မီးရထားနှင့် ခရီးသွားခြင်း


လွန်ခဲ့တဲ့ ၂နှစ်တုန်းက ဒီနေ့ ဒီအချိန်ပါပဲ။

ပြက္ခဒိန်ထဲမှာ ဒီနေ့ ဒီရက်ကို ထုတ်ပစ်လို့ရရင် ထုတ်ထားလိုက်ချင်ပါတယ်။ မမျှော်လင့်ဘဲ အဖေ ရုတ်တရက် ခွဲခွာသွားတဲ့နေ့။

မနက်စောစော ရုံးသွားခါနီး နှုတ်ဆက်တော့ အဖေ့ကို နောက်ဆုံး အသက်ရှင်ရက် မြင်လိုက်ရတာပါပဲ။ ထုံးစံလို စားပွဲမှာ ထိုင်ပြီး ဆေးလိပ်ဖွာလို့။ စားပွဲပေါ်မှာ ဆေးလိပ်ပြာခွက်၊ ကော်ဖီ၊ မုန့်၊ မီးခြစ်။ အိမ်ကအထွက် တံခါးဝကို ကျောပေးထိုင်နေတဲ့ အဖေ့ကျောပြင်ကြီးကို နောက်ဆုံး တွေ့ရခြင်းပါပဲ။

သွားတော့မယ် အဖေ၊ အေး…အေး၊ ဖြေးဖြေးသွား သမီး။

တကယ်က ဘယ်သူက အပြီးသွားမှာလဲ။ ဘယ်သူက အပြီး နှုတ်ဆက်တာလဲ။ သားအဖ နှစ်ယောက်စလုံး မသိကြ။ သိရင်လဲ အလုပ်ကို ဘယ်သွားပါ့မလဲ။ အဖေ့ကျောပြင်ကြီးမှာ ပါးအပ်ထားမိမှာပေါ့။ ခွဲရမယ်မှန်းသိရင် အဖေ့ကိုယ်ဝဝကြီးကို နောက်ကနေ ဖက်ပြီး မျက်ရည်တွေနဲ့ ပေကျံ စွန်းထင်းစေမှာပေါ့။ မသွားပါနဲ့ မသွားပါနဲ့လို့ တားမိမှာပေါ့။

ဒီလိုနဲ့ ညနေက စောင်းပြီ။ ၄နာရီခွဲပြီ။ သမီးတို့ကို ဘူတာကအပြန် ဒီဆိုင်လေးက စောင့်မယ် တဲ့။ ဆိုင်က အမိုးလေးတွေ သပ်သပ်ရပ်ရပ်နဲ့ လှသတဲ့။ အဖေက သူ့ချစ်သမီးကို ထိုင်ရင်း လဲကျ စောင့်ခဲ့ရှာတယ်။ အဖေ မရှိတဲ့နောက် ကိုယ် တနှစ်လောက် အဲဒီဆိုင်လေး ရှေ့က မဖြတ်ရဲခဲ့ဘူး။ ပုဆိုးကြီးစီးပြီး လွယ်အိတ်လေးလွယ်လို့ ဘယ်အချိန်များ တွေ့လိုက်ရမလဲ မြင်ယောင်မိလို့။

အဖေ့ ဝိညာဉ်လေး လွင့်ပျံ့တဲ့နေရာလေး။ Uruapan တဲ့။ (ဥူရူရာပန် လို့ အသံထွက်ပါတယ်) မက္ကဆီကန် ဆိုင်လေးပါ။ ကိုယ်စာရွက်လေးပေါ်မှာ တလုံးချင်းရေးပြီး မက္ကဆီကန်သူငယ်ချင်းတွေကို အဓိပ္ပါယ် မေးခဲ့ရတာ။ မက္ကဆီကိုက မြို့လေး တမြို့ နံမည်ပါပဲ တဲ့။ မြို့ကြီးလဲ မဟုတ်၊ ဒါပေမဲ့ သိပ်လှတဲ့ မြို့လေးပါ တဲ့။ အဲဒီမြို့မှာ ထင်းရူးပင်တွေ ရှိတယ်၊ တောင်တွေ ရှိတယ်၊ ပင်လယ်ကြီးကိုလဲ မြင်ရတယ် တဲ့။ ကိုယ် မျက်ရည်တွေနဲ့ နားထောင်ခဲ့ရတာ။

