လွန်ခဲ့တဲ့ ၂နှစ်တုန်းက ဒီနေ့ ဒီအချိန်ပါပဲ။
ပြက္ခဒိန်ထဲမှာ ဒီနေ့ ဒီရက်ကို ထုတ်ပစ်လို့ရရင် ထုတ်ထားလိုက်ချင်ပါတယ်။ မမျှော်လင့်ဘဲ အဖေ ရုတ်တရက် ခွဲခွာသွားတဲ့နေ့။
မနက်စောစော ရုံးသွားခါနီး နှုတ်ဆက်တော့ အဖေ့ကို နောက်ဆုံး အသက်ရှင်ရက် မြင်လိုက်ရတာပါပဲ။ ထုံးစံလို စားပွဲမှာ ထိုင်ပြီး ဆေးလိပ်ဖွာလို့။ စားပွဲပေါ်မှာ ဆေးလိပ်ပြာခွက်၊ ကော်ဖီ၊ မုန့်၊ မီးခြစ်။ အိမ်ကအထွက် တံခါးဝကို ကျောပေးထိုင်နေတဲ့ အဖေ့ကျောပြင်ကြီးကို နောက်ဆုံး တွေ့ရခြင်းပါပဲ။
သွားတော့မယ် အဖေ၊ အေး…အေး၊ ဖြေးဖြေးသွား သမီး။
တကယ်က ဘယ်သူက အပြီးသွားမှာလဲ။ ဘယ်သူက အပြီး နှုတ်ဆက်တာလဲ။ သားအဖ နှစ်ယောက်စလုံး မသိကြ။ သိရင်လဲ အလုပ်ကို ဘယ်သွားပါ့မလဲ။ အဖေ့ကျောပြင်ကြီးမှာ ပါးအပ်ထားမိမှာပေါ့။ ခွဲရမယ်မှန်းသိရင် အဖေ့ကိုယ်ဝဝကြီးကို နောက်ကနေ ဖက်ပြီး မျက်ရည်တွေနဲ့ ပေကျံ စွန်းထင်းစေမှာပေါ့။ မသွားပါနဲ့ မသွားပါနဲ့လို့ တားမိမှာပေါ့။
ဒီလိုနဲ့ ညနေက စောင်းပြီ။ ၄နာရီခွဲပြီ။ သမီးတို့ကို ဘူတာကအပြန် ဒီဆိုင်လေးက စောင့်မယ် တဲ့။ ဆိုင်က အမိုးလေးတွေ သပ်သပ်ရပ်ရပ်နဲ့ လှသတဲ့။ အဖေက သူ့ချစ်သမီးကို ထိုင်ရင်း လဲကျ စောင့်ခဲ့ရှာတယ်။ အဖေ မရှိတဲ့နောက် ကိုယ် တနှစ်လောက် အဲဒီဆိုင်လေး ရှေ့က မဖြတ်ရဲခဲ့ဘူး။ ပုဆိုးကြီးစီးပြီး လွယ်အိတ်လေးလွယ်လို့ ဘယ်အချိန်များ တွေ့လိုက်ရမလဲ မြင်ယောင်မိလို့။
