အစွဲအလန်းများ

တနေ့ကတော့ ဘာရယ်မဟုတ်ဘူး၊ ဟိုဟိုဒီဒီ လျှောက်စဉ်းစားရင်းနဲ့ လူတွေရဲ့  အစွဲအလန်းတွေကို သွားတွေးမိတယ်။

တရားသဘောနဲ့ ကြည့်မယ်ဆိုရင်တော့ အစွဲအလန်းတွေ မထားတာ ကောင်းတာပေါ့။ ဒါပေမဲ့ လူရယ်လို့ ဖြစ်လာမှတော့ ကိုယ့်စိတ်အစွဲလေးတွေနဲ့ ကိုယ်ရှိတတ်ကြတယ်။

ကိုယ့်အမေဆိုလဲ ပစ္စည်းလေးတခု သုံးလို့ အဆင်ပြေပြီဆိုရင် ဒါလေးကိုပဲ သတ်သတ်မှတ်မှတ် သုံးတတ်တာ ငယ်ငယ်က သတိထားမိတယ်။ ဥပမာ လျှပ်စစ်ပစ္စည်းတခု ၀ယ်မယ်ဆိုရင် National တံဆိပ်ပဲ သုံးတယ်။ အမေတို့ခေတ်က အခုလိုလဲ ရွေးစရာတွေ သိပ်မပေါသေးတာလဲ ပါမှာပေါ့။ နောက်ပြီး သုံးစွဲသူကို စိတ်ချ ယုံကြည်မှုတခု ပေးနိုင်ခဲ့လို့လဲ ဖြစ်မှာပေါ့။

နောက်တော့ သူ့အမေ မာမားဆိုလဲ အဲဒီလို အစွဲအလန်းလေးတွေ ရှိတာ တွေ့ရပြန်တယ်။ ဥပမာ လက်ဝတ်ရတနာဝယ်ရင် ကျန်တဲ့ဆိုင်တွေက ဘယ်လောက်ပဲ ကံစမ်းမဲပေးပေး၊ ပရိုမိုးရှင်းလုပ်လုပ် အဲဒါတွေ ဘာမှ မလုပ်တဲ့ သူဝယ်နေကျဆိုင်လေးမှာပဲ အားပေးတာ တွေ့ရတတ်တယ်။

တခါကတော့ မာမားနဲ့ နှစ်ယောက်သား မြို့ထဲသွားကြတာ ကိစ္စပြီးလို့ စားသောက်မယ်ဆိုတော့ ဆိုင်လေးတဆိုင်ကို ခေါ်သွားတယ်။ ဆိုင်လေးက မခမ်းနားလှပါဘူး။ ကိုယ်က ဆီချက်စားချင်တယ်ဆိုလို့ ခေါ်သွားတာပါ။ ဆိုင်ရှင်နဲ့ မာမားနဲ့က ပြောဆို နှုတ်ဆက်လို့ပါ။ ဒါနဲ့ အသိမိတ်ဆွေဆိုင် ထင်လို့ မေးကြည့်တာ ဒီလိုပဲ လာစားရင်းခင်သွားတာ တဲ့။

ကိုယ့်အမျိုးသား ငယ်ငယ်လေးကတည်းက ခေါ်လာပြီး စားနေကျ တဲ့။ ခုထိ ဆီချက်ဆို အဲဒီဆိုင်ကိုပဲ သတိရတုန်း စွဲတုန်းမို့ အခုဆို ချွေးမကိုတောင် ခေါ်လာစားနေတာလေ။ ငယ်ငယ်ကတည်းက စားခဲ့တာ၊ ကြီးတဲ့အထိ ဒီလက်ရာကို စွဲလန်းတုန်း ဆိုပါတော့။ တကယ်ပဲ စားလို့လဲ ကောင်းခဲ့တယ်။

ကိုယ်ငယ်ငယ်က သတိရတာလဲ ပြောပြရအုံးမယ်။ အိမ်ကို အဖေ့မိတ်ဆွေ လင်မယားနှစ်ယောက် လာတည်းခိုကြတာ မိန်းမက သူ့ပစ္စည်းအထုပ်တွေထဲမှာ ထူးထူးဆန်းဆန်း ခေါင်းအုံးလေး ပါလာတယ်လေ။ ကိုယ်တို့ကလဲ ကလေးဆိုတော့ စပ်စပ်စုစု ကြည့်မိလို့ သိတာပါ။

