ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး

အဖေ ကဗျာဆရာဦးတင်မိုး ဆုံးပြီး လအနည်းကြာတဲ့ တနေ့မှာ ကိုယ့်လက်ထဲကို စာအုပ်လေး တအုပ် ရောက်လာပါတယ်။ အဖေ့ သားအရင်းတယောက်လို ချစ်ခင်တဲ့ ကျောင်းသားလေး တယောက်ရဲ့ အဖေ့အကြောင်းရေးထားတဲ့ စာမူပါ။ မလွတ်လပ်တဲ့ နေရာ၊ အကျဉ်းထောင်ထဲကနေ နှလုံးသွေးနဲ့ ရေးလိုက်တဲ့ စာမူလေးပါ။

အဖေ့အကြောင်းကို လူတွေ သူတို့မြင်တဲ့ထောင့်ကနေ အမျိုးမျိုးရေးကြတာ ဖတ်ဖူး မှတ်ဖူးပါတယ်။ ဒါပေမဲ့ အမှန်တရားအတွက် အဖေ မတရားအဖမ်းဆီးခံရစဉ် အင်းစိန်ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကိုတော့ မသိခဲ့ရပါဘူး။ လွတ်လပ်မှုကို မြတ်နိုးလွန်းတဲ့ အဖေ အကျဉ်းထောင်ထဲမှာ ဘယ်လိုများ နေထိုင်ခဲ့သလဲ ကိုယ်တွေးကြည့်မိဖူးတယ်။

အခု ဖော်ပြမဲ့ ဒီစာလေးဟာ အဲဒီကွက်လပ်လေးကို ဖြည့်လိုက်တာပါပဲ။ ဒီစာထဲမှာ အကျဉ်းစံတွေ ဖြစ်တဲ့၊ အာဏာရှင်စနစ်ကို မရှိခိုးနိုင်ကြတဲ့ ကျောင်းသားလေးတယောက်နဲ့ ကျောင်းဆရာ ကဗျာဆရာတယောက်ရဲ့ မမြင်ရတဲ့ သံယောဇဉ်တွေကို တွေ့ရမှာပါ။ အကျဉ်းကျသူတွေရဲ့ ရင်ဆိုင် ရုန်းကန်နေရတဲ့ ဘဝတွေကို နားလည်ခံစားလို့ရမယ်၊ သူတို့ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ခံစားချက်တွေကို ဖတ်ရင်း စာနာနားလည်နိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

စာမူကို အပိုင်းခွဲပြီး တင်သွားပါမယ်။ ဖတ်ကြည့်ကြပါအုံးရှင်။

မိုးချိုသင်း

အမတို့ခင်ဗျား

လူတစ်ယောက်ဆုံးပါးသွားတဲ့အခါ သူ့ကိုချစ်ခင်တန်ဖိုးထားလေးစားတဲ့သူတွေက လူကိုယ်တိုင် ဈာပနအခမ်းအနားကို တက်ရောက်ကြတယ်။ အကြောင်းတစ်ခုခုကြောင့် မတက်ရောက်နိုင်ကြရင် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၊ လွမ်းသူ့ပန်းခွေ ပန်းစည်းတွေပို့ပြီး မိသားစုနဲ့အတူထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း သူတို့ရဲ့စာနာမှုတွေကို ပြသလေ့ရှိကြတယ်။ ဒါဟာယဉ်ကျေးတဲ့သူတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုပါဘဲ။ ကျနော်က လူကိုယ်တိုင်လည်းတက်လို့မရ ပန်းခွေပန်းစည်း သဝဏ်လွှာလည်းပို့လို့မရ.. ဆိုတော့ ကျနော်က မယဉ်ကျေးတဲ့သူများဖြစ်နေမလားဘဲ။

ဆရာကြီးကအမတို့သိပ်ချစ်ရတဲ့အဖေပါ။ ဒီလိုဘဲ။ ကျနော့်ရဲ့အဖေဆိုလည်း မမှားပါဘူး။ ဆရာကြီးဆုံးသွားလို့ အမတို့ညီအမတွေ ကြေကွဲထိခိုက်ကြရသလို ကျနော်လည်း ဘယ်လောက်ကြေကွဲထိခိုက်ရသလဲဆိုတာ ခုကျနော်ပို့လိုက်တဲ့စာအုပ်ကို စ..ဆုံးဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။

တိုင်းသိပြည်သိဆရာကြီးရဲ့အများသိပြီးသားအကြောင်းတွေကို ထည့်မရေးတော့ဘဲ တကယ်ဖြစ်ခဲ့ပြီး လူသိပ်မသိတဲ့အကြောင်းတွေကိုဘဲ ရေးထားတာပါ။ အထူးသဖြင့် ဘာမှမဟုတ်တဲ့ ခပ်ရိုင်းရိုင်းကောင်လေးတစ်ယောက်ကို ယဉ်ကျေးတဲ့ လူသားတစ်ယောက်ဖြစ်အောင် သူ ဘယ်လို ထုဆစ်ခဲ့တယ် ဆိုတာ လူသိရှင်ကြားသိစေချင်တာပါ။ လူသူမမြင်နိုင်တဲ့နေရာမျိုးတွေမှာတောင် ဆရာကြီးဟာ အရိုးခံသက်သက်ပြုမူနေထိုင်ခဲ့တာတွေ ၊ ဟန်ဆောင်မှုကင်းပြီး မာန်မာနမရှိတာတွေ ဖြူစင်ရိုးသားပြီး စာနာတရားကြီးမားတာတွေ ကဗျာ စာပေနဲ့ ပညာကို ချစ်မက်တန်ဖိုးထားတာတွေ သိစေချင်လို့၊ အထူးသဖြင့် ကျနော့်လို အရိုင်းကို အယဉ်ဖြစ်အောင် လုပ်နိုင်စွမ်းတဲ့ မေတ္တာတရားကြီးမားတာကို အမတို့သိစေချင်လို့ ''ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ဧည့်သည်ကြီး'' ဖြစ်လာရတာပါဘဲ။

အရေးကြီးဆုံးကတော့ ဆရာကြီးရဲ့အရိုးပြာအိုး မြန်မာပြည်ကို မုချပြန်ရောက်ရမယ်လို့ လူသိရှင်ကြားဟစ်ကြွေးလိုက်တာပါဘဲ။

အမတို့ငြိမ်းချမ်းပါစေ..


Tue, Feb 6 , 2007

10:05 PM



ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး

၂ဝဝ၇၊ ဇန်နဝါရီ ၂၂ ၊ ညနေ ( ၄ ) နာရီ၊ အမေရိကန်၊ လော့အိန်ဂျလိစ်မှာ ဆရာကြီးဆုံးပြီတဲ့။ ကျင်စက်နဲ့ တို့ခံလိုက်ရသလို တကိုယ်လုံး တောင့်တောင့်ကြီးဖြစ်သွားရတဲ့အထိ။ ကိုယ့်နားတောင် ကိုယ်မယုံချင်ဘူး။ မဟုတ်ပါစေနဲ့...မဟုတ်ပါစေနဲ့ လို့ တကိုယ်တည်း နတ်ပူးသလို ရေရွတ်နေမိတယ်။ အမြင်၊ အကြားအာရုံတွေ ဆွံ့အသွားသလို ပတ်ဝန်းကျင်တစ်ခုလုံး လင်းလိုက် မှောင် လိုက်နဲ့။ ဆောင်းခေါင်ခေါင်ကြီး မိုးခြိမ်းသံတွေ တဂျုန်းဂျုန်း၊ တဂျိမ်းဂျိမ်း ...ဘုရား...ဘုရား ... အိပ်မက်မဟုတ်ဘူးပဲ။ တကယ် ဆရာကြီးဆုံးပြီတဲ့..။

တမာနံ့သင်းသင်း၊ နေပြင်းပြင်း အညာဒေသမှာမွေးဖွားခဲ့တဲ့ အညာသားစစ်စစ်ကြီး ဦးဘဂျမ်း၊ မြန်မာ့ ယဉ်ကျေးမှု ကျေးလက်စရိုက်ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတဲ့ မျိုးချစ်ကဗျာစာဆိုကြီး တင်မိုး၊ 'ဖန်မီးအိမ်' 'ဧည့်သည်ကြီး' ကဗျာတွေနဲ့ ကဗျာတခေတ် မော်ကွန်းထိုးခဲ့တဲ့ ကဗျာသူရဲကောင်းကြီး။ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးလွန်းလို့ ထောင်သွင်းအကျဉ်းကျခံရတဲ့ ပြည်သူ့ဘက်တော်သားကြီး၊ အများက ''သခင်ကိုယ်တော်မိုး''လို့ မှည့်ခေါ်ရလောက်အောင် ငြိမ်းချမ်းရေးစိတ် ပြင်းပြလွန်းတဲ့ တိုင်းချစ်ပြည်ချစ် ဆရာကြီး...ခုတော့ သူသိပ်ချစ်တဲ့ သူ့မွေးရပ်တိုင်းပြည်မှာ ခေါင်းချခွင့်မရရှာတာ ဘယ်လောက် ကြေကွဲထိခိုက်ဖို့ကောင်းလိုက်သလဲလို့...