အဖေ့ ဝိညာဉ်လေး လွင့်ပျံ့တဲ့နေရာလေး။ Uruapan တဲ့။ (ဥူရူရာပန် လို့ အသံထွက်ပါတယ်) မက္ကဆီကန် ဆိုင်လေးပါ။ ကိုယ်စာရွက်လေးပေါ်မှာ တလုံးချင်းရေးပြီး မက္ကဆီကန်သူငယ်ချင်းတွေကို အဓိပ္ပါယ် မေးခဲ့ရတာ။ မက္ကဆီကိုက မြို့လေး တမြို့ နံမည်ပါပဲ တဲ့။ မြို့ကြီးလဲ မဟုတ်၊ ဒါပေမဲ့ သိပ်လှတဲ့ မြို့လေးပါ တဲ့။ အဲဒီမြို့မှာ ထင်းရူးပင်တွေ ရှိတယ်၊ တောင်တွေ ရှိတယ်၊ ပင်လယ်ကြီးကိုလဲ မြင်ရတယ် တဲ့။ ကိုယ် မျက်ရည်တွေနဲ့ နားထောင်ခဲ့ရတာ။
အဖေမရှိတဲ့နောက် အဖေ စိတ်ကျေနပ်မဲ့ အလုပ်မျိုးပဲ ကိုယ်တတ်နိုင်သမျှ ကြိုးစား လုပ်ခဲ့ပါတယ်။ အဲဒါ အဖေ ပြောတဲ့ ကောင်းသော သတိရခြင်းပါပဲ။ အဖေ ရေးစေချင်တဲ့ စာကိုလဲ ပြန်ရေးဖို့ ကြိုးစားခဲ့ပါတယ်။ အဖေပြောသလို စိတ်ကို ဖြူအောင်ထား၊ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေ၊ ကျန်းမာရေး ဂရုစိုက်။
အဲဒီနေ့က အဖေ့မိတ်ဆွေ ဦးလေးကြီးနဲ့ အဖေ ရထားပတ်စီးခဲ့တယ်။ အဖေရော ကိုယ်ရော ရထားတွေကို ချစ်တာ တူတယ်။ ပိုင်ရှင်မဲ့ ကျန်ခဲ့တဲ့ အဖေ့ လွယ်အိတ်လေးထဲမှာ ရထား အချိန်ဇယား စာအုပ်လေး တအုပ်၊ ရထားလမ်း မြေပုံလေး တခု။ ပြန်လာရင် သမီးကို ပြမယ်လို့ ရည်ရွယ်ပုံပါပဲ။ အဖေ ရထားစီးတတ်သွားပြီ သမီး၊ အဖေတို့ သွားစီးကြရအောင်၊ သမီးကို အဖေ လမ်းပြမယ် လို့များ ပြောလေမလား။
ဘဝဆိုတာ အဖေ တခါက ရေးခဲ့ဖူးသလို မီးရထားနဲ့ ခရီးသွားခြင်း ဆိုပါတော့..။ အဖေ Uruapan ဆိုတဲ့ ဘူတာလေးမှာ ဆင်းနေခဲ့ပြီ။ နှင်းမှုန်တွေ ဝိုးတဝါးမှာ လွယ်အိတ်လေးလွယ်လို့ ခပ်သုတ်သုတ် ဆင်းသွားခဲ့ပြီ။ ခရီးဆက်ပေအုံးတော့ သမီးတို့ရေ..။ အဖေကတော့ ဘဝအမောတွေမှာ ခဏ မှေးစက် နားချင်ပြီ။ အဖေ့ မျှော်လင့်ချက်တွေ အဖေ့ ယုံကြည်မှုတွေ ထားပစ်ခဲ့ပြီ။ သွားနှင့်ပြီ သမီးတို့ရေ..
