တပတ်အတွင်း မှတ်စု

ဘလော့ဂ်လေးလဲ ဖုန်တက်နေပြီ။

မိတ်ဆွေတွေက စာမရေးတာ ကြာလို့ ကိုယ့်လူ စာရေးတော့လေ၊ နှစ်ကူးနေတာ အင်္ဂလိပ်နှစ်ကူးပြီးတော့ ကရင် နှစ်ကူး၊ ပြီးတော့ တရုတ် နှစ်ကူး၊ နောက် မြန်မာ နှစ်သစ်ကူးတောင် ရောက်တော့မယ် တဲ့။ ဒါတော့ တဆိတ် ပိုပြီ ထင်တယ်။

တကယ်က ကိုယ်လဲ ရေးမလို့ ကြိုးစားနေတာပါပဲ။ မရေးဖြစ်တာက သွားကိုက်နေတာနဲ့ လက်ပါ ရော ကိုက်သွားပြီး စာမရေးနိုင် ဖြစ်သွားတယ်။ ကိုယ့်အဖို့မှာတော့ သွားကိုက် သွားဖုံး ယောင်တဲ့ အနာဟာ နာသမျှ အနာတွေထဲမှာ အဆိုးဆုံးလို့ ထင်မိတယ်။ ဘယ်လောက်ပဲ ပါးကြီးယောင်ကိုင်းနေပါစေ၊ နဂိုက ပါးဖောင်းပြီးသားဆိုတော့ နဂိုဖောင်းပဲ ထင်ပြီး ရုပ်က သနားစရာလဲ မဖြစ်ပြန်တော့ ပိုခံရတယ် ထင်မိတယ်။

အရေးထဲ ကိုယ်ကလဲ သတ္တိခဲ ဆိုတော့ သွား နှုတ်တဲ့ ကိရိယာ တန်ဆာပလာတွေ မြင်ရင် ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေတယ်။ ဒါတောင် ပြတဲ့ ဆရာဝန်က ကိုယ့်အမလို ခင်ပြီး ရင်းနှီးပြီးသား။ ကိုယ်ကြောက်တတ်မှန်းသိလို့ အသက်သာဆုံး လုပ်ပေးမှာ ယုံကြည်ရပြီးသား။ ဒါတောင် ကြောက်လွန်းလို့ တုန်တုန်ရီရီနဲ့ ဆေးခန်းထဲ ၀င်ရတာပါ။

အခုအချိန်က ပါးစပ်လှုပ်တာတောင် တရားမှတ်သလို သတိနဲ့ လှုပ်နေရပေမဲ့ လက်ကတော့ လှုပ်လို့ရသေးတာမို့ ကီးဘုတ်ပေါ်ကို လက်တင်လိုက်ပါပြီလေ။

မြန်မာပြည်မှာတော့ စနေ၊ တနင်္ဂနွေနေ့လည်တွေဆိုရင် ရုပ်ရှင်ပြီးရင် တီဗီမှာ တပတ်အတွင်း သတင်း လာတတ်တာ သတိရသေးတယ်။ အဲဒီအချိန်ဆိုရင် တီဗီကြည့်နေတဲ့လူတွေက ကြည့်စရာတွေ ကုန်ပြီလို့ သဘောထားလေသလား မသိ၊ အညောင်းတွေဘာတွေဆန့်၊ လုပ်စရာရှိတာတွေ အခုမှ သတိရသွားသလို ထ လုပ်တတ်တာ။

အခုလဲ ကိုယ်က ကိုယ်စာမရေးဖြစ်တဲ့ တပတ်အတွင်း ဘာတွေလုပ်ဖြစ်သလဲ ဆိုတာကို ပြောပြရရင် တပတ်အတွင်း သတင်းနားထောင်ရသလို ဖြစ်ချင်ဖြစ်နေမှာ။ ဒါပေမဲ့ သတင်းက ကြည့်သူ မရှိလဲ လွှင့်မြဲ လွှင့်နေသလို ကိုယ်ကလဲ ဖတ်သူမရှိလဲ တောင်ရောက် မြောက်ရောက် လျှောက် ရေးနေသလို ဖြစ်နေပြီ ထင်ပါရဲ့နော်။