အဲဒီအံတီက အိပ်ရင် သူ့ခေါင်းအုံးလေး ထုတ်အိပ်တာပါ။ မအိပ်ခင်လဲ စကားပြောတုန်း ခေါင်းအုံးလေးကို ရင်ဘတ်မှာ ပိုက်ထားတတ်တာပါ။ သူ့ခေါင်းအုံးလေးတောင် ကလေးတွေ ယူဆော့မှာ စိုးရိမ်နေတာ။ ကိုယ့်အမေကိုလဲ ပြောပြတယ်။ ဒီခေါင်းအုံးလေးက ကျမအသက်ပဲ မမရေ..တဲ့။ ဘာအဓိပ္ပါယ်နဲ့ ပြောနေသလဲ ကလေးမို့ မသိရပေမဲ့ အမေကတော့ ပြုံးနေတာ မှတ်မိတယ်။ ကိုယ်လဲ ထူးဆန်းနေလို့ မှတ်မိနေတာ။

ကိုယ်ငယ်ငယ်ကလဲ ၆နှစ်မွေးနေ့မှာ အမေက ဗိုလ်မရုပ်လေး တရုပ်ဝယ်ပေးဖူးတယ်။ ကိုယ်တင်မဟုတ်၊ ကိုယ့်ငယ်သူငယ်ချင်း အိအိအတွက်ပါ ဆင်တူ ၀ယ်ပေးတာ။ အရုပ်ကလေး နံမည်က မိနီတဲ့။ အဲဒီအရုပ်လေးက ကိုယ်တော်တော်လေး ကြီးလာတဲ့အထိ ကိုယ်နဲ့အတူရှိတုန်း။ မျက်လုံးတွေ နှုတ်ခမ်းနီဆေးရောင်တွေတောင် ပျက်ကုန်ပြီ ကိုယ်က သိမ်းထားတုန်း။ နောက် အိမ်ပြောင်းတော့မှ အရုပ်လေးရဲ့ ပေါင်တွေ ပြုတ်နေတာမို့ ကိုယ်လက်အင်္ဂါမစုံတာ အိမ်မှာ မထားကောင်းဘူးဆိုလို့ ထားခဲ့ရတယ်။

ကိုယ့်အဖေကိုလဲ စိတ်ထဲမှာ သိပ်အစွဲအလန်း မထားတတ်ဘူးလို့ ထင်တာ ကိုယ့်အထင် တက်တက်စင်အောင် လွဲတာ တွေ့ရသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေက ဒီနိုင်ငံကို ကိုယ့်ထက် ၅နှစ်လောက် စောပြီး ရောက်နေတာမို့ ကိုယ်နဲ့ပြန်တွေ့တဲ့အချိန်မှာ ရောဂါ တော်တော်ကျွမ်းနေပါပြီ။

အဲဒါက ဘာလဲဆိုတော့ ဒီက နေရာတွေ၊ လမ်းတွေ တော်တော်များများကို အကုန် မြန်မာပြန် ပစ်တာပါ။ သူ့စိတ်ထဲမှာ သူဗမာပြည်မှာ နေနေတာလို့ ယူဆထားချင်ပုံပါပဲ။

ဥပမာ ပြောရရင် -
“ကဲ သမီးရေ အဖေ့ကို အလမ္ဗရာက ကိုခင်မောင်ရွှေတို့အိမ်ကို ပို့..။”
“Alhambra ကို ပြောတာလား အဖေ”
“အေး သမီး။ ဒါပေမဲ့ အလမ္ဗရာဆိုတဲ့ နံမည်က ပိုကောင်းတယ်။ အောင်စည် ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ မိုးခေါင်ရင် မိုးရွာအောင် တီးရတဲ့ အောင်မြင်တဲ့ အောင်စည်ကြီးပေါ့။ ကျက်သရေရှိတယ်လေ။”
“အော်..အော်..”

