ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး - ၃

နောက် ဆရာကြီးရဲ့ချစ်စရာကောင်းတာလေးက သူ့ကြောင့်တဖက်သား ထိခိုက်နစ်နာ သွားမှာကို မလိုလားတာပဲ။ ချစ်စရာကောင်းတာထက်လေးစားဖို့ ကောင်းတာပါ။ ( ၅ ) ဆောင်မှာ ''ဘိုးတော်ဟိန်း'' ဆိုတဲ့ ဘိုးတော်တယောက်ရှိတယ်။ ယောင်တုံးကြီးနဲ့ ။ ဆန်တွေစုထားကြ ၊ ဆီတွေစုထားကြ ၊တိုင်းပြည်ပျက်တော့မယ်ဆိုပြီးသူ့တပည့်တွေကိုပြောလို့စစ်ခုံရုံးက (၅-ည) ပုဒ်မ တပ်ပြီး ထောင် (၁ဝ)နှစ်ချခံထားရသူပါ။ ဘိုးတော်ဟိန်းကို အပြင်မှာ စီးပွားရေးသမား လူချမ်းသာတွေ ကိုးကွယ်ကြတယ်လို့ သိရတယ်။ အထဲမှာတော့ နေချင်သလိုနေ ၊ ဖြစ်သလိုစား ၊ ပါးစပ်ကလည်းတောင်တောင်အီအီ လျှောက်ပြောနေတာပါပဲ။ ဘယ်သူ့ကိုမှတော့ ဒုက္ခမပေးဘူး ။ ဒါပေမယ့်အရူးကြီးတစ်ယောက်လို စုတ်စုတ်ပြတ်ပြတ်နဲ့နေတာ။ ပုဆိုးတစ်ထည်ကို တေဇလူငယ်တွေ ပုခုံးသိုင်းလည်စီး ထားသလိုမျိုးအမြဲစည်းထားတယ်။ မနက်ခင်းနဲ့ညနေခင်းတွေဆိုရင် အဲဒီ့ ပုဆိုးကြီး နဲ့ဝှေ့ယမ်းပြီး ပါးစပ်ကလည်းတတွတ်တွတ်နဲ့ ရွတ်ဖတ်နေတတ်တာ။ ဘယ်သူမှသူ့ကို အဖက်မလုပ် ကြပါဘူးး။ တစ်ချို့ဆိုရိုးရိုးအကျဉ်းသားတွေဆို သူ့ကို ဖင်ပုတ် ကျောပုတ်စနောက်ပြီး ထွက်ပြေးကြ တာ။ သူကစိတ်ဆိုးပြီး နောက်ကလိုက်ပေါ့။

အဲဒီလိုနေတဲ့ဘိုးတော်ဟိန်းကိုဆရာကြီးက သနားနေ တယ်။ ''သူ့ခမျာကြောင်တောင်တောင်ပါကွာ၊ ဒါပေမယ့်ဘယ်သူ့မှဒုက္ခမပေးဘဲ ရိုးရိုးသားသား နေရှာတယ် '' လို့ ဆရာကြီးက ခဏခဏပြောလေ့ရှိတယ်။ ဘိုးတော်ဟိန်းက ဘယ်သူ့ကိုမှ စကား ဟက်ဟက်ပက်ပက် ပြောတာမဟုတ်ဘူး ။ ဘောက် ချည့်ပြောနေတတ်တာ။ ဒါပေမယ့် ဆရာကြီးက သူနဲ့ စကားသွားသွားပြောရင်း ကြာတော့ ဆရာကြီးကို စိတ်လိုလက်ရစကားတွေ ဖောင်အောင်ပြော နေတော့တယ်။ ဆရာကြီးကလည်း ထုံးစံအတိုင်း ဟိုမေးဒီမေးပေါ့။ ဒီလိုနေကြရင်း တစ်နေ့တော့ ဘိုးတော်ဟိန်းက သူ့ကိုကုလားသီချင်းတွေဆိုပြတယ်လို့ ဆရာကြီးပြန်ပြောပြပါတယ်။ ဘိုးတော်ဟိန်းဟာ အိန္ဒိယကို အနှံ့ လျှောက်သွားဖူးတယ်လို့ဆိုတယ်။ အဲဒီလိုဘိုးတော်ဟိန်းက ဆရာကြီးကို သီချင်း တွေဆိုပြ စကားတွေပြောပြောနေလိုက်ကြတာ တစ်နေ့တော့ဘိုးတော်ဟိန်းက ထပေါက်ပါလေရော။

ဖြစ်ပုံကဆရာကြီးကို ပထမသီချင်း ( ၂ ) ပုဒ်ဆိုပြတယ်တဲ့။ ပြီးတော့ ထသွားမယ်လုပ်တော့ ဆရာကြီးက နေပါဦး နောက်တစ်ခေါက်လောက်ဆိုပြပါဦးလို့ ပြောလည်းပြော ၊ လက်လည်းဆွဲ ပေါ့လေ။ ဒီမှာတင်ဘိုးတော်ဟိန်းက '' ဟာ . . ဒီကောင် . . တော်တော်လက်ပေါက် ကပ်တဲ့ အကောင်ပဲ '' ဆိုပြီး ဗြုန်းကနဲ ဆရာကြီးကို ''နားရင်း'' ပိတ်အုပ်လိုက်ပါတော့တယ်။ ကျနော် ဒေါသဖြစ်ပြီးဘိုးတော်ဟိန်းကို ကြိမ်းမောင်းထိုးကြိတ်မယ်လုပ်တော့ ၊ ဆရာကြီးက ပျာပျာာသလဲပြေးလာပြီး '' မလုပ်နဲ့ ၊မလုပ်နဲ့ . . ငါမှားတာ.. ငါမှားတာ.. သူမမှားဘူး .. သူ့ဖာသာ နေတာ ငါသွားနှောက်ယှက်လို့ဖြစ်ရတာ၊ သူ့ကိုဘာမှသွားမလုပ်ပါနဲ့… '' လို့အမောတကော တားရှာတယ်။

တကယ်ဆို ဆရာကြီးဟာ သူ့အသက်အရွယ်၊ သူ့ဂုဏ်နဲ့ဘယ်သူမှ သူ့ကို ကိုယ်ထိလက်ရောက် နေနေသာသာ ၊ စကားတောင်မာမာထန်ထန်မပြောကြပါဘူး။ အခုလို နားရင်းအုပ်ခံရတာ တော်တော်လွန်လွန်းနေပြီလေ။ ဒါပေမယ့်ဆရာကြီးက သူ့ကြောင့် တစ်ဖက်သား ထိခိုက်နစ်နာသွားမှာ မလိုလားဘူး။ သူမှားလို့ဆိုကာချည်း ထပ်တလဲလဲပြောပြီး သူ့အမှားကို ဝန်ခံရဲ တဲ့သတ္တိရှိသူပါ။ နောင်တော့ သူ့ကိုအေးအေးဆေးဆေးမေးကြည့်တယ်။ နားရင်းအုပ်ခံလိုက်ရတာ စိတ်မဆိုးဘူးလားလို့။သူကပြုံးပြီး ''ဗြုန်းကနဲ ထအုပ်လိုက်တော့ စိတ်ထဲ ပူကနဲဖြစ်သွားတာပေါ့။ ဒါပေမယ့် ကိုယ်က အတင်းအကြပ်သွားလုပ်တော့ ကိုယ်မှားတာပေါ့ ကိုယ်မှားလို့ခံရတာပဲ။ စိတ်ထဲဘာမှမရှိတော့ပါဘူး ။'' လို့ ပြန်ဖြေပါတယ်။ ဆရာကြီးဟာ အဲဒီလိုလူစားမျိုးပါ။ သူ့အစ္ဈတ္တ ရုပ်ကို ထင်းခနဲတွေ့နိုင်ကြပါတယ်။

