ဆန့်ကျင်ဖက်တို့ ညီညွတ်မှု

တလောကတော့ လမ်းလျှောက်လာရင်း လမ်းဘေးမှာ ပန်းချီကားလေးတွေကို အစီအရီ သပ်သပ်ရပ်ရပ် ပြထားတာတွေ့တာနဲ့ အမှတ်တမဲ့ ၀င်ကြည့်မိတယ်။ ပုံလေးတွေက ကောင်းပါတယ်။ အပျော်တမ်းဆွဲတယ် ဆိုပေမဲ့ ပရော်ဖက်ရှင်နယ် ဆွဲသလောက် ကောင်းမွန်တာပါ။ ပန်းချီဆရာက ခပ်ငယ်ငယ် မုတ်ဆိတ်ရေးရေး နဲ့ အဝေးကို မျှော်ကြည့်နေတတ်တဲ့ မျက်လုံးရီရီတွေနဲ့ပါ။

ကိုယ်လဲ နားလည်လို့ မဟုတ်ပေမဲ့ ဒီလိုပဲ လျှောက်ကြည့်နေမိတာ။ အဲဒီထဲမှာ ပန်းချီကားတကားကတော့ ကိုယ့်ကို အတော်ဆွဲဆောင်သလိုရှိတာမို့ ရပ်ပြီး ငေးမိတယ်။ သူသုံးထားတာ ဆန့်ကျင်ဖက်အရောင်တွေကို လှလှပပ တွဲသုံးသွားတာမို့ တခြားကားနဲ့မတူ၊ တမျိုး လှ နေတာပါပဲ။ ညနေခင်းမှာ ဘတ်စ်ကားစောင့်နေပုံရတဲ့ လူပင်လယ်ကြီးကို ဆွဲထားတာ။

ဒါနဲ့ အေးလဲအေး၊ မှောင်စလဲ ပြုလာပြီမို့ ဆက်မကြည့်တော့ဘဲ ပန်းချီဆရာကို ပြုံးနှုတ်ဆက်ပြီး လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းမှာလဲ စဉ်းစားလာမိတာ။ ကြည့်သမျှ ပန်းချီကားအားလုံး တွဲဖက်ညီတဲ့ အရောင်လေးတွေနဲ့ စပ်ဟပ်ဆွဲထားတာ ချစ်စရာ..။ ဟာမိုနီ ဖြစ်နေတယ် ဆိုပေမဲ့ ဘာလို့ ဟိုပန်းချီကားကိုပဲ အတွေးထဲမှာ သယ်လာရပါလိမ့် လို့ပေါ့။

တကယ်တော့ မတူညီတဲ့ နှစ်ခု ပေါင်းစပ်ရင်လဲ အလှဆိုတာ ဖြစ်ပေါ်တတ်တာပဲ။ အဲဒါကို တွေးမိလို့ အဖေစပ်ထားတဲ့ ကဗျာတပုဒ်ကို သတိရသွားတာနဲ့ အိမ်ရောက်တော့ ပြန်ရှာ ကြည့်မိတယ်။

အဲဒီကဗျာကို အဖေက စန်ဒီယေးဂိုးမြို့က လာဟိုယာကမ်းခြေကို ရောက်တုန်းမှာ စပ်ခဲ့တယ် လို့ အောက်ခြေမှတ်စုလေး ရေးထားပါတယ်။ ဖတ်ကြည့်ပါအုံးနော်။ ခေါင်းစဉ်က ဆန့်ကျင့်ဖက်တို့ ညီညွတ်မှု တဲ့..။

မြသားပင်လယ်၊ သမုဒ်ကျယ်မှာ
လှိုင်းစွယ် လှိုင်းကြမ်း၊ လှိုင်းငါးမန်းတွေ
သွေးဖြန်ဖြန်းထ ၀ိုင်းအုံကြွလဲ
ကမ်းစ သဲပြင်၊ နေရောင်လွင်မှာ
ဖျံလျင်တစု၊ ဘာမမှုဘဲ
သူ့သဘာဝ၊ လဲလျောင်းကြတယ်
တက်ကြွမှုနဲ့ ငြိမ်သက်မှု..။
ဆန့်ကျင်ဖက်တို့ ညီညွတ်မှု..။

တင်မိုး
၁၊ ၁၊ ၂၀၀၄

ကိုယ်လဲ ကဗျာလေးကို ဖတ်ရင်း ဆန့်ကျင်ဖက်တို့ ညီညွတ်ရင်လဲ အလှတရားပဲလို့ ဆက်တွေးမိနေပါတယ်။

မိုးချိုသင်း

23 comments:

ရှင်မင်းညို said...