အဖေနောက်ဆုံး စီးခဲ့တဲ့ ရထားလက်မှတ်လေး
အရင်ကတော့ ဒီရထားကြီးပေါ်မှာ အဖေရယ်၊ အမေရယ် ကိုယ်တို့ မောင်နှမတတွေရယ်၊ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် အတူ ခရီးသွားခဲ့ကြတာ။ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ်တွေကိုလဲ ရဲရဲကြီး ဖြတ်သန်းခဲ့ကြတယ်။ ရထားပြူတင်းကနေကြည့်ရင် တောင်ယာမီးခိုးလေးတလူလူနဲ့ သင်းပျံ့တဲ့ မြေဆီနံ့ကို လတ်လတ်ဆတ်ဆတ် အတူ ရှူရှိုက်ခဲ့ဖူးတယ်။ ညစာ ပူပူနွေးနွေးကို လက်ထဲမှာ တမြတ်တနိုးထည့်ပြီး ကိုယ်တို့ကို ကျွေးမွေးခဲ့ကြတယ်။ ကိုယ်တို့ မေတ္တာတွေနဲ့ မြိန်ယှက် ပျော်ရွှင်ခဲ့ဖူးတယ်။
ပထမဆုံး ရထားပေါ်က အမေဆင်းသွားတုန်းက အဖေ ရင်မှာ မချိခဲ့။ အမေ့ကို သတိတရနဲ့ အဖေ ဒီကဗျာလေးကို ရေးပါတယ်။ ဖတ်ကြည့်ပါအုံး။
မီးရထားနဲ့ ခရီးသွားခြင်း
မီးရထားကား
မညည်းမတွား ခုတ်မောင်းလျက်။
သူနဲ့တူစုံ၊ ထိုင်ခုံ ယှဉ်လျက်
ခရီးထွက်ခဲ့
သူ့လက်ကိုကိုင်၊ အပြုံးပြိုင်ကာ
ထိုင်ခုံပေါ်မှာ နှစ်ယောက်တည်း။
တမာရိပ်အေး၊ ဘူတာကလေးတွင်
နီထွေးဆံပင်၊ ပြုံးရွှင်ရွှင်နှင့်
ချစ်ခင်ဖွယ်ရာ ကလေးတယောက်။
ပါးကွက်ကျားနှင့်
သနားဖွယ်ရာ နောက်တယောက်။
နောက်ဘူတာတွင်
ဖွာရာ ကောက်ကွေး၊ ဆံပင်ထွေးနှင့်
ကလေးတယောက်။
တက်လာပြန်ပြီ
ပြုံးဟန်ချိုမြ၊ လှပနုထွေး
သမီးလေး တယောက်။
နောက်တယောက်မှာ
ယောကျာင်္းကလေး၊ သားရွှေသွေးပေါ့
တထွေးတမြုံ ကလေးတပြုံ။
ပျော်စရာပင်
ဘူတာစဉ်ဆိုက်၊ စားလိုက် သွားလိုက်
ရယ်မောလိုက်နှင့်
တသိုက်ကြီးပင်၊ ခရီးစဉ်တိုင်း
ကြင်နာသမှု သူပြုစု။
နွေပန်း ဆောင်းပန်း၊ မိုးဦးပန်းတို့
တလမ်းလုံးပင် ပန်းလွင်လွင်နှင့်
ပျော်ရွှင်စရာ ခရီးစဉ်။
တညသား၌
ရထားအဆိုက်၊ မှောင်မိုက်ညထဲ
သူလမ်းခွဲ၍
နှင်းမှုန်ထဲမှာ ဆင်းခဲ့ပြီ။
ကိုယ်နှင့် ကလေးများ၊ ဤရထားတွင်
တံခါးပြတင်းပေါက်၊ မေးကိုထောက်ရင်း
တအောက်မေ့မေ့ ထွက်ခွာသည်။
မီးရထားကား
မညည်းမတွား၊ ခုတ်မောင်းလျက်။
တင်မိုး
၂၆-၁၂-၉၀
အခုတော့ အဖေလဲ နှင်းမှုန်ထဲမှာ လမ်းခွဲ ဆင်းခဲ့လေပြီ။ မျက်ရည်တွေနဲ့ နှင်းစက်တို့ ရောထွေး ဝေဝါးသွားကြပြီ။ အနုပညာကို မြတ်နိုးတဲ့ မြန်မာပြည်ကို ချစ်တဲ့ အညာသားကြီးတယောက် ဟိုး အဝေးမှာ လက်ပြ ကျန်ရစ်ခဲ့ပြီလေ။ မှုန်ပျပျပေမဲ့ အဖေ့သဏ္ဍာန်က စိတ်ထဲမှာ စွဲမြဲထင်ရှားတုန်း..။
မီးရထားကား မညည်းမတွား ခုတ်မောင်းလျက်။ ။
မိုးချိုသင်း