ပျော်ရွှင်သော အလုပ်

အခုတလော အလုပ်များနေတာနဲ့ ဘလော့ဂ်ကို မရေးဖြစ်ပြန်ဘူး။ တကယ်က အလုပ်လုပ်ရတာ challenge တွေနဲ့မို့ စိတ်ပင်ပန်း လူပင်ပန်းနဲ့ပါ။ တခါတလေကျတော့လဲ စာက အရမ်းရေးချင်နေပြီး လုပ်စရာတွေက များလွန်းတာမို့ နောက်ဆံတငင်ငင်နဲ့ပဲ။ ဟိုအကြောင်းလေးဆိုလဲ ရေးလိုက်ချင်၊ ဒီအကြောင်းလေးဆိုလဲ ရေးလိုက်ချင်နဲ့။

ဘ၀မှာ အသက်မွေးဝမ်းကျောင်းအလုပ်ကလဲ အဓိက အချက်ထဲမှာပါတာမို့ ကိုယ်ကလဲ အမြဲပဲ လေးလေးစားစား လုပ်ခဲ့တယ်။ ကိုယ်ဝါသနာ မပါတဲ့အလုပ်ဖြစ်စေဦး၊ ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်မို့ ဗမာပီပီ စေတနာရှိရှိ ရိုရိုသေသေပဲ လုပ်ခဲ့၊ လုပ်နေတယ်။ အလုပ်ကို တာဝန်ကျေချင်တာလဲ တကြောင်း၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အနေနဲ့ မှန်မှန်ကန်ကန် လုပ်ချင်တာလဲ တကြောင်းပေါ့။

အလုပ်လို့ စဉ်းစားလိုက်မိရင် အရင်ဆုံး သတိရမိတာက ကိုယ်လဲ ၀ါသနာပါပြီး၊ အပျော်ရွှင်ဆုံးလဲ ဖြစ်တဲ့ ကိုယ့်ပထမဆုံးအလုပ်ပေါ့။ သင့်ဘ၀မဂ္ဂဇင်း မှာ လုပ်ခဲ့တာပါ။ အဲဒီတုန်းက အသက်က ၂၃နှစ်။ ကိုယ့်ဆရာတွေက ဆရာဦးတင်မောင်သန်း နဲ့ ဆရာ မောင်သစ်ဆင်း တို့ပေါ့။ ဆရာမောင်သစ်ဆင်းကိုတော့ အေးလွန်းလို့ ကိုယ်က ဆရာမောင်သစ်တုံး လို့ ခေါ်တယ်။ ငွေစာရင်းကိုင်တဲ့ ဦးတင်အောင်ဝင်းဆိုတဲ့ ဦးတယောက်လဲရှိတယ်၊ ဒီဇိုင်းတွေလုပ်တဲ့ ကေကေ လို့ခေါ်တဲ့ ကိုကျော်ခိုင်လဲ ရှိပါတယ်။

အဲဒီမှာ ကိုယ်က ကျောပိုးအိတ်တလုံးနဲ့ လမ်းတကာ လျှောက်သွားပြီး အားလုံးကို လိုက် လော ရတော့တာပဲ။ မဂ္ဂဇင်း ပုံမှန် အချိန်မီ ထွက်နိုင်ဖို့ စာမူဖတ်ရတယ်၊ စာမူရွေးပြီး ဆရာတွေဆီ တင်ရတယ်၊ ဆရာတွေ ရွေးပြီဆိုရင် ကွန်ပျူတာ စာစီဖို့ ပို့ရတယ်။ အဲဒီတုန်းက ကွန်ပျူတာဆိုတာကလဲ ရှားသေးတော့ အမြန်ဆုံး ကိုယ့်စာမူရိုက်ဖို့ အချိန်မီဖို့ ပြောရ၊ လောရ တယ်။ ၀င်းမောက် ပုံနှိပ်စက်က ဦးနဲ့ အမကြီးဆို ကိုယ့်ဒဏ်ကို ကောင်းကောင်း ခံခဲ့ရတာ။