ဖြစ်ပုံက ကိုယ့်အတတ်ကိုယ်စူးတာပါ။ ကိုယ်က သူငယ်ချင်းတွေကို အံ့သြအောင် surprise လုပ်တတ်လွန်းလို့ အခုတော့ ကိုယ့်အလှည့်ဖြစ်သွားတာ။ နှစ်ကူးမှာ ဆန်ဖရန်စစ်စကိုက မိတ်ဆွေတွေက လာမယ်လို့ ကြိုပြောပြီးသား။ လွတ်လပ်ရေးနေ့မှာ က မဲ့ သီးလေးသီး အငြိမ့် အတူတူကြည့်ကြမယ် လို့ ချိန်းပြီးသား။ ဒါပေမဲ့ သူတို့က ဘာမှ ကြိုမပြောဘဲ အံ့သြ ၀မ်းသာသွားအောင် တပတ်လောက် စော လာလိုက်တယ်။

အဲဒီညက ခရစ်စမတ်ပြီး နောက်တည။ ညစာစားနေတုန်း အိမ်ရှေ့က ဘဲလ်တီးသံ ကြားတော့ လိုက်ကာကြားက အပြင်ကို ချောင်းကြည့်လိုက်မိတယ်။ ဟာ..။ မမျှော်လင့်ဘဲ သူငယ်ချင်း ကိုတွေ့တော့ ၀မ်းသာလွန်းလို့ အမကို ဖက်ပြီး ခုန်နေတာ အိမ်ရှေ့က မြေကြီးတောင် နည်းနည်း နိမ့်သွားသလိုပဲ။ အိမ်ရှေ့မှာ ကိုယ်အံ့သြသွားတာကို ပြုံးပြီး ကြည့်နေတဲ့ အမ ဆိုတာ (စန်တာ က ပေးတဲ့) ခရစ်စမတ်လက်ဆောင်မို့ အကြီးကြီးပါလား လို့။

တကယ်က သူတို့က နီးနီးနားနား ခရီးထွက်ဖို့လာတာ။ ဒါနဲ့ ကိုယ်တို့ နှစ်ယောက်လဲ တခါတည်း အထုပ်အပိုးပြင်ပြီး ကောက်ကောက်ပါအောင် လိုက်သွားတော့တာပဲလေ။ ဒီလိုနဲ့ Nevada က Las Vegas လဲ ရောက်သွားတယ်၊ Arizona က Grand Canyon ကိုလဲ သွားတယ်။ အဲဒီ့က အပြန် Sedona ဆိုတဲ့ အရမ်းလှတဲ့ မြို့လေးကိုလဲ ရောက်သွားတာပေါ့။

Las Vegas ဆိုလို့ ကန္တာရထဲက နိဗ္ဗာန်ဘုံမို့ အထင်တွေ ကြီးပြီး လောင်းကစားလုပ်၊ ပျော်ပါးနေတယ် မထင်ပါနဲ့အုံး။ လမ်းမကြီးတလျှောက် လက်တွဲလျှောက်ရင်း စကားပြောကြတာပါပဲ။ လမ်းလဲ လျှောက်ရလွန်းလို့ လူတောင် ကွ တ နေတာပါ။ ကြုံရာ ကော်ဖီဆိုင်လေးတွေမှာ ထိုင်၊ ကိုယ်အကြိုက်ဆုံး ဖြစ်တဲ့ Venetian ဆိုတဲ့ Casino မှာ ဗင်းနစ်သားတွေ ဟိုတယ်ကြီးထဲက မြစ်ရိုးလေးတလျှောက် သီချင်းဆိုရင်း လှေလှော်တာကို သွားငေးမောတာပါပဲ။

ကိုယ် Las Vegas သွားတိုင်း လောင်းကစားဝိုင်းတွေ မတွေ့ရတဲ့ (တကယ်က အထပ် သပ်သပ်ခွဲထားတာပါ) အဲဒီ သီချင်းဆိုရင်း လှေလှော်ကြတဲ့ နေရာလေးကို မရောက်ရောက်အောင် သွားတာပဲ။ အေးချမ်းလို့လေ။ ကိုယ့် dream ကလဲ ဗင်းနစ်စ်မြို့မှာ လှေစီးဖူးချင်တာမို့ပါ။ ပြီးရင် မဒမ်တူးဆော့တ် ဖယောင်းပြတိုက် ၀င်ကြည့်တယ်။ Las Vegas မှာ ကိုယ်တို့ သွားတတ်တာ ဒါ အကုန်ပဲ။

