တယ်။ ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး------

myatnoe said...

အမ..ဟုတ်တယ်နော်..အတွေးတွေထဲလွင့်နေရတာ သိပ်ပျော်စရာ..။ ဒါပေမဲ့ တယောက်တည်းမှ ကောင်းမှာ..။ဟီးး

မြတ်နိုးလေ.. ဒီမှာ တခါတုန်းက ဂျပန်သူငယ်ချင်းတွေနဲ့ ကောင်းကင်ကို ဟင်းလင်းဖွင့်ထားတဲ့ အဆောက်အဦအောက်မှာ..
ကုတင်လိုဖြစ်နေတဲ့ ကျောက်တုံးကြီးအပေါ်မှာ ပက်လက်အိပ် ရင်း ရွေ့မျောနေတဲ့ တိမ်တွေနဲ့ အပြာရောင်ကောင်းကင်ကြီးကို ကြည့်ရင်း အတွေးတွေ..နဲ့ ပျော်မြူးခဲ့ဘူးတယ်။ ဖြစ်နိုင်ရင် နောက်တကြိမ်ထပ်သွားလိုက်ချင်ပါရဲ့..။

တခါ လသာတဲ့ ညသန်းခေါင်မှာလည်း သူငယ်ချင်းတွေနဲ့ ချောင်းရေစီးသံကိုနားဆင် အမဲရောင်သန်းနေတဲ့ မိုးကောင်ကင်ကြားက ရွေ့မျောနေတဲ့ လရောင်ကြီးကို မြစ်ကမ်းနံဘေးခုံတန်းပေါ်မှာ ပက်လက်အိပ်ပီး ခံစားခဲ့ဘူးသေးတယ်..။

အမရေးတာနဲ့ အရင်တုန်းက ခံစားခဲ့ရတဲ့ အတွေးကမ္ဘာကို သတိရရင်း အမပို့စ်မှာ ဝင်ရေးခဲ့တာပါ။

pandora said...

ဖတ်ဖူးသမျှ အစ်မရေးတဲ့ အထဲမှာ ဒီစာလေးက ကဗျာအဆန်ဆုံးပဲ လို့ထင်မိတယ်။ လှတယ်။

Taungpyartan said...

တို.လဲ ပဲ အဲလိုလွင်.မျောနေချင်လိုက်တာ.....

Life Cycle said...

ပြေး၇တာ အ၇မ်းသဘောကျတယ်
မောနေအောင်ပြေး ပြီး၇င်ဘေးက သစ်ပင်စိမ်းစိမ်းလေးတွေ မြက်ခင်းစိမ်းစိမ်းလေးတွေကိုငေး
မွှေးနေတဲ.ပန်းရနံ့လေးတွေရယ်
လန်းဆန်းနေတဲ.လေအေးအေးတွေကို တ၀ကြီးရှုရှိုက်
ပြီးရင် အလျှောလျှော. အိမ်ကိုဖြေးဖြေးလေး လမ်းလျှောက်ပြန်ရတာ စိတ်ကိုလန်းဆန်းပေါ.ပါးစေတယ်
ို