နောက် ဒီဇိုင်း။ အရင်က သင့်ဘ၀က ရိုးရိုးပဲ စာကို အဓိကထားခဲ့တော့ ဒီဇိုင်းမှာလဲ နည်းနည်းတော့ ပြင်ပြင်ဆင်ဆင်လေး ဖြစ်အောင် ကြိုးစားရသေးတယ်။ ဒီစာပေလောက ဆိုတာကလဲ ကိုယ်ငယ်ငယ်ကတည်းက ကြီးပြင်းခဲ့ရတာဆိုတော့ အားလုံးက အဖေ့ကို ချစ်ခင်တဲ့ စိတ်နဲ့ ကိုယ် လော သမျှ၊ အနိုင်ကျင့်သမျှ သည်းခံကြတယ်။ အထူးသဖြင့် စာမူတွေကို သရုပ်ဖော်တဲ့ ဒီဇိုင်းဆရာ၊ ပန်းချီဆရာတွေပေါ့။

ဒီဇိုင်းဆရာ၊ ပန်းချီဆရာဆိုတာကလဲ သူတို့ ဈာန်ဝင်စားရာ ဆွဲတတ်ကြတာ။ ဥပမာ ပန်းချီဆရာတယောက်က သရုပ်ဖော်ပုံကို ဒီလမှာ ပိုးကောင်လေး ဆွဲတယ် ဆိုပါတော့၊ နောက်တလလဲ သူ့ကို အပ်တော့ ပိုးကောင်လေးက ဒေါင်လိုက်လေး ပြေးနေတယ်။ နောက်တလကျတော့လဲ ပိုးကောင်လေး ပဲ၊ ထောင့်လေးမှာ ကပ်ပြီး ဘေးတိုက်လေး သွားနေတယ်။ ဒါဆို ကိုယ်နဲ့ တွေ့ပြီ။ နောက်တခါ ပိုးကောင်လေး ချိုသင်းတို့ သင့်ဘ၀မှာ လာမဆွဲနဲ့ မမြင်ချင်ဘူး ပြောပစ်လိုက်တာ။ ပန်းချီဆရာကလဲ အေးပါ အေးပါဟာ ဆိုပြီး ရီလို့။

နောက်တယောက်ကတော့ အဲဒီတုန်းက မုဒ်ဝင်နေလို့ဆိုလား၊ ကြိုးတွေချည်း ဆွဲတယ်။ ပထမ ကဗျာက မြစ်အကြောင်းဆိုတော့ ကြိုးပုံကောက်ကောက်လေး ဆွဲတော့ မြစ်လိုလို ဖြစ်နေတာမို့ ရှိစေတော့။ နောက်ထပ်ကဗျာကတော့ မီးရထားနဲ့ ခရီးသွားတဲ့အကြောင်း။ အဲဒါလဲ ကြိုးပုံပဲ။ အင်း..ရထားလမ်းလိုလို ဖြစ်နေပါတယ်လေ ဆိုပြီး မပြောသေးဘူး။

နောက်တပုဒ်ကျတော့ သားအဖနှစ်ယောက်၊ ခေတ်နှစ်ခေတ်အကြောင်း စပ်ထားတာ။ အဲဒါကိုတော့ သူဆွဲတဲ့ဘေးမှာ သွားထိုင်ကြည့်နေလိုက်တယ်။ ပန်းချီဆရာကလဲ သိတယ်။ သူ့ကို ပြောဖို့စောင့်နေပြီဆိုတာ။ စပ်ဖြဲဖြဲနဲ့ ပန်းချီဆွဲတယ်။ ကြိုးလေး မျှင်မျှင် လဲ လုပ်ချင်သေးတယ်။ ဘေးကနေ အဟမ်း၊ အဟမ်း လုပ်လိုက်မှ တခြားပုံ ပြောင်းသွားတယ်။

နောက်တယောက်ကတော့ ဘော်လုံးလေးတွေချည်း ဆွဲတာ။ လူဆိုရင် မျက်လုံးနှစ်လုံး ဘော်လုံးလေးမှာ တပ်လိုက်တာ။ ဒါပဲ.. ပြီးပြီ။ ကိုယ်က အနုပညာနားမလည်တော့ ဒါမျိုးဆို သိပ်မကြိုက်ဘူး။ အရမ်းလွယ်တယ် ထင်နေတယ်။ ကိုယ်ဆိုးတာ ပြောပါတယ်။ ဒါနဲ့ လာပြန်ပြီလား ဒီဘော်လုံးလို့ ပြောတော့ ကျနော် ဒီလို ဘော်လုံးလေး ထောင်နေဖို့ တော်တော်ကျင့်ထားရတာ တဲ့။ မျက်နှာလေး ငယ်ပြီး ပြောတယ်လေ။

