အခုတလော မအားလွန်းတာနဲ့ စာရေးတာလဲ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတော့ စာမရေးချင်သလိုလို ဖြစ်နေပြီ။ အလုပ်က ပြန်ရောက်လို့ စာရေးမယ်ကြံရင် ဖျားချင်သလိုလို ဖြစ်လာတယ်။ တကယ်ပဲ ရာသီဥတုက အေးတာလား၊ ကိုယ်ကပဲ စာရေးပျင်းလို့ ကြောက်လန့်ပြီး ဖျားချင်သလိုလို ဖြစ်သွားတာလား ဆိုတာတော့ မဝေခွဲတတ်တော့ဘူး။
အဲဒီလို ဖြစ်နေတုန်း ညီမလေး တူးတူးသာ က tag ထားတယ် အမရေ တဲ့။ ဒါနဲ့ ကိုယ်က ဘာခေါင်းစဉ်များလဲ ဆိုပြီး အပြေး သွားကြည့်ရတာ။ အကြိုက်ဆုံး ကာတွန်းကား တဲ့။ ခေါင်းစဉ်ကိုလဲ ကြည့်မိရော “အလွဲကြီး လွဲပါပြီ အသင် တူးတူးသာ” လို့ ရေရွတ်လိုက်မိတယ်။
ဘာဖြစ်လို့လဲဆိုတော့ ညီမ တူး က ကိုယ့်ပုံကို ကာတွန်းကားတွေ ကြည့်တဲ့ ရုပ်လို့ ပြောလို့ပါ။ ကိုယ်နဲ့ ခင်မင်ဖူးတဲ့လူတော်တော်များများကလဲ အဲဒီလို ထင်ကြတာပါ။ ဘာဖြစ်လို့လဲတော့ ကိုယ်လဲ မသိဘူး။ ကိုယ့်ပုံက ကာတွန်းရုပ် ပေါက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အမြဲ ရီဖို့ ပြုံးလိုက်ဖို့ အသင့် ဖြစ်နေလို့လဲ ဖြစ်နိုင်ပါတယ်။
စကားစပ်လို့ ပြောရရင် ကိုယ့်အမျိုးသားကလဲ ရည်းစားဘ၀က အကြောင်းသိပ်မသိသေးတော့ သူလဲ အဲဒီလို ထင်တာပါပဲ တဲ့။ “သူ့ပုံကတော့ အားရင် မုန့်စားပြီး ကာတွန်းကား ထိုင်ကြည့်နေမဲ့ပုံပဲ” လို့ ထင်မိပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူကလဲ ကာတွန်းကားတွေ သိပ်ကြိုက်လို့လေ။ ၀ါသနာတူတာတော့ တွေ့ပြီလို့ ထင်လိုက်ပုံပါ။
နောက် ရင်းနှီးလာမှ ကာတွန်းကားလဲ မကြည့်ဖူး၊ ကာတွန်းလဲ မဖတ်ဖူးဘူး ဆိုတာ သိတော့ စုတ်တသပ်သပ်နဲ့။ ကိုယ့်ရဲ့ ကာတွန်းမပါဘဲ ကြီးပြင်းလာရတဲ့ ကလေးဘ၀ကို သနားတာလား၊ ၀ါသနာတူပြီလို့ အထင်မှားသွားတဲ့ သူ့ဘ၀သူ ပြန်သနားပြီး စုတ်သပ်တာလား ဆိုတာတော့ ကိုယ်လဲ မသိတော့ဘူး။ ခုထိတောင် တခါတခါ စုတ်သပ်နေသလိုပဲ။
ဒါကြောင့်လားမသိ၊ သူက ကိုယ့်ကို ကာတွန်းရုပ်ကလေးတွေလို အမြဲပြုံးပြုံးရွှင်ရွှင် မြင်ချင်ပါတယ်။ ကိုယ်လဲ နဂိုကကို ဒီပုံစံ ဖြစ်နေတော့ ဘာမှ ထူးပြီး အားမထုတ်ရပါဘူး။ ဒါပေမဲ့ ဆိုးတာက ဓာတ်ပုံရိုက်တဲ့ နေရာမှာပါ သူက ပြုံးစေချင်၊ ရီစေချင်နေတာပါ။
