မေတ္တာနဲ့ ဆောက်တဲ့ အိမ်

အိမ် လို့ စဉ်းစားလိုက်ရင် မိသားစု စုံစုံညီညီနဲ့ ညနေထမင်းဝိုင်းမှာ နွေးနွေးထွေးထွေး စကားပြောကြ၊ ပျော်ရွှင်ရတဲ့ အိမ်လေးတွေကိုပဲ သတိရမိတယ်။ အိမ်ဆိုတဲ့ အဓိပ္ပါယ်မှာကိုက ချစ်ခင်မှု၊ နွေးထွေးမှုတွေ ပါဝင် နေတဲ့ သဘောမဟုတ်လား။

လောကထဲကို ရောက်ပြီဆိုတာနဲ့ အိမ်တွေ တအိမ်ပြီး တအိမ် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေခဲ့ရတော့ တခါတလေကျတော့လည်း အိမ်ဆိုတာကို စွဲလန်း ချစ်ခင်ဖို့ဆိုတာလဲ ကိုယ်ကိုယ်တိုင်က ကိုယ့်အိမ်လို့ သတ်မှတ် လက်ခံပါမှ။ နေရသမျှ စိတ်ကြည်နူး အေးချမ်းပါမှ အိမ် ဖြစ်တာလို့ နားလည်မိသူကိုး။

ကိုယ့်ကို မွေးတော့ တက္ကသိုလ်ဝန်ထမ်း ဆရာ၊ ဆရာမတွေကို နေခွင့်ပေးတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ပုံဂံခြံဝင်းဆိုတဲ့ အိမ်လေးမှာ။ ဆရာ၊ ဆရာမ မိသားစု အသိုက်အ၀ိုင်း ကြားမှာ ကြီးပြင်းခဲ့ရတော့ ကလေးဘ၀ဆိုတာလဲ မရှိမရှားဆိုပေမဲ့ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်းပဲ။

အဆင့်အတန်းခွဲမှုဆိုတာလဲ မရှိ၊ အပြိုင်အဆိုင်ဆိုတာလဲ မသိ၊ သူ့ရှိရင် ကိုယ်ကြည်နူးလို့၊ ကိုယ့်ရှိရင် သူဝမ်းသာပဲ။ လူကြီးတွေကလဲ ကိုယ်တို့ကလေးတွေကို ကိုယ့်တူ၊ တူမတွေလို။ ကိုယ်တို့ကလဲ ကိုယ့် အဒေါ်တွေ၊ ဦးလေးတွေလို နေခဲ့ကြတာ။

ဒီလို နေလာလိုက်တာ ကိုယ် ဆယ်တန်းရောက်တော့ အိမ်ပြောင်းရဖို့ ကြုံလာတယ်။ အစိုးရမင်းများက တက္ကသိုလ်မှာ အဖေ အလုပ်လုပ်စရာ မလိုတော့ လို့ဆိုတာမို့ ကိုယ်တို့ ၀ယ်ထားတဲ့ အင်းစိန် မင်းကြီးလမ်းက ခြံလေးမှာ အိမ်ဆောက်ဖို့ စဉ်းစားကြတယ်လေ။ အဲဒီခြံလေးက ခြံဘေးပတ်ပတ်လည်မှာ ကသွယ်ချောင်းလို့ ခေါ်တဲ့ချောင်းလေးတခု ပတ်စီးနေတယ်။

ခြံလေးကို ၀ယ်စ က မိုးရွာကြီးထဲ ခြံထဲမှာ ရေတွေဖွေးနေတဲ့ အိမ်သေးသေးလေးကို ကဗျာဆန်တယ်ဆိုပြီး အဖေနဲ့အမေက ချက်ချင်း ကြိုက်ခဲ့ကြတာ။ တကယ်အိမ်ဆောက်မယ် ဆိုတော့ အဲဒီကဗျာဆန်တဲ့ ချောင်းက တော်တော်ပိုက်ဆံကုန်တာပါ။ အိမ်ရဲ့ သုံးဖက် သုံးတန်မှာ ချောင်းက ပတ်စီးနေလေတော့ မြေတွေပါမှာစိုးလို့ မြေဖို့ရ၊ မြေကြီးအနက် ၈ပေ တံတိုင်းတူးပြီး အုတ်တံတိုင်းကာရလို့လေ။

အခု လက်ရှိအိမ်သေးသေးလေးကို ဖျက်ပြီး မိသားစု နေလို့ရအောင် အိမ်ကလေး တလုံး ဆောက်မယ်လို့ ကြံစည်လိုက်တာနဲ့ ကိုယ့်မိသားစုတင် မဟုတ်၊ အဖေရဲ့ မိတ်ဆွေ အပေါင်းအသင်းများကပါ သူတို့ပါ အိမ်ဆောက်မလောက် ၀ိုင်းစဉ်းစားရတော့တာ။

ပထမဆုံး အဖေ့ဆီကို RIT က ဗိသုကာဆရာ၊ ဆရာရွှေက အိမ်ပုံစံလေး နှစ်ခု ဆွဲလာတယ်။ တခုက တထပ်အိမ် လုံးချင်းလေး။ ချစ်စရာလေးပါ။ နောက်တခုကတော့ အိမ်အချွန်လေးမှာ လမ်းမကို တံတားလေး ထိုးထားတဲ့ပုံ။ အိမ်ပုံစံက ဆန်းဆန်း၊ ကဗျာဆန်ဆန်ပေါ့။ အိမ်က လမ်းမထက် နိမ့်နေတာမို့ မင်းကြီးလမ်းကို အိမ်ရဲ့  ဒုတိယထပ်နဲ့မှ တံတားထိုးပြီး ၀င်ထွက်ရတဲ့ ပုံစံမျိုးပေါ့။