ဆရာကြီးနဲ့ကျနော်က ထမင်းစားဝိုင်းမတူဘူး။ ဆရာကြီးတို့ဝိုင်းမှာက ကိုသိန်းအောင်၊ ကိုရင်လေး၊ ကျောင်းဆရာကိုစိုးလွင်အပါအဝင် စုစုပေါင်း (၅) ယောက်လောက်ရှိမယ်။ ကျနော်တို့ဝိုင်းမှာက ကိုတင်ဝင်းအောင် ၊ ဝေမိုး၊ ကိုမျိုးအောင် ၊ရဲကျော်လှိုင်၊ ကိုခင်မောင်ဝင်း၊ ကိုမောင်ဦး အားလုံး ( ၇ ) ယောက်။ ကိုတင့်ဝေအောင်က လူကြီးဆန်တယ်။ ပြသနာတစ်ခုကိုဘယ်တော့မှ ထိပ်တိုက်မဖြေရှင်းဘူး၊ ဒါပေမယ့် လွယ်လွယ်နဲ့အလျှော့ပေးတတ်တဲ့လူစားမျိုးတော့မဟုတ်ဘူး။ မရရတဲ့နည်းနဲ့ ကျားကုတ်ကျားခဲလုပ်တတ်တဲ့ ဝီရိယမျိုးရှိသူ။ ကျနော်ကသူ့ကို အောင်ဘုလို့ခေါ်တယ်။ ကျနော့်အပေါ် တော်တော်နားလည်ပေးနိုင်တဲ့သူပါ။ အထူးသဖြင့်ကျနော်ဒေါသထွက်ရင် အမြဲအလျှော့ပေးတတ်တယ်။ ပြီးမှ အကျိုးသင့်အကြောင်းသင့် ပြန်ပြောတတ်သူ။

ကိုမျိုးအောင်ကတော့ ကျနော်နဲ့ကချင်ပြည်နယ်မှာ စစ်သင်တန်းအတူတူတက်ခဲ့တဲ့ တိုက်ဖော်တိုက်ဖက်ရဲဘော်ဟောင်း၊ ထောင်ထဲရောက်မှ ပြန်ဆုံတာ။ သူကရှုးရှုးရှားရှားသမား။ တစ်ခုခုဖြစ်တာနဲ့ချမယ်နှက်မယ်ဆိုတာချည့်ဘဲ။ ကျနော်တောင်ဘရိတ်အုပ် အုပ်ထားရတဲ့ လူစားမျိုး။ ရဲကျော်လှိုင်က ကျနော့်ထက်အသက်( ၁ ) နှစ်လောက်ဘဲငယ်တယ်။ ဒါပေမယ့် ကျနော့်ကို အကိုတယောက်လို ဆက်ဆံတတ်တယ်။ အနစ်နာခံစိတ်ရှိတဲ့သူ၊ ထမင်းဝိုင်းမှာ ဘယ်သူမှ မလုပ်တဲ့အလုပ်မျိုးကိုသိမ်းကြုံးလုပ်တတ်တာ။ ဘယ်သူလုပ်လုပ်မလုပ်လုပ် ၊ ဘာကိုမှ
မပြောတာ၊ သူပဲလုပ်လိုက်တယ်။ အစားအသောက်လည်း အရမ်းညှာတတ်တယ်။ ဟင်းကို အလယ်
မှာပုံပြီးခပ်စားကြမယ်ဆိုရင် အဖြစ်လောက်ထည့်စားပြီး ထသွားတာ။ နောက်လူရှေ့လူအတွက် အမြဲ
ဦးစားပေးတယ်။ ''ဝေပုံကျ'' ''ကိုယ်တာ''နဲ့စားတာတောင် သူရတဲ့ဝေစုကို ဘယ်တော့မှ အကုန်
မစားဘူး။ တစ်ဝက်လောက်စားပြီး ထမင်းဝိုင်းထဲဘယ်သူဟင်းလိုသလဲ လိုက်ကြည့်ပြီး ဟင်းကုန်နေတဲ့ သူ ပန်းကန်ထဲ အတင်းထည့်ပေးတာ။ များသောအားဖြင့် ကျနော့်ဟင်းပန်းကန်ထဲ ရောက်တာများ ပါတယ်။ ကျနော်ကအမြဲ ဟင်းကုန်ကုန်နေတတ်လို့။

ဝေမိုးကတော့ ကျနော်တို့ဝိုင်းမှာအငယ်ဆုံး။ ကျနော့်ညီတယောက်လို ချစ်ရတဲ့သူ။ ကျနော့်အပေါ်ကိုလည်း အကိုလိုသဘောထားတာ။ သူက လူပုံက ဖြူဖြူနွဲ့နွဲ့ ကလန်ကလားကြီး ဆိုပေမယ့် စိတ်ဓာတ်အတော်မာတဲ့ကောင်။ အရွယ်နဲ့ မလိုက်အောင် စာဖတ်အားများတယ်။ ယုံကြည်ချက်ခိုင်မာပြင်းထန်သလို၊ အငြင်းလည်းသန်တယ်။ အဲဒီလို အငြင်းသန်လို့ တခါက ဆရာကြီးနဲ့ “ဘု” ဖြစ်ခဲ့ရသေးတာပေါ့။ အဲဒီတုန်းက ကျနော်နဲ့ ဝေမိုး စာပေ စိစစ်ရေးကိစ္စပြောရင်း စာပေလွတ်လပ်ခွင့်အကြောင်း ရောက်သွားတယ်။ သူကစာပေလွတ်လပ်ခွင့် ဆိုတာ အလုံးစုံလွတ်လပ်ရမယ်လို့ သဘောရတယ်။ ကျနော်ကလိုအပ်တဲ့ အကန့်အသတ် စည်း ဘောင်တော့ ရှိသင့်တယ်လို့ယူဆတယ်။ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးဆိုင်ရာကိစ္စမျိုးမှာ ထိန်းထိန်း သိမ်းသိမ်းရှိသင့်တယ်လို့ လက်ခံထားလို့ပါ၊ ဝေမိုးကမဟုတ်ဘူး။ လုံးဝလွတ်လပ်ရမယ်။ အလုံးစုံ အကန့်အသတ်မဲ့နေရမယ်ဆိုပြီးတော့ရပ်ခံထားတယ်။ ကျနော်က လိင်မှုဆိုင်ရာ အညှီအဟောက် ကိစ္စ မျိုးမှာ ပရမ်းပတာဖြစ်တာနဲ့စာရင် လိုအပ်တဲ့ထိန်းသိမ်းမှုရှိရင်ကောင်းမယ်လို့မြင်တယ်။ သူက “၁၆နှစ် အောက်မဖတ်ရ” စာတမ်းကပ်လိုက်တာနဲ့ လုံလောက်တယ်လို့ယူဆတယ်။

အဲဒီလိုနဲ့သူနဲ့ကျနော်ဒေါင့်တစ်ခုစီကနေရပ်ခံပြောနေကြတုန်း စကားဝိုင်းထဲကို ဆရာကြီးဝင်လာတယ်။ ဆရာကြီးက ကျနော့်ရှုဒေါင့်အမြင်ကို လက်ခံတယ်။ သူပြောတာပိုပြီးတောင် ပြည့်စုံသေးတယ်။ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာ၊ ဘာသာတရားတွေနဲ့ချိန်ထိုးပြီး ကျနော့်အမြင်ကို ထပ်ဖြည့်စွက်တယ်။ ဝေမိုးက သူ့အမြင်သူ့ရှုဒေါင့်ကနေ တစ်ပြားမှ မလျှော့ဘူး။ အဲ့ဒီလိုပြောနေရင်းကနေ ဝေမိုးက '' ဒါဆို ဆရာကြီးက န.ဝ.တ အာဏာပိုင်တွေကို အားပေးနေသလိုပဲပေါ့။ ဘာထူးသေးလဲ။ ဆရာကြီးလည်း အာဏာရှင်ပါပဲ '' လို့ ပြောတော့ ဆရာကြီးမျက်နှာတင်းကနဲဖြစ်သွားတယ်။ '' အေး.. ငါသာ အစိုးရ ယန္တယားထဲရှိရင် မင်းလိုကောင်မျိုးကို အရင်ဖမ်းချုပ်ပစ်မယ် '' လို့ ပြောပြီး စကားဝိုင်းထဲက ထထွက်သွားပါလေရော ။

မှတ်မှတ်ရရ ဆရာကြီး စကားမာမာနဲ့ မျက်နှာတင်းတင်းနဲ့ ပြောတာ ဒီတစ်ခါတည်း တွေ့ဖူးတယ်။ သူက အာဏာရှင်ဆိုတာကို သွေးထဲအသားထဲကနေ ဆန့်ကျင်နေတဲ့သူပဲလေ။ အခုသူကိုယ်တိုင် အာဏာရှင်လို့ ပြောခံလိုက်ရတော့ 'ဘု' သွားတယ်နဲ့တူပါတယ်။ ဒါပေမယ့် ဝေမိုးအပေါ်မှာတော့ ဘယ်လိုမှ သဘောမထားပါဘူး။ နောင်နေ့တွေမှာလည်း ဝေမိုးကို ဖက်လဲတကင်း နွေးနွေးထွေးထွေး ဆက်ဆံနေတာပါပဲ ။ တကယ်တော့ ဝေမိုးအဖေကလည်း စာပေနယ်ကပဲလေ။ ဆရာကြီးနဲ့ရင်းနှီးနေတာ နှစ်ပေါင်းကြာလှပြီ။ ဝေမိုးအကို ဝေဦးကိုလည်း ( ၁ဝ ) တန်းမှာ ဆရာကြီးက စာသင်ပေးခဲ့ဖူးတာ။ ၁၉၉၈ ဝေမိုးထောင်ကလွတ်လို့ ဘုန်းကြီးဝတ်တော့လည်း ကျနော်နဲ့ဆရာကြီး သွားခဲ့ကြပါသေးတယ်။