ကိုယ်တို့မှာ စာမူကလဲ နှစ်မျိုးနှစ်စား ရှိတယ်။ တောင်းစာမူနဲ့ ရွေးစာမူ တဲ့။ တောင်းစာမူ ကတော့ စာရေးဆရာကြီးတွေဆီက တောင်းရတာ။ ကိုယ့်မဂ္ဂဇင်းမှာ သူ့စာမူ ပါချင်လွန်းလို့ တရိုတသေတောင်း၊ အိမ်အထိ သွားယူရတာ။ ဒါပေမဲ့ ကိုယ်လုပ်ခဲ့တဲ့အချိန်မှာတော့ ဆရာကြီးတွေက လာယူလှဲ့ လို့ ချိန်းရင် မပြီးသေးလို့ဆိုပြီး ပြန်လှည့်လာခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကိုယ့်အပေါ်မှာ စေတနာထား အချိန်မီရေးပေးခဲ့ကြတာ တကယ်ပဲ မမေ့နိုင်ဘူး။

အထူးသဖြင့် ဆရာ ဦးမြသန်းတင့်ပါ။ အင်မတန်ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်တဲ့ ဆရာပါ။ ဘယ်နေ့ စာမူ လာယူရမလဲဆရာ လို့ မေးရင် သူပြီးမဲ့အချိန်ပဲ ပြောတယ်။ ဘယ်တော့မှ ဂတိမပျက်ခဲ့ဘူး။ ဗုဒ္ဒဟူးနေ့လာခဲ့ သမီးရေ ဆိုရင် အတိအကျကို ရတယ်။

တခါတလေ ဆရာအလုပ်များနေလို့ မပြီးသေးရင်လဲ အိမ်ပေါ်ထပ်မှာ လက်နှိပ်စက်လေးနဲ့ တဂျောက်ဂျောက် လက်တမ်းရိုက်နေတယ်။ စာမူကို စောင့်ယူရတယ်။ နောက်နေ့မှ လာယူ၊ မပြီးသေးဘူးလို့ ပြောလိုက်လဲ ရနေတာပါပဲ။ ဒါပေမဲ့ တက်ကြွနေတဲ့ လူငယ်စိတ်ကလေးကို စိတ်မပျက်သွားစေချင်လို့ အလုပ်တွေ များရက်နဲ့ ဂတိတည်အောင် ကြိုးစားခဲ့တယ်လို့ ဆရာ့စေတနာကို နားလည်ခံစားမိပါတယ်။

ကိုယ်လုပ်တဲ့ အချိန် ၉၄ခု တုန်းက မိန်းကလေး အယ်ဒီတာဆိုတာ ငယ်ငယ်ရွယ်ရွယ် ဒီလိုပြေးလွှား၊ လျှောက်သွားနေတာမျိုး သိပ်မရှိသေးဘူး။ ဒါကြောင့် ဆရာက ကိုယ်စာမူရလို့ ပြန်တော့မယ်ဆိုတိုင်း “ဖြစ်ရဲ့လား၊ ဘတ်စ်ကားစီးရတာ အဆင်ပြေရဲ့လား” အမြဲမေးတတ်တာပါ။ နေပူတုန်းပဲ သမီး၊ သမီးအံတီနဲ့ ကော်ဖီသောက်ရင်း နေအေးကို စောင့်လိုက်ပါအုံး လို့လဲ ပြောတတ်တာပါ။

ဆရာဆုံးတော့ ကိုယ်က စင်ကာပူမှာ..။ ဆရာလိမ့်ကျတယ်ဆိုတဲ့ အဲဒီ လှေကားလေးကနေ စာမူလေးကိုင်ပြီး ဆရာဆင်းလာတာကို မတ်တပ်ရပ်ရင်း၊ ပြုံးရင်း ကြိုခဲ့ဖူးတာမို့ ကိုယ်မြင်ယောင်ပြီး ငိုခဲ့ရတယ်။ မြန်မာစာပေလောကရဲ့ ကျေးဇူးရှင်ကြီး ဆုံးရှုံးလိုက်ရလို့ပေါ့။