ဒါကတော့ အဖေ မိတ်ဆွေ တယောက်ဆီ လမ်းညွှန် ဖုန်းဆက်နေတာပါ။
“ကျနော်တို့အိမ်က ယမုံနာလမ်းကနေ လာရတယ်ဗျ။”
“ယမုံနာ ဟုတ်လား ဆရာ။ ကျနော် မြေပုံမှာ ရှာမတွေ့လို့၊ ဘယ်လို စာလုံးပေါင်းသလဲ ပြောပါအုံး။”
(အဲဒီအခါ ကိုယ်က ကြားက ဖြတ်ပြီး)
“Ramona Avenue လို့ ပြောတာအကို။ အကို Ramona အတိုင်း တည့်တည့်လာပြီး ဘယ်ကွေ့ရင် ချိုသင်းတို့အိမ် ရောက်တယ်။”
(အဲဒီမှာ အဖေက ထပ်ဝင်ပြောပါသေးတယ်)
“ကျနော်တို့အိမ်မှာ ခင်ဗျား တည်းလို့ရတယ် သိလား။ ယမုံနာ တည်းခိုခန်းပေါ့ဗျာ..တဲ့။”

ပြောရရင်တော့ အစုံပါပဲ။ Rose hill ကိုလည်း နှင်းဆီကုန်း တဲ့။ Red hill ကိုလည်း မြေနီကုန်း တဲ့။
ဆန်ဖရန်စစ်စကိုက Golden Gate တံတားကြီးကို ကိုယ်တို့ကို လိုက်ပြတဲ့အခါ ပြောသေးတယ်။ ဒါ စစ်ကိုင်း တံတားကြီးပဲ သမီးရေ။ ကြည့်..ကြည့် သိပ်လှတယ် တဲ့။
နောက်တခါကတော့ အိမ်နားက လမ်းလေးတလမ်းကတော့ Stalin Way တဲ့။ ရုရှားက ကွန်မြူနစ် ခေါင်းဆောင်ကြီးရဲ့ နံမည်ပေါ့။ အဲဒါကျတော့ ဘယ်လိုပေးမလဲဆိုတော့ အဖေက “လမ်းနီလေး” တဲ့။

တခါကတော့ ကိုယ်တို့ သားအဖ ၃ယောက် ဖလော်ရီဒါကို ခရီးဆန့်ကြပါတယ်။ အဖေ့ မိတ်ဆွေရှိတဲ့ Clear Water ဆိုတဲ့ မြို့ကလေးမှာ လေယာဉ်ဆင်းရတာပါ။ အဖေကတော့ အဲဒီကို သွားတာ တော်တော်ပျော်ခဲ့ပုံပါပဲ။ ဒါကြောင့် နံမည်လဲ သူ့ဖာသာသူ ထုံးစံအတိုင်း ပြောင်းခေါ်လိုက်ပါတယ်။ ရေကြည်အိုင် တဲ့။ ဒါပေမဲ့ အဖေရောက်ဖူးတဲ့ ရန်ကုန်က ရေကြည်အိုင်နဲ့တော့ မတူပါဘူးလေ။ ဒါလဲ စိတ်အစွဲအလန်း တမျိုးပဲလို့ တွေးမိပါတယ်။


မိုးချိုသင်း

25 comments:

MANORHARY said...

ချိုသင်းရေ...အစွဲအလန်းတွေကို လာဖတ်သွားပါတယ်...

ဟန်လင်းထွန်း said...

လာဖတ်သွားပါတယ် အမေ၇

. said...

:) ဆင်ဖိုနီအိပ်မက် ဆိုတဲ့ စီဒီဓါတ်ပြားကလေးကို သိပ်ကြိုက်ပြီး ဆရာမြို့မ ငြိမ်းအကြောင်း ၊ သီချင်းတွေအကြောင်းကို ပြုံးပြုံးကြီးပြောရင်း လက်တဖက်မှာ ဆေးလိပ်တို တဖက်မှာ မီးခြစ် ကို ဆဆ ကိုင်လို့ သင်ဖြူးဖျာပေါ်မှာ ပုံ့ပုံ့ကြီး ခြေဆန့်ထိုင်ရင်း သီချင်းတွေ ဆိုပြလိုက် အဓိပ္ပါယ်ကို ပြောပြလိုက် နဲ့..........။

ဘိလပ်က ပြန်လာတဲ့အချိန်မှာ South Hall က ဗမာမိတ်ဆွေတွေအိမ်ကို သွား ခဲ့ရင်း ဒက္ခိဏရိပ်သာ လို့ South Hall ကို ရည်ညွှန်း ပြောဆိုခဲ့တဲ့ ဆရာကြီး ကို ပြန် လွမ်းမိတယ်ဗျာ။

ကလေးတယောက်လို အပြစ်ကင်းတဲ့ ဆရာကြီး..
ပိဋကတ်တိုက်ကြီးပေါ့....။

ငြိမ်းဇေဦး

လင်း said...