သူ့ကို ကျနော်စတွေ့ခဲ့တာ၊ ဟိုးလွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ခုလိုနှစ်တနှစ်ရဲ့ နှစ်ဦးကာလ နှင်းတွေဝေ နေတဲ့ မနက်ခင်းလေး။ အင်းစိန်ကျောင်းတော်ကြီးရဲ့ အမှတ် ( ၁ ) အိပ်ဆောင်မှာပါ။ ကျနော်နဲ့ သက်ဝင်းအောင်က အမှုတွဲ၊ အပေါ် (၁.ခ)မှာ အတူတူနေ နေရတဲ့အချိန်။ (၁၉၉၁၊ ဇွန်လ)ထဲက ရုံးထွက် ရုံးပြန်နဲ့ ဒီအဆောင်မှာ နေနေရတာ။ ၁၉၉၂ ဇန်နဝါရီလကုန်ပိုင်းလောက် တညနေခင်းမှာ ရုံးပြန် တစ်ယောက် ကျနော်တို့ဆီ ရောက်လာပြီး ''ကဗျာဆရာတင်မိုး'' ဆိုတာ ဒီနေ့ အချုပ်သစ်နဲ့ပါလာတယ်လို့ သတင်းလာပေးတယ်။

ကျနော်က ''ကဗျာဆရာတင်မိုး''ဆိုတာကို မသိဘူး။ မသိဆို ကြားတောင် မကြား ဖူးဘူး။ သက်ဝင်းအောင်က လူကိုသာမသိတာ။ သူ့နာမည်ကြားဖူးတယ်။ ထင်ရှားတဲ့ ကဗျာဆရာကြီးဆို တာသိနေတယ်။ ကျနော်တို့က အရင်ရောက်နှင့်နေတဲ့ လူဟောင်းတွေဆိုတော့ လိုအပ်တာတွေကူညီဖို့ နှစ်ယောက်သားတိုင်ပင်ဖြစ်ကြတယ်။

သူက ဒီနေ့မှ စရောက်တာဆိုတော့ ပုံစံခန်းဝင်ရဦးမယ်။ ပုံစံခန်းဆိုတာ ကျနော်တို့နေတဲ့အခန်းရဲ့ အောက်တည့်တည့် အခန်းနံပါတ် (၁-က)။ ရောက်လာခဲ့သူမှန်သမျှ ဒီအခန်းကိုဝင်ကြရတာ ထုံးစံပဲ။ ပုံစံ ခန်းဆိုတဲ့အတိုင်း ရောက်လာတဲ့အချုပ်သစ်တွေကို သံမံတလင်းမှာ ဖင်ချထိုင်ခိုင်းထားပြီး ပုံစံပြ တစ်ယောက်က ရှေ့မှာပုံစံပြမယ်။ ''စည်းကမ်းထိန်း''ဆိုတဲ့သူတွေက တုတ်တွေ၊ သားရေပတ်တွေကိုင်ထား ပြီး တွေ့ကရာလူကို လျှောက်ရိုက်မယ်။ ပုံစံလို့အော်လိုက်ရင် လက်မကို လက်ဖဝါးထဲထည့်ဆုတ်ပြီး တင် ပလ္လင်ချိတ်ထိုင်ထားတဲ့ ဒူးနှစ်ဖက်ပေါ်တင်တား၊ ခါးဆန့်ပြီး ခေါင်းငုံ့ထားရတယ်။ ''အေးစေ''လို့အော်မှ ခေါင်းမော့ရတယ်။ ''ပုံစံရပ်''နဲ့ ''အရေးပေါ်ပုံစံ''ဆိုတာ ရှိသေးတယ်။ ကိုလိုနီစရိုက်နဲ့ အာဏာရှင်ဝါဒ သားစပ်ကျထားတဲ့ မော်ဖူးစေပုံစံတစ်ခုပါပဲ။

ပုံစံပြနေတုန်း အယောင်ယောင်အမှားမှားဖြစ်တဲ့သူကို စည်းကမ်းထိန်းတွေက တအုံးအုံး၊ တဒိုင်းဒိုင်းနဲ့ ရိုက်နှက်ကန်ကျောက် ကြတော့တာပဲ။ ပုံစံခန်း ဆိုတာ ငရဲခန်း အသေးစားလေးဆိုရင် မမှားဘူး။ အချုပ်သစ်နဲ့ရောက်လာသူမှန်သမျှ ဒီအခန်းထဲကို ဝင်ရတယ်။ (၂)ရက်လောက်နေပြီးမှ တခြားအခန်းကို ခွဲပို့တယ်။ ကျနော်နဲ့ သက်ဝင်းအောင်လည်း ဒီအခန်းမှာ(၂)ရက်လောက်နေပြီးမှ အခုနေတဲ့ ( အခန်း ၁-ခ )ကို ရောက်နေကြရတာ။

ညနေဖက် သူရောက်တယ်ကြားပြီး နောက်တနေ့မနက် တန်းဖွင့်တော့ ကျနော်နဲ့ သက်ဝင်းအောင်တို့ ပုံစံ ခန်းသွားပြီး သူ့ကိုရှာကြတယ်။ အခုမှ ရောက်တာဆိုတော့ သူမှာ ဘာမှပါမှာမဟုတ်ဘူးဆိုတာ အတွေ့ အကြုံအရ သိနှင့်ပြီးသား။ ဒါကြောင့် သွားတိုက်တံအသစ် တစ်ချောင်း ရှာပြီး သွားတိုက်ဆေးပါယူသွားကြ တယ်။ သူ့ကို လူမမြင်ဖူးတော့ ''ဦးတင်မိုး'' ဘယ်သူလဲဆိုတာ လိုက်မေးကြရတာ။ အခန်းဝရပ်နေတဲ့ လူ တစ်ယောက်က လက်ညှိုးထိုးပြလို့ကြည့်လိုက်တော့ အသက်ကြီးကြီး ဝဝဖိုင့်ဖိုင့် အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ခေါင်းရင်းဘက်ပြတင်းပေါက် သံတိုင်တွေကိုကိုင်ပြီး အပြင်ကို ငေးကြည့်နေတယ်။

ကျနော်တို့နှစ်ယောက် သူ့ဆီသွားပြီး ''အဘက ဦးတင်မိုးလား''လို့ မေးလိုက်တော့ သူကကျောခိုင်းလျက် ကျနော်တို့ဘက်လှည့်ပြီး ''ဟုတ်ပါတယ်။ ကျနော်တင်မိုးပါ''လို့ ပြန်ဖြေတယ်။ မျက်လုံးကဝိုင်းဝိုင်း၊ ပါးက ဖောင်းဖောင်းကြီးနဲ့ အံ့သြတဲ့အမူအရာနဲ့ ကျနော်တို့နှစ်ယောက်ကို တစ်လှည့်စီကြည့်နေတယ်။ ကျနော်တို့ ကျောင်းသားတွေပါ။ နာမည်ဘယ်သူဘယ်ဝါပါဆိုပြီး ကျနော်တို့အကြောင်း အကျဉ်းချုံးမိတ်ဆက်လိုက် တော့ သူ့မျက်နှာဝင်းသွားပြီး ဖက်လှဲတကင်း ပြန်နှုတ်ဆက်ပါတယ်။ သူ့ဖြစ်စဉ်အကြောင်းလည်း အကျဉ်းချုံးပြောပြပါတယ်။ ကျနော်တို့က အဘ မျက်နှာမသစ်ရသေးဘူးမဟုတ်လား။ လာ..ရေကန်သွားမယ်ဆို ပြီး ခေါ်သွားပါတယ်။ ရေကန်ရောက်တော့ သွားတိုက်တံပေါ် သွားတိုက်ဆေးညှစ်ထည့်ပြီး သူ့ကိုပေး လိုက်တော့ သူကသွားတိုက်တံပေါ်က သွားတိုက်ဆေးကို လက်ညှိုးလေးနဲ့ကော်ပြီး သွားတိုက်တံကို ပြန် ပေးတယ်။

ကျနော်က ''အဘ..ရွံတတ်လို့လား။ ဒါသွားတိုက်တံအသစ်ပါလို့ ပြောလိုက်တော့'' သူက ''ဟာ..မဟုတ်ဘူး။ မဟုတ်ဘူး။ ကိုယ်မရွံတတ်ပါဘူး။ သွားတိုက်တံနဲ့တိုက်လို့မရလို့ပါ'' လို့ ပျာပျာသလဲ ပြန်ဖြေပြီး သူ့ပါးစပ်ကို ''ဟ''ပြပါတယ်။ ကြည့်လိုက်တော့ ပါးစပ်ကဟောင်းလောင်းကြီး၊ သွားတွေ တချောင်းမှ မရှိဘူး။ ဟုတ်တာပေါ့။ သွားဖုံးချည်းသက်သက်ကို သွားတိုက်တံနဲ့တိုက်လို့ ဘယ်ရပါ့မလဲ။ ကျနော်နဲ့ သက်ဝင်းအောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိလေးဖြစ်သွားတော့ သူက အားရပါးရ ရယ်မောလိုက်ပါတော့တယ်။ အဲဒါ သူနဲ့ကျနော် ပထမဆုံး စတွေ့တွေ့ချင်း အမှတ်ရစရာ လေးပါ။ ၁၉၉၂ နှစ်ဦးပိုင်း နှင်းတွေဝေနေတဲ့ဆောင်းနံနက်ခင်းလေးက အစပြုလို့ အေးမြတဲ့ နွေးထွေးတဲ့ မေတ္တာရိပ်တွေ ကျနော့်နှလုံးသားကို သိုင်းခြုံရစ်ပတ်တော့မယ်ဆိုတာ ကျနော်မသိခဲ့ဘူးလေ။

သူပုံစံခန်းကထွက်တော့ ကျနော်နေတဲ့ အပေါ် (၁-ခ) မှာ လာနေရတယ်။ ကျနော်နဲ့ ဘေးချင်းယှဉ်အိပ် ရတာပါ။ သက်ဝင်းအောင်က ကပ်လျက်အခန်းက အပေါ်(၁-က)မှာ။ အဲဒီတုန်းကကျနော်နဲ့သက်ဝင်းအောင် က အသက် (၁၉)နှစ်အရွယ် (၉)တန်း ကျောင်းသားလေးတွေ၊ သူက ကျောင်းဆရာ၊ ကဗျာဆရာ ၊ ပညာနဲ့ မွေ့လျော်သူဆိုတော့ ကျနော်တို့ (၂)ယောက်ကို (၉)တန်းပြန်ဖြေပြီး ဘွဲ့ရအောင်ယူဖို့ တိုက်တွန်းတယ်။ ကတိလည်းတောင်းတယ်။ သက်ဝင်းအောင်က ပြန်ဖြေဖို့ကတိပေးလိုက်ပေမဲ့ ကျနော်ကမပေးဘူး။ မသေချာပဲနဲ့ ဘာကတိမှ မပေးချင်ဘူးလို့ ပြန်ပြောလိုက်တော့ သူ ကျနော့်ကို စိုက်ကြည့်နေတယ်။ ဘာမှ တော့မပြောဘူး။ ဒါပေမဲ့ သူ့မျက်နှာမှာ ခပ်မှိုင်းမှိုင်းအရိပ်လေးတွေ တွေ့လိုက်ရတယ်။

