ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး - ၎

၁၉၉၈ သင်္ကြန်အပြီးလောက်မှာ ဆရာကြီးရဲ့ရပ်ဆွေရပ်မျိုးတစ်ယောက်ရဲ့သမီး မင်္ဂလာဆောင်ရှိလို့ သူမြင်းခြံသွားရမယ့်အကြောင်းပေါ်လာတယ်။ ဆရာကြီးညီမ အန်တီစန်းလည်း ရန်ကုန်ရောက်နေပြီး သူနဲ့အတူ မြင်းခြံပြန်မယ်။ ကျနော့်ကိုသူနဲ့လိုက်ဖို့ ဆရာကြီးက အတင်းခေါ်တယ်။ ဆရာကြီးရဲ့သမီးတွေကလည်း သူတို့အဖေနဲ့အဒေါ် လူငယ်အဖော်မပါဘဲ ခရီးသွားရမှာပူနေတာနဲ့ ကျနော်လိုက်သွားနိုင်ရင် သိပ်ကောင်းမယ်လို့ ပြောကြတယ်။ ကျနော်ကလည်း မြင်းခြံထောင်က ထွက်လာတော့ အထဲကရဲဘော်တွေကို စားစရာပေးချင်တာနဲ့အကြောင်းဆုံပြီး လိုက်သွားဖြစ်ရော ဆိုပါတော့။ ကျနော်တို့ကို ဆရာကြီးသမီးတွေက အဝေးပြေးဂိတ်အထိ လိုက်ပို့ကြတယ်။ မမိုးအေးရဲ့သမီးလေးက သူ့အဖိုးနဲ့လိုက်မယ်ချည်းတကဲကဲ ။ ဒီကလေးလေးက ဆရာကြီးနဲ့ အတော့်ကိုချွတ်စွတ်တူတာ။ ရဲလိုက်တာမှ လွန်ရော။ ဘာကိုမှမကြောက်တတ်ဘူး။ ကျနော့်ကိုလည်း မြင်ရဖန်များလာတော့ မှတ်မိနေပြီ။ ဦး.. ဦးဆိုပြီး လက်ကမ်းပေးတတ်တယ်။ ကျနော်ကလည်း သူ့အတွက် ကစားစရာလေးတွေ ယူသွားပေးတတ်တာကိုး။

အဲဒီ့မြင်းခြံခရီးကတော့ ဆရာကြီးနဲ့ကျနော်နဲ့တကယ့်အမှတ်တရလေးပဲ။ ဆရာကြီးနဲ့ကျနော် ပထမဦးဆုံးနဲ့ နောက်ဆုံးခရီးရှည်ထွက်ခြင်းပါဘဲ ။ ဆရာကြီးအတွက်ကတော့ သူ့ဇာတိမြေကို ပြန်ခဲ့တဲ့ နောက်ဆုံးခရီးရှည်ထွက်ခြင်းပါဘဲ ။ ဆရာကြီးအတွက်တော့ သူ့ဇာတိမြေကို ပြန်ခဲ့တဲ့နောက်ဆုံးခရီး ဖြစ်မယ်ဆိုတာ အဲဒီ့တုန်းကမသိခဲ့ကြဘူးလေ။ ကားစစထွက်ချင်း စကားတွေပြောလိုက်တာ တောက်လျှောက်ဘဲ ။ တစ်မှေးလောက်ဘဲ မှေးခဲ့ရတယ်။ ဆရာကြီးကတော့ စကားတွေလည်းပြော ၊ ကားတစ်ခါရပ်ရင် ဒေသစာတစ်ခုမဟုတ် တစ်ခုဝယ်စားတယ်။ တစ်လမ်းလုံးပဲ။

သူ့ဇာတိမြေပြန်ရမှာဆိုတော့ သူ့ပုံစံက တက်ကြွလန်းဆန်း မြူးတူးနေတယ်။ တကယ့်ပီဘိ ကလေးလေးတစ်ယောက်လိုဘဲ ။ သူ့ဇာတိမြေအကြောင်း ၊ သူ့ငယ်ဘဝ နေပုံထိုင်ပုံအကြောင်းတွေ ၊ ငယ်သူငယ်ချင်းတွေအကြောင်းအစုံပဲ ဖောင်နေအောင် ပြောပြတာ။ အခုကျနော်တို့စီးနေတဲ့ကားက သူ့အဆက်ဟောင်းပိုင်တဲ့ကားလိုင်း လို့ ရှက်အမ်းအမ်းနဲ့ ပြောပြသေးတယ်။ ကားပေါ်မှာ '' ရွှေသုန္ဒရီ '' သီချင်းဖွင့်တော့ သူ့ရွာသား 'ပန်းရည်ဘဏ်တိုက်' သီချင်းရေးဖွဲ့သူ အကြောင်း ပြန်ပြောပြပါတယ်။ အဲဒီ့ပုဂ္ဂိုလ်ရဲ့အနုပညာဗီဇနဲ့ သူ့အစ်မကြီးအကြောင်း သူဆုံးတော့ သူ့အစ်မကြီးက ကျန်ခဲ့တဲ့ အနုပညာအစအနအားလုံးကို မီးရှို့လိုက်လို့ နှမြောတသ ဖြစ်ရတဲ့အကြောင်း ဆွေးဆွေးမြေ့မြေ့ပြောပြပါတယ်။ ကျနော်သိသမျှ ဆရာကြီး ရွှင်လန်းအတက်ကြွဆုံးအချိန်ဟာ အဲဒီ့ခရီးစဉ်ဘဲဖြစ်မယ်ထင်ပါတယ်။

နောက်တစ်နေ့မနက်စောစောမြင်းခြံရောက်တော့ မင်္ဂလာပွဲကျင်းပတဲ့အိမ်မှာဘဲ ကျနော်တို့ တည်းရတယ်။ တောဓလေ့မင်္ဂလာပွဲဆိုတော့ ရွာနီးဝန်းကျင်က ဆွေမျိုးသားချင်းတွေ မင်္ဂလာပွဲမစခင် တစ်ပတ်လောက်ထဲက ကြိုရောက်နေကြတာ တစ်အိမ်လုံး ဧည့်သည်တွေချည်း တရုံးရုံးနဲ့ ။ ဆရာကြီးကို ဝိုင်းနှုတ်ဆက်ကြတဲ့အထဲမှာ သူ့သူငယ်ချင်းအဖိုးကြီးတစ်ချို့လည်းပါတယ်။ ' ဟေ့ . . ဘဂျမ်း.. ဟေ့ဘယ်သူ.. မင်း.. ငါ ' နဲ့ ပြောနေလိုက်ကြတာ။ ရယ်လိုက်မောလိုက်နဲ့ တစ်ကယ့်လူပျိုပေါက်စနလေးတွေအတိုင်းပါဘဲ ။ ဘေးကကျနော်တို့ကိုတောင် အမှတ်မရကြတော့ဘူးနဲ့ တူပါတယ်။

မင်္ဂလာပွဲက နောက် ( ၁ ) ရက်ကျော်မှ ကျင်းပတယ်။ အဲဒီ့အိမ်နဲ့မနီးမဝေး ဧည့်ခန်းမမှာပါ။ မြင်းခြံမြို့ရဲ့အကောင်းဆုံးခန်းမလို့ ဆိုတာပါဘဲ။ ဆရာကြီးနဲ့ကျနော့်ကိုရှေ့ဆုံးက လူကြီးတွေ အတွက် သီးသန့်ထားတဲ့ခုံတွေမှာ နေရာချပေးတယ်။ အဖိုးကြီးတွေကြားနေရတာဆိုတော့ ကျနော့်မှာ မလွတ်မလပ်နဲ့ မအီမသာကြီးကိုဖြစ်လို့ ။ မင်္ဂလာပွဲအစီအစဉ်စတော့ ဆရာကြီးက သူ့ရဲ့အချစ် ကဗျာတစ်ပုဒ်စင်မြင့်တက်ပြီး ကိုယ်တိုင်ရွတ်တယ်။ '' အချစ်ဆိုတဲ့'ချောက်'.. လက်တွဲကာအတူလျှောက်တော့..'' ဆိုတဲ့ ကဗျာလေးပါ။ မင်္ဂလာပွဲပြီးတော့ ကျနော်တို့ နောက်ထပ်
( ၃ ) ရက်လောက် နေကြသေးတယ်။ မြင်းခြံထောင်ထဲရဲဘော်တွေအတွက် အစားအသောက်တွေ သွားပို့ဖြစ်တယ်။ ဆရာကြီးနဲ့ သူ့မိတ်ဆွေတွေက ဝိုင်းပေးကြဆိုတော့ ပစ္စည်းတွေအများကြီးဘဲ ။ မြင်းခြံသပိတ်ကိစ္စနဲ့ထောင်ကျနေတဲ့ရဲဘော်ကြီးကိုသန်းဌေးအိမ်လည်း ရောက်ခဲ့သေးတယ်။ သူ့ကိုထောင်ဝင်စာသွားတွေ့သေးပေမယ့် ဝန်ထမ်းတွေ ကျနော့်ကိုမှတ်မိသွားလို့ မတွေ့ရဘဲ ပြန်ခဲ့ရတယ်။