နှစ်ကူးတဲ့ အချိန်ကတော့ Grand Canyon သွားနေချိန်ပေါ့။ ၂၀၀၉ ကိုကူးတဲ့ ည ၁၂နာရီထိုးတဲ့ အချိန်က သူများတွေလို စိတ်ကူးယဉ်စရာ မကောင်းဘူး။ ညကြီးက မှောင်မိုက်လို့၊ လမ်းပေါ်မှာ ကိုယ်တို့ ကား တစီးတည်း မိုက်မိုက်မဲမဲ မောင်းနေတယ်။ ပြီးတော့ တောင်ပေါ်တက်နေတဲ့အချိန်။

ကိုယ်လဲ နှစ်ကူးတာ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမလို့ပါပဲ။ ကားကို လမ်းဘေးမှာရပ်၊ ကားပေါ်က ခုန်ဆင်း၊ ဦးထုပ်တွေ မာဖလာတွေ လေထဲ ပစ်မြှောက်၊ ဟက်ပီးနယူးယား မယ်ပေါ့။ ဒါပေမဲ့ ကားက တောင်ပေါ်တက်နေချိန်မို့ လမ်းဘေး ကားမရပ်ရ တဲ့၊ သတိပေး ဆိုင်းပုဒ်တွေ ရေးထားတယ်။

လမ်းနံဘေးမှာလဲ နှင်းတွေက ဖွေးဖွေးလှုပ်ပြီး ဖြူဆွတ်လို့။ အပြင်ဖက်မှာ -11 ဒီဂရီဆိုလား။ ကားလေးက တရိပ်ရိပ်ပြေးလို့၊ ဖုန်းတွေ ဆက်ပြီး နှုတ်ဆက်မယ်ဆိုတော့ LAက မိတ်ဆွေ တယောက်ဆီပဲ ဖုန်းဆက်လို့ရခဲ့တယ်။ ဟေး..ဟက်ပီးနယူးယား ဆိုတော့ ၁၂နာရီထိုးဖို့ တနာရီတောင် လိုသေးတာ တဲ့။ ကိုယ်ရောက်နေတာက Arizona မို့ California ထက် တနာရီ စောနေတာလေ..။ ဖြစ်ပုံက..။

နောက်တော့ တောင်ကြားလမ်းမို့ network မမိတော့လို့ ဖုန်းလဲ ဆက်မရတော့လို့ ဘယ်သူမှ နှုတ်မဆက်လိုက်ရတော့ဘူး။ ဒါနဲ့ ကားထဲမှာပဲ ငုတ်တုပ်လေး ထိုင်ပြီး တမိနစ်တခါလောက် ကိုယ်နှုတ်ဆက်ချင်တဲ့သူတွေကို စိတ်မှာတွေးပြီး ဟေး..ဟက်ပီးနယူးယား လို့ အော်နေလိုက်တာပေါ့။ ဒါလဲ ပျော်တာပါပဲ။

Grand Canyon ကတော့ ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ ကမ္ဘာ့အံ့ဘွယ်လဲဖြစ်၊ ဘူမိဗေဒ နဲ့လဲ ကျောင်းပြီးသူမို့ ကျောက်တွေကို ချစ်မိတာ လွန်သလား။ ကျောင်းစာတွေကတော့ မေ့ကုန်ပါပြီ။ သက်ရင့် သက်နု ကျောက်တွေ အရောင်အမျိုးမျိုးနဲ့ လှနေတာကို တ၀ကြီး ကြည့်ခဲ့ရတယ်။ သဘာဝဟာ အံ့သြလောက်အောင် လှနိုင်ပါပေ့။

နောက်..ကိုယ်တို့က Economy ခရီးသွားနည်းနဲ့ သွားခဲ့တာမို့ ထမင်းဟင်းတွေလဲ သယ်သွားသေးတာ။ ညကြီးမိုးချုပ် Rest Area မှာ ကားရပ်တော့ ထမင်းစားကြမယ်ပေါ့။ ဒါနဲ့ ထမင်းတွေ၊ ငါးရံ့ခြောက်ဖုတ်၊ လက်ဖက်၊ ချဉ်ပေါင်ကြော်တွေ ထုတ်ကြတယ်။ မှောင်ထဲမှာ အိမ်သာက မီးရောင်လေး မမြင်မကန်းနဲ့ သူငယ်ချင်း ၆ယောက် ဝေပုံကျ ဟင်းတွေ ပုံကြတယ်။