အဲဒီတုန်းက ကျနော်ကခပ်ထန်ထန်၊ ခပ်ရိုင်းရိုင်း။ ကချင်ပြည်နယ်တောတောင်တွေထဲ (၂)နှစ်ခွဲလောက် လက်နက်ကိုင် တိုက်ခိုက်နေရာကနေ၊ လောလောလတ်လတ် အချုပ်ကျနေတဲ့ကာလ။ ပြောရရင် အရှင်လတ်လတ် လှောင်ချိုင့်ထဲ ထည့်ပိတ်ခံထားရလို့ ရှူးရှူးရှားရှားဖြစ်နေတဲ့ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လိုမျိုး။ အစွယ် တပြပြ၊ လက်သည်းတပြင်ပြင်နဲ့။ ပိုဆိုးတာက ဘာ ဘာသာရေးမှ မရှိတာ။ အရိုင်းတုံးကြီး။ အဖေက ဗုဒ္ဓ ဘာသာ မြန်မာလူမျိုး၊ အမေက ခရစ်ယန် ကရင်လူမျိုး ဆိုတော့ ဘာသာက ဖက်စပ်၊ လူမျိုးက ကပြား။ သြကာသမသိ၊ သခင်ယေရှုမသိ၊ ကိုယ်ထင်ရာ ကိုယ်ခိုင်းနေတဲ့စိတ်အခံမျိုး။

အဲဒီလို ဘာသာမဲ့၊ တောပြန် အချုပ်ကျ ရိုင်းချင်တိုင်း ရိုင်းနေတဲ့ကျနော့်ကို သူကတခြား ကျနော်ကြုံရလေ့ရှိတဲ့ လူကြီးတွေလိုမျိုး ရှောင် ဖယ်ဖယ် နေတာမျိုးမလုပ်ဘူး။ ဖေးဖေးမမနဲ့ တရင်းတနှီးဆက်ဆံတယ်။ ကျနော့် နောက်ခံ ဘဝဇာတ် ကြောင်းကို ခရေစေ့တွင်းကျမေးတယ်။ အဖေအကြောင်း၊ အမေအကြောင်း၊ မိသားစုနေထိုင်မှုပုံတွေ အကြောင်း၊ ကျနော်တက်ခဲ့တဲ့ ကျောင်းကအစ၊ တောထဲနေခဲ့ရတဲ့ တိုက်ပွဲတွေအဆုံး အကုန်မေးတယ်။ တိုက်ဆိုင်ချင်တော့ ကျနော်ရဲ့အတန်းဖော် ခိုင်ဝတ်မှုန်ဆိုတာ သူ့ရဲ့ ရဲဘော်ကြီး ဦးတင်မောင်ဝင်းရဲ့ သမီး၊ သူ့တပည့်မ ဖြစ်နေတယ်။ အဲဒီလိုလျှောက်မေးနေတော့ ကျနော်ကပြောပြရတယ်။

အံ့သြဖို့ကောင်းတာက ကျနော်ပြောသမျှကို သူက သေသေချာချာကို အာရုံစိုက်ပြီး နားထောင်တာ။ တစ်ခါတစ်ခါတော့ သူမေး တာကို ကျနော်က ''ဘု'' ပြန်တောမိတာလည်း ရှိတယ်။ အဲဒီလိုအခါမျိုးမှာ ဘယ်တော့မှ စိတ်ဆိုးဟန်မပြ ဘူး။

''အေး..အေး..ခုမပြောချင်လဲနေ၊ နောက်မှပြောပေါ့။ လာ..အခုလမ်းလျှောက်ကြရအောင်''ဆို ပြီး ကျနော့်လက်ကိုဆွဲပြီး ထလမ်းလျှောက်တော့တာပဲ။ ဒီအကြောင်း အခုပြန်တွေးတော့ သူ့မျက်နှာမြင် ယောင်ပြီး ရင်ထဲဆစ်ကနဲ နာကျင်မိတာအမှန်ပဲ။ အဲ ဒီလိုတရင်းတနှီးနေကြရင်း ကျနော် သူ့ကို ''အဘ'' လို့ခေါ်ရာကနေ ''ဆရာကြီး''လို့ ပြောင်းခေါ်မိတယ်။ ဘယ်လိုဘယ်လို အဲဒီလိုခေါ်မိတယ်မသိဘူး။ စာ သင်တဲ့ဆရာ၊ အသက်ကြီးလို့ ခေါ်မိတာလား၊ ကဗျာဆရာကြီး မို့လို့ခေါ်မိတာလားလည်း မသိဘူး။ နောက်ပိုင်း ကျနော်ရော၊ သက်ဝင်းအောင်ရော ဆရာကြီးလို့ခေါ်ဖြစ်ကြတော့တယ်။

သူက ပထမ သူ့ ကိုယ်သူ 'ကျနော်' လို့ပြောတယ်။ နောက်တော့ 'ကိုယ်' 'မောင်ရင်' လို့ ပြောရာကနေ 'မင်း' 'ငါ'ဆိုပြီး တရင်းတနှီးဖြစ်လာတယ်။ တစ်ခါတစ်လေ 'ဟေ့ကောင်၊ ခွေးကောင်...ခွေးမသား..လာ..' ဆိုပြီး အာလုတ်သံကြီးနဲ့ တလုံးတခဲပြောပြီး ကျနော်ခေါင်းကို သူ့ရင်ဘတ်မှာ ဖိထားတာမျိုး လုပ်တတ်တယ်။ ပထမတော့ အဲဒီလိုခေါ်တာကို ကျနော်မကြိုက်ဘူး။ စိတ်ဆိုးမိတယ်။ 'ဆရာကြီး ကျနော့်ကို ဘာဖြစ်လို့ ခွေးကောင်လို့ခေါ်တာလဲ'လို့ ပြန်မေးတော့ သူ စိတ်မကောင်းဖြစ်သွားပုံရတယ်။

''မဟုတ်ပါဘူးကွာ .. ငါ ဘယ်သူ့ဖြစ်ဖြစ်၊ ဘယ်လောက်ငယ်ငယ် 'မင်း' 'ငါ' ဆိုတာမျိုးတောင် မသုံးပါဘူး။ မင်းကိုတော့ ငါချစ် လို့ ဒီလို ရင်းရင်းနှီးနှီး ပြောတာပါ။ စိတ်မဆိုးပါနဲ့ကွာ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သခင် နုတို့၊ သခင်အောင်ဆန်းတို့ကို အဲဒီလို ရင်းရင်းနှီးနှီးပြောဆိုတာပဲ'' လို့ ပြန်ပြောတယ်။

အဲဒီကစလို့ သူနဲ့ ကျနော်ကြား ဘယ်အခါတွေ့တွေ့ ''ဟေ့ကောင်...ခွေးကောင်...ခွေးမသား...လာ''ဆိုပြီး ကျနော့် ခေါင်းကို အတင်းဆွဲ သူ့ရင်ဘက်နဲ့ အတင်းဖိကပ်ထားတော့တာပဲ။ အဲဒီ သူ ကျနော့်ကို နှုတ်ဆက်နေကျ ပုံရိပ်လေး တစ်ခုအဖြစ် ကျနော့်ရင်ထဲ စွဲကျန်နေမိတယ်။

အဲဒီလို သူနဲ့ကျနော်တို့ (၄)လလောက် အတူနေရာကနေ တစ်နေ့ သူ့ကို စစ်ခုံရုံးကနေခေါ်ပြီး အမိန့်ချ မှတ်လိုက်တယ်။ (၄)နှစ်တဲ့။ စစ်ခုံရုံးအမိန့်ချပြီးတာနဲ့ အကျဆောင် (၅)ကို တန်းပို့လိုက်တော့ ကျနော်တို့ ချင်း မတွေ့ကြရတော့ဘူး။ နောင် သူနဲ့အကျဆောင်မှာ ပြန်တွေ့တော့မှ စစ်ခုံရုံးအတွေ့အကြုံကို ဖလှယ် ရင်း သူ့ကို ဘယ်လိုစီရင်ချက်စွဲတယ်ဆိုတာ သူပြန်ပြောလို့သိရတယ်။ စစ်ခုံရုံးက သူ့ကဗျာလေးဖတ်ပြပြီး စီရင်ချက် ချလိုက်တာတဲ့။ ခုံရုံးတရားသူကြီးက သူ့ကဗျာကိုဖတ်တော့ ယူနီဖောင်းအပြည့်အစုံနဲ့တဲ့။ ''လမ်းဘေးသွေးအိုင်ထဲ လဲနေတဲ့ ကျောင်းသားလေး..သားပြန်အလာကိုမျှော်နေတဲ့ အမေတစ်ယောက် ရဲ့အဖြစ်...'' စတဲ့ ကဗျာလေးပါ။ ''ဒီတခုနဲ့တင် တန်သွားပြီကွာ'' တဲ့။

ဆရာကြီးအမိန့်ချခံရပြီး တစ်လလောက်ထပ်နေပြီးတော့ သက်ဝင်းအောင် အချုပ်ဘဝကနေ လွတ်မြောက် သွားတယ်။ နောက်ထပ်တစ်လလောက် ထပ်နေပြီးတော့ ကျနော့်ကို စစ်ခုံရုံးက (၇)နှစ် အမိန့်ချလိုက် တယ်။ ဒီတော့ ဆရာကြီး ရှိတဲ့ (၅)ဆောင်ကို ရောက်ပြီး သူနဲ့ပြန်ဆုံရတယ်။ ကျနော့်ကို စစ်ခုံရုံးအမိန့်ချ လိုက်တာ မှတ်မှတ်ရရ ၁၉၉၂၊ ဇူလိုင် (၂၃) ရက်နေ့။ ထုံးစံအတိုင်း အကျဆောင်ရောက်တော့ အချုပ် ဆောင်တုန်းကလိုပဲ ပုံစံခန်းဆိုတာ ဝင်ရသေးတယ်။ ကျနော်အမိန့်ကျပြီး (၅) ဆောင်ရောက်တယ်ဆိုတာ ညတွင်းချင်း ဆရာကြီးသိတယ်။ နောက်တစ်နေ့ တန်းဖွင့်ဖွင့်ချင်း သူကျနော့်ဆီ ရောက်လာတယ်။