စွန်းလွန်းဆရာတော်ကြီး ရုပ်ကလာပ်ကိုသွားဖူးဖို့ ဆရာကြီးကခေါ်သွားတယ်။ ဟိုရောက်တော့ ဆရာကြီးနဲ့သူ့မိတ်ဆွေက ရုပ်ကလာပ်ကိုဝပ်ချကန်တော့နေတော့ ကျနော်တစ်ယောက်တည်း မိုးတိုးမတ်တပ်ကြီး ဖြစ်နေတာ။ ဆရာကြီးက ကျနော့်လက်ဆွဲပြီး အတင်းဝပ်ချကန်တော့ဖို့ မျက်ရိပ်မျက်ကဲပြ ၊ ပါးစပ်ကလည်း လေသံလေးနဲ့ '' ကန်တော့.. ဦးချ '' လို့ ပြောသေးတာ။ ကျနော်ကပေရပ်နေတော့ သူ ကျနော့်နားနားကပ်ပြီး ဒီဆရာတော်ကြီးကို ဖူးရခဲတယ်၊ ဖူးထား ..တဲ့။

တစ်ညနေတော့ ဆရာကြီးက မြို့ပြင်ထန်းတောသွားဖို့ ကျနော့်ကိုခေါ်သွားတယ်။ သူ့မိတ်ဆွေလူကြီး ( ၂ ) ယောက်နဲ့ လူလတ်ပိုင်းကျောင်းဆရာဟောင်း တယောက်လည်း ပါတယ်။ ဆရာကြီးက '' ငါ.. သောက်ကျင့် မရှိတော့ မူးရင်နည်းနည်းပါးပါး ငါ့ထိန်းဦး ။ ငါ့အနားမှာနေ။ လိုရင်မင်းကိုတွဲလျှောက်လို့ရတာပေါ့ '' လို့ ကျနော့်ကိုကြိုပြောထားပါတယ်။ ထန်းတောရောက်တော့ တဲလေးတစ်လုံး ရှေ့အပင်အောက်မှာ သစ်သားကွပ်ပျစ်လေးတစ်ခု ၊ ဘာခွက် ဘာပုလင်းမှ မရှိဘူး ။ တခြားလည်း ဘယ်သူမှမရှိဘူး။ ခဏနေတော့ ထန်းရည်အပြည့်ဖြည့်ထားတဲ့ မြေအိုးလေးတစ်လုံး လာချပေးတယ်။ လက်ကိုင်တပ်ထားတဲ့ အုန်းမှုတ်တစ်လုံးပါ လာချပေးတယ်။ ကျနော်အတော်အံ့သြနေတာ။ လူက ( ၅ ) ယောက် ၊ အိုးတစ်လုံး ၊ ခွက်တစ်ခွက်တည်း ၊ ဘယ်လိုသောက်ကြမလဲပေါ့။ အမြည်းဆိုလို့ ပဲလှော်နဲ့မြေပဲလှော် ( ၂ ) မျိုးတည်း ။ ကျောင်းဆရာယူလာတဲ့ အမဲကြော်လေးပါလာလို့ တော်သေးတယ်။

အဲဒီ့တုန်းက ဆရာကြီးက သူ့သွားတွေ ပြန်စိုက်ပြီးပြီဆိုတော့ ပဲလှော်လည်း ဝါးလို့ရနေပြီ။ (ကြုံတုန်းပြောရဦးမယ်။ ကျနော် ထောင်က လွတ်ခါစက ဆရာကြီးကို ကြည့်ပြီး အံ့သြရသေးတယ်။ ကြည့်ဦးလေ ။ သွားတွေ အကုန်ပြန်စိုက်ထားတယ်။ စပို့ရှပ်နဲ့ ။ ခေါင်းလည်း ဆေးဆိုးထားတော့ နက်လို့ ။ သူ့သမီးတွေ သူ့ကို အပြတ်ရှိုင်းပေးထားတာ။ ကျနော်က ''ဆရာကြီးက ဒီလိုဆိုတော့ တော်တော်ကြည့်ကောင်းတာဘဲ ၊ နုဖတ်လို့ ''ဆိုတော့ သူက ''မင်းပြောသလိုဆို ခုမှ ကြည့်ကောင်းတယ်ဆိုတော့ အရင်က တော်တော်ကြည့်ရဆိုးတဲ့သဘောဖြစ်နေပြီ '' လို့ ရယ်ရယ်မောမော ပြန်ပြောတယ်) ဒီလိုနဲ့ ကျနော်တို့ ထန်းရည်သောက်ကြတယ်ဆိုပါတော့။ သူတို့ ထန်းရည် သောက်တဲ့ဓလေ့က တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ဝိုင်းပတ်သောက်ကြတာ။ သူ့ခွက်ကိုယ့်ခွက် သပ်သပ်စီသောက်ကြတာမဟုတ်ဘူး ။

သောက်ရင်းနဲ့ ( ၂ ) အိုးကုန်ပြီ နောက်( ၁ ) အိုး ထပ်သောက်ကြတယ်။ ကျနော်က တော်ပြီ။ ကျနော့်ကိုအလှည့်ကျော်လိုက်ဖို့ ပြောတာ မရဖူးတဲ့။ တစ်ယောက်တော်ရင် တစ်ဝိုင်းလုံးတော် ရတာ။ ကျော်လို့မရဘူးတဲ့လေ။ ဒါနဲ့တစ်အိုးကုန် ဆက်သောက်လိုက်ရတယ်။ သောက်လို့ပြီးလို့ ပြန်ဖို့ထကြတော့ ဆရာကြီးက ကျနော့်အနားကပ်ပြီး '' ငါနည်းနည်းထိတယ်ကွ '' ဆိုပြီး ကျနော့်ပုခုံးကိုကိုင်ပြီး ကားရပ်ထားတဲ့ဆီ လျှောက်လာကြတယ်။ မေလနေပူရှိန်ကလည်း ပြင်း၊ ကျနော်က သောက်လေ့သောက်ထလည်း သိပ်မရှိတော့ လူကမဟန်ဘူးးဖြစ်နေတယ်။ ယိုင်တိုင်တိုင်ဖြစ်နေတာ ကိုယ့်ကိုယ်ကိုလည်း မနည်းမတ်ထားရတယ်။ ကားနားရောက်တော့ ကျနော်က မဟန်တော့ဘူး။ ထိန်းထားရင်းနဲ့ကို လဲကျသွားပါရော။ ဆရာကြီးက ကျနော့်ကို ပြန်ထူနေရတယ်။ သူကထိတယ်သာဆိုတယ် အေးအေးဆေးဆေးလမ်းလျှောက်လို့ရသေးတယ်။ ကားပေါ်ရောက်တော့ ကျနော်မနေနိုင်ဘူး။ အန်ချင်နေတာ။ မနည်းထိန်းထားရတယ်။

တည်းတဲ့အိမ်ရောက်လို့ ကားပေါ်ကဆင်း အိမ်ထဲဝင်ရုံရှိသေးတယ်။ ကျနော်ထိုးအန်ပါလေရော။ ဧည့်သည်တွေအများကြီး ကျနော့်ကို ဝိုင်းကြည့်နေကြတာ။ အိမ်ထဲက လူငယ် (၂) ယောက် ထွက်လာပြီး ကျနော့်ကိုလာတွဲခေါ်ကြတယ်။ ရေချိုးခန်းရောက်တော့ အားရအောင် အန်လိုက်မှ နည်းနည်းသက်သာသွားသလို ရှိလာတယ်။ ဆရာကြီးက ရေချိုးခန်းထဲထိ လိုက်လာပြီး ချက်ချင်းရေမချိုးဖို့ လာသတိပေးတယ်။ အဲဒီ့ညနေက ကျနော်ထမင်းလည်း မစားနိုင်တော့ဘူး။ တစ်ညလုံးလည်း အိပ်လို့မရဘူး။ ရင်ပူလို့ထလိုက် ရေသောက်လိုက်နဲ့ မိုးကို စင်စင်လင်းရော။

ဘေးနားက ဆရာကြီးကတော့ ထုံးစံအတိုင်း တခေါခေါနဲ့ ဟောက်တောင် နေလိုက်သေးတယ်။ မိုးလင်းလို့ ရေချိုးကော်ဖီကြမ်းသောက် ၊ မုန့်စားပြီးမှ နေလို့ သက်သာလာတယ်။ မနေ့ကတော့ မူးနေလို့ ရှက်ရကောင်းမှန်းမသိတာ။ ဒီမနက်တော့ ရှက်လွန်းလို့ လူရှေ့တောင် မျက်နှာမပြရဲတော့ဘူး။ အိမ်ရှင်တွေကတော့ ရယ်ရယ်မောမောပါဘဲ ။ '' ရန်ကုန်သားသာဆိုတယ် ၊ ထန်းရည်လေးနည်းနည်း သောက်တာ ခေါင်းကိုမထောင်နိုင်တော့ .. အံ့ပါရဲ့ '' တဲ့ ။ ဆရာကြီးကတော့ ထုံးစံအတိုင်း '' ခွေးကောင်.. ငါမင်းကိုပြန်တွဲနေရတယ်၊ ပြောင်းပြန်ဖြစ်နေပြီ '' ဆိုပြီး ကျနော့်ခေါင်းကို ထုပါလေရော။ ခုနေပြန်တွေးကြည့်တော့ မနေ့တစ်နေ့တုန်းကလိုဘဲ ဆရာကြီးမျက်နှာမြင်ယောင်လာပြီး လွမ်းလိုက်တာ။ ရင်ထဲ ဆို့တက်လာမိတယ်။