လာဖတ်သွားတယ် အစ်မ၊ ဆရာကြီးရဲ့ နာမည်ပေးပုံလေးတွေ သဘောကျလိုက်တာ

ဖုန်း မြင်. said...

အမရယ် ... ဆရာကြီး မြန်မာမှုပြတဲ့ အမည်လေး တွေကို ဖတ်ရတာ မျက်ရည်တောင် ဝိုင်းတယ်ဗျာ..
ကြည်လဲ ကြည်နှုး..လွမ်းလဲ လွမ်းတာမျိုးဗျ...

ဆရာကြီးလဲ အိမ်ပြန်ချင်ရှာမှာပဲနော်...

ဇနိ said...

အမချိုသင်းဖေဖေက မြန်မာမှုပြုတာ လေးစားစရာကောင်းတယ်နော်။ နိနိအဖေကလည်း အစွဲအလန်းလေးတွေ ရှိတယ်ဗျ။ သူဝတ်နေကျ ပုဆိုး၊ သူကြိုက်တာဆို မှတ်ထားတာ။ တနေရာသွားမယ်ဆို တခြားဟာဝတ်ခိုင်းလို့ မရဘူး။
နိနိလည်း အစွဲအလန်းကြီးတယ်ဗျ။ စာမေးပွဲဖြေရင် အဖြုအကျီင်္လေးဝတ်ရမှ စိတ်ကြည်တယ်ထင်တာ။
မဇနိ

Ko said...

ကျွန်တော်တို့လဲ စင်ကာပူက Red Hill ကို မြေနီကုန်း လို့ပဲ ခေါ်ကြတယ်။ ဆရာထိုင်နေကျ "နားခိုရာ" လဖက်ရည်ဆိုင် ကိုကော အဲဒီမှာ နာမည် ပေးမသွားဘူးလား။

khine said...

လာဖတ်သွားပါတယ်အမ..
လူဆိုတာအစွဲအလမ်းကကြီးတယ်နော

ရှင်မင်းညို said...

မြေနီကုန်း၊နှင်းဆီကုန်းနဲ့ ရေကြည်အိုင်ကို ဆရာကြီး မြန်မာမှူပြုထားတာကိုသဘောကျတယ်

Taungoo said...

ကျွန်တော့်အဖေကတော့ သူ့အင်္ကျီ၊ ပုဆိုးတွေကို တစ်ခါလောက်ယူဝတ်သွားမိရင် ဘယ်တော့မှ ပြန်မဝတ်တော့ဘူး။ အစွဲလမ်းကြီးတယ်ပဲ ပြောရမလား
ဘယ်လိုပြောရမလဲတော့ မသိဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကောင်းတယ်ဗျ။ ကျွန်တော်လိုချင်တဲ့ အဖေ့အင်္ကျီ၊ ပုဆိုးတွေဆို သူမြင်အောင်ကို တမင်ယူဝတ်ပြလိုက်တယ်။ ဟီး ဟီး။
ပိုင်တယ်နော်။

ကိုရင်နော်ခင်လေးငယ် said...

စာလာဖတ်သွားပါတယ် အမရေ.. :)

myatnoe said...

အစွဲအလန်း က လူတိုင်းပါပဲ..။
မြတ်နိုးဆို ချယ်ရီတွေဝေနေချိန်ဆို ပိတောက်တွေကို မြင်နေတာ...။
ဟီး

M.Y. said...

အစွဲအလန်း ဆိုတာထက်၊ အမိမြေကို တမ်းတမ်းတတလွမ်းဆွတ်တဲ့ စိတ်နဲ့ ၊မြန်မာရနံ့ လေးတွေ တတ်နိုင်သမျှ ကိုယ့် ၀န်းကျင်မှာရှင်သန် နေအောင်၊ လုပ်ထားတဲ့ မြန်မာပြည် ကိုစွဲစွဲလန်းလန်း ကို ချစ်တဲ့ မျိုးချစ် စိတ်အစစ် လို့ မြင်မိ တယ်။

ဂျူနို said...