မျက်နှာသုတ်ပုဝါပုခုံးပေါ်တင်၊ ဆပ်ပြာခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ လက်ထဲကိုင်လို့။ ကျနော့်ဆီ လာတွေ့မယ်ဆိုတာသိနေရက်နဲ့ ဗြုန်းကနဲ အဖြူရောင် ထက်အောက် 'ထောင်ဝတ်စုံ'နဲ့ တွေ့လိုက်ရတော့ ရင်ထဲ တစ်မျိုးကြီးဖြစ်သွားတယ်။ အချုပ်ဆောင်တုန်းက အရပ်ဝတ် အရပ်စားနဲ့တွေ့နေကြလေ။ ခုတော့ ထောင်ဝတ်စုံကြီးနဲ့ ခေါင်းကလည်း ဖွေးဖွေးဖြူလို့။ တွေ့ရတာ တစ်မျိုးကြီးပဲ။ တွေ့တွေ့ချင်း သူကတော့ ထုံးစံအတိုင်း ''ဟေ့..ခွေးကောင်..လာ'' ဆိုပြီး ကျနော့်ခေါင်းကိုဆွဲပြီး သူ့ရင်ဘတ်နဲ့ထိထားတယ်။ ပြီးမှ မျက်နှာသွားသစ်ရအောင်လို့ ပြောတယ်။ ကျနော်က သူ့လက်ထဲက သွားတိုက်ဆေး၊ သွားတိုက်တံကို တလှည့်၊ သူ့ကိုတလှည့်ကြည့်နေတော့ သူက ''ဘာလဲ၊ မင်း ရွံ့တတ်လို့လား။ သွားတိုက်တံက အသစ်ပါ ကွ။ သွားတိုက်ဆေးကိုလက်ညှိုးနဲ့ကော်ပြီး တိုက်စရာမလိုပါဘူး။ မင်း သွားတွေကအကောင်းတွေချည်းပဲ'' တဲ့။ ကျနော်တို့ အချုပ်ဆောင်မှာ ပထမဆုံးတွေ့ခဲ့ကြတဲ့ မြင်ကွင်းလေးကို အမှတ်ရလို့ ပြန်ပြောတာနဲ့ တူ ပါရဲ့။

ကျနော်လဲ စတွေ့ကြတုန်းက သူပြောခဲ့တဲ့ပုံကို ပြန်ပြောပြီး နှစ်ယောက်သား အားပါးတရ ရယ်မော မိကြတယ်။ အချုပ်ဆောင်မှာတုန်းက ကျနော်က သွားတိုက်ဆေးလာပေးသူ၊ ဒီအကျဆောင်မှာတော့ သူက လာပေးရတဲ့သူ။ ဟိုမှာတုန်းက သူကလူသစ်၊ ကျနော်က လူဟောင်း။ ဒီကျတော့ သူကလူဟောင်း၊ ကျနော်က လူသစ်။ အဲဒီတုန်းက ဇန်နဝါရီနံနက်ခင်း၊ နှင်းတွေဝေလို့။ ခုတော့ ဇူလိုင်နံနက်ခင်း မိုးတွေရွာ လို့။

ဒီလိုနဲ့ ကျနော်တို့ (၅)ဆောင်မှာ အတူနေကြရပြန်တယ်။ အခန်းကတော့ မတူဘူး။ သူက (၃)၊ ကျနော် က (၄)။ မနက်ခင်းတွေမှာ ကျနော်က တောင်ယာတဲဆင်း၊ သူက လမ်းလျှောက်ပေါ့။ ညနေခင်းတွေဆို ကျနော်တို့နှစ်ယောက် အတူတူလမ်းလျှောက်ကြ၊ စကားတွေပြောကြနဲ့။ နေ့ခင်းတွေဆို သူက ထုံးစံ အတိုင်း မေးခွန်းတွေမေး၊ ကျနော်ကဖြေပေါ့လေ။ သူက စာတွေ၊ ကဗျာတွေအကြောင်း ပြောပြတယ်။ ကြုံရင်ကြုံသလို ကဗျာလေးတွေ ညှပ်ပြီး ရွတ်ပြသေးတယ်။ ထူးဆန်းတာက သူရွတ်တဲ့ကဗျာတွေထဲ သူ့ ကဗျာတစ်ပုဒ်မှ မပါတာဘဲ။

''ဧည့်သည်ကြီး'' ကဗျာအကြောင်းတော့ တခုတ်တရပြောပြတယ်။ မန္တလေး မှာ သူနဲ့မောင်စွမ်းရည်၊ မောင်ကြည်အောင်တို့ ကဗျာတွေစုရေးကြပုံတွေလဲပါတယ်။ များသောအားဖြင့် သူရွတ်ပြတဲ့ကဗျာတွေဟာ ဆရာကြီးမင်းသုဝဏ်နဲ့ ဆရာကြီးဇော်ဂျီ ကဗျာတွေပါပဲ ။

သူပြောပြတဲ့အထဲမှာ ဆရာကြီးဖေမောင်တင်အကြောင်း ၊ ဆရာကြီးဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ လူထုဦးလှ နဲ့ အမေမာအကြောင်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ မောင်ကြည်အောင် စတဲ့သူနဲ့ ခေတ်ပြိုင်ကဗျာ ဆရာကြီးတွေအကြောင်း ...အစုံပါပဲ။

ခက်တာက သူပြောတဲ့လူတွေအကြောင်း တယောက်မှ ကျနော် မသိတာပဲ။ နာမည်တောင် ကြားဖူးတာမဟုတ်ဘူး။ ကဗျာဆိုတာ ဘာမှန်းလည်းမသိ။ ခံစားရကောင်းမှန်း၊ ဖတ်ရကောင်းမှန်းတောင် သိတာမဟုတ်ဘူး။ အားနာလို့သာ နားထောင်နေရတာ၊ ပျင်းလည်းပျင်း၊ စိတ်ကလည်းညစ်ပေါ့။ ဒါကို သူရိပ်မိတယ်နဲ့တူပါတယ်။ တနေ့ ကျနော့်ကို ကဗျာနဲ့ပတ်သတ်ပြီး ဘယ်လို သဘောထားလဲဆိုပြီး မေးခွန်းမေးလာတယ်။

ကျနော်ကလည်း သိတဲ့အတိုင်း ဘုဆတ်ဆတ်၊ ဂျစ်ကန်ကန် နဲ့ဆိုတော့ ''ဟာ...ကဗျာဆိုတာ လူဘော်ကြော့တွေ၊ အလုပ်အကိုင်မရှိ၊ လူပျင်းတွေလုပ်တဲ့အလုပ်ပါ။ ဘာမှန်းလည်းမသိဘူး။ ခံစားလို့လည်းမရဘူးလို့'' ပြန်ပြောလိုက်တော့ သူခဏတွေသွားတယ်။ ပြီးမှ ကျနော့်ပခုံးပေါ်လက်တင်ပြီး ''အဲလိုမဟုတ်ပါဘူးကွာ။ ကဗျာဆိုတာ အင်မတန်သိမ်မွေ့နူးညံ့တဲ့ပစ္စည်းပါ။ လူ့နှလုံးသားနူးညံ့ပျော့ပျောင်းဖို့ ကဗျာဖတ်ဖို့လိုတယ်။ နှလုံးသားကြမ်းတမ်းတဲ့သူတွေဟာ လောကကို အဖျက်မြင်တတ်ကြတယ်..'' ဆိုပြီး ကဗျာနဲ့ပတ်သတ်တဲ့ သဘောသဘာဝတွေ တသီတတန်းကြီး ပြော နေပါတော့တယ်။

ဥပမာတွေလည်း အများကြီးပဲ။ ကျနော် အသေးစိတ်မမှတ်မိတော့ဘူး။ အဲဒီတုန်းက ကျနော်ပြောခဲ့တဲ့စကားတွေအတွက် အခုဆရာကြီးကို လက်အုပ်ချီတောင်းပန်မိတယ်။ တကယ်တော့ ဆရာကြီးဟာ စိတ်နှလုံးနူးညံ့ပျော့ပြောင်းသူပါ။ မတောင်းပန်ခင်က ခွင့်လွှတ်ပြီးသားဆိုတာ ကျနော် အသေအချာယုံတယ်။ ကဗျာကို ရှုတ်ရှုတ်ချချပြောခဲ့တဲ့ကျနော်၊ ခုတော့ ကဗျာကို ခံစားဖတ်ရှုနိုင်ရုံမက ကိုယ်တိုင်ကဗျာဖန်တီးသူတစ်ယောက် ဖြစ်ခဲ့ရပြီ ။ ဒီအကြောင်းတွေ ဆရာကြီး သိမှသိသွားပါလေစ။

ကျနော့်စိတ်ကူးထဲ ထောင်ကလွတ်လို့ ဆရာကြီးနဲ့ပြန်ဆုံရင် ပြောမယ့်စကားတွေ ရင်ထဲအပြည့်။ ရင်ဘတ် ကြီးထဲအကန့်လိုက် ခွဲခွဲသိမ်းထားခဲ့ရတာတွေ။ ခုတော့ ဆရာကြီးဆုံးပြီတဲ့။ ဆရာပွင့်ကို ကျနော် တခါက ဒီလိုပြောဖူးတယ်။ ဆရာပွင့်ထက်အရင် ကျနော် စော လွတ်ရင် ဘာလုပ်ပေးရမလဲလို့။ ဆရာပွင့်ကလည်း ကျနော့်ကို ဒီလိုပြန်မေးတယ်။ ''ခင်ဗျားထက် ကျနော် စော လွတ်ရင်ကော'' တဲ့။