ရန်ကုန်ပြန်ရောက်ပြီး သိပ်မကြာလိုက်ဘူး။ ဆရာဦးမြသန်း ဆုံးတယ်။ ဆရာကြီးအိမ်မှာ ရှိ၊ မရှိ ဖုံးဆက်ပြီး ရှိတယ်ဆိုတော့ အိမ်ကို ကဗျာတောင်းဖို့ လူကိုယ်တိုင်သွား လိုက်တယ်။ ဟိုရောက်တော့ အကျိုးအကြောင်းပြောလိုက်တော့ ဆရာကြီးမျက်နှာမှိုင်းကျသွား တယ်။ ''ကိုမြသန်းက တော်တော်စိတ်နှလုံး နူးညံ့တဲ့သူပဲ။ ဆရာဆိုတဲ့ဂုဏ်နဲ့ ရာနှုန်းပြည့် ထိုက်တန်တဲ့သူ။ စေတနာနဲ့ စာသင်ဖို့ လောကမှာ လူအဖြစ်မွေးဖွားလာတဲ့လူပဲ။ သိပ်နှမြောဖို့ကောင်း တယ်'' ဆိုပြီး လေးလေးတွဲတွဲကြီး ပြောနေတော့တယ်။ ပြီးမှ ဒီည သူကဗျာရေးမယ်ဆိုတဲ့ အကြောင်းနဲ့၊ မနက်ဖြန်မနက် ကျနော့်ဆီကမှတဆင့် ဆရာဦးမြသန်းအိမ်ကိုသွားကြဖို့ပြောတယ်။ နောက်တနေ့မနက် အစောကြီး သူ ကျနော့်ဆီရောက်ချလာပြီး ကျနော့်လက်ထဲကဗျာ (၂) ပုဒ် ထည့်ပေးတယ်။ တစ်ပုဒ်က ''မြတ်ဆရာ'' ဆိုလားပဲ။ ''အပြုံးတမြမြနဲ့ နှလုံးလှတဲ့တို့ရဲဘော်..'' ဆိုပြီး နုနုညက်ညက် သိမ်သိမ်မွေ့မွေ့လေး။ နောက်တစ်ပုဒ်ကတော့ စကားလုံးတွေက ခပ်မာမာ၊ ခပ်ပြင်းပြင်း။

ဟိုရောက်တော့ (၂) ပုဒ်လုံးကို white board မှာ ကူးရေးလိုက်တယ် ဆိုတော့ နာရေးလာမေးသူတိုင်း အလွယ်တကူ ဖတ်လို့ရသွားတာပေါ့။ ဈာပနအဖွဲ့လေးဖွဲ့ပြီး တာဝန်တွေခွဲတော့ ကျနော်လည်း တာဝန်ထည့်ခွဲထားတယ်။ ဒါကြောင့် မြေချတဲ့နေ့မှာ ဆရာကြီးက သူ့ကားနဲ့သွားဖို့ပြောပေမယ့် ကျနော်လိုက်လို့မရဘဲ လွမ်းသူ့ပန်းခွေကိစ္စ လုပ်နေရတယ်။ ကျနော့်တသက်တာမှာ အဲဒီလောက်စည်ကားပြီး လူများများစားစားလိုက်ပို့ကြတဲ့ ဈာပနအခမ်းအနားမျိုး တခါမှ မတွေ့ဖူးဘူး။ လမ်းတစ်ခုလုံးပြည့်နေတဲ့အပြင်၊ အပြင်ဘက် လမ်းမကြီးအထိ ကားတွေ၊ လူတွေ ပြွတ်ခဲနေတယ်။ ဆရာ့ကို ချစ်ခင်လေးစားသူတွေ ဘယ်လောက်များခဲ့တယ်ဆိုတာ သူရဲ့နောက်ဆုံးခရီးမှာ အထင်းသားတွေ့နေရတယ်လေ။ ဆရာ က တာမွေ (၅) ကျောင်းမှာ အလုပ်လုပ်ဖူးတယ်။ အခုလည်း တောက်လျှောက်စာသင်နေတာ။ ဆရာဝန်က ကျန်းမာရေးအရ အနားယူဖို့၊ အထပ်မြင့်မတက်ဖို့ သတိပေးလျက်နဲ့ သူ့တပည့်တွေကိုငဲ့ပြီး အထပ်မြင့်တိုက်တွေ ပေါ်တက်ပြီး စာသွားပြတာ။ သင်ရင်းနဲ့ ဆေးရုံရောက်ပြီး ဆုံးသွားရတာ ဆိုတော့ ဆရာဟာ သေတဲ့အထိ စာသင်သွားသူလို့ ပြောရမှာပဲ။

တကယ်တော့ ဆရာ့ကို ကျနော်လူချင်းမကြုံဖူးပါဘူး။ ကျနော့်အမှုတွဲတွေဖြစ်တဲ့ သက်ဝင်းအောင် တို၊ ဇေယျာဝင်းတို့ပြောပြလို့ ဆရာ့အကြောင်းသိနေကြရတာ။ ကျနော်ထောင်ကလွတ်တော့ ဆရာ့ဆီမှာ အင်္ဂလိပ်စာသွားသင်ဖို့ ဆရာကြီးက တိုက်တွန်းခဲ့တယ်။ ကျနော်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆရာအိမ်မှာမရှိလို့ မဆုံလိုက်ရဘူး။ နောက်ပိုင်းလည်း ကျနော် မရောက်ဖြစ်တော့ပါဘူး။ အခု သူဆုံးမှရောက်ဖြစ်တာ။ ပြောရရင် ဆရာ့အကြောင်း နားနဲ့မဆံ့အောင် မွှေးမွှေးမြမြကြားခဲ့ရပေမဲ့ သက်ရှိထင်ရှား တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ဆရာရဲ့စိတ်ကောင်းစေတနာကောင်းတွေကြောင့်ပဲ ဆရာ့ကို လာရောက် ဂါရဝပြုသူတွေ ဖွေးဖွေးလှုပ်နေကြတာလေ။ လူတွေကတအားများတော့ ထိမိခိုက်မိမှာစိုးလို့ ဆရာ့ရုပ်ကလာပ်ကို ကာထားတာပါ။ ကျနော့်ကို ကာဖို့တာဝန်ပေးထားတော့ ကြိုးဝိုင်းထဲဝင်ပြီး ဆရာ့ရုပ်ကလာပ် နားမှာစောင့်ကြည့်ပေး နေရတယ်။ ဆရာက သေတာနဲ့မတူဘူး။ အိပ်ပျော်နေသလိုပဲ။ မျက်နှာမှာ တင်းမာမှုအရှင်းမရှိဘူး။ ငြိမ်းချမ်းလို့။ ဆရာ့လက်ထဲ ဘောလ်ပင်လေးထည့်ပေးထားကြတယ်။

အပြန်လက်ဖက်ရည်ဆိုင်ထိုင်တော့ ဆရာကြီးပြောခဲ့တဲ့ စကားတွေ ကျနော့်နားထဲ အခုထိ ကြားယောင်နေသေးတယ်။ ''လူက အသေကောင်းဖို့လိုတယ်။ ဒါပေမဲ့ အနေကောင်းမှ အသေကောင်းမယ်။ ကိုမြသန်းဆို ဘဝတစ်လျှောက်လုံး ကောင်းတာ တွေပဲလုပ်ခဲ့တော့ အနေကောင်းခဲ့တယ်။ တကယ့်စေတနာဆရာ၊ မြတ်ဆရာ တစ်ယောက်ပဲ။ စာသင်တဲ့အလုပ်ကို မြတ်မြတ်နိုးနိုးလုပ်ခဲ့တဲ့သူ။ သူမြတ်နိုးတဲ့အလုပ်ကို သေတဲ့အထိလုပ်သွားတာ အားကျဖို့ကောင်းတယ်။ သေတော့လည်း ဘယ်သူ့ကိုမှ ဒုက္ခပေးမသွားဘူး။ အနေလည်းကောင်းခဲ့တယ်။ ဒါကြောင့် အသေလည်းကောင်းတာ..''