အဖေမရှိတဲ့နောက် အဖေ စိတ်ကျေနပ်မဲ့ အလုပ်မျိုးပဲ ကိုယ်တတ်နိုင်သမျှ ကြိုးစား လုပ်ခဲ့ပါတယ်။ အဲဒါ အဖေ ပြောတဲ့ ကောင်းသော သတိရခြင်းပါပဲ။ အဖေ ရေးစေချင်တဲ့ စာကိုလဲ ပြန်ရေးဖို့ ကြိုးစားခဲ့ပါတယ်။ အဖေပြောသလို စိတ်ကို ဖြူအောင်ထား၊ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေ၊ ကျန်းမာရေး ဂရုစိုက်။

အဲဒီနေ့က အဖေ့မိတ်ဆွေ ဦးလေးကြီးနဲ့ အဖေ ရထားပတ်စီးခဲ့တယ်။ အဖေရော ကိုယ်ရော ရထားတွေကို ချစ်တာ တူတယ်။ ပိုင်ရှင်မဲ့ ကျန်ခဲ့တဲ့ အဖေ့ လွယ်အိတ်လေးထဲမှာ ရထား အချိန်ဇယား စာအုပ်လေး တအုပ်၊ ရထားလမ်း မြေပုံလေး တခု။ ပြန်လာရင် သမီးကို ပြမယ်လို့ ရည်ရွယ်ပုံပါပဲ။ အဖေ ရထားစီးတတ်သွားပြီ သမီး၊ အဖေတို့ သွားစီးကြရအောင်၊ သမီးကို အဖေ လမ်းပြမယ် လို့များ ပြောလေမလား။

ဘဝဆိုတာ အဖေ တခါက ရေးခဲ့ဖူးသလို မီးရထားနဲ့ ခရီးသွားခြင်း ဆိုပါတော့..။ အဖေ Uruapan ဆိုတဲ့ ဘူတာလေးမှာ ဆင်းနေခဲ့ပြီ။ နှင်းမှုန်တွေ ဝိုးတဝါးမှာ လွယ်အိတ်လေးလွယ်လို့ ခပ်သုတ်သုတ် ဆင်းသွားခဲ့ပြီ။ ခရီးဆက်ပေအုံးတော့ သမီးတို့ရေ..။ အဖေကတော့ ဘဝအမောတွေမှာ ခဏ မှေးစက် နားချင်ပြီ။ အဖေ့ မျှော်လင့်ချက်တွေ အဖေ့ ယုံကြည်မှုတွေ ထားပစ်ခဲ့ပြီ။ သွားနှင့်ပြီ သမီးတို့ရေ..


အဖေနောက်ဆုံး စီးခဲ့တဲ့ ရထားလက်မှတ်လေး

အရင်ကတော့ ဒီရထားကြီးပေါ်မှာ အဖေရယ်၊ အမေရယ် ကိုယ်တို့ မောင်နှမတတွေရယ်၊ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် အတူ ခရီးသွားခဲ့ကြတာ။ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ်တွေကိုလဲ ရဲရဲကြီး ဖြတ်သန်းခဲ့ကြတယ်။ ရထားပြူတင်းကနေကြည့်ရင် တောင်ယာမီးခိုးလေးတလူလူနဲ့ သင်းပျံ့တဲ့ မြေဆီနံ့ကို လတ်လတ်ဆတ်ဆတ် အတူ ရှူရှိုက်ခဲ့ဖူးတယ်။ ညစာ ပူပူနွေးနွေးကို လက်ထဲမှာ တမြတ်တနိုးထည့်ပြီး ကိုယ်တို့ကို ကျွေးမွေးခဲ့ကြတယ်။ ကိုယ်တို့ မေတ္တာတွေနဲ့ မြိန်ယှက် ပျော်ရွှင်ခဲ့ဖူးတယ်။

ပထမဆုံး ရထားပေါ်က အမေဆင်းသွားတုန်းက အဖေ ရင်မှာ မချိခဲ့။ အမေ့ကို သတိတရနဲ့ အဖေ ဒီကဗျာလေးကို ရေးပါတယ်။ ဖတ်ကြည့်ပါအုံး။