နောက် - မြန်မာပြည်မှာ မဂ္ဂဇင်းလုပ်ပြီဆိုရင် မပါမဖြစ်က စာပေစိစစ်ရေးပဲ။ ကိုယ့်ကို စာပေစိစစ်ရေးရဲ့ လုပ်ပုံကိုင်ပုံတွေကို သင်ပေးခဲ့တာ ကေကေ လို့ခေါ်တဲ့ ကိုကျော်ခိုင်ပါ။ (အခု သူက နံမည်ကြီး ဒီဇိုင်းဆရာ ဖြစ်နေပြီ။) ကိုယ့်မဂ္ဂဇင်းကလဲ သူတို့ မျက်စိ စပါးမွှေးစူးစရာ အချွန်အတက်နဲ့ချည်း။ သင့်ဘ၀တို့ စာပေဂျာနယ်တို့ဆိုတာ သူတို့ အမဲပဲ။

စာပေစိစစ်ရေးက ဆရာသမားများကလဲ အမြဲ ၀င်ထွက်နေတော့ လူကိုတော့ ခင်ပါတယ်၊ စာကိုတော့ မခင်နိုင်ပါ ဆိုတဲ့ မူ ကို ကျင့်သုံးကြတယ် ထင်ပါရဲ့။ သင့်ဘ၀ဆိုရင် မှန်ဘီလူးနဲ့ ကြည့်ကြတယ်။ တခါတလေတော့လဲ တွေးမိတယ်။ ဘယ်လောက်များ ငရဲကြီးလိုက်မလဲ လို့။ စာပေသားသတ်ရုံကြီးထဲ ၀င်သွားရသလိုပဲ။ အဲဒီကို သွားရတာ ကိုယ်ဘယ်တော့မှ မပျော်ခဲ့ဘူး။

သင့်ဘ၀မှာ ကိုယ်အပျော်ဆုံးအလုပ်က အင်တာဗျူး လုပ်ရတာပါ။ အဲဒီအတွေ့အကြုံတွေက ကိုယ့်ဘ၀ကို အများကြီး အထောက်အကူပြုတယ်လို့ ယုံကြည်ပါတယ်။ မဂ္ဂဇင်းအတွက် cover story ကို ဆရာနှစ်ယောက်ကပဲ ပင်တိုင်ရေးကြပါတယ်။ သူတို့ရေးဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းရ၊ အင်တာဗျူးရတယ်။

ကိုယ်က နားထောင်ရတာ သဘောအကျဆုံး။ အင်တာဗျူးလုပ်ရတဲ့ ပုဂ္ဂိုလ်ကြီးတွေက အစုံပဲ။ ဆရာတွေကမေး၊ ကိုယ်က အသံဖမ်း၊ သိချင်တာ ၀င်မေးပေါ့။ တိပိဋိက ဆရာတော် ဦးသုမင်္ဂလ ကိုလည်း မုသားဆိုတာ ဘာလဲ တဲ့။ မုသားတွေပေါတဲ့ အချိန်ကြီးမှာ အချိန်ကိုက်ပါပဲ။ ဆရာတော်က အဲဒီတုန်းက မော်စကိုက ပြန်လာခါစလေ။

တက္ကသိုလ်ပါမောက္ခ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ပညာရဲ့ အရေးပါပုံ အခန်းဆက် ဆောင်းပါးတွေလဲ စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်။ ဒါနဆိုတဲ့ ဆောင်းပါးအတွက် ဘဘဦးသုခကိုလည်း မေးရပြီး အတတ်ပညာရှင် အနုပညာရှင်တွေနဲ့လဲ ထိတွေ့ရတယ်။ cover story အတွက် စာပုဒ်လေး တပုဒ်ရဖို့ ပညာရှင်တွေနဲ့ တွေ့ဆုံရသလို AIDS လိုဆောင်းပါးအတွက် ပြည့်တန်ဆာလေးတွေနဲ့လဲ တွေ့ရတာပါပဲ။ မိဘမဲ့ကလေးကျောင်းလေး ကိုသွားတော့ အင်တာဗျူးရင်း၊ နားထောင်ရင်း မျက်ရည်စက်လက်နဲ့ပါ။

အလုပ်ဆိုတာကို ၀န်ထုပ်ဝန်ပိုးတခုလို မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင် စိတ်ပါဝင်စားပြီး လုပ်ရတာ ကိုယ့်ဘ၀မှာ တကယ့်ကို အမှတ်တရ ဖြစ်ခဲ့တာပေါ့။ ကိုယ့်ကို အသိပညာလဲပေး၊ စိတ်ချမ်းသာမှုလည်း ပေးတဲ့ ဒီပထမဆုံးအလုပ်ကို ဘယ်မေ့နိုင်ပါ့မလဲ။ ဘ၀မှာ အရေးပါတဲ့ အခန်းတခုအနေနဲ့ အဲဒီအချိန်တွေကို တန်ဖိုးထားနေခဲ့ပါတယ်။

