ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး - ၅

အဲဒါဖြစ်ပြီး တစ်ပတ်လောက်အကြာမှာ ဝေမိုးကျနော့်ဆီရောက်လာတယ်။ သူက ပြန်လွတ်လာ တာ မကြာသေးဘူး။ လွတ်လွတ်ပြီးချင်း ဘုန်းကြီးဝတ်တော့ ကျနော်နဲ့ဆရာကြီးတို့ သွားကြသေး တယ်။ အခုသူက ဘုန်းကြီးထွက်ခါစ အိမ်မှာအနားယူနေတဲ့အချိန်။ ကျနော့်ဆီတော့ မကြာခဏ လာတတ်တယ်။ အခုလာတာကတော့ အလုပ်ကိစ္စနဲ့ပါ။ ''အကို့ ကို လူတစ်ယောက်ကတွေ့ချင်လို့ တဲ့။ အရေးကြီးတယ်။ လျှို့ဝှက်တွေ့ရမှာ..''။ တွေ့မယ် သူဘယ်သူလဲ လို့မေးလိုက်တော့ သူက ''ဘယ်သူလို့မပြောရဘူးလို့ မှာလိုက်တယ်။ တွေ့ရင်သိမှာပဲ။'' ဒါဆို ငါမတွေ့တော့ဘူးကွာ။ မင်းပဲ စဉ်းစားကြည့်။ အခုလို နိုင်ငံရေးအခင်းအကျင်းမျိုးမှာ ဘယ်သူမှန်းလည်း ကြိုမသိ၊ အရေးလည်း ကြီး၊ လျှို့ဝှက်လည်း ဆိုသေး ဆိုတော့ ငါမတွေ့တော့ဘူးကွာ..''။ ဝေမိုးပြန်သွားတယ်။ ကျနော် ပြတဲ့အကြောင်းပြချက်က ခိုင်လုံနေတယ်လေ။ နောက်တစ်နေ့ ဝေမိုးပြန်ရောက်လာတယ်။ ကျနော့်နား နားကပ်ပြီး ''ခုတွေ့မယ့်လူက တခြားသူမဟုတ်ဘူး။ ကိုသက်ဝင်းအောင်ပဲ'' လို့ပြောလိုက်တော့ ကျနော်ရင်ထဲ ဒိန်းခနဲဖြစ်သွားတယ်။

သက်ဝင်းအောင်နဲ့ကျနော် မတွေ့ရတာ (၆)နှစ် ကျော်ပြီ။ ၁၉၉၂ သူလွတ်သွားပြီး ကျနော့်ကို ရုံးထွက်မှာလာတွေ့ခဲ့တာ နောက်ဆုံးပဲ။ ၁၉၉၇ ကျနော်ထောင်ကလွတ်တော့ သူရန်ကုန်မှာ မရှိတော့ဘူး။ နိုင်ငံရေးကိစ္စတွေနဲ့ ထောက်လှမ်းရေး လိုက်ဖမ်းနေလို့ ထိုင်းဘက်ထွက်သွားပြီ။ ဒါကြောင့် သက်ဝင်းအောင်ကိုတွေ့ရင် ဖမ်းဖို့ ထောက်လှမ်းရေးက ဝရမ်းထုတ်ထားတဲ့အချိန်။ ဒါပေမဲ့ သူ ထိုင်းမှာရှိနေတယ်ဆိုတော့ ကိစ္စမရှိဘူးပေါ့။ ခုတော့ မြန်မာပြည်ထဲ ပြန်ရောက်ပြီး လှုပ်ရှားနေပြီပေါ့။ သြဂုတ် လှည်းတန်းကိစ္စ၊ ပုံမှန်ထွက်နေ တဲ့ Statement ကိစ္စ၊ ကျောင်းသား လှုပ်ရှားမှုတွေ..။ တစ်ခုချင်း ကျနော့်ခေါင်းထဲ အစီစီအရီရီ ပေါ်လာတယ်။ ဒါ သူ့လက်တွေပဲ။ သူနဲ့တစ်စုံတစ်ရာ ပတ်သတ်နေတယ်ဆိုတာ သိထားပေမဲ့ လူ ကိုယ်တိုင် ပြည်တွင်းပြန်ရောက်ပြီး လှုပ်ရှားနေမယ်တော့ ထင်မထားခဲ့မိဘူး။ အခု သူပြန်ရောက် နေပြီ။ လှုပ်ရှားနေပြီ။ ကျနော့်ကိုတွေ့ဖို့ ချိန်းနေပြီ။ ကျနော်ဘာလုပ်ရမလဲ။

ဒီအချိန်မှာက ညတိုင်း လူဖမ်းပွဲကြီးလုပ်နေတဲ့အချိန်။ NLD အဖွဲ့ဝင်တွေရော၊ ကျောင်းသားတွေရော တစ်သုတ်ပြီး တစ်သုတ်ဖမ်းခံနေရချိန်။ ကျနော်က ထောင်ကထွက်လာတာ (၁)နှစ်တောင် တင်းတင်းမပြည့်ချင် သေးဘူး။ ထောက်လှမ်းရေး စစ်ကြောရေးခန်းက ပြန်ထွက်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ ဒီ အခြေအနေမှာ သူ့ကိုသွားတွေ့မလား။ မတွေ့ဘဲ ငြင်းလိုက်မလား။ သွားတွေ့ရင် အကြီးအကျယ် အန္တရာယ်ရှိနိုင်တယ်။ အနည်းဆုံး ထောင်ဒဏ် (၇)နှစ်ပဲ။ မတွေ့ဘဲ ငြင်းလိုက်ရင်ကော ကျနော့် ခေါင်းထဲ ဆက်တိုက်ဖြစ်လာတဲ့အတွေးတွေပါ။ ကျနော် ငြိမ်ကျသွားတာကို ဝေမိုးသတိထားမိ တယ်။ နောက်ဆုံးတော့ ကျနော်တွေ့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တွေ့မယ့်အချိန်နဲ့နေရာ သတ်မှတ်ပြီး ဝေမိုးပြန်သွားတယ်။

ခုလို သက်ဝင်းအောင်နဲ့ တွေ့ဖို့ဆုံးဖြတ်လိုက်တာဟာ ကျနော့်အတွက် အန္တရာယ်ကြားကစွန့်စားမှု တစ်ခုပါပဲ။ သာမန်အချိန်မှာ အဲဒီလောက်မဟုတ်ပေမဲ့ အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်းက ဇာတ်ရှိန်အမြင့်ဆုံးဖြစ်နေတဲ့အချိန်၊ ကျနော်ပြင်ဆင်သင့်တာတွေ အသေးစိတ်ပြင်ဆင်တယ်။ ကျနော့်အမိုးအတွက် လိုအပ်တာတွေ၊ ပေးရမယ့်အရာတွေ၊ ရစရာရှိတာတွေ အကုန်စာရင်းချပြီး အပြီးလုပ်ထားလိုက်ပါတယ်။ နောက်နေ့မနက် (၉)နာရီလောက် ဝေမိုးရောက်လာတယ်။ သူ လည်း လိုက်ဖို့လာပြောတာပါ။ ဒါပေမဲ့တွေ့ဖို့ချိန်းထားတာက နေ့လည် (၂)နာရီ။ အချိန်အစော ကြီး ရှိသေးလို့ ကျနော်တို့အိမ်မှာပဲ စကားထိုင်ပြောနေကြတယ်။ (၁၁)နာရီလောက်ကျတော့ ဆရာကြီးက ဆိုင်းမဆင့် ဗုံမဆင့် ဗြုန်းစားကြီးရောက်ချလာတယ်။ သူနဲ့လိုက်ခဲ့ဖို့ အတင်းခေါ်နေ တော့တယ်။ ပထမ ကျနော်ငြင်းသေးတယ်။ ဒါပေမဲ့သူကမရဘူး။ အကြောင်းပြချက် မခိုင်လုံလို့ ကတော့ အတင်းဇွတ်နေတော့တာ။ ကျနော်လည်း နာရီကြည့်တော့ အခုမှ (၁၁)နာရီဆိုတော့ (၃)နာရီလောက် လိုသေးတာပဲဆိုပြီး သူနဲ့လိုက်သွားလိုက်တယ်။

ဝေမိုးလည်း လိုက်လာတယ်။ ပထမတော့ မဂ္ဂဇင်းတိုက်ကို သွားကြတာ။ နောက် ကျနော်တို့တွေ ပန်းဆိုးတန်းက ဟိန္ဒူဘုရား ဝင်းထဲဖွင့်ထားတဲ့လက်ဖက်ရည်ဆိုင် သွားထိုင်ကြတယ်။ အဲဒီမှာက စားစရာစုံတယ်လေ။ အဲဒီမှာ နေရင်း (၁)နာရီထိုးတော့ ကျနော်ထွက်ဖို့လုပ်တယ်။ ဆရာကြီးက မရဘူး။ ညနေထိ သူနဲ့နေချည်း လုပ်နေတယ်။ သူပြန်ပို့ပေးမယ်ပေါ့။ ကျနော်ကလည်း ချိန်းထားတာရှိလို့ သွားမယ်ဆိုတာကို ''ဘာလဲ မင်းရည်းစားရနေပြီလား။ ငါ့ကို မိတ်ဆက်ပေး၊ ငါလည်းလိုက်မယ်''ဆိုပြီး လုပ်နေတယ်။ ကျနော်လည်း ဘယ်လိုပြောရမလဲမသိတော့ဘူး။ နာရီကြည့်ပြီး ဝေမိုးလည်း မျက်စိမျက်နှာပျက် နေပြီ။ သက်ဝင်းအောင်နဲ့တွေ့ဖို့ကိစ္စကို ကျနော် ဆရာကြီးကိုအသိမပေးချင်ဘူး။ သူ့ကိုအန္တရာယ် စက်ကွင်းထဲ မရောက်စေချင်လို့။ ဘာပြောပြော သိထားရင် အန္တရာယ်ရှိတယ်လေ။

ဘယ်လိုမှ ထွက်လို့မရတဲ့အဆုံး ကျနော်ဝေမိုးကိုမျက်ရိပ်ပြလိုက်ပြီး ဆရာကြီးကို လက်ကုတ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်ကထွက်လာပြီး ဆရာကြီးနားကပ်ပြီး အခုတွေ့မှာ သက်ဝင်းအောင်ဖြစ်ကြောင်း ဆရာကြီးအန္တရာယ်ရှိမှာစိုးလို့ အသိမပေးတာဖြစ်ကြောင်း၊ အခုချိန်းထားတဲ့အချိန် မိနစ်ပိုင်းပဲ လို တော့ကြောင်း၊ ပြောလိုက်မှ မျက်လုံးပြူးသွားတယ်။ ချက်ခြင်းပဲ '' အေး.. အေး..သွား.. ငါ့ကားယူသွား '' ဆိုပြီး ကားပါ ပေးလိုက်တယ်။ သူကတော့ အဲဒီမှာဘဲ ကျန်ခဲ့တယ်။ ကားပေါ်တက်ခါနီး ကျနော့်နားနားကပ်ပြီး '' သက်ဝင်းအောင်ကိုပြောလိုက် ၊ ငါသတိရနေတယ်လို့ ။ ငါ့ကိုပေးစရာရှိတဲ့အကြွေးလည်း ဆပ်ဦး'' လို့ မှာလိုက်သေးတယ်။ သူ့ကိုပေးစရာရှိတဲ့အကြွေးးဆိုတာက အထဲမှာနေကြတုန်း စာမေးပွဲပြန်ဖြေဖို့ သူတောင်းထားတဲ့ကတိကို သက်ဝင်းအောင်က ပေးခဲ့ပြီး စာမေးပွဲမဖြေဖြစ်သေးတာကို ပြောတာပါ။