အဲဒီတုန်းက ကိုယ်တို့က သိတတ်တဲ့ အရွယ်ရောက်နေပြီမို့ အဖေ အဲဒီအိမ်ပုံစံလေး ယူလာတော့ ကြမ်းပြင်ပေါ်မှာ အိမ်ပုံစံကို ဖြန့်ခင်းပြီး မိသားစု ၀ိုင်းအုံကြည့်ကြရတာကို မှတ်မိနေတယ်။ ပထမဆုံးကိုယ့်ကိုယ်ပိုင် ဖြစ်ရမဲ့ အိမ်လေးဆိုတော့ စိတ်ဝင်စားပြီး သဘောကျတာပေါ့။ စိတ်ကူးတွေလည်း ယဉ်ကြတာပေါ့။

ဒါပေမဲ့ လက်ထဲမှာက ပိုက်ဆံ ၁ သောင်းပဲ ရှိတာ ကိုယ်တို့အားလုံး သိနေတယ်။ တထပ်အိမ်လေးက ၃သောင်းလောက် ကုန်မယ်တဲ့ (၁၉၈၇ က ဈေးပေါ့လေ)၊ ဆရာရွှေက ခန့်မှန်းတယ်။ တံတားနဲ့ အိမ်လေးက ၁သိန်းခွဲလောက် ကျမယ် တဲ့။ တကယ်က ကိုယ်တို့ဘတ်ဂျတ်နဲ့က ဘယ်တခုမှ မမီဘူး။ ဒါပေမဲ့လဲ အဖေရော၊ အမေရော ကိုယ်တို့အားလုံး ဟိုကဗျာဆန်တဲ့ အိမ်လေးပဲ ကြိုက်နေကြတယ်။

အဖေ့မိတ်ဆွေတွေက အဖေ့ကို ချစ်စနိုးနဲ့ ၀ိုင်းမေးကြသေးတာပါ။ ဆရာ ဘယ်အိမ် ကြိုက်သလဲ တဲ့။ အဖေက အိမ်အဆန်းလေးကို လက်ညှိုးထိုးပြတော့ သဘောကျလိုက်တာ။ သူတို့ထင်တာ တထပ်အိမ်လေးကိုပဲ ရွေးမယ်ထင်တာ။ အဖေက ကဗျာဆန်တဲ့အိမ်လေးကို ရွေးလိုက်တော့ တကယ့်ကဗျာဆရာပဲ လို့ ပြုံးကြတာပေါ့။ အင်မတန် စိတ်ကူးယဉ်တာကိုး။

ဒါနဲ့ လူရင်းတွေက အဖေ အိမ်ဆောက်မယ်လို့ ပါးစပ်ကြေငြာမောင်းခတ်လိုက်တော့ သတင်းကြားတာနဲ့ မိတ်ဆွေတွေ အလျှိုလျှိုပေါက်လာပြီး ၀ိုင်းကူကြပါတယ်။ ကျနော့် သစ် ၁၀ တန် ပါမစ်ကျထားတာ ဆရာ၊ ဆရာ သုံးပါ၊ ပိုက်ဆံ အဆင်ပြေမှ ပေးပေါ့ တဲ့။ အဲဒီလူက ကိုမြတ်စံ တဲ့။ သစ်စက်ပိုင်တဲ့ ဦးရွှေမန်းကလဲ ကျနော့်သစ်တွေ ကြိုက်သလောက် သုံး တဲ့။ ဆရာ့အတွက် ကျွန်းတွေချည်း ကျနော် ဖယ်ပေးထားမယ်တဲ့။ ငွေစကား မပြောပါနဲ့ တဲ့။

ပိုက်ဆံတွေကတော့ ဘယ်သူ့ဆီမှ မချေးရပါဘူး။ မိတ်ဆွေတွေက သူတို့ဖာသာ သူတို့ လာပေးကြတာ။ ရွှေလက်ကောက်တွေကို အ၀တ်နဲ့ထုပ်ပြီး လာပေးတဲ့သူတောင် ရှိပါတယ်။ အဖေက မေတ္တာနဲ့ စာပြတဲ့ ကျောင်းဆရာ။ ဘာရာထူးရာခံမှလဲ မရှိ။ အမေက ကိုယ့်တနိုင် မူကြိုကျောင်းလေး ဖွင့်ထားတာ။ မျက်နှာလုပ်စရာ အကြောင်းလဲ မရှိ။ အဲဒါကြောင့် အဖေနဲ့ အမေက အမြဲပြောခဲ့တာ။ ဒီအိမ်လေးက မေတ္တာနဲ့ ဆောက်တဲ့ အိမ် တဲ့။

ဒီလိုနဲ့ အဲ့ဒီ အင်းစိန် မင်းကြီးလမ်းက အိမ်လေးကို ၃လ နဲ့ အပြီး ဆောက်ခဲ့တာပါ။ ဗိသုကာ ဆရာရွှေ က ဂျပန်မှာ ၈နှစ်ကျော် ဗိသုကာပညာကို သင်ခဲ့တာမို့ မြေကွက်နည်းနည်းမှာ အထပ်နဲ့ အိမ်လေးကို ဂျပန်ပုံစံ ဆန်းဆန်းလေး ဆောက်တတ်တယ်။ သူ့ ပညာဖိုး ကတော့ ဈေး ကြီးလှပါတယ်။ အိမ်ပုံစံဆွဲတာရော၊ ဆောက်တဲ့အိမ်မှာ လာနေ၊ လာအိပ်ပြီး ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ခရော တပြားတချပ်မှ မပေးရပါဘူး။ မေတ္တာနဲ့ ဆောက်ပေးတာမို့ ပိုက်ဆံပေးရင် မိတ်ပျက်မယ် တဲ့။

ဆောက်တဲ့ အိမ်ပုံစံကလဲ အဆန်း၊ ခေါင်မိုးက တခြမ်းအချွန်ပဲ ပါတယ်။ အိမ်က ၂ထပ်ခွဲ။ ပေ ၅၀ လောက် ရှည်တဲ့ တံတားနဲ့ လမ်းကို ဆက်ထားတာမို့ အိမ်ဆောက်တုန်းကဆိုရင် အထူးအဆန်းပဲ။ ညနေ အလုပ်ဆင်းချိန်ဆို အင်းစိန်တ၀ိုက်ကလူတွေက ကိုယ့်အိမ်ကိုယ်မပြန်သေးဘဲ လမ်းမပေါ်မှာ ထိုင်ပြီး ဘယ်လိုပုံစံ ထွက်လာမလဲ ခန့်မှန်းကြတာ။ ဖြတ်သွားတဲ့ ဆိုက်ကားတွေ အိမ်ကို ငေးရင်း တိုက်ကြတာလဲ ခဏခဏ။