ရာသီဥတုကလဲ အေးလိုက်တာ မပြောပါနဲ့တော့။ ဒါနဲ့ ထမင်းပေါ် ဟင်းပုံပြီးတော့ ကားထဲမှာ ပြန်ထိုင်စားကြတာပေါ့လို့ သဘောတူကြတယ်။ ဒီလိုနဲ့ လေအေးအေးမှာ တုန်ခိုက်ရင်း ထမင်း ပန်းကန်တွေကိုင်ပြီး “ကားဆီကို ပြေးကြဟေ့” တဲ့၊ တယောက်က လောဆော်တယ်။

ကိုယ်ကလဲ မှောင်နဲ့ မဲမဲ ဘာကိုကိုင် ပြေးရမယ်မှန်း မသိဘဲ ယောင်နန ဖြစ်နေတုန်း ကိုရစ်က အဲဒီရေဗူး ယူခဲ့ တဲ့၊ လှမ်းပြောတယ်။ ကိုယ်လဲ ဥာဏ်အလင်းပွင့်ပြီး စားပွဲပေါ်က ရေဗူးယူပြီးတော့ ကားဆီကို ပြေးနေတဲ့ လူအုပ်နောက်က ပြေးလိုက်ရတယ်။

ပြေးရင်းတန်းလန်း စဉ်းစားမိတာက ရေဗူးထဲမှာ ရေက တ၀က်လောက်သာ ကျန်တော့တယ်၊ ဘာလို့ ဒီရေဗူး သယ်နေမလဲပေါ့၊ ငါသောက်လိုက်ရင် မြန်မြန် ကုန်၊ လွှင့်ပစ်ရတာပဲဆိုပြီး ပြေးရင်းတန်းလန်း ရေဗူးကို မော့သောက်လိုက်တာ တမျိုးတော့ ဖြစ်သား။ ရေကလဲ ဘယ့်နှယ် ရေ ပါလိမ့် ချွဲတဲတဲ နဲ့ဆိုပြီး မီးမှိန်မှိန်မှာ သေချာကြည့်လိုက်တာ အားပါးပါး..လက်ဖက်သုတ်ဖို့ ယူလာတဲ့ ဆီပုလင်း ဖြစ်နေတာကိုး။ ဆီက နှစ်ဆယ်သားလောက် ဗိုက်ထဲ ၀င်ပြီးပေါ့..။

ကိုယ်လဲ ခရီး စ ထွက်ကတည်းက ချောင်းဆိုးနေတာပါ။ ချွဲမရှိဘဲ ချောင်းခြောက်ကြီး ဆိုးနေတာမို့ စိုစိုပြေပြေ ဖြစ်သွားအောင် လည်ချောင်းထဲ ဆီလောင်း လိုက်ရတဲ့သဘောပါ။ အတော်တော့ အီလည်လည် ဖြစ်သွားတယ်။ ချောင်းလဲ အဲဒီကတည်းက ဓာတ်ကြမ်းတိုက်လိုက်သလို ဖြစ်ပြီး လန့်သွားပုံရတယ်။ လုံးဝမဆိုးတော့ဘူး ဆိုပါတော့။

သွားခဲ့တဲ့အထဲမှာတော့ ဆီဒိုးနားဆိုတဲ့ မြို့ကလေးက ချစ်စရာ အကောင်းဆုံးပါ။ မြို့လေး သေးသေးမှာ ကော်ဖီဆိုင်လေးတွေနဲ့ ပြည့်နေပြီး မြေကြီး နီနီ တွေနဲ့။ Cathedral ကျောက်တောင်ဘေးက ချောင်းကလေး တလျှောက် လမ်းကလေး ကွေ့ကောက်ကောက် လိုက်ခဲ့ကြသေးတယ်။ တကယ့် တောရိပ် တောင်ရိပ်။