ချိန်းထားတဲ့နေရာရောက်တော့ သက်ဝင်းအောင်က ကြိုရောက်နှင့်နေပြီ။ သူ့ပုံစံက လွန်ခဲ့တဲ့ (၆) နှစ်က အတိုင်းပဲ။ ဘာမှ သိပ်မပြောင်းဘူး။ ကျနော့်ကို တွေ့တွေ့ချင်း ကျနော့်လက်မောင်းကို လက်သီးနဲ့ ထိုးလိုက်တယ်။ ကျနော်လည်း သူ့ရဲ့ပြောင်နေတဲ့နဖူးကို လက်နဲ့လှမ်းတောက်ချလိုက် တယ်။ ပြီးမှ (၂)ယောက်သား ပြိုင်တူရယ်လိုက်ကြပြီး ဘေးချင်းယှဉ်လျှက်က တစ်ယောက်ပခုံး တစ်ယောက်လှမ်း ဖက်ထားလိုက်ကြတယ်။ အဲဒါ ကျနော်တို့နှစ်ယောက် နှုတ်ဆက်နေကျပုံစံလေ။ သူနဲ့ကျနော် (၁) ဆောင် မှာအတူတူနေကြတုန်းက ကျနော်က နေ့တိုင်း 'ဒိုက်' ထိုးတယ်။ အဲဒါကို သူက ''မင်းလက်မောင်းတွေက ကောင်းသားပဲ။ မှန်း ..ငါစမ်းကြည့်စမ်းမယ်”ဆိုပြီး ထိုးတော့တာ ပဲ။ ကျနော့်ကို ဘယ်အချိန်တွေ့တွေ့ကျနော့်လက်မောင်းကို ထိုးလိုက်ရမှ ကျေနပ်တဲ့ကောင်။ ကျနော်ကလည်း သူ့နဖူးကို လက်နဲ့လှမ်းလှမ်း တောက်တယ်။ သူ့နဖူးပြင်က ထူးထူးခြားခြားကို ကျယ်နေတာ။ အဲဒါကို သူက ဆံပင်နဲ့ဖုံးထားတတ်တယ်။ ကျနော်ကသူ့ကိုဘယ်အချိန်တွေ့တွေ့ သူ့နဖူးကို တစ်ချက်လောက် တောက်လိုက်ရမှ ကျေနပ်တဲ့ကောင်လေ။ ဒီလိုနဲ့ သူနဲ့ကျနော်ကြားမှာ အဲဒီလို နှုတ်ဆက်တဲ့ပုံစံလေး ဖြစ်မှန်းမသိ ဖြစ်သွားကြတာလေ။

အဲဒီမှာ ခဏပဲနေပြီး ရွှေတိဂုံဘုရားသွားဖို့ သူကပြောတယ်။ သူက သူ့ဆိုင်ကယ်နဲ့ သက်သက် သွားတယ်။ ကျနော်နဲ့ဝေမိုးက ဆရာကြီးကားနဲ့။ ဘုရားပေါ်မှာ ညနေ (၅)နာရီလောက်ထိ အေးအေး ဆေးဆေး စကားတွေပြောဖြစ်ကြတယ်။ သူ ကျနော့်ကို တွေ့ဖို့ခေါ်တဲ့ အကြောင်းကတော့ အလုပ်ကိစ္စ ထက် အရင်သံယောဇဉ်အရ ခေါ်တွေ့တဲ့သဘောပါပဲ။ အဲဒီမှာ သူ ကျနော့်ကို ပြောခဲ့ တာတွေကတော့ ပုံမှန်တရားထိုင်ဖို့၊ သူလည်း ပုံမှန်တရားထိုင်ဖြစ်တဲ့အကြောင်း၊ အခက်အခဲတွေ ကြုံလာတဲ့အခါတိုင်း တရားထိုင်ထားတဲ့အကျိုးကြောင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လို့ရခဲ့ကြောင်း၊ ဒါကြောင့် တရားထိုင်တာ အကျိုးများကြောင်း၊ ကျနော်အနေနဲ့ လောလောဆယ် နိုင်ငံရေးကိစ္စ ခဏနားထားပြီး ပညာရေးကိစ္စကို ဇောင်းပေးသင့်ကြောင်း၊ ကျနော့်အနေနဲ့ ဟိုဖက်ထွက်ပြီး ပညာရေးဆက်လုပ်သင့်ကြောင်းတွေ ပြောတာပါ။ အဲဒီတုန်းက သူက ကျနော်ထောင်ထဲ (၆)နှစ် ကျော်နေခဲ့ရတာကို စိတ်မကောင်းဖြစ်နေတာ။

ကျနော်ကတော့ သူ့ကို သိပ်ပြီးမပြောဖြစ်ပါဘူး။ သိပ်ပြီး အတင့်မရဲဖို့နဲ့ ကိစ္စဝိစ္စပြီးရင် ခြေရာဖျောက် နေဖို့လောက်သာ သတိပေးလိုက်တာပါ။ ညနေ (၅)နာရီထိုးတော့ ကျနော်တို့ပြန်ဖို့ ထရပ်လိုက်ကြတယ်။ ထုံးစံအတိုင်း သူက ကျနော့် လက်မောင်းကို ထိုးလိုက်တော့ ကျနော်က သူ့နဖူးကို လှမ်းတောက်လိုက်တယ်။ ပြီးတော့ တယောက်ပခုံး တယောက်ဖက်ပြီး နှုတ်ဆက်လိုက်ကြတယ်။ အဲဒါ ကျနော်တို့နောက်ဆုံးနှုတ်ဆက်ကြတယ်ဆိုတာ (၂)ယောက်လုံး မသိခဲ့ကြဘူးလေ။ ကျနော်နဲ့တွေ့ပြီး နောက်(၂)ရက်လောက် နေတော့ သူအဖမ်းခံရတယ်။ အဲဒီထဲက အပြင်လောကကို အသက်ရှင်လျက် ပြန်ထွက်လာခွင့် မရတော့ပါဘူး။ ထောင်ထဲမှာ (၈)နှစ်ကျော်လောက် ခက်ခဲကြမ်းတမ်းမှုတွေ၊ တိုက်ပွဲတွေနဲ့ ရင်ဆိုင်တိုးခဲ့ရပြီး ပထမအောက်ပိုင်း သေသွားတယ်။ နောက်တော့ (၂ဝဝ၆) အောက်တိုဘာ (၁၆)မှာ မန္တလေးထောင်ထဲမှာ ကျဆုံးသွားရတယ်။ သူဆုံးတော့ ကျနော်က သာယာဝတီမှာ၊ နံရံတွေကြား ကနေပဲ သူ့ကို ''သက်ဝင်းအောင် (သို့မဟုတ်) ငြိမ်းချမ်းရေးဝိညာဉ်'' လို့ကင်ပွန်းတပ်ပြီး လှမ်း ဦး ညွတ်ခဲ့ရတယ်။

သက်ဝင်းအောင်အဖမ်းခံရပြီး ဘိုဘိုလည်း ဖမ်းခံရတယ်။ နောက်တော့ ကိုထွန်းမြင့်အောင်ပါ အဖမ်းခံရတော့ ကျနော်လည်း အိမ်မှာသိပ်မနေပဲ ရှောင်နေလိုက်ရတော့တယ်။ အဲဒီအတောအတွင်း ပညာရေးစနစ်အပြောင်းအလဲတွေ ဖြစ်သွားတယ်။ နှစ်စတုန်းက ပြောခဲ့တဲ့စနစ်က နောက်နှစ်မှစမှာ ဆိုတော့ ဒီနှစ်မှာ ဘယ်သူမဆို ဆယ်တန်းအပြင်ဖြေခွင့်ရှိသေးတယ်။ ကျနော့် ဆရာမတွေက ကျနော့် အတွက် 'ဖောင်' ဝယ်ပြီး တင်ဖို့လုပ်တယ်။ ကျနော့်လက်မှတ်လိုနေလို့ ကျနော့်ဆီ အကြောင်းကြားတော့ လက်မှတ်သွားထိုးပေးလိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ စာမေးပွဲဖြေဖို့ စိတ်ကူးလုံးဝမရှိတော့ပါဘူး။ မြန်မာပြည်ပညာရေးကို လုံးဝကျောခိုင်းလိုက်ပါပြီ။ လောလောဆယ် ကျနော်ကိုယ်တိုင်လည်း အဖမ်းခံရမလား၊ ထွက်ပြေးရမလား ဆိုတာလည်း သေသေချာချာ မသိနိုင်သေးဘူး။ ဒါတွေကို ဆရာမတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ဖွင့်မပြောခဲ့ပါဘူး။ ဒီအတောအတွင်း အခြေအနေက ပိုရှုပ်ထွေးလာတယ်။ ကျနော့်အိမ်ကို ထောက်လှမ်းရေးတွေ လာမေးနေပြီဆိုတာသိတော့ ကျနော် နယ်ထွက်သွားပါတော့တယ်။

နယ်မှာ (၃)လလောက်ရှောင်နေပြီး အေးဆေးပြီဆိုမှ ရန်ကုန်ပြန်တက်လာခဲ့တယ်။ မှတ်မှတ်ရရ ကျနော် ရန်ကုန် ပြန်ရောက်တဲ့နေ့က ၁၉၉၈ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ (၃၁)ရက်နေ့ပါ။ နောက်နေ့မှာ ဆရာမတွေ သွားနှုတ်ဆက်တယ်။ ဟိုရောက်တော့ ဆရာမတွေက ကျနော့်ကို မျှော် နေကြတာ။ စာမေးပွဲအတွက် ပြင်ဆင်ဖို့၊ စာကျက်ဖို့အတွက်ပါ။ ဒီတော့မှ ကျနော် စာမေးပွဲဖြေဖို့ အစီအစဉ် မရှိတဲ့အကြောင်း ပြောပြလိုက်တယ်။ ဆရာမက မရဘူး၊ ဖြေကို ဖြေရမယ် ဆိုပြီး အတင်း လုပ်တော့တာပဲ။ ကျနော်လည်း မဖြေတော့ဘူးဆိုတာ အကြောင်းတွေရှိတယ်လေ။ စာမေးပွဲဖြေရမှာက မတ်လ (၉)ရက်နေ့။ ကြားထဲမှာ (၂)လလောက်ပဲ အချိန်ရှိတော့တာ။ ခေါင်းထဲမှာလည်း ဘာစာမှမရှိတော့ဘူး။ ဒီကြားထဲမှာလည်း အိပ်မက်ဆိုးတွေ ဖြတ်သန်းမက်ခဲ့ရသေးတော့ ကျနော်တော်တော် ပင်ပန်းနွမ်းနယ်နေပြီ။ ဒါကြောင့် မဖြေတော့ဘူး။ ဖြေရင်လည်း ကျဖို့ပဲရှိတော့တယ်။ ကျနော့်မူက ''ဖြေရင်အောင်ရမယ်'' ။ ဆရာမတွေက ဘယ်လိုပဲဖြစ်ဖြစ် ဖြေကိုဖြေရမယ်၊ နောက်ဆုံး ကျရင်ကျပါစေ။ ကျနော် စာမေးပွဲခန်းထဲဝင်ရင်တော်ပြီ။