အဲဒီလို ဆောက်တုန်း ကိုယ်တို့မိသားစုက ပုဂံခြံဝင်းအိမ်မှာနေတုန်းမို့ တပတ်ကို တခါ ပုံမှန် အင်းစိန်ကို သွား သွားကြည့်ကြတယ်။ ကျန်တာက အဖေရော အမေရော ဘာမှလဲ နားမလည်၊ ကြီးလဲ မကြီးကြပ်တတ်တော့ ဆရာရွှေပဲ အကုန်စီစဉ်တယ်။ ကိုယ်တို့သွားတဲ့အချိန်ဆို လက်သမားတွေ ပန်းရံဆရာတွေက ပျော်လွန်းလို့။ တပတ် တပတ်ကို ဘာလေး တိုးတက်လာပြီ၊ ဘယ်သူ့အခန်းလေး ပြီးသွားပြီဆိုတာ ပြချင်လွန်းလို့။ ကိုယ်တို့ကလဲ အဲဒါလေးတွေ ကြည့်ပြီး အရမ်းပျော်ကြတာကိုး။

နောက်တော့ လမ်းထဲကလူတွေက အဖေ့ကို လာပြောရတယ်။ ညကြီးသန်းခေါင်တောင် လက်သမားတွေက မီးထွန်းပြီး အိမ်ဆောက်နေတာမို့ တဒုန်းဒုန်းနဲ့ ကောင်းကောင်း မအိပ်ရလို့ပါ တဲ့။ နေ့ခင်းဖက်ပဲ ဆောက်ခိုင်းပါ တဲ့။

တံတားဆောက်တဲ့နေ့ကတော့ အဆိုးဆုံးပါ။ မနက်ရောက်တော့ တံတားကြီး ဘွားကနဲ ပေါ်လာပြီး လမ်းမနဲ့ အိမ်နဲ့ ဆက်နေလေတော့ ထူးဆန်းပြီး ဘယ်နှယ့်အိမ်ပါလိမ့်လို့ အလုပ်သွားရတာတောင် မသွားချင် သွားချင်နဲ့ ဆိုပဲ။ ဘေးပတ်ပတ်လည်ကလဲ ချောင်း က စီးလို့။ ညနေခင်း အလုပ်ကအပြန် အိမ်မပြန်နိုင်ဘဲ ထမင်းဗူးလေးတွေ ဘေးချပြီး ငေးကြတာ မိုးချုပ်တဲ့အထိပါပဲ။

ပေဖူးလွှာ မဂ္ဂဇင်းမှာ ကဗျာဆရာ့အိမ် ဆိုပြီး အိမ်ပုံစံလေး ပါလာတော့ လူတွေက ပိုစိတ်ဝင်စားကြတယ်။ အဖေကလဲ အိမ်က အချွန်လေးမို့ “ကဗျာတွေ တိမ်အရောက် ရေးရော့ဟဲ့ လို့၊ ဆရာရွှေ အိမ်ဆောက်ပေးခဲ့တယ်” လို့ ကဗျာစပ်သေးတယ်။

လူတွေကတော့ အမျိုးမျိုး ခေါ်ကြတာပဲ။ သူတို့အိမ်တွေကို လမ်းညွှန်ရင်လဲ ကိုယ်တို့အိမ်ကို ဆွဲဆွဲထည့်တယ်။ “အိမ်အချွန်လေးလေ သိတယ်မဟုတ်လား။ အဲဒီအိမ်လေးကို ကျော်သွားရင် ငါတို့အိမ်ကို ရောက်ပြီ” ဆိုတာမျိုး။ “ဟို တံတားလေးနဲ့ အိမ်ကလေးဟာလေ” (တံတားလေးနဲ့ အိမ်ဆိုတာတော့ သိပ်မမိုက်ဘူးပေါ့။ ကိုယ်တို့က တံတားလေးမှာ နေသလို ဖြစ်နေတာကိုး)။ တခါကတော့ ကြေးနန်းရိုက်တာများ “ကဗျာဆရာတင်မိုး၊ ဂျပန်အိမ်ကလေး၊ မင်းကြီးလမ်း၊ အင်းစိန်” တဲ့။ အဲဒါလဲ ကိုယ်တို့ဆီ ရောက်တာပဲ။

အဲဒီအိမ်လေးမှာ ကိုယ်တို့ မိသားစု စုံစုံညီညီနဲ့ နေခဲ့၊ ပျော်ခဲ့ကြတာ..။ ညနေခင်း မိသားစု ထမင်းဝိုင်းတွေက အရမ်းလွမ်းစရာကောင်းတဲ့ အတိတ်တွေ ဖြစ်သွားပြီ။ မိုးတွင်းမှာ ချောင်းရေစီးသံလေးကို နားထောင်ရင်း “ကသွယ်ချောင်းငဲ့၊ ငယ်ပေါင်းတမျှ၊ ချစ်ခဲ့ပြီ” လို့ ကဗျာစပ်တဲ့ အဖေလဲ အိမ်လေးဆီ ပြန်မလာနိုင်တော့။ စွယ်တော်ပင်လေးတွေ၊ ဆောင်တော်ကူးပင်လေးတွေ၊ စံပယ်ပင်လေးတွေ စိုက်တတ်တဲ့ အမေလဲ မရှိတော့။ ကိုယ်တို့ ညီအမတွေလဲ ရုန်းရ၊ ကန်ရ တို့ဘ၀လဲ တစစီ တကွဲစီပါတကား လို့ ဆိုရမလို..။

