အခုတလော အမေရိကန် စီးပွားရေးက မျက်ခုံးတော်တော်လှုပ်နေလေတော့ ကိုယ်လဲ အတော်လေးကို ဆင်ဆင်ခြင်ခြင် နေနေရတယ်။ အရင်ကတော့ အဲဒီအကြောင်းတွေ နားလဲ မလည်၊ စိတ်လဲ မ၀င်စားတော့ မသိဘူး။ မသိတော့ မျက်ကန်း တစ္ဆေမကြောက် ဖြစ်နေတယ်။
ဟို ဘဏ်ကြီး ပြိုသွားပြီဆိုလဲ ပြုံးပြုံးပဲ။ ဒီကုမ္ပဏီကြီး ရပ်လိုက်ပြီဆိုလဲ အော်..ဟုတ်လား လောက်ပဲ။ သူများတွေက ထင်ကြမယ်။ တော်တော်ခိုင်ပါလား၊ မဖြုန်ပါလား ပေါ့။ တကယ်တော့ ဗလာချည်းသက်သက် မို့ ဖြုန်စရာ မလိုတော့တာ။
အလုပ်လုပ်တော့လဲ ကိုယ်က ရုံးမှာသာ စာရင်းဇယားတွေ အတိအကျ လုပ်တာ၊ အိမ်မှာကျတော့ အကုန် သူပဲ လုပ်တယ်။ ဘဏ်သွင်းတာလဲ သူပဲ၊ ဘီလ် ပေးတာလဲ သူပဲ။ ကိုယ်က ခေါင်းနောက်လို့ လှည့်ကို မကြည့်ဘူး။ ဒီမှာကလဲ ငွေသားနဲ့ သုံးကြတာ နည်းတော့ ကဒ်နဲ့ပဲ လကုန်မှ ရှင်းရတယ်။ အဲဒီတော့ ကိုယ့်မှာ ကဒ်တွေရှိနေရင် သုံးလို့ရနေတာပဲကိုး။
ကိုယ်ကလဲ သူမပါဘဲ ဈေးတောင် မသွားတတ်တဲ့သူဆိုတော့ ကိုယ်သုံးသမျှ သူသိတယ်။ သင့်တော်၏ မသင့်တော်၏ သူပြောလိမ့်မယ်လို့ပဲ စိတ်ထဲမှာ လက်ခံထားလိုက်တယ်လေ။ သူကလဲ တမျိုးပဲ။ နှစ်ယောက်သား တိုင်တိုင်ပင်ပင်နဲ့ ပျော်ပျော်ရွှင်ရွှင် သုံးကြပေမဲ့ လကုန် လို့ ဘီလ်လာရင် သူ့ဆီကို ဘီလ်လာရပါ့မလားဆိုပြီး ဒေါသများတောင် ထွက်လို့။ သူက သုံးသာ သုံးချင်တယ်၊ ဘီလ်တော့ မလာစေချင်ဘူးကိုး။ မှတ်သားရပါ၏ ပေါ့။
မနေ့ကတော့ ကိုယ့်ကို ပြောလာတယ်။ ပိုက်ဆံကုန်ပေါက်တွေ သတိထားမိဖို့ အချက်အလက်တွေ အင်တာနက်ထဲမှာ ဖတ်လိုက်ရတယ် တဲ့။ ကိုယ့်ကို သွယ်ဝိုက် ပညာပေးချင်လို့ ထင်ပါရဲ့ ၊ ဖတ်လိုက်အုံး တဲ့။ ကိုယ်ကလဲ ဒါမျိုးဖတ်ရမယ်ဆိုရင် အင်မတန် နှေးကွေး လေးလံစွာနဲ့ တလုံးချင်း မှေးပြီး ဖတ်လိုက်တယ်။
ဖတ်ရင်းဖတ်ရင်းနဲ့ ဟုတ်မှ ဟုတ်သေးရဲ့ လားလို့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုများ စောင်းရေးနေသလားလို့။ အိမ်ကလူနဲ့ ဆောင်းပါးဆရာတို့ အချိတ်အဆက်များ ရှိသလား သံသယ ၀င်ရသေးတယ်။ အချက်အလက်တော်တော်များများကိုတော့ ဖတ်ပြီးပြီးချင်းပဲ မေ့ပစ်လိုက်ပါပြီ။ ဒါပေမဲ့ အဲဒီထဲကမှ ခေါင်းထဲမှာ ကပ်သပ် ကျန်နေတဲ့ အချက်ကလေးတွေကို မျှဝေလိုက်ပါတယ်။ ကြည့်လေ။
paper towel တွေ မသုံးသင့်ပါဘူး တဲ့၊ စက္ကူအစား အ၀တ်သုံးရင် ပြန်လျှော်လို့လဲ ရတာမို့ ငွေယိုပေါက်ကို ထိန်းနိုင်တယ်ဆိုပဲ။ သိပ်အသေးစိတ်လှချည်လား လို့ စိတ်ထဲက ချဉ်တင်တင် ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အ၀တ်လျှော်ရမှာ ပျင်းသူလေ။ ဟိုတနေ့ကတောင် စက္ကူတွေ တထုပ်ကြီး ၀ယ်လာမိသေး။ ဒုက္ခပဲပေါ့။ သူ့အတိုင်းဆို ကိုယ်ဟာ ဖြုန်းတီးသူကြီး ဖြစ်ရပြီ။