မီးရထားနဲ့ ခရီးသွားခြင်း

မီးရထားကား
မညည်းမတွား ခုတ်မောင်းလျက်။

သူနဲ့တူစုံ၊ ထိုင်ခုံ ယှဉ်လျက်
ခရီးထွက်ခဲ့
သူ့လက်ကိုကိုင်၊ အပြုံးပြိုင်ကာ
ထိုင်ခုံပေါ်မှာ နှစ်ယောက်တည်း။

တမာရိပ်အေး၊ ဘူတာကလေးတွင်
နီထွေးဆံပင်၊ ပြုံးရွှင်ရွှင်နှင့်
ချစ်ခင်ဖွယ်ရာ ကလေးတယောက်။

ပါးကွက်ကျားနှင့်
သနားဖွယ်ရာ နောက်တယောက်။

နောက်ဘူတာတွင်
ဖွာရာ ကောက်ကွေး၊ ဆံပင်ထွေးနှင့်
ကလေးတယောက်။

တက်လာပြန်ပြီ
ပြုံးဟန်ချိုမြ၊ လှပနုထွေး
သမီးလေး တယောက်။

နောက်တယောက်မှာ
ယောကျာင်္းကလေး၊ သားရွှေသွေးပေါ့
တထွေးတမြုံ ကလေးတပြုံ။

ပျော်စရာပင်
ဘူတာစဉ်ဆိုက်၊ စားလိုက် သွားလိုက်
ရယ်မောလိုက်နှင့်
တသိုက်ကြီးပင်၊ ခရီးစဉ်တိုင်း
ကြင်နာသမှု သူပြုစု။

နွေပန်း ဆောင်းပန်း၊ မိုးဦးပန်းတို့
တလမ်းလုံးပင် ပန်းလွင်လွင်နှင့်
ပျော်ရွှင်စရာ ခရီးစဉ်။

တညသား၌
ရထားအဆိုက်၊ မှောင်မိုက်ညထဲ
သူလမ်းခွဲ၍
နှင်းမှုန်ထဲမှာ ဆင်းခဲ့ပြီ။

ကိုယ်နှင့် ကလေးများ၊ ဤရထားတွင်
တံခါးပြတင်းပေါက်၊ မေးကိုထောက်ရင်း
တအောက်မေ့မေ့ ထွက်ခွာသည်။

မီးရထားကား
မညည်းမတွား၊ ခုတ်မောင်းလျက်။

တင်မိုး
၂၆-၁၂-၉၀


အခုတော့ အဖေလဲ နှင်းမှုန်ထဲမှာ လမ်းခွဲ ဆင်းခဲ့လေပြီ။ မျက်ရည်တွေနဲ့ နှင်းစက်တို့ ရောထွေး ဝေဝါးသွားကြပြီ။ အနုပညာကို မြတ်နိုးတဲ့ မြန်မာပြည်ကို ချစ်တဲ့ အညာသားကြီးတယောက် ဟိုး အဝေးမှာ လက်ပြ ကျန်ရစ်ခဲ့ပြီလေ။ မှုန်ပျပျပေမဲ့ အဖေ့သဏ္ဍာန်က စိတ်ထဲမှာ စွဲမြဲထင်ရှားတုန်း..။

မီးရထားကား မညည်းမတွား ခုတ်မောင်းလျက်။ ။


မိုးချိုသင်း

48 comments:

ဦးဂင်ကြီး said...

ဆရာဦးတင်မိုး အမှတ်တစ်ရ ရေးထားတာလေးလာရောက်ခံစားမှာတ်ချက်ပြုပါတယ် မမိုးချိုသင်းခင်ဗျား။ ဆရာကြီးကို လေးစားတသတဲ့အထဲမှာ ကျနော်တို့လဲပါပါတယ်။

လေးစားလျှက်

နွေးနေခြည် said...

စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ် အမ..
ဆရာက မြန်မာပြည် လက်ဖက်ရည်ဆိုင်က ခွေးခြေပုလေးကို လွမ်းတယ်၊ ယိုးဒယားနယ်စပ်ကနေ မြန်မာပြည်ဘက်လှမ်းကြည့်ပြီး လွမ်းနေတယ် ဆိုတာတွေကို အဖေနဲ့ အမေ ပြောတာ ခဏခဏကြားဖူးပါတယ်။

JuneOne said...