ရယ်စရာလေးတစ်ခုရှိသေးတယ်။ (၅) ဆောင်မှာ ကိုရင်ဂေါင်းပြားဆိုတဲ့ ကိုရင်လေးရှိတယ်။ သူက ဘုန်းကြီးကံဆောင်သပိတ်မှာပါပြီး ထောင်ကျနေတာ။ အဖမ်းခံရတော့ ( ၁၆ ) နှစ်သားရှိသေးတယ် ဆိုလားပဲ ။ သူက အသက်ကလည်း ငယ်၊ သွက်ကလည်းသွက် ၊ ယဉ်လည်းယဉ်ကျေးလို့ အားလုံးက ဝိုင်းချစ်နေကြတာ ။ အဲဒီတုန်းက ထောင်ထဲမှာ ဆရာကြီးရဲ့ ' ဧည့်သည်ကြီး ' ကဗျာကို သူသူငါငါ ပြောနေကြတဲ့အချိန်လေ ။ ကဗျာလေးက ရွတ်လို့ကလည်းကောင်း ၊ တိုလည်းတိုတိုလေးဆိုတော့ လူတိုင်းပါးစပ်ဖျားမှာ ' ဆေးလိပ်လည်းတို ၊ နေလည်းညိုပြီ ၊ ငါ့ကို ပြန်ပို့ကြပါလေ ' ဆိုပြီး ရွတ်ရွတ်နေကြတာ။ အဲဒါကို.. ကိုရင်ဂေါင်းပြားက '' ပုံစံလည်းပြဲ ၊ ဝဲလည်းစွဲပြီ ၊ ငါလည်း အိမ်ပြန်ချင်လှပြီ ..'' ဆိုပြီး လုပ်ချလိုက်တာ။ လူတိုင်းတသောသောဖြစ်ကုန်ကြတယ်။

' ပုံစံ ' ဆိုတာ ထောင်ဝတ်စုံနဲ့အကျီ င်္၊ ပုဆိုးကိုခေါ်တာ ။ ထောင်မှာက အားလုံး ပုံစံနဲ့ မလွတ်ဘူး။ ပုံစံထိုင် ၊ ပုံစံထ ၊ ပုံစံရပ် ၊ ပုံစံပန်းကန် ၊ ပုံစံခွက် ၊ ပုံစံဆောင် ၊ ပုံစံထမင်း ၊ ပုံစံဟင်း ၊ ပုံစံဆပ်ပြာ ၊ ပုံစံနဲ့သွား ၊ ပုံစံနဲ့ပြော.. ဆိုပြီး ထောင်ထဲရှိရှိသမျှ ပုံစံဆိုတာနဲ့ ပတ်သက်နေတော့တာ။ ' ငါးပိ ' တောင် ထောင်က ပေးတဲ့ ' ငါးပိ ' ကို ' ပုံစံငါးပိ ' လို့ ခေါ်တာလေ ။ ကိုရင်ဂေါင်းပြားက အဲဒီ့ ' ပုံစံ ' ဆိုတာကို အမိအရယူပြီး ဆရာကြီးရဲ့ ' ဧည့်သည်ကြီး ' ကဗျာကို တုဆိုလိုက်တော့ အားလုံး သဘောကျသွားကြတယ်။ ဆရာကြီးကိုယ်တိုင်က ' ကိုရင်တော်တယ် ၊ ကဗျာဥာဏ်ရှိတယ် ' ဆိုပြီး ရယ်ရယ်မောမောနဲ့ ချီးကျူးနေလိုက်သေးတယ်။ အဲဒီ့နောက်ပိုင်းတော့ ' ဆေးလိပ်လည်းတို ' ဆိုတဲ့နေရာမှာ ' ပုံစံလည်းပြဲ ' ဆိုပြီး ပြောနေကြတော့တာပဲ ။ ဆရာကြီးကတော့ ထုံးစံအတိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ ။

ဆရာကြီးက သီချင်းလည်းအတော်ဝါသနာကြီးတာ။ သူ့အသံကတော့ သိကြတဲ့အတိုင်းပဲ ။ စကားပြောတာတောင် မနည်းညှစ်ပြောနေရတာ။ ဒါတောင် အသံက သိပ်မထွက်ချင်သေးဘူး။ ရှရှကြီး။ ဒါပေမယ့် သူက သီချင်းတော့ ဆိုချင်သေးတာ။ ကျနော်တို့ရဲဘော်ကြီး ကိုခင်မောင်ညွန့်က သီချင်းကြီးတွေ အကုန်ရတာဆိုပဲ ။ ဘယ်သီချင်းပြောလိုက်ပြောလိုက် အကုန်သူရပြီးသားပဲ ။ ဒါကို ဆရာကြီးက သိပ်သဘောတွေ့နေတာ။ အားတာနဲ့ ကိုခင်မောင်ညွန့်ကိုသီချင်းဆိုခိုင်းတော့တာပဲ ။ ကိုခင်မောင်ညွန့်ကလည်း သိပ်မဆိုချင်ရှာပါဘူး။ ငိုချင်လျက်လက်တို့သူ ဆိုသလို မဆိုခိုင်းခင်ကတည်းက ဆိုချင်လွန်းလို့ ပါးစပ်တပြင်ပြင်ဖြစ်နေတာ။ ဒါကြောင့် သူ့ကို ' ဖိုးဆိုချင် ခင်မောင်ညွန့် ' လို့ ခေါ်ကြတာ။

သူတို့နှစ်ယောက်ဆုံပြီဆိုတာနဲ့ သီချင်းဘဲ ။ ကိုခင်မောင်ညွန့် သီချင်းတွေရဲ့ စာသားတွေသာရတာ။ အသံကတော့ ( ၅ ) ဆောင်ပရိတ်သတ်စကားနဲ့ ပြောရရင် ' တအီအီ ၊ တအာအာ ' ဆိုတာမျိုး ။ '' ခင်မောင်ညွန့်သီချင်းဆိုရင် ဆရာကြီးက စည်းချက်လေးလိုက်ပြီး သူလည်း လိုက်ဆိုလိုက်သေးတယ်။ ကျနော်က ဆရာကြီးနဲ့ ကိုခင်မောင်ညွန့် အပြင်ရောက်လို့ ' စီးရီး ' ထုတ်ရင် ဝက်ဝက်ကွဲမှာပဲ ။ ' ဝက်ဝက်ကွဲ ' မယ်ဆိုတာ ပရိတ်သတ်ဝက်ဝက်ကွဲမှာ မဟုတ်ဘူး ။ ရှိသမျှ စည်းစိမ်ဝက်ဝက်ကွဲမှာကို ပြောတာလို့ '' လို့ ပြောတော့ ဆရာကြီးက ထုံးစံအတိုင်း ' ခွေးကောင်. . ခွေးမသား ' ဆိုပြီး ကျနော့်ခေါင်းကို ထုပါလေရော။ ပြီးတော့ ရယ်လိုက်တာမှ မျက်လုံးကြီးကို ပိတ်လို့။ ဒီမြင်ကွင်းလေးကို ခုထိ ကျနော့်မျက်စိထဲ စွဲကျန်နေသေးတယ်။

နောက် ဆရာကြီးနဲ့အတွဲမိသူတစ်ယောက်က စာရေးဆရာ မောင်သာမညပါ။ ကိုသာမညက ကျနော်တို့နဲ့ တဝိုင်းတည်းစားတာ။ နောက်ပိုင်းမှ သီးသန့်ပြောင်းခံလိုက်ရတယ်။ ဆရာကြီးနဲ့သူ အများဆုံးပြောဖြစ်တာကတော့ စာအကြောင်းပေအကြောင်းတွေပါဘဲ ။ ဆရာကြီးက ကိုသာမညကို တော်တော်ချီးကျူးတယ်။ စာအရမ်းဖတ်ကြောင်း ၊ နှံ့စပ်ကြောင်း ၊ အတွေးအခေါ်မျှတကြောင်း ခဏခဏ ပြောဖူးတယ်။ အပြင်ရောက်တော့လည်း သူတို့နှစ်ယောက် မကြာခဏတွေ့ဖြစ် ၊ ပြောဖြစ်ကြတယ်လို့ ဆိုတယ်။ ကျနော်နဲ့ကိုသာမညက အပြင်မှာ တစ်ခါမှ မဆုံဖြစ်ကြပါဘူး ။