မမိုးချို...
ဆန့်ကျင်ဘက်တွေညီညွတ်ရင်သိပ်လှမှာ အသေအချာပဲ..။
မြန်မာပြည်ကြီးလဲ အဲလိုဆိုသိပ်ကိုလှသွားမှာ..

tg.nwai said...

မမိုးချိုသင်းရဲ. အတွေးလေးတွေကလည်း စိတ်ဝင်စားစရာ။ ဆရာ့ ကဗျာလေးကလည်း ပီပြင်လေတော့ ပန်းချီကားလေးတောင် ကြည့်ချင်လာပြီ။ ဘယ်အရာမဆို harmony ဖြစ်နေရင်တော့ အေးချမ်းရမှာ သေချာပါတယ်လေ..။

လင်း said...

သိပ်ကောင်းတဲ့ အတွေးလေးပါ အမ။ ဆန့် ကျင်ဖက်တို့ ညီညွတ်တဲ့အခါ အရာအားလုံး အဆင်ပြေလှပသွားမှာပါ။

ဇနိ said...

အမစာလေးရယ်၊ ဆရာ့ ကဗျာလေးရယ်ကို ဖတ်ပြီး.. ကိုအန်ဒီ ပို့စ် ကို သွားသတိရတယ်.. ဟုတ်ပါ့နော် အမရယ် ဆန့်ကျင်ဖက်တွေလည်း လှပညီညွတ်နေတတ်တာပဲကိုးနော်...
ကိုအန်ဒီ ပို့စ်ကို ကြားကြော်ငြာညွှန်းလိုက်ဦးမယ်
http://wesheme.blogspot.com/2008/01/yin-yang.html

ပျော်ရွှင်ပါစေ။

sin dan lar said...

ဆရာမရဲ့အတွေးလေးနဲ့ဆရာကြီးရဲ့ကဗျာလေးကို
ခံစားသွားပါတယ်..ရှင်မင်းညိုရဲ့ကောမန့်လိုပဲ
ရွှေမြန်မာပြည်ကြီး အရမ်းလှဖို့ မျှော်လင့်မိပါတယ်

PTi said...

အမပြောတဲ့ ပန်းချီကားကိုမြင်ဖူးချင်လိုက်တာ။ စကားလုံးလေး နဲ့ အတွေကလှတယ်နော်... "ဆန့်ကျင်ဖက်တို့ ညီညွတ်မှု"

ရွာသားလေးဝိုင်တီယူ said...

စာပြန်ရေးဖို့ကြိုးစားတာ ကျေးဇူးပါ။ အစ်မရေ နေကောကောင်းရဲ့လားဟင်...

ဒူကဘာ said...

အမရဲ့ တင်ပြမှု ဆရာကြီး ရဲ့ ကဗျာ ထပ်တူပြုသွားတော့ ဖတ်ကနဲ တွေးမိတာ ရှင်းမင်းညို လိုပဲ ထပ်တူကျလို့ နေပါလား.....?

Taungoo said...

အမရေ သီချင်းတစ်ပုဒ်ကတော့
“ဆန့်ကျင်ဖက်တွေ ပြောင်းသွားရင် လောကကြီးက ကောင်းသွားမှာပဲ” တဲ့။
ဆန့်ကျင်ဖက်တွေပြောင်းပြီး အားလုံးတူသွားလို့ကောင်းတာမျိုးထက် မတူညီတဲ့ဆန့်ကျင်ဖက်တွေကို အချိုးညီညီ ဟန်ချက်ကျကျ ပေါင်းစပ်နိုင်တာကမှ ပိုအဓိပ္ပါယ်ရှိတာ။

PAUK said...

မချိုသင်းရေ..
ဖတ်သွားပါတယ်..

ဇနိ said...

အမချိုသင်းရေ နိနိတခါမှ တွေးမကြည့်ဖူးတဲ့ အကြောင်းလေးပါ။ ထူးဆန်းလို့ ဖတ်ပြီးတော့ စဉ်းစားကြည့်နေရသေးတယ် အကြာကြီးပဲ။

ဗမာပြည်လွတ်မြောက်စေချင်တယ်။ said...