အခုတော့ အဲဒီအိမ်ကလေးမှာ ကိုယ့်အမအကြီးဆုံး မစံ နေနေတယ်။ ဘ၀ဒဏ်ကို ကိုယ်တို့နဲ့အတူ အိမ်လေးလဲ အတူခံခဲ့၊ ရင်ဆိုင်ခဲ့တယ်။ ဒီအိမ်လေးကနေပဲ လုံခြုံနွေးထွေးမှုတွေ၊ အေးချမ်းတဲ့ မေတ္တာတွေ၊ ရင်ဆိုင်ရဲတဲ့ သတ္တိတွေကို ကိုယ်တို့ နှလုံးသားတွေထဲ ထည့်ပေးခဲ့တာပါ။

အိမ်ပြန်ချင်လိုက်တာ..။

မိုးချိုသင်း

(ဒီနေ့ comment ထဲမှာ မီယာ ဆိုသူက အင်းစိန်အိမ်ကလေး ဘယ်လိုဆောက်ခဲ့သလဲ ရေးပါလားလို့ ပြောလို့ သတိတရ ရေးပါတယ်။ မီယာ့ကိုလဲ ကျေးဇူးတင်ပါတယ်။)

46 comments:

ဇနိ said...

အမချိုသင်း အိမ်အချွန်လေးကို မြင်ဖူးချင်တယ်။ ဂျပန်အိမ်လေးက အမချိုသင်းပေါ့နော်။ အိမ်ဆောက်ပုံဇာတ်လမ်းလေးက ပုံပြင်ပြောပြနေသလို ချစ်စရာကောင်းလိုက်တာ။ အမနဲ့အတူ မမြင်ဖူးတဲ့ မေတ္တာအိမ်လေးကို လွမ်းသွားပြီ။

ရွာသားလေးဝိုင်တီယူ said...

ချစ်ခြင်းမေတ္တာတွေက အဲဒီအိမ်လေးဆီနေ ဒီစာလေးထဲအထိနော်.......

ThuHninSee said...

အဲဒီနားက အအေးဆိုင်လေးကိုရောက်တိုင်း အစ်မတို့ အိမ်လေးကို
သွားကြည့်ဖြစ်တယ်။ သူငယ်ချင်းတွေကလည်း ဦးဘဖေလမ်၊မင်းကြိးလမ်း၊အသောကလမ်း။အင်းစိန်တ၀ိုက်ကပဲလေ။

MANORHARY said...

ကျောင်းသူဘ၀က အင်းစိန်က ဘကြီးအိမ်ကိုသွားရင်
ဆရာဦးတင်မိုးအိမ်ကလေးကိုရှာပြီး ကားရပ်ကြည့်ခဲ့ရတာ
သတိရတယ်...နောက်ကျတော့..အဲဒီအိမ်ကလေးကို
ကိုယ်တိုင်ရောက်ခဲ့ရတယ်..ဆရာရှိတယ်..ချိုသင်းရှိလား
မရှိလားမမှတ်မိတော့ဘူး...ချစ်စရာကောင်းပြီးကဗျာဆန်
တဲ့စိတ်သွားတိုင်းကိုယ်ပါလုပ်ထားတဲ့အိမ်ကလေးဆိုတာသိ
သာပါတယ်...အဲဒီဘက်ရောက်မှထပ်ကြည့်လိုက်ဦးမယ်

myatnoe said...

အမ မျောသွားတယ်..။ အောက်ကစာဆက်မဖတ်ခင်ကတည်းက မြတ်နိုးဆိုလဲ တံတားလေးနဲ့ အိမ်ကို ဆောက်မှာလို့ တွေးလိုက်သေးတယ်။ နောက်ကျတော့ အမရေးတော့လည်းကွင်းကွင်းကွက်ကွက်ပဲ..။
မြတ်နိုးက အလှအရမ်းကြိုက်တယ်။ မျက်စိထဲမှာလဲ မြင်လာတယ်..။ ချောင်းကလေးရယ် တံတားလေးရယ် အိမ်ချွန်လေးရယ်..အမရေ..ပုံကလေးပါတင်ပေးရင် သိပ်ကောင်းမှာပဲနော်။

မြတ်နိုးငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့ ယုဝတီခင်စိန်လှိုင်ရဲ့ အိမ်ကလေးကိုတောင် သွားမြင်မိဲ့သေးတယ်။ အဲဒီဝတ္တုထဲမှာ စမ်းချောင်းလေးကိုဖြတ် ကြိုးတံတားလေးရယ် လှပတဲ့ အိမ်ကလေးရယ်ပါတယ်..။ အရမ်းစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်ကလေးပေါ့..။ ကိုယ်တိုင်ဆောက်ခွင့်ရခဲ့တုန်းကလည်း လှတာလေးတွေများပေမဲ့ ..အိမ်မက်ထဲက စမ်းချောင်းလေးတွေ ... ကြိုးတံတားသေးသေးလေးတွေ မဖန်တီးခဲ့ရပါဘူး။ :(

မေတ္တာနဲ့ဆောက်တဲ့အိမ်ကလေးကိုဖတ်ပီး ဖေဖေဆောက်ခဲ့တဲ့ မြတ်နိုးတို့အိမ်အသစ်ကလေးကိုလည်း သတိရသွားမိတယ်..။ ကျေးဇးပါ အမ

Ko Paw said...

မင်းကြီးလမ်းရဲ့ ဘယ်နားလောက်မှာပါလိမ့်။ ဆယ်တန်းတုန်းက ဦးတင့်စိန်ဖူး ကျူရှင်တက်ရင်း၊ ဦးစံသိန်း အင်္ဂလိပ်စာကျူရှင်တက်ရင်း မင်းကြီးလမ်းကို အပတ်စဉ်ရောက်တယ်။

ရှင်မင်းညို said...

အမရှင်မင်းလဲအိမ်ပြန်ချင်တယ်...
မိသားစုထမင်းတူတူပြန်စားချင်တယ်...
မမိုးချိုလိုပဲလွမ်းတယ်....

PTi said...