ဆရာဦးမြသန်း ရက်လည်ပြီးတော့ ကျနော် (၁ဝ)တန်းဖြေဖို့၊ ကျူရှင်တက်၊ ပြင်ဆင်တာတွေ လုပ် ရတော့တယ်။ ဆရာကြီးက သန်လျှင်က သူ့ခြံကြီးဆီသွားတိုင်း ကျနော့်ဆီဝင်လာတတ်တယ်။ တစ်နေ့ကျ အဲဒီခြံအသွား ကျနော့်ဆီဝင်လာတယ်။ ကျနော့် အိမ်မှာ ခဏနေပြီး ဖုံးဆက်သေးတယ်။ ပြီးမှ ထွက်သွားကြတာ။ နောက်တစ်နေ့ညနေကျတော့ ဖုံးနဲ့ နံရံကြားမှာ ပိုက်ဆံအိတ်တစ်လုံးတွေ့လို့ အံ့သြပြီး ဖွင့်ကြည့်လိုက်တော့ ဆရာကြီးအိတ်ဖြစ် နေတယ်။ ဒါနဲ့ ကျနော် ချက်ချင်းဖုန်းဆက်လိုက်တော့ မမိုးမိုးစံ ဖုံးလာကိုင်တယ်။ ည (၇)နာရီ လောက်ရှိမယ်။ ကျနော်က ဆရာကြီးပိုက်ဆံအိတ် ကျနော့်ဆီ ကျန်ခဲ့ကြောင်းပြောတော့ မစံက ရယ်နေတယ်။ ''ဟုတ်လား..ဖေဖေက သူခါးပိုက်နှိုက်ခံရတယ် ပြောနေတာ။ သူ့နှိုက်တဲ့ ခါးပိုက် နှိုက်တောင် သူမြင်ရင် မှတ်မိတယ်တဲ့။ သူ့ကို ဝင်တိုက်သွားပြီးမှ နှိုက်သွားတာလို့ အတိအကျ ပြောနေတာ'' လို့ ပြောပါတယ်။ ဒါနဲ့ ကျနော်က ''ဒါဆို မစံ သူ့ကို သွားခေါ်ပေး။ ဘာမှ သွား မ ပြောနဲ့ဦး။ ကျနော် စဦးမယ်'' လို့ပြောတော့ မစံ သွားခေါ်ပေးတယ်။

သူဖုံးကိုင်တော့ ကျနော်က ဘာမှမသိသေးသလိုနဲ့ မနေ့ကဘယ်လိုဖြစ်တာလဲဆိုပြီး မေးလိုက်တော့ သူက ''အေးကွာ..မင်း အိမ်ကထွက်ပြီး သံလျင်အသွား ကားပေါ်မှာ ခါးပိုက်နှိုက်ခံလိုက်ရတာ။ ငါ့ကိုဝင်တိုက်သွားသေးတာ။ အမှုမဲ့ အမှတ်မဲ့ပေါ့။ ကားခပေးဖို့ကြည့်လိုက်မှ ပိုက်ဆံအိတ်မရှိတော့ဘူး။ ပါသွားပြီ။ ငါ့ ဝင်တိုက်သွားတဲ့ ခါးပိုက်နှိုက်ကြည့်တော့လည်း မရှိတော့ဘူး။ ဘယ်မှာဆင်းသွားတယ် မသိဘူး။ ကားသမားကို အကျိုးအကြောင်းပြောပြီး စီးခဲ့ရတယ်။ သန်လျင်ရောက်တော့ မိတ်ဆွေ တစ်ယောက်ဆီ ငွေချေးပြီး ပြန်လာခဲ့ရတာ'' လို့ပြောတော့တာပဲ။

ဒါနဲ့ ကျနော်က ''ဘာမှ ခါးပိုက် မနှိုက်ဘူး။ ကိုယ့်ဟာကိုယ် မေ့ကျန်ခဲ့ပြီးတော့။ အခုပိုက်ဆံအိတ်က ကျနော့်လက်ထဲမှာ။ ဆရာကြီး ဖုံးဆက်ပြီးမေ့ကျန်ခဲ့တာ။ ကျနော်လည်း ကြားထဲကျနေတော့မမြင်ဘူး။ အခုမှတွေ့လို့ ဆရာကြီးဆီ ချက်ချင်းဖုံးဆက်လိုက်တာ။ မနက်ဖြန်ကျနော်ပြန်ပေးမယ်။ ဒါပေမယ့် ဒီအတိုင်းမရဘူး။ ရေအဆုံး၊ ကုန်းတစ်ဝက်ဆိုတော့ ကျနော်တဝက်ပိုင်တယ်'' လို့ပြောလိုက်တော့ သူက ရယ် ပြီး ''ရပါတယ်ကွာ'' တဲ့။ နောက်တ်နေ့ မနက်ပိုက်ဆံအိတ်သွားပြန်ပေးတော့ ကျနော်နဲ့သူ့သမီးတွေက ဝိုင်းစကြသေးတယ်။ ''ခါးပိုက်နှိုက်ခံရသလေး ဘာလေးနဲ့။ ခါးပိုက်နှိုက်ပဲ သူသိသလိုလို၊ ဘာလိုလိုနဲ့ ဆိုပြီးတော့ပေါ့လေ။ သူက သူ့အပြစ်သူသိတော့ ဘာမှမပြောဘူး။ ရယ်ပဲရယ်နေတယ်။ ကျနော်ကထပ်ပြီး ''ဆရာကြီးကလည်း လူကြီး ရှက်တော့ရယ်ဆိုတာ ဒါမျိုးဖြစ်မယ်ဆိုတော့ သူက ''ခွေးကောင်..မရယ်လို့ ငါက ကလေးလိုငိုရမှာလား''တဲ့။ အဲဒီနေ့က သူ့ပိုက်ဆံအိတ်ပြန်ရလို့ ကျနော်နဲ့ကိုပိုက်ကြီးကို လက်ဖက်ရည်လိုက်တိုက်ပါသေးတယ်။

ပညာရေးနဲ့ပတ်သတ်ရင် ကျနော်မှာ အမြဲအခက်အခဲတွေ့ရတတ်တယ်။ ခုလည်း (၁ဝ)တန်းဖြေဖို့ ကျူရှင်တက်နေတုန်း ဒီနှစ်ပညာရေးစနစ်ပြောင်းပြီဆိုပြီးဖြစ်ရော။ (၁ဝ)တန်း ကျဖူးသူတွေသာ အပြင်ဖြေလို့ရမယ်။ အခုမှ (၉)တန်းအောင် (၁ဝ)တန်းစတက်တဲ့သူတွေ အပြင်ဖြေလို့မရဘူး။ ကျောင်းတက်၊ ကျောင်းခေါ်ချိန်ပြည့်မှ စာမေးပွဲဖြေလို့ရမယ်ဆိုပြီး လုပ်ရော။ အဓိကကတော့ ဘော်ဒါဆောင်တွေကိုသတ်ချင်တာပါ။ အများစုက (၉)တန်းအောင်တယ်ဆိုတာနဲ့ ကျောင်းမတက် တော့ဘဲ ဘော်ဒါတက်ပြီး အပြင်ဝင်ဖြေကြတာမဟုတ်လား။ ဒါကိုသတ်ချင်လို့ စနစ်ပြောင်းဖို့လုပ် လိုက်တာထင်ပါတယ်။

ကျနော့်အတွက်တော့ သတင်းဆိုးကြီးပါပဲ။ ကျနော်က ခုမှ(၉)တန်းအောင် တဲ့သူဆိုတော့ (၁ဝ)တန်းကို အပြင်ဖြေလို့မရတော့ဘူးပေါ့။ ကျောင်းတက်ဖို့ဆိုတာကလည်း ကြည့် ပါဦး။ အသက်က (၂၇)နှစ်၊ ကိုယ့်ထက် (၁ဝ)နှစ် (၁၁)နှစ်လောက်ငယ်တဲ့ တူ၊ တူမအရွယ်တွေနဲ့ အတူ အဖြူအစိမ်းဝတ်ပြီး ကျောင်းပြန်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆရာမတွေကတော့ ကျောင်း အပ်ပြီး ဖြေဖို့ပဲ တိုက်တွန်းနေကြတယ်။ ကျနော်ကလည်း ဒီအရွယ်ကြီးကျမှ အဖြူအစိမ်းဝတ်ပြီး ကျောင်းထဲပြန်မဝင်ချင်တော့ဘူး။ ဒါကြောင့် မဖြေတော့ဘူးဆိုပြီးနေလိုက်တယ်။

ဒါကို ဆရာကြီး သိတော့ စိတ်မကောင်းဘူး။ ပညာရေးစနစ် ကမောက်ကမကိုလည်း သူသိတယ်။ ''တတ်နိုင်ရင် တော့ ကျောင်းအပ်ပြီးဝင်ဖြေကွာ။ သူသူငါငါ (၁ဝ)တန်းအောင်ဘွဲ့ရနေချိန်မှာ ကိုယ်က(၁ဝ)တန်း တောင်မအောင်ဘူးဆိုတော့ အများအမြင်မှာ မတင့်တယ်ဘူး။ အထင်သေးခံရတတ်တယ်..'' ပြောလိုက်တော့ ကျနော့်ရင်ထဲ အောင့်သွားတယ်။ သူ့ကိုတစ်ချက်ကြည့်ပြီး ''ကျနော်မအောင်တာ မဟုတ်ဘူး ဆရာကြီး။ မဖြေတာ...''လို့ ပြောလိုက်တယ်။ သူက ''ဒါပေမဲ့ အများက အဲဒါတွေ သိမှာမဟုတ်ဘူး။ ပညာအရည်အချင်းမေးရင် (၁ဝ)တန်းပဲ။ ဒါဆို (၁ဝ)တန်းမအောင်ဘူး။ ဒါပဲ သိကြမှာ'' လို့ ပြန်ပြောတယ်။

ကျနော့်ရင်ထဲမှာ ဆစ်ကနဲနာသွားတယ်။ အတန်းပညာ (၁ဝ)တန်း ပဲရှိလို့ အထင်သေးတတ်တဲ့
သူတွေထဲ ဆရာကြီးပါနေပြီလား။ ဒါဆို လူတစ်ယောက်ရဲ့ အရည် အချင်းကို (၁ဝ)တန်းအောင်၊ မအောင်နဲ့ တိုင်းတာကြတာလား။ ကျနော့်အမြင်မှာတော့ (၁ဝ) တန်းအောင်ဘွဲ့ရပြီး ''ဖွတ်''ဖြစ်နေတဲ့သူတွေ တပုံကြီး၊ မမြင်ချင်မှအဆုံး။ အတန်းပညာမရှိပေမဲ့ အရည်အချင်း ရှိတဲ့သူတွေ ဒုနဲ့ဒေးပဲ။ ကျနော့်ရင်ထဲ ဗလောင်ဆူနေတယ်။ ဆရာကြီးကိုတော့ ဘာဘာညာညာမပြောတော့ပါဘူး။ နှုတ်ဆက်ပြီးထပြန်ခဲ့တယ်။