ဒီလိုနဲ့ ၁၉၉၅ ဖေဖော်ဝါရီလမှာ တပ်မတော်ရွှေရတုအထိမ်းအမှတ်နဲ့ ဆရာကြီးလွတ်သွားတယ်။ သာမန်လွတ်ရက်စေ့ဖို့ (၄) လ လောက်ပဲလိုတော့တယ်ထင်ပါရဲ့။ ဆရာကြီးလွတ်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် သူထောင်ဝင်စာတွေ့ရမယ့်နေ့ ။ သူ့သမီးတွေထောင်ဝင်စာလာတွေ့တာ သူ့ကိုလာကြိုသလို ဖြစ်သွားကြတာပေါ့ ။ ထောင်ဝင်စာပစ္စည်းတွေကို ကျနော်တို့ကို လှမ်းပို့ပေးလိုက်ပါတယ်။ ဆရာကြီးမရှိတော့ ကျနော်တော်တော်ဟာသွားတယ်။ အထူးသဖြင့် ညနေပိုင်းတွေမှာ နေလို့ ထိုင်လို့ကို မရဘူး ။ အဲဒီ့အချိန်က ဆရာကြီးနဲ့ကျနော်လမ်းလျှောက် ၊ စကားတွေပြော ၊စေတီလေးထဲသွားထိုင် ၊ အဲဒီလို နေနေကျလေ ။ ကျနော်သိရသလောက် ရနံ့သစ်မှာ ကဗျာကဏ္ဍအနေနဲ့ ဆရာကြီးလွတ်တော့ သူ့ကဗျာလေးတစ်ပုဒ်ပါလာတယ်။ “တကိုယ်တော်” တဲ့။ ကျနော်တို့အတွက် အမှတ်တရလက်ဆောင်လှမ်းပို့ပေးတယ်။ သင့်ဘဝမဂ္ဂဇင်းထင်ပါရဲ့ ။

'သည်လစကား' မှာ ဆရာကြီးကဗျာတွေထဲက ကောက်နုတ်ချက်လေး ထည့်ပေးလိုက်တာ။ ' ရိက္ခာနဲ့ သိက္ခာအတူယှဉ်လာပြီဆိုရင်. . ရိက္ခာမရွှင်ပေမယ့် သိက္ခာတင်ရတဲ့အခါလည်းရှိရဲ့. . သိက္ခာစင်မှ လိပ်ပြာရွှင်မှာ မဟုတ်လား. . ' တဲ့ ။ ကျနော်တို့အတွက် ပို့လိုက်တဲ့အမှတ်တရ လက်ဆောင်ဆိုတာ ကျနော်တို့ ချက်ချင်းတန်းသိတယ်။ သိတဲ့အတိုင်းပဲ ကျနော်တို့နေနေရတဲ့အခြေအနေက အစားအသောက် အဝတ်အစား ၊ အနေအထိုင်ကစလို့ ချို့တဲ့ခြင်းပေါင်းစုံနဲ့ နေနေရတာလေ။ ဒါပေမယ့် ကျနော်တို့ရဲဘော်တွေ ရုပ်ဝတ္ထုပစ္စည်းဆိုတဲ့ ရိက္ခာတွေချို့တဲ့နေပေမယ့် သိက္ခာစင်နေကြတယ်မဟုတ်လား ။ ဒီတော့ လိပ်ပြာလည်း ရွှင်နေကြတာပေါ့။ ဆရာကြီး ရင်ထဲက စကားလုံးတွေနဲ့ ကျနော်တို့ ဖြစ်နေတာတွေနဲ့က တထပ်တည်းပဲလေ။ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာကြီးဟာ ရိက္ခာနဲ့သိက္ခာမှာ ဘယ်ဟာကို ပိုတန်ဖိုးထားရမယ်ဆိုတာတွေ့ရမယ်။ လိပ်ပြာသန့်ဖို့ ဘယ်လောက်လိုလားတယ်ဆိုတာလည်း ထင်းကနဲတွေ့ရပါလိမ့်မယ်။

ဆရာကြီးလွတ်ပြီး ( ၇ ) လအကြာ ၊ ၁၉၉၅ခု စက်တင်ဘာလ ( ၅ ) ရက်နေ့မှာ ကျနော်ထောင်ပြောင်းခဲ့ရတယ်။ မန္တလေးထောင်ကနေတဆင့် မြင်းခြံထောင်ရောက်တယ်။ မြင်းခြံထောင်မှာ ( ၂ ) နှစ်လောက်နေရပြီး ၁၉၉၇ ၊ အောက်တိုဘာလ ( ၈ ) ရက်နေ့မှာ ကျနော်လွတ်ရက်စေ့လို့လွတ်တယ်။ ရန်ကုန်ရောက်ပြီး ( ၂ ) ရက်လောက်နေပြီးတော့ ဆရာကြီးဆီ သွားတွေ့တယ်။ ကျနော်နဲ့အတူ အမှုတွဲထောင်ကျတဲ့ထွန်းထွန်းက လိုက်ပို့ပေးတာ။ သူက ကျနော့်အရင် ( ၁ ) နှစ်လောက်စောပြီး လွတ်သွားတဲ့သူ ။ အင်းစိန်က ဆရာကြီးအိမ်ရောက်တော့ သံတံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်းလေးကိုဆွဲလိုက်တယ်ဆိုရင်ဘဲ ခပ်ဝဝ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ ဘယ်သူနဲ့တွေ့ချင်လို့လဲလို့မေးတော့ ၊ ကျနော်က ဆရာတင်မိုးနဲ့တွေ့ချင်လို့ပါ လို့ ပြောလိုက်တယ်။ ခေါ်ပေးမယ်လို့ ပြောပြီး သူပြန်လှည့်ထွက်သွားတယ်။ ကျနော့်ကို တံခါးမဖွင့်ပေးဘူး။ ကျနော်နဲ့ထွန်းထွန်းလည်း တံခါးဝမှာ ဒီအတိုင်းရပ်နေရတာပေါ့။

ဒီလိုလှည့်ထွက်ပြီးခြေလှမ်း သုံးလှမ်းလောက်လှမ်းပြီးတော့မှ နောက်ပြန်လှည့်ပြီး ဘယ်သူလို့ပြောလိုက်ရမလဲလို့ မေးပါတယ်။ ကျနော်က ' နေခြူး လို့ပြောလိုက်ပါ ' လို့ ပြောလိုက်တော့ ' ဟယ် . . နေခြူးလား ' လို့ ပြောပြီး တံခါးလည်းပြန်ပြေးဖွင့် ၊ ပါးစပ်ကလည်း ' ဖေဖေရေ . . ဒီမှာ နေခြူးရောက်နေတယ် ' လို့ အိမ်ထဲကိုလည်း အော်ပြောလိုက်သေးတယ်။ တံခါးဖွင့်ပြီး ကျနော့်ကိုအိမ်ထဲခေါ်ထိုင်ခိုင်းထားပြီးတဲ့ အချိန်ထိ ဆရာကြီးရောက်မလာသေးဘူး။ နောက်ထပ် အမျိုးသမီးနှစ်ယောက် ထပ်ရောက်လာတယ်။ 'နေခြူး..လား ၊ ဖေဖေပြောပြလို့မောင်လေးအကြောင်း အမတို့သိထားကြပြီးသား. . နေကောင်းလား. . ဖေဖေအောက်မှာ ၊ ခုပဲတက်ခဲ့မယ်။ လွတ်တာဘယ်နှစ်ရက်ရှိပြီလဲ. .” ဆိုပြီး ဝမ်းပမ်းတသာနဲ့ ပြောနေလိုက်ကြတာ ခရီးဝေးကပြန်ရောက်လာတဲ့ သူတို့မောင်လေးကို ဝိုင်းနှုတ်ဆက် နေကြသလိုမျိုးပါပဲ။