အမအရေးကောင်းတာနဲ့ အိမ်လေးကို မြင်ချင်စမ်းပါဘိ...

အိမ်ကိုလွမ်းတယ်...

tututha said...

အမရေ ၉၂ လောက်က အင်းစိန်ဂျီတီအိုင်တက်တုန်းက တူးတို့သယ်ယင်းတစု ဆရာကြီးတင်မိုးအိမ်ဆိုပြီး သွားသွားကြည့်ကြရတာ အမော။ အဲဒီအိမ်ကလေးကို မျက်စေ့ထဲက မထွက်ဘူးသိလား။ ကဗျာဆရာကြီးရဲ့အိမ်က ကဗျာဆန်လိုက်တာ ဆိုပြီး (တူးတို့ပေါကောင်းတုန်းကာလက) ကျောင်းကနေ တမင်သတ်သတ်ကို သွားငေးတာ။ ခုတော့ မေတ္တာနဲ့ ဆောက်တဲ့အိမ်ကလေးဆိုပါလား။ ချစ်ဖို့ကောင်းလိုက်တာ။ တနေ့နေ့ အဲဒီအိမ်ကလေးဆီကို အမ ပြန်ရမှာပါ။ တချိန်ကျရင် တင်မိုးပြတိုက်ပဲဖြစ်ဖြစ် တင်မိုးစာကြည့်တိုက်ပဲဖြစ်ဖြစ် လုပ်ပေါ့ အမရယ်။

Kay said...

ညီအမ တွေ ထဲက နေ..ခံစားပြီး ( ခံစားလို့ ရ နေတယ်လေ) နားလည်နေတယ်။ အိမ်ကလေး ကလည်း..သူ့ပိုင်ရှင်တွေကို..သတိရနေမှာပဲ လို့ တွေးနေမိတယ်။
အခါခါ ကြားဖူးပေမဲ့..မမြင်ဘူးသေးပါ။

မေသဇင် said...

ငယ်ငယ်ကတည်းက အဲဒီကဗျာအိမ်ကလေးကို ငေးတဲ.အထဲမှာ တို.တွေလည်း ပါတယ်။ အင်းပေါ့.. အဲဒီအိမ်ကလေးထဲမှာ ပျော်ခဲ့မှာပေါ့နော်..။ တို.တွေတောင် ဆရာဆုံးတော့ အဲဒီအိမ်ကလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်လိုက်ရတာ..။

ဂျူနို said...

စာဆုံးသွားတော့ တစ်ယောက်ထဲ ငူငူငိုင်ငိုင် နဲံဘာပြောရမှန်းမသိအောင်ပါပဲ။ အိမ်အမြန် ပြန်နိုင်ပါစေ ချိုသင်းရေ။

လင်း said...

ဖတ်ရင်းနဲ့ အားလုံးကို မျက်စိထဲမြင်ယောင်ကြည့်လို့ ရတယ်။ အိမ်လေးက ကဗျာဆန်လိုက်တာ။ ရန်ကုန်ပြန်ရင် သွားကြည့်ပြီး ဓါတ်ပုံရိုက်ခဲ့မယ်နော်။
လင်းလဲ အိမ်ကိုလွမ်းသွားပြီ
(အမရေ ကွန်မင့်ပေးလို့ ရသွားပြီ။ setting မှားနေလို့  ပြန်ပြင်ထားပြီပါပြီ)

ဟန်လင်းထွန်း said...

အမတို့က အရေးကောင်းဆိုတော့ ဖတ်လိုက်တာနဲ့ ကိုယ်အိမ်လို မျက်လုံးထဲမှာ ပြေးမြင်ရောင်နေတော့တာပဲ။ အမပြောပြောနေတဲ စိတ်ကြည်လေးထားပြီး စာရေးလို့ ပြောတာ နားလည်သလိုလိုနဲ့ အမစာတွေဖတ်မှ ပိုနားလည်လာတယ်။

blackrose said...

အိမ်ပုံစံလေး မြင်ဖူးချင်တယ်။

ဇနိ said...

အမရေ အိမ်ပုံဓာတ်ပုံရှိရင် တင်ပြပါဦးနော်..
အမရေးလိုက်တာ မြင်ဖူးချင်နေပြီ..
ကိုဇနိ

San San said...

Ma Moe Cho Thin ,
I have been to your sweet home on October 5th Do you believe or not ? I had lunch there with Ma San ....such a sweet and warm home..I couldn't mentioned it now. We ate together at your garden. Now I 've copied and posted this article to her .
San San Aye

M.Y. said...

ကဗျာတွေတိမ်အရောက်ပို့ ပေးမယ့် အမိုးချွန်နဲ့ ကဗျာဆရာ့အိမ်လေးမှာဆို မိုးချို ဒိထက်အတွေးတွေပိုထက်မှာသေချာတယ်။

MaMa said...

ပြန်စရာ အိမ်မရှိတော့ တဲ့သူတွေ အတွက်တော့
မျက်ရည်ဝဲ ရုံ ကလွဲပြီး..

အရေးအသားလေး က ချစ်စရာ ကောင်းလိုက်တာ..
ကိုယ်လဲ .. ပီတိ ကို စားခဲ့ဖူးပေမဲ့ ..
အိမ်လေး တစ်အိမ် ၀ိုင်းဆောက်ပေးခံခဲ့ ရအောင်ထိတော့ မေတ္တာတွေ မရခဲ့နိုင်သေးဘူး..

ငယ်ငယ်တုန်းက နေခဲ့တာ တောမှာ ဆိုတော့..
မုန်တိုင်းကြောင့် ပဲ ဖြစ်ဖြစ် တစ်ခုခု ဖြစ်ပြီဆို ရင်
ရွာထဲက လူတွေ အများကြီး လားပြီ ၀ိုင်းပြင် ကြတာ မှတ်မိ တယ်.. ဖေဖေ့ ကို လေးစားသူတွေ ပေါ့
ကျောင်းဆရာတော့ မဟုတ်ဘူး..