ကျနော်မျက်နှာမကောင်းဖြစ်သွားတာ သူသိတယ်။ ဒါကြောင့် နောက်နေ့မှာ ကျောင်းတက်ဖို့ကိစ္စ ဆုံးဖြတ်ပြီးပြီလားလို့ ဖုံးနဲ့လှမ်း မေးတယ်။ ကျနော်က မဆုံးဖြတ်ရသေးဘူး။ ဆရာမတွေ နားပူနားဆာလုပ်နေလို့ ကျနော်ဂွကျနေတယ်လို့ ပြန်ပြောလိုက်တယ်။ ''ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါကွာ'' လို့ပြောပြီး ဖုံးချ သွားတယ်။

ကျနော် ဘယ်လိုဆုံးဖြတ်ရမလဲမသိတော့ဘူး။ ကိုယ့်ကိုကိုယ် မျက်စိထဲ ပြန်မြင်ကြည့်တယ်။ အဖြူ၊ အစိမ်းဝတ်၊ လက်ပိုက်၊ စာအော်ဆို..ဘေးက ကိုယ့် တူ၊ တူမအရွယ်တွေ၊ တဖက်မှာကလည်း ကိုယ့်ကို သားလိုချစ်ကြတဲ့အမေလိုဆရာမတွေ၊ ကိုယ့်ကို(၁ဝ)တန်းအောင် ဘွဲ့ရစေချင်တဲ့ မေတ္တာ ရှင်တွေ။ နောက်တဘက်မှာက '(၁ဝ)တန်းတောင်မအောင်ဘူး' ဆိုပြီး အထင်သေးကြတဲ့သူတွေ။ ကျနော့်ခေါင်းထဲချာချာလည်နေတယ်။ နောက်ဆုံးတော့ ကျနော်ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

နောက်တစ်နေ့မနက် ဆရာမတွေဆီသွားပြီး ကျောင်းတက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတော့ ဆရာမတွေခမျာ ဝမ်းသာလွန်းလို့ မျက်ရည်တွေဘာတွေကျလို့။ ''ငါ့သား..မင်းဖြေရင် သေချာပေါက်အောင်မှာ။ ဆရာမတို့ယုံတယ်''တဲ့။ ''ကျနော်အောင်ရုံလေးနဲ့ ကျောင်းတက်ပြီးဖြေမှာ မဟုတ်ဘူး။ ဘာသာစုံဂုဏ်ထူးရ ရမယ်။ ဒါတွေကို အထင်ကြီးလို့၊ မက်မောလို့တော့ မဟုတ်ဘူး။ ထောင်ကျ ဖိနှိပ်ခံခဲ့ရပေမဲ့ အရှုံး ပေးမသွားဘူး။ ဒါမျိုးရအောင် လုပ်လို့ရတယ်ဆိုပြီး ပြချင်လို့၊ ကျနော့်အရင်းနှီးဆုံးလူတွေထဲကတောင်(၁ဝ)တန်းမအောင်တာကို အထင်သေးချင်တဲ့အသံတွေ ကြားရတာကို ရင်နာလွန်းလို့ .. ဒါကြောင့် ဘာသာစုံဂုဏ်ထူး ရအောင်ချမယ်''ဆိုပြီး ရင်ထဲရှိတာတွေ ဖွင့်ထုတ်ပစ်လိုက်တယ်။ ဆရာမတွေက ပိုတောင်ဝမ်းသာကြသေးတယ်။ ''ငါ့သား .. ချ ဆရာမတို့နောက်ကနေ လိုတာ မှန်သမျှ အပြည့်အဝပံ့ပိုးပေးမယ်..'' လို့ အားပေးကြတယ်။

ကျနော်ဒီလိုဆုံးဖြတ်တာ ဆရာကြီးကို မပြောဘူး။ ဟိုနေ့က သူပြောခဲ့တဲ့စကားတွေကြောင့် ရင်ထဲ ခုထိမကောင်းသေးလို့။ ကျောင်းအပ်တော့ ကျနော်အရင်တက်ခဲ့တဲ့ ကျောင်းက လက်မခံဘူး။ ဆရာမတွေက လက်ခံချင်ပေမဲ့ ထောက်လှမ်းရေးက ထောင်ထွက်ကျောင်းသားကို ကျောင်းတက် ခွင့်မပေးရဘူး ညွှန်ကြားထားလို့တဲ့။ ကျနော့်စိတ်ထဲ တင်းခနဲဖြစ်သွားတယ်။ ကျနော် ထိပ်တိုက် ဝင်တိုးလည်း ရမှာမဟုတ်ဘူး။ သူတို့က ဓါးထက်နေတဲ့အချိန်လေ။ ကျနော့်အကိုကြီးနဲ့တိုင်ပင်ပြီး ကျနော့်နောက်ကြောင်းမသိတဲ့ လူလည်းနည်းတဲ့ တခြားကျောင်းမှာ သွား အပ်လိုက်တယ်။ ကျောင်းအုပ်ဆရာမကြီးကိုတော့ လိမ်ထားရတာပေါ့။ အရေးအခင်းမှာ ကျောင်း ကတစ်ပိုင်းတစ်စနဲ့ စင်္ကာပူထွက်ပြီး အလုပ်လုပ်နေလို့။ အခု (၁ဝ)နှစ်လောက်ကြာမှ မြန်မာပြည် ပြန်ရောက်တာ။ သူငယ်ချင်းတွေအားလုံး ဘွဲ့ရနေကြလို့၊ မခံချင်တာနဲ့ ကျောင်းတက်ပြီး ဘွဲ့ယူမလို့ဆိုပြီး အကြောင်းပြရတယ်။ ဒါနဲ့အဆင်ပြေပြီး ကျောင်းတက်ဖြစ်ရော ဆိုပါတော့။

ဆရာမတွေ ဝယ်ပေးတဲ့ အဖြူအစိမ်းဝတ်ပြီး ကျောင်းထဲဝင်တော့ ကျောင်းသူ၊ ကျောင်းသားတွေက ဆရာအသစ်လို့ ထင်နေကြတာ. ကျနော်က ခန္ဓာကိုယ်ကလည်း ခပ်ကြီးကြီး၊ (၁၄၅) ပေါင်ရှိတယ်။ အရပ်က (၅ပေ ၇လက်မ)။ ဆံပင်လည်း တိုတိုကပ်ကပ်လေး ညှပ်ထားလိုက်တော့ မျက်စိထဲ မြင်သာမြင် ကြည့်လိုက်တော့။ ပထမဆုံး ကျောင်းထဲ စဝင်တဲ့နေ့က ရင်တွေဘာတွေခုန်လို့။ စာသင်ခုံမှာ ဝင်ထိုင်ပြီး ''မင်္ဂလာပါဆရာမ'' လို့ ကျောင်းသူ ကျောင်းသားတွေနဲ့အတူ သံပြိုင်နှုတ်ဆက်ရတော့ ရင်ထဲ တမျိုးကြီး။ တလှပ်လှပ်နဲ့။ ရှက်တာလည်းမဟုတ်ဘူး။ (၈၈) မတိုင်ခင် ငယ်ဘဝစာသင်ခန်း တွေကို ပြန်မြင်ယောင်ပြီး လွမ်းသလိုလို။

နောက်နေ့တွေမှာတော့ သူ့ဟာသူ အထာကျသွားပါတယ်။ ကျနော်လည်း အချိန်ပြည့် ကျောင်းနဲ့ စာမှာပဲ နှစ်ထားလိုက်တယ်။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ဖြစ်ဘူး။ ကိုယ့်ဝန်းကျင်နဲ့ အဆက် ဖြတ်ထားလိုက်တယ်။ ကျောင်းတက်တဲ့ကိစ္စ ဆရာကြီး မသိသေးဘူး။ ဆရာကြီးပြောခဲ့တဲ့စကားနဲ့ အကြည့်က ခုထိရင်ထဲ အခုအခံရှိနေသေးလို့ ကျောင်းတက်တာကို သူ့မပြောဘဲထားလိုက်တာ။ တစ်နေ့တော့ အဖြူအစိမ်းဝတ်စုံနဲ့ကျောင်းသွားဖို့အထွက်မှာ ဆရာကြီး ကျနော့်ဆီအလာနဲ့ တိုက် တိုက်ဆိုင်ဆိုင် သွားဆုံတယ်။ ကျနော့်ကို အဖြူအစိမ်းနဲ့ လွယ်အိတ်နဲ့မြင်တော့ ဆရာကြီးမျက်နှာ အပြုံးနဲ့ အရောင်လက်သွားတယ်။ ''ခွေးကောင်..ဒီလိုဆိုတော့ မင်းကချောသားပဲကွ'' ဆိုပြီး ထုံး စံအတိုင်း ကျနော့်ခေါင်းကိုဆွဲပြီး သူ့ရင်ဘက်နဲ့ဖိထားတော့တယ်။