ခဏနေတော့မှ ဆရာကြီးလှေကားကနေ အမောတကောတက်လာပြီး ၊ ကျနော့်လည်းမြင်ရော ' ဟာ . . ခွေးကောင် . .' ဆိုပြီး တအားဖက်နှုတ်ဆက်ပါတော့တယ်။ ဆရာကြီးမျက်ဝန်းထဲမှာ မျက်ရည်စတွေရစ်ဝဲနေတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်မယ်ထင်ပါရဲ့။ ဆရာကြီးအသံတွေတောင် တုန်ခါနေလို့ ။ မေးတာတွေလည်း အများကြီးပဲ ။ ' နေကောင်းရဲ့လား ။ အခုဘယ်မှာနေလဲ ။ မြင်းခြံထောင်မှာ သေလုမျောပါးဖြစ်နေတယ်ကြားလို့ . ဟုတ်လား .. ' နဲ့ စုံနေတာပါပဲ။ သမီးတွေနဲ့မိတ်ဆက်ပေးတော့ အမကြီး မမိုးမိုးစံ ၊ မမိုးမိုးအေး ၊ မမိုးမိုးနှင်းတို့ကို လူနဲ့နာမည်နဲ့တွဲမိသွားတယ်။ မမိုးချိုသင်းနဲ့ကိုဥာဏ်မိုးစန်းတို့က အိမ်မှာမရှိကြဘူး။ သူတို့ (၂)ယောက်နဲ့ နောက်ပိုင်းကျမှလူချင်းတွေ့ဖူးကြတာ။ မမိုးမိုးစံကဆို ကျနော့်ကို မောင်လေးတယောက်လိုပဲ။ ' ဘာလိုလဲ.. လိုတာရှိရင်ပြောနော် ' ဆိုပြီး အကြိမ်ကြိမ်ပြောတာ။ ဆရာကြီးအိမ်ကအပြန်မှာ ထွန်းထွန်းက ' မင်းကို ဆရာကြီးက တော်တော်ချစ်တာပဲ ၊ သူ့သမီးတွေဆိုလည်း မင်းနဲ့လူချင်းခုမှ တွေ့ဖူးတယ်သာဆိုတာ ၊ တကယ့်ဆွေမျိုးရင်းချာ တယောက်လိုမျိုး နုတ်ဆက်ကြတာ ' လို့ သူအံ့သြပြီးတော့ကို ပြောတာပါ။ ကျနော်ကိုယ်တိုင်လည်း အံ့သြသွားမိတာအမှန်ပါပဲ။

ပထမချက်ချင်း တံခါးမဖွင့်ပေးဘူး။ နောက် ကျနော့်နာမည်ကြားတာနဲ့တံခါးဖွင့်ပြီး ပျာပျာသလဲ နှုတ်ဆက်ပုံတွေက လူချင်းမတွေ့ဖူးကြပေမယ့် ကျနော့်အကြောင်းကို သူတို့ရင်ထဲ ရင်းနှီးနေကြပြီးသားဆိုတာ ဖော်ပြနေတာပါဘဲ။ ဒါကိုကြည့်ရင် ဆရာကြီး ကျနော့်အကြောင်း ဘယ်လောက်များ ရွှန်းရွှန်းဝေအောင် ဖောက်သည်ချထားမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိသာပါတယ်။ တကယ်ဆို ကျနော်ကိုယ်တိုင် အဲဒီလောက်ထင်မထားခဲ့မိဖူး ။ ဆရာကြီးနဲ့သာရင်းနှီးတာလေ ။ သူ့မိသားစုနဲ့ကတော့ ပုံမှန်ဝတ်ကျေတန်းကျေလောက် ဆက်ဆံကြမယ် ထင်ခဲ့တာ။ အဲဒီ့တုန်းက မြင်ကွင်းလေး ခုထိ ကျနော့်မျက်လုံးထဲ စွဲထင်နေဆဲပါ။

ဆရာကြီးနဲ့ရော သူ့မိသားစုတွေနဲ့ပါ စကားပြောနှုတ်ဆက်ပြီး ပြန်မယ်လို့ လုပ်တော့ ဆရာကြီးက ခဏဆိုပြီး အိမ်ထဲဝင်သွားတယ်။ ပြန်ထွက်လာတော့လက်ထဲမှာ ပိုက်ဆံတွေကိုင်လာပြီး ' ရော့. . မင်းသုံးဖို့ ယူသွား ' ဆိုပြီး ပေးတယ်။ ကျနော်က မယူဘူး ငြင်းတာ မရဘူး ။ အတင်းအိတ်ထဲထည့် ပေးတော့တာပဲ ။ ' ဆရာကြီး ကျနော်မယူချင်ဘူး ။ ကျနော်ဒီကိုလာတာ ဆရာကြီးကိုတွေ့ချင်လို့ လာနုတ်ဆက်တာ ၊ ပိုက်ဆံမလိုဘူး ' လို့ ပြန်ပြောလိုက်တော့ ဆရာကြီးက ' အထဲက ထွက်လာတဲ့သူတွေ ငါ့ဆီလာကြရင် ငါက သုံးဖို့ဆိုပြီး ပေးနေကျဘဲ ။ ထွက်ခါစမှာ သုံးဖို့ လိုတယ်မဟုတ်လား ။ ဒါကြောင့် ယူပါကွာ ' ဆိုပြီး အတင်းပေးနေပြန်တယ်။ ကျနော်ကလည်း အတင်းငြင်းနေတာ။ မျက်စိမျက်နှာပျက်ပြီး ငြင်းလွန်းမကငြင်းတော့မှ ဆရာကြီး မပေးတော့ပါဘူး ။ မမိုးမိုးစံအနားကပ်ပြီး တိုးတိုးလေးပြောလိုက်တော့ မမိုးမိုးစံအထဲ ပြန်ဝင်သွားတယ်။ ပြန်ထွက်လာတော့ ပုဆိုးနဲ့အကျီ င်္တစ်စုံပါလာတယ်။ '' ဒါတွေ ယူကွာ။ အသစ်တွေပဲ ။ မင်းဝတ်လို့ရတာပေါ့ ''ဆိုပြီး ပေးနေပြန်ရော။ ကျနော်လည်း အတော်လေး စိတ်ကသိကအောက် ဖြစ်သွားတယ်။

မယူချင်ဘူးဆိုပြီး ဇွတ်ငြင်းတော့ ဆရာကြီးက '' ငါမင်းကို အမှတ်တရပေးတာ ၊ ယူပါကွာ ''ဆိုပြီး အတင်းပေးပြန်တယ်။ '' အမှတ်တရလား ။ ဆရာကြီးနဲ့ကျနော့်ကြားမှာ ရုပ်ဝတ္ထုပစ္စည်းအမှတ်တရ လိုသေးလို့လား ၊ ကျနော်တို့ရင်ထဲမှာဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့မရတဲ့အမှတ်တရ ရှိနှင့်ပြီးသားပဲ ။ ဒါတွေ ဆရာကြီးဝတ်ဖို့ ယူထားလိုက်ပါ ''လို့ ပြောလိုက်တော့ ဆရာကြီးလှစ်ခနဲ ပြုံးတာတွေ့လိုက်ရတယ်။ ကျနော်ပြောလိုက်တဲ့စကားကို သဘောကျသွားပုံရပါရဲ့။ ဒါပေမယ့် သူပေးတာ ကျနော်မယူလို့ '' မင်း တော်တော်မာနကြီးတဲ့ကောင်ကွာ '' လို့ ငြီးငြူလိုက်တယ်။ အဲဒီလိုမှတ်ချက်မျိုး အထဲမှာ နေစဉ်ကတည်းက သူကျနော့်ကို မကြာခဏ ပြောခဲ့ဖူးသားပါ။ ကျနော်က အစားအသောက်ကအစ မလိုအပ်ဘဲ သူများဆီကမယူတတ်ဘူးလေ။ အထူးသဖြင့်အလကားရတာကို မလိုချင်တာဘဲ။ နောက်သူနဲ့ကျနော်ကြားမှာ ခဏခဏ ကသိကအောက်ဖြစ်ရတာရှိသေးတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင် ငွေရှင်းတဲ့ကိစ္စ ။ သူလည်းရှင်းမယ် ကျနော်လည်းရှင်းမယ် ဖြစ်ကြတာ။ နောက်ဆုံးတော့ ဆရာကြီးက ဒီလိုစည်းမျဉ်းချလိုက်ပါတော့တယ်။ သူနေတဲ့အင်းစိန်မြို့နယ် ပရိဝုဏ်ထဲမှာဆိုရင် သူရှင်းမယ်။ ကျနော်နေတဲ့မြို့နယ် ဧရိယာထဲဆိုရင် ကျနော်က ရှင်း ။ ဒီလိုတော့မှ အဆင်ပြေသွားတော့တယ်။