ဒီလိုနဲ့ ကျနော်နဲ့ ဆရာမတို့ စကားအခြေအတင် ဖြစ်ကြတယ်။ ကျနော်က မဖြေတော့ဘူးလို့ ပြောပြီး ပြန်ဆင်း ဖို့လုပ်တော့ ဆရာမက ''မင်းမပြန်နဲ့။ ဒီမှာ စာကျက်ရမယ်။ မင်း ဖြေကိုဖြေရမယ်။'' လို့လှမ်းပြော တယ်။ ကျနော်ကလည်း မရဘူး။ ဖိနပ်စီးပြီး တံခါးဖွင့်ဆင်းမယ်လုပ်တော့ ဆရာမက နောက်ကနေ ကျနော့်ဂုတ်ကိုကိုင်ပြီး မျက်နှာကို လက်သီး နဲ့ထိုးချလိုက်တယ်။ ကျနော့်မျက်စိထဲ မီးတောင် ပွင့်သွားတယ်။ ဆရာမအဖေက နာမည်ကျော် လက်ဝှေ့သမားကြီး။ ဆရာမလည်း ငယ်ငယ်က သဲအိတ်တွေ ဘာတွေထိုးပြီး လက်သီးကျင့်ခဲ့ဖူးတဲ့ ဆရာမ။ သူက ကျောင်းသားတွေကို ဘယ် တော့မှ မရိုက်ဘူး။ မာမာထန်ထန်တောင် ပြောတာမဟုတ်ဘူး။ စာသင်ရင် အမြဲပြုံးရွှင်နေ တတ်တာ။ ဒါပေမဲ့ သူစိတ်ဆိုးပြီဆိုရင်တော့ ခုနကလို ဂုတ်ဆွဲပြီး ဘယ်ပြန်ညာပြန် ထိုး တော့တာ။

ကျနော့်အကို ငယ်ငယ်တုန်းက သူ့လက်သီးစာမိပြီး (၃)ရက်လောက် ထမင်းမစားနိုင် ဖြစ်ခဲ့ဖူး တယ်။ ကျနော်လည်း (၈)တန်းနှစ်လောက်က တစ်ကြိမ်ထိခဲ့ဖူးတယ်။ အခု တစ်ကြိမ်ထိပြန်ပြီ။ စိတ်ထဲ ထူပူသွားပြီး ဆရာမကို လှည့်ကြည့်လိုက်တော့ သူက မင်းအထဲပြန်ဝင်ဆိုပြီး နောက်တစ် ချက်ထိုးချလိုက်ပြန်တယ်။ ဒီတခါ ကျနော်ရှောင်လိုက်နိုင်ပါတယ်။ ဒီတစ်ချက်ပါထိရင်တော့ ကျနော်ထင်တယ် (၅)ရက်လောက် ဆန်ပြုတ်သောက်ရမယ့်ကိန်းပဲ။ ကျနော်လည်း အသားလည်း နာ၊ ရှက်လည်း ရှက်ဆိုတော့ ဆရာမကို စူးစူးရဲရဲပြန်ကြည့်လိုက်တယ်။ အရိုင်းစိတ်တွေ ကြွလာတယ်။ ဆရာမနေရာမှာ တခြားလူဆိုရင်တော့ အရိုးတခြား၊ အသားတခြားဖြစ်သွားမှာ အမှန်ပဲ။ ဒါပေမဲ့ ဒီဆရာမက ကျနော့်ကို ငယ်ငယ်ထဲက သားတစ်ယောက်လို စောင့်ရှောက်ခဲ့တဲ့ဆရာမ၊ ကျနော်က အမေတစ်ယောက်လိုချစ်ခဲ့ရတဲ့ဆရာမ ဆိုတော့ စိတ်လျှော့ပြီး ခေါင်းငုံခံလိုက်ရတယ်။ ဆရာမအမေရောက်လာပြီး ကျနော်တို့ကို အိမ်ထဲခေါ်သွားလို့ ဆရာမလည်း ဘာမှ ထပ်မပြော တော့ပါဘူး။

ကျနော် စဉ်းစားကြည့်တယ်။ ကျနော့်ဘဝမှာ အနိုင်ကျင့်မှုမှန်သမျှကို ဘယ်တော့မှ ခေါင်းငုံ့ခံလေ့ မရှိဘူး။ ရတဲ့နည်းနဲ့ တွန်းလှန်ခဲ့တာချည်းပဲ။ ရုပ်ပိုင်းနဲ့ တွန်းလှန်လို့မရတဲ့ကိစ္စတွေဆိုရင် စိတ်ပိုင်း နဲ့တွန်းလှန်ခဲ့တာပဲ။ ဒါပေမဲ့ ကျနော်တွန်းလှန်လို့မရဘဲ ဒူးထောက်အညံ့ခံခဲ့ရတဲ့ အနိုင်ကျင့်မှုတော့ ရှိတယ်။ အဲဒါ 'မေတ္တာရဲ့အနိုင်ကျင့်မှုပဲ'။ အခုဆရာမလုပ်ရပ်နဲ့ ကျနော် ထောင်ထဲမှာရှိစဉ် ထောင်မှူးစောထွန်းနဲ့ဖြစ်တဲ့ကိစ္စမှာ ဆရာကြီးပါဝင်ခဲ့တဲ့ လုပ်ရပ်မျိုးတွေပါပဲ။ အဲဒါတွေကို ကျနော်က 'မေတ္တာရဲ့အနိုင်ကျင့်မှု' လို့ ခေါ်ချင်တယ်။ လူတယောက်က လူတယောက်ကို အနိုင်ကျင့်တယ်ဆိုတာ အနိုင်ကျင့်သူက သူ့ရဲ့အတ္တ အကျိုးစီးပွားအတွက် အနိုင်ကျင့်တာပါပဲ။ ဒါပေမဲ့ မေတ္တာရဲ့အနိုင်ကျင့်မှုကတော့ အဲဒါနဲ့ပြောင်းပြန်ပါ။ အနိုင်ကျင့်သူက သူရဲ့အတ္တ အကျိုး စီးပွားလုံးဝမပါဘဲ အနိုင်ကျင့်ခံရသူရဲ့ အကျိုးကို ရှေးရှုပြီး အနိုင်ကျင့်တာပါ။ ဒီလိုအနိုင်ကျင့်မှုမျိုးကို မေတ္တာရဲ့အနိုင်ကျင့်မှုလို့ ယူဆတယ်။ ကျနော့်ဘဝမှာ ကျနော် ဘာကိုမှ မကြောက်ပါဘူး။ မေတ္တာရဲ့အစွမ်းသတ္တိကိုတော့ အရမ်းကြောက်တယ်။ ဒီဒဏ်ကို ကျနော်မခံနိုင်ဘူး။ တကယ်တော့ ကျနော့်ဘဝမှာ အငတ်မွတ်ဆုံး၊ အတောင့်တဆုံးအရာဟာ မေတ္တာပဲလေ။

အဲဒီလိုမေတ္တာရဲ့အနိုင်ကျင့်မှုကြောင့် (၁ဝ)တန်းဖြေဖို့ လုပ်ရပါတော့တယ်။ ဖြေရဖို့ရက်က တအား နီးနေတော့ ဂုဏ်ထူးထွက်ဖို့ မမျှော်မှန်းတော့ဘူး။ အောင်မှတ်ရဖို့တောင် မနည်းလုပ်ရမှာ။ တော် သေးတာက ဝိဇ္ဇာတွဲ (၃)ဘာသာမှာ (၂)ဘာသာ (၄ဝ) ရရင် အောင်တယ်။ သိပ္ပံတွဲလည်း ဒီလိုပဲ။ အချိန်မရတော့လို့ ဝိဇ္ဇာတွဲထဲက သမိုင်းနဲ့အီကိုပဲ ကြည့်ပြီး ပထဝီကို လုံးဝလွှတ်ထားလိုက်တယ်။ သိပ္ပံတွဲထဲက Chemistry နဲ့ Physics ကိုပဲကြည့်ပြီး Bio ကို လုံးဝလွှတ်လိုက်တယ်။ အိပ်ချိန် (၅) နာရီလောက်ပဲထားပြီး ကျန်တဲ့အချိန်တွေမှာ စာနဲ့ပဲ မျက်နှာအပ်ထားလိုက်တယ်။ ဆရာကြီးက ကျနော့်ဆီ တစ်ပတ်တစ်ခါလောက် လူကိုယ်တိုင်ရောက်လာတတ်ပြီး ဖုံးနဲ့တော့ နေ့တိုင်းနီးပါး ပြောဖြစ်ကြပါတယ်။ စာအုပ်တွေ၊ မေးခွန်းလွှာတွေ တောက်လျှောက်ပို့ပေးပါတယ်။ စာမေးပွဲ စ ဖြေတော့ မြန်မာစာ ရှောရှောရှုရှုပဲ ဖြေနိုင်တယ်။ အင်္ဂလိပ်လည်း အေးအေးဆေးဆေးပဲ။ သချာင်္ လည်းအောင်မှတ်ရအောင် ဖြေနိုင်တယ်။

သိပ္ပံတွဲမဖြေခင်ညမှာတော့ ဆရာမက ကျနော့်အတွက် နည်းနည်းစိုးရိမ်နေတယ်။ Bio ကို လုံးဝလွှတ်ထားတော့ ကျန်တဲ့ Physics နဲ့ Chemistry ကို အပြည့်ရထားစေချင်တယ်။ Physics ကတော့ ရပါရဲ့။ Chemistry ကတော့ (၁) ခန်းလောက် လွှတ်လိုက်ရတယ်။ အချိန်လည်းမရှိ၊ ကျနော်လည်း အရမ်းပန်းနေပြီလေ။ ဒါပေမဲ့ ကျနော်ကတော့ ကျရာမှကျရော။ ကျနော်ခံယူချက်ကို လုံးဝ အထိမခံဘူး။ ကူးချလို့အောင်တာထက်စာရင် အကျခံပြီး ဂုဏ်ယူလိုက်မယ်။ စာခိုးချတာ ဘယ်သူ မှမသိရင်တောင် ကိုယ်ကိုယ်တိုင်တော့ သိနေဦးမှာပဲ။ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့အဖြစ်မျိုး မလုပ်ချင်ဘူး။ ကျနော် လိပ်ပြာသန့်ချင်တာလို့ ပြောလိုက်တော့ ဆရာမက ကျနော့်ကို အထူးအဆန်းလို ကြည့်နေတယ်။