ခုတော့ ဖေဖေ ရော မေမေ ရော မရှိတဲ့ အပြင်..
အိမ်လေး မရှိခဲ့တာ အတော်ကြာပေါ့...

မမရဲ့ အဲဒီအိမ်လေးရဲ့ပတ်ဝန်းကျင်ကလဲ အရမ်း စိတ်ကူးယဉ်စရာကောင်းခဲ့ တာ ...

ဒီစာစုလေး ဖတ်ပြီး ငယ်ဘ၀ ကို လဲ လွမ်း..
မရှိတော့ တဲ့ အိမ် နဲ့ ရွာလေးကို လဲ လွမ်း...
ဖေဖေနဲ့ မေမေ ကိုလဲ လွမ်း.....

ပြီးတော့... အိမ်ပပြန်နိုင်သူ အားလုံး ကို လဲ
ကိုယ် ချင်းစာ... သနား.....

ပန်းခရမ်းပြာ said...

အင်းစိန် အ.ထ.က ၁ မှာ ကျောင်းတက်တုန်းကပေါ့ ....နေ့တိုင်း မင်းကြီးလမ်း ကနေ လမ်းလျှောက်ပြီးကျောင်းသွားရတယ်။ ဆရာကြီးတင်မိုးအိမ် ရှေ့ရောက်တိုင်း အမြဲငေးကြည့်မိတယ်။ ခုထိ အလည်ပြန်လို့ မင်းကြီးလမ်းရောက်တိုင်း ကြည့်မိတုန်းပဲ။ ဒီပို့စ်လေးကို ဖတ်လိုက်ရတော့ အိမ်ရှင်နဲ့ပါ အရမ်းရင်းနှီးတယ်လို့ ခံစားမိတယ်။

Taungoo said...

အမရေ ဓါတ်ပုံလေးမရနိုင်ဘူးလား
အိမ်လေးက လှလှ
တံတားလေးက ကြွကြွ
ချောင်းလေးက မြမြ(အေးအေး) စီးနေတာကို မြင်ချင်လို့ပါ

နှင်းဆီဖြူ said...

အိမ်ပုံလေးကို ဓာတ်ပုံရှိရင် တင်ပေးပါလား... တကယ်ကြည့်ချင်လို့ပါ.... တံတားလေးနဲ့ ချစ်စရာအိမ်လေးကို မျက်စိနဲ့ မြင်ချင်လို့ပါ....

PAUK said...

မချိုသင်းရေ..
ဓါတ်ပုံနဲ့တကွဖေါ်ပြပါနော်..
ကျွန်တော်တို့အိမ်ဆောက်တုန်းကလည်း..
ပိုက်ဆံလုံလောက်အောင်မရှိခဲ့ပါဘူး..
ဒီလိုပဲ..အိမ်နီးချင်းတစ်ယောက်က ဘိလပ်မြေ
အိတ်၂၀၀လောက်ပေးသုံးထားတာ..
တခြား..အမေတို့မိတ်ဆွေလည်း ၀ိုင်းကူကြပေါ့
အိမ်လေးက မလှပါဘူး..
ဒါပေမယ့်...
နွေးထွေးတယ်။။

thorn musem said...

ရယ်မောအောင်လဲေ၇းတတ်တယ်...
လွမ်းသွားအောင်လဲ ရေးတတ်တယ်..
စာကြောင်းလေးနဲ့ လဲ အိမ်ဆောက်တတ်တယ်...
ချီးကျူးပါတယ်ဗျာ...
အိမ်ပုံလေးရှိရင် ပြပါလား...တွေ့ ဘူးချင်ပါတယ်..။

မီယာ said...

မင်းကြီးလမ်းကအဖွားတို့ဆီသွားလည်တိုင်းအမတို့
အင်းစိန်အိမ်လေးကိုဖြတ်သွားရတယ်
အမေကပြောပြတာ ကဗျာဆရာဦးတင်မိုးအိမ်တဲ့။
အဲ့ဒီအိမ်ကလေးကိုငယ်ငယ်ထဲကချစ်ခဲ့ပြီး
အမှတ်ရနေတာ၊ တနေ့တော့ သူငယ်ချင်း TK blogမှာအဲ့ဒီအိမ်လေးကိုချစ်စရာလေးလို့ပြောထားတာ
တွေ့လို့ကိုယ်တယောက်တည်းမဟုတ်ပါလားလို့
သိလိုက်တာ။ အခုလိုအရေးတယူအိမ်လေးအကြောင်း
ရေးပေးလို့ ၀မ်းသာလိုက်တာ။ ကျေးဇူးကုဍေကုဍာ။

ဗေဒါရီ said...

အမရေ ..
ကွန်မန့်တွေ မရေးဖြစ်ပေမဲ့ အမရဲ့ စာတွေကို တိတ်တိတ်ကလေး ဖတ်ပြီး အားကျနေခဲ့တာပါ။

ကျွန်မကို လာအားပေးတာ ၀မ်းလည်းသာတယ်၊ ကျေးဇူးလဲ တင်ပါတယ်။

အမရဲ့ မေတ္တာအိမ်ကလေးမှာ ခဏ ကွန်းခိုသွားတယ်နော် ... ။

(စာကျန်ခဲ့လို့ ပြန်တင်လိုက်တာပါ)း)

rose said...

ဆရာကြီးတို့ အန်တီတို့ရဲ့ မေတ္တာက အရမ်းကြီးတယ်နော်
လက်ထဲမှာ ၁သောင်းပဲရှိတာတောင် ၁သိန်းကျော်တန် အိမ်ကို လောဘ၊မောဟ၊ဒေါသ သုံးစရာမလိုပဲ ရလာတယ်နော်။ မေတ္တာ တန်ဖိုးက အရမ်းကြီးတာပဲ။

ကေဇီလင်း said...