တချို့ မိန်းကလေးတွေများ ခပ်တည်တည်လေး နေတာ ပုံထဲမှာ လှလိုက်တာ။ ကိုယ်လဲ ဒီလိုဖြစ်မလားလို့ ခပ်တည်တည်ပဲ နေပြီး ဓာတ်ပုံ အရိုက်ခံဖို့ ကြိုးစားဖူးပါတယ်။ သူက ကင်မရာကို ချိန်ထားပြီး လုံးဝ မရိုက်ပါဘူး။ ချိုသင်းရေ ရီပါအုံးဟ၊ ပြုံးလိုက်ပါအုံးဟ နဲ့ အော်နေတာ။ ကိုယ်လဲ နောက်တော့ ကြာကြာ တင်းမထားနိုင်တာနဲ့ ရီလိုက်တော့မှ ချက်ကနဲ ရိုက်လိုက်တယ်။ ပုံလဲ စပ်ဖြဲဖြဲနဲ့ သွားတာပါပဲ။
တကယ်လဲ ကိုယ် ငယ်ငယ်က ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းတို့ကလွဲရင် ကာတွန်းတွေ ရုပ်ပြတွေလဲ မဖတ်ဖူး၊ ကာတွန်းကားဆိုရင်လဲ တီဗီက လာတဲ့ ကာတွန်းကားလေးတွေသာ ကြည့်ဖူးခဲ့တာပါ။
ကိုယ်တို့ငယ်ငယ်က ခုခေတ် ကလေးတွေလို ကံမကောင်းဘူး။ တီဗီတောင် ပေါ်ခါစ ဆိုတော့ ကာတွန်းကားတွေ ၀ယ်ကြည့်နိုင်လောက်အောင်လဲ နိုင်ငံခြား အဆက်အသွယ်တွေ မရှိဘူးလေ။ တီဗီကလာတဲ့ ကာတွန်းကားတွေကိုတော့ ကိုယ်လဲ သိပ်ကြိုက်ပါတယ်။
ငယ်ငယ်တုန်းက ပထမဆုံး ရုပ်ရှင်ရုံကြီးမှာ မိသားစုနဲ့ သွားကြည့်တဲ့ကားက ရှင်ဥပဂုတ္တ တဲ့။ အဲဒီကားထဲမှာ ရှင်ဥပဂုတ္တ က ဈာန်ပျံတော့ အံ့သြလိုက်တာ။ တကားလုံးမှာ အဲဒီတခန်းပဲ မှတ်မိတယ်။ အဲဒီကားကြည့်ပြီးကတည်းက ကောင်းကင်မှာ ဒါမျိုးများ တွေ့ရမလားလို့ ခဏခဏ စူးစမ်းဖူးတယ်။ ကိုယ်ပြောချင်တာက ရုံကြီးတွေမှာလဲ ကိုယ်တို့ခေတ်က ကာတွန်းကား တင်တာ မတွေ့ဖူးတာကို ပြောချင်တာ။ ရှိရင်တော့ အဖေတို့ အမေတို့က လိုက်ပြမှာပါပဲ။
ကြီးလာတော့ ကာတွန်းကားလေးတွေကို ပိုပြီး ကြည့်ဖြစ်လာတယ်။ နောက်ကြည့်တဲ့ ကားတွေမှာ ကိုယ်ကြိုက်မိတာက Lion King ပါ။ တိုးတက်တဲ့ နည်းပညာနဲ့ အနုပညာ ပေါင်းလိုက်တော့ ကာတွန်းကားလေးတွေက ပိုပြီး ချစ်စရာကောင်းသွားတာပါ။
အခု ကိုယ်စွဲလန်းမိတဲ့ ကာတွန်းကားအကြောင်း ရေးရမယ် ဆိုရင်တော့ ကိုယ်တို့ငယ်ငယ်က တီဗီမှာလာတဲ့ Tom & Jerry ကြောင်နဲ့ ကြွက် ဇာတ်လမ်းတွဲတွေအကြောင်း ရေးရမှာပဲ။
အပြင်လောကမှာ ကြောင်က ကြွက်ကို အမြဲ ခုတ်စားတာ၊ အနိုင်ရတာလို့ သိထားသမျှ ဒီဇာတ်လမ်းတွဲတွေမှာ အမြဲတမ်း ကြောင်ကြီးက ခံရတာပဲ။ သူကလဲ ဘယ်တော့မှ ကြွက်ကလေးကို ခုတ်မစားပစ်ဘူး။ ကြွက်ကလေးက အကောင်သေးပေမဲ့ သူလူလည်ကျသမျှ ကြောင်ကြီး ခံပေတော့ပဲ။