ကျနော်ကပစ္စည်းတစ်ခုရဲ့တန်ဘိုးကို လိုအပ်မှုနဲ့တိုင်းတာတယ်။ လူ့သတ်မှတ်ချက်အရ ဘယ်လောက်တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်နေပါစေ ၊ ကျနော်မလိုအပ်ရင် ဒီပစ္စည်းက ကျနော့်အတွက် တန်ဖိုး မရှိဘူး ။ သတ်မှတ်ချက်အရ တန်ဖိုးနည်းနေပေမယ့် ကျနော့်အတွက်လိုအပ်နေရင် အဲဒီ့ပစ္စည်း တန်ဖိုးကြီးတယ်။ နောက်တစ်ခုက အလကားရတာကို ကျနော်မယူတာပဲ။ အလကားရလို့ယူရင် စိတ်က အဲဒီ့အလကားရမှုအပေါ်ကိုသာယာသွားပြီး အလကားလိုချင်စိတ် အချောင်လိုချင်စိတ်တွေ ဖြစ်သွားတတ်တယ် လို့ ယူဆတယ်။ ဘာဘဲဖြစ်ဖြစ် အားထုတ်မှုတခု စိုက်ထုတ်ပြီးမှ ကျနော်လိုချင်တယ်။ အဲဒီ့လိုအားထုတ်မှုနဲ့ရတဲ့အပေါ်တန်ဖိုးထားတယ်။

နောက်တခုက လူ့စိတ်က တစ်ခုခုပေးပြီးရင် တစ်ခုခုပြန်လိုချင်ကြတယ်။ တန်ရာတန်ကြေး ပြန်တောင်းချင်တတ်ကြတာ ထုံးစံလို ဖြစ်နေပြီ။ ဆရာကြီးကျနော့်အပေါ် အဲဒီလိုမျိုးမရှိဘူးဆိုတာ ကျနော်အတိအကျယုံကြည်တယ် ။ ကျနော့်စိတ်မှာ ကိုယ်က ကိုယ်ယုံကြည်ချက်နဲ့ ကိုယ် အခုအခံ ဖြစ်နေတာလေ။ ကျနော့်အနေနဲ့တစ်ခုခု ယူပြီးရင် တစ်ခုခုပြန်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူထားတယ်။ ဒီခံယူချက်ကြောင့်ပဲ ဘာဘဲဖြစ်ဖြစ် မလိုရင် မယူဘူး ။ အလကားရလို့ ယူတာမျိုး ဘယ်တော့မှ မလုပ်ဘူး ။ ငွေကြေးဥစ္စာသာမကပဲ ကျနော်ပညာရေးမှာလည်း ဒါမျိုးကျင့်သုံးခဲ့တာပါ။ ဒါပေမယ့် အများအမြင်မှာတော့ ကျနော်ဟာ မာနကြီးတယ် ၊ ခေါင်းမာတယ်ဆိုပြီး အမြဲလိုလို အမြင်ခံရတယ်။ ဒီအမြင်ကို ကျနော်ရှင်းဖို့ မကြိုးစားဘူး။ လူပဲလေ ။ အမြင်ခံရတတ်တာချည့်ဘဲ ။ အဲဒါလူ့လောကရဲ့ထုံးတမ်းအစဉ်အလာတစ်ခုခုလိုတောင် ဖြစ်နေပြီလေ။

ကျနော်လွတ်ခါစအချိန်တွေမှာ ဆရာကြီးနဲ့သုံးလေးကြိမ်လောက်ပဲ လူချင်းတွေ့ဖြစ်ကြတယ်။ ဖုန်းနဲ့တော့ နေ့တိုင်းပြောဖြစ်ပါတယ်။ ထောင်ကထွက်တော့ ကျနော့်အသက်က ( ၂၆ ) နှစ် ၊ ပညာအရည်အချင်းက ( ၉ ) တန်း ၊ စီးပွားရေးက ဘာမှမရှိ ၊ လက်မှုပညာကလည်း သေနတ်ပစ်တာကလွဲရင် ဘာတစ်ခုမှ မလုပ်တတ်မကိုင်တတ် ။ ရွယ်တူတန်းတူတွေအားလုံးလိုလိုက ဘွဲ့တွေရလို့ တစ်ခုခုမှာ ခြေကုတ်ရနေကြပြီ။ လူတော်တော်များများက ( ၈၈ ) လိုမျိုး လူထုတိုက်ပွဲကြီး ဖြစ်ခဲ့ဖူးပါလားဆိုတာတောင် မေ့သလောက်ရှိနေကြတယ်။ စိတ်ထဲမှာ အားမလိုအားမရမှုတွေ ၊ မခံချင်မှုတွေနဲ့ မုန်တိုင်းထန်နေတော့တယ်။ လူတွေကိုကြည့်ပြီး အဓိပ္ပါယ်မဲ့သလိုမျိုးခံစားလာရတယ်။ ဒီတော့လူတွေနဲ့ဝေးသထက်ဝေးပြီး တစ်ကိုယ်တည်းအထီးကျန်လာတယ်။ ထောင်ထဲကျန်ခဲ့တဲ့ရဲဘော်တွေအတွက် ဘာမှမကူညီမထောက်ပံ့နိုင်လို့ အကြီးအကျယ်ကြေကွဲ ဝမ်းနည်းရတယ်။

ကိုယ့်စိတ်ကို ဘုန်းဘုန်းလဲပြိုကျမသွားအောင် အနိုင်နိုင်စုစည်းမတည်ဖို့ ကြိုးစားနေချိန်မှာ ကျနော့်ကိုငယ်ငယ်က စာသင်ပေးခဲ့တဲ့ဆရာမ (၂ ) ယောက်က ကျနော့်စိတ်အခြေအနေကို နားလည်တယ်။ ကျနော့်ကို အားပေးတယ်။ စာမေးပွဲပြန်ဖြေဖို့ တိုက်တွန်းတယ်။ လိုအပ်တာမှန်သမျှ သူတို့တာဝန်ယူဖို့ ပြောတယ်။ တကယ်ဆို ဒီဆရာမနှစ်ယောက်ဟာ ကျနော့်အမေလိုပါဘဲ ။ ငယ်ငယ်ကတည်းက ကျနော့်ကို စောင့်ရှောက်ခဲ့တာပါ။ သားတစ်ယောက်နဲ့မခြားပါဘဲ။ သူတို့တစ်မိသားစုလုံး ဆရာ ဆရာမတွေချည်းဆိုတော့ သူတို့အိမ်ကလည်း ဘော်ဒါဆောင်လို ဖြစ်နေတယ်။ အမြဲတမ်းကျောင်းသားတွေနဲ့ တရုံးရုံး ၊ ဒီလိုအခြေအနေမှာ ကျနော်သာ စာမေးပွဲပြန်ဖြေမယ်ဆိုရင် ကျနော့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီး အစစအရာရာတာဝန်ယူမယ်။ ကျနော့်ဘက်က ဆုံးဖြတ်ဖို့ပဲလိုတော့တယ်။

ပထမတော့ ကျနော်ပညာရေးကို ကျောခိုင်းလိုက်ဖို့ပါဘဲ။ အသက်က ( ၂၆ ) နှစ် ၊ အတန်းက ( ၉ ) တန်း ၊ အစပ်အဟပ်က အရမ်းကွာလွန်းတယ်။ ဆရာမတွေကတော့ စာမေးပွဲပြန်ဖြေဖို့ပဲ တပူပူတစာစာလုပ်နေကြတယ်။ သူတို့ကစာသင်ကြားမှုအပြင် ကုန်ကျစရိတ်အကုန်လုံး တာဝန်ယူဖို့အဆင်သင့်။ ကျနော်ငယ်ငယ်က စာကြိုးစားတာ သူတို့သိနေတယ်လေ။ (၈၈ ) ကြောင့် ပညာရေးတပိုင်းတစဖြစ်သွားရတာကို စိတ်မကောင်းဖြစ်နေကြတာ။ နောက်ဆုံးတော့ ဆရာမတွေရဲ့မေတ္တာစေတနာကို လိုက်လျောဖို့ကတစ်ကြောင်း၊ အခြေအနေတွေရဲ့ ပြဌာန်းချက်ကြောင့်တကြောင်း ကျနော်ပြန်ဖြေဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ပြီးမှ ဆရာကြီးဆီဖုန်းဆက်ပြီး ကျနော်ဖြစ်နေတဲ့အခြေအနေတွေနဲ့ ဆုံးဖြတ်ချက်ကိုပါ ပြောပြလိုက်ပါတယ်။