စာမေးပွဲဖြေပြီးပြီးချင်းပဲ ကျနော်နဲ့ သူငယ်ချင်းတို့စုပေါင်းပြီး အလူမီနီယမ်ကုမ္ပဏီတစ်ခု ထောင် လိုက်ပါတယ်။ ဆရာကြီးက သဘောတွေကျလို့။ သူလည်း ရှယ်ယာထည့်မယ်ဆိုပြီး သူ့သမီး ဆီက ပိုက်ဆံယူလာပြီး ကျနော့်ဆီမှာ ရှယ်ယာထည့်တယ်။ ကျနော်တို့ ကုမ္ပဏီဖွင့်ပွဲမှာ ဆရာကြီးလာပြီး ဧည့်မှတ်တမ်းစာအုပ်မှာ အောင်မြင်စေကြောင်း ဆုတောင်းလက်မှတ် ထိုးပေးခဲ့သေးတယ်။ ဒီလိုနဲ့ သြဂုတ်လထဲမှာ (၁ဝ)တန်း အောင်စာရင်းထွက် တယ်။ အဲဒီနေ့က ကျနော် ရန်ကုန်မှာ မရှိဘူး။ အလုပ်ကိစ္စနဲ့ မအူပင်ရောက်နေတယ်။ အောင် စာရင်းထွက်မှန်းတောင် မသိပါဘူး။ ရန်ကုန်က ဖုံးဆက်ပြောမှသိတာ။ နောက်တစ်နေ့ ရန်ကုန် ပြန်ရောက်တော့ ကျနော် ဆရာကြီးဆီ သွားလိုက်တယ်။ ကျနော့်မြင်တော့ ဆရာကြီးက ထုံးစံအတိုင်း ''ခွေးကောင်..ငါ အရမ်း ဝမ်းသာတယ်ကွာ။ မင်း စာမေးပွဲအောင်တာ..''ဆိုပြီး ကျနော့် ခေါင်းကို သူ့ရင်ဘတ်နဲ့ ဖိကပ်ထားတော့တယ်။ ကျနော့်ကို ဂုဏ်ပြုမယ်လို့လည်း ပြောပါသေး တယ်။

''ငါက ကျောင်းဆရာတစ်ယောက်ဆိုတော့ ကျောင်းသားတစ်ယောက် စာမေးပွဲအောင်တာ မဆန်းသလို ကျတာလည်းမဆန်းဘူး။ ဒါပေမဲ့ မင်းအောင်တာအတွက်တော့ ဆန်းတယ်။ အခက်ခဲ တွေ၊ အပိတ်ဆို့ အတားဆီးတွေ အထပ်ထပ်ကနေ ဖြေရမလို မဖြေရတော့ဘူး လိုလိုနဲ့ ကမျော သောပါး ဖြေခဲ့ရတာ မဟုတ်လား။ ဒါထက်ပိုတာက စာလုံးဝခိုးမချဘဲဖြေမယ်ဆိုတဲ့ မင်းရဲ့ခံယူ ချက်အတွက် ငါချီးကျူးတာ..'' လို့ ဝမ်းသာအားရ ဆက်ပြောနေပါသေးတယ်။ သူက ''အဲဒါသစ္စာပဲကွ။ သစ္စာရဲ့ရောင်ပြန်ဟပ်မှုပဲ'' လို့ ပြောပါ တယ်။ ကျနော်ကြောင်သွားတယ်။ ခုကိစ္စနဲ့ သစ္စာနဲ့ ဘယ်လိုစပ်ဆက်နေလဲပေါ့။ အဲတော့မှ သူက ''မင်းစာမေးပွဲမဖြေခင်ထဲက ကိုယ်မသိတာတွေ၊ အဖြေလွှာထဲမပါသွားစေရဘူး။ ကျရင် ကျပစေ။ စာလုံးဝခိုးမချဘူးဆိုပြီး မင်းဆုံးဖြတ်ထားတယ် မဟုတ်လား။ အဲဒီခံယူချက်က သစ္စာပဲ။ မှန်တဲ့ သစ္စာကြောင့် မင်းအခုအခက်အခဲတွေကြားကနေ အောင်ခဲ့တာ” တဲ့။

ကျနော်က သစ္စာဆိုတာ သိပ် နားမလည်သေးတော့ သူ့ကို ထပ်မေးမိတယ်။ သူက ''ဗုဒ္ဓဘာသာတရားတော်ကို ခြုံလိုက်ရင် စကား လုံး (၂)လုံးပဲ ထွက်လာတယ်။ အဲဒီ (၂)လုံးက ပညာနဲ့သစ္စာပဲ။ ပညာဆိုတာက ''အကောင်းမြင်'' နဲ့ ''အဆိုးမြင်''ကလွတ်တဲ့ ''ယထာဘူတအမြင်'' ကိုရတဲ့ပညာ။ သစ္စာဆိုတာကတော့ အမှန်တရား ပဲ။ တကယ့်အစစ်အမှန်၊ တကယ့်အဖြစ်တရား၊ အရှိတရားပဲ။ ဗုဒ္ဓတရားတော်တွေမှာ ပညာအကြောင်း အများကြီးပါသလို၊ သစ္စာနဲ့ပတ်သတ်ပြီးလည်း အများကြီးပါတယ်။ သစ္စာလေးပါးကို ခဏထားလိုက်။ ထောင်ထဲမှာတုန်းက ရွတ်နေတဲ့ ပရိတ်ထဲမှာ အင်္ဂုလိမာလသုတ်ဆိုတာ ရှိတယ်။ အဲဒါက သစ္စာကို ဟောတာပဲ။ ''ငါသည် အရိယာ ဖြစ်ပြီးသည့်အချိန်မှစ၍ မည်သည့်အသက်ကိုမှသတ်ခြင်းမရှိခဲ့ပါ။ ဤမှန်သောသစ္စာစကားကြောင့် မိခင်ရော၊ ခလေးပါ ချမ်းသာရာရပါစေ။''ဆိုပြီး သစ္စာပြုတာ ဒါကို ရှင်းရှင်းယူကြည့်ရင် ကိုယ် တကယ်စောင့်ထိန်းတဲ့၊ ကျင့်ကြံတဲ့တရားတစ်ခုကို သစ္စာပြုရင် အဲဒီသစ္စာစူးရှတာပဲ..''လို့ ရှင်းပြ တယ်။ တကယ်ဆို အဲဒီတုန်းက ဆရာကြီးပြောခဲ့တာတွေကို ကျနော်သေသေချာချာနားမလည်ခဲ့ပါဘူး။ ရေးရေးလေးလောက်သာ မိခဲ့တာပါ။

ကျနော့်ကို ဘာမေဂျာလျှောက်မှာလဲလို့ မေးပါသေးတယ်။ ကျနော်က Law လျှောက်ဖို့ စဉ်းစားထားတယ်ဆိုတော့ သူက Law မယူနဲ့ကွာ။ ဥပဒေအကြောင်းက အပြင်ကနေ စာတွေ ဖတ်ယူလို့ရတယ်။ မင်းနဲ့ကိုက်တာ ''ဖီလော်''ပဲ။ ဒါကြောင့် ''ဖီလော်''ယူကွာတဲ့။ ကျနော်သိထား တဲ့ ဖီလော်ဆိုတာက နက်နက်နဲနဲစဉ်းစားရတဲ့အလုပ်။ အငြိမ်အလုပ်။ ကျနော်က လှုပ်လှုပ်ရှားရှား သမား။ အပူနဲ့အအေးတခြားစီလို့ ဆရာကြီးကို ပြန်ပြောလိုက်တယ်။ ''ဆရာကြီးက မင်းကိုအပေါ် ယံသဘောကြည့်ရင်တော့ဟုတ်တယ်။ ဒါပေမဲ့ မင်းရဲ့အတွေးတွေထဲမှာ ဖီလော်နဲ့ဆက်စပ်နေ တယ်။ ဥပမာ စေတီကိုဖြိုကြည့်လိုက်ရင် အုတ်၊ သဲ၊ ကျောက်ပဲ ထွက်လာမယ်။ ဒါကို ဘာလို့ ကန်တော့ရလဲဆိုတဲ့ မင်းအသက် (၂ဝ)လောက်က ငါ့ကိုမေးခဲ့တဲ့စကားမျိုး နောက်အများကြီး ရှိ သေးတယ်။ မင်းက အများလက်ခံထားတဲ့အတိုင်း လက်ခံချင်မှ လက်ခံတာ။ အဲဒီအမြင်တွေက ဖီလော်နဲ့အကိုက်ဆုံးပဲ။ ဒါကြောင့် မင်း ဖီလော်ယူသင့်တယ်။ ငါမင်းကို အကြံပေးလို့ မင်းဒုက္ခ ရောက်တာ ရှိဖူးလား'' ဆိုပြီး မေးပါတယ်။ ဟုတ်ပါတယ် ဆရာကြီးကြောင့် ဒုက္ခမတွေ့ရဖူးပါဘူး။ ဒါပေမဲ့ ကျနော် စဉ်းစားဦးမယ်လို့ ပြောတော့ ဆရာကြီးက ''အဲဒါပဲ။ မင်းက ကိစ္စတစ်ခုကို ဘယ်တော့မှ လွယ်လွယ်နဲ့ အဖြေမပေးဘူး။ စဉ်းစားပြီးမှပေးတယ်။ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်လည်း ရေကုန်ရေခမ်းလုပ်တော့တာပဲ။ အဲဒါ မင်းဆီမှာ ငါကြိုက်တဲ့ စရိုက်တွေထဲက တခုပဲ''တဲ့။