လာရောက်ဖတ်ရှုရင်း စိတ်မကောင်းဖြစ်မိပါတယ်။

wai said...

Ama yay,
I am so sad for your father. I can't type and express my emotion.
The train----ya, very poetic !

khin oo may said...

ဆက်မဖတ်ရက် မဖတ်ရဲဘူး. ငိုချင်တယ်.
အဖေရေ.....

MyowinZaw said...

စကားလုံးတွေထဲဒီစကားလုံး သူများကိုလဲမပြောခြင်သလို ကိုယ်ကိုတိုင်လဲမခံစားရဲ မြန်မာ့ပြည်သူ့ကဗျာဆရာကြီး ဦးတင်မိုး ၀မ်းနည်းစရာ နေ့ရက်တရက်က ၂ နှစ်တောင်ပြည့်ပြီ

ဇနိ said...

အမချိုသင်းရေ စိတ်မကောင်းရင်းနဲ့ စာဖတ်သွားပါတယ်။ အမချိုသင်းဖေဖေ ဆရာကြီး ဦးတင်မိုးပြောတဲ့ စိတ်ကိုဖြူအောင်ထား၊ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေ၊ ကျန်းမာရေးဂရုစိုက်ဆိုတဲ့ အဖိုးတန်စကားလေးတွေလည်း မှတ်သွားပါတယ်။
အမအဖေဖြစ်စေချင်သလို အမက လိုက်လုပ်တဲ့အတွက် ကောင်းသောသတိရခြင်းတွေပါ အမရယ်။
ရထားချစ်သော အမတို့ သားအဖ ဓါတ်ပုံလေးကိုလည်း ကြည့်ရင်း စိတ်မကောင်းဖြစ်မိပါတယ်။
နိနိ

ဇနိ said...

အမရေ- ဆရာကြီးရဲ့ ဒီနေ့ကို ရောက်လာတော့မယ်ဆိုတာ ခပ်စောစောကတည်းက သတိရနေမိတယ်... မဇနိကိုလည်း ပြောပြဖြစ်တယ်.. ဆရာကြီးရဲ့ အသံဖိုင်တွေ မိုးမခမှာ ရှိတယ်လို့ (အခု ပြန်ရှာတာ မတွေ့သေးဘူး)... မိုးမခကို အမြဲဖတ်ဖြစ်တော့ ဆရာကြီးနဲ့က အမြဲတွေ့ပြီး ရင်းနှီးချစ်ခင်နေတာပါ... ဆရာကြီး သီချင်းဆိုတဲ့ ဗွီဒီယိုဖိုင်တွေလည်း အမှတ်ရမိတယ်.. စိတ်ထားအလွန်နူးညံ့သော ဆရာကြီးတစ်ယောက် ကောင်းရာဘုံကနေ သူ့သမီး အမ - စာရေးနေတာကို ဆေးလိပ်ကြီးခဲပြီး ပြုံးပြုံးကြီးနဲ့ ကြည့်နေမှာပါ...

ခင်မင်းဇော် said...

အမက ဆရာကြီး ၂ နှစ်ပြည့်အမှတ်တရ မှတ်တမ်းလေး တခုကို ဒီဗွီဘီအတွက် လုပ်ပေးနေတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

ZT said...

ဖတ်ရတာ စိတ်မကောင်းဘူး။ :(

မမသီရိ said...

ရင်နဲ့ခံစား ဖတ်သွားပါတယ်..

Republic said...

အစ်မ MCT ... ကိုယ်ချင်းလည်းစာတယ် ၊၊ ကိုယ်တိုင် လည်း နားလည် ခံစားလို့ရပါတယ်ဗျာ ၊၊

khin oo may said...

စိတ်ပြေလက်ပျောက် ထမင်းသွားစားနော်.ဟင်းမကောင်းဘူး မဟုတ်လား.သိနေတယ်လေ။

http://juneone-juneone.blogspot.com/2009/01/juneone.html

MANORHARY said...

စိတ်ထဲလုံးဝမကောင်းဘူး ချိုသင်းရေ
ဒီနေ့ကိုသိနေသလိုချိုသင်းတစ်ခုခုရေးမယ်
လို့လည်းမျှော်လင့်ထားတယ်
တကယ်တက်လာတော့ဖတ်ရင်ငိုချင်လာတယ်
ရထားကြီးပေါ်မှာ တို့တွေလည်းရှိသေးတယ်နော်
မမေ့နဲ့

pandora said...