ကြွက်ကလေးကြောင့် အမြဲတမ်း ကြောင်ကြီး ဒုက္ခရောက်ရတာ ထိပ်ဖုရတာလဲ ခဏခဏ။ ရေကန်ထဲ ပြုတ်ကျလို ပြုတ်ကျ။ သေလုမျောပါး ပြေးလို ပြေးရ။ ခွေးကြီးနဲ့ ပက်ပင်းတိုးလို့ သူ့မှာ မျက်နှာချိုသွေးပြီး လွတ်အောင်ကြံရ။
ဒါပေမဲ့ သူကလဲ အလာကြီး။ ကြောင်ပီပီ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တယ်။ အခွင့်ရရင် အခွင့်သာသလို ကြွက်ကလေးကို နှိပ်စက်ချင်တယ်။ ဂျောက်တွန်းချင်တယ်။ တခါတလေ မဆလာလေးဖြူးပြီး ဟင်းလုပ်စားချင်သေးတယ်။
ကြောင်နဲ့ ကြွက်ဆိုတာ ကမ္ဘာဦးကတည်းက ရန်သူတွေလေ။ တယောက်နဲ့တယောက် အပြန်အလှန် ဆော်ကြ၊ တီးကြတာကို ချစ်စရာကောင်းအောင် ဟာသ ဖြစ်အောင် ရိုက်ထားတာမို့ အဲဒီကာတွန်းကားလေးတွေ တီဗီမှာ လာချိန်ဆိုရင် တီဗီရှေ့မှာ အောက်မေးပြုတ်ရော ဆိုပါတော့။
ကြောင်ကလဲ ကြွက် မရှိရင် မနေနိုင်ဘူး၊ ကြွက်ကလဲ ကြောင်မရှိရင် သွားသွား ရန်စ ရတာ အမော။ ဒါပေမဲ့ ပြီးသွားရင် အကြိတ်အခဲ အမုန်းအတေး တွေ မရှိဘဲ ပြန်ပြီး လိုက်ကြ ပြေးကြ ပြန်ရော။
ကာတွန်းကားလေးတွေရဲ့ သဘောသဘာဝကိုက စိတ်ကူးကိုကွန့်မြူးချင်တိုင်း ကွန့်မြူးလို့ရတာဆိုတော့ အပြင်မှာ မဖြစ်နိုင်တာတွေ ကာတွန်းကားထဲမှာ ဖြစ်လို့ရတယ်။ ဥပမာ ကိုယ်ခန္ဓာကြီး မုန့်ကြိုးလိမ်လို ကာတွန်းကားထဲမှာ လိမ်သွားလို့ ရတယ်။ ကြောင်ကြီး အမြီးနဲ့ ချည်ပြီး ဒန်းစီးလို့ရတယ်။ မြစ်ကို ခုန်ကျော်လိုက်လို့ရတယ်။ အဲဒီလိုမျိုးပေါ့။
တကယ်ဆို အပြင်မှာ ကြွက်က အင်အားကြီးတဲ့ ကြောင်ကို ပြန်ချဖို့ မဖြစ်နိုင်ဘဲကိုး။ အခုတော့ သူတပြန် ကိုယ်တပြန်။ မဖြစ်နိုင်တာတွေလဲ ဖြစ်၊ ဖြစ်ချင်တာတွေလဲ ဖြစ် ဆိုတော့ ပျော်စရာကြီးပေါ့။ ဒီလိုဆိုတော့လဲ အပြင်လောက ကို ကာတွန်းထဲကလို ဖြစ်ချင်တာ။ ကာတွန်းကားကို ကြည့်ရင်း အဲဒီမှာ ရပ်မသွားဘဲ စိတ်ပျော်ရွှင်ရတာတွေ၊ စိတ်အားထက်သန်ရတာတွေ အပြင်မှာ ကိုယ်က တကယ်ဖြစ်ချင်မိတာ။
ကိုယ်လဲ ကာတွန်းကားတွေ ကြည့်ပြီး စိတ်ကူးယဉ်တာ ဖြစ်ချင်တာတွေ များသွားပြီ ထင်ပါရဲ့လေ။
တောင်ရောက် မြောက်ရောက် ရေးလိုက်တဲ့ ကာတွန်းကားအကြောင်းကို ဒီလောက်နဲ့ပဲ ညီမငယ် တူး ကျေနပ်ပါလို့။
မိုးချိုသင်း