နောက်..ကိုယ်က ရောင်နောက် ဆံထုံးပါ၊ ဘိုကေနောက် ဆံရှည်ပါ ဆိုတော့ လက်ထပ်ပြီး စင်ကာပူလိုက်သွားမယ်ဆိုတော့ နေ့စဉ် နေ့တိုင်း စိတ်ရောကိုယ်ပါ ကြိုးစားလုပ်ခဲ့တဲ့ အလုပ်ကလေးကို တိကနဲ ဖြတ်လိုက်တာ။ ရွှေတိဂုံဘုရားလမ်းက အခန်းလေးကို လုံးလုံး လှည့်မကြည့်တော့ဘူး။ ဆရာတွေက မျှော်နေသေးတယ်။ ကိုယ်ကတော့ အလုပ်သံယောဇဉ်ကို စိတ်မခိုင်လို့ မကြည့်တော့ဘူး။

ဒီလိုနဲ့ ကိုယ့်ကို ကိုယ်ပိုင် အလင်းရောင်လေးပေးခဲ့တဲ့ ဒီအလုပ်ကလေးကို သေတ္တာထဲ တမြတ်တနိုး သိမ်းထားလိုက်ပြီ။ ကိုယ့်မင်္ဂလာဆောင်မှာ စာပေမိတ်ဆွေတွေက စ နောက်ပြီး သင့်ဘ၀မှာ ကိုယ်မရှိတော့မှာမို့ “သင့်ဘ၀ အတွက်ပဲ တွေးကာပူမိသည်” လို့ ဆိုကြတာကိုတော့ အခုအချိန်မှာ ပြန်တွေးရင်တောင် ကျေနပ်နေမိပါသေးတယ်။

မိုးချိုသင်း

27 comments:

လင်း said...

လင်းလဲလွမ်းလို့ လာပါတယ် ခဏခဏ။ အသစ်မရှိတော့စိတ်ညစ်ပြီးပြန်ပြန်သွားရတာ။ စီဗုံးလေးထားပေးနော် ။ နော်လို့ :)

Ko Paw said...

ကိုယ်ဝါသနာပါရာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ တထပ်တည်းကျရင်ပျော်စရာဘဲ။ ကျနော်အခု ဘလော့ဂ်ရေးရတာ ၀ါသနာပါတယ်။ ဘလော့ဂ်ကိုဘဲ ပုံမှန်ရေးပါ။ တလ တလကို အခုလက်ရှိလစာရဲ့ တ၀က်ပေးပါ့မယ် ဆိုရင် လက်ရှိအလုပ်ကို ထွက်ပြီး ဘလော့ဂ်ရေးဘို့အသင့်ဘဲ။ ကျနော့်ကို အလုပ်ခန့်ပါလား…အဟိ။

မေသဇင် said...

ချိုသင်း ကံကောင်းလိုက်တာ.. ဘာပဲပြောပြော ကိုယ်ပျော်တဲ့ အလုပ်ကို ကိုယ်လေးစားတဲ့ သူတွေနဲ့ လုပ်ခွင့်ရခဲ့လို့။

tututha said...

အစ်မရေ ပြုံးမိပြန်ပြီ….။ ပြီးတော့ လွမ်းမိပြန်ပြီ။ မြန်မာပြည်က စာနယ်ဇင်း ရောင်းရင်းတွေ၊ ပန်းချီ ဒီဇိုင်း ဘော်ဘော်တွေကို အစ်မစာလေးဖတ်ပြီး အရမ်းလွမ်းသွားတယ်။ ပန်းချီဆရာတွေကို နှိပ်ကွပ်တာတော့ ကြိုက်တယ် :P တိုက်တိုက်ဆိုင်ဆိုင် ဒီမနက်ပဲ အွန်လိုင်းမှာ ဝလုံး တကောင်နဲ့တွေ့ပြီး အလွမ်းသည်ထားတာ။ သူက လက်ဘက်ရည်လိုက်သောက်ပါလားတဲ့။ စ တယ် အမရဲ့။ စာနယ်ဇင်းသမားဘဝမှာ လက်ဘက်ရည်ဆိုင်တကာ ထိုင်ပြီး လေပစ်ရတာလည်း လွမ်းတယ်နော် အစ်မ။ အစ်မရဲ့ သင့်ဘဝ အတွေ့အကြုံကလေးကို ပြန်ပြောပြတာ အားကျဖို့ကောင်းလိုက်တာ။ အဲဒီဆရာကြီးတွေကို တူးက ကပ်လွဲသွားတာလေ ….။

Nay Nay Naing said...