မျက်ရည်ဝဲရပါတယ် အစ်မရယ်

အောင်သာငယ် said...

မျက်ရည်တွေကြားက ဆုံးအောင် ဖတ်သွားပါတယ်
ငါ့ ညီမရေ...
ဘ၀တူတွေမို့ ကိုယ်ချင်းစာ ထပ်တူ ကြေကွဲရပါတယ်... တို့တွေကတော့ အားမွေးရင်းနဲ့ပဲ ခရီးဆက်ကြရဦးမှာမို့လား...

အပြုံးပန်း said...

ဘာရေးရမှန်းတောင် မသိတော့ဘူး။
ရေးပြသွားတာကို စိတ်နဲ့ခံစားမြင်ယောင်မိတယ်။ ကဗျာလေးကူးထားလိုက်တယ် အစ်မ။

nu-san said...

ဒီစာဖတ်ကို ဖတ်ရင်း မျက်ရည်ကျရတယ် အမ။ အမဆိုရင် ဘယ်လိုခံစားနေရမလဲဆိုတာ တွေးကြည့်လို့ပါတယ်..

mainnmainn said...

အမနဲ့ထပ်တူဝမ်းနဲကြေကွဲမိပါတယ်

ရွာသားလေးဝိုင်တီယူ said...

ဒီမီးရထားက ရင်ခုန်သံတွေနဲ့အတူ ဂျုပ်ဂျက်ဂျုပ်ဂျက်ခုတ်မောင်းနေတာပါအမရာ။ ဆရာကြီးအတွက် ဂုဏ်ယူကျေနပ်ခြင်းနဲ့ ဖြေသိမ့်နိုင်ပါစေအမရေ...

မောင်မျိုး said...

မမ ရဲ့ အဖေ မှန်းတစ်နေ့က မပန်ဒိုရာ ရဲ့ပို့စ်လေးမှာ ရေးသွားတဲ့ ကော့မန့်လေးကျမှပဲသိတော့တယ်။ ထပ်တူစိတ်မကောင်းခြင်းများစွာနဲ့ ဖတ်သွားပါတယ်ဗျာ ။

TZA said...

ခံစားရပါတယ်အစ်မ။

GreenGirl said...

ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်...
ဟုတ်တယ်နော်...အားလုံးက ရထားနဲ့ ခရီးသွားသူတွေ...

ယောနသံစင်ရော် said...

အမချိုသင်းရေ..ထပ်တူဝမ်းနည်းရပါတယ်။

ရှင်မင်းညို said...

မမိုးချို..
မိသားစုအားလုံးနဲ့အတူစိတ်မကောင်းပါ.. DVB ကလွင့်တဲ့ ဆရာကြီးအမှတ်တရ ကိုကြည့်ပြီးလဲစိတ်မကောင်းဖြစ်ရပါတယ်.....

masumon said...

အစ်မရေ
ချင်းမိုင်တုန်းက အဘနဲ့ ဆုံခွင့်ရခဲ့တဲ့ အကြောင်းလေး အမှတ်တရ ဒီနေ့ ရေးဖြစ်တယ်...

Khin Ma Ma Myo said...

စိတ်မကောင်းစွာနဲ့ လာဖတ်သွားပါတယ် အမ။ ဆရာကြီး ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အောက်မေ့ဖွယ် အမှတ်တရစာလေးကိုလေး ကျွန်မဘလော့မှာ တင်ထားပါတယ်။ ဆရာကြီးက လူသေသွားပေမယ့် နာမည်မသေပါဘူး အမရယ်။ ကျွန်မတို့နှသားလုံးသားထဲမှာ ဆရာကြီးက အမြဲရှင်နေပါတယ်။

ခင်မမမျိုး

tg.nwai said...

စိတ်မကောင်းဘူး ချိုသင်းရယ်..အဲဒီနေ့တွေတုန်းက တံတားလေးနဲ့အိမ်ကလေး တံခါးတွေ အကုန်ဖွင့်.. မီးတွေလည်း လင်းထိန်လို့။ ၂-နှစ်တောင် ရှိသွားခဲ့ပြီလား။ တို့တွေ အားလုံးရဲ့ နှလုံးအိမ်ထဲမှာ..သားငယ်သမီးငယ်တို့ရဲ့ နူတ်ဖျားမှာ ဆရာ့ကဗျာလေးတွေ ရှင်သန်နေတုန်းပါပဲ...။ ဘယ်တော့မှ.....။

P.Ti said...