အစ်မရဲ့စာတွေလာဖတ်ဖြစ်တာတော့ကြာပါပြီ။ စိတ်ကြည်နူးစရာလည်းကောင်း၊ လွမ်းစရာလည်းကောင်းလို့လေ။ မေတ္တာနဲ့ဆောက်တဲ့အိမ်ကို ဖတ်ပြီး ကျမလည်း အိမ်ကို ပြန်ချင်လိုက်တာ။ အိမ်ပုံစံလေးကိုလည်း မြင်ရရင် သိပ်ကောင်းမှာပဲ။

nu-san said...

အမရေ.. အင်းစိန်မှာနေတဲ့သူဆိုတော့ အမတို့ အိမ်ရှေ့က ဖြတ်တိုင်း ငေးရတာ အမောပါပဲ..အိမ်လေးကို သဘောကျလို့.. နောက်တော့ ပါပါးက အဲဒါ ကဗျာဆရာကြီး ဦးတင်မိုးအိမ်လို့ ပြောပြတယ်။ အမတို့အိမ်ကိုအခုထိ မျက်စေ့ထဲမြင်ယောင်နေတုန်းပဲ.. ငယ်ငယ်က ကျောင်းသွားရတိုင်း အဲဒီလမ်းကနေ ဖြတ်သွားရတာကိုး.. တံတားကနေ ဖြတ်ပြီး အိမ်ထဲကို ၀င်သွားလိုက်ရင် အထဲမှာ ဘယ်လိုနေမလဲဆိုတာ အရမ်းသိချင်တာ.. အမရေ.. တနေ့နေ့တော့ အမရှိမယ့် အဲဒီ့အိမ်လေးကို လာလည်မယ်နော်.. :)

ဂျစ်တူး - gyit_tu said...

အမရဲ့ အိမ်လေးအကြောင်းဖတ်ပြီး ကြည်နူး ပြုံးမိ ..

နောက်ဆုံးပိုင်းလည်းရောက်ရော .. အမ အလွမ်းတွေနဲ့ စာကြောင်းတွေ ဖတ်ပြီး ... ရင်ထဲ နင့်ခနဲ ဖြစ်သွားတယ် ။

pandora said...

ကျောင်းသားဘ၀က စာပေဟောပြောပွဲ တခုအတွက် ဆရာကြီးကို လာဖိတ်ရင်း အိမ်လေးရှေ့ ရောက်ခဲ့ပါတယ်။ လှလိုက်တာ လို့ တဖွဖွ ပြောလို့မဆုံးကြဘူးလေ။ ဟောပြောပွဲကျတော့ မေးခွန်းတွေ မေးကြတဲ့အခါ ကျောင်းသားတယောက်က စာပေအကြောင်း မမေးပဲ ဆရာ့အိမ်လေးအကြောင်း မေးပါရစေဆိုပြီး မေးခဲ့တယ်။ ဆရာကြီးက အခု အစ်မပြောပြသလို ပြောပြခဲ့ပါတယ်။

khin oo may said...

ဖတ်ရင်းနဲ့ ကြက်သီးတွေ ထလာတယ်။ မိုးချိုသင်းရယ်။ ဝမ်းလည်းသာ။ ဝမ်းလည်းနဲ။ အားလုံးရဲ့ မေတာ ကို လည်းခံစားပြီး ဝမ်းသာ လိုက် တာ။အဲဒီ အိမ် ကလေး ကို လည်းကြည့်ချင် လိုက်တာ။ အစ်မဆီ ကဒါတ်ပုံ မှာပြီး တို့ ကို ပြ ပါလားဟင်။ ကြည်.ချင်လို့ပါ။ ဝမ်းသာ စရာကောင်းတာ က အဖေတို့ အမေတို့ အဲဒီ အိမ် မှာ နေသွားခဲ့ ရတာ။ မိသားစု ကဆက်လက် ထိန်းသိန်းထားနိုင် တာ ကတော့ဝမ်းသာစရာပါဘဲ။ ဝမ်းနည်း စရာကောင်းတာ ကတော့ အားလုံးပြိုကွဲ တကွဲ တပြား ဖြစ်သွားရတာဘဲ။

ဆောင်း said...

တနေ့နေ့မှာ အိမ်ကလေးဆီ ပြန်လည်နိုင်ပါစေ လို့ ဆုတောင်းပါတယ် မမိုးချိုသင်းရေ...

HAPPYCLOUD said...

အမရဲ့ အရေးအသားကြောင့် အတိတ်မှာ ကျန်ခဲ့ရတဲ့ ကျနော့်အိမ်လေးကို အရမ်းသတိရမိပါတယ်...

လေးစားလျက်..
(မိုးမောင်)

HAPPYCLOUD said...

ကွန့်မန့်အတွက်.. ကျေးဇူး.. .
မကြောက်ပါနဲ့ဗျ.. အမရဲ့...
အေးဆေးနော်...အေးဆေး.. ဟဲ..ဟဲ :P


လေးစားလျက်..
(မိုးမောင်)

Ma May Mya said...

မချိုသင်းရေ-
ကျမတို့ငယ်ငယ်တည်းက.. အိမ်ပြန်တိုင်း..မင်းကြီးလမ်းကိုဖြတ်ရင်.. အဲဒီအိမ်လေးကို အမြဲ ငေးကြည့်နေကျပါ။ အခု ထိတောင် ရန်ကုန်ပြန်တိုင်း..အမြဲ လှည့်ကြည့်ဖြစ်နေသေးတယ်။ အဲဒီအိမ်လေးရဲ့ အလှနဲ့ချစ်စရာ ကောင်းပုံလေး က.. တမျိုးခံစားရစေတယ်။

မချိုသင်း နဲ့ မိသားစု အားလုံး.. အိမ်ပြန်နိုင်တဲ့ အချိန် အမြန်ဆုံး ရောက်လာပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

လင်းဒီပ said...

ကောင်းလိုက်တာ အစ်မရေ...
အိမ်ရဲ့ အဓိပ္ပာယ်ကို အပြည့်အဝရေးချသွားတာ..
အိမ်ကလေးကို ကူလွမ်းပေးသွားပါတယ်...
Link လည်းယူသွားတယ်..ခွင့်ပြုပါဗျာ..

cohtet said...