တကယ်တော့ ကျနော်ကျောင်း တက်နေပြီဆိုတာ ကျနော့်အမိုး ဖုန်းထဲက ပြောထားလို့ သိထားပြီးသားပါ။ အခု ကျနော်ကျောင်း သွားမယ့်အချိန်ကိုက် ကျနော့်ကိုလာကြည့်တာ ''ဆယ်တန်းအောင်မှ လူရာဝင်တယ်ဆိုတာ ငါ သတ်မှတ်တာမဟုတ်ဘူးကွ။ မင်းနဲ့ ငါတို့ပတ်ဝန်းကျင်က လူတွေ သတ်မှတ်ကြတာ။ လူတွေနဲ့နေရင် ကြိုက်ကြိုက်မကြိုက်ကြိုက် လူ့သတ်မှတ်ချက်တွေကိုရှောင်လို့မလွတ်ဘူး။ အဲဒီသတ်မှတ်ချက် ဘောင်ထဲမှာ ရာနှုန်းပြည့်ဖြစ်အောင် ကိုယ့်ကိုကိုယ် လုပ်ဖို့ပဲလိုတာ'' လို့ပြောပါတယ်။ ကျနော့် ရင်ထဲက အဖုအထစ်လေးကို သူဖြည်တာပါ။ ''ဆရာကြီး ..ကျနော်မဖြေသေးလို့ပါ။ ဖြေရင် အောင်ရုံတင်မကဘူး။ ဟိုဘက်ကမ်းတောင် လွန်သေးတယ်။ ဆရာကြီးစောင့်ကြည့်'' လို့ ပြန်ပြော လိုက်ပြီး ကျနော်က ကျောင်းသွား၊ သူက မြို့ထဲထွက်သွားပါတယ်။

ကျနော်ကျောင်းအပ်တော့ ဇူလိုင် ပုံမှန်အပ်ရမှာထက် (၁)လနောက်ကျပြီးမှ အပ်ဖြစ်တာ။ အခု ကျောင်းတက်ပြီး (၁)လကျော်ကျော်လောက် ရှိသေးတယ်။ မထင်မှတ်တဲ့ မုန်တိုင်းတစ်ခုနဲ့ရင်ဆိုင် တိုးရပြန်ရော။ NLD က 'လွှတ်တော်' ခေါ်ပေးဖို့တောင်းဆိုပြီး မြန်မာတစ်ပြည်လုံးကို တပ်လှန့်လိုက် တယ်။ နိုင်ငံတကာရော၊ ပြည်တွင်းမှာပါ လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ အခုကျနော်တက်နေတဲ့ ကျောင်းက တာမွေမြို့နယ်မှာ လူဦးရေအနည်းဆုံး၊ အစဉ်အလာအရ နိုင်ငံရေးလှုပ် ရှားမှုတွေမှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဖူးဘူး။ ဖြစ်ချင်တော့ ကျနော်ခိုးပြီးတက်တဲ့နှစ်ကျမှ တခြား ကျောင်းတွေ ငြိမ်နေတဲ့အချိန်မှာ ဒီကျောင်းက ထဆန္ဒပြပါလေရော။ လွှတ်တော်ခေါ်ယူရေးကိစ္စ နဲ့ တပြည်လုံး နိုင်ငံရေးစိတ်နိုးကြားနေတဲ့အချိန်မှာ ဒီကျောင်းက ထဆန္ဒပြတာဆိုတော့ ရဲတွေ၊ ထောက်လှမ်းရေးတွေ ချက်ခြင်းရောက်လာပြီး ကျောင်းကိုဝိုင်းထားလိုက်တယ်။လမ်းဟိုဘက်ဒီဘက်မှာလဲ စစ်ကားတွေ ပိတ်ထားလိုက်ကြတယ်။ ကျောင်းသားမိဘတွေရောက်လာကြပြီး ကျောင်းသားကျောင်းသူတွေကို မိဘတွေ လက်ထဲထည့်ပြီး ပြန်လွှတ်နေတယ်။

ဆန္ဒပြဖို့စတင်တဲ့ ကျောင်းသား (၁၅)ယောက်လောက်က ကျောင်းအပြင်ရောက်သွားနှင့်ကြပြီ။ ကျနော်လည်း လူ အုပ်ကြားထဲက ကိုယ်ရောင်ဖျောက်ပြီး ကျောင်းပြင်ထွက်ဖို့ ကြိုးစားပေမဲ့ ထောက်လှမ်းရေးတွေက ကျနော့်ကိုတွေ့သွားကြတယ်။ ကျနော့်အကြောင်းသိထားကြတော့ ဒီကိစ္စ ကျနော့်လက်ချက်လို့ယူဆပြီး ညကျတော့ ကျနော့်ကိုလာဖမ်းပါလေရော။ ကျနော်ကလည်း မရှောင်ဘူး။ စာမေးပွဲအောင်ရေးပဲ ဗျူဟာချထားတော့ ကျန်တာတွေအားလုံးဖြတ်ထားတယ်။ ကျောင်းအုပ်ဆရာမကြီးအပါအဝင်တစ်ကျောင်းလုံးက ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ အားလုံး ကျနော့်အကြောင်း မသိကြဘူး။ စင်္ကာပူကပြန်လာပြီး ကျောင်းပြန်တက်တယ်ပဲ သိထားကြတာ။ ဆန္ဒထပြတဲ့ ကျောင်းသားတွေကိုယ်တိုင်လည်း မသိကြဘူး။

ထောက်လှမ်းရေးကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လေ့မရှိတဲ့ကျောင်းက ခုမှ ဒီလို ဖြစ်တာဆိုတော့ ကျနော့်ကြောင့်ပဲလို့ ကောက်ချက်အခိုင်အမာ ချထားတယ်။ ဖမ်းထားတဲ့ ကျောင်းသားလေးတွေကို ကျနော်ခိုင်းလို့လုပ်တာ မဟုတ်လားဆိုပြီး အတင်းမေးကြတာ။ ဟုတ်မှမဟုတ်ဘဲ။ အားလုံးကထွက်ချက်တွေတူနေတော့ နောက်ဆုံး ကျနော့် ကို ပြန်လွှတ်လိုက်တယ်။ ဒါပေမဲ့ ကျောင်းထဲမဝင်ဖို့ ဝင်ရင်ဖမ်းမယ်ဆိုပြီး အတိအလင်းပြောလိုက်တယ်။ ကျနော်အကြီးအကျယ် ဒေါပွသွားတယ်။

''ခင်ဗျားတို့ဟာ လွန်လွန်းတယ်ဗျာ။ အေးအေး ဆေးဆေး ပညာသင်တာကို ခွင့်မပြုရအောင် ကျနော်က ဘာဖြစ်နေလို့လဲ။ ရာဇဝင်လူဆိုးမို့လား။ အကြမ်းဖက်သမား မို့လား။ ထောင်ကလွတ်ပြီးမှ အပြင်မှာထောင်ကျနေတဲ့ အကျဉ်းသားလို ဖြစ်နေပြီ။ ကောင်းပြီ။ ကျနော်ကျောင်းထဲမဝင်ရရင် ကျောင်းခေါ်ချိန်ရအောင် ခင်ဗျားတို့လုပ်ပေး။ အဲဒါမှ ကျနော် စာမေးပွဲဖြေလို့ရမှာ..''ဆိုပြီး မာမာထန်ထန်ပဲ ပြန်ပြောလိုက်တယ်။ဒါပေမဲ့မရပါဘူး။ ကျောင်းခေါ်ချိန်ကိစ္စ သူတို့လုပ်ပေးလို့ မရနိုင်ဘူး။ သူတို့အနေနဲ့တော့ ကျောင်းထဲဝင်ရင် ဖမ်းရမှာပဲလို့ အတိအလင်းထပ်ပြောပါတယ်။

ဒါမတရားမှုတစ်ခုပဲ။ လက်နက်ရှိတယ်၊ အာဏာရှိတယ်ဆိုပြီး ဥပဒေကို ဘေးဖယ်လိုက်တာပဲ။ လူကို နိုင့်ထက်စီးနင်းလုပ်တာပဲ။ တိုင်းသူပြည်သားတစ်ယောက်ရဲ့ ငြိမ်းချမ်းစွာပညာသင်ခွင့်ကို အဓမ္မ ကျင့်ပစ်လိုက်တာပဲ။ ကျနော့်ရင်ထဲ ဗလောင်ဆူနေတယ်။

အိမ်ရောက်တော့ ဘယ်သူနဲ့မှ စကားမပြောတော့ဘဲ အိပ်ယာထဲတန်းဝင်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်တယ်။ ကျနော့်မှာ ရွေးချယ်ခွင့်၊ ရွေးချယ်စရာ ဘာမှမရှိတော့ဘူး။ ကျောင်းထဲဝင်ရင် အဖမ်းခံရမယ်။ ကျောင်းထဲမဝင်ရင် ကျောင်းမတက်လို့ ကျောင်းခေါ်ချိန်မရရင် စာမေးပွဲဖြေလို့မရဘူ။ အပြင်လည်း ဖြေလို့မရဘူး။ ဒီ စာမေးပွဲဖြေဖို့ ကျနော်အခက်အခဲတွေ၊ စိတ်ညစ်စရာတွေအားလုံးကို နပမ်းလုံးပြီး ကြိုးစားခဲ့ရတာ။ အားခဲထားတာ။ နှစ်ပြီးလုပ်ထားတာ။ ဆယ်တန်းအောင်တာကို မက်မောလွန်းလို့တော့ မဟုတ်ဘူး။ ကျနော် ပြောခဲ့သလို မခံချင်လို့ ထလုပ်ခဲ့တာ။ အခုတော့ မျှတတဲ့အကြောင်းပြချက် မရှိဘဲနဲ့ ကျနော်ကျောင်းကထွက်ခဲ့ရပြန်ပြီ။ မျက်နှာကို အစိမ်းသက်သက်ဖြတ်ရိုက်သလိုမျိုး ခံစားနေရတာ။ ဗလာချည်ကြီး။

