ဘလော့ဂ်ကို ပစ်ထားတာလဲ ကြာပြီ။
ဘလော့ဂ်မှာ ၃ရက်လောက် ခွင့်ယူမည်ဆိုပြီး သတင်းစကားမှာ ရေးပြီးတင်ထားတာလဲ စိတ်ထဲမှာတော့ ၃ နောက်က သုညတလုံးလောက် တိုးလိုက်ရမလား စဉ်းစားနေတာ။ သုည နှစ်လုံးလောက်ဆိုရင်တော့ အေးဆေးပဲ။
လူကလဲ နေလို့ကို မကောင်းဘူး။ အဖျားက တငွေ့ငွေ့။ ဆီးချိုတွေကလဲ ကုန်ဈေးနှုန်းလိုပဲ။ ဘယ်လိုချချ မကျဘူးဆိုတဲ့အထဲကပဲ။ ဒါပေမဲ့ ကိုယ့်မှာ ဂရုစိုက် မခံရရှာပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က ဖြစ်လာရင် ကိုယ့်ဖာသာကိုယ် ပိုပိုသာသာ သနားပြီး ၀မ်းနည်းပစ်လိုက် တတ်လို့ပါ။ အဲဒီတော့ ဘေးက သနားမဲ့လူတောင် ကိုယ်ဖြစ်နေတာကို ကြည့်ပြီး သူတို့သနားတာတွေ ရပ်ပစ်ချင်စိတ်ပေါက်သွားတယ်လေ။
အဖေကတော့ ကိုယ့်ထောင်ချောက်ထဲ ခဏခဏ ပြိုကျသူပဲ။ အဖေရှိတုန်းကဆိုရင် ကိုယ်က နေမကောင်းဖြစ်ပြီဆိုရင် ခွေနေတာ။ အဲဒီအခါ အဖေက သူ့လက်တုတ်တုတ်ကြီးတွေနဲ့ ကိုယ့်နဖူးကို လာစမ်းပြီး သက်သာလား သမီး လို့ အင်မတန်ပူပန်တဲ့ အသံနဲ့ မေးတတ်တယ်။ ဒါဆို ကိုယ်က အဖေ့ကို မကြည့်ဘဲ အသံတိုးတိုး နဲ့ “အဖေ၊ ချိုသင်းတော့ ဒီတောင် မကျော်နိုင်တော့ဘူး ထင်တယ်” လို့ ပြောလိုက်တာ။
အဖေ့အဖို့မှာတော့ ဟာ ကနဲပေါ့။ ရင်ကို တိုက်ရိုက်မှန်သွားတာ။ ငါ့အသည်းနှလုံး ကြေပြုန်း.. ဘာညာ စိတ်ထဲက ကဗျာစပ်ချင်စပ်နေမှာ။ ကဗျာဆရာမို့ စိတ်က နုနုလေးပါဆိုမှ သမီးက ဒီတောင် မကျော်နိုင်တော့ဘူးဆိုတော့ တကယ်ပျာသွားတယ်။ အဖေ ဘာလုပ်ပေးရမလဲ၊ ဆေးခန်းသွားမလားတွေ ဖြစ်သွားတယ်။
ပြီးတော့ လာ လာ သမီး၊ အခန်းထဲမှာ နေမနေနဲ့၊ အခန်းပြင်ကိုထွက်၊ ကိုယ်လက်လှုပ်ရှား လေးဘာလေးလုပ်တော့ ချွေးတွေထွက်သွားမယ်၊ ဧည့်ခန်းမှာ ထိုင်၊ အဖေ စန္ဒယားတီး ပြမယ်တဲ့။ ဒါနဲ့ အောင်ခြင်းရှစ်ပါးကို အော်ဂင်လေးနဲ့ တီးတော့တာပါပဲ။ ဆေးလဲ မတိုက်တတ်၊ အောင်ခြင်းရှစ်ပါး နားထောင်လိုက်ရင် သမီးရောဂါတွေ ပျောက်ကုန်မယ် ထင်နေတယ်။