ဟုတ်တယ် ချိုသင်းရေ ဒို့ ကတော့လူစည်တဲ့မြို့ လည်ကို
လည်းတန်း လို့ ခဏခဏယောင်ပြီးပြောမိတာ။ နာမည်ကတခြားကြီးပါ။

မေငြိမ်း said...

ချိုသင်းရေ.. သတိရစရာတိုးရပြန်ပြီ။ ဇင်းမယ်လာတုန်းကလည်း ဗမာထမင်းဆိုင်ရှေ့က နီမာဟေမင်လမ်းကို ဟေမာနေ၀င်းလမ်းတဲ့..။ စွဲကျန်ခဲ့ရော...။

khin oo may said...

MCT: တို.ကတော.ဖြစ်သလိုချက်တာတွေကို နံမည်ပေးထားတယ်။ တူဒေးစပါယ်ရှယ် တဲ။့ ဒါပေမဲ့ ချက်တာ ကတော. ပုဇွန်ကြော်နဲ့ မုန်လာဥ ချဉ်ရည်ဟင်းဘဲ။ ချက်ပြီဆိုရင် ဒါဘဲ. ဘာဟင်းလဲ လာ မမေးနဲ့။

Exit of thinking mind said...

ဆရာကြီးရဲ့ ပါးဖောင်းဖောင်းကြီးနဲ့...ဆေးလိပ်တို လက်ကြားအမြဲညှပ်တတ်တဲ့...လက်တုတ်တုတ်ကြီးကို သတိရသွားမိတယ်...... အမြဲပြုံးနေတဲ့ မျက်နှာကလဲ.... အမှတ်ရစရာ..လွမ်းစရာပဲ.....လပိုင်းလောက်ပဲ ခဏတွေ့လိုက်ရပေမဲ့.လည်းးးးးးးးးးးးးးး

khin oo may said...

တို.လဲ အစွဲအလန်းကြီးတယ်

rose said...

မမရေ
သမီးလည်း စာဖတ်နေရင်းက နားခေါင်းလေး တရှုံ့ ရှုံ့ နဲ့ ကလေးလေးကို သတိရနေတယ်

rose said...

သမီးရေးတာက နှာခေါင်းလေးနော် မှားသွားလို့

tututha said...

အမရေ ယမုံနာလမ်းက အိမ်ကိုလာရင် နှင်းဆီကုန်းနဲ့ ရေကြည်အိုင်ကို လိုက်ပို့မှာလား။ :D

love said...

အမရေ ..
ဒီပို့စ်လေးလဲ ဖတ်မိပြီး သဘောကျလို့ ရေးလိုက်ပြန်ပြီ။
ကျွန်မလည်း အဲဒီလိုပဲ ဘာသာတွေပြန်ပြီး နာမည်ပေးလေ့ရှိတယ်။
Red House Road ကို အိမ်နီလမ်း၊ New Street ကို လမ်းသစ်၊ Oldbrook အရပ်ကို ချောင်းအိုလေး ရပ်ကွက်၊ Crown Hill ကို သရဖူတောင် ... စသဖြင့်ပေါ့။ အဲလိုမျိုး မှတ်ရမှ ပိုအားရသလိုပဲမို့ သူငယ်ချင်းတွေက ဟားကြတယ်။
ဒါလဲ အစွဲအလန်းပဲလား မသိပါဘူး အမရယ် ... ။

***

ကလိုစေးထူး said...

ဆရာကြီး ပေးတဲ့ မြန်မာနာမည်လေးတွေက နှစ်သက်စရာ ကောင်းလိုက်တာ။

Zaw Wai said...

yah our family also like seechet alot.Where is the location of shop u went to? When my next visit to ygn i want to eat there.

Rita said...

အား တော်တော် ချစ်စရာကောင်းတဲ့ post လေး မမချိုရေ။
ပြီးတော့ အလမ္ဗရာ ကို သိလိုက်ရလို့ ကျေးဇူး ကျေးဇူး အထူးပါ။ "ကသစ်ပန်း" သီချင်း အစမှာ ပါတဲ့ အဲဒီ စာလုံးပေါင်းလေးကို သိချင်နေတာ ကြာပါပြီ