မတရားမှုမှန်းသိပါလျက်နဲ့ ဘာမှ ပြန်လုပ်လို့မရတာလောက် ခံရခက်တာ လောကမှာ ဘာမှမရှိတော့ဘူး။ အဲဒီအချိန်မှာကျနော့်လက်ထဲလက်ပစ်ဗုံးသာရှိရင် အဲဒီထောက်လှမ်းရေးရုံးကို သွားထုမိမှာအသေအချာပဲ။ အဲဒီအချိန်မှာပဲ ဘေးနားစာကြည့်စားပွဲပေါ်က ကျောင်းစာအုပ်တွေ မြင်တော့ ကျနော့်ရင်ထဲနင့်ကနဲ ဖြစ်သွားတယ်။ ကျနော်မခံနိုင်တော့ဘူး။ စာအုပ်တွေအားလုံးကို အောက်ထပ် သံမံတလင်းပေါ်ချပြီး တစ်အုပ်မကျန်မီးရှို့ပစ်လိုက်တော့တယ်။ မီးတောက်တွေကို ကြည့်ပြီး ကျနော့်ရင်ထဲမှာလည်း မီးဟုန်းဟုန်းတောက်နေတယ်လေ။ ရင်ထဲကမီးက ပိုပူတယ်ဆိုတာ ပြောဖို့တောင်မလိုဘူးထင်ပါရဲ့။

စာအုပ်တွေမီးရှို့ပစ်တာကို အမိုးကတဆင့် ဆရာကြီးသိတော့ ချက်ခြင်း ကျနော့်ဆီရောက်လာပါ တယ်။ အဲဒီအချိန်မှာ ကျနော်အတော်ဖလက်ပြနေပြီ။ မုန်ယိုနေတဲ့ဆင်တစ်ကောင်လိုလား။ ဒါမှ မဟုတ် နာနေတဲ့ကျားနာတစ်ကောင်လိုလားတော့ ဘာဖြစ်မယ် ကျနော်မသိဘူး။ သေချာတာကတော့ ကျနော်အကြီးအကျယ်နာနေတာပဲ။ ဆရာကြီး ကျနော့်အခြေအနေမြင်တော့ အတော်စိတ် ထိခိုက်သွားပုံရပါတယ်။ သူ့မျက်နှာပေါ်မှာ ဖော်ပြလို့မရတဲ့ အသွင်ပြင်မျိုးလို့ ကျနော်ထင်တယ်။ မှိုင်းပြီးမှောင်နေတာမျိုးလည်း မဟုတ်ဘူး။ ဒေါသနဲ့ခက်ထန်နေတာမျိုးလဲမဟုတ်ဘူး။ ထိန်းချုပ် ထားရလို့ ခံရခက်တဲ့အရိပ်ယောင်လေးတော့ တွေ့ရတယ်။ ကျနော့်အတွက် သူလဲ စိတ်ထိခိုက်နေ တာသေချာတယ်လေ။ ဒါဟာမတရားမှုဆိုတာ သူလည်းသိနေတယ်လေ။ ပြီးမှ ကျနော့်ကို စကား တစ်လုံးချင်းပြောပါတော့တယ်။ ''စာအုပ်တွေ မီးရှို့ပစ်တာတော့ မကောင်းဘူး။ မတော်လို့အိမ်ပါ မီးလောင်သွားရင် မခက်ပါလား..''တဲ့။

''အိမ်ပါမဟုတ်ဘူး။ ကျနော်ပါ မီးထဲပါသွားရင် ပိုတောင်ကောင်းဦးမယ်..''လို့ပြောလိုက်တော့ သူက ''မင်းဘယ်လိုခံစားရမယ်ဆိုတာငါနားလည်ပါတယ်။ မင်းအစွမ်းကုန်လုပ်ခဲ့ပြီးပြီပဲ။ သူတို့က လက်နက်တွေ၊ အာဏာတွေနဲ့ မင်းသွားမယ့်လမ်းကို ပိတ် ဆို့လိုက်ကြတာ။ ကိုယ်မှန်းထားတဲ့၊ ကိုယ်အားခဲထားတဲ့ ကိုယ့်ရဲ့ဆန္ဒကို ပိတ်ပင်ခံလိုက်ရတာလောက် ခံရခက်တာ ဘာရှိဦးမှာလဲ။ ဒါပေမဲ့ ငါအခုပြောမှာ သေချာနားထောင်ကွာ။ မင်းအခု (၁ဝ)တန်းမဖြေရတော့ ဘာဖြစ်သေးလဲ။ ဘွဲ့မရတော့ကော ဘာဖြစ်သေးလဲ။ ဒီမှာ ..ဆယ်တန်း အောင်၊ ဘွဲ့ရဆိုတာ သာမန်ရွက်ကြမ်းရည်ကြို လူတွေအတွက်ပဲလိုတာပါ။ မင်းလိုအရည်အချင်းရှိ တဲ့လူတွေအတွက်တော့ ဆယ်တန်းအောင် ဘွဲ့ရဆိုတာမလိုပါဘူး။ အမေရိကန် သမ္မတတွေထဲမှာ အတော်ဆုံးလို့ ပြောလို့ရတဲ့ လင်ကွန်းကိုကြည့်..နောက် ဒေါက်တာနိုင်ပန်းလှ..နောက်..'' ဆိုပြီး နောက်ထပ်နာမည် သုံးလေးခုလောက် ဆက်ပြောပါသေးတယ်။ ကျနော့်နားထဲပဲ့တင်ထပ် ကျန်ခဲ့တာကတော့ 'ရွက်ကြမ်းရေကျို '...'မင်းလိုအရည်အချင်း ရှိသူတွေ' ..'ဆယ်တန်း အောင်ဘွဲ့ရ..လိုမလို' ဆိုတာတွေပါပဲ။

ကျနော်ဆရာကြီးကို သေသေချာချာကြည့်လိုက်မိတယ်။ ခါတိုင်းလို ရယ်ရယ်မောမောမဟုတ်ဘူး။ လေးနက်တည်ကြည်ပြီး ငြိမ်သက်နေတယ်။ တိုင်းပြည် ကို တိုက်ရိုက်စကားပြောနေတဲ့ သမ္မတတစ်ယောက်ရဲ့ဟန်မျိုး။ သူ့အသံက ခါတိုင်းနဲ့မတူဘူး။ ခပ်လေးလေး ဒါပေမဲ့ မာနေတယ်။ ဆယ်တန်းအောင် မအောင်ကိစ္စ သူအရင်က ပြောခဲ့တဲ့စကား ကျနော့်နားထဲ ပြန်ကြားယောင်လာတယ်။ ''သူသူငါငါ ဆယ်တန်းအောင်၊ ဘွဲ့ရနေတဲ့ခေတ်မှာ ကိုယ်က ဆယ်တန်းလေးတောင် မအောင်ဘူးဆိုတော့ လူရာမဝင်ဘူး၊ လူအထင်သေးခံရတတ်တယ်..'' ဆိုတာလေ။ အခုလေးတင် သူပြောလိုက်တဲ့စကားနဲ့ အရင်ပြောခဲ့တဲ့စကား အကြောင်း အရာတစ်ခုပေါ်မှာပဲ ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား။