ကိုယ့်မှာလဲ အိပ်ယာထဲ လှဲမနေနိုင်၊ တီးလုံးကို နားထောင်နေရတယ်။ တောင်မကျော်နိုင်တာ မှားပြီလို့တော့ ထင်မိသား။ ဒါပေမဲ့ အဖေ့မေတ္တာကို ခံစားရတာမို့ ပိုတောင် မျက်ရည်ဝဲမိတယ်။ အဖေကလဲ ပျောက်စေချင်ဇောနဲ့ ကိုယ့်ကို ပြုံးပြီးကြည့်လိုက်၊ သီချင်းကို ကျော့ကျော့ပြီး တီးလိုက်သေးတယ်။ ဒါက အဖေ့ဆေး လေ။
“သမီးချိုကလေး
ဆီးချို ဝေးပါစေ။
ဆားငန်ငန်နဲ့
အစားသန်တဲ့ သမီးအချစ်အိုးကလေး
သွေးတိုးနဲ့လဲ ဝေးပါစေ”
အဲဒီလိုလဲ စပ်လိုက်သေးတာပါ။ ကိုယ့်မလဲ ကိုယ်အစားသန်တာ ကဗျာတွေဖြစ်ကုန်ပေါ့ ဆိုပြီး အဲဒီကဗျာကို သူများမမြင်အောင် ဖွက်ထားလိုက်ရပါတယ်။
အမတွေကျတော့ တမျိုးပူတာပါ။ အကြီးဆုံးဖြစ်တဲ့ မစံကိုတော့ ကိုယ်က နေမကောင်းဖြစ်ရင် အီးမေးလ်ထဲမှာ “ငါလဲ အခုတလော နေမကောင်းဘူး၊ ဘာမှကို စိတ်သွားတိုင်း ကိုယ်မပါဘူး။ ဘုရားကိုပဲ အပ်လိုက်ပါပြီ။ ကံစီမံရာပါပဲ” လို့ ရေးလိုက်တာ။ အဲဒါဆိုရင် မစံက ချက်ချင်း စာပြန်လာတယ်။
“မိချို၊ နင် ဆေး မှန်မှန် မသောက်ဘူးလား၊ အစားသိပ်သောင်းကျန်းနေသလား။ ကျန်းမာရေးတော့ ဂရုစိုက်မှပေါ့၊ အဝေးမှာဆိုတော့ ငါတို့ကလဲ မလာနိုင်၊ မပြုစုနိုင်” စသဖြင့်ပေါ့။ အကြီးပီပီ အကုန်ပူပန်ပြီး အရှည်ကြီး ရေးတော့တာပါ။ အဲဒါကို ကိုယ်က ပြုံးပြီး ဖတ်နေတာ။
အမအလတ် မအေးကျတော့ တမျိုးပါ။ “မအေးရေ ငါနေမကောင်းဘူးဟေ့” လို့ တခွန်းပဲ ပြောလိုက်၊ ပွဲပြီးပြီ။ သူက သဲသဲ မို့ ငိုသံပါကြီး တန်းဖြစ်သွားတာပါ။ “အမလေး မိချိုလေးရယ်၊ ဖြစ်မှ ဖြစ်ရလေ။ ငါဘာလုပ်ပေးရမလဲဟင်။ လုပ်ကြပါအုံး၊ မိချို နေမကောင်းဘူး” တဲ့။ ဒါနဲ့ ကိုယ်လဲ သေများ သေတော့မှာလားလို့ ကိုယ့်ဖာသာကိုယ်တောင် တွေးပူသွားတယ်။