၂ရက်နေ့ ညမှာ LA ပြန်ရောက်ပြီး ၄ရက်နေ့ လွတ်လပ်ရေးနေ့မှာ သီးလေးသီး အငြိမ့်ကို ကြည့်ဖို့ အသင့်ဖြစ်နေပြီ။ သီးလေးသီးဆိုရင် တည်ထောင် ပျိုးထောင်ခဲ့သူ ကိုဇာဂနာကို ချန်ထားလို့ မရပါဘူး။ အခုအချိန်မှာ မြစ်ကြီးနားထောင်မှာ ထောင် ၅၉နှစ် ကျနေတဲ့၊ ထောင်ဝင်စာတောင် ပုံမှန်တွေ့ခွင့် ဝေးလံခက်ခဲနေတဲ့ ကိုဇာဂနာကို သတိရစရာ လွမ်းဆွတ်စရာတွေ ဖြစ်ရတာပေါ့။ မေတ္တာလက်မှတ်ပေးလို့ လာကြည့်တဲ့ အမ မလွင်မာတို့ သားအမိကတော့ ပို သတိရစရာ ဖြစ်ရှာမှာပေါ့။

လွတ်လပ်ရေးနေ့မှာ လွတ်လပ်စွာ ပြောဆို ရယ်မောခွင့်ကို သီးလေးသီး နဲ့ ဆေးရောင်စုံ အငြိမ့်က မြန်မာပြည်သူပြည်သား ကိုယ်စား ခဏပေးလိုက်သလိုပါပဲ။ ကြည့်ရင်း ကိုယ်တို့ချစ်တဲ့ မြန်မာပြည်ကြီးကို လွမ်းလိုက်တာ။ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ဒို့ပြေ၊ ဒို့မြေ တဲ့၊ ဘယ်တော့များမှ သီချင်းစာသားထဲကအတိုင်း ဖြစ်ပါ့မလဲ။

နောက် လွတ်လပ်ရေးနေ့နဲ့ လိုက်ဖက်ညီတဲ့ လွတ်လပ်ရေး ဗိသုကာ၊ ကိုယ်တို့အားလုံးရဲ့ တဦးတည်းသော ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သီချင်းကိုတော့ ဆိုရတာ အားရပါးရ အရှိဆုံးပါပဲ။ မျက်ရည်လဲ ၀ဲမိတယ်။

သီးလေးသီးကိုတော့ တာဝန်ကျေပွန်တဲ့ အနုပညာသမား ပီသ သူများလို့ ပြောချင်တယ်။ သူတို့ဟာ သာမန်လူတွေပါ၊ ဒါပေမဲ့ ပြောသင့်တာ လုပ်သင့်တာကို ရဲရဲဝင့်ဝင့် စိုးရိမ်ကြောင့်ကြမှု မရှိဘဲ ဆရာသမားရဲ့ လမ်းအတိုင်း အနုပညာနဲ့ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့၊ တင်ဆက်ခဲ့တာ ချီးကျူးစရာပါပဲ။

သူတို့တွေက ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းတွေမို့ ပညာလဲ အသင့်အတင့်ရှိတယ်၊ အဲဒီမှာ ရပ်တည်ချက် မှန်ကန်တဲ့အတွက် အလှမှာ အယဉ်ဆင့်သလို ဖြစ်ပြီး ကြည့်သူတိုင်း ကြည်နူး ပီတိ ဖြစ်ရပါတယ်။ ဖျော်ဖြေရေး သက်သက် မဟုတ်ဘဲ အမှန်တရားကို ထိတွေ့ခွင့်ရတဲ့အတွက်ကြောင့်မို့ ထင်ပါတယ်။ အခုလိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ အနုပညာခရီးကို ဆက်လျှောက် သွားနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

ကဲ…တပတ်အတွင်း သတင်းတော့ ပြီးပါပြီ။ သတင်းကြေငြာသလို ကိုယ်ပြောချင်တာတွေ ပြောပြီးတော့ အောက်က ပရိသတ်ကို ကြည့်လိုက်တော့ အိပ်တဲ့လူက အိပ်လို့။ ထိုင်သူ မရှိတဲ့ ဖျာတောင် လေထဲ လွင့်ပြေးတော့မှာပါကလား။


မိုးချိုသင်း

24 comments:

MyowinZaw said...