ကိုယ်ရဲ့ ၀ါသနာနဲ့  ကိုယ်လုပ်နေရတဲ့ အလုပ် ထပ်တူကျတာ ကံကောင်းခြင်းတစ်ပါးဆိုတာ ခံစားလိုက်ရပါတယ်..

MANORHARY said...

အဲဒီဝါသနာနဲ့အလုပ်ထပ်တူကျတဲ့ဘ၀တွေကိုဘယ်လိုအရာ
တွေကများထားရစ်ခဲ့စေစွမ်းတာလဲလို့ မေးချင်မိလာတယ်.
ဘာလို့လဲဆိုတော့..ကိုယ်သာဆိုသေမလားကသိပါဘူး.
စိတ်တွေဆင်းရဲပြီးတော့လေ..ခုတောင်တော်တော်စိတ်
ရှုပ်နေပြီ..ကေ ကတော့ကိုယ့်ကိယပဲများတာတဲ့လေ..း( ချိုသင်းရေ ..တို့လည်း အယ်ဒီတာဘ၀ရဲ့ ကြုံရဆုံရ
တွေကို ရေးနိုင်ဖို့ကြိုးစားဦးမယ်..ကိုသစ်ဆင်းတို့.ဦးတင်
မောင်သန်းတို့နဲ့ သင့်ဘ၀ ကာဗာ စတိုရီရေးဖို့ workshop လုပ်ခဲ့တာကိုသတိရတယ်..ကေလည်းပါ
တယ်လေ..း)

CONTACT said...

ချိုသင်းရေ

တန်ဖိုးရှိလိုက်တာ။ ဖြတ်သန်းခဲ့ရတဲ့
အတွေ့ အကြုံတွေ ဆက်ရေးပါအုန်းလို့ ။ KM

sin dan lar said...

စောင့်ဖတ်ရကျိုးနပ်လိုက်တာ..ဆရာမ..

thorn musem said...

မမိုး...
စာလာဖတ်သွားပါတယ်....
အသက်၂၃နှစ်မှာ မဂ္ဂဇင်း တစ်လတစ်အုပ်ထွက်နိုင်အောင်ကျိုးစားခဲ့ တဲ့  မမိုးကို
ဂုဏ်ယူပါတယ်ဗျာ....။
အတွေ့ အကြုံလေးတွေက လွမ်းစရာလေးတွေပါ...။
လင်းပြောသလို စီဗုံးလေးထားပါဗျာ...
မတန်ခူးလဲ ဒီလိုဘဲ..စီဗုံးမထားတော့...
အလုပ်မအားမှန်းမသိ၊ နေမကောင်းဖြစ်နေမှန်းမသိနဲ့ ...။
ကျနော်လာဖတ်လို့ စာအသစ်မတွေ့ ရင် ...ဖျားများဖျားနေကြလို့ လားဆို စိတ်ပူမိတာက အရင်ဗျ...။

M.Y. said...

၉၀နှစ်တွေရဲ့ မြန်မာစာပေလောကမှာ သင့်ဘ၀ ဟာ အရေးပါတဲ့ကဏ္ဍကနေပါခဲ့တယ်။
ရှက်စိတ်၊ကြောက်စိတ် ဆိုတဲ့ ကာဗာစတိုရီတွေက လူငယ်ထုအတွက်အင်မတန် အကျိုးများစေခဲ့တယ်။
စောင့်ဖတ်ရတဲ့ သင့်ဘ၀ ဟာ ဆရာတင်မောင်သန်း ၊မောင်သစ်ဆင်း နဲ့ မိုးချို တို့ လို တာဝန်ကျေတဲ့ အယ်ဒီတာတွေရဲ့ ပေးဆပ်မှုမပါခဲ့ရင် ၊ စာပေ သမိုင်း ၀င်ခဲ့ပါမလား လို့ တောင် တွေးမိတယ်

Kay said...