ချိုသင်းရေ

နင်တို့ အိမ်လေးကို လာပြီး ဆရာနဲ့ စကားပြောဖြစ်ခဲ့တာတွေ သတိရပါတယ်။ ဘာတွေပြောဖြစ်တယ် မမှတ်မိတော့ မှတ်မိတာကတော့ ဆရာက လူကြီးလူငယ်၊ ဂုဏ် ရာထူး ပညာ ဘာကိုမှ မကြည့်ပဲ အားလုံးကို တသားထဲ ဆက်ဆံတတ်တာကိုပါပဲ။ အပြောလွယ်ပေမယ့် တကယ်လုပ်ဖို့ မလွယ်ပါဖူး။

ငထက်

မေငြိမ်း said...

ချိုကလေးး
ငိုချင်တယ်..
တူးတူးပြောသလို.. အဲဒီအိမ်ကလေးက တချိန်မှာ တင်မိုးပြတိုက်ပေါ့..။

HAPPYCLOUD said...

အမအိမ်ကလေးဖတ်ပြီး ... ဘယ်ကိုလွမ်းရမှန်း မသိဖြစ်သွားတယ်... အမရာ... အိမ်အပြင်ရောက်နေတဲ့ သူင်္တေရဲ့ အိမ်င်္လမ်းစိတ်တွေ ပေါ်လာတယ် အမ...
(ဖိုးမောင်)

khet said...

ချိုသင်းရေ
ဒီအိမ်လေးအကြောင်း အားလုံးနီးပါးသိထားပေမယ့် အခုလိုဖတ်လိုက်ရတော့ ရသအသစ်တခု ထပ်ခံစားလိုက်ရတယ်။ ချိုသင်းလို ရေးတတ်ချင်လိုက်တာ။
အမလည်း စာတွေပြန်ရေးချင်စိတ် ပေါက်လာပြီ။ ကျေးဇူးတင်တယ်။
ခက်မာ

တန်ခူး said...

ချိုသင်းရေ… မေတ္တာနဲ့ ဆောက်တဲ့အိမ်လေးရဲ့ ရာဇ၀င်လေးထဲမှာ မေတ္တာတွေပြည့်လို့ … အဲဒီမေတ္တာတွေက ကသွယ်ချောင်းလေးလို ဘယ်တော့မှ ခမ်းခြောက်သွားမှာ မဟုတ်ပါဘူး…့

JulyDream said...

ဆရာရွှေလက်ရာဆိုတာ အခုမှ သိရတယ်။ ဆရာရွှေက ကျွန်တော့်ဆရာပါပဲ။ ကျွန်တော်တို့ ၀ိုင်တီယူ တက်တဲ့အချိန်မှာ ဆရာရွှေက ကျောင်းမှာ မဟုတ်တော့ဘူးလေ။ ဒါပေမယ့် နောက်ဆုံးနှစ် တစ်နှစ်လုံး ဆရာ့အိမ်မှာပဲ အချိန်ကုန်ခဲ့တာပါ။ ကျွန်တော့်ရဲ့ Thesis ကို အဓိက တည်းဖြတ် အကြံပေးတာ ဆရာရွှေပါပဲ။ ကျောင်းပြီးတော့လည်း ညနေခင်းတွေမှာ ဆရာရွှေ အိမ်ရှိတဲ့ လှည်းတန်းဘူတာနားမှာ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ကြတာ အမှတ်ရနေမိပါတယ်။ ဒါပေမယ့် ဆရာက သူ့လက်ရာလို့ တစ်ခါမှ မပြောပြခဲ့ဘူးဗျ။ အဲဒီလို လျှို့ဝှက်ပုံပဲ။ အခုမှ မချိုသင်း ပြောမှပဲ သိရတော့တယ်။ ဒီတစ်ခေါက် ရန်ကုန်ပြန်ရင် ဆရာရွှေကို သွားမေးအုံးမယ်။ ဘယ်လို အိုင်ဒီယာတွေကို အခြေခံခဲ့သလဲပေါ့။ ကျေးဇူးပါဗျို့။

Loi Lem said...

အစ်မတို့ အိမ်ပုံစံကလေးက စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျွန်တော်လည်း ငယ်ငယ်ကတည်းက မင်းကြီးလမ်းမပေါ် ဖြတ်သွားရင် အမြဲတမ်းသတိထား ကြည့်မိတယ်။ အစ်မ ဘလော့ခ်ကိုတွေ့လို့ အဲဒီ အိမ်အကြောင်းရှိမလားလို့ ရှာကြည့်တာ ဒီပို့စ်ကို တွေ့တာပါပဲ။

Aye Myat Myat Ko said...

ကျွန်မဦးကြီး(မေမေ့ အစ်ကို)ဦးမြင့်မောင်က ဆရာဦးတင်မိုးနဲ့သိပါတယ်။ အစ်မတို့အိမ်ကို ကြည့်ပြီး ၁၉၈၈ လောက်မှာ ဆရာရွှေနဲ့ပဲ ရေစကြိုမှာ ကျွန်မတို့ အိမ်ကို ဆောက်ခဲ့တယ်။ ဆရာရွှေ့ design အမိုး တစ်ခြမ်းစောင်း ချွန်ချွန်လေးနဲ့ပဲ။ ဒီတခါ ပြန်ဖြစ်ရင်တော့ ဓါတ်ပုံယူလာဦးမယ်။ အစ်မလဲ ဓါတ်ပုံတင်ပေးနိုင်ရင် ကောင်းမှာ။

Tun said...

အမေ၇ ကိုမင်းထက်ခိုင်တဲ့ သူအမြဲတမ်းပြောလို့ဘဘ ဆ၇ာအကြောင်း စာတွေ့အပြင်ပိုသိ၇ပါတယ် အဲဒီအိမ်ကလေးကိုလည်းသိပါတယ်။ ကျွန်တော်စာ၇ိုက်မသွက်လို့အားမ၇ဘူး။ အမ မိုးချိုနဲ့စကားတွေအများကြီးပြောချင်တယ်။