ဒီတော့ ကျနော်က “ဆရာကြီးနဲ့ထိတွေ့ခဲ့ပြီးတဲ့နောက် ကျနော့်နှလုံးသားထဲ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာသူဟာ ဆရာပွင့်ပါပဲလို့။ အခု ကျနော်အထဲမှာ ဘာတွေလုပ်နေတယ်၊ ဘယ်လိုကျင့်ကြံနေတယ်ဆိုတာတွေ ဆရာပွင့်အသိဆုံးပါပဲ။ ကျနော့်စိတ်ကူး၊ ကျနော့်အိပ်မက်တွေ၊ ခံစားမှုတွေကို ကောင်းကောင်းသိတဲ့သူဟာလည်း ဆရာပွင့်ပါပဲ။ ကျနော် ဆရာကြီးအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာလည်း အသိဆုံးပါ။ ဒါကြောင့် ဆရာပွင့် ကျနော့်ထက်စောလွတ်ရင် ဆရာကြီးနဲ့ဆက်သွယ်ပြီး အဲဒါတွေပြောပြပေးပါ”လို့ ဆရာပွင့်ကို ကျနော် သေသေချာချာမှာခဲ့ဖူးတယ်။ ဒါတွေသာသိရင် ဆရာကြီးဘယ်လောက်များ ဝမ်းသာပီတိဖြစ်နေလိုက်မလဲ ဆိုတာ စိတ်ကူးနဲ့ ကျနော်မြင်ယောင်မိပါသေးတော့တယ်။

အခုတော့ ဆရာကြီးမရှိတော့ပါဘူး။ ကျနော် သိစေချင်တဲ့ ကျနော့်ရင်ထဲကစကားတွေ သိမှသိသွားပါ့မလား။ ဆရာကြီးမဆုံးခင် တစ်နှစ်ခွဲလောက် ကြို ပြီး ဆရာပွင့်လွတ်သွားပါရဲ့။

ဒါပေမယ့် သူ ပြောမှ ပြောဖြစ်ပါ့မလား...။ ပြောချင်အုံးတော့ ပြောခွင့်မှ သာရဲ့လား။ ကျနော့်ရင်ဘတ်ထဲ တဆစ်ဆစ်ကိုက်နေလိုက်တာ။

ဆရာကြီးနဲ့ကျနော် (၅) ဆောင်မှာ (၅) လလောက်ပဲ အတူနေရသေးတယ်။ ၁၉၉၂၊ ဒီဇင်ဘာ (၇) ရက် ညမှာ ထောင်ဝန်ထမ်းတွေ အုံလိုက်ကျင်းလိုက်ဝင်လာပြီး ကျနော်အပါအဝင် (၁၅) ယောက်လောက်ကို နာမည်ခေါ်၊ ခေါင်းစွပ် စွပ်ပြီး သီးသန့်ထောင်ကို ပို့လိုက်တယ်။ မကြာခင် ကျင်းပတော့မယ့် အမျိုးသား ညီလာခံနဲ့ ပတ်သတ်ပြီး အထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေတယ်လို့ ယူဆတယ်နဲ့ တူပါရဲ့။ ကျနော်တို့ကို လူစု ခွဲလိုက်တဲ့သဘောပါ။ ဒါကြောင့် ဆရာကြီးနဲ့ တခါ ထပ်ခွဲရပြန်တယ်။ သူက (၅)ဆောင်မှာပဲ ကျန်ခဲ့တာ။ သီးသန့်ရောက်လို့ ဆရာကြီးနဲ့ဝေးရတော့မှ ကျနော် ဆရာကြီးကို သတိရ ရကောင်းမှန်းသိလာတယ်။ ညနေခင်းလမ်းလျှောက်ခဲ့ပုံတွေ၊ ကျနော့်ကိုမေးခွန်းတွေ မေးခဲ့ပုံတွေ၊ ...အစုံပါပဲ။ ဆရာကြီးကို ကျနော် လွမ်းနေပြီလေ။

(၅)ဆောင်ကနေ ကျနော်နဲ့အတူ ပြောင်းရွှေ့ခဲရတဲ့သူတွေထဲမှာ ကိုကျော်ကျော်ဝင်းလည်း ပါတယ်။ သူက ပညာကိုချစ်မြတ်နိုးသူ။ အေးအေးဆေးဆေးနေတတ်ပြီး ကဗျာဖွဲ့ဖို့ ကြိုးစားအားထုတ်နေ တဲ့သူ။ သီးသန့်မှာနေကြတုန်း သူဖွဲ့ဖြစ်တဲ့ကဗျာလေးတွေ လမ်းလျှောက်ရင်း ကျနော့်ကို ရွတ်ပြလေ့ရှိ တယ်။ ဘယ်လိုသဘောလဲ မသိပါဘူး။ အဲဒီကဗျာဆိုတာကြီးနဲ့ ကျနော့်ကို လာ လာပတ်သတ်နေတာ ပြောပါတယ်။ ကဗျာဆရာကြီးရဲ့ကဗျာဗေဒကွန်ယက်ကနေ လွတ်ပြီ၊ ကျွတ်ပြီမှတ်တယ်။ ခု ကဗျာဆရာ လေးရဲ့ထောင်ချောက်မှာ ယက်ကန်၊ ယက်ကန်နဲ့ လာငြိနေပြန်ရော။

ဒီလိုနဲ့နေကြရင်း တစ်နေ့မှာ ကျနော်နဲ့ ကိုကျော်ကျော်ဝင်းလမ်းလျှောက်နေကြတုန်း လေအဝှေ့မှာ လွင့်လာတဲ့စာရွက်တစ်ရွက် ကျနော် တို့ ရှေ့တည့်တည့်လာကြတယ်။ ကိုကျော်ကျော်ဝင်းက လှမ်းကောက်ပြီးဖတ်ကြည့်ကာ ဖတ်ရင်း သူ အံ့သြသွားပုံက ပါးစပ်ကတောင် အသံထွက်လာတယ်။ ''ဟေ့လူ၊ ဒီမှာကြည့်စမ်း။ ဆရာကြီးရဲ့ ကဗျာလေး ဗျ'' တဲ့။ ကျနော်လည်း ဆွဲယူဖတ်ကြည့်တော့ အဟုတ်ပဲ ကဗျာခေါင်းစဉ်အပိုင်းတော့ စုတ်ပြဲနေလို့ မပါ တော့ဘူး။ ကဗျာအောက်ခြေမှာတော့ 'တင်မိုး' ဆိုပြီး ထင်ထင်ရှားရှားပါနေသေးတယ်။

''ဆရာကြီးမှိုင်းကို ဖွဲ့ထားတဲ့ ပြဋ္ဌာန်းစာအုပ်မှာပါတဲ့ ကဗျာလေးပါ။ ''ကွမ်းအစ်တစ်လုံး၊ ယောင်တစ်ထုံးနဲ့ အစချီပြီး ... သောင်းမြန်ပြည်တန်ခိုး ဒေါင်းအလံလွှင့်ထိုး'' ဆိုပြီး အဆုံးသတ်ထားတဲ့ ကဗျာလေး။ ဘာပြောပြော ကျနော်ရော၊ ကိုကျော်ကျော်ဝင်းပါ ဝမ်းသာသွားကြတယ်။ ''ဒါ ဆရာကြီး ကျနော်တို့ကို ပို့လိုက်တဲ့မေတ္တာလက်ဆောင်လေးပဲ။ ကျနော်တို့ မကြာခင်ဆရာကြီးနဲ့ ပြန်ဆုံရမယ့် သဘောပဲ'' လို့ ကိုကျော်ကျော်ဝင်းက ပြောတယ်။ ကျနော်လည်း ဒီအတိုင်းခံစားရတယ်လေ။ ဒါကြောင့် ကျနော်တို့နှစ်ယောက် ဒီကဗျာလေးကို အလွတ်ကျက်ထားပြီး ဆရာကြီးနဲ့ပြန်ဆုံရင် ရွတ်ပြရအောင်လို့ သဘောတူပြီး ကျက်ထားလိုက်ကြတယ်။

ကိုကျော်ကျော်ဝင်းကတော့ အထဲမှာ ဆရာကြီးနဲ့ပြန်မဆုံဖြစ်တော့ပါဘူး။ ဘာကြောင့်ဆို အဲဒီစာရွက်ရပြီး မကြာခင်မှာဘဲ လွတ်ရက်စေ့လို့ သူလွတ်မြောက်သွားတယ်လေ။

သူ့ကိုလွှတ်ဖို့လာခေါ်တဲ့အချိန်မှာ ကျနော့်အခန်းရှေ့ပြေးလာပြီး ''ခင်ဗျား ဆရာကြီးနဲ့ပြန်ဆုံရင် ဒီကဗျာလေးရပုံပြောပြီး အလွတ်ရွတ်ပြလိုက်ဗျာ။ ကျနော့်ကိုယ်စားပါ (၂) ခေါက် ရွက်ပြလိုက်'' လို့ အမှတ်တရလာပြောသွားပါ သေးတယ်။ သီးသန့်မှာ (၈)လလောက် နေရပြီး ကျနော်တို့ကို ထောင်မကြီးထဲ ပြန်ပြောင်းလိုက်ပါတယ်။ ထောင်မကြီးရောက်လို့ မိန်းဂျေလ်းမှာ ထိုင်ခိုင်းထားပြီး အဆောင်ခွဲပို့ဖို့ လူစစ်ကြတယ်။ ထုံးစံအရ ကိုယ် ထွက်သွားတဲ့အဆောင်ကို ပြန်ပို့လေ့မရှိဘူး။ ကျနော်က (၅)ဆောင်က ထွက်သွားရတာဆိုတော့ (၃) နဲ့ (၄) ဆောင် တခုခုရောက်ရမယ်။ ဖြစ်ချင်တော့ ဘယ်ကဘယ်လိုခွဲလိုက်တယ်မသိဘူး။ ကျနော်က (၅)ဆောင် ပြန်ရောက်မယ့်စာရင်းထဲပါနေတယ်။ နောင်မှပြန်သိရတာက ကျနော်ထွက်သွားခဲ့တဲ့အဆောင်စာရင်းမှာ (၅)ဆောင်အစား (၃)ဆောင်လို့ ရေးထားတယ်လို့ဆိုတယ်။ ဒါကြောင့် (၃)ဆောင်ကို မရောက်တော့ဘဲ ဆရာကြီး ရှိရာ (၅)ဆောင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်ပါလေရော။