မချိုသင်း- ဖတ်လို့ကောင်းတယ်..( တနှစ်စာ ပြောထားမယ်)
သင့်ဘ၀ က..နေ..ကိုယ့်ဘ၀ တွေဖြစ်သွားခဲ့ပြီပေါ့။
သူငယ်ချင်းတွေ နောက်တဲ့..သီချင်းလေး ကို ဖတ်ပြီး..ပြုံးလိုက်ရတာ။
သင့်ဘ၀ ထဲက..မှတ်၂ ရ ၂ ဆရာတင်မိုးကို.. ဟိုး..တောကနေပြီး..ပညာရေးဝန်ကြီးက..တက္ကသိုလ် တက်ဖြစ်အောင်.. ဆက်သွယ်ခဲ့တဲ့ အကြောင်းလေး လည်း..စွဲ စွဲ ထင်ထင် မှတ်မိ နေတယ်။

Wunna said...

Ma Moe Cho Thinn yay,
Oh my god, I have waited so long to read your new post. I think you are so busy or you have no mood to write anything else. Anyway, I like your new post. Plz (Plz) try to post new new one.
Best wishes,

khin said...

အမရေ...အကြိုက်ဆုံး Magazine ဘာလဲလို့ ကျွန်မကို မေးခဲ့ရင် သင့်ဘ၀ လို့ဖြေမှာပဲ...သင့်ဘ၀ အလွမ်းပြေ post ဖတ်ရလို့ အများကြီး ကျေးဇူးတင်ပါတယ်...ထီးကလေးနဲ့ မနီ ကဗျာစာအုပ်လေးမှသည် သင့်ဘ၀။ ယခုဘလော့ အထိ စာပေမျိုးဆက်အား လေးစားအားကျမိပါကြောင်း....အမ ပျော်ရွှင်ပါစေ

ThuHninSee said...

အစ်မကံကောင်းလိုက်တာ။ကိုယ်ဝါသနာပါတာကို အသက်မွေးဝမ်းကျောင်းအတွက် လုပ်ခွင့်ကိုမရသေးဘူး

PAUK said...

မချိုသင်းက ကံကောင်းလိုက်တာ..
ဝါသနာပါတာနဲ့ လုပ်ခဲ့ရတာ တစ်ထပ်တည်းကျလို့

တန်ခူး said...

စာပေသားသတ်ရုံကြီးတဲ့လား… ပြောတတ်လိုက်တာ ချိုသင်းရယ်… ဟုတ်ပါရဲ့… နှလုံးသားနဲ့ ရင်းပြီးရေးထားရတာမိုလား… ငယ်ငယ်လေးနဲ့  စာပေအဆီအနှစ်ပြည့်ဝတဲ့ သင့်ဘ၀ကို ပြုစုပျိုးထောင်နို်င်တာ ချိုသင်းအတွက် ဂုဏ်ယူမိပါတယ်… ချိုသင်းရေ… ကိုယ်ဝါသနာပါတာနဲ့ အသက်မွေးဝမ်းကျောင်းနဲ့  တထပ်ထဲကျတဲ့ အလုပ်လေးကို လုပ်ဖူးခဲ့တာ ပြန်တွေးတိုင်းကြည်နူးကျေနပ်စရာပေါ့… ကံကောင်းတဲ့ ချိုသင်းကိုအားကျလိုက်တာ… ဒီဘလော့ဂ်လေးကလဲ သင့်ဘ၀နောက်ဆက်တွဲပေါ့နော်…

khin oo may said...

စိတ်ပါလက်ပါ ဖတ် သွားပါတယ်။

myatnoe said...

စာပေသားသတ်ရုံကြီးတဲ့
ရှယ်ပဲ..။

ကိုယ်ဝါသနာပါတာနဲ့ထပ်တူကျတဲ့ အလုပ် လုပ်ရတ်ာဆိုတော့.. ကောင်းတာပေါ့.။

ပုံရိပ် / Pon Yate said...

မချိုသင်း လုပ်ခဲ့ရတဲ့ အလုပ်က အားကျစရာကြီး။

Taungoo said...

အမလွမ်းမယ်ဆိုလဲ လွမ်းစရာပါပဲ။ အခုရေးထားတာ ဖတ်ရတာကိုပဲ တကယ်သတိရစရာပါ။

စီးပုံးထည့်ဖို့ကို လိုက်tag ရတော့မလိုဖြစ်နေပြီး။ အမတို့၊ မတန်ခူးတို့ မနုသွဲ့တို့။ အဟင်း။

ခင်မင်းဇော် said...