ဂရိပုံပြင်အလိုအရတော့လူဆိုတာသူ့မှာပျောက်နေတဲ့
အခြမ်းလေးတွေကိုလိုက်ရှာနေကတည်းကစစ်ပွဲတွေ၊
သွေးစီးချောင်းတွေကိုရှောင်လွှဲလို့မရခဲ့ဘူးလို့ဆိုတယ်။
လူဆိုတဲ့ကောင်ကဟိုးရှေးရှေးကတည်းကအငြိမ်မနေတဲ့သူတွေ၊ အချိန်ရတာနဲ့စစ်ပွဲတွေကိုဘယ်လိုဖန်တီးမလဲလို့စဉ်းစား
ကြတယ်။ဆိုတော့..နတ်တွေကစဉ်းစားတယ်။ ဒီကောင်တွေကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့အားလုံးကိုသတ်ပစ်လိုက်ရင်သူတို့ကိုကိုးကွယ်မဲ့သူမရှိဘူးဖြစ်သွားမယ်။
ဒါကြောင့်လူတွေကိုအားနည်းအောင်လုပ်ပစ်ရမယ်လို့ဆုံးဖြတ်လိုက်ပြီးလူတွေကိုနှစ်ခြမ်းခြမ်းပစ်လိုက်တယ်။(အရင်တုံးကလူဆိုတာခေါင်းနှစ်လုံး၊လိင်နှစ်ခုနဲ့အသဲနှလုံးနှစ်ခု) အဲ့ဒီအချိန်ကတည်းကစပြီးလူတွေဟာသူ့ရဲ့ပျောက်နေတဲ့အခြမ်းလေးကိုလိုက်ရှာခဲ့ကြလေတယ်တဲ့။
ဆန့်ကျင်ဘက်တွေရဲ့ညီညွတ်မှုကိုဖျက်ဆီးခဲ့တာ
တကယ်တော့ဂရိနတ်ဘုရားတွေဗျ။

အောင်မိုးဝင်း

thorn musem said...

မမိုးချို...
လမ်းဘေးပန်းချီကားလေးတွေကို တန်ဘိုးထား ငေးတတ်တဲ့ အတွက် ကျေးဇူးပါဗျာ...။
တစ်ခါတစ်ရံ...တော်ဝင်ပြခန်းက တော်ဝင်ဆရာတွေ
ထက် လမ်းဘေးက ပန်းချီကားလေးတွေက
ပိုပြီး အနုပညာဆန်တာလဲ တွေ့ ရတတ်ပါတယ်...။
မညီမျှပေမယ့် သူ့ လိုင်းနဲ့ သူတော့ရပ်တည်နေကြ၊
အသက်ဝင်နေကြတာပါ...။
ဆရာကြီးရဲ့ ပညာအတွေ့ အကြုံအရ...
ဘ၀ အကန့် တွေကို အနုပညာကဗျာနဲ့ တင်စားသွား
ခဲ့ တယ်...
သဘာဝရဲ့  ဘက်ပြိုင်မှု အားတွေကို
ယှဉ်ပြထားတယ်လို့  ပညာယူစဉ်းစားမိပါတယ်...
ဆရာ့ရဲ့ ကဗျာလေးကိုတော့ သိမ်းထားပါရစေ...။
ကဗျာလေးကို သိမ်းမထားဘဲ ဝေဌပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ် မမိုးချိုရယ်...။

rose said...

မှန်လိုက်လေ
ဆရာကြီးနဲ့ ဆရာကြီးသမီး (မမ)ရယ်။
မြန်မာပြည် အတွက်က ဒါလေးပဲ လိုနေတာပါ။
ဖြူစင် မှန်ကန်တဲ့ စိတ်ထားသာရှိရင် ဘယ်အရာမဆို တွဲဖက်လို့ရပါတယ်။
ဆရာကြီးကလည်း ကမ္ဘာမြေမှာရှိတဲ့ အရာတွေကနေ လူတွေအတွက် အကျိုးရှိမဲ့ ကဗျာကို ရေးသွားခဲ့တယ်။
မမကလည်း ဆရာကြီး ပြောချင်တဲ့ အရာကို လူတိုင်းသိနိုင်အောင် ရေးပေးတတ်တယ်။
ကျေးဇူးအများကြီး တင်ပါတယ်။

myatnoe said...

အမ.. အလုပ်တွေရှုပ်နေလို့ပါ..အမ။
မကြာခင်လဲ ဘလော့ကအနားယူတော့မယ်။
နောက်...အင်းးး မသိဘူး..ကြာမှပဲ ပြန်လာတော့မယ်။

အမ စာရေးတာတွေတော့ လာဖတ်နေမှာပါ။
စာမဖတ်ပဲ မနေနိုင်လို့ပါ။

tututha said...

အစ်မရေ အစ်မက ပန်းချီကားလေးနဲ့ ပတ်သက်တဲ့ အတွေးကို ရေးချိန်မှာ ဆရာဝသုန်ဆုံးတယ် သိလား ... စိတ်မကောင်းဘူး။ ကုန်ပြီအစ်မရေ

Ko Paw said...