မီးခလုတ်တွေကို မသုံးဘဲ ဖွင့်မထားနဲ့ တဲ့။ မီတာခ တက်တာပေါ့ တဲ့။ ခက်တာပဲ။ ကိုယ်က ဗမာပြည်ကလာတာဆိုတော့ ဘယ်လောက် အလင်းကို တမ်းတသလဲ ဆိုရင် အိပ်ရင်တောင် လေးဖြူရဲ့ အလင်းရောင်ကို အိပ်မက်ထဲမှာ ဆိုနေတာပါ။ ဒါကြောင့် မအိပ်ခင် ညလေးတော့ လင်းနေချင်တယ်။ ဒါလဲ ကိုယ်နဲ့ မကိုက်ပြန်ဘူးပဲ။
နောက်တခု ဖြုန်းတဲ့အထဲမှာပါတာက pet clothing တဲ့။ အခုမှ ကြောင်မွေးမလို့ ကြံရုံရှိသေး၊ ပိုက်ဆံကုန်တယ်ဆိုတော့ ဘာသွားလုပ်ရမှာတုန်း။ အဲဒီ ချစ်စရာ ကြောင်နာလေးတွေကို သွားကြဟဲ့ သွားကြဟဲ့ ငါ့အနားမလာကြနဲ့၊ နင်တို့က ပိုက်ဆံကုန်တယ်ဟဲ့ လို့ ပြောရမှာလား။ ရာသီဥတုက အခုကစ ပြီး အေးတော့မှာဆိုတော့ ကလေးတွေအတွက် နွေးနွေးထွေးထွေး ဘာများ ဆင်ပေးရင် ကောင်းမလဲ စဉ်းစားနေတုန်း အမှောင့်ပယောဂ ဒီဆောင်းပါးက @#$!%^&…။
ပိုက်ဆံလေလွင့်တယ်လို့ ယူဆတဲ့အထဲမှာပါတာက swim wear တဲ့။ ဒီလူ တဆိတ်တော့ နောက်ပြီထင်တယ် လို့ တွေးမိသေး။ သူ့စိတ်ထဲ အ၀တ်ကလေး မဖြစ်စလောက်နဲ့ ဈေးကြီးပေးရတာ မတန်ဘူးလို့ ထင်ပုံရတယ်။ Go natural လို့လဲ ဆိုလိုက်သေး။ ဧကန္တ ဆောင်းပါးရှင်က ယောကျာင်္း ထင်ပါရဲ့ ။ ဒီအချက်ကိုလဲ ပယ်တယ်။
နောက်တခုက ထီထိုးတာ တဲ့။ အဲဒီတခုကတော့ အတော်အောင့်သွားတာပါ။ ကိုယ့်မျှော်လင့်ချက်ကို သူဖျက်ဆီးပြီ။ ကိုယ်က ထီပေါက်ရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ စိတ်အားငယ်တိုင်း တွေးတတ်တာပါ။ အဲဒါကလဲ နေ့တိုင်းလိုလိုပါ။ အခုတော့ ထီသွားထိုးရင်ပဲ ကိုယ့်မှာ အပြစ်ရှိရပြီ။ အော် ဘ၀ ဘ၀..။
ဒါပေမဲ့ ကိုယ် မှန်ကန်သင့်လျော်တယ်လို့ ထင်တဲ့ အချက်တွေကလဲ ရှိသေးတာ တွေ့ရတယ်။ အဲဒါတွေက အရက်သေစာ တဲ့ (ဟုတ်တာပေါ့၊ ဒါတွေ အတော် ဖြုန်းတီးရာရောက်တယ်)။ ကလေး diapers တဲ့။ (ကိုယ့်မှာ ကလေးမရှိတော့ ဒါလဲ လိုက်နာသင့်တဲ့အထဲ ပါတာပဲ။ အနှီးသုံးကြ၊ ပြီးတော့ ပြန်လျှော်..)။ ကလေး မွေးနေ့ပါတီ တဲ့၊ (ဟုတ်မှာပဲ၊ ဆင်ခြင်သင့်တာပေါ့)။ over package items တဲ့။ (ကိုယ်တို့က နှစ်ယောက်တည်းဆိုတော့ အဲဒီလောက် အများကြီးမလိုတော့ ဒါလဲ မှန်တာပဲ။)
အဲဒီတော့ ဆောင်းပါးတခုလုံးလဲ ဖတ်ပြီးရော ကိုယ်လဲ ယူချင်တာတွေယူပြီး ပယ်ချင်တာတွေ ပယ်ပြီး မေ့ချင်တာတွေ မေ့လိုက်တယ်။ သူ့ကိုလဲ အတော်ကောင်းတဲ့ ဆောင်းပါးလေးပဲ ဆိုပြီး ဆွေးနွေးလိုက်တာ ခေါင်းတွေ တော်တော်ညိတ်လိုက်ရပြီး လည်ပင်းလေ့ကျင့်ခန်း လုပ်နေသလားတောင် အောက်မေ့ရတယ်လေ။
မိုးချိုသင်း