ချောင်းခြောက်ဆိုးနေရင် ဆီလောင်းထည့်တဲ့ ဖော်မြူလာ မှတ်ထားလိုက်တယ်။ ဗိုလ်ချုပ်သီချင်း ကြားရင် ကြက်သီးထပြီး မျက်ရည်ဝဲတတ် ပါတယ်ဗျာ...

ဗေဒါရီ said...

ဟီး ရယ်ရတယ်အမ ..
ဆီသောက်လို့ ချောင်းဆိုးပျောက်သွားတယ်ဆိုတာ ... ဖြစ်ရမယ် အမကတော့လေ ... ။
အဲဒီ အရေးလေးတွေကြောင့် အမကို ချစ်ရတာ ... ။ အမ စာအသစ်တင်ရင် ဘယ်လောက် အလုပ်များလို့ မအားလည်း ဖတ်ကို ဖတ်လိုက်ရမှ။
သွားကိုက်တာတော့ သတိထားအမရေ ...
ရာသီဥတု အေးရင် ပိုကိုက်တယ်။
အခု သက်သာပြီလား အမ ... ။
အမ သတင်းကြေငြာ အပြီးမှာ ဖျာသိမ်းမလို့ စောင့်နေတဲ့ ညီမ တယောက်တော့ ရှိပါသေးတယ်။ ဟဲဟဲ ...

ZT said...

ဆီတော့ မသောက်ဖူးဘူး။ ငံပြာရည်ကိုတော့ ရေနွေးကြမ်းအမှတ်နဲ့ ခွက်မှားပြီး မော့ဖူးတယ်။
ဖတ်လို့ကောင်းပါတယ် အစ်မရေ။

တင်ဇာ said...

ဒီ နှစ်ကူးက အမှတ်တရ ဖြစ်သွားတာပေါ့ အစ်မရယ် နော်..

စာအရေးအသားက ကောင်းတော့ အစ်မ ဆီသောက်မိတာကို ဖတ်ရင်းးး လည်ချောင်းမှာ ချွဲချွဲုတဲတဲ ခံစားလာရတယ် ဟိ…

အစ်မချိုသင်းရဲ့ သတင်းကို နားထောင်မဲ့ အမာခံ ပရိတ်သတ်တွေ ရှိပါတယ် အဲဒီထဲမှာ ညီမလဲ ပါတယ်နော်

သက်ဝေ said...

ဘုရားရေ...
ဖြစ်မှဖြစ်ရလေ ချိုသင်းရယ်...
ချိုသင်း နေမကောင်းဖူးဆိုတာ သတင်းမေးရအောင် လာတာပါ။ ခုတော့ ဆီ သောက်တဲ့ဇာတ်လမ်းနဲ့  တည့်တည့်တိုးနေပါပေါ့လား...
ဒါပေမယ့် ချိုသင်းကြေငြာတဲ့ တပတ်အတွင်း သတင်းကတော့ စိတ်ဝင်စားစရာတွေ ပျော်ရွှင်ဖွယ်ရာတွေနဲ့  အပြည့်ပါဘဲ...

sin dan lar said...

အောက်မှာ ပရိသတ်ကြီးကဖြင့် ပြည့်လို့.....။
သတင်းကြေညာသူကိုစောင့်နေတာ......။
ပျော်စရာ ကောင်းလိုက်တဲ့ ခရီးလေးပါလား အစ်မရေ.....
သွားဘယ်လို စကိုက်လဲ ပြောပြဦးးးး။
(အသစ်ဖတ်ချင်လို့ ညာဏ်များခြင်း)

ဇနိ said...

အမချိုသင်း ခုရော သွားကိုက်သက်သာပီလား။
နိနိဆို ဒီမှာ သွားနှုတ်ရတာပါနော် တယောက်ထဲသွားတာပါ။
အမနားမှာ ကိုကျော်တယောက်လုံးရှိတာကို ချွဲမနေနဲ့နော်။
ဟီး ဟီး လူကြီးကို တခါတလေ ချစ်လို့စတာနော်။
နယူးရီးယားညက မှောင်မှောင်ထဲမှာ ကားတစီးနဲ့ ပိုပျော်စရာကောင်းမယ်။
ဆီကို ရေနဲ့မှားသောက်တာလား အမရယ် ဖြစ်ရမယ်။
ပါးဖောင်းဖောင်းနဲ့ လူမမာမှန်းမသိပေမယ့် နိနိတို့က သနားနေတာပါ။
သတင်းကြေငြာတာ သိပ်ကောင်းတာပဲနော်။
အိပ်မငိုက်ပါဘူး အမချိုသင်းကလည်း သတင်းကြေငြာသူက ပါးဖောင်းဖောင်းနဲ့ချစ်စရာလေးမို့။

အောင်သာငယ် said...