ဆရာကြီးတင်မိုးရဲ့ ရိုးရှင်းတဲ့ကဗျာတွေ အင်မတန်အသက်ပါတယ်။ မီးရထားနဲ့ ခရီးသွားခြင်း ကိုဖတ်ပြီး အဖြစ်အပျက်ကလေးတွေ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းနဲ့မြင်ပြီး ခံစားရတယ်...

ဆရာကြီးတင်မိုးရဲ့ ရိုးသားဖြူစင်ခြင်းကတော့ အမြဲရှင်သန်နေမှာပါ။

မီယာ said...

ကဗျာလေးကိုဖတ်ပြီး ၀မ်းနည်းလိုက်တာ.. အဖေနဲ့ အမက အနီးကပ် နောက်ဆုံးနေခဲ့ရတာက ကောင်းကြီး မင်္ဂလာတမျိုးပါ..အမလိုပဲ အဖေ အမေ နဲ့ မောင်လေး တစ်ယောက် သွားနှင့်ကြပြီ။ အခုထိ တယောက်တည်း ကြိတ်ငိုနေရတုန်းပဲ။

strike said...

MCT ရေ""""""""......

ပုံရိပ် / Pon Yate said...

အစ်မရယ် ဖတ်ပြီး မျက်ရည်ဝဲ ရပါတယ်။

ရွှေဂျမ်း said...

အမရေးတာလေးရော အမဖေဖေရေးတဲ့ ကဗျာလေးရော ဖတ်ပြီး မျက်ရည်ကျမိတယ်။း(

D Soe said...

အမရေ...ရင်ထဲမှာ တကယ်မကောင်းဘူး...။

ကောင်းကင်ကို said...

:-( ဆရာကြီး အလွမ်းပြေ လာဖတ်သွားပါတယ်။ ဆရာ့ရဲ့ ကဗျာဥာဏ်ကတော့ အံ့သြစရာပါပဲဗျာ။ ဆရာကြီးက စကားပြေလည်း အရေးကောင်းတာပဲ။ ငယ်ငယ်တုန်းက "သချိ င်္ုင်းကုန်းမှာ" ဆိုတဲ့ ဆရာကြီးရေးတဲ့ ရသစာစုမျိုးလေးတွေ ပြန်ဖတ်ချင်လိုက်တာ။ အခုစာအုပ်ပါမလာတော့ဘူး။

သက်ဝေ said...

ဖတ်ရတာ ၀မ်းနည်းစရာ...
အဖေ့ကို ကောင်းသောသတိရခြင်းနဲ့  သတိရနေတဲ့
ချိုသင်းကို ဟိုး... မြင့်မြတ်တဲ့ နေရာတစ်ခုကနေ လှမ်းကြည့်ရင်း ကျေနပ်နေမှာပါ...

slt said...

အရမ်းအရမ်း ကို ကောင်းတဲ့ ပိုစ့် လေးပါ...ကဗျာလေးကလဲ ခံစားချက် ပြင်းပါတယ်...

sin dan lar said...

စိတ်မကောင်းပါဘူး.. အစ်မရေ..

လင်း said...

ကောင်းသော သတိရခြင်းတွေနဲ့  သတိရနေပါ အမ။ တနေရာကနေ အမလှမ်းတဲ့ ခြေလှမ်းတိုင်းကို ပြုံးပြီး ကြည့်နေမှာ သေချာပါတယ်။

အိန္ဒြာ said...

အစ်မ....

သည်းသည်းထန်ထန် ငိုချပစ်ချင်တာ.....
ဖေဖေဆုံးတော့..ညီမက ဆယ်နှစ်ပဲရှိသေးတာအမ..
ဘာနဲ့မှမတူတဲ့..ခံစားချက်တွေက ရင်ထဲမှာ..
အမြဲတမ်း...နာကျဉ်ကြေကွဲ..အားငယ်နေခဲ့ရတာ
ဒါတောင်..အဖေနဲ့ သိပ်မသိတတ်တဲ့ကာလတွေမှာပဲအတူတူနေခွင့်ရခဲ့ပြီး
အဖေတန်ဘိုးကို ပြည့်ပြည့်၀၀နားလည်တတ်သေးတဲ့ အချိန်မှာပါ..