ကျနော်တို့အဆောင်ထဲကို ဝင်တဲ့အချိန်ကနေ့ခင်းကြီးဆိုတော့ ကျန်တဲ့ရဲဘော်တွေက ထွက်ပြီးကြိုနေကြ တယ်။ ကျနော်လည်း အိပ်ယာလိပ်ကတစ်ဖက်၊ ကျန်တဲ့ပစ္စည်းတွေကတစ်ဖက်နဲ့ (၅)ဆောင်ထဲ ဝင်ရုံရှိ သေးတယ်။ လူအုပ်ကြားထဲက ဆရာကြီးထွက်လာပြီး ''ဟေ့ကောင်..ခွေးကောင်..လာ''ဆိုပြီး ကျနော့် ခေါင်းကိုဆွဲ သူ့ရင်ဘတ်ထဲဖိထားတော့တာပဲ။ ကျနော်လည်း အိပ်ယာလိပ်နဲ့ပစ္စည်းတွေပစ်ချလိုက်ပြီး ဆရာကြီးကို ဖက်ထားလိုက်တယ်။

တအောင့်နေလို့ လူချင်းခွာပြီး ဆရာကြီးမျက်နှာမော့ကြည့်လိုက်တော့ သူ့မျက်ဝန်းမှာ မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေတာ တွေ့လိုက်ရတယ်။ ရုတ်တရက် ကျနော် ကြောင်အမ်း အမ်းဖြစ်သွားတယ်။ ဟုတ်မှာပါ။ ဆရာကြီးက ''ဟေ့..ခွေးကောင်..လာ''ဆိုပြီး ရင်ခွင်ထဲအတင်းဖိကပ် ထားတဲ့အချိန်တိုင်း ကျနော် သူ့ကိုပြန်ဖက်လေ့မရှိခဲ့ဘူးလေ။ သူ ကျနော့်ခေါင်းကို အတင်းဖိကပ်ထားလို့ သာ ဒီအတိုင်း နေနေရတာပဲရှိတယ်။ ခုမှ ကျနော်က ပထမဆုံးအကြိမ် ပြန်ဖက်ထားလိုက်မိတာကိုး။ ဖက် ထားတာမှ တအားကိုဖက်ထားတာ။ နဲနဲလည်းကြာသွားတယ်ထင်ပါရဲ့။ ဒါကြောင့် ဆရာကြီးမျက်ရည်ဝဲ သွားတာဖြစ်မှာ။

ဒါနဲ့ ကျနော်က ''ဆရာကြီး..ခဏလေး။ ဒီအိပ်ရာလိပ်တွေ သွားထားလိုက်ဦးမယ်။ ပြီး ရင် ချက်ခြင်းပြန်လာခဲ့မယ်။ ပြောစရာရှိတယ်လို့'' ပြောပြီး ပစ္စည်းတွေသွားထားလိုက်တယ်။ ပြီးတာနဲ့ ချက်ခြင်းပြန်လာပြီး ဆရာကြီးနေတဲ့ (၃)ခန်းမှာ နှစ်ယောက်သားထိုင်လိုက်ကြတယ်။ ကျနော်လဲ လှုပ်လှုပ် ရှားရှားသွားလာခဲ့ရတော့ နဲနဲမောနေတာနဲ့ အမောဖြေထိုင်နေတုန်း ဆရာကြီးက ''ကဲ၊ ပြောစရာရှိတယ် ဆို..ပြော..ဘာပြောမှာလဲ'' ဆိုတဲ့သဘောနဲ့ ကျနော့်ကို ပြုံးပြီးကြည့်နေတယ်။

ကျနော်က ''တခြား မဟုတ်ဘူး ဆရာကြီး ..ကဗျာတစ်ပုဒ် ရွတ်ပြမလို့ လို့ပြောပြီး ''ကွမ်းအစ်တစ်လုံး ယောင်တစ်ထုံးနဲ့'' အစချီပြီး တောက်လျှောက်ရွတ်ပြလိုက်တယ်။ ရွတ်ရင်း သူ့မျက်နှာကို ကြည့်နေတော့ သူအတော် အံ့သြ သွားပုံရတယ်။ ကဗျာအကြောင်းပြောရင် အမြဲညစ်နေတတ်တဲ့ကျနော်က အခု သူ့ကဗျာကို အလွတ်ရွတ် ပြနေတော့ သူ မအံ့သြဘဲ ဘယ်နေပါ့မလဲ။ ''မင်း..ဒီကဗျာဘယ်လိုရနေတာလဲ။ အရင်ကမရပါဘူး'' လို့ တအံ့တသြမေးပါတယ်။

ကျနော်က ''ဆရာကြီးပဲ ကျနော်တို့ကို မေတ္တာလက်ဆောင်ပို့ပေးလိုက်တာလေ။ အဲဒီက ရတာပေါ့'' လို့ အတည်ပေါက် ဟဲလိုက်တော့ သူ မျက်မှောက်ကြုတ်သွားတယ်။ သူလဲ မပေးရပါ လား၊ ဘယ်လိုပါလိမ့်ဆိုတဲ့သဘောပေါ့။ အဲဒီတော့မှ ကျနော်က ကဗျာရပုံ ထူးထူးဆန်းဆန်းအကြောင်း လေးပြောပြီး ကိုကျော်ကျော်ဝင်းမှာတဲ့အတိုင်း နောက်တစ်ကြိမ်တောင် ရွတ်ပြလိုက်ပါသေး တယ်။ ဆရာကြီး အဲဒီအချိန်တုန်းက ကျနော့်ကိုကြည့်တဲ့အကြည့်က တစ်မျိုးလေးပဲ။ ကျနော်ပါးစပ်က ကဗျာ ရွတ်နေတာကို သူအတော်ပီတိဖြစ်နေတဲ့ပုံပါ။

ပြီးတော့မှ ကျနော့်ကို သူ့ထုံးစံအတိုင်းဖြည်းဖြည်း တိုးတိုးလေးပြောပါတော့တယ်။ ''မင်းတို့ကဗျာရပုံလေး ဆန်းတယ်။ ကျော်ကျော်ဝင်းလွတ်သွားတာ ဝမ်း သာတယ်။ မင်းကဗျာရွတ်တာ ပိုလို့တောင် ဝမ်းသာသေးတယ်။ ငါလည်း မင်းကို သတိရနေတာ။ ကဗျာ ဆိုတာ နှလုံးသားနဲ့ ထိတွေ့ရတဲ့အရာပါ။ မင်းနှလုံးသားက ခက်ထန်မာကြောလွန်းတယ်ကွာ။ မင်းမှာ ဖြောင့်မတ်မှု၊ သစ္စာရှိမှုတွေ ရှိတယ်။ သတ္တိလည်း အရမ်းကောင်းတဲ့ကောင်။ ဒါပေမဲ့ မင်းနှလုံးသား ပျော့ ပြောင်းဖို့ လိုနေတယ်။ အဲဒီလို ပျော့ပြောင်းလာတာနဲ့ မင်းဟာ အရမ်းကို ပြည့်စုံသွားမယ့်သူပဲ။ တိုင်းပြည် အတွက် အားကိုးရမယ်။ ငါတို့က အသက်ကြီးလာပြီဆိုတော့ နောင်အနာဂတ်အတွက် မင်းတို့လို လူငယ် တွေကိုပဲ အားကိုးရမှာ။ ဒါကြောင့် မင်းကဗျာဖတ်ဖို့လိုတယ်။ စာတွေအများကြီးဖတ်ဖို့လိုတယ်။ ငါက ကျောင်းဆရာဆိုတော့ ကျောင်းသူ၊ ကျောင်းသားပေါင်းများစွာကို စာသင်ပေးခဲ့ရတယ်။ မင်းက ထူးဆန်း တယ်။ ပြီးတော့ မင်းကို သားတစ်ယောက်လို ချစ်တာပါကွာ..'' လို့ တသီတတန်းကြီးပြောလိုက်ပါတယ်။ ကျနော် သူ့စကားနားထောင်းရင်း ကြက်သီးမွှေးညင်းထသွားတယ်။ ဖော်ပြလို့မရတဲ့ ထူးဆန်းတဲ့ ခံစားမှု လေးခံစားလိုက်ရတာ။ ဘာမှမပြောမိဘဲ သူ့ရှေ့ ဒီအတိုင်း ငူငူကြီးထိုင်နေမိတယ်။ ကျနော့်ရင်ထဲ အသည်းထဲကနေ သိလိုက်ပါပြီ။ ကျနော့်ကို ချည်နှောင်ထားတဲ့ သူရဲ့မေတ္တာကြိုးဟာ ဘယ်လောက်ခိုင်မာ သလဲဆိုတာလေ..။

ဆက်ပါအုံးမည်..
ဓာတ်ပုံကို မိုးသောက်ကြယ်ဘလော့ဂ် မှ ယူပါသည်

33 comments:

MoeMaKha said...

Maung Yit says - I am here to first to comment

masumon said...

ထောင်ထဲက အဘအကြောင်းတွေ လာဖတ်ပါတယ်....
:(

Aye Myat Myat Ko said...

ဆက်ဖတ်ဖို့ မျှော်နေပါတယ် အစ်မ

CONTACT said...

ချိုသင်းရေ... တကယ့်အလွမ်းခန်းက အခုမှ စတာ။ ကိုယ်လွမ်းနေတာလေးတွေတောင် ဘယ်ရောက်သွားမှန်းမသိ။
စာရေးသူကို ဦးညွတ်အလေးပြုပါတယ်။ KM

အောင်သာငယ် said...

ပထမတပုဒ်တုန်းကလည်း မျက်ရည်ကျရတယ်...
ခုလည်း မျက်ရည်ကျတယ်...
ဝမ်းသာ ၀မ်းနည်းပေါ့...