ချိုသင်းရေ့ ပြန်ရေးနိုင်လို့ ၀မ်းသာပါတယ်...
ပရိသတ်ကတော့ နေမြန်မြန်ကောင်းပါစေ ဆုတောင်းရင်းနဲ့ တမျှော်မျှော်ပါပဲ...
ခုလို ပြန်ဖတ်ရတော့ ပြုံးရပြန်တာပါပဲ...
အစစ အဆင်ပြေပါစေ ညီမရေ့...

Republic said...

အစ်မ MCT ကြီးကလုပ်ချ လိုက်ပြန်ပီ၊၊ ဆီလုလင်း သောက်ရတယ်လို့ဗျာ ၊၊ဟားဟား
သွားကိုက်တာတော့ ခံရဆိုးတယ်ဗျာ ၊၊ သွားနုတ်ရင် ပိုအိုတယ်လို့ ကြားဖူးတယ်၊၊ ကျနော်အံသွားတွေတော့ ၄ ချောင်းလောက်ပြုတ်ပီးဘီ ၊၊တွေးကြည့်ပေတော့ ၊၊
အမြန်သက်သာပါစေ ပါဖောင်းဖောင်းကြီးနဲ့ အစ်မ MCT

tg.nwai said...

အော်..ဘာပုလင်းများပါလိမ့်ဆိုပြီး တောင်တွေးမြောက်တွေး တွေးမိနေတာ..ဆီပုလင်းမို့..ဘာပဲ ပြောပြော တော်သေးတာပေါ့..ဟဲဟဲ.. နောက်တစ်ခါ ကလေးတွေ ချောင်းခြောက်ဆိုးရင် ဆီတိုက်ကြည့်ဦးမယ်..:)

AyeKhaing said...

"နယူးယားမှာဆီသောက်ခြင်း"
သူများတွေက အသွေးအရောင် ပြောင်လက်အောင် ဆီသုတ်တယ်လို့ ကြားဘူးတယ်။ အစ်မကြီး အလှည့်ကျမှ ဆီသောက်တယ်တဲ့။ ဒါလဲ နောက်ဆုံးပေါ် တက္ကနိက (မောင်သာနိုးဝေါဟာရ) ထင်ပါ့။

PAUK said...

မချိုသင်းရေ..
ဖတ်ပြီး ထိုင်ရယ်နေပါတယ်..
ကျနော်ကတော့..
သွားနာ သွားကိုက်ရင်
ဝမ်းနုတ်ဆေးသောက်တယ်.
အပူကျသွားအောင်..

ThuHninSee said...

့yellow stones National Park ကိုရော ရောက်ဖူးလားဟင်။

thorn musem said...

မမိုး...
သတင်းလာကြည့်တာ...။
နေမကောင်းဖြစ်နေတာပေါ့...ထင်သားဘဲ..။
ချောင်းဆိုးရင် သောက်တဲ့ ဆီက ကြက်ဆူဆီလား...း)
သွားကိုက်တာတော့ မပူနဲ့  ကျနော့်မှာသိမ်းထားတဲ့ 
သွားတိုက်ဆေးပြာထုပ်လေးရှိသေးတယ်...။
ဖုန်းဆက်လိုက်ရမလားးးး
အဲ...လှမ်းပို့ လိုက်ရမလား...
လှမ်းပို့ လိုက်ရမလား။

rachel said...

်မမရဲ့  စာကိုနေ့ တိုင်းလာစောင့်ဖတ်တယ်..
မမ ကိုမမြင်ဖူးပေမဲ့ မျက်နှာဖောင်းဖောင်း
လေးဆိုလို့  TV show က rachealray
နဲ့ တူမှာဘဲလို့ စိတ်မှာထင်မိတယ်..သူ့ ရဲ့ 
show ကြည့် တိုင်း မမ ကိုသတိယမိတယ်..
မမ ရဲ့ ပို့ စ်တိုင်းဖတ်လို့ အရမ်းကောင်းတယ်..
မမ ကျမ်းမာပျော်ရွှင်ပါစေ..