အစ်မ ဘယ်လောက်အထိ ခံစားလိုက်ရမယ်ဆိုတာ..
တွေးမကြည့်ရက်အောင်ပါ..အစ်မရယ်...

(ဘူတာတစ်ခုမှာဆင်းကျန်ရစ်ခဲ့တာ တဲ့လား.....)

အခုဆက်စီးနေတဲ့ ရထားမှာ..
အစ်မတို့ ဇနီးမောင်နှံနှစ်ယောက်
အစစ အရာရာ အဆင်ပြေချောမွေ့ ပြီး..သာယာပျော်ရွှင်နိုင်ပါစေ.လို့

ချစ်ခင်လေးစားတဲ့

ကလိုစေးထူး said...

အပေါ်မှာ စာနှစ်ပုဒ်ကို ဖတ်ပြီး ဆို့နင့်လာခဲ့တဲ့ စိတ်တွေက ဒီစာကိုဖတ်ရတော့လဲ မျက်ရည်ထပ်ဝဲရစေပြန်တာပဲ အမရယ်။

JulyDream said...

မီးရထားကြီးတော့ ခုတ်မောင်းနေဆဲပါ...

တန်ခူး said...

ချိုသင်းရေ… စကားလုံးတွေ ကွယ်ပျောက်သွားတဲ့အထိ ရှိုက်ငိုနေမိတယ်… လွန်ခဲ့တဲ့ ၂ နှစ် ဒီလို အချိန်တုန်းက မမျှော်လင့်ပဲကြားလိုက်ရတဲ့ အဲဒီသတင်းကြောင့် တို့ တွေငိုခဲ့မိတယ်… ခုလဲငိုနေမိတုန်း… လွမ်းနေတုန်းပါ…

khin said...

မမိုးချိုသင်း ကျွန်မစိတ်ဆင်း၇ဲ၇င်ကုစားတဲ့နည်းလမ်းထဲမှာအမ၇ဲ့စာတွေကိုလာဖတ်တာလဲပါတယ်။အမ၇ဲ့စာတွေဟာလဲဆ၇ာဦးတင်မိုး၇ဲ့စာတွေ၊ကဗျာတွေလိုဘဲေ၇းသူ၇ဲ့နူးညံ့ကောင်းမွန်တဲ့စိတ်နှလုံးကိုမြင်သာစေတယ်လို့ထင်ပါတယ်။ကျွန်မတို့မောင်နှမတွေဟာလည်းဆ၇ာ့ကဗျာတွေနဲ့ကြီးပြင်းခဲ့တာပါ။မီး၇ထားနဲ့ခ၇ီးသွားခြင်းကိုဖတ်ခဲ့၇စဉ်ဟိုအချိန်ကတည်းကမိုးချိုသင်းကဘယ်တယောက်ပါလိမ့်လို့တွေးခဲ့ဘူးတယ်။အားကျတယ်။ဒီနေ့လည်းဂျွန်ဝီလျံယက်တောလွတ်တဲ့သတင်း၊ဒေါ်စုသတင်းတွေဖတ်ပြီး
ဒီကိုလာခဲ့ပါတယ်။၈၈မှာ၁၀တန်းအောင်ခဲ့တာပါ။လွမ်း၇၊ပျော်၇၊မျက်၇ည်ကျ၇၊၇ယ်၇အောင်စာေ၇းတတ်တဲ့မမိုးချိုသင်းကျန်းမာပျော်၇ွှင်ပါစေ။

khin said...
This comment has been removed by the author.
nyein phay phay said...
This comment has been removed by the author.
nyein phay phay said...

ဆရာ့ လို အဖေမျိုး ဖြစ်ချင်တယ်...ဆရာမ လို သမီးလေး လိုချင်တယ်

Kenneth Wong said...

I had the chance to hear Saya Tin Moe speak about poetry and life when he was in San Francisco Bay Area for a literary talk in 2003. Once in a while, I still reread his old poems. I did a translation of "Traveling by Train." http://kennethwongsf.blogspot.com/2014/07/traveling-by-train-by-tin-moe.html