သူဝမ်းသာသွားပါတယ်။ ဖုန်းထဲကနေ ''မင်းအခုအိမ်မှာ ရှိလား၊ ခုဘဲ ငါလာခဲ့မယ်၊ စောင့်နေ ''ဆိုပြီး ဖုန်းချပြီးတာနဲ့ ကျနော့်ဆီ တန်းလာခဲ့တယ်။ လူချင်းတွေ့တော့ ဆုံးဖြတ်ချက်မှန်ကြောင်း သူလည်းလိုအပ်တာမှန်သမျှ အကုန်ပံ့ပိုးပေးမယ်ဆိုတဲ့အကြောင်း ၊ ကျနော့်ဖက်ကသာ မာနမထားဘဲ လက်ခံဖို့လိုတဲ့အကြောင်းတွေ ပြောပြီး ၊ ''အထဲမှာထဲက မင်းက ကတိမပေးခဲ့ဘူး။ အခုမင်းပြန်ဖြေမယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် မင်းဖြစ်ထွန်းအောင်မြင်မယ်ဆိုတာ ငါယုံတယ်။ မင်းကဆုံးဖြတ်ချက်ချပြီးရင် မရရအောင် အကောင်အထည်ဖော်တတ်တယ်။ ဒါကို ငါအပြည့်အဝ ယုံနေတယ်.. '' တဲ့ .။

ထောင်ကလွတ်တာက ၉၇ အောက်တိုဘာ ၊ စာမေးပွဲက ၉၈ ဖေဖော်ဝါရီဆိုတော့ အချိန်က (၄) လလောက်ရှိတာ။ ဒါတောင်မှလွတ်ခါစက ဟိုဟိုဒီဒီနဲ့ အချိန် (၁) လ ကျော်ကျော်ကုန်သွားပြီးမှ စာမေးပွဲပြန်ဖြေဖို့ ဆုံးဖြတ်တာဆိုတော့ ပြင်ဆင်ချိန် (၃) လတောင်မရှိတော့ဘူး ။ ( ၈၈ ) မဖြစ်ခင် ကျနော်တက်ခဲ့တဲ့ ကျောင်းမှာဘဲ ပြန်ဖြေဖို့လုပ်တာဆိုတော့ ဆရာမတော်တော်များများက ကျနော့်နောက်ခံအကြောင်းသိနေကြတယ်။ ဒါကြောင့် သူတို့အားလုံး အကူအညီဝိုင်းပေးကြတယ်။ ကျက်ရ ဖတ်ရမယ့် သင်ခန်းစာတွေကို ဘာသာရပ်အလိုက်မှတ်စုထုတ်ပြီး ကော်ပီကူးပေးကြတယ်။ အပြင်ဖြေကျောင်းသားတွေအတွက် ဖွင့်ထားတဲ့သင်တန်းတွေကိုလည်း လာတက်ဖို့ ခေါ်ကြသေးတယ်။

ကျနော်ကလည်း ကိုယ့်ယုံကြည်ချက်အတိုင်း စာလုံးဝခိုးမချဘူး။ ကျနော်မသိတဲ့စာတစ်လုံးကို အဖြေလွှာထဲပါမသွားစေရဘူး ။ အားကုန်ကျက်မယ်၊ ကြိုးစားမယ်၊ ရသလောက်ဖြေမယ်၊ အဲ့လို အားထုတ်မှုတွေနဲ့ရတဲ့အောင်မြင်မှုမျိုးကိုဘဲ ကျနော်ယူမယ်။ ခိုးချပြီး အောင်တဲ့စာမေးပွဲမျိုးကို ကျနော်လုံးဝ တန်ဖိုးမထားဘူး ။ ဒီလိုကျနော့်ခံယူချက်တွေကို ဆရာမတွေကိုကြိုပြောထားတယ်။ ပြီးတာနဲ့ အချိန်ဇယားဆွဲပြီး စာထဲနှစ်ထားလိုက်တယ်။

တောထဲနဲ့ထောင်ထဲ စုစုပေါင်း ( ၁ဝ ) နှစ်လောက် စာနဲ့ အဆက်အသွယ်ပြတ်သွားတော့ ထင်သလောက်မလွယ်ဘူး။ စိတ်မှာလည်း အခြားအခုအခံတွေနဲ့ဆိုတော့ မနည်းအားထုတ်နေရတယ်။ ဆရာကြီးလည်း ကျနော့်ဆီလူ ကိုယ်တိုင်လာတဲ့အခါလာ ဖုန်းနဲ့တော့အမြဲပြောဖြစ်တယ်။ စာမေးပွဲဖြေခါနီးဆဲဆဲမှာ အဒေါ်အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ရတယ်။ စာမေးပွဲတစ်ဖက် ဆေးရုံတစ်ဖက်နဲ့ ဗျာများသွားပါသေးတယ်။ စာမေးပွဲဖြေပြီးမကြာဘူး။ အဒေါ်လည်း ဆုံးသွားတယ်။ ကျနော်စာမေးပွဲတော့ အောင်သွားပါတယ်။

ဆက်ပါအုံးမည်..


15 comments:

ရွှေဂျမ်း said...

အမဖေဖေနဲ့ စာရေးသူကြားက သံယောဇဉ်တွေကို ကောင်းကောင်း ခံစားကြည့်လို့ရပါတယ် အမ။ ဘယ်နှပိုင်း ကျန်သေးလဲတော့ မသိဘူး။ ဖတ်လို့ကောင်းလို့ ဆက်ရန်တွေကို မျှော်နေပါ့မယ်။

ဇနိ said...

စာမေးပွဲ အောင်သွားလို့ ရင်အေးသွားသေးတယ်...
ဆရာကြီးအိမ် စသွားတဲ့နေ့က အမတွေရဲ့ နွေးထွေးမှုကတော့ ရင်ထဲမှာ နွေးခနဲတောင် ဖြစ်သွားရပါတယ်...

ကလိုစေးထူး said...

မြန်မာပြည်ပြင်ပကို ကျနော် ထွက်လာခဲ့တော့ မြန်မာပြည်ထဲမှာတုန်းက မဖတ်ခဲ့ရဖူးတဲ့ စာအုပ်တွေကို ဖတ်ရတဲ့အခါမှာ ရင်ထဲကို စူးစူးနစ်စ်ကြီး ထိမှန်းဖူးတဲ့ ပထမဆုံးသော စာအုပ်က ကိုဝင်းနိုင်ဦး ရေးတဲ့ `လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း´ ပါ။ အခု...။ အဲဒီ စာအုပ်ကို ဖတ်ရတုန်းကထက် မလျော့တဲ့ ခံစားချက်မျိုးနဲ့ ဆရာနေခြူးရဲ့ မှတ်တမ်းကို တပိုဒ်ခြင်း၊ တကြောင်းခြင်း ဖတ်မိပါတယ်။ ဒီမှတ်တမ်းတွေဟာ `အရေးအသားကောင်းတယ်´ တို့၊ `ခံစားရတယ်´ တို့ ဆိုတဲ့ စကားလုံးလောက်နဲ့ ဖော်ပြချီးကျူးဖို့တောင် မ၀ံ့လောက်တဲ့ မှတ်တမ်းတွေပါပဲ။

အခု အပိုင်း-၃ မှာ ကျနော့်စိတ်ထဲ တော်တော် ၀မ်းသာမိတဲ့ အချက်တချက်ပါဝင်ပါတယ်။ အဲဒါကတော့ စာပေလွတ်လပ်ခွင့် ဆိုတဲ့ အကြောင်းမှာ ဆရာကြီးရဲ့ သဘောထားဟာ ဆရာနေခြူးနဲ့ တထပ်တည်း ကျနေသလို ကျနော်နဲ့လဲ တထပ်တည်း ကျနေတယ်။ အခုလတ်တလော ကာလအတွင်းမှာကို အဲဒီလို ခံယူမိလို့ ရေးမိတဲ့ ဆောင်းပါးတပုဒ်ကြောင့် တန်ပြန်မှုတွေ အများကြီးပြန်ရတယ်။ ညီအကိုခြင်း ပါးပြန်ချခံရသလို ခံစားနေရတဲ့ အချိန်မှာ အဲဒီအပိုဒ်က ဆရာကြီးရဲ့အယူအဆ၊ ဆရာနေခြူးရဲ့ အမြင်ဟာ ကျနော့်စိတ်ကို အားပြန်တက်စေတယ်။

အမချိုသင်းရေ...၊ ဒီမှတ်တမ်းကို တင်ပေးနေတဲ့ အတွက် အတိုင်းမသိအောင် ကျေးဇူးတင်ပါတယ်။

JuneOne said...