ဒါပေမဲ့ ကျနော် ဆရာကြီးပြောခဲ့တဲ့ ''ဖီလော်'' မလျှောက်ဖြစ်ခဲ့ဘူး။ ဘာမေဂျာမှ မလျှောက်ရခင် ထောင်ထဲရောက်လာခဲ့တာ ခုထိပါပဲ။ ကျနော် ထောင်ထဲရောက်ပြီး မှ စာအုပ်တအုပ်ထဲမှာ ''ဖီလော်''ကို အဓိပ္ပါယ်ဖွင့်ထားတာက “Philo” နဲ့ “Sophia” ကနေ လာ ထားတာလို့ဆိုတယ်။ အဓိပ္ပါယ်ကတော့ Love and Wisdom or Love of Wisdom တဲ့။ ဆိုတော့ ''ပညာကို ချစ်မြတ်နိုးခြင်း''လို့လည်း အဓိပ္ပါယ်ထွက်နိုင်တယ်လေ။ ဒီတော့ ဆရာကြီး ကျနော့်ကို ဖီလော်လျှောက်ခိုင်းတာဟာ ''အတွေးအခေါ်ပညာ''ကို လေ့လာဆည်းပူးခိုင်းတာပဲလား။ ဒီထက်ပိုပြီး ပညာကို ချစ်မြတ်နိုးဖို့ ပညာသားပါပါ တွန်းအားပေးခဲ့တာများလား..ကျနော့် စိတ်ထဲ သိချင်တာ။ ဆရာကြီးနဲ့ တွေ့ပြီး ပြောလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့ဖူးတယ်။ ခု တော့ ဆရာကြီး မရှိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးဆုံးတယ်ကြားတဲ့ နောက်တနေ့မှာပဲ ကျနော်ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ကျောင်းတက်ဖြစ်ရင် ''ဖီလော်''ဘာသာရပ်ယူမယ်။ ခမ်းခမ်းနားနားမဟုတ်ရင်တောင် နက်နဲတဲ့ ဒဿနစာတမ်းတစ်စောင် ပြုစုဖို့ ကြိုးစားမယ်။ ကျနော့်အပေါ်တင်နေတဲ့ ဆရာကြီးရဲ့ ကျေးဇူးတွေအတွက် ဒီစာတမ်းနဲ့ ဆရာကြီးကို ကျနော် ပူဇော်မယ်။

အောင်စာရင်းထွက်ပြီး သိပ်မကြာဘူး။ တညနေမှာ ဆရာကြီး ကျနော့်ကိုဖုံးဆက်ပြီးခေါ်ပါတယ်။ အရေးကြီးလို့ အခုပဲလာခဲ့ပါတဲ့။ ကျနော် ဖုံးလက်ခံတဲ့အချိန်က ည (၇)နာရီလောက်ရှိပြီ။ တာမွေ နဲ့ အင်းစိန်က (၁)နာရီလောက်သွားရတော့ ဟိုကို (၈)နာရီလောက်မှရောက်တယ်။ ဟိုရောက် တော့ ဆရာကြီးက ''ငါ မနက်ဖြန် နိုင်ငံခြားထွက်တော့မယ်'' လို့ပြောတော့ ကျနော်အံ့သြသွားတယ်။ နံမည်ရင်းဖြစ်တဲ့ ဦးဘဂျမ်းဆိုတဲ့ နာမည်နဲ့တင်ပြီး သိုသိုဝှက်ဝှက်လုပ်ခဲ့လို့ အခုမှအသိပေးတာလို့ ဆက်ပြောပါတယ်။ ဒါတောင် ဒီည လျှို့ဝှက်ထားဖို့ ပြောပါသေးတယ်။ မနက်ဖြန်လေဆိပ်မှာ အတားခံရမယ့် အန္တရာယ်ရှိသေးတယ်လေ။ မိသားစုဝင်တွေလောက်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေလောက်ပဲ အသိပေးထားတာတဲ့။ ဘာပြောပြောဆရာကြီးနဲ့ ခွဲရတော့ မယ်ဆိုတော့ ကျနော်ဝမ်းနည်းသွားတယ်။ ဘယ်တော့လောက် ပြန်လာမလဲမေးတော့ ''သိပ်မကြာ ပါဘူးကွာ။ အလွန်ဆုံး (၃)နှစ်ပေါ့''တဲ့။

ကျနော် ဆရာကြီးကို ကြမ်းပြင်မှာထိုင်ပြီး ကန်တော့လိုက် ပါတယ်။ ဘေးမှာထိုင်နေတဲ့မမိုးချိုသင်းက ခုံကထပြီး ဘေးကနေရပ်ကြည့်နေတယ်။ ကျနော်ရော၊ ဆရာကြီးပါ မျက်ရည်တွေဝဲနေတာ သူထင်ထင်ရှားရှား တွေ့ရမှာပဲလေ။ အဲဒါ ကျနော် ဆရာကြီး ကို နောက်ဆုံးကန်တော့ခြင်းပါပဲ။ အဲဒီတုန်းကတော့ နောက်ဆုံးလို့ ဘယ်ထင်ပါ့မလဲ။ ပြီးတော့မှ ဆရာကြီးက မင်းနဲ့ငါအမှတ်တရ လက်ဖက်ရည်ဆိုင်ထိုင်ရအောင်ဆိုပြီး အိမ်ကထွက်ခဲ့ကြတယ်။ တံခါးလိုက်ဖွင့်ပေးတဲ့ မမိုးချိုသင်းက သိပ်ဝေးဝေးမသွားဖို့မှာတယ်။ ကျနော် သူ့ကိုလှည့်ကြည့် တော့ ''မနက်ဖြန်လေဆိပ်မှာ အတားအဆီးဖြစ်မှာ ပူနေလို့''တဲ့။ ကျနော် ကိုယ်ချင်းစာပါတယ်။ သူတို့လဲ သူတို့အဖေကို ပူကြမှာပါပဲ။ တကယ်ဆို ဒီအချိန်မှာ အပြင်မထွက်သင့်တော့ဘူးလေ။ ခါတိုင်းအချိန်တွေမှာ ဘာမှပြောလေ့မရှိပေမဲ့ အခုသူတို့စိုးရိမ်မှုကို ကျနော် အသိအမှတ်ပြုရမယ်။ ဒါကြောင့် ကျနော်ကမသွားတော့ဘူးပြောတော့ ဆရာကြီးက မရဘူး။ ''လမ်းထဲက လက်ဖက်ရည်ဆိုင်လေး သွားထိုင်မယ်''တဲ့။ ဒါနဲ့ သူနဲ့ကျနော် ထိုင်ဖြစ်သွားတယ်။ ဆရာကြီးအတွက် မြန်မာပြည်ရဲ့နောက်ဆုံး လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ဖြစ်ပါလိမ့်မယ်။ အဲဒီညက ဆရာကြီးက သူ့အိမ်မှာအိပ်ဖို့ ကျနော့်ကို ပြောသေးတယ်။ ကျနော် ငြင်းလိုက်တယ်။ သူ သမီးတွေနဲ့ လွတ်လွတ်လပ်လပ် နှုတ်ဆက်ကြပါစေ။ လူစိမ်းတစ်ယောက်ရှိနေရင် သူတို့ရဲ့လွတ်လပ်မှုကို အနည်းအများ ထိခိုက်နိုင်တယ်လေ။ အဲဒီနေ့ညက ဆရာကြီးအိမ်က ကျနော်ပြန်ထွက်တော့ ည (၉)နာရီကျော်နေပါပြီ။

နောက်တစ်နေ့ ဆရာကြီး ဘန်ကောက်လေဆိပ်ကို ချောချောမောမောရောက်သွားတယ်။ နောက် တစ်ပတ်လောက်နေတော့ ကျနော်လည်း ဒုတိယအကြိမ်ထောင်နန်းစံရတာ ခုထိစံနေရတုန်းပါပဲ။

ခုတော့ ဆရာကြီးဆုံးပြီ။ ကိုယ့်တိုင်းပြည်ရှိနေရက်နဲ့ ကိုယ့်ပြည်ကိုယ့်ရွာကို ချစ်လျက်နဲ့ သူတပါး တိုင်းပြည်မှာ ဆုံးပါးရတာ ကျနော်ဘယ်လိုဖြေရမလဲ ဆရာကြီး။ ဆရာကြီး ရုပ်အလောင်း ရှိတဲ့ L.A မှာ နှင်းတွေကျနေလား။ ကျနော်မသိဘူး။ မြန်မာပြည် သာယာဝတီမှာတော့ နှင်းတွေတအား ကျနေတယ်။ ခါတိုင်းနှစ်တွေထက် အအေးပိုလွန်းတဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အအေးကလည်း တာရှည်နေသေးတယ်။ ကျနော့်ရင်ထဲမှာ မီးဟုန်းဟုန်းတောက်နေလေရဲ့။ ဟိုးလွန်ခဲ့တဲ့ (၁၅)နှစ် က ခုလို ဇန်နဝါရီ နှင်းတွေဝေနေတဲ့ မနက်ခင်းလေးမှာ ဆရာကြီးရယ်၊ ကျနော်ရယ်၊ သက်ဝင်းအောင်ရယ် (၃)ယောက်လေ။ ခုတော့ ကျနော်တစ်ယောက်တည်း ကျန်ပါတော့လား။ ၂ဝဝ၆၊ အောက်တိုဘာ ၁၆ရက်နေ့မှာ သက်ဝင်းအောင်ဆုံးတယ်။ နောက် (၃)လအကြာမှာ ဆရာကြီးဆုံးပြန်တယ်။ ကျနော် ဘယ်လိုဖြေရမလဲ ဆရာကြီး။ ပိုကြေကွဲဖို့ကောင်းတာက ဒီနှစ်ယောက်လုံးရဲ့ ဈာပနအခမ်းအနားကို ကျနော်တက်ရောက်ခွင့် မရဘူးလေ။ အုတ်ရိုး၊ သံတိုင်၊ သော့ခလောက်တွေက မိစ္ဆာတွေအလိုကျ ကျနော့်ကို တားဆီးထားကြတယ်လေ။ 8’ 10’ အခန်း ကျဉ်းလေးထဲမှာ ကျနော်တယောက်ထဲ စိတ်နဲ့ ဦးညွတ်အလေးပြုနေရတယ်လေ။

တိုက်ဆိုင်လွန်းတယ်ပဲ ပြောရမလား။ သက်ဝင်းအောင်ဆုံးတော့ ၈၈မျိုးဆက်သစ် ကျောင်းသား တွေရဲ့ ''အဖြူရောင်ဖော်ပြချက်'' လှုပ်ရှားမှုကာလ။ လူတိုင်းအဖြူရောင်ဝတ်ပြီး ဆန္ဒထုတ်ဖော် ပြနေချိန်မှာ သက်ဝင်းအောင်က သူ့ရဲ့ခန္ဓာကိုယ်ကို မီးသင်္ဂြိုလ်စက်ထဲထည့်၊ ပြန်ထွက်ကျလာတဲ့ အဖြူရောင်ပြာမှုန့်တွေနဲ့ အမြင့်ဆုံးဆန္ဒထုတ်ဖော်ပြလိုက်တယ်လေ။ ''အခု ဆရာကြီးဆုံးတဲ့အချိန် မှာလည်း (၈၈) မျိုးဆက်တွေရဲ့ ''ရင်ဖွင့်လွှာ'' လှုပ်ရှားမှုကာလ။ လူတိုင်းလူတိုင်း သူတို့ခံစားနေရ တဲ့ ဒုက္ခတွေ၊ မတရားမှုတွေကို ဖွင့်ဟထုတ်ဖော် စာရေးသားနေချိန်မှာ ဆရာကြီးက ''ငါသိပ်ချစ် တဲ့ ငါ့တိုင်းပြည်ကို ငါပြန်ချင်တာ ငါ့ကို ပြန်ခွင့်မပြုဘဲ မတရားပိတ်ပင်တားဆီးထားကြတယ်ဟေ့'' ဆိုပြီး လူသိရှင်ကြားဖြစ်အောင် အကောင်းပကတိကနေ ဘုန်းကနဲလဲသေပြလိုက်ပါရောလား။ ဒါ ဟာ ''အမြင့်ဆုံး ရင်ဖွင့်လွှာ'' ရေးပြလိုက်တာများလား..။