ချိုသင်းရေ။
အမ ခရီးထွက်နေရတယ်လေ။ ခု အိမ်မှာမဟုတ်ဘူး။
ရုံးချုပ်ရောက်နေတယ်။ ချိုသင်း စာလေးတွေ့လို့ လာဝင်ပြောတာ။ ဘလော့မလည်နိုင် ဘလော့မရေးနိုင် ပေမယ့် အမ အသံကိုတော့ တိုက်ရိုက်လေလှိုင်းကနေ နေ့စဉ်ကြားနေရမှာပါ။ အင်တာနက်ကနေ နားထောင်ကြည့်နော်။
အထိုင်ကျသွားရင်စာပြန်ရေးပါဦးမယ်။

ဇနိ said...

အမချိုသင်းရေ အသက် ၂၃ နှစ်နဲ့ စာပေလောကမှာ ရင်းနှီးကျွမ်းဝင်စွာ အကျိုးရှိတဲ့အလုပ် လုပ်ခွင့်ရခဲ့တာ အားကျစရာပါ။ နောင်လည်း အမစာတွေကို စောင့်မျှော်အားပေးချင်ပါတယ်။ ဘယ်အရာကိုလုပ်လုပ် ပျော်ရွှင်စွာလုပ်တယ်ဆိုတဲ့ ခံယူချက်လေးကို အတုခိုးပြီး ကြိုးစားရအုံးမယ် အမရေ။ စာဖတ်သူတွေ တွေးကာမပူရအောင် အမချိုသင်း စာပေတွေ ပျော်ရွှင်စွာဆက်ရေးနိုင်ပါစေ ဆုတောင်းနေမယ်။
ခင်မင်လေးစားစွာဖြင့်
နိနိ

Maung Aye Win said...

ဆရာမြကိုသတိရတယ် ချိုသင်းရေ......
ကိုယ့်ဆီသူလာရင် အမိုးမရှိတဲ့ ဆိုင်သွားရအောင်တဲ့။ သူဆိုလိုတာ ပလက်ဖောင်းပေါ် ခွေးခြေကလေးတွေနဲ့ သောက်ရတဲ့ လဘက်ရည်ဆိုင်ကို သူကြိုက်တယ်။
သူ့ဆီကိုယ်သွားရင် စမ်းချောင်းပါတီယူနစ်ရုံးရှေ့က သင်းချိုင်းဘေးမှာ ကပ်ဖွင်ထားတဲ့ ထမင်းကြော်ဆိုင်မှာ သူအမြဲ လိုက်ကြွေးတယ်။
ဆရာမြအကြောင်းသပ်သပ်ရေးထားတာ ရှိတယ်။ မချောရသေးလို့ မတင်ဖြစ်တာ.....
မောင်မာယာ

ပန်းခရမ်းပြာ said...

အဲဒီလို ပျော်ရွှင်သော အလုပ်မျိုးလုပ်ချင်လိုက်တာ။ ခုထိတော့ ရှာမတွေ့သေးဘူး။

khin oo may said...

လာပြီး နှူတ်ဆက်ပါသည်။ နှူတ်ဆက်တယ် ဆိုတော့ဘယ်သွား မလို့လဲထင်နေဦးမယ်။ ဘယ်မှ မသွား။ ခင်လို့လာနှတ်ဆက်တာပါ။

myatnoe said...

လာပြီး နှူတ်ဆက်ပါသည်။ နှူတ်ဆက်တယ် ဆိုတော့ဘယ်သွား မလို့လဲထင်နေဦးမယ်။ ဘယ်မှ မသွား။ ခင်လို့လာနှတ်ဆက်တာပါ။

copy from ama KOM

ရဲရင့်@ပုရစ် said...

မဒမ်ပုရစ်ပြန်လစ်သွားပေမယ့်....
မရောက်တာကြာပြီ မချိုသင်းရေ
ဝက်ဘ်ပေါ်မှာအရှုပ်တွေလုပ်နေလို့၊
ခုမှမဖတ်ရသေးတာတွေတ၀ကြီးဖတ်
သွားပါသဗျ။
ကောင်းး...အောင်းးအောင်းး......အဲ..အဲ
[လာပြန်ပြီလား..ဒီဘောလုံးလို့ပြောနဲ့နော်... :-( ]
ဒဂယ်ကောင်းတယ်ဗျို့..... :-)