ကျနော့်ရင်ထဲ သိချင်စိတ်ပြင်းပြလာတာနဲ့ ''ဆရာကြီး အရင်တစ်ခါက ဆယ်တန်းလေးတောင် မအောင်ရင် လူရာမဝင်ဘူး၊ လူအထင်သေးခံရ တတ်တယ်လို့ပြောခဲ့ဖူးတယ်မဟုတ်လား။ အခုတော့ ကျနော့်လိုလူတွေအတွက် ဆယ်တန်းအောင် ဖို့မလိုဘူးပြောနေပြန်ပြီ။ ရှေ့စကားနဲ့နောက်စကား ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား'' လို့ ပြောလိုက်တော့ သူက ''အေး ဟုတ်တယ်။ အဲဒီတုန်းက မင်းဖြေခွင့်ရှိတယ် မဖြေတာ။ အခုက ဖြေမယ်။ ဒါပေမဲ့ ဖြေခွင့်ပိတ်ခံရတယ်။ ရတနသုတ်ကျက်ခဲ့တာ မှတ်မိသေးလား။ ကျက်ရင် ရရဲ့ သားနဲ့ မကျက်ဘဲနေတာ။ မင်းရဲ့မခံချင်စိတ်ကို ဆွပေးလိုက်မှ မင်းကျက်တယ်။ တကယ်လည်း ရ ခဲ့တယ်။ ခုလည်း ဒီအတိုင်းပဲ။ ဖြေခွင့်ရှိတာကို မင်းက မဖြေချင်ဘူး။ မင်းဖြေရင်အောင်မယ်ဆို တာငါယုံတယ်။ မင်းစကားနဲ့ပြောရရင် အောင်ရုံတင်မကဘူး။ ဟိုဘက်ကမ်းတောင် လွန်သေး တယ်။ ဒါကြောင့် မင်းဖြေဖြစ်အောင် ငါတမင်ပြောလိုက်တာပဲ။ မင်းငါ့ကို စိတ်ကွက်သွားတယ် ဆိုတာလဲ ငါသိတယ်။ ဒါကြောင့် ကျောင်းအပ်ပြီးတာတောင် မင်းငါ့ကို အသိမပေးခဲ့ဘူး။ အခု အဲဒါတွေထားလိုက်တော့။ မင်းလိုလူအတွက် ဆယ်တန်းမအောင်လည်း ဘာမှမဖြစ်ဘူး။ ပင်ကိုယ် အရည်အချင်း ရှိပြီးသားပဲ။ ဘဝမှာလုပ်စရာတွေအများကြီး ရှိသေးတယ်။ အဲဒီအတွက် အားမွေး၊ ကိုယ့်ကို ကိုယ် တည်ဆောက်ရမှာ အရေးကြီးဆုံးပဲ။ မင်းလုပ်နိုင်သမျှ အစွမ်းကုန် လုပ်ခဲ့ပြီးပြီ။ မင်းညံ့လို့ မဟုတ်ဘူး။ မတရားမှုကြောင့် ကိုယ့်ရည်ရွယ်ချက် အထမမြောက်ရတာ။ ဘာမှ ဝမ်းနည်းစရာမလိုဘူး..'' ကျနော် ဆရာကြီးစကားတွေနားထောင်နေရင်း လေဟာနယ်ထဲ မြောက်တက်သွားသလို ခံစားလိုက်ရတယ်။ ရင်ထဲမှာလည်း ပေါ့ပါးလွတ်လပ် သွားသလိုမျိုး၊ ကာလတစ်ခု ထိ ဆရာကြီးပေါ် ''ဖု''နေတဲ့စိတ်အခံရော၊ အခုလောလောလတ်လတ် ခံစားနေရတာတွေရော အားလုံးလွင့်စင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။

ဆရာကြီးကိုကြည့်ရင်း ကျနော် လက်အုပ်ချီလိုက်မိတယ်။ ''ကျနော်ကို ခွင့်လွှတ်ပါ။ ကျေးဇူးကြီးလွန်းပါတယ် ဆရာကြီး'' လို့ပြောချင်နေတာ။ ဒါပေမဲ့ ပါးစပ်က ဘာအသံမှထွက်ကျ မလာဘူး။ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ရင်း ပါးပြင်ပေါ်မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ်။ ကျနော်စကားပြောချင်နေပေမဲ့ ပြောလို့ မရဘူး။ တဒင်္ဂ ဆွံ့အသွားသလို ခံစားနေရတယ်။ ရင်ထဲမှာ စကားတွေအဆက်မပြတ်ပြောနေသလိုပဲ။ ဆရာကြီးက လက်အုပ်ချီထားတဲ့ ကျနော့်လက်ကိုကိုင်လိုက်ပြီး ကျနော့်ခေါင်းကို သူ့ ရင်ဘတ်နဲ့ထိပြီး ဖိထားလိုက်တယ်။ ကျနော့်ရင်ထဲကစကားကို ဆရာကြီးသိသွားပြီလေ။ တကယ်ဆို ကျနော့်ရင်ထဲ ထိုးဖောက်မြင်နိုင်တဲ့သူဟာ ဆရာကြီးပဲလေ။ ခုလို ကျနော် မျက်ရည် ပိုးပိုး ပေါက်ပေါက်ကျတာကို ဆရာကြီးမြင်ဖူးတာ ပထမဆုံးပါပဲ။ ပြီးတော့နောက်လည်းနောက်ဆုံးပါပဲ။ (၂ဝဝ၇၊ ဇန်နဝါရီ နံနက်ခင်းနှင်းတွေကြားမှာ ကျတဲ့မျက်ရည်တွေကိုတော့ သူမမြင်နိုင်တော့ဘူး။ သူမှမဟုတ်ပါဘူး။ ဘယ်သူမှမမြင်နိုင်အောင် နံရံတွေအထပ်ထပ်ခြားထားကြတယ်လေ။)

ဆက်ပါအုံးမည်..


15 comments:

pandora said...

ဖတ်သွားပါတယ်. စာရေးသူနဲ့ထပ်တူ လိုက်မျောသွားတယ်။

CONTACT said...

ချိုသင်းရေ...comment မရေးချင်ပေမယ့် ရေးလိုက်ရပါတယ်...
ဝမ်းနည်းလွန်းလို့ ပါ... KM

မောင်မျိုး said...

ကိုနေခြူးကို သနားလိုက်တား(
ကြိုးစားချင်တဲ့စိတ်ရှိတော့ အခွင့်ရေးကမရ
စာအုပ်တွေ မီးရှို့ မျှော်လင့်ချက်တွေရိုက်ချိုး ခံလိုက်ရတဲ့နေ့ သူဘယ်လောက်များ ခံစားရလိုက်မလဲဗျာ ရူးမတက်ဖြစ်နေမှာပဲ ကျနော်သာဆိုရင်...အတွေးထဲမှာတောင် ကြောက်နေမိတယ် ကံဆိုးလိုက်တာ အစ်ကိုရာ ၂၀၀၇ ဇန်န၀ါရီမှာ ကျခဲ့တဲ့ မျက်ရည်တွေကို ဘယ်သူမှမမြင်ရ နံရံတွေ အထပ်ထပ် ဆိုတော့ သူနောက်ထပ်တစ်ခေါက် ထောင်ထက်ကျသေးလို့လား အစ်မ ။

ဇနိ said...

အမချိုသင်းရေ ဆက်မျှော်နေမယ်နော်။
နိနိ

အိန္ဒြာ said...

"" အစ်မရေ...""



ထပ်မျှော်ရပြန်ပြီ

sin dan lar said...

အစ်မရေ...
၃ နဲ့ ၄ ကို ဆက်တိုက်ဖတ်သွားတယ်...။
ဆက်ပဲ ဖတ်ချင်နေတော့တယ်...။

TNS said...

မမိုး..
စာလာဖတ်သွားပါတယ်...
ဖတ်နေရင်းဘဲ ဆရာကြီးကို လေးစားမိသလို..
ကိုနေခြူးလို လူငယ်တွေ မြန်မာပြည်မှာ
ဘယ်လောက်များနေပြီလည်းဆိုတာကို တွေးပြီး စိတ်မကောင်းဘူးဗျာ..။

သက်ဝေ said...

ရသမျိုးစုံ ခံစားရပြီး
နောက်ဆုံးမှာတော့ မတရားမှုတစ်ခုကို
မခံချင်တဲ့စိတ်နဲ့  အဆုံးသတ်သွားတယ်...

henry said...

ဘလော့ တွေကို ပိတ်ပင်ထားလို့  ဖတ်ခွင့် မရှိတဲ့  မြန်မာပြည်ထဲက သူငယ်ချင်းတွေအတွက်
ကျွန်တော် Copy Paste လုပ်ပေးပြီး Email ကနေ ထပ်ဆင့်  ပြီး “ ဧည့် သည်ကြီး ” အကြောင်းကို လက်ဆင့် ကမ်းလိုက်ပါတယ် အမရေ.....

myatnoe said...

အမရယ် ကောင်းလွန်းလို့ အထပ်ထပ်ပြန်ဖတ်ချင်နေမိတယ်။

ပြန်တင်ပေးတဲ့အမကို ကျေးဇူးတင်ပါတယ်။

မအားသေးလို့ နောက်မှ တခါ ပြန်ဖတ်ရမယ်။ အခုတော့
ထမင်းစားချိန်လေတွေ ကိုယ်ကြိုက်တဲ့ ဘလော့ကို အပြေးအလွှားဖတ်နေရတာ အမရေ..

HAPPYCLOUD said...

ဖတ်ရတာ အရှိန်တော့တက်နေတယ်ဗျ.. ထပ်မျှော်ရအုံးတော့မှာပဲ...း)

ခင်မင်လျက်...
ဝိတ်သား..(အဲလေ)
မိုးမောင်

မီယာ said...

ဖတ်ပြီး ပါပြီ အမ...ဆက်ရန်ကိုမျှော်နေပါတယ်

Republic said...

အစ်မ MCT ဖတ်ရတာ အဓိပ္ပါယ်ရှိ လွန်းလို့ ဘာမှမပြောတတ် အောင် ပါပဲ၊၊

mainnmainn said...

အမေ၇
စာမေးပွဲတွင်းတောင်အမဆီကို
ိုမလာပဲမနေနိုင်ဘူးအမရေ...
ဆက်ဖတ်ဖို့စောင့်ရပြန်ဦးမယ်ပေါ့အမရယ်..
ရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်မယ်ဆိုတာ
ရင်တထိတ်ထိတ်နဲ့ပါပဲ....

tututha said...

အစ်မရေ စာအုပ်တအုပ်အဖြစ် မြင်ရရင်ကောင်းမှာပဲ။ ထပ်ပြောတာနော်အစ်မ။ ဆက်ဖတ်ချင်လိုက်တာ။