သက်ဝင်းအောင်ရော ဆရာကြီးပါ (၂) ယောက်လုံး ဘုန်းခနဲလဲကျ၊ နှလုံးရပ်ပြီး သေသွားကြပုံ တူနေတာ တမင်တကာ တိုက်ဆိုင်မှု တွေများလား။ သက်ဝင်းအောင်က သူ့မိသားစုနဲ့ဝေးရာ နံရံလေးဘက်ကြား တစ်ယောက်ထဲ ရေကန်အသွား ဘုန်းခနဲလဲကျ နှလုံးရပ်သွားတယ်။ ဆရာကြီးက သူ့မိသားစုနဲ့ရော သူချစ်တဲ့ တိုင်းပြည်နဲ့ဝေးရာ တိုင်းတပါးမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘုန်းကနဲ လဲကျ နှလုံးရပ်သွားတယ်။ သက်ဝင်းအောင်အရိုးအိုးကို သူ့ဇာတိရန်ကုန်မှာ ပြန်သင်္ဂြိုလ်ချင်တာ ခွင့်မပြုဘူးတဲ့လေ။ ဆရာကြီးရဲ့အရိုးအိုးကို သူ့ဇာတိမြန်မာပြည်ကို ပြန်သယ်ချင်တာ သယ်ခွင့်မရဘူးဆိုပါလား။ ကျနော် ဘယ်လိုဖြေရမလဲ ဆရာကြီး။ ကျနော်ကိုယ်တိုင် အုတ်ရိုး၊ သံတိုင်၊ နံရံလေးဘက်ကြားမှာ ဒီ ကြေ ကွဲဖွယ်ရာဖြစ်ရပ်တွေကို ရင်နဲ့မဆန့်အောင် ခံစားနေရတယ်လေ။

သူတို့ သိပ်ရက်စက်ကြပါလား..အဟုတ်ပဲ သူတို့ သိပ်ကို ရက်စက်လွန်းတယ် ဆရာကြီးရေ..။ ဆရာကြီး အရိုးပြာအိုးကို မြန်မာပြည် သယ်ခွင့်မပေးတာ ထားပါဦး။ ဆရာကြီး နာရေးကြော်ငြာ ကိုတောင် ထည့်ခွင့်မပြုကြဘူးတဲ့။ လူကြားလို့မှ ကောင်းကြသေးရဲ့လား။ ဒါ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်တဲ့လား။ ယဉ်ကျေးပါတဲ့ မြန်မာလူမျိုးတွေ ကမ္ဘာ့အလယ်မှာ ဘယ်လိုမျက်နှာပြဝံ့ကြ တော့မှာလဲ။ ဆရာကြီးရေ သူတို့ ဆရာကြီးကို အူလှိုက်သည်းလှိုက်မုန်းနေကြပါရောလား။ သူရဲ၊ တစ္ဆေတွေ 'ဂုဏ်တော်' မြင်ရင် ထွန့်ထွန့်လူးကြောက်ကြသလို သူတို့ ဆရာကြီးရဲ့ဝိညာဉ်ကို ကြောက်နေကြပြီလေ။ ဒါကြောင့် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဝိညာဉ် ပြည်တော်ဝင်ခွင့်ကို မပေးရဲ ကြတော့တာလေ။ ဆရာကြီး ရေးခဲ့ဖူးသားပဲ။ ဗုဒ္ဓဆင်းတုကို သံကြိုးနဲ့တုပ် ချုပ်နှောင်ထားမဲ့ ဗိုလ် ချုပ်တွေဆိုတာလေ။ ဆရာကြီး မလွန်ဘူး။ သူတို့ မြင်မြင်ကရာ သံကြိုးနဲ့တုပ်၊ ချုပ်နှောင်ချင်နေ ကြတာ ဘုရားတောင် ချမ်းသာမပေးကြတော့ဘူးလေ။

ဆရာကြီး ကျနော် ဘယ်လိုဖြေရမလဲ။ ဆရာဦးမြသန်း ဈာပနမှာ ဆရာကြီး ပြောခဲ့ဖူးတယ်လေ။ ''လူဟာ အသေကောင်းဖို့လိုတယ်။ အနေကောင်းမှ အသေကောင်းမယ်''ဆိုတာလေ။ ဆရာကြီး ရော၊ သက်ဝင်းအောင်ရော အနေကောင်းခဲ့ကြတယ်ဆိုတာ ကျနော် အပြည့်အဝ လက်ခံတယ်။ ဒါပေမဲ့ အသေကော ကောင်းကြရဲ့လား။ ဆရာကြီးက အနေကောင်းရင် အသေကောင်းမယ်လို့ မြင်တယ်နော်။ ကျနော်ကတော့ အသေကောင်းဖို့အတွက် အနေကောင်းရုံသက်သက်နဲ့ မလုံ လောက်ဘူးလို့ ယုံနေတယ်။ အသေလည်း ဖြောင့်ဖို့လိုတယ် မဟုတ်လား။ အသေဖြောင့်မှ အသေ ကောင်းမယ်လေ။ အနေလည်းကောင်း၊ အသေလည်းဖြောင့်မှ အသေလည်း ကောင်းတယ်လို့ ပြောလို့ရမယ်လေ။

ဒါဆို ဆရာကြီး အသေဖြောင့်ခဲ့ရဲ့လား။ အနေကောင်းခဲ့ပေမဲ့ အသေမဖြောင့် ခဲ့ဘူးမဟုတ်လား။ မသေခင်မှာ ဆရာကြီးသိပ်ချစ်တဲ့ တိုင်းပြည်ကို ပြန်ချင်တဲ့ အိမ်လွမ်းစိတ် ဝေဒနာအကြီးအကျယ် ခံစားခဲ့ရတယ် မဟုတ်လား။ အိမ်ပြန်ချင်တဲ့ဆန္ဒမပြည့်ဘဲ သေသွားခဲ့ရတာ မဟုတ်လား။ ဆရာကြီးသိပ်ချစ်တဲ့တိုင်းပြည်လည်း အမှောင်လွှမ်းနေဆဲမဟုတ်လား။ ဒီမိုကရေစီမရှိ၊ လူ့အခွင့်အရေးမရှိ၊ ဆင်းရဲခြင်းနဲ့ မတရားမှုတွေကြားမှာ ဆရာကြီး ချစ်တဲ့ပြည်သူတွေ မချိမဆန့်ခံစားနေရဆဲဆိုတာ ဆရာကြီးအသိပဲ မဟုတ်လား။ ဒီဝေဒနာတွေက လွတ်မြောက် စေချင်လွန်းလို့ ဆရာကြီးပဲ တဖွဖွပြောနေခဲ့တာ မဟုတ်လား။ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ခွင့်မရဘဲ သေခဲ့ရတဲ့ဆရာကြီး၊ ကိုယ့်တိုင်းပြည်ကို လွတ်လပ်တဲ့၊ တရားမျှတတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် မျက်ဝါးထင်ထင် မမြင်လိုက်ရဘဲ သေခဲ့ရတဲ့ဆရာကြီး အသေမဖြောင့်ခဲ့ဘူး မဟုတ်လား။ ဟုတ်တယ်။ ဆရာကြီး အသေမဖြောင့်ခဲ့တာ သေချာတယ်။

ဆရာကြီး ..ကျနော် ဘယ်လိုဖြေရမလဲ။ ဆရာကြီးနဲ့တွေ့ရင် ပြောဖို့ ရင်ဘတ်ထဲ ထည့်သိမ်းထား ခဲ့တဲ့စကားတွေ အခု ကျနော်ဘယ်သူ့ကို သွားပြောရတော့မှာလဲ။ ကျနော့်ရင်ထဲက စကားတွေ ဆရာကြီး မကြားနိုင်တော့ဘူးလား။ ဆရာကြီး ကျနော့်ကို ကဗျာခံစားဖတ်ရှုစေချင်ခဲ့တာ မဟုတ်လား။ အခု ကျနော်ကဗျာကို တရှိုက်မက်မက် ခံစားတတ်နေပြီ။ ကဗျာကို ကိုယ်တိုင်ဖန်တီးနေပြီ။ ကဗျာနဲ့ ကျနော့်နှလုံးသားကို နူးညံ့အောင် မွမ်းမံနေပြီလေ။ ဆရာကြီး ကျနော့်ကို ဘာသာတရား နဲ့ ယဉ်ကျေးတဲ့လူသားတစ်ယောက် ဖြစ်စေချင်ခဲ့တာ မဟုတ်လား။ အခု ကျနော် ဘာသာတရား ကို သက်ဝင်ယုံကြည်သူတစ်ယောက် ဖြစ်နေရုံတင်မက ဘာဝနာပါ ကျင့်ကြံနေပြီလေ။ ဒါတွေ ဆရာကြီး သိမသွားရဘူး။ ဒီအကြောင်းတွေ ကျနော် ဆရာကြီးကို မပြောလိုက်ရသေးဘူး။

ဆရာကြီး .. ကျနော် ဘယ်လိုဖြေရမလဲ။ ကျနော် ဆရာကြီးကို ကတိပေးမယ်။ ဆရာကြီး သိပ် ချစ်တဲ့ တိုင်းပြည်အတွက်၊ ဆရာကြီး သိပ်တန်ဖိုးထား မြတ်နိုးတဲ့ ပညာရေးလုပ်ငန်းတွေအတွက် ဘဝတစ်ခုလုံးနှစ်ပြီး အစွမ်းကုန်လုပ်သွားဖို့ ကတိပေးတယ်။ ဆရာကြီး .. ကျနော့်အသံကြားရလား။ ကျနော် ကတိပေးတာ ကြားရရဲ့လား။ ကျနော်ကတိပေးတယ်။ ကျနော့်အသက်နဲ့ ထပ်ပြီး ပေးတဲ့ကတိပါ ဆရာကြီး။ သူများတိုင်းပြည်မှာ နေနေရတဲ့ ဆရာကြီးရဲ့အရိုးပြာအိုးကို ကိုယ့်ပြည် ကိုယ့်ရွာကို မရောက်ရောက်အောင် ကျနော်ပြန်သယ်မယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ကျနော် ပြန်သယ်မယ်။ ဆရာကြီးလို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်ကြီးရဲ့အုတ်ဂူဟာ မြန်မာပြည်မှာ အထင်ကရ ရှိနေရမယ်လေ။ ကျနော် သစ္စာပြုတယ်။