လူတွေမှာတော့ ဆန့်ကျင်ဘက်တွေ ညီညွတ်ဘို့ ပြောကြတဲ့အခါ ဆန့်ကျင်ဘက်တွေက နှစ်ဖက်စလုံးက ရင့်ကျက်သူတွေဖြစ်ပါမှ မမိုးချိုသင်း မျှော်လင့်တဲ့ လှပတဲ့ ပေါင်းစည်းမှုတွေ ဖြစ်လာနိုင်မယ်။
တဖက်ကရင့်ကျက်ပြီး တဖက်က နုနေရင် လည်း ဘယ်လိုမှ ရင်ကြားစေ့လို့မရဘူး။
နှစ်ဖက်လုံးက မရင့်ကျက်ရင် စစ်ပွဲတွေ ရန်ပွဲတွေ အတောမသတ်ဖြစ်လာနိုင်တယ်။
ကောလင်းပေါင်ဝဲ (ဗမာလို အသံထွက်နဲ့ ရေးရတာမနိပ်ဘူး) တို့လို တဖက်ပါတီက သမ္မတလောင်းကို ထောက်ခံရလောက်အောင် သတ္တိရှိပုံ၊ သဘောထားကြီးပုံကို လေးစားမိပါတယ်။

khin oo may said...

ခင်လို့လာပါတယ်။ ဆံပင်တွေထောင်နေတာ မြင်ယောင်ပြီး ရယ်သွားတယ်။ mr bean ကိုသတိရလို့. ကြည့်ဘူးတယ်ဟုတ်။ သူ့ဆံပင်တွေ ထောင်သွားတာလေ။ ဗိုက် ကြီး ကော့ကော့နဲ့လား ကုန်းကုန်းနံ့လားလည်းမြင်ယောင်ပြီး စိတ် မကောင်းဘူး. သိတယ် အရမ်းခံစားရမှာဘဲ။ နာကလည်းနာ လှူပ် ကလည်းမလူပ်နိုင်။

ယောနသံစင်ရော် said...

မမိုးချို..Blog အသစ်လေးဆီလာလည်ဖို့ဖိတ်ပါရစေ..အမရဲ့ Blog ကိုလင့်ထားတာလည်းခွင့်ပြုပါ။ www.yawnathanzinyaw.blogspot.com
CBox မရှိလို့ Comment ကနေခွင့်တောင်းတာပါ။

မီယာ said...

အမရေ
အမတို့အင်းစိန်ကအိမ်လေးဘယ်လိုဆောက်ခဲ့ရလဲ
ဆိုတာသိရင်ရေးပါလား၊ အိမ်လေးကိုငယ်ငယ်ထဲက
အရမ်းကြိုက်တာ။

လင်း said...

စီဗုံးလဲ မရှိလို့  အားနားနားနဲ့ ဘဲ လာအော်သွားပါတယ်။
စာပြန်ရေးနေပြီဆိုတာ လာသတင်းပို့ တာပါ။ လွမ်းနေတယ်ဆိုလို့  ပြန်လာပြီး)

ငြိမ်းဝေ said...

ဆရာမလေး ...
ကျနော် နေ့တိုင်းလိုလို လာလည်ပါတယ်။ ကွန့်မန့်မရေးခဲ့လို့ လာမလည်ဘူးလို့ မထင်ပါနဲ့။ ကျနော်လည်း ခင်ဗျားအခုရေးတဲ့ သဘောထားမျိုး အရမ်းရေးချင်တယ်။ မရေးတတ်ရင် ကျနော့်ကို တလွဲထင်ကြဦးမယ်။ (သိတယ်နော်) ဒါပေမယ့် ဒါဟာ တကယ့်အမှန်တရားပါ။ ဆရာတာရာက ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရတယ်လို့ ပြောဖူးတာပဲ။ ကျနော်ကြိုးစားပြီး ရေးကြည့်ပါဦးမယ်။

ဂျူနို said...

ဆန့် ကျင်ဖက်တွေ ညီညွတ်အောင် ဘယ်လိုလုပ်ရပါ့မလဲ။
ဇစ်တွေကို လက်နဲ့ ထိန်းပြီး ဆွဲစိရသလို အသိတရားလေးနည်းနည်း စာနာမှုလေးနည်းနည်း နဲ့ ဆွဲညှိလိုက်ရင်တော့ ဆန့် ကျင်ဖက်တွေ ညီညွတ်လာမလားပဲ။
မအယ်