ဖတ်လို့ကောင်းလိုက်တာ။အပိုင်းလေး ရှိသေးလားဟင်မမ။မျှော်နေပါ့မယ်။

မမသီရိ said...

အတော် စာရေး ကောင်း သူလေး ပါလား..

ဆရာ့ ဘ၀..အစိတ်အပိုင်းတစ်ခု..ခံယူ ချက်.
. ရင်တွင်း..သဘောထားတွေ..ပြီးတော့...ထောင်လူနေမှု ဘသ တစ်စွန်း တစ်စ..
ဆရာကြီးရဲ့.မိသားစု နဲ့..ဘ၀ အစိတ်အပိုင်း တစ်ခု..
ထောင့်ပေါင်းစုံ.က နေေ၇းပြထား တာလေးတွေ .က..စာရေးသူ ရဲ့..ဘ၀ ကိုလဲ..ကြည့် ခွင့် ရ လိုက် သေး တယ်....

တစ်ပိုင်းထက် ..တစ်ပိုင်း..ပိုပြီး စိတ်ဝင်စား စရာကောင်းလာ တယ်...

ဒီ စာရေးတဲ့..စာရေးသူ ဟာ..ပင်ကိုယ် ခိုင်မာ တဲ့ ခံ ယူချက် ရှိနေတဲ့ အပြင်..ဟာသ ဥာဏ်လေး လဲ..ရှိ နေတယ်..

ပြန်လည် ဖေါ်ပြပေးတဲ့ အတွက်..
အရမ်းကျေးဇူး တင်တယ်..

ဆရာကြီး...အထ္တုပ္ပတိ အတွက်..အသုံးဝင်တဲ့ အစိတ်အပိုင်း ဖြစ်မှာ တော့..အမှန် ပါပဲ..

pandora said...

စာရေးသူ ကိုနေခြူး ပို့စ်တင်ပေးတဲ့ အစ်မ တို့ကို ကျေးဇူးတင်ရင်း မှတ်သားစရာတွေကို လေးလေးစားစား လာမှတ်သားသွားပါတယ်။
နောက်အပိုင်းတွေကို ဆက်စောင့်နေပါမယ်။

ဗမာပြည်လွတ်မြောက်စေချင်တယ်။ said...

ဆရာကွယ်လွန်သွားတဲ့(၂) နှစ်ပြည့်၊ ဇန်နဝါရီ (၂၂) မှာပဲ
ကျောင်းသားတပ်မတော်ကရဲဘော်တယောက်ဖြစ်တဲ့
ကိုအောင်ဝင်းကွယ်လွန်သွားခဲ့တယ်။
မိသားစုဝင်တယောက်မှမရှိလို့မီးရှို့သင်္ဂြိုလ်ခွင့်မရခဲ့ဘူး။
နှင်းတွေကျနေတဲ့နယူးယောက်အထက်ပိုင်းဒေသက
ဆေးရုံတခုမှာအသဲရောဂါနဲ့ဆုံးသွားတယ်။
သေနတ်ဖေါက်သံတချက်မကြားရ။
ကျနော့်ကတော့နှင်းတွေပြိုကျနေတဲ့ရက်တွေမှာအတ
ူအချိန်ဖြုန်းခဲ့ကြတဲ့ရက်တွေကိုစဉ်းစားကြည့်နေမိတယ်။
စတွေ့ခဲ့တဲ့ရက်တွေထဲ..အားလုံးမှာဒဏ်ရာတွေနဲ့။
ဘာစာမှမရေးဖြစ်ခဲ့။
ခုတော့..တိတ်တိတ်လေးနှုတ်ဆက်ကြယုံသာ....
ဖြစ်နိုင်မယ်ဆိုရင်တော့..ချစ်ခဲ့ရသူတွေ..ကမ္ဘာတခုတည်းမှာနေပါရစေ။
မုန်းတီးရွံ့ရှာနေခဲ့ရသူတွေလည်းတခြားကမ္ဘာမှာသွားနေ
ကြပါစေ။
ကိုနေခြူးရဲ့စာကိုဖတ်ရတာခံစားရပါတယ်။
ခင်မင်လေးစားတဲ့မိတ်ဆွေတွေအကြောင်းရေးတယ်ဆိုတာအသဲနှလုံးကိုထပ်ပြီးရေးရတယ်ဆိုတာကျနော်သိနေ
တယ်။

အောင်မိုးဝင်း

သက်ဝေ said...

သေသေချာချာဖတ်သွားပါတယ်
နောက်လာမယ့် ဆက်ရန်တွေကိုလဲ မျှော်နေပါတယ်

မောင်မျိုး said...

စိတ်ဝင်းစားစရာတွေ များများလာပြီး ဖတ်လို့ဇတ် ရှိန်တက်လာတယ် အစ်မရေ့ ။ ခြံတစ်ခါးလာဖွင့်ပေးတဲ့ မြင်ကွင်းလေးနဲ့ ဆရာကြီးနဲ့တွေ့တော့ဝမ်းသာသွားကြမယ့် သူတို့ ၂ ဦးရဲ့ သံယောဇဉ်လေးတွေကိုတွေးမိတော့ ၀မ်းနည်း ၀မ်းသာနဲ့ မေတ္တာတရားက ခိုင်မြဲလိုက်တာ လေးစားတယ် ဆရာကြီးနဲ့ ကိုနေခြူး ကို။

M.Y. said...

Moe Cho
၁ က နေ ၃ အထိ တစ်ဆက်ထဲဖတ်သွားတယ်။
မသိရသေးတဲ့ဆရာကြီးအကြောင်း နံရံ နောက်ကသမိုင်းဝင်အဖြစ်တွေ တွေ့ ရလို့ ဒီပို့ စ်က တန်ဖိုးဖြတ်မရလောက်အောင်ပါပဲ
ဆရာကြီးကိုပိုကြည်ညိုမိသလို ကိုနေခြူးရဲ့ စိတ်ဓာတ်ကိုလဲလေးစားမိတယ်။ စောင့်ဖတ်နေပါတယ်

MANORHARY said...

ချိုသင်းရေ
ဆက်စောင့်နေတယ်နော်

P.Ti said...

ဖတ်ပြီး စာရေးသူနဲ့ထပ်တူ ခံစားရပါတယ်။ ကိုနေခြူးက စာရေးလည်းကောင်းတဲ့သူတစ်ယောက်ပါပဲ...

နောက်လာမယ့် အပိုင်းတွေကို စောင့်နေပါတယ် အမရယ်...

လင်း said...

မမိုးချိုကိုရော နေခြူးကိုရော ကျေးဇူးတင်ပါတယ်။
ဆရာကြီးရဲ့  အကျဉ်းအကျပ်တွေ ကြားထဲက နေ့ တွေကို သေချာသိရလို့ ။ ဘယ်မှာမှ မှတ်တမ်းမရှိခဲ့တဲ့ ဆရာကြီးရဲ့ ဘ၀တစိတ်တဒေသကို သိခွင့်ရတာ ၊အရမ်းတန်ဖိုးရှိတဲ့ စာတွေပါ

Wai said...

ကျေးဇူးပါပဲ။ ဆရာကြီး အကြောင်း ကျနော့် အစ်ကို တယောက် ရေးထားတာ မမိုးချိုသင်း ဘလော့ဂ် မှာ တွေ့ ရလို့။ သိပ်မဝေးတော့မဲ့ အချိန်တခုမှာ ကျနော်တို့ အားလုံး ရန်ကုန်မှာ ပြန်ဆုံနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဝေမိုး

မီယာ said...

အမချိုသင်းရေ ထောင်ထဲက အကြောင်းတွေကို ဖတ်ရတာ စိတ်သိပ်မခိုင်လို့...အမတို့ အဖေလို သူတော်ကောင်းကြီးနဲ့ တွေ့ရတဲ့ လူတွေကတော့ ကံထူးတာပဲနော်။ အမတို့ရဲ့ မေတ္တာနဲ့ စေတနာကလည်း စာရေးသူအပေါ် အတော် စူးရှတယ်လို့ ခံစားရပါတယ်။