ဆရာကြီးရဲ့ အရိုးပြာအိုး မြန်မာပြည် ပြန် မရောက်မချင်း ကျနော် မသေသေးဘူး။ ဆရာကြီး ကျနော် ကတိပေးပြီလေ။ ''မင်းက ကတိပေး ပြီးရင် မဖြစ်ဖြစ်အောင် လုပ်တတ်တယ်ဆိုတာ ငါယုံတယ်'' လို့ ဆရာကြီး ပြောခဲ့ဖူးတယ် မဟုတ်လား။ ယုံတော့ဆရာကြီး။ အခု ကျနော်ကတိပေးပြီ။ အသက်နဲ့ထပ်ပြီး ပေးတဲ့ကတိလေ။ သစ္စာပြုပြီးပေးတဲ့ကတိလေ။ ဆရာကြီး ကျနော့်အသံ ကြားရရဲ့လား။ ကျနော် ကတိပေးတာ ကြားရရဲ့ လား။ ကျနော့်ရင်ထဲကို အလိုအလျောက် ထိုးဖောက်သိနိုင်စွမ်းတဲ့ ဆရာကြီး၊ အခု ကျနော့် ရင်ထဲ သိမ်းထားတဲ့စကားတွေ မြင်ရရဲ့လား။

ကျနော် တက်ခွင့်မရတဲ့ ဆရာကြီးရဲ့ဈာပန အခမ်းအနားမှာ ဆရာအောင်ဝေးက ''ဆရာ ကွယ်လွန်သွားပါပြီ။ ဒါပေမဲ့ ဆရာမသေဘူးတဲ့။ ဆရာ သက်တော် ရာကျော်ရှည်ပါစေ''တဲ့။ ဟုတ် တယ်။ ဆရာအောင်ဝေးပြောတာ ကျနော်အပြည့်အဝ သဘောတူတယ်။ ဆရာကြီး မသေဘူး။ ဘယ်တော့မှ ဆရာကြီး မသေဘူး။ ဆရာကြီးကိုယ်တိုင် ရေးခဲ့ဖူးတာပဲ။ ''အာဇာနည်မျိုး၊ သေရိုး မရှိ၊ အာဇာနည်တိုင်း၊ သမိုင်းမသေ'' ဆိုတာလေ။ ဆရာကြီးက ကျနော့် အာဇာနည်ပဲ။ မြန်မာ ပြည်ရဲ့ အာဇာနည်ပဲ။ အာဇာနည်ဆရာကြီး သေရိုးထုံးစံမရှိဘူး။ မြန်မာရာဇဝင်မှာ ဆရာကြီး သမိုင်းတွင်ရစ်နေဦးမယ်။ ဆရာကြီး ထာဝရ ငြိမ်းချမ်းပါစေ ...

2.2.07
11:10 PM



37 comments:

မောင်မျိုး said...

တွေးစရာတွေ
မသိသေးတာတွေ
ကိုယ်တိုင် ခံစားလိုက်ရသလိုအဖြစ်တွေ
ကြေကွဲဖွယ် ဇတ်လမ်းတွေနဲ့
ရင်နာစရာ လမ်းခွဲနှုတ်ဆက်သွားရတဲ့သူတွေအကြောင်း
အဆုံးသတ်မှာ ပိုခံစားလိုက်ရတယ် ဒီဝတ္ထုလေးအစဆုံး သိမ်းထားလိုက်တယ် ကျေးဇူးပါ ။ ကိုနေခြူး ငြိမ်းချမ်းပါစေဗျာ ။

MyowinZaw said...

ကိုနေခြူးရေ ကိုသက်ဝင်းအောင် ဆုံးတော့ ခင်ဗျားပို့လိုက်တဲ့ကဗျာ အားလုံးရင်ထဲ ငိုင်ကနဲ ဖြစ်သွားတယ် ခုလဲ ခင်ဗျား ဆရာကြီးဦးတင်မိုး ကို သတိရလို့ ငိုင်ကနဲဖြစ်ရပြန်ပြီ လူ့ဘ၀ဆိုတာ သေကြမှာချည်းဘဲ .. ဒါပေမယ့်ဗျာ ... ကိုနေခြူးရေ ခင်ဗျားတို့ကို ပိတ်လှောင်နေတဲ့ ဒီသံတိုင် တွေပြိုတဲ့နေ့ ဆရာကြီးတို့ သက်ဝင်းအောင်တို့ ကောင်းရာအရပ်က ပြုံးပြုံးကြီး ကြည့်နေကြမှာပါ........

pandora said...

ပြောစရာ စကားလုံး ရှာမရလောက်အောင် ဆို့နင့်ကြေကွဲရပါတယ်။ အပြစ်မဲ့သူတွေကို ပိတ်လှောင်ထားတဲ့ သံတိုင်တွေကို ရိုက်ချိုးနိုင်မယ့်တနေ့ ရောက်ကိုရောက်လာစေရမှာပါ။

sin dan lar said...

ကိုနေခြူး လူကျန်းမာ၊ စိတ်ချမ်းသာပါစေ..၊
အမြန်ဆုံးပြန်လွတ်ပါစေ....။

Aye Myat Myat Ko said...

ှမေတ္တာနဲ့ အနိုင်ကျင့်တာ
အဲဒီ စကားလုံးတော့ အကြွေဆုံးပဲ

ခင်မင်းဇော် said...

တို့နေ့ကိုတော့ ရောက်ရမည်မှာမလွဲသာ...

tututha said...

“မေတ္တာနဲ့ အနိုင်ကျင့်ခြင်း” တဲ့။ ရေးတတ်လိုက်တာနော်။ အမြန်ဆုံးလွတ်မြောက်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် ဂုဏ်တင့်တဲ့သူတယောက်အဖြစ်ရောက်ဖို့ ဝိုင်းဆုတောင်း ပေးနေပါ့မယ်။ အစ်မရေ ရင်ထဲက စကားတခွန်းထပ်ပြောဦးမယ် .. စာအုပ်ကလေးအဖြစ် လုပ်ဖြစ်အောင်လုပ်ပါနော်။ တူးနဲ့အတူ အဲဒီစာထဲက နာမည်ရှင်တယောက်ကလည်း ကူညီချင်တယ်တဲ့။ စာအုပ်ဖြစ်ဖို့ တခြားသူတွေ မပြောသေးဘူးဆိုရင် တူးတို့ လုပ်ပေးပါရစေ။
ချစ်ခင်စွာဖြင့်
ညီမ

Republic said...

ဖတ်ပြီးပေမယ့် ရင်ထဲမှာ တစ်ချို့ ကျန်နေခဲ့တယ် အစ်မ MCT.

တန်ခူး said...

ချိုသင်းရေ… ၅ ပိုင်းလုံးကို တပြိုင်တည်းဖတ်ပြီးထဲအခါ ရင်ထဲမှာနွမ်းကျသွားလိုက်တာ… ပြီးတော့… မျက်ရည်တွေက သူ့ အလိုလိုကျလာတယ်… နှလုံးသားနဲ့ ရေးတဲ့ မေတ္တာတရားကို အခြေခံတဲ့ သံယောဇဉ်စကားလုံးတွေ… ရင်ထဲမှာ ဆို့ နင့်ကြေကွဲလိုက်တာ… ကောင်းကင်စိတ်နဲ့ ချစ်စရာကောင်းလွန်းတဲ့ ဧည့်သည်ကြီး မြင့်မြတ်တဲ့ ကောင်းကင်ဘုံကနေ ငြိမ်းချမ်းတဲ့အပြုံးတွေနဲ့  ပြုံးနေမှာ သေချာပါတယ်…

M.Y. said...

ကောင်းတယ် လို့ ဆိုရမှာထက်..တွန်းအားတွေအများကြီးပေးတဲ့တန်ဖိုးရှိတဲ့စာစုတွေပါပဲ။

အမှန်တရားကိုမြတ်နိုးတဲ့၊သစ္စာတရားလက်ကိုင်ထားတဲ့၊မတရားမှုပြုရမှာရှက်ကြောက်တတ်တဲ့ လူငယ်တစ်ယောက်ရဲ့ တိုးတက်ချင်တဲ့စိတ်တွေ၊လမ်းတွေကိုပိတ်ဆို့ ရိုက်ချိုးပစ်လိုက်တာ..အင်မတန်မတရားမှုတာပဲ

ကိုနေခြူးနဲ့ အတူ ဆရာကြီး အရိုးအိုးကလေးကိုမြန်မာပြည်ပြန်ရောက်သွားစေချင်တယ်။
သူ့ ဇာတိမှာပဲဖြစ်ဖြစ် ၊ ဖြစ်နိုင်ရင် အထင်ကရ စာကြည့်တိုက်ကြီးတစ်ခုခုရှေ့မှာပေါ့.. အထိမ်းအမှတ် ဆရာကြီးပုံတူ ရုပ်တု ကိုစိုက်ထားသင့်တယ်။ အဲဒိအောက်မှာအရိုးပြာအိုးကလေးဌာပနာထားသင့်တယ်။ ဒါမြန်မာပြည်ရဲ့ ဂုဏ်ထူးဆောင်စာဆိုတစ်ဦးလေ..
အဲဒိတစ်နေ့ မှာကျွန်တော်တို့ လဲတစ်တပ်တစ်အားပါကြမှာပါ။

ဒီဧည့်သည်ကြီး စာစု ၅ ခုအတွက် ကိုနေခြူးရောမိုးချိုကိုပါကျေးဇူးတင်ပါတယ်.

Kay said...

မချိုသင်းရေ- ဖတ်ပြီးသွားပါပြီလို့ပဲ။
ဘာများပြောစရာကျန်သေးလို့လဲ။
နေခြူး ဆန္ဒတွေ ပြည့်ဝပါစေလို့သာ သစ္စာဆိုပေးလိုက်ပါတယ်။

သူတို့အားလုံးတိုင်းပြည်ကို သိပ်ချစ်ကြပါသည်။ ဤမှန်သော စကားကြောင့် အမြန်ဆုံး နံရံများကြားက လွတ်မြောက်၍၊ ဆန္ဒတွေကို အကောင်အထည် ဖော်နိုင်ကြပါစေ ....

ဇနိ said...

ဖတ်ပြီးပေမယ့် ဆက်ဖတ်ချင်နေသေးတယ်။ သူတို့ချစ်ခြင်းမေတ္တာတွေ ဒီမှာ မဆုံးစေချင်သေးဘူး အမချိုသင်းရယ်။
နိနိ

henry said...
This comment has been removed by the author.
ksanchaung said...

အစ အဆုံး ဖတ်သွားပါတယ်။

henry said...

အမရေ....
စစ်အစိုးရရဲ့ ဖိနှိပ်မှု၊ ရက်စက်မှု၊ လူမဆန်မှု တွေကို တထောင့် တနေရာက ဖော်ပြမှတ်တမ်းတင်ပေး နေတာမို့ စာ အုပ်ထုတ်သင့် ပါတယ်။
ကိုနေခြူးလို အဖိနှိပ်ခံ.. အကျဉ်းစံ ဘ၀ ကတောင်ဒီ စာမူကို ပြင်ပကို ရောက်အောင်လုပ်နိုင်သေးရင် ကျွန်တော်တို့  အမတို့ လို လို လွတ်လပ်တဲ့ ကမ္ဘာက လူတွေအနေနဲ့ စာအုပ်ထုတ်ဝေဖို့ အရေး ပိုပြီး အားထုတ်သင့် တယ်ထင်ပါတယ်။

လောလောဆယ်တော့ သူငယ်ချင်းတွေကို ဒီအတိုင်းပဲ အီးမေးလ်ကနေ ထပ်ဆင့်  ပြီး ဝေငှလိုက်ရပါတယ်။ အမအနေနဲ့ လဲ ခွင့် ပြုလိမ့် မယ်မျှော်လင့် ပါတယ်

စစ်မုန်း

mmk said...