နေစမ်းပါအုံး၊ ငါဘာမှ မဖြစ်သေးပါဘူး။ နေကောင်းပါတယ်ဟ လို့ မနည်း ပြန်ပြောရတယ်လေ။ အဲဒါနဲ့ နေကောင်းပါစေ ဘာညာနဲ့ ဆုတွေ အရှည်ကြီးပေးတာ အဖွားကြီးတယောက်လိုပဲ။ မနည်း သည်းခံ နားထောင်ရတာပါ။ “နင်ဘာမှ မပူနဲ့ သိလား။ နင်နေမကောင်းရင် ငါတို့ပြုစုမှာပေါ့” လို့ ပြောလို့ အသက်ကြီးလို့ ငါနေမကောင်းဖြစ်ရင် ငါတောင် အိုနေပြီမို့ နင်က ငါ့ထက် ပိုအိုနေပြီပေါ့ဟ လို့ ပြောရတယ်။ အဲဒီတော့လဲ အေး ဟုတ်တာပဲ တဲ့။
အမ အငယ် မနှင်းကတော့ ဆရာဝန်ပီပီ နေမကောင်းဘူးလို့ ကြားတာနဲ့ ကိုယ်စားသောက်တာတွေ အကုန်စစ်ပါတော့တယ်။ ဟိုနေ့က ဘာစားလဲ၊ မနေ့က ဘာစားလဲ။ အပြင်မှာစားသလား၊ ချက်စားသလား။ အေး၊ အဲဒါတွေ စားတာကိုး။ အသီးအရွက် များများစားရမယ်။ နင်က အသားချည်း စားတာကိုး။ အဲဒီတော့ ဆရာဝန်ကို သွားပြပြီးပလား တဲ့။ ဖြေပေတော့ မေးခွန်းတွေ တသီကြီး။
ကိုယ့်အမျိုးသားကတော့ ကိုယ်နေမကောင်းဖြစ်တယ်ဆိုရင် တကယ်ဟုတ်သလား၊ မဟုတ်သလား အရင်သေချာ အကဲခတ် စူးစမ်းလိုက်တယ်။ အတွေ့အကြုံကလဲ များနေပြီဆိုတော့..။ “မှန်း..ကိုယ်ကလဲ ပူလိုက်တာ မီးခဲလိုပါပဲလား၊ သွေးတွေတိုးတာလဲ မီးရထား ခုတ်နေသလိုပဲ” အဲဒီလို ကိုယ့်ထက် ဦးအောင် ပြောလိုက်တယ်။ ဂွတိုက်တယ် ခေါ်ရမှာပေါ့။
ဒီတောင် မကျော်နိုင်တော့ဘူး ဆိုတာလဲ ခဏခဏ ပြောနေကျဆိုတော့ အေး၊ အေး တဲ့။ တောင်မကျော်ဘဲ တောင်အောက်မှာပဲ အေးအေးဆေးဆေး ပျော်ပွဲစားမဲ့ အပေါက်ပါ။ ကိုယ်ကလဲ ကျား ကျား ခဏခဏ လုပ်လေတော့ တကယ့်ကျားလာရင်တောင် ကြောင်ကလေး ထင်ပြီး မီ မီ ခေါ်မဲ့သူပဲ။ ဒါနဲ့ ကိုယ်လဲ လက်လွန်သွားပြီဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် ကိုယ်တကယ် နေမကောင်းရင်တော့ အခု တကယ်ဖြစ်နေတာနော် လို့ ဖြည့် ဖြည့် ပြောရသေးတာ။
ဆေးတွေကတော့ အများကြီး သောက်ရ ထိုးရတာ နေ့တိုင်းပါပဲ။ ဒါပေမဲ့ ဒီမေတ္တာဆေးတွေလောက်တော့ ဘယ်ဆေးမှ အစွမ်းမထက်ဘူး ထင်တာပဲ။ ပုံမှန်ဆေးတွေနဲ့ မသက်သာရင် မေတ္တာဆေးတော့ ကူရသေးတာပဲလေ။
မိုးချိုသင်း