May Moe said...

မျှော်နေပါတယ် အစ်မ အရမ်းလဲစိတ်မကောင်းဖြစ်မိပါတယ်

ဇနိ said...

အမချိုသင်းရေ မနေ့က ကိုဇနိရှာပေးလို့ အမဖေဖေရဲ့ ဗွီဒီယိုဖိုင်တွေကြည့်ရင် မျက်ရည်တောင်ကျမိတယ်။ အမဆို ပိုလို့လွမ်းနေမယ်လို့ စိတ်မကောင်းဖြစ်နေတာ။
အမလည်း နေကောင်းအောင် ကျန်းမာရေးကို ဂရုစိုက်နော်။ အချိုတွေ လျှော့စားနော် အမ။ ဆရာကြီးအကြောင်းတွေလည်း ဖတ်ရတယ် မနေ့ကလေ။
နိနိ

တင်ဇာ said...

အစ်မချိုသင်းရေ ...

စာဖတ်ရင်းး ထပ်တူထပ်မျှ ခံစား သွားပါတယ်
ဆက်ဖတ်ဖို့လည်း မျှော်နေပါတယ်။

strike said...

မျက်ရည်ကျတယ်ဗျာ.....

cohtet said...

သူငယ်ချင်းရေ

ဒီမှတ်တမ်းကို ဖတ်ရတာ၊ မူလရေးတဲ့သူကို ကျေးဇူးလည်းတင်၊ ပျောက်ကွယ်နေတဲ့ သမိုင်းတစ်စ ပြန်ပေါ်လာလို့ ၀မ်းလည်းသာ၊ တိုင်းပြည်ချစ်ကြတဲ့ လူငယ်လေးနဲ့ ကဗျာအိုကြီး ဇာတ်လမ်းကြောင့် ကြေလဲကြေကွဲရပါတယ်။

ငထက်

tg.nwai said...

ရင်ကို ထိခိုက်ဆို့နင့်စေတဲ့ ပို့စ်တွေချည်းပေမယ့် ဆက်ဖတ်ချင်နေသေးတယ်..အပြင်လူတွေ မသိခဲ့ရတဲ့ ဆရာကြီးရဲ့အကြောင်းတွေ သိရလို့ စာရေးတဲ့သူကိုလည်း ကျေးဇူးတင်မိပါရဲ့။

ဝင်းပေါ်မောင် said...

အခုတလောမှာ ရွက်ပုန်းသီးတွေရဲ့ အလွန်ကောင်းတဲ့ စာတွေကို ဖတ်နေရတယ်။ တခုက မန်းဝင်းမောင် အတ္ထုပ္ပတ္တိ။ နောက်တခုက `နေခြူး´ ရဲ့ ´ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး´။ ဆရာတင်မိုး အကြောင်း ရေးကြတဲ့ စာတွေထဲမှာ ဒီစာက အလွန်တန်ဖိုးရှိတဲ့ ကွက်လပ်တခုကို ဖြည့်ပေးတာပဲလို့ ယူဆမိတယ်။ စာရေးသူကိုရော မိုးချိုသင်းကိုရော ကျေးဇူးတင်ပါတယ်။ ဒီနှစ်မှာ ဆရာ့အတွက် အောက်မေ့ဖွယ်ရယ်လို့ ဘာမှ မလုပ်နိုင်ပေမဲ့ ရင်ထဲမှာတော့ အမြဲ ဦးညွတ်လျက်ပါ။

မောင်မျိုး said...

င်္ဒီပို့စ်ဖတ်နေရင်းနဲ့ ကြက်သီးတွေထပြီး မျက်ရည်တွေကျလာတာ :( လူမြင်မှာစိုးလို့ ကမန်းကတမ်း သုတ်လိုက်ရတဲ့အဖြစ် ကျေးဇူးပါ အစ်မ စောင့်ဖတ်နေပါ့မယ် ။

sin dan lar said...

နေခြူးတဲ့ .. စာရေးကောင်းလိုက်တာ အစ်မရယ်....။
စိတ်လည်း မကောင်းဘူး.. ဖတ်လို့လည်းကောင်းနေတယ်..။

ဇနိ said...

အမရေ .. ဆရာကြီးရဲ့ ဒီလို လူသိနည်းတဲ့ အကြောင်းကို ဖတ်ရတာ ဝမ်းလည်းသာတယ် စိတ်ထဲလည်း မကောင်းဘူး အလွန်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဆရာကြီးကို ထောင်ထဲ ပို့ရက်လို့..
ရေးတဲ့သူကလည်း အလွန်အရေးကောင်းတော့ စိတ်ထဲမှာ အလွန်ခံစားရ တုန်လှုပ်ရပါတယ်...
မျှော်နေပါဦးမယ် နောက်အပိုင်းတွေကို..

MANORHARY said...

မျက်ရည်ဝဲလာတဲ့ထိပါပဲ

JuneOne said...

ဖတ်ရင်းနဲ့ ရင်ထဲ ဆို့နစ်လာပါတယ်။

mainnmainn said...

အမ
မျက်ရည်တောင်ကျမိပါတယ်
ဆက်ဖတ်ဖို့လည်း စောင့်မျှော်နေပါတယ်
မိုးချိုသင်း မှတ်တမ်းဆိုတာကိုအမှတ်မထင်
ဖတ်မိရာကနေအရမ်းကိုကြိုက်သွားတယ်အမ
အစကအမကိုဆရာကြီးဦးတင်မိုးရဲ့သမီးဆိုတာ
တောင်မသိခဲ့ဘူးအမ
ိုဒါပေမဲ့ဆရာကြီးဦးတင်မိုးရဲ့ကဗျာတွေကို
ဟိုးငယ်ငယ်ကတည်းကကြိုက်ခဲ့တာအမရဲ့
အမကအဲဒီတာဝန်တွေကိုဆက်ယူတဲ့အနေနဲ့
စာတွေအများကြီးရေးပါနော်
ပြီးတော့ခုလိုစာတွေလည်းအများကြီး
တင်ပေးပါနော်
`နေခြူး´ကိုလည်းပြောပေးပါ
ရင်ထဲအထိရောက်အောင်ရေးနိုင်တာမို့
ဆရာကြီးသာဖတ်မိရင်ကျေနပ်ပြီး
မိန့်မိန့်ကြီးပြုံးနေမှာသေချာပါတယ်လို့

mainnmainn said...

အမ
မျက်ရည်တောင်ကျမိပါတယ်
ဆက်ဖတ်ဖို့လည်း စောင့်မျှော်နေပါတယ်
မိုးချိုသင်း မှတ်တမ်းဆိုတာကိုအမှတ်မထင်
ဖတ်မိရာကနေအရမ်းကိုကြိုက်သွားတယ်အမ
အစကအမကိုဆရာကြီးဦးတင်မိုးရဲ့သမီးဆိုတာ
တောင်မသိခဲ့ဘူးအမ
ိုဒါပေမဲ့ဆရာကြီးဦးတင်မိုးရဲ့ကဗျာတွေကို
ဟိုးငယ်ငယ်ကတည်းကကြိုက်ခဲ့တာအမရဲ့
အမကအဲဒီတာဝန်တွေကိုဆက်ယူတဲ့အနေနဲ့
စာတွေအများကြီးရေးပါနော်
ပြီးတော့ခုလိုစာတွေလည်းအများကြီး
တင်ပေးပါနော်
`နေခြူး´ကိုလည်းပြောပေးပါ
ရင်ထဲအထိရောက်အောင်ရေးနိုင်တာမို့
ဆရာကြီးသာဖတ်မိရင်ကျေနပ်ပြီး
မိန့်မိန့်ကြီးပြုံးနေမှာသေချာပါတယ်လို့

လင်း said...

ရင်ထဲကိုတကယ်ထိတဲ့စာ အားလုံးကိုမြင်ယောင်ကြည့်လို့ ရပါတယ်။ အခက်အခဲတွေ ကြားထဲက ဒီလောက်စာရှည်ကြီး ရအောင်ရေးနိုင်တာ ဆရာကြီးကို သူဘယ်လောက်တွယ်တာတယ်ဆိုတာ မြင်ကြည့်လို့ ရပါတယ်။

phyu phyu aung said...

အစ် မရယ်..ဆရာကြီးရဲ့ စာတွေကော..အစ်မရဲ့ စာ တွေကော အမြဲ ဖတ်ဖြစ်တယ်.ဆရာကြီးရဲ့ မေတ္တာ.စေတနာ တွေကိုပိုပြီးလေးစားသွားတယ်။
ဖတ်ရင်းနဲ့ မျက်ရည်တွေကျတယ်။

မီယာ said...

အမတို့ အဖေက ဘယ်နေရာပဲ ရောက်ရောက် ဘယ်သူနဲ့ပဲ တွေ့တွေ့ ဖြူစင်တဲ့ စိတ်နှလုံးနဲ့ အေးချမ်းတဲ့ သူ့မေတ္တာကို ပေးဝေတာ။ ဖတ်ရင်း စိတ်ထဲ မကောင်းလိုက်တာ.. အကျဉ်းကျနေတဲ့ အချိန်မှာတောင် သူ့တနိုင် လူတွေအတွက် ကောင်းမှုတွေ ပြုသေးတယ်နော်..ထပ်ဖတ်ချင်ပါသေးတယ်။

pandora said...

လူ့နှလုံးသားနူးညံ့ပျော့ပျောင်းဖို့ ကဗျာဖတ်ဖို့လိုတယ်။ နှလုံးသားကြမ်းတမ်းတဲ့သူတွေဟာ လောကကို အဖျက်မြင်တတ်ကြတယ်....

အစ်မရေ.. လာဖတ်သွားပါတယ်။ နောက်တခါ မျက်ရည်ဝဲရပြန်ပါတယ်။ နောက်တပိုင်းကို မျှော်နေတယ်။

တောရိုင်းနှင်းဆီ said...

အမရေ ဆရာကြီးအမှတ်တရလာဖတ်ရင်းနဲ့ လင့်ခ်ယူသွားပါတယ် .... နေခြူးရဲ့ ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး ကိုဖတ်မိတော့ အဲဒီတုန်းက ပုံရိပ်တွေပြန်မြင်ရသလိုပါဘဲ ....... ကျေးဇူးတင်ပါတယ် နောက်ပိုင်းဆက်ရန်ကို အရမ်းဖတ်ချင်နေမိတယ် ...... သူကဆရာကြီးနဲ့ အမြဲတမ်း နီးနီးကပ်ကပ်လို နေခဲ့တဲ့သူဆိုတော့ ............ သူ့စာလေးကိုဖတ်ရတာ တကယ့်သမိုင်းဖြစ်ရပ်မှန်တွေအဖြစ် ထင်ဟပ်နေမှာပါ ကျနော်က ဆရာကြီးမလွတ်ခင် ၉၄ မှာမှဆုံဖြစ်ခဲ့တယ် (၅) ဆောင် (၇)ခန်းမှာ ကျနော်ကနေရပါတယ်
အမရေ အခုလိုအမှတ်တရလေးတွေ တင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ..........

အိန္ဒြာ said...

သွားတွေတစ်ချောင်းမှမရှိတဲ့ ချစ်စရာအဖိုးအိုကြီးနဲ့
အရိုင်းဆန်ပြီ ရဲရင့်ခက်ထန်တဲ့ လူငယ်လေးတစ်ယောက်ရဲ့
ထူးဆန်းနက်ရှိုင်းတဲ့ ဆက်သွယ်မှုမှာ...
ကဗျာဟာ..အဓိကတဲ့........။

ရင်တွေထဲနာပြီး..မျက်ရည်အ၀ိုင်းသားဖြစ်ရအောင်
စာရေးထားတာကလဲ တော်တော့်ကိုကောင်းတာ..နော်..အမ..။

သူ့ရဲ့ အငုံစိတ်မှာ..အနုပညာတွေအောင်းနေတယ်လို့
ဆရာကြီးသိခဲ့လို့များလား..

သူဘယ်လောက်ခံစားနေရသလဲဆိုတာ...
သူဘယ်လောက်ကြေကွဲနေလဲဆိုတာ..
သူ့မှာဘယ်အထိဆုံးရှုံးသွားရပြီဆိုတာ..
သူ့စာတွေက..သိသာစေလိုက်တာ..

အမရေ...ဒုတိယပိုင်းကိုမျှော်နေပြီ

Sint said...

It is very touching memo and I can't stop crying.I cannot wait to read the part II.Thanks both of you for sharing.

ဝတီခင် said...

မမချိုသင်း ...
ဒီပို့စ်လေးကိုဖတ်လိုက်ရတော့
ကျမတို့မောင်နှမနှစ်ယောက်အပေါ်မှာထားခဲ့တဲ့
ဆရာကြီးရဲ့ချစ်ခြင်းမေတ္တာတွေကို ပြန်လည်ခံစားရပြီး
မျက်ရည်ဝဲမိပါတယ် ...
ဆရာကြီးရဲ့ နွေးထွေးတဲ့အပြုအမူလေးတွေကို
ကျမတို့ ထပ်မရနိုင်တော့အတွက်လည်း
ဝမ်းနည်းလို့မဆုံးဖြစ်ရပါတယ် ...
ဝတီခင်

khine said...

မမချိုသင်း
ဝတ်မှုန်ပါ။ ဦးတင်မောင်ဝင်းရဲ့ သမီး၊ ဆရာ့အတပည့်မပါ။ မမ blog မှာ comment တခါမှ မရေးဘူးပေမဲ့ အမြဲဖတ်ဖြစ်ပါတယ်။ ဆရာ့အကြောင်း ဖတ်ရတိုင်း မျက်ရည်ကျရတယ်။ ဒီ post ဖတ်ရတော ဆရာ့ကိုရော
နေခြူး ဆိုတဲ့သူငယ်ချင်းကိုပါ အရမ်းသတိရတာပဲ။ ဆရာက ဝတ်မှုန် အတွက်လည်း အမြဲမမေ့နှိုင်တဲ့ဆရာပါ။
ဖေဖေ ဆုံးပြီးနောက်တနေ့ ထောင်က ကားလာခေါ်တော့(ဆုံးပြီလို့ သူတို့ကမပြောဘူး။ မိသားစု ခဏလိုက်ခဲ့ပါ လို့ပဲခေါ်တာ။)ဝတ်မှုန်ကဆရာနဲ့ စာသင်နေတာ။ ဆရာတပည့်နှစ်ယောက် ထောင်ကားရှေ့ခန်းကနေ အင်းစိန် ထောင်ကိုလိုက်ခဲ့ကြတယ်။ကတုန်ကယင်ဖြစ်နေတဲ့ ဝတ်မှုန်ကို ဆရာကလေအေးအေကြီး နဲ့ ဖျောင်းဖျလို့ပေါ့ ။ အခြေအနေဆိုးလို့ မိသားစုနဲ့ ပေးတွေ့ တာပဲလို့ထင်ထားခဲ့ရာကနေ ရောက်လည်း ရောက်ရောဆုံးပြီလို့ သိလိုက်ရတဲ့ အခါ ပေါက်ကွဲခဲ့တဲ့ တပည့်ကို ထောင်ပိုင်က 'ကလေးကို ထိန်းပါ' လို့ဆရာ့
ကိုပြောတယ်။ နောက်မှ ဆရာပြန်ပြောတော့ သူလည်းပြောချင်တာတွေ ဝတ်မှုန်ပြောနေတုန်း လွှတ်ပေးပြီး ပြောပြီးမှ တခွန်းဝင်ထိန်းခဲ့တာတဲ့။ ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ ဆရာလဲနော်။ မမတို့ အတွက် ဆရာက အမြဲရှိနေသလို ဝတ်မှုန်အတွက်လည်း ဆရာက ဘယ်တော့မှ ဝေးမသွားပါဘူး။
အမြဲတမ်းလင်းနေမယ့်ဖန်မီးအိမ်ပါ။

ကလိုစေးထူး said...

ဒီတခေါက် အမဘလော့ဂ်မှာ စာလာဖတ်ရတာက ဘာနဲ့တူသလဲဆိုတော့ ခရီးလွန်နေတဲ့ မောင်ငယ်တယောက် အမဖြစ်သူအိမ်မှာ အမချက်ပြုတ်ထားတဲ့ စားကောင်းသောက်ဖွယ်တွေကို အားရပါးရ လွေးခွင့်ရတဲ့ ခံစားချက်မျိုး ခံစားရတယ်။ ဒါက ကျနော့်ရဲ့ အမ ဘလော့ဂ်နဲ့ပတ်သက်တဲ့ ကျနော့်ရဲ့ ပုဂ္ဂလ ခံစားချက်သက်သက်ပေါ့...။

မဖတ်ရသေးတဲ့ စာတွေအနက် ဒီစာရဲ့ ခေါင်းစဉ်ကို စတွေ့ကတည်းက ဆရာကြီးရဲ့ အကြောင်းကို ရေးထားမှာလို့ စတွေးမိလိုက်ပြီး ဒါကိုပဲ အရင်ဆုံး ဖတ်ဖြစ်တယ်။ စာကိုဖတ်အပြီး နောက်ထပ် အပိုင်း-၂ ကို ဆက်မဖတ်ရသေးခင်မှာ စိတ်ထဲမှာ ဆို့ဆို့နင့်နင့်ကို ခံစားရတယ်။ စာရေးတဲ့ ဆရာနေခြူးရဲ့ အရေးအသားရယ်၊ ဖြစ်ရပ်မှန်တွေကို ကိုယ်စားပြုနေတဲ့ အကြောင်းအရာတွေဟာ အဲဒီ အကျဉ်းထောင်ထဲမှာ ဆရာကြီးတို့ ဆရာတပည့်နှစ်ယောက်ရဲ့ ဆုံဆည်းမှု အစကနေ သံယောဇဉ်တွေ ဖြစ်တည်မှုတွေအထိ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့မြင်နေရသလိုကို ခံစားရပါတယ်။ ဆရာကြီးရဲ့ ခါးသီးတဲ့ အကျဉ်းထောင်မှတ်တမ်း အတွေ့အကြုံကို ဆရာနေခြူးက သရုပ်ဖော်ပေးလိုက်တာဆိုရင်လဲ မမှားဘူး ထင်ပါရဲ့။ တချို့အပိုဒ်တွေမှာဆိုရင် မျက်ရည်ဝဲလာတဲ့အထိ ရင်ကို ထိမှန်စေတယ်။ နောက်ထပ် ဒုတိယအပိုဒ်ကို ဆက်ဖတ်ဦးမယ် အမရေ...။

Republic said...

ကျနော် လာလာ ဖတ်တာ ၂ခေါက် ၃ခေါက်မကဘူး အစ်မMCT.ကော်မန့်နဲ့အားပေးတာ ဖတ်ရတဲ့စာကောင်းနဲ့ မမျှဘူးလို့ တောင် ထင်မိတယ်၊၊ လေးလေးနက်နက်ခံစားရပါတယ် အစ်မMCT.

A Little Bit Better Than Idiot said...

I have been following all 4 well versed articles of this author and felt the real life in infamous Burma. Please tell more about the author, who is he, where is he staying now, if in Prison how long he will be going to be there etc. He wrote like a professional artist. You should translate all these articles in English for international audience.

Thet Oo said...

comment မပေးရက်လောက်အောင်ကို ကောင်းလွန်းနေတယ်။

ဂျူနို said...

သေသောသူ ကြာရင်မေ့လို့ ဆိုပါတယ်။
တိုက်ဆိုင်တဲ့ခါ မိသားစုလောက် ရင်းနှီးသူလောက်သာ သတိရ တတ်တော့တာမျိုး။

ခုတော့ မမြင်ဘူး မတွေ့ ဘူးတဲ့သူတွေကတောင် အမှတ်ရနေရတယ်။
ကောင်းသော သတိရခြင်းတွေပေါ့။
ချိုသင်းဖေဖေ ပြောခဲ့သလို။