ပုံရိပ် / Pon Yate said...

မအိပ်ဘူး အစ်မရေ။ ပြီးတဲ့ အထိ နားထောင်သွားတယ်။ ချောင်းဆိုးရင် ဆီသောက်ရတယ်ပေါ့။ နှစ်ဆယ်သားလောက်နော်။ ဟီး မှတ်ထားဦးမှ။

ရွာသားလေးဝိုင်တီယူ said...

အမရေ အိပ်မက်ချင်းတော့ တူနေပြီဗျ

မီယာ said...

အမရေ ညီမလည်း သွားဖုံးမှာ အနာပေါက်နေလို့။ ပျောက်တော့မှာပါ။ တပတ်အတွင်း သတင်းစဉ် နားထောင်သွားပါတယ်။ ပရိသတ်မရှိမှာတော့ မပူပါနဲ့။ အမြဲ ရုံပြည့်နေတာပဲ။

လင်း said...

ချစ်မမ လွမ်းနေတဲ့သူတွေကို စာရှည်ကြီးနဲ့  နှစ်သိမ့်တယ်ပေါ့လေ။ ချစ်ဖို့ ကောင်းပါ့
ဟိဟိ
အမရေးထားတာတွေက ရီရလွန်းလို့  သွားနာတာကို သနားဖို့ တောင်မေ့သွားတယ်။
ဆီပုလင်းကြီးမော့သောက်လိုက်တယ်တဲ့ ဟီးဟီး ဖြစ်ရမယ်။
ဖျာကတော့လေထဲမလွင့်တာသေချာတယ်။ ထုံညီအမတွေ နေရာမလောက်လို့  လုတောင်လုနေရတယ်။

tututha said...

ဒီသဒင်းအစီအဇင်ကတော့ တော်တော့်ကို နားထောင် ကောင်းတာပါပဲလား။ ထမင်းထချက်မလို့တောင် မချက်ဖြစ်ဘူး ကဲ အစ်မပဲကျွေးတော့။

Kay said...

မချိုသင်း ပျောက်နေတာ..သီးလေးသီးပဲလို့ ထင်နေပီးသား။

ပျော်ပျော်ရွှင်ရွှင်ခရီးတခု နဲ့ နှစ်သစ် အတွက်.. အတူ ပြုံးပျော်သွားပါတယ်။

ကျန်းမာ ရွှင်လန်းပါစေ

P.Ti said...

အမချိုသင်းရယ်... ပျောက်နေတာ ခရီးထွက်နေတယ်လို့ ထင်သားပဲ... သီးလေးသီးကြည့် နှစ်သစ်မှာ မြင်ကွင်းသစ်တွေမြင်ရတာကောင်းတာပေါ့...

နောက်ဆိုရင် အမှောင်ထဲမှာသောက်ရင် သတိထားရမယ်... အဟဲ ဆီ နဲ့ ရေ ကွာတယ်ဆိုတာ သိသွားတာပေါ့...

ခရီးသွားပြီးတော့ စိတ်သစ်လူသစ်ဖြစ်သွားတော့ များများရေးပါနော်... ;)

nu-san said...

အမရဲ့ နှစ်သစ်က ခရီးတွေ သွားနေရတာ ပျော်စရာကြီးနော်.. သီးလေးသီးလည်း ကြည့်ချင်တယ်.. သွားနာတာ သက်သာသွားပြီလား.. တပတ်အတွင်း သတင်းတွေကို ပြီးအောင် ဖတ်သွားပါတယ် အမရေ..

အပြုံးပန်း said...

စာလာဖတ်ပါတယ် မ။
Arinzona, Grand Canyon ကို ရောက်ခဲ့တယ်နော်၊
အွန်လိုင်းပေါ်မှာပဲ ရောက်ဖူးတယ်၊
ကမ္ဘာကျော် ဗိသုကာတဦးက အဲဒီ Grand Canyon ကနေ Inspiration ရပြီး ဒီဇိုင်းထုတ်လိုက်တာ ကမ္ဘာကျော်သွားတဲ့ အဆောက်အအုံဖြစ်သွားတယ်။