MMK,
At the end, I have noticed my eyes are wet.
နေခြူး ဆန္ဒတွေ ပြည့်ဝပါစေလို့သာ သစ္စာဆိုပေးလိုက်ပါတယ်။
Wishing you, writer, Thet win Aung and sayagyi may free from all kinds of sufferings in one day.
with metta

အောင်သာငယ် said...

ဟုတ်တယ် ညီမရေ့...
ဒီစာကို စာအုပ် တအုပ်အဖြစ် ပုံနှိပ်သင့်တယ်...
ဆရာ့အတွက် အမှတ်တရလည်း ဖြစ်တယ်လေ...

Lynda said...

Ma Moe,

I couldn't stop crying after reading this post. I miss my country a lot. Even though I did not have a chace to get to know your beloved father, I salute Sayagyi U Tin Moe from here. Take care.

Lin

P.Ti said...

လူငယ်တွေအများကြီးစတေးနေရပြီး လူငယ်တွေ အနာဂတ်ပျောက်နေနေတဲ့နေ့ရက်တွေ ကုန်ဆုံးသင့်နေတာကြာပါပြီ။

ကိုနေခြူးတို့ လုပ်ခဲ့တာတွေ အချည်းနှီးမဖြစ်ပါဘူး...လေးစားပါတယ်။

ဆရာကြီးတင်မိုးလိုလူမျိုးကတော့ ဘယ်တော့မှ မသေပါဘူး.. အမြဲတန်း ရှင်သန်နေမှာပါ

ရှင်မင်းညို said...

မျက်ရည်တွေဖြိုင်ဖြိုင်ကျပြီး ဒီစာကို ဖတ်ရတယ်...

Nwe said...

Thank you Ma Cho Thin for posting this on your blog. I am very proud for famous poet U Tin Moe, and feel deeply sad about lives of many talented people being wasted behind the bars. May all political prisoners be free. May Daw Aung San Su Kyi triumph over evils.

mainnmainn said...

ကိုနေခြူးဆန္ဒတွေအမြန်ဆုံးပြည့်ဝပါစေအမရယ်
လူမဆန်တဲ့သူတွေအတွက်ခရီးဆုံး
ကနီးနေပါပြီ...
ကိုနေခြူးရဲ့စာကပြီးသွားပေမဲ့..
ရင်ထဲမှာတော့....

wai said...

I can't stop crying too.
Smiling, weeping, suffocating and hating.
Several emotions make me so sad.
Hey, Na Aa Pha, I curse you all be burnt with tears of our Myanmar people.
I wanna meet Sayagyi U Tin Moe's family and Ko Nay Chu under blue and sunny sky one day.
Ma Moe Cho Thinn and Ko Nay Chu, Thanks for your sensational posts.

အိန္ဒြာ said...

ဒီမှတ်တမ်းလေးကို အစ်မ ဘယ်လိုစွမ်းအားတွေနဲ့များ
ဖတ်လိုက်ရမလဲ....တွေးမိတယ်

စာအရေးကောင်း၊အတွေးတွေကောင်းပြီး.
ကျေးဇူးတရားကိုသိတတ်တဲ့၊သစ္စာတရားကိုတန်ဖိုးထားတဲ့
ကိုနေခြူးတစ်ယောက်

စိတ်၏ကိုယ်၏ကျန်းမာချမ်းသာလို့
လိုအင်ဆန္ဒတစ်လုံးတစ်ဝတည်းပြည့်ဝနိုင်ပါစေ...

kitty said...

Dear Moe C.T, Thanks a lot for your posting this article. I have known well about their struggle and sad life in the prison. And really saluted to Sayagyi and Ko Nay Chu's bravery, attitude and charactor. KO NAY CHU TO RELEASE SOONER DAYS AND read again your 2nd time life at prison. Ko Nay Chu ; wish you to be healthy and peaceful mind overthere. AND PLS KEEP YOUR MIND STRONGER & STRONGER. I HOPE YOU, MY BROTHER, WILL BE SURELY SUCCESSFUL IN YOUR LIFE.

mg said...

ရုပ်ရှင်ကားတကားကြည့်ခဲ့တယ်လို့ပဲအောက်မေ့ချင်ပါ တယ်၊ ရုပ်ရှင်ထဲမှာပဲဇတ်လမ်းသဘောအရ ဖြစ်ပျက် သွားတယ်လို့ အဲဒီလိုပဲသဘောထားချင်တော့တယ်၊ ကာယကံရှင်တွေအတွက်ရော၊ ပတ်သက်တဲ့ သူတွေ အတွက်ရော မခံစားနိုင်လို့ပါ။

mgmgkyaw said...

We never forget our remembrance days. I deeply resprect to Ko Nay Chu. Let me copy and post in MMCP.

tg.nwai said...

အစကနေ အဆုံးထိ ပြန်ဖတ်သွားပါတယ်။ သည်စာလေးဟာ ဆရာကြီးဦးတင်မိုးနဲ့ ကျောင်းသားလေး နေခြူးတို့ရဲ့ သံယောဇဉ်တွေအပြင် ခေတ်ရဲ့ ကြေးမုံပြင် သမိုင်းကြောင်းတစ်စ၊ ၊ ရိုးသားဖြောင့်မတ်တဲ့ လူငယ်တွေ၊ နားလည်ခွင့်လွှတ် နှလုံးသားကြီးတဲ့ လူကြီးတွေရဲ့ မေတ္တာစေတနာကို တွေ့မြင်နေကျ ၀ိရောဓိတွေကြားထဲက ခွဲထွက်ပြီး ... အင်း...ခံစားလိုက်ရပါတယ်။

အမှတ်တရ သိမ်းထားပါရစေ ချိုသင်းရေ။ ကျေးဇူးပါ။

ZT said...

အကြိမ်ကြိမ်ဖတ်မိပါတယ်။ ဖတ်မိတိုင်းလည်း အမျိုးမျိုးသော ခံစားမှုတွေ ခံစားရပါတယ်။

ကလိုစေးထူး said...

အမ...၊ ကျနော် အခု စာအုပ်လေးကို ဖိုင်လ်တခုဖွင့်ပြီးတော့ ကျနော့်ဘလော့ဂ်က ဖတ်စေချင်သော စာအုပ်နေရာမှာ share လုပ်ထားလိုက်ပါတယ်။ ခွင့်ပြမယ်လို့ ထင်ပါတယ်ခင်ဗျာ။ တချိန်တချိန် အခွင့်ရရင်တော့ အပြင်မှာ ပုံနှိပ်စာအုပ်တအုပ်အဖြစ်အနေနဲ့ ဒီစာအုပ်ကို သပ်သပ်ရပ်ရပ်လေး ထုတ်ခွင့် ရချင်ပါတယ်။ ဒါမှမဟုတ် (တယောက်ယောက်က ထုတ်လို့ဖြစ်ဖြစ်) ဖတ်ခွင့်၊ သိမ်းဆည်းခွင့် ရချင်ပါသေးတယ်။

သက်ဝေ said...

အစ အဆုံး ပြန်ဖတ်သွားပါတယ်။
ဘာမှ ထပ် ပြောစရာ မရှိတော့ပါဘူး...
သတ္တိတွေနဲ့  နံရံတွေကို လှဲဖြိုနိုင်ကြမယ့်
တစ်နေ့ နေ့ ကို ရောက်ဖို့  ဆုတောင်းကြတာပေါ့...

လင်း said...

ကိုနေခြူးက ဆရာကြီးကိုပေးတဲ့ကတိလေးဖတ်ပြီးမျက်ရည်ဝဲမိတယ် အမရယ်။

Thant said...

အစ်မရေ
ဒီ Post ကို PDF လုပ်ပြီးသိမ်းထားပါတယ် ။
''အာဇာနည်မျိုး၊ သေရိုး မရှိ၊ အာဇာနည်တိုင်း၊ သမိုင်းမသေ''
ဆရာကြီး ထာဝရ ငြိမ်းချမ်းပါစေ ...
မေတ္တာနဲ့ အနိုင်ကျင့်ခံရတဲ့ ကိုနေခြူးလည်း အမြန်ဆုံးပြန်လွတ်ပြီး အရိုးအိုးကလေးကိုမြန်မာပြည်ပြန်သယ်နိုင်ပါစေ ။

Walking-Draming said...

ကျနော်ကတော့လဲ မျက်ရည်ဝဲမိတယ်..
ဒါပေမယ့် ဝမ်းနည်းလို့မဟုတ်ဘူး..
မခံချင်စိတ်တွေနဲ့ ရင်ထဲမှာ ဒေါသတွေ အလိပ်လိုက်ထွက်ပြီးတော့ပါ....
ဖတ်တဲ့သူတွေကိုလဲ တစ်ခုလောက်တော့ ပြောချင်ပါတယ်..ဒါဟာ ဝတ္တုမဟုတ်ပါဘူး..ကောင်းလိုက်တာဆိုပြီးတော့ နောက်ရက်မှာ မေ့မသွားပဲ..ဒီအာဏာရှင်စနစ်ကြီး ချုပ်ငြိမ်းသွားရေးအတွက်လဲ တစ်ဖက်တစ်လမ်းက ပါဝင်ကြပါဦးလို့..(ဆရာလုပ်တာမဟုတ်ပါ)
ဒါ ဝတ္တု မ ဟုတ် ဘူး နော် ....

May said...

ဒါ ဝတ္တု မ ဟုတ် ပါ ဘူး
ဒါ သမိုင်းပါ
ရသ မြောက်တဲ့ သမိုင်းပါ
တွန်းအားတွေအများကြီးပေးတဲ့တန်ဖိုးရှိတဲ့စာစုပါပဲ။
စာအုပ်အဖြစ် ရှိသင့်တယ်။
ကျေးဇူးပါ ကိုနေခြူး ။

ဒေါင်းမင်း said...

ဒီအကြောင်းလေးကိုအခုမှအပြီးထိဖက်မိတော့
မမေ့ကောင်းတဲ့သမိုင်းတခုပါလားဆိုတာ..သိရတယ်
ဆရာကြီးတို့သက်ဝင်းအောင်တို့..ကောင်းရာသုဂဒိမှာ
စံမြန်းမှာပါ.....
သူရဲကောင်းတို့သည်..သေရိုးထုံးစံမရှိပါဘူး...

Talkii said...

အစ်မရေ PDF လုပ်ပြီး blog မှာ ပြန်မျှဝေချင်လို့ပါ။ ခွင့်ပြုမယ်ထင်ပါတယ်။

သစ္စာတရားတွေ အမြန်ဆုံး ထွန်းတောက်နိုင်ပါစေ။ ကိုနေခြူးရဲ့ ဂတိလည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ။