Wednesday, December 30, 2009

နှစ်သစ်ကို ကြိုဆိုခြင်း

ဘလော့လေးကို နှစ်သစ်ကြိုတဲ့အနေနဲ့ အကျီ င်္လှလှလေး ၀တ်ပေးလိုက်ပါတယ်။ အပြောင်းအလဲလေးလဲ ဖြစ်၊ ကောင်းမွန် လှပတဲ့ ရှေ့ရေးကိုလဲ မျှော်လင့်မိလို့ပါပဲ။

ကိုယ်က ကံ့ကော်တောမှာ မွေးခဲ့သူမို့ ကံ့ကော်ပန်းလေးနဲ့ အလှဆင်ချင်မိတယ်။ အဲဒါကို စိတ်ရှည်ရှည်နဲ့ လိုချင်တဲ့ပုံစံအတိုင်း ဒီဇိုင်းရေး၊ စာလုံးလေးတွေ ပြောင်းထည့် အလှဆင်ပေးတဲ့သူများက ကာတွန်း ကိုဝင်းထွန်း နဲ့ ကိုမင်းကျော် တို့ပါ။ သူတို့က ကွန်ပျူတာနဲ့ web page ပညာ ကျွမ်းကျင်သူတွေပေါ့။ သူတို့ကို ဒီနေရာကနေ ကျေးဇူး မှတ်တမ်းပြုပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ နှစ်သစ်ကို ကြည်ကြည်နူးနူး ရွှင်ရွှင်လန်းလန်း ကြိုလိုက်ပါပြီ။ နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားတွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့ဘောင်သစ်တခုကိုလဲ အတူ ၀ိုင်းပြီး တည်ဆောက်နိုင်ပါစေလို့ မျှော်လင့် ဆုတောင်းမိပါတယ်။


မိုးချိုသင်း


Sunday, December 20, 2009

အပွင့်လေးတို့နဲ့ VZO

စနေ တနင်္ဂနွေ မနက်တွေဆိုရင် ဆိုင်လေးမှာ လူရှင်းတုန်း ကိုယ်ဘာတွေ လုပ်သလဲ ပြောပြချင်မိတယ်။

ဆိုင်ရောက်တာနဲ့ ကွန်ပျူတာဖွင့်၊ VZO သုံးတော့တာပါ။ ကိုယ်ခေါ်လိုက်တဲ့သူတွေက ကိုယ့်ရဲ့ အဝေးက ချစ်တူမတွေဆီကိုပါ။ ကိုယ်တို့ဆီမှာ နေ့လည်ဆို သူတို့ဥရောပမှာ ညဖက်ပေါ့။ ကွန်ပျူတာ ဖန်သားပြင်ကနေ ခေါင်းလေးတွေ တိုးဝှေ့ပြီး အလုအယက် စကားပြောကြတဲ့ ကိုယ့်တူမလေးတွေနဲ့ စကားပြောကြတာ။

တူမလေးက ၄ယောက်။ မိုးပွင့်၊ မိုးဥ၊ စန္ဒြာ၊ မာယာ တဲ့။ မိုးပွင့်က အကြီးဆုံး၊ အသက်က ၁၂ နှစ်။ ပြီးတော့ စန္ဒြာ၊ ပြီးတော့ မိုးဥ၊ အငယ်ဆုံးလေးက မာယာပေါ့။ အများအားဖြင့် မိုးပွင့်လေး နဲ့ စကားပြောတာပါပဲ။ ကျန်တဲ့ကလေးတွေကတော့ ပြေးလာ ပြောလိုက်၊ ဆော့လိုက်ပေါ့။

ကိုယ်က မိုးပွင့်ကို အပွင့်လေး လို့ ခေါ်တယ်။ အပွင့်လေးက ၁၂ နှစ်သာဆိုတယ်၊ အတော်လေး ထွားတယ်။ အရပ်မြင့်မြင့်၊ အဒေါ်လို ၀၀ တုတ်တုတ်လေး၊ မျက်နှာကြီးကြီး နဲ့။ လူကောင်ထွားပေမဲ့ မျက်နှာက တကယ့် ကလေးလေး။ အဲဒါပေါ့ ချိုချိုရယ်.. ၊ သူကလေ အဲဒီလိုပြောတာ ဆိုပြီး စီကာပတ်ကုံး သူ့သူငယ်ချင်းတွေ အကြောင်း ပြောတတ်တယ်။

သူက သူ့ကျောင်းအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ သူတို့အတန်းပိုင် ဆရာအကြောင်း တွေကို ရီစရာတွေ လုပ်ပြီး အမူအယာတွေနဲ့ ပြောပြတာ ကိုယ့်မှာ အူနာအောင် ရီရတယ်။ သူ့အမေ ကိုယ့်အမက သူ့ဘေးမှာ ထိုင်ပြီး ကိုယ်တို့ညီအမက သူ ပြောသမျှ ထိုင်ရီကြတာ။

ကိုယ်က သူ့ကို မြန်မာစာ မမေ့စေချင်လို့ စာရေးဖို့ ပြောတော့ ရေးပို့ပါရဲ့၊ ၀တ္ထုတို ဆိုပဲ။ မျက်လုံးပြူးရသေးတယ်။ သူ့သူငယ်ချင်း မိဘတွေ အဆင်မပြေလို့ စိတ်ဆင်းရဲရတဲ့အကြောင်း ကလေးတယောက် အတွေးနဲ့ သူငယ်ချင်းကိုယ်စား ခံစားပြီး ရေးထားတာ။ ဖတ်လို့တော့ ကောင်းနေတာပဲ။ ဒါနဲ့ ကိုယ်က ချိုချို လာမှ ကွန်ပျူတာနဲ့ မြန်မာလို စာရိုက်တာ သင်ပေးမယ် ပြောရတယ်။

သူက အကြီးဆိုတော့ သူ့ထက်အငယ် ညီမတွေကိုလည်း သူက ဆော့ပေးရသေးတာပါ။ သူတို့လေးယောက် ကစားကြပုံကိုလဲ ပြောပြချင်သေးတယ်။ မိုးပွင့်က အရုပ်ကဒ်လေးတွေကို ကိုင်ပြီး မေးခွန်းထုတ်တမ်း ကစားနေတာပါ။ ကိုယ်က ဒီဖက်ကနေ ဘယ်လို ကစားကြသလဲ ပြုံးပြီး ကြည့်နေတာ။

မိုးပွင့်က ကဒ်လေးတွေကိုင်ပြီး ကိုယ်တို့ ဆွေမျိုး မောင်နှမတွေ နံမည် မေးနေတာ။ အဖြေမှန်ရင် အရုပ်လှလှလေးပုံပါတဲ့ ကဒ် တကဒ် ပေးလိုက်တာကိုး။ ကိုယ်က ဒီကစားနည်း မကြုံဖူးလို့ ကြည့်နေတယ်။ ဥပမာ ဒီလို ဆိုပါတော့..။

“ဘိုးဘိုး နံမည် ဘယ်သူလဲ သိကြလား” လို့ မိုးပွင့်က မေးလိုက်ရင် ကျန်ကလေး ၃ယောက်က ၀ိုင်းအော် ဖြေကြတယ်။
“ဘိုးဘိုးနံမည် ဘိုးဘိုး ပေါ့” ဒါက အငယ်ဆုံးလေး မာယာ ဖြေတာ။
“ဘိုးဘိုးနံမည်က ဦးတင်မိုး” ဒါက စန္ဒြာ နဲ့ မိုးဥ ဖြေတာ။
“မဟုတ်သေးဘူး၊ ဘိုးဘိုး စာရေးတဲ့ နံမည် မဟုတ်ဘူး၊ ဘိုးဘိုး နံမည် အရင်းကို ပြောနေတာ”
“ဘိုးဘိုးကြီး မဟုတ်လား”
“တင်မိုးဦး၊ မိုးဦးတင်၊ ဦးဥာဏ်မိုး၊ ဦးသန်းညွှန့်၊ လေးလေး.” ဒါမျိုးတွေလဲ ရှိသမျှ အမျိုးတွေထဲက ယောကျာင်္းနံမည်တွေ ပြောင် ပြီး ဖြေကြသေးတယ်။
“မဟုတ်ဘူး၊ အားလုံး မှားတယ်၊ ဘိုးဘိုးနံမည်က ဦးဘဂျမ်း”
အဲဒါဆို အကုန်လုံး ဦးဘဂျမ်း ဦးဘဂျမ်းလို့ ၀ိုင်းအော်ပြီး ပတ်ပြေးလိုက်ကြသေးတာပါ။ ပြီးမှ မိုးပွင့်နား ပြန်လာစု ပြန်ရော။

“ကဲ၊ နောက်တခု မေးမယ်။ ဦးဦးကျော် နံမည်ရော ဘယ်သူလဲ”
“ဦးဦးကျော် နံမည်က ကျော် လေ..” အဲဒါကတော့ မိုးဥ က ဖြေတာပါ။ သူက ငယ်ငယ်ကတည်းက ကိုယ့်အမျိုးသားကို ကျော် လို့ပဲ ခေါ်တာပါ။ ဘယ်လိုသင်သင် ဦးဦး မထည့်ပါဘူး။
“ဦးကျော် နံမည် ဦးကျော်ဝဏ္ဏ၊ ချိုချို့ နံမည် မိုးချိုသင်း” တဲ့။
အဲဒါ စန္ဒြာ က ဖြေလိုက်တာ။ သူ့အဖြေလေးကို နားထောင်ပြီး ကိုယ့်မှာ ပီတိဖြစ်လိုက်ရတာ။ ကိုယ့်တူမလေးတွေကိုလဲ ချစ်လိုက်ရတာ။ ကိုယ်တို့နံမည်တွေကိုလဲ မြန်မာလို စာလုံးပေါင်း ပြသေးတယ်။ မနှင်းသင်ထားတာတွေလေ။

အားလုံးထဲမှာ စန္ဒြာက ကဒ် အများဆုံး ရတယ်။ သူက သူနဲ့ တ၀မ်းကွဲတွေ ဖြစ်တဲ့ ရွာက အမတွေရဲ့ ကလေးတွေ နံမည်တွေလဲ အကုန် မှတ်မိတယ်။ ကိုကို့ နံမည် ဖိုးစွမ်း တဲ့။ မမ နံမည် စန္ဒီမ တဲ့။ မမအကြီးဆုံးက မမ အိမွန်ကို တဲ့။ မာယာလေးကတော့ အကြီးတွေကို ကြည့်ပြီး လိုက်ဝါး ဖြေတတ်တယ်။ တခါတခါကျရင် ခေါင်းရှုပ်ပြီး မာယာ သိတော့ဘူးကွာ၊ မာယာ ဖြေတတ်ဘူးကွာ နဲ့။

မာယာလုပ်တတ်တာကတော့ သီချင်း ကောင်းကောင်း ဆိုတတ်တာပါပဲ။ သူက ဂီတကို အတော်ဝါသနာပါပုံရတယ်။ အမြဲတမ်း သီချင်းလေး တအေးအေးနဲ့ နေတတ်တယ်။ စကားမပြောတတ်ခင်ကတည်းက သံစဉ်လေးတွေ ညည်းနေတတ်လို့ သူ့ဘိုးဘိုးက မာယာလေးကို သိပ်ကို အေးချမ်းတဲ့ ကလေး၊ ကြီးလာရင် အဆိုတော်ကြီး ဖြစ်မှာ လို့ အထင်ကြီးရှာတယ်။

မာယာကလည်း အဘိုး နဲ့ အတူဆုံးကလေးပဲ။ လူတွေကို သိပ်ခင်တယ်၊ လူတိုင်းနဲ့ တည့်တယ်။ အပေါင်းအသင်း ခင်တယ်။ သီချင်းသံကြားရင် ကြားတဲ့နေရာက ပြေးလာပြီး ဆိုတော့တာပဲ။ စကားပြောရမှာ ရှက်သလောက် သီချင်းဆိုဖို့တော့ ပါးစပ်ကြီး ဖွင့်ပြီး အော်ဆိုတော့တာပဲ။

တခါကတော့ သူတို့၎ယောက်စလုံး အခုလက်ရှိ အကြိုက်ဆုံး ဖြစ်ပုံရတဲ့ သီချင်းလေးကို ဖွင့်ပြီး လေးယောက်သား ကိုယ့်ကို ဆိုပြကြတယ်။ အဲဒီသီချင်းက သူတို့လေးတွေ အရွယ် ဖြစ်တဲ့ ဆယ်နှစ်သမီးလေး Laura က Belgium နိုင်ငံ ကိုယ်စားပြုပြီး ဥရောပတခွင် ၀င်ပြိုင်လို့ရတဲ့ Junior Eurovision 2009 မှာ ပြိုင်ပွဲဝင်တဲ့ သီချင်းလေးပါ။

သီချင်းက မြူးလဲ မြူး၊ ဆိုတဲ့ကလေးက ဆိုလဲ ဆိုတတ်တဲ့အပြင် yodeling ဆိုနည်းလေးကိုပါ သီချင်းထဲမှာ ညှပ်ပြီး ထည့်ဆိုတာမို့ အဒေါ်လုပ်သူကပါ သဘောအကျကြီးကျပြီး သူ့ပရိသတ် ဖြစ်ရတာပါ။ သူတို့ တနိုင်ငံလုံး ဆယ်ကျော်သက်တွေ အသည်းစွဲ သီချင်းလေး ထင်ပါရဲ့။

တခါက စူပါမားကက် အကြီးကြီးတခုကို သွားကြတော့ အဲဒီမှာ အဲဒီသီချင်းလဲ ဖွင့်လိုက်ရော ကလေးတွေ အကုန် နီးရာ ခုံ အမြင့်တွေပေါ် တက်ပြီး က ကြ လိုက်ဆိုကြသတဲ့။ ကျန်တဲ့ ကိုယ့်တူမတွေကတော့ မက ရဲလို့ မက ကြပေမဲ့ မာယာကတော့ ဖင်လေးလှုပ်ပြီး ၀င် က ပါသတဲ့။ yodeling လို လုပ်တာလဲ မာယာက ကောင်းကောင်း လိုက်လုပ်တတ်ပါတယ်။

အဲဒီသီချင်း အဓိပ္ပါယ် သမီးတို့ နားလည်လား၊ ချိုချို့ကို ရှင်းပြပါအုံး ဆိုတော့ အလုအယက် ၀ိုင်းရှင်းပြကြသေးတယ်။ ကျောင်းမှာ ပေါ်ပြူလာ ဖြစ်တဲ့ ကောင်လေးကို ကောင်မလေးက စိတ်ဝင်စားမိတဲ့ အကြောင်းပါ တဲ့။ ကိုယ့်မှာ ဆယ်နှစ်ကလေးက စပ်တဲ့သီချင်းဆိုတော့ အံ့သြပြီး ပြုံးရသေးတယ်။

ပြိုင်ပွဲအပြီး အင်တာဗျူးမှာ အဲဒီသီချင်းထဲက ကောင်လေး တကယ်ရှိသလား မေးတာကို Laura က တကယ်ရှိပါတယ်၊ သူ့ boyfriend ဖြစ်နေပါပြီ လို့ ဖြေပါသတဲ့ (ဘုရား..ဘုရား)။ ပြိုင်ပွဲမှာ အဲဒီကလေးမက တတိယဆုပဲ ချိတ်ပါတယ်။ ပထမဆုကို ခြေထောက်နဲ့ စည်းချက်လိုက်တဲ့ tap dancing အကပါတဲ့ နယ်သာလန်က ကောင်လေးက ရသွားတာပါ။

ကိုယ်ကလဲ သူတို့ ကလေးတွေနဲ့ ပေါင်းချင်တော့ကာ သူတို့ စိတ်ဝင်စားတာလေးတွေ လိုက်စိတ်ဝင်စားရ၊ သူတို့ကြိုက်တာလေးတွေ လိုက် နားထောင်ရတာ။ အမြဲတမ်း ခေတ်မီနေမှ တော်ကာကျမယ်ဆိုပြီး အဒေါ်က တရွတ်တိုက် လိုက်နေရတာပေါ့လေ။

အဲဒီတော့ VZO ဖွင့်ရင် ဟိုဖက်က သီချင်းလေး ဖွင့်လိုက်၊ ဒီဖက်ကို လင့်ခ်လေး ပို့ပေးလိုက်၊ နားထောင်လိုက်၊ သဘောကျပြီး ဒီဖက်က တခါ ပြန်လိုက်ဖွင့်တော့ တူမတွေ လိုက်ဆိုကြတာ ကြည်နူးလိုက်နဲ့ပေါ့။ သူတို့တွေ dutch လို ပြောကြ ဆိုကြတာ ကိုယ်က တလုံးမှ နားမလည်ပေမဲ့ တပြုံးပြုံးနဲ့ အမီလိုက်နေတာ။

စာဖတ်သူတွေလဲ နားထောင်ကြည့်ပါအုံး။ ကိုယ်သဘောကျလို့ အောက်မှာ လင့်ခ်လေး ရေးပေးလိုက်ပါမယ်။ သီချင်းလေးနားထောင်ပြီး ပျော်ရွှင် ချမ်းမြေ့ကြစေဖို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
မိုးချိုသင်း

Tuesday, December 8, 2009

ထမင်း လက်ဆုံ

အခုလို ဆောင်းတွင်းအေးအေး မှာ မိုးစောစောချုပ်တာမို့ ပတ်ဝန်းကျင်တခုလုံး မှောင်မဲ လို့..။ ရောင်စုံမီးလေးတွေနဲ့ အလှဆင်ထားတဲ့ သစ်ပင်ကြီးတွေက ခန့်ခန့်ကြီး မားမားမတ်မတ် ရပ်လို့..။ ညဖက် အိမ်အပြန်လမ်းတွေမှာ ကိုယ်တို့နှစ်ယောက် အမြဲပဲ သုတ်သုတ် သုတ်သုတ်နဲ့ ကိုယ့်အိမ်လေးဆီကို အပြေးပြန်လာတတ်ကြတယ်။

အိမ်အပြန် လမ်းတလျှောက် ကားပေါ်ကနေ အပြင်ကို ကြည့်လိုက်ရင် အိမ်ပုပုလေးတွေကို နွေးနွေးထွေးထွေး တွေ့ရတတ်တာ။ မှန်ပြူတင်းပေါက် အကွက်လေးတွေကြားကနေ အိမ်တွင်း အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်လေးတွေကို ရိပ်ကနဲ ရိပ်ကနဲ မြင်ရတတ်တယ်။ ဒါမှမဟုတ် မိသားစု ထမင်းဝိုင်း…။ စားပွဲဝိုင်းဘေးမှာ ဆော့နေတဲ့ ကလေးလေး ရီသံတောင် ကြားလိုက်ရသလို ထင်မိတယ်။

ကိုယ်တို့ငယ်ငယ်ကလဲ မိသားစု ထမင်းဝိုင်းတွေဟာ ပျော်စရာ ကောင်းခဲ့ပါတယ်။ အဖေရယ် အမေရယ် ကိုယ်တို့ မောင်နှမ ၅ယောက်ရယ် အမြဲ ထမင်းလက်ဆုံစားတတ်ကြတယ်။ အထူးသဖြင့် ညစာ ပေါ့။ မိသားစုဝင်တယောက်ယောက် နောက်ကျရင်လဲ အမေက စောင့်ပြီး စားစေတာ၊ နောက်ကျသူကလဲ ညစာအမီ ပြန်လာတာပါပဲ။

ထမင်းဟင်းတွေက အမြဲ ပူပူနွေးနွေး ပဲ။ ဟင်းကတော့ အမယ် မများဘူး။ အသားတခွက်၊ အရွက်ကြော် တမျိုး နဲ့ ချဉ်ရည် တခွက် ပါလေ့ရှိတယ်။ ဟင်းခွက်က လက်လည်တယ် မရှိဘူး။ တယောက်လက် တယောက် ကမ်းလိုက်၊ ထည့်လိုက်ကြတာပဲ။ အသုတ်တမျိုးမျိုးပါရင် ခဏလေးနဲ့ ပန်းကန်က ပြောင်သွားပြီ။ ပြီးမှ ထည့်တာများသွားတဲ့သူဆီ ငါ့နည်းနည်းပေး တောင်းရတယ်။

ပြီးရင် မောင်နှမတွေ ဆူဆူညံညံ နဲ့ ပန်းကန်တွေ ဆေးကြတာ။ ကိုယ့်အမအကြီးတွေ ဖြစ်တဲ့ မစံ နဲ့ မအေးက အားလုံးရဲ့ ပန်းကန်တွေ အမြဲတမ်း ဒိုင်ခံ ဆေးလေ့ရှိတာ။ ကိုယ်တို့အငယ်တွေက စားပြီးရင် ကိုယ့်ပန်းကန်လေးကိုင်ပြီး လက်ဆေးကန်နားမှာ ရပ်စောင့်လို့။ အမတွေက ထားခဲ့ ထားခဲ့ ငါ ဆေးလိုက်မယ် လို့ ပြောရင် ၀မ်းသာသွားတာ။

လက်ကလေး မြန်မြန်ဆေးပြီး အိပ်ယာပေါ်လှဲ ဇိမ်နဲ့ စာသွားဖတ်တာ။ ဒါမှမဟုတ် မိသားစု စကားဝိုင်းထဲ ဟိုတိုး ဒီခွေ့နဲ့ နားထောင်။ ဒါမှမဟုတ် ရေဒီယိုက ညဖက်လာတဲ့ ဇာတ်လမ်းတွေ၊ သီချင်းတွေကို စောင်ကြီးခြုံပြီး ၀ိုင်းနားထောင်ကြတယ်။ တီဗီပေါ်လာတော့ တီဗီရှေ့ ကို စောင်တွေ ခေါင်းအုံးတွေ ယူသွားပြီး သွားမော့တာပေါ့။
မိသားစု အပန်းဖြေချိန်လေး ပေါ့။

နောက်တော့ မိသားစု ထမင်းဝိုင်းလေးက လူနည်းနည်းလာ..။ ကိုယ်ချစ်တဲ့သူနောက် လိုက်ပြီး ကိုယ့်မိသားစု ကိုယ်ထူထောင်ကြတော့ မိသားစု ၀ိုင်း အကြီးကြီးကနေ မိသားစုဝိုင်း သေးသေးလေးတွေ ဖြစ်ကုန်တာပေါ့။ အဲဒီအခါကျတော့လဲ တမျိုးတဖုံ ပျော်စရာကောင်းတာ မှန်ပေမဲ့ အရင်က မိသားစု ထမင်းဝိုင်းကြီးကို လွမ်းမိတတ်တာပဲ။

အခုတလော မိသားစု ထမင်းဝိုင်းတွေကို သတိရနေမိတာမို့ နှစ်ကိုယ်တူ ဘ၀ ထူထောင်တော့ ထမင်းလက်ဆုံစားခဲ့တာလေးတွေလဲ သွားသတိရမိသေးတယ်။ ကိုယ်တို့နှစ်ယောက် ချစ်စ က ထမင်း ပထမဆုံး လက်ဆုံစားဖူးတာ လှည်းတန်းက ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင်မှာပါ။

အဲဒီတုန်းက နှစ်ယောက်စလုံး မိဘဆီ မုန့်ဖိုး လက်ဖြန့်တောင်းနေရတုန်းအရွယ်ပေါ့။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားဘ၀ပေါ့။ တနေ့တော့ လှည်းတန်းသွားရင်း ဒေါ်စောရီဆိုင်မှာပဲ ထမင်းစားလိုက်ကြရအောင် တဲ့။ ကိုယ်လဲ ကောင်းသားပဲ ဆိုပြီး ၀င်စားကြတယ်။

ဆိုင်ရောက်တော့ သူက မှာချင်တာ မှာစား တဲ့။ ကိုယ့်ကို ခွင့်ပေးတယ်။ ကိုယ်လဲ သူ ခွင့်ပေးတယ် ဆိုတော့ ရိုးရိုးပဲတွေးပြီး စားချင်တာ မှာ လိုက်တာပေါ့။ ကိုယ်မှာလိုက်တာ ပုဇွန်တုပ်ကြီးဟင်းပါ။ ညှာညှာတာတာ မှာဖို့ အဲဒီတုန်းက တကယ် မစဉ်းစားမိဘူး။

နောက်မှ သူပြန်ပြောပြတာက သူက ကိုယ်အားရပါးရစားနေတာကို ငေးကြည့်နေတာ တချိန်လုံး တဲ့။ ကိုယ်ကြိုက်တယ်ဆိုလို့လဲ ၀မ်းသာတယ်၊ ဒါပေမဲ့ bill လာရင် ပိုက်ဆံ မလောက်ရင် ဒုက္ခ ဆိုပြီး ပူပန်မိနေလို့ ကိုယ့်ထမင်း ကိုယ် မစားနိုင်ဘဲ အိပ်ကပ် တစမ်းစမ်း ဖြစ်နေတာ တဲ့။ ကိုယ်ကတော့ အပူအပန်မရှိ ပျော်ပျော်ရွှင်ရွှင် ကြိတ်သလေ..။

နောက် ပိုက်ဆံရှင်းမှ ပါလာတဲ့ ပိုက်ဆံ နဲ့ လောက်င လို့ သူ ဟင်းချနိုင်ပါတယ် တဲ့။ တကယ်က ပုဇွန်တုပ်ကြီးဟင်းက အတော် ဈေးများတာပါ။ ကိုယ်ကလဲ ရိုးရိုးပဲတွေးမိတာ၊ မှာချင်တာ မှာ၊ ပုဇွန်တုပ်ကြီးတော့ မပါစေနဲ့ လို့မှ မပြောဘဲ။ အဲဒါ ပထမဆုံး လက်ဆုံစားခြင်းပေါ့။

နောက်တော့ ကိုယ်နဲ့ နေ့စဉ်နေ့တိုင်း ထမင်းအတူ စားဖို့ သူ့ကိုပဲ ရွေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ထမင်းစားရင် သိတတ်သူမို့ပါ။ သူ့ပန်းကန်ထဲက အသားတွေကို ကိုယ့်ပန်းကန်ထဲ ထည့်ပေးတတ်သူလေ (တကယ်က သူက အသားထက် အရွက်ပိုကြိုက်လို့ပါ)။

သူနဲ့အတူတူ မိုးရွာတုန်း လမ်းဘေးဆိုင်လေးထဲ ပြေးဝင်ပြီး ထမင်းသုတ်လေးကို ငရုတ်သီးတောင့်လေးကိုက်ပြီး ညစာလုပ် အတူစားဖူးတယ်။ အိမ်မှာ လက်ဖက်သုတ်လေး နဲ့လဲ ထမင်းမြိန်ခဲ့တယ်။ ကြက်ဥကြော် နဲ့လဲ နှစ်ပါးသွားဖူးတယ်။ ခမ်းခမ်းနားနားနေရာတွေလဲ အတူသွားစားခဲ့ဖူးပါတယ်။ တခါတလေတော့ လေ ထဲမှာ…။ ခရီးအတူသွားရင်း လေယာဉ်ပျံပေါ်မှာ ညစာစားရတာကို ပြောတာပါ။

တခါကတော့ နှစ်သစ်ကူးညတညမှာ နယ်စပ်မြို့လေးတမြို့ရဲ့ ဟိုတယ် အခန်းလေးထဲမှာ ဖယောင်းတိုင်မီးလေး နဲ့ အတူထမင်းစား ဖူးသေးတယ်။ အဲဒီတုန်းက တာချီလိတ်မှာ ညနေ ၆နာရီထိပဲ မီးပေးတယ် ထင်တာပဲ။ ဟိုတယ်အခန်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်း၊ ထမင်းစားရင်း ဟိုဖက်ကမ်းက မီးထိန်ထိန် ကို နှစ်ယောက်သား ငေးကြည့်မိခဲ့လို့ အမှတ်တရ ဖြစ်ခဲ့တာ။ အဲဒီအချိန်လေးကလဲ ကိုယ်မမေ့နိုင်တဲ့ အချိန်လေး တခုပဲ။

ကိုယ်က သူ့ကို ပြောခဲ့တယ်။ ကိုယ်တို့အတူ ရင်ဆိုင်ရမဲ့ ဘ၀တွေ နိမ့်ပါစေ၊ မြင့်ပါစေ၊ ဘ၀ရဲ့ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် စိတ်ထဲမှာ သန့်သန့်ရှင်းရှင်း ကြည်ကြည်နူးနူး နဲ့သာ ထမင်းလက်ဆုံစားချင်ပါတယ် လို့..။

ကိုယ်က ကဗျာဆရာ၊ ကျောင်းဆရာမ ရဲ့ သမီးပါ၊ မွေးကတည်းက ဟင်းတွေ အလျှံပယ် ပေါများ တဲ့ ထမင်းဝိုင်းမျိုးနဲ့ အမြဲစားလာတာမဟုတ်လို့ ဘာနဲ့မဆို စားတတ်ပါတယ်၊ လိပ်ပြာသန့်သန့် ပျော်ပျော်ရွှင်ရွှင် နဲ့သာ ဖြစ်ပစေ၊ တနေ့ ထမင်း ၂ နပ် ပါပဲ လို့ သူ့ကို အားပေးဖူးပါတယ်။

အဲဒီတော့ သူက အသေအချာစဉ်းစားပြီး ပြန်ပြောပါတယ်။
“ထမင်း ၂ နပ်??? ….၊ က မယ် မထင်ပါဘူး” တဲ့။
သူပြောတာ ခပ်တိုးတိုးပါပဲ။ ဒါပေမဲ့ ကိုယ် အကျယ်ကြီး ကြားလိုက်ရတယ်။

အော်.. အကြောင်းသိကုန်ပြီကိုးလေ…။


မိုးချိုသင်း

Wednesday, November 18, 2009

ပြောပြချင်တဲ့ အကြောင်းတွေ..

နိုဝင်ဘာ ဆိုတာ တအုံနွေးနွေး ရင်ခုန်ဆွေး တဲ့ လ လို့ အဖေက ကဗျာစပ်ဖူးတယ်။ သူများတွေအတွက်တော့ မသိ၊ ကိုယ်တို့ မိသားစု အဖို့မှာတော့ နိုဝင်ဘာဆိုရင် ချမ်းချမ်း မှုန်မှုန်နဲ့ ဆွေးဆွေး ငိုင်ငိုင် ဖြစ်မိရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလထဲမှာ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေကို ခွဲခွာရတာမို့ပါ။

အဖေကလဲ နိုဝင်ဘာ အလွမ်းကဗျာတွေ အများကြီး ဖွဲ့ခဲ့တယ်။ နိုဝင်ဘာမှာ ကိုယ်တို့ အမေ ဆုံးတယ်။ အမေဆုံးတာ ၁၇ရက်၊ အဖေ့မွေးနေ့က ၁၉ရက်ဆိုတော့ တခုသော အဖေ့မွေးနေ့မှာ အမေ့ကို ဂူသွင်းသဂြိုဟ် ရတာမို့ပဲ။ နောက် ကိုယ့်မောင်လေးလဲ နိုဝင်ဘာထဲပဲ ဆုံးပြန်တယ်။

အမေ့အကြောင်း စဉ်းစားမိရင် အေးအေးချမ်းချမ်း အပြုံးတွေ၊ စပယ်ပွင့်လေးတွေ၊ သနပ်ခါးနံ့သင်းသင်းလေး အပြင် ကြောင်လေးတွေကိုပါ တွဲမြင်မိတတ်တယ်။ အမေ့ဆီက ကြောင်လေးတွေ ချစ်တတ်တဲ့ စိတ်ကို အမွေအဖြစ် ကိုယ်က ကျေကျေနပ်နပ်ကြီး ယူခဲ့ပါတယ်။ ကိုယ်တို့မောင်နှမတွေ အားလုံးလဲ တိရိစ္ဆာန်လေးတွေကို ချစ်ကြတယ်။

အမေရှိတုန်းက ညနေ အမေ ကျောင်းက ပြန်အလာ ညနေခင်း အချိန်တွေမှာ ကိုယ်က ကြောင်လေးတွေအကြောင်း ပြောနေတတ်တာ..။ ဒီနေ့မှာ အမေ့ကို သတိရလို့ ကိုယ်က လွမ်းတာတွေ ခဏထားပြီး စာလာဖတ်သူတွေကို ကြောင်လေးတွေအကြောင်း ပြောပြမယ် လို့ စဉ်းစားတာ..။ ကြောင်မချစ်သူများ ဖတ်နေတာကို ဒီတင် ရပ်ကြပါ။

ဒီ တိုင်းပြည်ကိုရောက်လာတော့ တခြားအိမ်က ကြောင်လေးတွေ ခြံထဲ လာမွေးနေတာ ကိုယ်တို့က ကျွေးမွေးထားရင်း အိမ်မှာ ကြောင်အုပ်မကြီး ဖြစ်နေတာ ရေးဖူးပါတယ်။ အဲဒီကလေးတွေက ခြံထဲမှာ နေကြ၊ စားတဲ့အချိန် လာကြနဲ့ အများစုက လူ အကိုင် မခံဘူး။ ချီလို့မရသေးဘူး။ အဝေးကနေ ကြည့် ချစ်နေရတာမျိုး။

ကြောင်လေးတွေ အိမ်မှာရှိတယ်ဆိုတော့ အိမ်လေးက အိမ်နဲ့တူပြီး သာသာယာယာ ရှိတယ် ထင်မိတာ..။ အဝေးက ကိုယ့်ရဲ့ တူမတွေကလဲ ကြောင်လေးတွေ မွေးထားတယ်ဆိုတော့ သဘောတွေကျလို့။ အဒေါ်တွေအားလုံးထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ မေးရင် ချိုချို့ ကိုသာ အချစ်ဆုံး တဲ့။ ကြောင်တွေကြောင့် မျက်နှာပွင့်နေတာလေ။

အိမ်ကို လာလည်တဲ့ မိတ်ဆွေများရဲ့ ကလေးတွေဆိုရင်လဲ ကိုယ်တို့အိမ် လာလည်ရမှာ ပျော်ကြတယ် ဆိုတယ်။ ကြောင်တွေကို အစာကျွေးလိုက်၊ လိုက်ဖမ်းလိုက်နဲ့ ဆော့ရတာကိုး။ ကိုယ့်ကိုလဲ ခေါ်တာ ကြောင်အန်တီ တဲ့ (အဲဒါတော့ မနိပ်သေးဘူး)။ တကယ်က ကြောင်လေးတွေရှိတဲ့ အိမ်က အန်တီ လို့ ဆိုလိုချင်ပုံပါ။ ကိုယ့်ဖာသာကိုယ် ဘာသာပြန်ယူ လိုက်ရတာပါ။ ကြောင်နေသော အန်တီ လို့ အဖြစ်မခံနိုင်လို့ပါ။

ဒီလိုနဲ့ ကြောင်လေးတွေ မွေးလာတာ အကိုင်မခံတော့ သားကြော ဖြတ်ဖို့ ဖမ်းမရ၊ ဖမ်းမရတော့ သားအုပ်က ပွားစီးလာ..။ ကိုယ်တို့နှစ်ယောက်လဲ ဒေ၀ါလီခံရမဲ့ အပေါက် ဖြစ်လာတော့ တိရိစ္ဆာန်ထိန်းသိမ်းရေးစခန်း ကို ပို့လိုက်ပါ တဲ့၊ မိတ်ဆွေများက အကြံပေးပါတယ်။ သားကြောဖြတ်ပြီးမှ ပြန်ခေါ်မွေးပေါ့ တဲ့။ ဒါနဲ့ စုံစမ်းကြည့်မယ် ဆိုပြီး ဖုန်းဆက်မိပါတယ်။

“ဟဲလို တိရိစ္ဆာန် ထိန်းသိမ်းရေး စခန်းကပါလားရှင်”
“ဟုတ်ပါတယ်၊ ဘာများ ကူညီရပါမလဲ”
“ကျမ အိမ်မှာ တခြားက ကြောင်လေးတွေ ရောက်လာနေပါတယ်။ အဲဒါ ကလေးတွေမွေးပြီး ပွားလာလို့ ဘယ်လိုလုပ်ရမလဲ”
“ဘယ်နှစ်ကောင်ပါလိမ့်..”
“၁၀ ကောင်လောက်ပါ”
“ခင်ဗျားက ဘယ်မြို့နယ်မှာ နေတာလဲ”
ကိုယ်လဲ ကြောင်လေးတွေ လာယူဖို့ အကောင်းမေးတယ် ထင်ပြီး ..
“ XXX မြို့မှာ နေတာပါ”
“အခုကိုပဲ ခင်ဗျားကို ဖမ်းပြီး အရေးယူလို့ ရနေပြီ။ ခင်ဗျားနေတဲ့ မြို့မှာ တအိမ်ထောင်ကို ၂ကောင်ပဲ မွေးခွင့်ရှိပါတယ်” (ဟိုက်.. ပလုတ်တုပ်၊ ငါ့ကို ဖမ်းမယ် ဆိုပါ့လား.. အမြန်ဖြေရှင်းမှ..)
“တကယ်က ကျမ မွေးထားတာ မဟုတ်ရပါဘူး။ သူများအိမ်က လာနေကြတာပါရှင်။ ကျမက ချစ်လို့ ကျွေးထားတာပါ”
“ခင်ဗျားကျွေးထားတာ ဘယ်နှစ်ရက် ရှိပြီလဲဗျ”
“၃လ လောက်ပဲ ရှိပါသေးတယ်ရှင်” (တကယ်က ၁၀ လ ကျော်ပါပြီ။ ဖမ်းမှာစိုးလို့ လျှော့ပြောလိုက်တာပါ)
“၂ပတ် ကျွေးထားတယ် ဆိုရင်ပဲ ကျနော်တို့က ခင်ဗျားပိုင် ကြောင် လို့ သတ်မှတ်ပါတယ်” တဲ့။

ဒါနဲ့ ကိုယ်လဲ ဘွာ ခတ်ပြီး ဖုန်းကို ကမန်းကတန်း ချလိုက်ရပါတယ်။ ထိုင်နေရင် အကောင်းသား၊ ဖုန်းဆက်မိမှ လက်ထိပ်စော်နံ သွားတယ်။

ဒီလိုနဲ့ ကိုယ်တို့ နှစ်ယောက်လဲ ကြောင်လေးတွေကို ဖမ်းပြီး သားကြောဖြတ်ဖို့ ကြိုးစားရပါတယ်။ ပထမဆုံး ရင်းနှီးနေတဲ့ သမီးဖြူ နဲ့ အိုဘားမားကို fix လုပ်ဖို့ ဆေးရုံ ပို့ရပါတယ်။ ဆေးရုံရောက်လို့ register လုပ်ဖို့ နံမည် စာရင်းသွင်းတော့ ဒုက္ခ ရောက်ပြန်ပါရော။

ကြောင် အဖြူလေး နံမည်ကို အရင်မေးတော့ သမီး လို့ ပြောလိုက်တာ ကိစ္စမရှိပေမဲ့ သားကြောလာဖြတ်တဲ့ နောက် ကြောင်မလေး နံမည်က အိုဘားမား ဆိုတော့ ခက်ကုန်ပြီ။ အမေရိကန် သမ္မတကြီး သားအိမ်ထုတ်သည် ဆိုပြီး သတင်းဖြစ်သွားလဲ မတတ်နိုင်တော့ဘူးလေ။ ဟို မျက်မှောင်ကြီး ကုတ်ပြီး ကြည့်နေတဲ့ ၀န်ထမ်းဟာ ဒီမိုကရက်လား မသိ။ ကိုယ့်မှာ အားနာပါးနာ လှမ်းလှမ်း ပြုံးပြရတာ အမော။

ဒါနဲ့ ကြောင်မလေး ၂ကောင် ကိစ္စ ပြီးသွားတော့ နောက်ကြောင်မလေးတကောင်က နှုတ်ခမ်းမှာ မှဲ့လေးနဲ့မို့ စပယ်တင် တဲ့။ စပယ်တင်က လုံးလုံး ဖမ်းလို့ မရတာမို့ သူ့ကို သားကြော ဖြတ်လို့ မရဘဲ ဒီအတိုင်းထားထားရတယ်။ အသက်က ၄လ ဆိုတော့ ငယ်ပါသေးတယ်ဆိုပြီး ကြည့်နေမိတာလဲ ပါတယ်။

စပယ်တင်လေးကို သမီးဖြူနဲ့ အိုဘားမားက လုံးဝ ကြည့်မရဘဲ ရန်လုပ်လို့ သူ့မှာ အနက်ရောင်ကြောင်ထီးကြီး ဖြစ်တဲ့ အကြီးကောင်နဲ့ပဲ အဖော်လုပ် နေရရှာတယ်။ အကြီးကောင်ကလဲ ကလေးချစ်တတ်ပုံရတယ်။ စပယ်တင်လေးကို လျှာလေးနဲ့ လျက်ပေး၊ နေပူထဲမှာ တူတူ နေဆာလှုံဆိုတော့ ကိုယ်တို့ကလဲ ညီမလေးကို ဂရုစိုက်နော် သားကြီး ဆိုပြီး ပြောနေရတာ။

တော်ကြာနေတော့ စပယ်တင်လေးက ကိုယ်ဝန်ကြီး တကားကား နဲ့ ဖြစ်လာပါလေရော။ အကြီးကောင်တို့များ ကလေးချစ်တတ်တာ တဆိတ် လွန်လွန်းတယ်။

အချိန်ကျတော့ စပယ်တင်က ကလေးပိစိလေး နှစ်ကောင် မွေးပြန်တယ်။ ၄လ ကျော်ကျော်သာ ရှိသေးတဲ့ ကြောင်ကလေးက မွေးမယ်ဆိုတော့ ကလေးက ကလေးမွေးသလို ဖြစ်နေတာမို့ ကိုယ်တို့က ရှင်မယ်တောင် မထင်ဘူး။ မွေးစက ကြောင်အသေးလေးတွေက လက်သန်းလောက်သာ အရွယ်ရှိတယ်။ ဒါပေမဲ့ စပယ်တင်လေးက သူ့ကလေးတွေကို ဂရုစိုက်လိုက်တာ။ သေချာ ဂရုစိုက်တော့ နှစ်ကောင်လုံး ရှင်ကြပြန်တယ်။

အဖြူနဲ့ အနက်ကြားလေးတွေ..။ ကိုယ်တို့လဲ ကြောင်အမေကြီး မရှိတုန်း တိတ်တိတ် ခိုးကြည့်တာ တကောင်က နှာခေါင်းမှာ အနက်စက်လေး ၂စက် နဲ့။ ဒါနဲ့ family name လဲပါအောင် ကိုယ်က မိုးစက် လို့ နံမည်ပေးလိုက်တယ်။ နောက်တကောင်က မေးစေ့တခုလုံး နက်နေတော့ ကာရန်လဲ လိုက်သွားအောင် မုတ်ဆိတ် လို့ နံမည်ပေးလိုက်တယ်။ မိုးစက် နဲ့ မုတ်ဆိတ် ပေါ့။ အဲဒီ မုတ်ဆိတ်လဲ ကြောင် အမ လေးပဲ။

အမေသာရှိရင် ကိုယ့်ကို ဘယ်လို ပြန်ပြောမယ် မသိ။
မိုးစက်တို့ မုတ်ဆိတ်တို့အဖွား ကို သနပ်ခါးပါးပါး နဲ့ ကြောင်လေးတွေကို ပေါင်ပေါ်တင်ရင်း စာဖတ်နေတာများ အိမ်မှာ မြင်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ စိတ်ကူးယဉ်မိပါသေးတယ်။

မိုးချိုသင်း

Monday, November 9, 2009

ကဗျာထဲက သားအဖ

တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လဲ အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။

တကယ်က အဖေက ကဗျာဆရာ ဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စ လို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လဲ ကဗျာတွေ အမျိုးမျိုး စပ်သေးတယ်။

အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် အဖေစပ်ခဲ့တဲ့ ကဗျာလေး တချို့ကို ဖော်ပြချင်မိတယ်။

ကိုယ့်မှာ မောင်လေးတယောက်ရှိခဲ့ဖူးတယ်။ အသက်က တနှစ်ကြီး တနှစ်ငယ်။ အဖေနဲ့ အမေက သားရှင်ပြုချင်တာမို့ သားယောကျာင်္းလေး စောင့်ရင်းနဲ့ သမီးမိန်းကလေးတွေချည်း မွေးလာတာ ၅ယောက်မြောက်ကျမှ ယောကျာင်္းလေး ရတယ်။ ကိုယ်နဲ့ အထက်အောက် မောင်နှမ ပေါ့။

တယောက်တည်းသော သားယောကျာင်္းလေးဆိုတော့ ချစ်လိုက်ကြတာ ဘာပြောကောင်းမလဲ။ သားမျက်နှာ တချက် အညိုမခံခဲ့ဘူး။ နောက်ပြီး သားကလဲ အဖေနဲ့ စရိုက် လုံးလုံး မတူဘူး။ အဖေ့လို ကဗျာစပ် နူးနူးညံ့ညံ့ မနေချင်ဘူး။ ဒေးဗစ်ချန်းကို ကြိုက်တယ်၊ ဘရုစ်စလီကို အထင်ကြီးတယ်၊ လက်တွေ့ကိုပဲ ပြောဗျာ၊ စိတ်ကူးမယဉ်ချင်ဘူး ဆိုတဲ့ လူမျိုး။

အဲဒီတော့ အစွန်းတဖက်စီမှာ ရပ်နေကြတဲ့ သားအဖအကြောင်း အဖေက ဒီလို ကဗျာစပ်ခဲ့တယ်။ ဖတ်ကြည့်ပါအုံး။

၁၆နှစ်သားနဲ့ စကားပြောခြင်း



သား…
ကျနော့်စကား
မမှားမှန်း သူသိတယ်။
သူ နားမထောင်ချင်ဘူး
ကျနော့်စကားဟာ
ခေတ်တရားနဲ့ မညီ
ပဝေဏီက ပေါရာဏစကားလို
နားမချိုစရာ ဖြစ်မိတယ်။
ခေတ်စကားနဲ့ ခေတ်တရားကိုပဲ
သူ နားထောင်မယ်။



သား..
ကျနော့်စကား
ပျားသကာလိုချိုပြီး
စေတနာပိုမှန်း သူသိတယ်။
ဒါပေမဲ့
သူ့နားမှာ မ၀င်ဘူး။
ကျနော့်စကားနဲ့ သူ့ နား
ခေတ်တွေ ခြားခဲ့ပြီ။
သူ့ခေတ် သူ့အကြောင်းနဲ့
ကျနော့်ခေတ် စကားဟောင်း
နားပြောင်းပြန် ဖြစ်နေတယ်။



သား…
ကျနော့်စကား
အဆင်တန်ဆာ များတယ် လို့ ထင်တယ်။
စကားတန်ဆာ နားတန်ဆာဆိုတာ
ခါးတမာပါပဲ။
မေတ္တာအပြုံးဆေးဟာ
ခေတ်နဲ့ကွာတဲ့ အရှုံးပေးမှုပါပဲ။
သား အရှုံးမပေးနိုင်ဘူး၊
နှလုံးမအေးနိုင်ဘူး။
အမုန်းသွေးကြွနေတယ်။
သားဟာ ဒေးဗစ်ချန်း
သားဟာ စူပါမင်း
သားဟာ ရမ္ဘုိ
သားဟာ….။



ယဉ်ကျေး ပျူငှာမှုတွေဟာ
အလိမ် အတု တွေပဲ။
စကားလုံး ၀ါကျတွေဟာ
ဟန်ဆောင်မှုတွေပဲ။
ဖေဖေတို့လူကြီးတွေဟာ
လိမ်တယ် ကောက်တယ်။
အခွင့်အရေး တမူးတပဲကို
ဘိန်းဖြူစွဲသလို စွဲနေတယ်။
သား လူကြီးတွေနဲ့ မနေချင်ဘူး။
သား သိုင်းသမားတွေနဲ့ နေမယ်။
တန်ခိုးရှင်တွေနဲ့ နေမယ်။
သူရဲကောင်းတွေနဲ့ နေမယ်။
သား စကားမပြောချင်ဘူး။
ဖေဖေဟာ သားကို ချစ်မှန်း သိပါတယ်။
သားကိုချစ်သလောက်
တရားကိုကော ချစ်ပါသလား။



အလို..ဗုဒ္ဓေါ
မလွယ်ကြောပါလား။ ။

တင်မိုး
၂၅-၃-၁၉၈၈

လူကြီးနဲ့ လူငယ်ရဲ့ မေတ္တာနဲ့ ယှဉ်တဲ့ ပဋိပက္ခ ကို ဒီကဗျာမှာ အထင်းသားတွေ့ရမှာပါ။ နောက် ကိုယ့်မောင်လေး အသက်လေးရလာတော့ လူကြီးဆန်ပြီး ရင့်ကျက်လာ၊ မေတ္တာရဲ့ တန်ဖိုးကို သိတတ်လာ၊ နောက်..တရပ်တကျေးမှာ ပင်လယ်ခရီးသွားပြီး အလုပ်လုပ်ရရှာတယ်။ အဲဒီအခါ မိဘအရိပ်ကို သူတမ်းတ ရှာတယ်။ သူ ပြန်လာချင်တယ်။ အဲဒီအခါ အဖေကလဲ သားကို ဒီလို ကဗျာလေးစပ်ပြီး ပို့ပေးခဲ့ပြန်ပါတယ်။

သားအတွက် အဖေ့အိမ်

ကိုယ့်အသွေးထဲက သား
ပင်လယ်ရပ်ခြားက သူ့စကားဟာ
ခွန်အားအဖြစ် နားထဲဝင်သွားတယ်။

စကားသံမှာ
ကာရန်တွေနဲ့ လှပြီး
ရသတွေနဲ့ ထုံမွှန်းနေတယ်။

ကိုယ့်မြေပေါ်မှာ ပြန်လည်ခြေချဖို့
မြေ ၁၀ လက်မခန့် လိုပေလိမ့်မယ်။

ဖခင်ရဲ့ ၅ပေ ၄လက်မခန့် ကိုယ်အလျား
တံတားအဖြစ် အသုံးဝင်ခဲ့ရင်
အဆင်သင့်ပါပဲ လူကလေးရဲ့..။

အဖေ့အိမ်တံခါး ပွင့်နေပြီ။

ခြေသံဖွဖွ၊ ရယ်သံလှလှနဲ့
တံတားပေါ်က လျှောက်ခဲ့ပါတော့။ ။

တင်မိုး
၉-၁၁-၉၅

အဖေက ဘယ်လောက်ပဲ တံတားခင်းပေးချင်ပေမဲ့ သားကတော့ သေမင်းခင်းပေးတဲ့ လမ်းကို ဖြောင့်ဖြောင့်ကြီး သွားနှင့်ခဲ့ပြီ။ ကိုယ့်မောင်လေး ဥာဏ်မိုး ၁၉၉၉ ခု နိုဝင်ဘာ ၁၀ရက်မှာ ပင်လယ်ရပ်ခြားမှာ တာဝန်ထမ်းဆောင်ရင်း ဆုံးရှာတယ်။ ဒီနေ့ဆို သူ ခွဲခွာသွားခဲ့တာ ၁၀နှစ် တင်းတင်း ပြည့်ခဲ့ပြီ။

သားကို ချစ်တဲ့ အဖေလဲ သား နောက် လိုက်သွားခဲ့ပြန်ပြီ။ ပထမဆုံး အမေ..၊ နောက် မောင်လေး..၊ နောက် အဖေ..။ သိပ်ချစ်ကြတဲ့ သူတို့ သားအမိ သားအဖတတွေ တနေရာရာမှာ ဆုံဆည်း ပျော်ရွှင်နေကြလိမ့်မယ် လို့ ကျန်ရစ်တဲ့ ကိုယ်တို့ညီအမတတွေ ယုံကြည်နေမိပါတယ်။

မိုးချိုသင်း

Thursday, November 5, 2009

ဝလုံးလေးနဲ့ စ တဲ့ ဘဝ

ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။

ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။

ဝလုံးလေးက စ ခဲ့တယ်

ဝလုံးလေးက စ ခဲ့တယ်။

ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်။

ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ။

ည ည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်။

ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်။

ကကြီး ခခွေး ငွေသူဌေး
စလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်။

ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး။

ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။ ။

တင်မိုး
၁၊ ၁၁၊ ၂၀၀၃

အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။
ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ။

မိုးချိုသင်း

Monday, October 26, 2009

မောင်သစ်ဆင်းမှ ကွမ်းစာ

ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

ချိုသင်းရေ..

နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ပါဘူး၊ သူ ဖုန်းမကိုင်ဘူး။

ဟုတ်ပါတယ်၊ သူဆုံးရတာ အရက်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်၊ အဲဒါကြောင့်ပဲ ငါ့မှာ အပြစ်ရှိသလို ခံစားရတာပါ၊ ဘာကြောင့်လည်းဆိုတော့ သူ အရက်စသောက်ဖြစ်အောင် ဖန်တီးသူတွေထဲမှာ ကိုယ်က ပထမဖြစ်ခဲ့တယ်လို့ ခံစားမိလို့ပါ။

နင်ရဲ့ ဘလော့ထဲမှာလည်း ဖတ်ရပါတယ်၊ အယ်ဒီတာတွေကို ခင်မင်အောင် လဘက်ရည်တိုက်၊ အရက်တိုက်ခဲ့ပြီးပေါင်းခဲ့တယ် လို့ သူပြောခဲ့တယ်ဆိုတာ။ တခြား အယ်ဒီတာတွေတော့ မပြောတတ် ပါဘူးဟယ်။ အဲဒီတုန်းက ( နီကိုရဲ စာရေးခါစက ) ဟန်သစ်အယ်ဒီတာ ကိုတင်ကိုအောင် ကပဲ အမြဲလိုလို ညနေပိုင်း ဒကာတော် ဖြစ်လေ့ရှိခဲ့ပါတယ်။ တခါတခါတော့ ကိုခင်ဇော် ( ဆရာချစ်ဦးညိုရဲ့ ညီ ) ပေါ့၊ အဲဒီတုန်းက နီကိုရဲ က အမြည်းစားသူများ စာရင်းမှာ ပါခဲ့တာပေါ့၊ သူအရက် မသောက်တတ်သေးဘူး ချိုသင်းရ။

မောင်သစ်ဆင်းကလည်း အဲဒီတုန်းက အိမ်ထောင်ကျခါစ ရန်ကုန်ရောက်လာပြီး ဟန်သစ်မှာ ဝင်ကူ နေတုန်းပေါ့၊ ဝင်ကူတယ်ဆိုတာကလည်း စာမူဖတ်ရုံ၊ ထိန်းရုံ၊ စာပေစိစစ်ရေးက လဘက်ရည်သောက် ဖိတ်ကြား (ခေါ်ငေါက်တယ်ဆိုတာ နင်သိပြီးသားပါ) တဲ့အခါ ကိုခင်ဇော်နဲ့အတူ ခန့်ခန့်ကြီး သွား ရောက်ပြီး သူတို့ ဒါနမြောက်အောင်ကူညီခဲ့တဲ့ အဆင့်ပဲရှိပါတယ်။

အဲသလို ကူညီနေရင်းနဲ့ တစ်နေ့တော့ တာမွေလမ်းကျယ် ၁၃၅ လမ်းက ဟန်သစ်မဂ္ဂဇင်းရဲ့ ဘူတ နေရာ မဂ္ဂဇင်းတိုက်ကို ပုဂ္ဂိုလ်ကလေး တစ်ယောက်ရောက်ရှိလို့ လာပါတယ်။ ( နေဦး- ဘူတနေရာ လို့ပြောရတာက မူလနေရာမဟုတ်လို့ပါ၊ အဲဒီတုန်းက ဟန်သစ်မဂ္ဂဇင်းရဲ့ မူလနေရာဟာ ဘားလမ်း မွတ်စလင်ဆေးရုံအောက်က လဘက်ရည်ဆိုင်ဘေး လှေကားထစ်တွေပါပဲ။ အဲဒီနေရာမှာပဲ ညနေပိုင်း အချိန်တွေမှာ စာပေးစာယူ၊ သတင်းပေးသတင်းယူ၊ သရုပ်ဖေါ်ပုံအပေးအယူ စတဲ့ မဂ္ဂဇင်းတို့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ကြရတာပေါ့၊ ဒါ ဟန်သစ် တစ်ခုတည်းမဟုတ်ပါဘူး။ အဲဒီတုန်းက မဂ္ဂဇင်း အတော်များများ ဒီလိုပဲလုပ်ကိုင်ခဲ့ကြရတာ မဟုတ်လား၊ အခုတော့ မပြောတတ်ဘူးပေါ့ဟယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီဘားလမ်းက လှေကားထစ်တွေကို အခုထိ လွမ်းသေးသဟဲ့ ၊ တို့ နောက်ဆုံးလုပ်ခဲ့တဲ့ သင့်ဘဝမဂ္ဂဇင်းတောင် အဲဒီနေရာနဲ့ လွတ်ကင်းခဲ့တာမှ မဟုတ်ဘဲ နော )

အင်း --မြန်မာပြည်အကြောင်းပြောရင် ကွင်းစ ကွင်းပိတ်တွေနဲ့ ပြောနေရတော့တာပဲနော်။ ထားပါတော့ဟယ်၊ ဟန်သစ်ရဲ့ ဘူတနေရာကို အဲဒီသူငယ်ကလေး ရောက်လာတာက သူ့စာမူတွေ အခြေအနေ လာရောက်စုံစမ်းတာပါ။ ကလောင်နာမည်က နီကိုရဲ ဆိုပဲ၊ ငါလည်းတစ်ခါမှ မကြားဖူးဘူး။ ဟန်သစ်ကို သူပို့ခဲ့တဲ့ စာမူတွေက ငါ ဟန်သစ်ကို မရောက်ခင်ကတည်းက ဆိုပါတော့၊ ဒါနဲ့ စာမူအဟောင်းပုံတွေ ရှာဖွေ လှန်လှောကြည့်ပြန်တော့လည်း သူ့စာမူတွေကို မတွေ့မိဘူးဟဲ့ ၊ (အမှန်က ကိုတင်အောင်ဆီ ရောက်နေပြီး မသုံးသေးတာ) ဒါနဲ့ သူ့ကို နီးရာ လဘက်ရည်ဆိုင် ခေါ် သွားပြီး ( အချိန်တွေကလည်း များနေသဗျ - အဲဒီတုန်းက) အာရိုက်ရတာပေါ့လေ၊ အာရိုက်ရင်း နဲ့ ဒီသူငယ်ဟာ အတော်လေး အာဝဇွန်းကောင်းတယ်ဆိုတာ သတိပြုမိတယ်၊ နိစ္စဓူဝအကြောင်း လေးတွေကိုပဲ သူက စိတ်ဝင်စားအောင်ပြောတတ်တယ်၊

အဲဒီနောက် ကိုတင်ကိုအောင်နဲ့ စကားစပ်မိရင်း နီကိုရဲ အကြောင်းမေးမိတော့ သူက နီကိုရဲ ရဲ့ စာမူ တွေ ထုတ်ပြပါတယ်၊ ငါ ဖတ်ကြည့်တော့ ပြောပလောက်အောင်မဟုတ်ပါ (ငါ့အထင်)။ ဟိုတုန်းက ရှုမဝ (ချစ်ကိုယ်တွေ့) တွေမျိုးလောက်ပဲ ခံစားရပါတယ်၊ ဒါပေမဲ့ သူ့မှာရှိတဲ့ အရည်အချင်းက ဒိထက် မကဘူးလို့ ငါထင်နေတယ်။

တစ်နေ့တော့ ငါတို့ နိစ္စဓူဝ အပန်းဖြေရာ တာမွေက စခန်းတစ်နေရာကို သူ လိုက်လာပါတယ်။ လိုက်လာပေမဲ့ အရက်မသောက်ပါ။ ( မသောက်တတ်ရှာသေးပါ သို့မဟုတ် မသောက်သေးပါ။ ရှိသမျှ အမြည်းတွေ သူတစ်ယောက်တည်း ကုန်အောင်စားတဲ့အခါ ကိုတင်ကိုအောင်က ပြုံးပါတယ်။ ကိုခင်ဇော်က မျက်လုံးပြူးပါတယ်၊ ငါ ကတော့ ဒီသူငယ်ကို ဘယ်လိုရင့်ကျက်အောင်လုပ်ရပါ့မလဲ စဉ်းစားပါတယ် ( အမှန်က ကိုယ့်ထက် သူက လောကရေးရာမှာ ရင့်ကျက်နေပြီးမှန်း မသိခဲ့ပါ။ သူက အဲဒီအချိန်မှာ သင်္ကန်းကျွန်း မဝတ မှာ ရုံးစာရေးလုပ်နေပြီး တောင်ဒဂုံ အပြောင်းအရွှေ့ ကဏ္ဍရဲ့ ထိတ်လန့် သည်းဖို နဲ့ရင်နင့်စရာ အတွေ့အကြုံတွေကို လက်တွေ့မျက်တွေ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ အဲဒါတွေချရေးထားဖို့ ပြောခဲ့ဖူးပါ တယ်၊ ရေးမယ်လို့ သူကတိပြုခဲ့ပါတယ်၊ ရေးပြီးမပြီးမသိပါ) အဲသလို သူလိုက်လိုက်လာရင်း နဲ့ သူက သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးကို ဖွင့်ဖွင့်ပြတတ်ပါတယ်၊ ထွန်းအိန္ဒြာဗို့ အရင် ရှစ်နှစ် လောက် စောပြီး ထုတ်လွှင့်ခဲ့တာပါ၊ သူရဲ့ ‘ရည်းစားဦး’ စီးရီး က အတော်ရယ်ရတယ်၊ သူက လွမ်းလွမ်းဆွေးဆွေးပြောနေလေလေ ရယ်ရလေလေပါပဲ။ တချို့ဟာတွေကတော့ သူ့ကိုယ်ပိုင် ထိုးဇာတ်တွေဖြစ်ဖို့များပါတယ်။

ချိုသင်းရေ.. ဒီနေရာမှာတစ်ခုဖြတ်ပြောပါရစေ၊ နိုင်ငံတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ ဆိုင်ရာ စစ်ဆေးချက်တွေအပြင် အက်ဆေး အနည်းဆုံးတစ်ပုဒ် တင်ရတယ်မဟုတ်လား။ အက်ဆေး သို့မဟုတ် ငါတို့သိကြတဲ့ စာစီစာကုံး ဆိုတာ သူတို့ဆီမှာကတော့ ရေးသူရဲ့ ပင်ကိုယ်ဗီဇအရည်အသွးကို အကဲဖြတ်တဲ့ အရာပါပဲ။ ဥပမာ ချိုသင်းက ကြောင်မလေးမိဖြူ အကြောင်း အက်ဆေးရေးတယ် ဆိုပါစို့၊ မြန်မာ ကျောင်းသားကျောင်းသူအများစု ရေးရိုးထုံးစံအရ ဆိုရင်တော့ - ကျမတွင် ကြောင်မလေး တစ်ကောင်ရှိပါသည်၊ သူ့အမည်မှာ မိဖြူဖြစ်ပါသည်၊ မိဖြူသည် ငါးကြော်ကို အလွန်ကြိုက်ပါသည်၊ ထို့ပြင် သူသည် ကြွက်ခုတ်ခြင်းဖြင့် ကျမတို့ မိသားစုကို ကူညီပါသည်၊ ကျမသည် မိဖြူကို အလွန် ချစ်ပါသည် --- စသည်ဖြင့် ရေးလေ့ရေးထ ရှိကြတယ် မဟုတ်လား၊ ဒီလိုအက်ဆေးဆိုတာတွေမျိုးမှာ ရေးသူရဲ့ ပုံရိပ်၊ ရေးသူရဲ့ ရှုထောင့်၊ ရေးသူရဲ့  အမြင်တွေကို မတွေ့ရသလောက်ပါ။

ဒါပေမဲ့ နိုင်ငံတကာ မှာကတော့ အက်ဆေးဆိုတာ ရေးသူကို ရှာဖွေကြည့်ရှုတာဖြစ်ပါတယ်။ ကြောင်မလေးမိဖြူအကြောင်း ရေးတယ်ဆိုရင် မိဖြူအကြောင်းထက် ရေးသူအကြောင်းကို ပိုပြီး စိတ်ဝင်စားတာပါ၊ ချိုသင်းရေးတဲ့ ကြောင်မလေးမိဖြူအကြောင်းကတဆင့် ချိုသင်းကို ကြည့်တာပါ၊ ချိုသင်းရဲ့ ရေးပုံရေးနည်း၊ တွေးထောင့်၊ မြင်ထောင့် က အစ စကားလုံး အသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ တင်ပြပုံတွေကနေ ချိုသင်းရဲ့အဆင့်ကို လေ့လာ အကဲဖြတ်တာ ဖြစ်ပါတယ်။

ကိုယ်တို့စခန်းချတဲ့နေရာတွေကို ( ဒီလိုအသုံးအနှုန်းတွေအပေါ် နောက်လူငယ်များ အထင် မကြီးကြစေလိုပါ။ အလကားဟာတွေပါ လူငယ်တို့..။ မင်းတို့ရှေ့က လူတချို့ရဲ့ အမှားတွေပါ။ ဒီကနေ့ လူငယ်တွေ အထင်ကြီးလိမ့်မယ်ရယ်လို့လည်း မယူဆပါ ) နီကိုရဲ လိုက်ပါလာတတ်တဲ့အခါ သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးတွေ ဖွင့်ဖွင်ပြတဲ့အခါ သူ့ရဲ့ စီးရီးတွေထဲကနေ သူ့ကို လှမ်းလှမ်းမြင်ရလေ့ရှိပါတယ်။

တစ်နေ့တော့ အိပ်တန်း ပြန်ရောက်ကျတဲ့ ညတညမှာ ကိုတင်ကိုအောင်က ငါ့ကိုမေးတယ်၊ နီကိုရဲ ကို ဘယ်လိုမြင်သလဲပေါ့၊ တောက်မဲ့မီးခဲ တရဲရဲပါပဲ လို့ပဲ ချက်ချင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆရာက စာရေးတဲ့နေရာမှာသာမက တခြားနေရာတွေမှာပါ ရဲနေတော့တာကိုး။ ပထမ အရက် နည်းနည်းပါးပါး လိုက်သောက်လာတယ်၊ ကိုယ်တို့က မသောက်တတ်ဘဲနဲ့ လိုက်သောက်နေစရာ မလိုကြောင်း တားမြစ်ခဲ့ကြပေမဲ့ အရက်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ဒီစကား အရာမထင်ခဲ့ပါ၊ နောက်ဆုံးမတော့ သူ့ကို တယောက်တည်း အရက်သောက်နည်းတောင် ငါက သူ့ကိုသင်ပေးမိခဲ့သဟဲ့ ချိုသင်းရဲ့..။

ရေးဖေါ်ရေးဖက်ချင်းအနေနဲ့ရော အယ်ဒီတာ ( ဒီဝေါဟာရ နဲ့ ငါနဲ့ ထိုက်တန်တယ်လို့ကို အခုထိ မထင်မိပါ) တစ်ယောက်အနေနဲ့ပါ နီကိုရဲ ကို ငါအများကြီး မျှော်လင့်ခဲ့ဖူးပါတယ်။ အနုပညာမှာ ဟာသရသ ဟာ သိပ်ခက်တယ် မဟုတ်လား၊ ဟာသစာရေးဆရာဆိုတာ တခေတ်တယောက် ပေါ်ပေါက်ဖို့ မလွယ်ပါ၊ အဲဒီထဲမှာမှ ခေတ်စနစ်ရဲ့ အခြေအနေကို သရော်လှောင်ပြောင်တတ်ဖို့က ပိုခက်ပါတယ်၊ အခက်ဆုံးကတော့ လူ့ရဲ့စရိုက်တွေ၊ သဘော သဘာဝတွေကို သရော်လှောင်ပြောင်နိုင်တဲ့ ဟာသအရေးအသားဟာ အခက်ခဲဆုံးပါ၊ နီကိုရဲ ကို အဲသလောက်အထိ မျှော်လင့်ခဲ့ဖူးပါတယ်၊ ဒါကိုလည်း သူ သဘောပေါက်တယ် ထင်ပါတယ်၊ သူ့ရဲ့နောက်ပိုင်းအရေးအသားတွေမှာ အဲဒီဘက်ကို တိမ်းညွတ် လာသလားပဲ။

နီကိုရဲအတွက် နင့်ရဲ့လွမ်းစာ၊ ဆရာမ မေငြိမ်းရဲ့ လွမ်းစာတွေ ဖတ်ရပါတယ်။ နင်တို့နဲ့အတူ ကြေကွဲရပါတယ်။ ငါကတော့ လွမ်းစာတွေ မရေးချင်ဘူးဟယ်။ တမ်းစာ တွေပဲ ရေးချင်ပါတယ်။ သွားလေသူ ဆရာ့ဆရာတွေရဲ့ အရည်အသွေးတွေ၊ တန်ဖိုးတွေကို စနစ်တကျ ဖေါ်ကျူးတဲ့ တမ်းစာမျိုးတွေပေါ့။ ဒါပေမဲ့ အဲသလို တမ်းစာ မျိုး ပီပီပြင်ပြင် ရေးနိုင်လောက်အောင်ကလည်း ကိုယ့်မှာ ဝမ်းစာ က မရှိဘူးဟဲ့၊ ဒီတော့ နင့်ဆီကိုပဲ နီကိုရဲ နဲ့ ပတ်သက်ပြီး ကွမ်းစာ ရေးလိုက်ရပါတယ်။ ကွမ်းစာ ဆိုတဲ့အတိုင်း ကွမ်းဝါးပြီးပြောတာ ဆိုတော့ ဗလုံးဗထွေးပေါ့ ဟယ်။ ငါလည်း အခုတော့ ကွမ်းဝါးနေပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ကွမ်းက ဈေးကြီး သဟဲ့။

သိပ်မကြာခင်မှာ ကာတွန်းအော်ပီကျယ်၊ ဝင်းအောင်၊ ဇော်မောင်၊ စောမင်းဝေ၊ စိုးသော်တာ တို့အတွက် လွမ်းစာတွေ မရေးပါရစေနဲ့လို့ ဆုတောင်းရမှာပဲ။

ဘာပဲဖြစ်ဖြစ် မြန်မာဟာသစာပေမှာ နီကိုရဲဟာ အချိန်တိုတောင်းသော်ငြားလည်း တစုံတရာသော မှတ်တိုင်တခုကိုတော့ စိုက်နိုင်ခဲ့တယ်လို့ ငါတော့ထင်တာပဲ။ ခက်ခဲလှတဲ့ ဟာသအနုပညာကို ရေးဖွဲ့ခဲ့ကြတဲ့ မြန်မာဟာသစာရေးဆရာကြီးတွေကို ပူဇော်ချင်ပါတယ်။

မြန်မာမှာ ပူဇော်ခြင်း (၃)မျိုးရှိပါတယ်။ ဝေယျာဝစဏနဲ့ပူဇော်တာ၊ ဆုတောင်းပူဇော်တာ၊ အလုပ်နဲ့ ပူဇော် တာတဲ့၊ ငါတော့ မြန်မာဟာသစာပေကို လေ့လာခြင်းဆိုတဲ့ အလုပ်နဲ့ ပူဇော်ချင်ပါတယ်။

ဒါပေမဲ့ ချိုသင်းရေ.. ဟာသကိုခံစားတဲ့အခါ အူနှိပ်နေရအောင် ရယ်မောရတတ်ပေမဲ့ ဟာသကို လေ့လာတဲ့အခါမတော့ မရယ်ရတော့ဘူးဟဲ့၊ ဒီတော့ အရယ်သန်လှတဲ့ ချိုသင်းကြိုက်မှာ မဟုတ်တဲ့အတွက် ငါလည်း မပူဇော်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတာဝန်ကို ကိုအော်ပီကျယ်က ဆက်လက် တာဝန်ယူမယ်လို့ လွန်ခဲ့တဲ့ ၁ဝ နှစ်က တာမွေအဝိုင်းမှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒီတော့ နီကိုရဲ ရဲ့ ဦးခေါင်း (အဲ ယောင်လို့) ဂမ္ဘီရ လက်ချောင်းတွေကို ကိုအော်ပီကျယ် ဆီကိုသာ လွှဲလိုက်ပါတော့ ချိုသင်း နဲ့ ဆရာမမေငြိမ်းတို့ရေ..။


မောင်သစ်ဆင်း

Saturday, October 24, 2009

နီကိုရဲရေ..

နီကိုရဲရေ..
နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။
ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။

ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။

ဟိုးအရင်က နင်နဲ့ စ သိခဲ့တဲ့ ၁၉၉၀ ကျော် နေ့တွေကို သတိရသွားတယ်။ နင့်ကို စာပေလောကထဲမှာ တွေ့တွေ့ဖူးနေတာ ကြာပြီ။ မိန်းကလေးတွေကြားထဲ စကားပြော၊ ခင်မင်နေလို့ သိနေတာ။ ဒါပေမဲ့ နင်က အဲဒီတုန်းက ဟာသတွေ မရေးသေးဘူး။ အတည်ပေါက်ကြီးတွေ ရေးနေတာ။ တနေ့ ဟန်သစ်မှာ နီကိုရဲ ရဲ့ အခန်းဆက်ဝတ္ထုတွေ ရီရလွန်းလို့ ငါ့ဆရာ ဆရာမောင်သစ်ဆင်းကို နီကိုရဲဆိုတာ ဘယ်သူလဲ လို့ မေးမိတယ်။ ဆရာက ငါ့ကို “နင်သူ့ကို သိပါတယ်” တဲ့။ ဘားလမ်း လက်ဖက်ရည်ဆိုင်မှာ၊ လေထန်ကုန်းမှာ အမြဲတွေ့နေတဲ့ တယောက်ဟာလေ တဲ့။ ငါက နင့်ကို လူနဲ့ နံမည်နဲ့ မတွဲမိဘူး။

တနေ့တော့ ဘားလမ်းမှာ နင့်ကို တွေ့တယ်။ ထုံးစံအတိုင်း လူကောင်သေးသေးမှာ အကျီ င်္ကြီးက အကြီးကြီး၊ ဖရိုဖရဲ။ လွယ်အိတ်အကြီးကြီးကိုလဲ ထုံးထားသေးတယ်။ ပုဆိုးက တိုတိုနဲ့။ ငါနဲ့ နင်နဲ့ စကားပြော နှုတ်ဆက်နေတော့ ဆရာက ငါ့ကို “အဲဒါ နီကိုရဲ ပဲလေ” တဲ့။ ငါ့မှာ အံ့သြလိုက်တာ၊ “နင်က နီကိုရဲ ဟုတ်လား၊ နင်က နီကိုရဲ ဆိုတာ တကယ်ပဲလား” ငါ အဲဒီလို ပြောပြောပြီး ရီတော့ နင်က “အေးလေ၊ ငါ နီကိုရဲ လေ၊ နင်နဲ့သိနေတာပဲ ဒီလောက်ကြာပြီ၊ နင်က ငါ့နံမည် မသိဘူးလား” တဲ့။ ငါ့မှာ ရီလိုက်ရတာ။ ပြီးတော့ ပြောခဲ့တယ်။ “နင့် ဟာသ ၀တ္ထုတွေ ငါ သိပ်ကြိုက်တယ်”လို့။ နင်ပြုံးနေတာ အကြာကြီး။

အဲဒီတုန်းက နင်က ဟာသလိုင်းဖက် ရေးဖြစ်သွားရတဲ့ တရားခံကို ငါ့ကို ပြောပြတယ်လေ။ အဲဒီတုန်းက နင်က နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့၊ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။) အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း ပြန်ပြောရရင်) အရက်တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရီရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။

အဲဒီ အယ်ဒီတာမင်းများဟာ နင့်ရဲ့ အားသာချက်ကို တကယ်ပဲ ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ငါတို့ နင့်စာတွေကြောင့် ပျော်ရွှင်ရယ်မောနိုင်ခဲ့တာပေါ့။ အဲဒီအတွက် ကျေးဇူးပဲ သူငယ်ချင်း။

နောက်တော့ နင့်ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ၊ နင် ဇာတ်ညွှန်းတွေ ရေးတာ၊ နင် အိမ်ထောင်ကျတာတွေကို ငါ အဝေးကနေပဲ ကြားတယ်။ ငါတို့ အခင်မင် အရင်းနှီးဆုံးတွေ မဟုတ်ခဲ့ပေမဲ့ ငါ နင့်ကို မမေ့နိုင်ပါဘူး။ အထူးသဖြင့် ဒန့်ဒလွန်သီးတွေ တွေ့ရင် ဒန့်ဒလွန်သီးလို နင့်လက်ချောင်းညိုပုတ်ပုတ်တွေကို ငါ သတိရမိတယ်။ လူက လူဖလံလေး၊ လက်က ဒန့်ဒလွန်သီးလက်လို ဖောင်းကား ညိုပုပ်နေတာ ဘာဖြစ်လို့လဲ လို့ တအံ့တသြ ငါ မေးမိတော့ ငါ့ နှလုံး မကောင်းဘူးဟ တဲ့။ နင်က ပေါ့ပေါ့ပဲ ပြောပြလိုက်တာ။ ငါ့စိတ်ထဲ စိတ်မကောင်းလိုက်တာ။

အခု ဘာကြောင့် ဆုံးမှန်း ငါ မသိရသေးပေမဲ့ အခုလောက် မြန်လိမ့်မယ် လို့ မထင်မိဘူးဟာ။ ဒီစာကို ငါ သတင်းဖတ်ပြီးပြီးချင်း ရေးလိုက်တာပါ။ စိတ်မကောင်းဘူး ဆိုတာကလွဲရင် ဘာပြောရမယ်မှန်း မသိတော့လို့ပါ။ ငါ အခုကြားတဲ့သတင်း မှားပါစေ၊ ထုံးစံလိုပဲ အလွဲတွေ ကြုံနေကျ နင့်မှာ သေမင်းနဲ့လဲ လွဲပါစေလို့ ငါ ဆုတောင်းမိပါတယ် သူငယ်ချင်းရယ်။

မိုးချိုသင်း

Monday, September 28, 2009

သီချင်းလေး ညည်းရင်းနဲ့..

ဒီတခါတော့ ကဗျာဆရာ ကိုဆောင်းယွန်းလ က tag တာပါ။ အားရင် ဘာသီချင်းလေးတွေ ညည်းတတ်သလဲ တဲ့။ ကိုယ်လဲ က ချင်နေတဲ့သူကို ဆိုင်းထည့်ပေးလိုက်သလို ဖြစ်သွားပြီး ရေးမှာပေါ့ လို့ ကဗျာဆရာကို သွားပြောလိုက်တယ်။

တကယ်က ဂီတဆိုတာ လူကို အဖမ်းစားနိုင်ဆုံး အနုပညာပါ။ ဂီတကို ကိုယ်တို့ တမိသားစုလုံး ၀ါသနာကြီးတယ်။ အဖေ့ဖက်က အဖိုးက ရွာမှာ မြို့မတီးဝိုင်းရဲ့ တီးဝိုင်းခေါင်းဆောင် တဲ့။ ဘင်ဂျိုတလက် နဲ့ အဖော်တသိုက်နဲ့ နေတတ်တယ်။ အမေ့ဖက်က အဖိုးကျတော့ ဓာတ်ပြားတိုက် ထောင်တယ်။ သီချင်းရေးဆရာတွေ အဆိုတော်တွေနဲ့ အိမ်မှာ သူ့သမီးတွေကို ပတ္တလား တီး၊ တယောထိုးပြီး ဂီတနဲ့သာ နေစေသတဲ့။ အဲဒီအဖိုးနှစ်ယောက်စလုံး ကိုယ်မမွေးခင် ကွယ်လွန်ကြတယ်။

အဖေ့အလှည့်ကျတော့ ကဗျာဆရာ..။ ဒါပေမဲ့ အဖေ့ကို ကဗျာဆရာအပြင် ဘာများ ဖြစ်ချင်သေးလဲလို့ ကိုယ် စကားစပ်လို့ မေးဖူးတယ်။ အဖေက Orchestra တီးဝိုင်းခေါင်းဆောင် ဖြစ်ချင်တာတဲ့။ ဆရာ မြို့မငြိမ်းတို့လို သီချင်းလေးတွေ ဖန်တီးပြီး ဘ၀မှာ အပြစ်ကင်းကင်း ပျော်ရွှင်ကျေနပ် ရောင့်ရဲချင်တာ လို့ ဆိုတယ်။

အဲဒီလို အဖေပြောတော့ ကိုယ့်မှာ အံ့သြလိုက်တာ။ ကိုယ်က တည့်တည့်ကြီး သွားချင်သူမို့
“ဒါဖြင့် အဖေက ကဗျာဆရာ မလုပ်ချင်ဘူးပေါ့ ” လို့ မေးမိတာ။
“အော် သမီးရယ်၊ ကဗျာဆရာလဲ ကောင်းပါတယ်၊ ဒါပေမဲ့ အဖေ အားကျပြီး ဖြစ်ချင်တာက သံစုံတီးဝိုင်းကြီး ဖန်တီးချင်တာ..”
“ဒါဖြင့် အဖေက တသက်လုံး လုပ်နေတဲ့ ကျောင်းဆရာကျတော့ရော..” ဆိုတော့
“အော် သမီးရယ်၊ ကျောင်းဆရာလဲ ကောင်းပါတယ်၊ ဒါပေမဲ့ အဖေက သီချင်းတွေနဲ့ ဆိုရင် ပိုပျော်တာပေါ့”
“ဒါဖြင့် အဖေက.. ”
“တော်ပါတော့ သမီးရယ်၊ ငါ့သမီးနှယ် နားဝေးလိုက်တာ၊ အဖေက သီချင်းရေးဆရာ ဖြစ်ချင်တာ၊ ဒါပဲ။”
အဲဒီလို အဖေက ပြောပြီး ဟိုဖက်လှည့် ဆေးလိပ်ဖွာပြီး နေတော့တာပါ။ ကိုယ့်မေးခွန်းတွေက သူ့အိပ်မက်တွေကို ဖီလင်အောက် စေတယ် ထင်ပါရဲ့လေ။

ဒီလို တမိသားစုလုံး သီချင်း ၀ါသနာပါတဲ့အကြောင်း ကိုယ်ရေးလဲ ရေးဖူးတယ်။ ဒါပေမဲ့ တယောက်မှတော့ အဆိုတော်၊ တေးရေးဆရာ မဖြစ်သွားဘူး။ ဒါပေမဲ့ သီချင်းတွေနဲ့ ဘလက်အင်ဝှိုက် ဖြစ်နေတဲ့ ကိုယ်တို့ဘ၀တွေကို ဆေးရောင်ခြယ်ခဲ့ကြပါတယ်။

ငယ်ငယ်လေးကတည်းက အမေချော့သိပ်တဲ့ သီချင်းလေးတွေကနေ အခု ရော့ခ်၊ ပေါ့ပ်၊ ဟစ်ပ်ဟော့၊ ပန့်ခ် တွေအထိ နားထောင်ဖူးခဲ့တာလဲ အများကြီး။ ကြိုက်တာတွေလဲ အများကြီး။ ဆိုဖို့ကျတော့ ကိုယ့်အသံက သီချင်းကို စပ်ယူရတဲ့ အသံမျိုးလို့ မိတ်ဆွေတယောက်က ပြောဖူးတယ်။ "မောင်းသံ.. တခုသောမောင်းသံ..၊ ကြားလေတိုင်းမှာဖြင့်.. ထွက်ကိုပဲ ထွက်ပြေးချင်တယ်လေ...၊ နားနှစ်ဖက်ကို စုံကာပိတ်လို့.. အတင်းရုန်းကန်.." ဆိုပဲ။

ဒီလောက် အားပေးကြမှတော့ ကိုယ်လဲ တိုးတိုးပဲ ညည်းမိပါတယ်။ မိုက် တွေဘာတွေ သီချင်းဆိုဖို့ လာပေးရင် မျက်နှာတွေ သွေးဆုတ်ဖြူရော်လာတဲ့အထိ ကိုယ့်အကြောင်း ကိုယ်သိပြီး အတင်းပဲ ငြင်းဆန်မိတတ်တယ်။ မောင်းသံ လို့ ဆိုထားတာ မဟုတ်လား။ သူငယ်ချင်းတွေ ဆုံလို့ ပျော်ရွှင်နေချိန်မှာ မောင်းတော့ ထ မတီးသင့်ဘူးလို့ သိနေပါတယ်။

သီချင်းဆိုရာမှာလဲ ဒီအဆိုတော်ကတော့ ဆရာကြီးပဲ၊ သူဆိုတဲ့သီချင်းတွေ ကြိုက်မှ နားထောင်ရည်ဝနေတဲ့ ဆရာကြီးလိုလို ဖြစ်တာမို့ သူ့သီချင်းပဲ ရွေးကြိုက်မယ် ဆိုတာမျိုးလဲ စိတ်ထဲမှာ မရှိ။ ဒီအဆိုတော်ကတော့ ကလေးကွက်တွေပါကွာ၊ ကလေးတွေ ဆိုတာပါ ဆိုတဲ့ အထင်သေးစိတ်မျိုးလဲ မရှိ။ နားထဲဝင်လို့ ကိုယ်နှစ်သက်မိရင် အကုန်ကြိုက်ပဲ။

သီချင်းကတော့ အများကြီး ရတာမျိုးလဲ မဟုတ်၊ တချို့လဲ တပိုဒ်တလေလောက်သာ အထပ်ထပ် စိတ်ထဲက ကျော့နေတာမျိုး။ သူများဆိုရင်လဲ သဘောကျမိ နှစ်သက်မိတာ။ ကိုယ်တို့နှစ်ယောက် ချစ်စ က သူက သူငယ်ချင်းတွေနဲ့အတူ ကိုင်ဇာရဲ့ သီချင်းတပုဒ် ဆိုနေတာ ကြားရတော့ တိုးပြီး ချစ်ခင် မြတ်နိုးစိတ် ဖြစ်သွားခဲ့တာ မှတ်မိသေးတယ်။

“အို..မေ၊ ကိုကိုလေ ရင်ထဲမှာ တဖက်သတ်အချစ်နဲ့ ချစ်ကာနေ..” လို့ သူဆိုတော့ တအုပ်လုံး ဆိုနေကြတာ ဖြစ်ပေမဲ့ သူ့အသံပဲ ကွက်ပြီး ကြားနေမိသလိုလို ဖြစ်မိသေး။ ကွက်ကြားမိုး ဆိုတာ ဒါမျိုးနေမယ်။ ကလေးမနှယ်.. မိုက်ချင်တော့ ပြောပါတယ်။

ဒါနဲ့ နောင်တချိန် အတူနေရင် စုမဲ့ဆောင်းမဲ့ စာရင်းထဲမှာ နံပါတ် (၁)က ကြောင်အ၀ါလေး၊ နံပါတ် (၂) က ဂစ်တာ ဆိုပြီး ချရေးခဲ့ကြတယ်။ စားတာသောက်တာ နေတာထိုင်တာ ဘယ်လိုနေမယ် ဦးဆုံး မစဉ်းစားဘဲ တယောက်က ကြောင် ပိုက်၊ တယောက်က ဂစ်တာ ပိုက်ပြီး နေရအုံးမလိုပါ။ ကံလေး မျက်နှာသာပေးလို့ အိမ်နဲ့ယာနဲ့ နေရတယ် မှတ်ပါတယ်။

နောက် လက်ထပ်ပြီး စင်ကာပူ လိုက်သွားတော့ အဲဒီမှာ ကိုယ် မပျော်ဘူး။ အဲဒီတော့ ကိုယ်တို့ကားထဲမှာ အမြဲဖွင့်တဲ့ သီချင်းက စိုင်းထီးဆိုင်ရဲ့ ချယ်ရီကိုသာ ပန်ပါကွယ် တဲ့။ လိမ်မာပါတယ် ဗမာမလေး စိတ်မညိုနဲ့ ဆိုတဲ့ သီချင်းပေါ့။ အဲဒီတုန်းက ကြောင်လဲ မွေးခွင့် မကြုံတာမို့ သူက ဒီလို ဖြည့်ဆိုပါတယ်။

“အိမ်ပေါ်မှာလေ ရွှေဝါကြောင်လေး မရှိပေမဲ့၊ ဖြူစင်စေတနာ အရိုးခံ စိတ်ရင်း ရှိပါတယ်” တဲ့။ တကယ်က တောင်ပေါ်မှာလေ တော်ဝင် ပိတောက်ပန်း မရှိပေမဲ့…ဆိုပြီး ဖြစ်ရမှာ..။ ပိတောက်ကနေ ကြောင် ဖြစ်သွားတာကတော့ သူ တရားခံပါပဲ။ ဆရာ စိုင်းခမ်းလိတ် ပြဿနာ လာရှာရင်တော့ သူ့ကို လက်ညှိုးထိုး ပြလိုက်မှာပဲ။

နောက်တော့ အလုပ်တွေ အတူလုပ်ကြတယ်။ အဲဒီတော့ ရုံးအလုပ်က မနက် ၈နာရီကနေ ညနေ ၅နာရီ ထိ ဖြစ်လေတော့ “အခါခါပေါ့၊ မာလာကျော့ လာပါတော့ မျှော်ပေါ့ ငါးနာရီ ထိုးပြီ၊ ထိုးပြီ” လို့ ဆိုမိတယ်။ ၅နာရီထိုးရင် ရုံးဆင်းရမှာကိုး။ မျှော်မိ၊ ပျော်မိတာပေါ့။ ငါ ရေဒီယိုသီချင်းလဲ ရသားပဲလို့ ကိုယ့်ဖာသာကိုယ် အားပေးမိသေးတာ။

အလုပ်ထဲမှာလဲ စီးပွားရေးဆိုတဲ့သဘောတွေကို ကိုယ်က နားမလည်လေတော့ အထက်ကလာတဲ့ အခု ဆီထမင်း၊ အခု စာကလေးကြော် ဆိုတာတွေကို တော်တော် စိတ်ညစ်ဖူးတာပါ။ အဲဒီအခါမှာလဲ သီချင်းလေး ညည်းရင်း စိတ်ဖြေရတာပါ။ “ပြောင်းလဲတတ်တဲ့ မင်းကို၊ တို့ ဘယ်လိုမှ နားမလည်..” ဆိုတဲ့ ထူးအိမ်သင်သီချင်းလေးပေါ့။

အခု ဆိုင်လေး လုပ်ပြန်တော့ အိမ်အပြန်ညတွေမှာ နှစ်ယောက်သား သီချင်း အတူ ညည်းမိတဲ့ ညတွေ ရှိသေးတယ်။ ငယ်ကျွမ်းဆွေပါ။ သူက အရင်ဆိုတယ်။
“ဒီလို ညများ တရာ မက တွေ့ပါရစေ” (ဒီတော့ ကိုယ်ကလဲ ဘယ်အညံ့ခံလိမ့်မလဲ)
“ဒီလို ညပေါင်း ထောင်သောင်းမက တွေ့ပါရစေ” တဲ့။ ဘာလို့လဲဆိုတော့ ဒီည ဈေးရောင်းကောင်းတယ်လေ။

ကြိုက်ပြီး လူကြားအောင် မညည်းရဲတဲ့ သီချင်းလဲ ကိုယ့်မှာ ရှိသေးတယ်။ မောင်သစ်မင်းရဲ့ သီချင်းလေး တပုဒ်ပါ။
“ငါ့ရဲ့ ကြမ်းတမ်း ရုပ်သွင်ပြင်နဲ့ အပေါ်ယံအရေပြားအောက်မှာ
အလွန်သိမ်မွေ့တဲ့ ကြည်လင်နုနယ်
နှလုံးသားတခုဟာ တည်ရှိခဲ့..”
စသဖြင့်ပေါ့။
အဲဒီသီချင်းက ကြိုက်တော့ ကြိုက်သား။ ဒါပေမဲ့ ငါ့ရဲ့ ကြမ်းတမ်း ရုပ်သွင်ပြင်လို့ ဆိုထားတော့ ကိုယ်နဲ့ မလိုက်ဘူး ထင်မိလို့ ညည်းဖြစ်ရင်တောင် လူမကြားအောင် ခပ်တိုးတိုးပဲ။

သီချင်းဆိုတာကလဲ ရင်ထဲက ခံစားချက်နဲ့ တိုက်ဆိုင်တော့ ပိုဆိုလို့ ကောင်းတယ် ထင်မိတာပဲ။ ဒါပေမဲ့ စိတ်ထဲမှာ ဘာရယ်မဟုတ်ဘဲ ဆိုဖြစ် ညည်းဖြစ်တဲ့ သီချင်းတွေကလဲ အများသား။ တခါကတော့ ကိုယ်သိပ်ကြိုက်တဲ့ မမီရဲ့ ရုပ်ရှင်သီချင်းတပုဒ်ဖြစ်တဲ့
“ပျော်စရာဆိုတာ တို့ရဲ့ကမ္ဘာမှာ မရှိပါ၊ ရင်နာစရာတွေ တွေးမိပြန်ရင် ရင်ထဲမှာ..” လို့ ဆိုမိတော့ ကိုယ့်ဆရာက သူ့ကိုလဲ ပျော်အောင် ထားရက်နဲ့ တဲ့။ အင်းးး သိပ် အထ အန မကောက်တာ ကောင်းပါလိမ့်မယ်လေ။

အမြဲလိုလို ညည်းမိတဲ့ နောက်သီချင်းတပုဒ်က ခိုင်ထူးရဲ့ နောက်ဆုံး အိပ်မက်။ ကိုနေ၀င်း စပ်ခဲ့တာ။
“ရဲရင့်…ကျောက်ခက်တို့ ပြိုနေဆဲ..
ငါ့အတွက် အဖြေ ရှာနေတုန်းပေါ့
တချို့တွေ နေနိုင်လွန်းတယ်…”
အခုတလော အဲဒီသီချင်းလေးကို အမြဲ ညည်းမိတာ။ “တယောက်တည်း ငါ ငိုနေတုန်း၊ ရင်ထဲမှာ မကျေနပ်ဆုံး ………..” လို့ ဆိုလိုက်ရမှ ရင်ထဲမှာ နည်းနည်း သက်သာသွားသလိုပါ။

နောက်တပုဒ်ကတော့ ကိုယ့်မှာ ၀မ်းနည်းစရာ အကြောင်းတိုက်ဆိုင်တိုင်း ဆွတ်ပျံ့နာကြင်စွာ ဆိုမိတဲ့ သီချင်းလေး။ ဆိုမိတိုင်း ဒဏ်ရာများနဲ့ လူ ဟာ ကိုယ်ကိုယ်တိုင်ပဲ လို့ ထင်မိတယ်။ ဦးလှိုင် ရေးခဲ့တာပါ။
“ကြယ်တွေ ကြွေတုန်းလား…
မသိချင် ရင်ထဲ အားတင်းထား
ကြွေတဲ့ ကြယ်တွေရဲ့ အကြောင်းကို ရင်မှာ မခံစားရဲ..”


ဒီလိုနဲ့ ဆိုဖြစ်တဲ့ သီချင်းတွေအကြောင်း ရေးရရင်တော့ အများကြီးပေါ့။ သီချင်းတွေကတော့ ဆိုဖြစ် ညည်းဖြစ်နေမှာပါပဲ။
ရင်ထဲက ခံစားချက်တွေ နီလိုက် ပြာလိုက် ၀ါလိုက် ရောင်စုံပြေးနေသလို သီချင်းတွေနဲ့ ဘ၀ အထုအထောင်းတွေကို ခုသာ ခံသာအောင် လုပ်နေရသလိုပေါ့။
တခုတော့ သေချာပါတယ်။
သီချင်းတွေကြောင့် လောကကြီး ပိုလှသွားတယ် ဆိုတာ..။


မိုးချိုသင်း

Thursday, September 24, 2009

မေတ္တာပို့

ဒီနေ့ ဆရာတော်တပါး ကိုယ်တို့ဆိုင်လေးကို လာအားပေးခဲ့ပါတယ်။

ဆရာတော်က ၂၀၀ရခု စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြသော ရဟန်းရှင် သံဃာတော် အရှင်သူမြတ်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်မောင်းမှာ ဆေးမင် တင်ခဲ့ပါတယ်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ တဲ့။




Thursday, September 17, 2009

မူချို ဂရာဆီယာ

ဆိုင်လေးအကြောင်းရေးမိတော့ ဘလော့မိတ်ဆွေမောင်နှမများက ဆုတောင်းပေးကြတာ ကျေးဇူးတင်မိ ပါတယ်။ အားပေးတဲ့ စာတလုံးချင်းစီတိုင်းကို စိတ်လဲ ကြည်နူး၊ အားလဲ ရှိပါတယ်။ တကယ်တော့ ကိုယ်က ပျော်စရာသာ မှတ်မိချင်သူမို့ ကိုယ်သတိရတာလေး ရေးနေမိတာ။ ဘ၀ဆိုတာ ပျော်စရာချည်းပဲတော့ ဘယ်ဟုတ်ပါ့မလဲ။

ကြုံလာတဲ့ အခက်အခဲကို ပျော်ပျော်ရွှင်ရွှင် ခေါင်းအေးအေးနဲ့ ဖြတ်သန်းနိုင်ဖို့သာ ကြိုးစားမိတာပါ။ စိတ်ဓာတ်ကျတဲ့အခါ ရှိရင်လည်း ကိုယ်ချစ်ခင်သူတွေနဲ့ ခွဲခွာရတဲ့ သေခြင်းတရားထက်တော့ ဘယ်အရာမှ မဆိုးဝါးလောက်ဘူး လို့ ဖြေရတယ်။ ကိုယ်ကျန်းမာနေရင် စိတ်ကျန်းမာဖို့ ကိုယ်ကိုယ်တိုင်ပဲ အဓိက တတ်နိုင်ပါလိမ့်မယ်လေ။

ဒါကြောင့်မို့ ဘလော့မှာ စာလာဖတ်ပြီး မမြင်ဖူးပေမဲ့ ခင်မင်ရင်းနှီးနေတဲ့ မိတ်ဆွေတွေကို ကိုယ်ဆိုင်ဖွင့်စ ကြုံရတာလေးတွေ ပြောပြချင်သေးတယ်။ သူငယ်ချင်းအချင်းချင်း ရင်ဖွင့်တယ် ဆိုပါတော့။

ကိုယ်တို့ ဆိုင်လေးက သိပ်မကြီးတဲ့ Mall တခုရဲ့ အောက်ထပ်ကလေးမှာပါ။ ပထမဆုံး ဒီ Mall ကို ရောက်ဖူးတာ ဒီဆိုင်လေး ဖွင့်မယ် ဆိုတော့မှပေါ့။ မိတ်ဆွေတယောက် ပြောလို့ အိမ်နဲ့လဲ သိပ်မဝေးတာမို့ သဘောကျမိတာ။ ဒါနဲ့ စ ငှားဖို့ မန်နေဂျာနဲ့ စကားပြောရတယ်။

မန်နေဂျာကြီးကလဲ သဘောကောင်းလိုက်တာ။ ကိုယ်တို့ရဲ့ ပထမဆုံး စ လုပ်တဲ့ ဆိုင်လေး ဆိုတာလဲ သိရော ဆိုင်အတွက် လိုအပ်တဲ့ မှန်ဘီရိုတွေ၊ ရှိုးကေ့စ်တွေ အကုန်ပေးတယ်။ သူပိုင်တာတွေ ငှားတာ တဲ့။ ဘာမှ ပိုက်ဆံ ပေးစရာ မလိုဘူး တဲ့။ ဒါနဲ့ ကိုယ်တို့လဲ “မူချို ဂရာဆီယာ” လို့ ပြောရတာပေါ့။ အဲဒီအဓိပ္ပါယ်က ကျေးဇူး အများကြီး တင်ပါတယ် တဲ့။

ဆိုင်ခန်းလေးက ပေ ၂၀ ပတ်လည်လေး။ ဆိုင်ရှေ့မှာ မက္ကဆီကန် တိုင်းရင်းဆေးလေးတွေ ရောင်းတဲ့ဆိုင် ရှိတယ်။ ချောချောဖြောင့်ဖြောင့် မက္ကဆီကန်မလေး ဈေးရောင်းတယ်။ သူ့နံမည်က လက်တီ တဲ့။ ဘေးက အခန်းက အားကစားအ၀တ်တွေ ရောင်းတဲ့ဆိုင်။ သူ့ပိုင်ရှင်က မျက်နှာသိပ်ချိုတဲ့ အမျိုးသမီး။ Sandra တဲ့။ သူက အမြဲတမ်း ပြုံးနေတာ။

ညာဖက်က အခန်းကတော့ ကွန်ပျူတာတွေ ပြင်တဲ့ လူ။ သူ့နံမည်တော့ ခက်လို့ မမှတ်မိဘူး။ သူက မနက်ဆိုရင် ကိုယ်တို့ဆိုင်ဖက် ကူးလာပြီး radio control helicopter တွေကို လာလာ ငေးတတ်သူ။ သူ့စိတ်ကူးထဲမှာ ဟယ်လီကော်ပတာတွေ ပျံနေတာ မြင်နေပုံပဲ။ မနက်ဆို တချက်တော့ ပြေးလာကြည့်တာပဲ။ ငါ တနေ့ ၀ယ်ကို ၀ယ်မယ်လို့ ပြန်သွားတိုင်း ပြောတတ်သေးတယ်။

ရှေ့ဖက်က နောက်တဆိုင်ကတော့ ကိုးရီးယား အမျိုးသမီး Kim ဖွင့်တဲ့ အ၀တ်ဆိုင်ပဲ။ ကိုးရီးယား မင်းသမီးလေးတွေ လှသလောက် သူကတော့ မတူခြားနားသူပါလေ..။ ဒါပေမဲ့ သဘော သိပ်ကောင်းတယ်။ ဈေးဝယ်လစ်တိုင်း ကိုယ်တို့ခြမ်းဘက် ပြေးလာပြီး ဒီလိုနေရာချ၊ ဒီနေရာမှာ ဒါကိုထား နဲ့ လာပြောပြတတ်တယ်။ သူခြေဟန်လက်ဟန်နဲ့ ပြောပုံက ဒါရိုက်တာကြီးတယောက် ပြောနေသလိုမျိုး။ ကိုယ်တို့လဲ ပါးစပ်ဟ ပြီး ငေးနေရတာ။

သူသင်ပေးချင်လဲ သင်ပေးချင်စရာပါ။ ကိုယ်တို့ ဆိုင်လေးမှာ tattoo corner လေး ထားသလို၊ မိန်းကလေး အလှအပ ပစ္စည်းလေးတွေ၊ လူကြီးကစားတဲ့ remote control ကား၊ ဟယ်လီကော်ပတာလေးတွေ ရောင်းသေးတာ။ ပြင်ဆင်ပုံကလဲ နှစ်ယောက်သား စိတ်ကူးတည့်ရာ လုပ်ကြတာ ရီမုဒ် ကွန်ထရိုး မော်တော်ကားတွေက အပေါ်မှာ ပျံလို့၊ ဟယ်လီကော်ပတာတွေက အောက်မှာ ၀ပ်လို့။ ဟ တလွဲတွေတော့ ဖြစ်ကုန်ပြီလို့ ပြောပြီး ရီရသေးတယ်။

ပစ္စည်းဝယ်တော့လဲ ကိုယ့်ဆရာက ကိုယ်ဝယ်တုန်း ဘေးက အကြံပေးပါတယ်။ “ဒါတွေ မ၀ယ်နဲ့ ချိုသင်း၊ ဘယ်သူမှ မကြိုက်ဘူး၊ ဟိုဟာမျိုးတွေ ၀ယ်..” စသဖြင့်ပေါ့။ တကယ်ကျတော့ သူမ၀ယ်ခိုင်းတာတွေချည်း ရောင်းရတာ။ သူ့များ လုံးလုံးပုံမိရင် အခက်။ ဖက်ရှင် မျက်စိ ရှိတယ် ဆိုရမှာပေါ့လေ။

ဒါပေမဲ့ ကိုယ်က သူရွေးချယ်တာတွေ သိပ်မစွံတဲ့အကြောင်း လူထူထူမှာ မပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလဲ ကိုယ့်ကို ရွေးထားတာဆိုတော့ကာ ကိုယ်လဲ မစွံတာကြီး ဖြစ်နေအုံးမယ် ဆိုပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းသလို ဖြစ်မှာစိုးလို့။ ဒါမျိုးက အသံတိတ်နေတာ ကောင်းလိမ့်မယ်။

သူကတော့ ကိုယ့်ကို ပြောပါတယ်။ ချိုသင်းက အမြဲပြုံးနေလို့ အားကိုးပြီး ဆိုင်ဖွင့်ဖို့ စဉ်းစားတာနော် တဲ့။ သူ့လိုသာဆိုရင် မပြုံးတတ်ဘူး ဆိုပဲ။ ဒါနဲ့ ကိုယ်လဲ အားတက်ပြီး ဈေးဝယ်လာတိုင်း ကိုယ်ကချည်း ပြုံးပြုံး ပြုံးပြုံး နဲ့ စကားသွားပြောတာပါ။ ပြောပုံကိုလဲ ကြည့်ပါ။ ကောင်လေးတယောက် ဈေးလာဝယ်တော့…

“ကိုယ့်မိန်းကလေးကို လော့ကက်လေး လက်ဆောင်ပေးချင်တယ်။ မင်းသာဆိုရင် ဘယ်လိုမျိုး လော့ကက်လေး ကြိုက်မလဲ၊ ကိုယ့်ကို ရွေးပေးမလား”
“ရတယ်လေ၊ ဒါမျိုးလေးဆို ရှင့်မိန်းကလေး ကြိုက်မှာပဲ”
(ကိုယ်ရွေးပေးလိုက်တာ အသဲပုံ လော့ကက်လေးပါ။ အသဲတော့ အသဲ၊ ဒါပေမဲ့ ခရမ်းရောင် အသဲ။ အသဲက လတ်ဆတ်ပြီး နီနေသင့်တာ၊ ကိုယ်က အသဲပုတ်ကြီး ရွေးသလို ဖြစ်နေပါပေါ့၊ ကောင်လေးလဲ ခေါင်းကို တွင်တွင် ကုတ်တယ်။)

ဒီတခါတော့ အဖွားအရွယ် မိန်းမကြီးတယောက် လာဝယ်ပြန်တယ်။
“ဒီဆိုင်ဖွင့်တာ မကြာသေးဘူး ထင်တယ်။ ငါကြိုက်တာလေးတွေ ရှိတယ်။ ဒီဆွဲကြိုးလေး နှစ်ကုံးစလုံး ထုတ်ပြပါအုံး။”
ကိုယ်ကလဲ ပြုံးပြီး ဆွဲကြိုးလေးတွေ ထုတ်၊ သူ့ကို မှန်ရှေ့မှာ ဆင်ပေးလိုက်တယ်။
“လှတယ်နော်။ ဒါပေမဲ့ ဒီဆွဲကြိုးလေးက ပိုပြီ ဖန်စီ ဖြစ်တယ်” (သူသိပ်ကြိုက်နေတဲ့ ဆွဲကြိုးလေးကို ပြပြီး ပြောတာ)
“ဟုတ်တယ်၊ အဲဒါက လူငယ်တွေနဲ့ ပိုလိုက်တယ်”
(ကိုယ်ပြောတဲ့သဘောက ငယ်တဲ့သူတွေနဲ့ လိုက်တယ်ဆိုတော့ အဖွားက အသက်ကြီးပြီ၊ ဒါမျိုးတွေ ဆွဲမနေနဲ့တော့ လို့ ပြောသလို ဖြစ်နေပြန်ရော..၊ အင်း ဒုက္ခ ဒုက္ခ)

ကိုယ်လဲ ကြိုးစားပြီး သင်ယူနေတာပါပဲ။ ရောင်းတဲ့နေရာမှာ မနိပ်တောင် ၀ယ်တဲ့နေရာမှာတော့ ဟန်ကျချင်ပါသေးတယ်။ တခါကတော့ ဒီလက်ကောက်လေးတွေ လှလိုက်တာဆိုပြီး ၀ယ်လာတာ ဆိုင်ရောက်တော့ ဖွင့်ကြည့်မှ နားကပ်တွေ ဖြစ်နေလို့ မျက်လုံးကလယ်ကလယ် ဖြစ်ရသေးတယ်။ ဘယ်သူက လှည်းဘီးလောက်ဟာကြီးကို နားဆွဲလို့ ထင်မှာတုန်း။ ခေတ်ကလေးတွေများ တယ်နားလေး ချင်သကိုး။

ဆိုင်တွေမှာလဲ သီချင်းလေးတွေ ဖွင့်ကြသေးတယ်။ ကိုယ်လဲ သူဖွင့် ကိုယ်ဖွင့်ပေါ့ ဆိုပြီး DVD သေးသေးလေး တခု သယ်သွားတယ်။ ဘေးဆိုင်တွေ နားဝင်ပီယံ ဖြစ်မဖြစ်တော့ မသိဘူး၊ ကိုယ်ကတော့ ပျော်ပျော်ရွှင်ရွှင် ဆိုတော့တာပါ။ မြန်မာသီချင်းတွေမို့ပါ။

မြန်မာသီချင်းတွေမှာလဲ ခေတ်ပေါ်ဟော့ရှော့၊ ဟစ်ပ်ဟော့ လေးတွေ ဖွင့်တာ မဟုတ်ပါဘူး။ Radio Alive ဆိုတဲ့ ရေဒီယို သီချင်းလေးတွေ ဖွင့်တာပါ။ “သူမလာတာ သုံးလေးငါးရက် ကြာပြီရှင်” တို့ဘာတို့ပေါ့။ ဈေးဝယ်ကို စောင်းဆိုတယ်လို့ မထင်ကြပါနဲ့လေ။ သူတို့လဲ နားမလည်ကြပါဘူး။ နောက် ကိုယ်ကြိုက်တဲ့ “အရပ်သုံးစကားမို့ ကဗျာမဆန်ပါတယ်….” လို့ ဆိုပစ်လိုက်တော့ ကဗျာဆန်တောင် ဘေးလူတွေက နားမလည်တော့ မျက်လုံးအပြူးသားပေါ့။ ဘာမှတော့ မပြောကြတော့ပါဘူး။

တခါတလေ DVD ဖွင့်ရင်း “ဆရာမ၊ သမီး ဗိုက်ထဲက အောင့်အောင့်နေတယ်” တို့ “အသင် ရုက္ခစိုးမင်း…..” ဘာညာ ကယ်ပါ စသဖြင့် ပညာပေးတွေ လာနေလို့ ပြေးပိတ်ရသေးတယ်။ ကိုယ့်ဟာနဲ့ကိုယ်တော့ အလုပ်တော်တော်ရှုပ်သား။

ဘာပဲဖြစ်ဖြစ် ကိုယ် ဒီဆိုင်လေးကို ချစ်ပါတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လုပ်နေမိတာမို့ မပြည့်စုံပေမဲ့လည်း အနည်းဆုံး စိတ်ချမ်းသာမှုလေးတော့ ရနေပါတယ်။ ကိုယ်လုပ်သမျှ ကိုယ်ကျေနပ်ရင် ဘ၀မှာ နေပျော်တယ်လို့ ထင်မိသေးတယ်။
ဒါကြောင့် ကိုယ့်မှတ်တမ်းလေးမှာ အမှတ်တရ ရေးခြစ်လိုက်ပါရဲ့။


မိုးချိုသင်း

Thursday, September 10, 2009

ဆိုင်ဖွင့်ခြင်း အနုပညာ

ကိုယ်တို့နှစ်ယောက် ဆိုင်လေးတဆိုင် ဖွင့်ဖို့ ကြိုးစားမိတယ်။

ဒီရက်ပိုင်းအတွင်းမှာ ၁၃-၄နှစ်ကြာအောင် လုပ်ခဲ့တဲ့ အလုပ်ကို စွန့်ခဲ့ပြီး ကိုယ်ပိုင် ဆိုင်သေးသေးလေးတခု လုပ်မလား စဉ်းစားတယ်။ စဉ်းစားတဲ့အချိန်ကလဲ တကယ့် အချိန်ကောင်း။ တကမ္ဘာလုံး စီးပွားပျက်ကပ် ဆိုက်နေချိန်။ ဆိုင်တွေပိတ်ပြီး ဈေးတွေ လျှော့နေချိန်။ အဲဒီအချိန်ကျမှ တရေးနိုးထပြီး ဆိုင်ဖွင့်မလို့တဲ့။

ဆိုင်ဖွင့်မယ်ဆိုတော့ အတွေ့အကြုံကလဲ အသစ်၊ လုပ်မှာကလဲ မအူမလည်၊ နောက်ပြီး ကိုယ့်ရေမြေမဟုတ်တဲ့ သူများ တိုင်းပြည်မှာဆိုတော့ ဆိုင်လုပ်ဖို့ အချက်အလက်တွေ အင်မတန် အားသာတယ်လို့ ထင်ပုံရတယ်။ ဟဲဗီးဝိတ်နဲ့ တက်ထိုးတဲ့ လူဖလံလေး လိုပဲ နှစ်ယောက်သား ရူးရူးမိုက်မိုက် ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ပထမဆုံး ဆိုင်နံမည်လေး ရွေးရတာပေါ့။ ကိုယ်က စာလေးဘာလေး နည်းနည်းရေးတော့ သူက ကိုယ့်ကို ကဗျာဆန်လောက်တယ် ဆိုပြီး ဆိုင် နံမည် ရွေးခိုင်းတာပါ။ ကိုယ်လဲ စိတ်ထဲရှိတာ အကုန် ရွတ်တော့တာ..။ ကိုယ့်ဂွင်တော့ ကျပြီ ဆိုပြီးတော့လေ။ “ဘားမား၊ ရန်ကုန်၊ ပုဂံ၊ ရွှေတိဂုံ” တဲ့။ fighting peacock ဆိုတာတောင် ပါလိုက်သေး။ “ဟ.. ဘာတွေ လျှောက်ပြောနေတာလဲ” ဆိုမှ အမြန်ရပ်လိုက်ရတယ်။ ကိုယ်လုပ်ပုံက ဘုရားဖူးကားလိုင်း နံမည်လိုလို၊ အဖွဲ့အစည်း နံမည်လိုလို ဖြစ်နေတာကိုး။

ခေါ်ရလွယ်တာပဲ ပေးပါ တဲ့ သူက။ ပေါ့ပေါ့ပါးပါးပဲ လုပ်ကြတာပေါ့ တဲ့။ ဒါနဲ့ စဉ်းစားပြန်ရော။ ခေါင်းကလဲ ဒါမျိုးဆို မထွက်ဘူး။ နောက်ဆုံး ကြံရာမရတဲ့အဆုံး သူကပဲ MOE Gift Shop လို့ လွယ်လွယ် ပေးလိုက်တယ်။ ကိုယ်က သိပ်မကြိုက်ချင်ဘူး။ လူရွှင်တော် နံမည်လိုလို ဖြစ်နေတယ်လို့ ၀င် ကောက်ချက်ချလိုက်သေးတယ်။ The Three Stooges ဇာတ်လမ်းတွဲတွေထဲက လူရွှင်တော်နံမည်က မိုး ဆိုတာကိုး။ ဒါပေမဲ့ သူကြိုက်တယ်ဆိုတော့ ရှိစေတော့။

ကိုယ်လုပ်မယ်ဆိုတော့ ကိုယ့်သူငယ်ချင်း အရင်းအချာကြီးများက သူ့ကို ၀ိုင်းအကြံပေး ကြသေးတာ။ ကိုယ့်ကို ကောင်တာရှေ့ မထွက်စေနဲ့ ဆိုပဲ။ ကိုယ်က မဆစ်ခင် လျှော့နေတာ၊ မွဲသွားမယ် ဘာမှတ်လဲ တဲ့။ ကိုယ့်မလဲ ကိုယ်လုပ်မဲ့ ဆိုင်လေးမှာတောင် နေရာ မရ ဖြစ်နေပါပြီ။ အခုတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပွိုင့်တက်အောင် ကြိုးစားပြီးတော့ လုပ်နေရတာပေါ့။ ဒီအလုပ်လေး မြဲအောင် လူရှေ့မှာဆို ပိုလုပ်ပြရတာပေါ့။

ဒီလိုနဲ့ မိန်းကလေးနဲ့ဆိုင်တဲ့ အလှအပ ပစ္စည်းလေးတွေ၊ လည်စည်းလေးတွေ၊ အီတလီဒီဇိုင်း Murano glass pendants လေးတွေ ရောင်းရော ဆိုပါတော့လေ။ ဈေးရောင်းလဲ ထွက်မဲ့ ပစ္စည်း၊ ရောင်းမထွက်လို့ ကျန်နေလဲ ကိုယ်ကြိုက်မဲ့ မစ္စည်းမျိုးပေါ့။ အဲဒီတော့ ပစ္စည်းတွေ စ ၀ယ်ရတယ်။ အခု ဘလော့မရေးဖြစ်တဲ့ နေ့တိုင်းမှာ ကိုယ်က ဈေးဝယ်သူကြီး လုပ်နေရတာပါ။ ကိုယ်ဈေးဝယ်ပုံကိုလဲ ကြည့်ပါ။

ဥပမာ ရောင်းသူက ၂ကျပ် ပြား ၂၀ နဲ့ ရောင်းတယ် ဆိုပါတော့၊ ကိုယ်က ၂ကျပ်ခွဲ နဲ့ မရဘူးလား ဆစ်မိလို့ ၂ကျပ်နဲ့ ပေးလိုက်တာ ရခဲ့သေးတယ်။ ဟန်ကိုကျလို့။ ကိုယ်က ဈေးဆစ်တဲ့သူ၊ ဟိုဖက်က အမျိုးသမီးက ဈေးပေးတဲ့သူ။ ဘေးနားက ကိုယ်တို့ယောကျာင်္းတွေက အံ့တွေသြလို့။ ဆစ်တဲ့လူကလဲ တလွဲ၊ ရောင်းတဲ့လူကလဲ တလွဲ။ ကိုယ်တို့ အဲဒီဆိုင်ကထွက်တော့ သူတို့ လင်မယားနှစ်ယောက် ရန်ဖြစ်ကျန်ခဲ့တယ်။

ဒီလိုပဲ ဈေးလျှောက်ပတ်ရင်း လက်သည်းပေါ်မှာ ပန်းပွင့်လေးတွေဖော်တာ သွားတွေ့တယ်။ အဲဒါ သိပ်ကောင်းတဲ့၊ လုပ်သင့်တဲ့ ဘီးဇီးနပ်စ်ပဲ လို့ အလင်းတချက် ပွင့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီက မိန်းကလေးတွေက ဒါမျိုး သိပ်လုပ်တာကိုး။ သူတို့လက်သည်းရှည်ပေါ်မှာ ပန်းပွင့်လေးတွေ ကိုယ်တွေ့ဖူးနေတာကိုး။

နောက်ပြီး ရောင်းသူက ပြောတာ အဲဒါ Nail Art တဲ့။ ကိုယ်က Art ဆိုတော့ ကိုယ်နဲ့ ဆိုင်တယ် ထင်မိတာ။ တကယ်တော့ သူလဲ ရောင်းချင်လို့ Art လုပ်လိုက်တာ နေမှာ။ ကိုယ်ကတော့ သဘောကျမိတာ အမှန်ပဲ။ ကိုယ်သာ အလှအပ မလုပ်တတ်တာ၊ သူများကို ပြင်ပေးလုပ်ပေးရရင် ကျေနပ်တဲ့ စိတ်အခံကလဲ ရှိတယ်။

ဒါနဲ့ လုပ်နည်း သင်ပေးမယ်ဆိုတော့ ကိုယ့်လက်ကို အစမ်းလုပ်ပြမယ်ဆိုပြီး လက်ပေးပါ လို့ တောင်းရော။ ကိုယ်လဲ ၀မ်းသာအားရ လက်ပေးလိုက်တာ အဲဒီလူလဲ လက်ကိုကြည့်ပြီး အင်မတန် အံ့သြသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လက်က ငုတ်စိ။ လက်သည်းလေးတွေက သေးသေးလေးတွေ။ လက်သည်း အရှည်မထားတတ်တဲ့အပြင် လက်သည်းကိုက်တတ်လေတော့ အကုန် ဆွဲကိုက်ထားတာလေ။

သူလဲ မျက်နှာတော့ တချက်ပျက်သွားသေးတယ်။ ငါ ဒီလက်သည်းသေးသေးလေးတွေပေါ်မှာ ဘယ်လို ပန်းဖော်ရပါ့မလဲ လို့ အကြံအိုက်သွားတာမျိုး။ ကိုယ်ကတော့ လက်ကို ဆန့်ပြီး ပြုံးပြုံးကြီး။ သူလဲ မထူးပါဘူးဆိုပြီး အားနာပုံနဲ့ ပန်းလေးတွေကို လက်သည်းပေါ်မှာ stamp နှိပ်လိုက်တယ်။ အိုးးးး လှလိုက်တာ မပြောပါနဲ့တော့။

ကိုယ်လဲ ဒီ service လုပ်မယ်လို့ တထိုင်တည်း ဆုံးဖြတ်လိုက်တယ်။ ဘယ်လောက် စိတ်ချမ်းသာလိုက်မလဲ။ လူတွေကို အလှဆင်ပေးရတဲ့ အလုပ်လေနော်။ ပစ္စည်းရောင်းတဲ့ ကိုလူချောကလဲ ပျော်လိုက်တာ။ သူ့ဘ၀မှာ လက်သည်းနီ မဆိုးတတ်တဲ့ မိန်းမတယောက်ကို လက်သည်းအလှဖော်တဲ့ set မျိုး ရောင်းရတော့မှာဆိုတော့ မကြံဖူး၊ မကြားဖူး ကိုး။ မင်းဟာ ကိုယ့်ရဲ့ နေခြည်လေးပါပဲ ဆိုလား ပြောသေးရဲ့။

ဒါနဲ့ နှစ်ယောက်သား ပစ္စည်းတွေ ၀ယ်လာပြီး အိမ်ရောက်တော့ စမ်းကြတာပေါ့။ ကိုယ့်အမျိုးသားရဲ့ အမေ မာမားကလဲ ကိုယ်ကျေနပ်အောင် စမ်းသာစမ်း သမီးရေ တဲ့၊ ပွဲမ၀င်ခင် အပြင်က ကျင်းပကြတာပေါ့ တဲ့။ ကိုယ့်ကို တွေ့တာနဲ့ သူ့လက်ကို စမ်းလို့ရအောင် လက်ဆယ်ချောင်းလုံး ဖြန့်ထားသေးတယ်။

သူငယ်ချင်းတွေလဲ ဘယ်နေရမလဲ။ ကိုယ့်ကိုမြင်တာနဲ့ လက်ထိုးပေးရတာပါ။ လုပ်ချင်တာလုပ်ပါ ဆိုတဲ့သဘော။ စိတ်ချမ်းသာရင် နားအေးတာပဲ ဆိုတာမျိုး။ ကိုယ့်အိမ်က ပြန်ရင် လက်မှာ ပန်းပွင့်တွေနဲ့ ပြန်ကြရတာပါ။ တချို့တွေလဲ အကွက်တွေနဲ့ပါ။ ဒါက Burberry ဒီဇိုင်း၊ ဈေးကြီးတယ် လို့ ကိုယ်က ပြောသေးတာပါ။

ဒီလိုနဲ့ ဆိုင်ဖွင့်ခါနီးလာတော့ အစမ်းသပ်ခံ သူငယ်ချင်းတွေက ကိုယ့်ကို တိုးတိုးတမျိုး၊ ပေါ်တင်တမျိုး နားချကြတယ်။ ဒီ Nail Art တော့ မလုပ်ရင် ကောင်းမယ် ထင်တယ် တို့….၊ နောက်ထပ် လေ့ကျင့်ပြီး ကျွမ်းမှ လုပ်ကြတာပေါ့ တို့..၊ လုပ်ပေးတဲ့သူက ရှယ် လှ နေမှ ဖြစ်မှာ တို့ …၊ တခြားပစ္စည်းတွေပဲ ရောင်းကြည့်တာပေါ့ တို့…။ တယောက်ကတော့ ပြောသေးတယ်။ “အမ၊ ကျမကို ပြန်ရောင်း” တဲ့။ တခါတည်း မြန်မာပြည် ပို့ပစ်လိုက်မယ် ဆိုပဲ။ (ကိုယ်နဲ့ သာ၍ ဝေးရာဆီကိုသာ.. ဖြစ်မှာပေါ့လေ)

ကိုယ့်အမျိုးသားကတော့ တဘာသာပါ။ သူလဲ service လုပ်ရတာ ၀ါသနာပါပုံပဲ။ သူကတော့ tattoo လုပ်မှာတဲ့။ temporary airbrush tattoo ဆိုပဲ။ အစစ်မဟုတ်တော့ မနာဘူး တဲ့။ ဆေးလေးနဲ့ မှုတ်၊ အရောင်ခြယ်ရတာ အနုပညာ တဲ့။ ဒီတခါလဲ လာပြန်ပြီ အနုပညာ..။

ဒီလိုဆိုတော့လဲ ကိုယ်က သဘောကျမိပြန်ပြီ။ ဒီတခါ အစမ်းသပ်ခံသူကတော့ ကိုယ် ပထမဆုံးပဲ။ နှင်းဆီပန်းလေး လက်မောင်းမှာ ထိုးလိုက်၊ ရေနဂါးလေး ခြေထောက်မှာ ထိုးလိုက် နဲ့။ ဆိုင်ဖွင့်တော့လဲ tattoo လာထိုးတဲ့သူတွေကို ကိုယ့် လက်မောင်းက အရုပ်ကို ပြရ၊ ခြေထောက်ကို ထိုးပြရတာ အမော။ ပြီးရင်တော့ ကောင်တာနောက် ပြန်သွားထိုင် ပေါ့။

ကောင်မလေးငယ်ငယ်လေးတွေ ထိုးကြတာ ပိုများသလိုပဲ။ အဲဒီ တက်တူးက ၇ရက်ကနေ ၁၀ရက်ထိ ခံတယ်။ ဆေးမှုတ်တာလဲ၂မိနစ်လောက်ပဲ ကြာတယ်။ ဖျက်ချင်ရင်လဲ လွယ်လွယ်လေး ဆိုတော့ လူငယ်တွေကြားမှာ ခေတ်စားတယ် ပြောရမှာပေါ့။ ကလေးကအစ လူကြီးအဆုံး အပျော်ထိုးကြတာပဲ။

တသက်လုံးမှ tattoo ဆိုတာနဲ့ လုံးလုံး မပတ်သက်တဲ့ ကိုယ်တို့မိတ်ဆွေများလဲ အခုဆိုရင် လက်မောင်းမှာ tattoo တွေနဲ့။ ရုပ်ကတော့ ရုပ်တည်ကြီးတွေပဲ။ ဒါပေမဲ့ လက်မှာ ဆေးမင်ကြောင်နဲ့ဆိုတော့ ဂိုဏ်းစတားလိုလို ဖြစ်ကုန်ပြီ။ မတတ်နိုင်ဘူး။ ကိုယ်တို့နဲ့ ခင်မိမှတော့ လူလဲ လူမိုက်လိုလိုတွေ ဖြစ်ကုန်ပါပေါ့။

ပညာဆိုတာ တတ်ထားရင် ကောင်းတယ် တဲ့။ ကိုယ်လဲ အဲဒီ tattoo ထိုးနည်း ကြိုးစားသင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မိန်းကလေးတွေ tattoo လာထိုးရင် သူ့တာဝန်ထား လို့ ပြော ပြော နေလို့ပါ။

အော်.. အနုပညာများ တယ်ဖမ်းစားပါလားနော်။


မိုးချိုသင်း

Saturday, August 29, 2009

တောင်များကို ကျော်ဖြတ်ခြင်း

လွန်ခဲ့တဲ့ အပတ်က ၀ါရှင်တန်မှာနေတဲ့ ဘူမိဗေဒ တက်စဉ်က ကျောင်းနေဖက် သူငယ်ချင်း ကိုနေလင်းနဲ့ သူ့အမျိုးသမီး မမမိုး၊ သား လမင်း တို့ မိသားစု လာလည်ကြတယ်။

သူငယ်ချင်းတွေ ပြန်ဆုံရတော့ ကျောင်းတုန်းက ရှေးဟောင်းနှောင်းဖြစ်တွေ စမြုံ့ပြန် ကြတာမို့ ပျော်လဲ ပျော်ရ၊ စိတ်လဲ ချမ်းသာရတာပေါ့။ ညဖက် လေဆိပ်ကို သွားကြိုပြီး အိမ်ရောက်တာနဲ့ စကားထိုင် ပြောကြတာ နောက်တနေ့ မနက် ၂နာရီကူးသွားတယ်။

သူငယ်ချင်းဖြစ်သူက ကျောင်းတုန်းက အဖြစ်အပျက်တွေ အတော်မှတ်မိသား။ ရီစရာတွေလဲ မမေ့ဘူး။ သူပြော ကိုယ်ပြောနဲ့ အချိန်က ကုန်လို့ ကုန်မှန်းတောင် မသိရဘူး။ ကိုယ့်အမျိုးသားက ဘူမိက မဟုတ်ပေမဲ့ ကိုယ်နဲ့ပတ်သက်ပြီး ဘူမိတပိုင်းလောက် ဖြစ်နေတော့ သူကလဲ ၀င်ပြောနဲ့ စကားဝိုင်းက စိုပြည်နေတာ။

နောက်တော့ သူတို့နှစ်ယောက်ချည်း ပြောကြတာ ကိုယ်တောင် ဘေးရောက်နေတယ်။ ည နက်လာတဲ့အထိ သူတို့စကား မပြတ်တော့ ငါ့သူငယ်ချင်းလား၊ သူ့သူငယ်ချင်းများလားတောင် ဇဝေဇ၀ါ ဖြစ်လာတယ်လေ။

နောက်တညကျတော့လဲ သီချင်းတွေ ညနက်တဲ့အထိ အတူဆိုကြပြန်ရော။ ကျောင်းတုန်းက ဆိုခဲ့ တီးခဲ့ကြတဲ့ သီချင်းတွေဆိုတော့ အနှစ်နှစ်ဆယ်တေးလို့ အမည်တပ်ရင် ရနေပြီ ဖြစ်တဲ့ သီချင်းတွေပေါ့လေ။ ကျောင်းသားဘ၀ Field ဆင်းတုန်းက ရထားပေါ်မှာ အတူ တပျော်တပါး ဆိုခဲ့ရတာ၊ တောထဲမှာ သီချင်းသံလေးတွေ နားထောင်ရင်း အမောပြေခဲ့ရတာ…။ လွမ်းတယ် တခွန်းမပြောဘဲ လွမ်းမိသေးတယ်။

သိတဲ့အတိုင်း ကိုယ်က နားထောင်သမား။ အဆိုက ဆိုမယ်ကြံရင် အသံက ဆွဲ ဆွဲထုတ်နေရတာမို့ အခုတခေါက်လဲ သူတို့ချည်း ဆိုကြတယ်။ ကိုနေလင်းက ဆိုလိုက်၊ ကိုကျော်ဝဏ္ဏက ဖြည့်လိုက်ပေါ့။ ကိုယ်က သူတို့ဆိုချင်တဲ့ သီချင်းကို အခွေ ထည့်ပေးရတဲ့သူရယ်ပါ။

ခင်မောင်တိုး အခွေ ထည့်လို့ တီးလုံးလေး စ လာရင်ပဲ ကိုနေလင်းက ခေါင်းကို ဖြေးဖြေးချင်း ခါတယ်။ ကိုယ်လဲ မေးရတော့တာပေါ့။ ဘာလဲ မကြိုက်ဘူးလား၊ နောက်တခွေ ပြောင်းထည့်ရမလား ဆိုတော့ ကြိုက်လွန်းလို့ဟ တဲ့။ ငါ ဖီလင်လာလို့ပါ တဲ့။ အော် ကြိုက်ရင် ခေါင်းခါရတာကိုး။ ကိုယ်က မကြိုက်ဘူး မှတ်လို့။

ဖိုးချိုသီချင်းတွေဆိုပြန်တော့ သူငယ်ချင်းက မျက်စိမှိတ်နေတာ။ ကိုယ်ကလဲ သူ အိပ်ချင်ပြီ ထင်မိတာ။ ဘယ့်နှယ်လဲ၊ ငါ ပိတ်လိုက်ရတော့မလား ဆိုတော့ ငါခံစားနေတာလေဟာ တဲ့။ ကောင်းလွန်းလို့ ဆိုပဲ။ ကိုယ်လဲ သီချင်းမဆိုတတ်သော်ငြားလည်း DJ လုပ်စားရင် ခွက်ဆွဲရမဲ့သဘောမှာ ရှိတယ်။

ဒါနဲ့ ကိုယ်ဟင်းချက်နေလဲ ဘေးနားမှာ ကျောင်းအကြောင်းတွေ ရပ်ရင်း ကြော်လှော်ရင်း ပြော၊ ဟိုဟိုဒီဒီ လမ်းသွားရင်းလဲ ဘူမိဗေဒက သူငယ်ချင်းတွေအကြောင်း ပြော၊ ညီထွေးတို့ ထူးမြတ်တို့ တနှစ်တည်းသမား သူငယ်ချင်းတွေနဲ့ ဆုံကြပြန်တော့လဲ မမေ့နိုင်တဲ့ ကျောင်းသားဘ၀ပဲ ပြော…။

ဒီလိုဆိုတော့ ကိုယ်လဲ တတိယနှစ် ကျောင်းသူဘ၀က Field ဆင်းရင်း ရေးခဲ့တဲ့ စာလေး တပုဒ်ကို ကိုယ့်ဘလော့ဂ်မှာ အမှတ်တရ ပြန်တင်ချင်လာမိတယ်။ အခုတလော ကိုယ်စာမရေးဖြစ်တာလဲ ကြာနေတာဆိုတော့ စာပြန်ရေးဖို့ အပျိုးလေး စ တယ်ပဲ ဆိုပါတော့။

နောက်ပြီး ဒီစာလေးထဲကလိုပဲ အခုအချိန်မှာ ကိုယ့်ဘ၀ရဲ့ မမြင်ရတဲ့ တောင်စဉ်တောင်တန်းတွေကို ကျော်ဖြတ်နေရချိန်လဲ ဖြစ်နေတော့ ဘ၀ကျောင်းတော်ကြီးမှာ တောင်တက်နေရတုန်းလို့ ဆိုချင်လဲ ဆိုနိုင်တာပေါ့နော်။ လမ်းတကွေ့မှာ စမ်းကလေးတွေ့ချင် တွေ့နိုင်မှာလို့ မျှော်လင့်လို့လဲ နေမိတာပေါ့။

တောင်တော့ တက်ရတာပဲ။ ဒါပေမဲ့ အတူလက်တွဲခေါ်မဲ့ ဘ၀အဖော်နဲ့၊ အားပေးမဲ့ မိဘ မောင်နှမတွေနဲ့၊ သိုင်းဝိုင်းမဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ဆိုတော့ ဒီဘ၀ကို ခင်တုန်း မင်တုန်းလို့ ပြောရမှာပါပဲလေ။

၁၉၉၃၊ အောက်တိုဘာလ၊ ရွှေအမြုတေ မှာ ဖော်ပြခဲ့ဖူးပါတယ်။ ငယ်လက်ရာလေးမို့ အပြစ်အနာမကင်းတာ ခွင့်လွှတ်ပေးပါ။




တောင်များကို ကျော်ဖြတ်ခြင်း


သူငယ်ချင်းတွေနဲ့ လမ်းခွဲလက်ပြအပြီးမှာ မြေခဲနီနီတွေပွထနေတဲ့ ထွန်ကြောင်းတလျှောက် သူတို့သုံးယောက်ဖြတ်လျှောက်လာကြတယ်။ သူတို့အုပ်စု(၄)မှာပါတဲ့ ကိုဝင်းအောင်နဲ့ အောင်ကြည်ထွန်းကတော့ ရွှေဥမင်အုပ်စုနဲ့ ပေကြိုးဆွဲရင်း ကျန်ရစ်ခဲ့ကြပြီ။ နေမွန်းမတည့်ခင် တောင်ပေါ်က ပြန်ဆင်းနိုင်ဖို့ ခြေလှမ်းသွက်သွက်လှမ်းရင်း စိတ်စောနေမိကြတယ်။

“တို့ သုံးယောက်ပဲနော်၊
ယောက်ျားလေးတွေ မပါဘူး နင်ကြောက်လား”
တင်တင်က မေးတော့ ချက်ချင်းပဲ သူခေါင်းယမ်းပစ်လိုက်တယ်။
“မကြောက်ပါဘူး၊ ပျော်တောင်ပျော်သေးတယ်၊
ဒီနေ့ ကွင်းဆင်းရတာ နောက်ဆုံးနေ့ကွ။
မနက်ဖြန်ဆို ငါတို့ ပြန်ရတော့မှာ”

ဘူမိဗေဒ ကွင်းဆင်းလေ့လာကြတဲ့ သူတို့ကျောင်းသူ မိန်းကလေးသုံးယောက်ဟာ ကျောပိုးအိပ်တွေ ရေဘူးတွေကို ကိုယ်စီလွယ်ရင်း တောင်တန်းကြီးတွေကြားက တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သွားနေကြတယ်။

သူတို့ကို လေ့လာဖို့ တာဝန်ပေးထားတဲ့ “တောင်ညို”တောင်ဟာ သူတို့တည်းခိုတဲ့ မူလတန်းကျောင်းလေးနဲ့ အဝေးဆုံးပဲ။ တောင်ကြားလမ်းလေးတွေ၊ ထွန်ယက်ပြီး မျိုးမချရသေးတဲ့လယ်ကွင်းတွေ၊ ငရုတ်ခင်းတွေ၊ နှမ်းခင်းတွေ၊ တောင်ကုန်းတွေကို ဖြတ်ကျော်ပြီး နာရီဝက်လောက်လျှောက်သွားပါမှ တောင်ညိုရဲ့ခြေဖျားကို ထိနမ်းခွင့်ရတယ်။

ဒီနေ့ဟာ မြေပုံတင်ပြီးလို့ ပေကြိုးဆွဲအချောသတ်ရမဲ့နေ့ပါ။ ဒါပေမယ့် ဆရာကိုယ်တိုင် လိုက်ကြည့်ထားတဲ့ တောင်ဖြစ်တာကြောင့် သူတို့အုပ်စုရောပြီး ဖြီးချလို့ မရဘဲဖြစ်နေတယ်။ သူတို့မြေပုံက မစုံသေးဘူးတဲ့၊ ဒါကြောင့် လူစုခွဲပြီး ယောက်ျားလေးတွေက ပေကြိုးတိုင်းဖို့ ရွှေဥမင်အုပ်စုနဲ့ကျန်နေခဲ့ပြီး၊ သူတို့မိန်းကလေးသုံးယောက်က မြေပုံကို ပြည့်စုံအောင်တင်ဖို့ တောင်ညိုကို တခေါက်ပြန်လာခဲ့ရတယ်။

ယင်းဇွဲတောင်နောက်ကနေ တောင်ညိုရဲ့အရိပ်ကို လှမ်းမြင်နေရပြီ။ သူတို့တက်မယ့်တောင်ဟာ သေချာတွေးကြည့်ရင် သနားစရာပါပဲ။ တောင်ကတုံးလေး။ ရေမရှိ။ အရိပ်မရှိ။ သစ်ကြီးဝါးကြီး မရှိ။ ထုံးဖြူဖြူသုတ်ထားတဲ့ စေတီလေးတောင် မရှိ။ ပကတိတောင်ချည်းသက်သက်သာဖြစ်တယ်။
၉၈၆-ပေရှိတဲ့ တောင်ညိုမှာ ချမ်းသာကြွယ်ဝတာဆိုလို့ ကန္တရဆူးပင်တွေရှိတယ်။ မြက်ရိုးခြောက်ဝါဝါတွေပေါတယ်။ အနိမ့်အမြင့်မညီမညာ တောင်သုံးခုပေါင်းထားမှ တောင်ညို တတောင်ဖြစ်တယ်။ ဒီလောက်ပါပဲ။

မန်ကျည်းရိပ်အောက်မှာ သူတို့ခဏနားရင်း မြေပုံထုတ်ကြည့်ကြတယ်။ သူတို့လိုအပ်နေတာ တောင်ရဲ့ဘယ်ဘက်အခြမ်းလဲ၊ တောင်ရဲ့ဘယ်နေရာကစတက်ရင် အဆင်ပြေမလဲ။ တောင်ထိပ်ထိတက်ကြမလား။ သုံးယောက်သားမြေကြီးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချရင်း စဉ်းစားတိုင်ပင်ကြတယ်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့။

“နေမမြင့်ခင် မြန်မြန်တက်မှကွ။ ကြာရင်နေပူမယ်၊
တောင်အရိပ်ခိုပြီးတက်ရမှာ”
“စီဗစ်စားဦးမလားဟေ့ - နိုင်နိုင်”
တင်တင် ပစ်ပေးလိုက်တဲ့မန်ကျည်းသီးကိုဖမ်းရင်း အခွံနွှာကာ စီဗစ်အနေနဲ့ နိုင်နိုင်က ဝါးစားပစ်လိုက်တယ်။ ပြီးမှ ဦးထုတ်ကိုချွတ်ပြီး ယပ်ခတ်ရင်းက-
“ငါတို့ဒီလောက်ပင်ပန်းတာကို မေမေတို့က ယုံမှာမဟုတ်ဘူးနော်”
“အင်း”
“ကြည့်စမ်း ပတ်ဝန်းကျင်က တိတ်ဆိတ်လို့၊ အခုအချိန် ကျားလာရင် ဘယ်လိုလုပ်မလဲ-”
“ပေါက်တတ်ကရ ကျားမှမရှိတာ၊ ကျားရှိရင် ဆရာတွေကဘယ်လွှတ်မှာလဲ”
“ဥပမာ ပြောတာပါ၊ တကယ်လို့ ကျားလာရင်ပေါ့လေ”
“ထွက်ပြေးမှာပေါ့”
“ငါတို့ထဲက တယောက်ကို ကျားဆွဲထားရင်ကော”
“မဖြစ်နိုင်တာတွေ မစဉ်းစားပါနဲ့ဟာ”
“ကျားဆွဲထားရင် သူသေသေ ကိုယ်သေသေ ပြန်ချမှာပေါ့ကွ”
“အေးနော်၊ တယောက်ယောက်ကို ကျားဆွဲရင် ပြန်ချကြမယ်”

သူတို့ သုံးယောက်စလုံး ပြန်ငြိမ်သွားကြတယ်။ တကယ်တော့ ဒီနေရာမှာ ကျားလုံးဝမရှိပါဘူး။ အဓိပ္ပါယ်မရှိပေမယ့် ဒီလိုဝိုင်းပြီးပြန်ချမယ်လို့ပြောလိုက်ရတာ စိတ်ကျေနပ်ပြီး အားရှိသွားသလိုပဲ။ နိုင်နိုင်က စိုးရိမ်တတ်တယ်။

သူတို့ ငါးယောက်အုပ်စုမှာ အခုလို ယောက်ျားလေးနှစ်ယောက်မပါဘဲ လာရတာ ဒါ ပထမဆုံးပဲ။ စိတ်ထဲမှာ ကြောက်သလိုလို စိုးရိမ်သလိုလိုနဲ့ ဝေခွဲမရဖြစ်နေတယ်။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် တောင်တွေက ပတ်ပတ်လည်ဝိုင်းလို့။ ဒီနေရာမှာ ထိုင်ပြီး ဒီလိုငေးရတာ ဒါနောက်ဆုံးပဲ။ သူတွေးရင်း တောင်တန်းတွေကို ကြည့်ပြီးဝမ်းနည်းလာတယ်။

“လွမ်းစရာပဲနော်”
“အေး”
“ငှက်ကလေးတွေ သီချင်းဆိုနေကြပြန်ပြီ”
“အဲဒါ ဘာငှက်သံလဲ”
“မသိဘူး၊ ဟိုနေ့က ဆရာပြောတော့ ခါငှက်သံဆိုလား”
“အများကြီးပဲကွနော်၊ ငှက်အစုံပဲ”
“ကြက်တူရွေးလဲ ပါမယ်ထင်တယ်”
“အေး”
“ဟော - ချေဟောက်သံ၊ ကြားလား”
“ကြားတယ်- ကြားတယ်”

သူတို့တောင်ခြေရင်းမှာထိုင်ရင်း တောင်တက်ဖို့ကို ခဏမေ့သွားတယ်။ သဘာဝအလှနဲ့ သဘာဝအသံက သူတို့ကိုဖမ်းစားထားတယ်။ တောင်တွေကို ပင်ပင်ပန်းပန်းနဲ့ လေးဖက်ထောက် တက်ခဲ့ရတာ ဒါနောက်ဆုံးပဲ။ မနက်ဖြန်ဆို ပြန်ကြရပြီ။

“မြို့မှာဆို ဒီလို စိတ်ငြိမ်းချမ်းမှုမျိုး ငါတို့ မရဘူးနော်”
“အေးဟာ- သိပ်ငြိမ်းချမ်းတာပဲ”
“တောင်ကြီးတွေက အလှကြည့်ဖို့ကောင်းတယ်”
“တက်ဖို့မကောင်းဘူး၊ တက်ရင် ပင်ပန်းတယ်”

တယောက်က နောက်ပြောတော့ လွတ်လွတ်လပ်လပ်အော်ရယ်မိကြတယ်။ သူတို့ရယ်မောသံလေးတွေဟာ တောင်ရဲ့ နံရံတွေကိုပြေးပြီးရိုက်ခတ်ကြတယ်။ ကျောက်သားတွေနဲ့ တည်ဆောက်ထားတဲ့ ကျောက်နံရံကြီးတွေက သူတို့ ရယ်သွမ်းသွေးတာလောက်တော့ မဖြုံပါဘူး။ ခပ်တည်တည်နဲ့ သူတို့ကို ငုံ့ကြည့်နေကြတယ်။

“ဒါပေမယ့် တက်မှ၊ တော်ကြာနေမြင့်သွားမယ်”

ကုန်းရုန်းထလိုက်ပြီး တောင်ညိုရဲ့ခြေဖျားကနေ တရွေ့ ရွေ့  သူတို့တက်ခဲ့ကြတယ်။ တယောက်က ကျောက်အမျိုးအစားခွဲပြီး တယောက်က ကျောက်ရဲ့အငိုက်တွေကို ကွန်ပတ်စ်နဲ့ တိုင်းတယ်။ တယောက်က မြေပုံပေါ်ချက်ချင်း ပုံဖော်တင်ရင်း တာဝန်တွေ ဝေမျှယူခဲ့ကြတယ်။
“အားမလျှော့နဲ့ ရောက်လုပြီ၊ ကြိုးစားတက်ပါမည်”
သူတို့ သီချင်းသံလေးကို လေအေးအေး တသိုက်က သယ်ဆောင်သွားတယ်။ သူတို့ သုံးယောက်စလုံးရဲ့ မျက်နှာမှာ ပင်ပန်းတဲ့အရိပ်မတွေ့ရဘူး။ ချွေးတွေသီးနေပေမယ့် မညည်းညူဘူး။ ကြောက်စိတ်တွေ မရှိတော့ဘူး။

ခဏခဏ ကောင်းကင်ပြာကြီးကို ကြည်နူးစိတ်နဲ့ သူမော့ကြည့်မိတယ်။ သူ လက်လှမ်းလိုက်ရင် ထိတော့မယ့်အတိုင်းပဲ။ မတ်စောက်လို့ ခက်နေတဲ့နေရာတွေမှာ တယောက်ကိုတယောက် သတိပေးရင်း လက်တွဲခေါ်တယ်။ ပျော်စရာကောင်းလိုက်တာ။

ဟိုး တောင်အောက်ခြေမှာ ရွာသားတွေ စီမံကိန်းအရ သစ်ပင်စိုက်ဖို့ မြေကျင်းတူးနေကြတာကို ခပ်ဝါးဝါးတွေ့ရတယ်။ အဲဒီအချိန်မှာ ဆရာမကို သူတွေ့လိုက်ရတာပဲ။ ဆရာမဒေါ်ဌေးက အဲဒီမြေတူးတဲ့လူတွေကြားမှာ။ သူတို့ဖက်ကို လျှောက်လာနေတယ်။ နောက် အော်ခေါ်သံတွေကို ကြားရတယ်။

“ဟေ့- ဟိုမှာ ငါတို့ဆရာမ မဟုတ်လား”
“အေးဟ - ငါတို့ နောက်လိုက်လာတာ ထင်တယ်”
“ငါတို့ကို စိတ်ပူလို့ လိုက်ရှာနေတာများလား”

ဆရာမရေဘူးက သူတို့ဆီမှာ၊ ဆရာမနဲ့ သူတို့လမ်းမှာကွဲသွားကြတာ၊ ဆရာမ ရေငတ်နေတော့မှာပဲ။

“ဆရာမရေ - ဆရာမ ရေဘူး သမီးတို့ဆီမှာ -”
“ပြန်ဆင်းခဲ့တော့လေ”
“သမီးတို့ မပြီးသေးဘူး ဆရာမ”
“ပြီးရင် ငါ့နောက်လိုက်ခဲ့ကြနော်၊ ကောင်လေးတွေရော”
“သူတို့ ရွှေဥမင်တောင်မှာ”

အဲဒီစကားတွေ အကုန်လုံး သူတို့ အကျယ်ကြီးအော်ကြရတယ်။ လေတွေကတိုက်လို့။ မြင်ကွင်းတွေက မှုန်ဝါးဝါး။ သူတို့ သုံးယောက်က တပြိုင်နက်အော်ကြရပြီး ဆရာမက ရွာသားတွေနဲ့ ပေါင်းအော်ပြီး စကားလှမ်းပြောရတယ်။ တောင်ပေါ်နဲ့ တောင်အောက် စကားပြောနည်းက ရယ်စရာပါပဲ။ ဆရာမပြန်လှည့်သွားတော့ သူတို့သုံးယောက် တခွိခွိရယ်ကြတယ်။ ဘာရယ်မဟုတ်ဘူး။ ဒီနေ့ သူတို့ မြူးနေကြတာအမှန်ပဲ။ တောင်ပေါ်ကကို မဆင်းချင်သေးဘူး။

သီချင်းတအေးအေးနဲ့ လုပ်တော့ အလုပ်တွေက ခပ်မြန်မြန်ပြီးသွားတယ်လို့ထင်ရတယ်။ နေမင်းက တောင်ပေါ်တက်ထိုင်ချင်နေပြီ။ မကြာခင် အမိုးအကာမရှိတဲ့ မွန်းတည့်နေအောက်မှာ သူတို့ နေပူလှမ်းခံရတော့မှာကို လျစ်လျူရှူရင်းတောင်အောက်ကို ပြန်ဆင်းဖို့ အတွေးကို ပယ်ချလိုက်ကြတယ်။

ရှားစောင်းပင်နဲ့ တောစံပယ်ပင်လား မသိရတဲ့ စံပယ်ပွင့်လို ခပ်မွှေးမွှေး၊ ခပ်သေးသေး အပင်လေးဘေးမှာ ကျောက်တုံးကို အိပ်ယာလို သဘောထားရင်း လှဲချလိုက်ကြတယ်။ ကျောပိုးအိတ်တွေကို ခေါင်းအုံးရင်းပေါ့။

အဲဒီကျောပိုးအိတ်တွေထဲမှာ ကျောက်ခဲတွေပါတယ်။ ကွန်ပတ်စ်တွေပါတယ်။ ကျောက်ထုဖို့ တူပါတယ်။ မြေပုံစာရွက်စာတမ်းတွေပါတယ်။ ခေါင်းအုံးလို မနူးညံ့ပေမယ့် သူတို့ကျေနပ်တယ်။ ကျောအောက်က ကျောက်တုံးဟာ မွေ့ယာလို ဇိမ်မကျပေမယ့် သူတို့အတွက် အသားကျတယ်။ အဆင်ပြေတယ်။ ဒီလောက် လွတ်လပ်အေးချမ်းတဲ့ အရသာ ဘယ်မှာများ ရနိုင်မှာလဲ။

ရေဘူးက ရေတွေကို အရသာခံပြီး ခပ်ဖြည်းဖြည်းမော့သောက်ကြတယ်။ ဒီရေဟာ အခုအချိန်မှာ ပက်(ပ)စီတခွက်ထက်တန်ဖိုးရှိတယ်။ ရင်အေးသွားတာနဲ့အမျှ သူတို့ ဒီနေ့ လုပ်ရမဲ့တာဝန်ပြီးသွားလို့ စိတ်လက်ပေါ့ပါးနေတယ်။ မြေပုံကိုပြည့်စုံအောင်တင်ခဲ့ပြီးပြီ။ တောင်ပေါ်မှာ လှဲအိပ်ရင်း နောက်ဆံတင်းစရာ အလုပ်မရှိ ဆိုတဲ့ စိတ်က ကြည်နူးစရာကောင်းလွန်းလို့ တောင်တန်းကြီးတွေကိုကြည့်ရင်း သူရင်ခုန်လာမိတယ်။

သူ့အပေါ်မှာ စိုးမိုးထားတဲ့ အပြာရောင်ကောင်းကင်ကြီးက လွတ်လွတ်လပ်လပ်ရှိလွန်းလို့ တအံ့တသြနဲ့ သူငေးမောနေမိတယ်။ ကျယ်ပြန့်လွတ်လပ်လိုက်ပုံများ အားကျလောက်စရာပဲ။ မျက်စိထောင့်စွန်းမှာရှိတဲ့ တိမ်ဖြူဖြူတလိပ်က တောင်ထိပ်မှာ နားတယ်။ လေပူအေး တချက်တိုက်တော့ သူ့စိတ်က အပျော်စိတ်ကလေး ဖျတ်ကနဲ နိုးသွားတယ်။

ငှက်ကလေးတွေက စိုးစိုးစီစီ သီချင်းဆိုပြန်တော့ အသံမကောင်းဘဲ သီချင်းသိပ်ဆိုချင်တဲ့ သူ့ပါးစပ်ကို လက်နဲ့အသာပိတ်ထားလိုက်ရတယ်လေ။ သူ့ဘဝမှာ ဒါကို အကျေနပ်ဆုံးပဲ။ ဒီလို ငြိမ်းချမ်းတဲ့ အခြေအနေကို အကြည်နူးဆုံးပဲ။
မနက်ဖြန် အိမ်ပြန်ရတော့မှာပါလား။

မခွဲစဖူး ပထမဆုံးအကြိမ် ညအိပ်ညနေ အိမ်နဲ့ခွဲရတဲ့သူ့အဖို့ ကွင်းဆင်းတဲ့ ပထမရက်တွေမှာ ဘယ်လိုမှ ကိုယ့်စိတ်နဲ့ကိုယ့်ကို အံဝင်ခွင်ကျ မဖြစ်တာတွေကို ပြန်တွေးနေမိတယ်။ ဆက်တိုက်ကြုံလာတဲ့ ပင်ပန်းမှုတွေကို သူခံနိုင်ရည်မရှိခဲ့ဘူးဆိုတာ ဝန်ခံရဲပါတယ်။
တနေ့ တနေ့ အိမ်ကို ခိုးပြန်ဖို့ သုံးကြိမ်ထက်မနည်း စိတ်ကူးခဲ့မိတာ၊ လမ်းတွေ မမှတ်မိတတ်ပေမယ့် ဘူတာရုံကိုသွားတဲ့လမ်းကို အသေအချာ မှတ်ထားခဲ့တာ၊ အပြင်ထွက်ခွင့်ပေးတာနဲ့ စာတိုက်ကိုပြေးပြီး အိမ်ကို ကြေးနန်းရိုက်ရတာ၊ အို- အများကြီးပါပဲ။

ဒီခရီးတလျှောက်မှာ အမှတ်ရဆုံးနဲ့ မမေ့နိုင်ဆုံးက ဆရာ၊ ဆရာမတတွေရဲ့ မိဘရင်းတမျှ မေတ္တာ စေတနာတွေပါပဲ။ အဲဒီ မေတ္တာတရားကပဲ သူ့ရဲ့ ကလေးဆန်တဲ့ အိမ်ခိုးပြန်ချင်စိတ်တွေကို ရိုက်ချိုးပစ်ခဲ့တာပါ။ ပါမောက္ခကိုယ်တိုင် တတောင်တက် တတောင်ဆင်း စနစ်တကျ စာလိုက်သင်ပေးတာတွေဟာ အမှတ်တရ ကျေးဇူးတင်စရာတွေ ဖြစ်တော့တယ်။ လူကြီးတွေက ပင်ပန်းဆင်းရဲတဲ့ ဒဏ်ကိုခံနိုင်ပြီး သူက ဘာလို့ မခံနိုင်ရမှာလဲဆိုတဲ့ စိတ်နဲ့ သူ့မှာ ခံနိုင်ရည်စွမ်းအားတွေ ရှိလာခဲ့ရတာပါ။

အလေ့အကျင့် မရှိလို့ တောင်တွေပေါ် လေးဘက်ထောက်တက်ရတိုင်း “ငါ့ကို ထားခဲ့ကြပါလို့” တစာစာအော်နေတဲ့သူ့ကို ပင်ပန်းတာချင်း အတူတူ တယောက်တလက် ဆွဲထူသွားကြတဲ့ သူငယ်ချင်းတွေကိုလည်း သူ အမြဲအောက်မေ့နေတော့မှာပဲ။

ဖြူစင်တဲ့မောင်နှမစိတ်မျိုးနဲ့ ရေမျှတိုက်ခဲ့တာ၊ သူတို့ကျောပိုးအိပ်ကြိုးတွေကို ဆွဲရင်း တရွတ်တိုက်လိုက်ခဲ့ရတာ၊ ဆူးတွေကို ဖယ်ရှင်းပေးရင်း ချောက်ကမ်းပါးကြီးတွေကနေ မီးရထားတွဲကြီးလို လက်တွဲဆင်းကြရတာ၊ မောနေရင် သီချင်းတွေကို ရယ်စရာကောင်းအောင် အသံဖျက်ပြီးဆိုရင်း ပျော်ရွှင်မှုရစေတာ။ အားလုံး- အားလုံးကို သူ ကျေးဇူးတင် ကျေနပ်ရပါတယ်။

သူ့ ဒိုင်ယာရီအဖွင့်မှာ “တောင်တွေကို တက်ပြီး ကျောက်တွေကို လေ့လာရတာဟာ ပညာလည်းရတယ်၊ အနာလည်း ရတယ်” လို့ ရေးမိတဲ့အတွက် ခြေထောက်တွေ လက်တွေမှာရှိတဲ့ ဆူးခြစ်ရာ၊ ချော်လဲတဲ့ဒဏ်ရာ၊ အပူလောင်ဖုတွေ၊ ပေါပြဲတဲ့ ဒဏ်ရာတွေက အမှတ်တရပေါ့လို့ ခပ်တိုးတိုးဖြေကြတယ်။

ကွင်းဆင်းအမှတ်တရစာအုပ်လေးတအုပ်မှာ “တောင်တန်းတွေကို ကြည့်ပြီး သင်မည်သို့ခံစားရပါသနည်း” ဆိုတဲ့ မေးခွန်းအောက်မှာ ပင်ပန်းတဲ့စိတ်နဲ့ စိတ်တိုစွာ “ဘူဒိုဇာနဲ့ တိုက်ပစ်ချင်တယ်”လို့ ရေးခဲ့မိတာတွေကို တွေးမိတော့ ထိတ်လန့်တကြား နဘေးက တောင်တန်းကြီးတွေကို လှမ်းကြည့်မိတယ်။ သူတို့ကတော့ ခွင့်လွှတ်ပြုံးကိုယ်စီနဲ့လေ။

ဘေးနားမှာ သူ့လိုပဲ အဝေးကို ငေးနေတဲ့ တင်တင်က ကွင်းဆင်းတဲ့ပထမဆုံးညမှာပဲ “ကင်း”အကိုက်ခံရလို့ “ကင်းဝင် မင်းသမီး”လို့အမည်ပြောင်းသွားတာတွေကို တွေးမိတိုင်း သူ အသံထွက်ပြီး ရယ်မိတယ်။ ကွင်းဆင်းတော့မှ နာမည်တွေပြောင်းသွားတာမှ အများကြီးပဲ။ သူတို့ လေ့လာရေးကွင်းဆင်းတာ ပင်ပန်းဆင်းရဲမှုတွေ၊ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ချည်း ကြုံခဲ့ရတာ မဟုတ်ပါဘူး။ ဖြူစင်တဲ့မေတ္တာတရားတွေ၊ နွေးထွေးတဲ့ ရိုင်းပင်းကူညီမှုတွေ၊ လှိုက်လှဲနက်ရှိုင်းတဲ့ ပျော်ရွှင်မှုတွေအပြင် အဖိုးတန်တဲ့ နယ်မြေဗဟုသုတတွေလဲ ရခဲ့ပါတယ်။

ကျောက်ဆည်မြို့ပေါ်မှာ စခန်းချစဉ် ရွှေသာလျောင်းတောင်ပေါ်မှာ လေ့လာဖို့ တာဝန်ကျခဲ့တာတွေ ပြန်တွေးတော့ တတောင်လုံးပိတောက်၊ တတောလုံးတမာတွေနဲ့ ဖုံးနေတာတွေ လွမ်းမိသေးတယ်။ ပိတောက်ပန်းတွေက နိမ့်နိမ့်လေး။ လက်လှမ်းမီရုံလေး။

ဦးထုတ်ပေါ်မှာ ပန်းတွေ အပြည့်ထိုးပြီး တောင်ပေါ်တက်ရတာ၊ ဘုရားဖူးတွေ စောင်းတန်းအလိုက် တက်နေတာကို ငေးကြည့်ရင်း သူတို့က မတ်ပေ့ဆိုတဲ့ တောင်ကြောတလျှောက်က ကုတ်ကပ်တက်နေရတာ၊ တောင်အောက်က သင်္ကြန်သီချင်းသံ သဲ့သဲ့ကြားတိုင်း တောင်အောက်ကို ပြေးဆင်းသွားချင်စိတ်တွေ အကြိမ်ကြိမ်မျိုချပစ်ခဲ့ရတာတွေလည်း မမေ့နိုင်စရာပဲ။

ညနေခင်း မင်းရဲမြှောင်မှာ ရေချိုးတော့ “ကာမင်း”ဝတ္ထုထဲက ကော်ဒိုဗားညနေခင်းရဲ့ ဂွါဒါကွိဗာမြစ်ကမ်းခြေကို သတိရစရာ။ ကုလားကျောင်းရွာလေးကို ရောက်ပြန်တော့ စာမျှော်ချိန်ညနေခင်း၊ သဘောဖြူတဲ့ကုလားကျောင်းရွာသူတွေနဲ့ စကားလက်ဆုံကျခဲ့ပုံတွေ၊ “ကင်း”ကြောက်တဲ့ည၊ သရဲခြောက်တဲ့ည၊ သူငယ်ချင်းတွေနဲ့ စိတ်ဆိုးတဲ့ည၊ တောရဲ့အသံကို စိတ်လှုပ်ရှားပျော်ရွှင်စွာ ကြားရတဲ့ည၊ ဖယောင်းတိုင်အလင်းရောင်အောက်မှာ စာလုပ်ရတဲ့ည၊ သူ သဘောကျတဲ့ မယ်ဇယ်ပင်အောက်မှာ မယ်ဇယ်ပွင့်တွေက မြေပြင်တခုလုံး ဝါထိန်နေအောင် တဖြုတ်ဖြုတ်ကြွေ…၊ သီချင်းတွေက လွင့်ပျံ့ နေ- အို - အားလုံးဟာ လွမ်းစရာပဲ။

တောင်ထိပ်ကို နေလုံးကြီးရောက်ပြီ။ သူတို့တောင်အောက်ပြန်ဆင်းဖို့ အချိန်တန်ပြီ။
သူ ဒီနေရာကို မနက်ဖြန်မနက်စောစောမှာ ဝါးဦးထုပ်လေးဆောင်းပြီး ကျောက်တုံးတွေကို ထုဖို့ ရောက်လာတော့မှာ မဟုတ်ဘူး။ တောင်အောက်ခြေကနေ တောင်ထိပ်ကို မော့ကြည့်ပြီး “မြင့်လိုက်တာကွာ”လို့ ညည်းညူသံ ကြားရတော့မှာ မဟုတ်ဘူး။
တောင်ကြားလမ်းလေးအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ စခန်းဆီပြန်နေကြတဲ့ ကျောင်းသားအုပ်စုလေးတွေကိုလည်း မင်းမနက်ဖြန်မှာ မတွေ့နိုင်တော့ဘူး။ နှုတ်ဆက်ခဲ့ပါတယ် တောင်တန်းကြီးရယ်။

နောက်ဆုံးအနေနဲ့ သူတောင်းပန်ချင်နေသေးတယ်။ ဒီခရီးတလျှောက်မှာ သူ့အမှားတွေ၊ အပြစ်တွေ မသိစိတ်နဲ့ပဲဖြစ်ဖြစ် လုပ်ခဲ့မိမှာပါပဲ။ ပြောမှားဆိုမှားရှိခဲ့ရင်၊ အပြုအမူ အနေအထိုင် မှားခဲ့ရင် ဆရာ၊ ဆရာမတွေအားလုံးကို ခွင့်လွှတ်ဖို့ သူတောင်းပန်ချင်တယ်။

ပြီးရင်တော့ သူငယ်ချင်းတွေကို တောင်းပန်ရမယ်။ သူစိတ်ဆိုးလွယ်တာ၊ စိတ်မရှည်နိုင်တာ၊ ဂျီကျတာ၊ အနိုင်ယူတာတွေအတွက် အားလုံးရဲ့ အဆုံးမှာ ဘူဒိုဇာနဲ့ တိုက်ပစ်ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ကောင်မလေးတယောက်ကိုရော ဟောဒီ ကျောက်တောင်ကြီးတွေက ခွင့်လွှတ်ပါ့မလား။

တိတ်တိတ်ဆိတ်ဆိတ်ပဲ တောင်ပေါ်က ဆင်းလာကြတဲ့ သူတို့သုံးယောက်ဟာ လယ်ကွက်တွေကို ထောင့်ဖြတ်ဖြတ်ရင်း တောင်ကြားလေးထဲ တိုးဝင်သွားနေတယ်။ သူတို့ကိုယ်ပေါ်ကို မွန်းတည့်နေရောင်ခြည်က ရက်ရက်စက်စက်ထိုးကျလို့၊ တခါတခါ တိမ်တိုက်ကြီးရဲ့ အရိပ်အောက်မှာ သူတို့က တရွေ့ ရွေ့ မမောတမ်း လမ်လျှောက်လို့။
ငှက်တို့ရဲ့ တေးဆိုသံ - ဟိုး အဝေးကြီးမှာ ကျန်ခဲ့ပြီ။ တောင်လေတို့ရဲ့ မြူးတူးသံ - တိုးတိုးသဲ့သဲ့။ အားလုံးကို နောက်ချန်ထားခဲ့ပေပမယ့် ဘယ်လိုအဓိပ္ပါယ်ဖော်ရမှန်းမသိတဲ့ ဝေဒနာတခုကိုတော့ ဘယ်သူမှ မသိအောင် တိတ်တဆိတ် သူ ယူဆောင်လာခဲ့ပါတယ်။

သူ ငယ်ငယ်က အဖေနဲ့ အမေရဲ့ စကားဝိုင်းမှာ အမေ မကြာခဏပြောဖူးတဲ့ စကားလေးတခွန်းကို အခုအချိန်မှာ သွားသတိရမိတယ်။ အမေက သိပ်ကို အေးချမ်းတဲ့ အပြုံးကိုပြုံးရင်း “ဒီတောင်ကို ကျော်နိုင်လိုက်ပြီ”တဲ့။ အမေ့ရဲ့ ညင်ညင်သာသာ စကားအောက်မှာ အမေ့ကို ငေးကြည့်နေမိတာ။ အမေက ဘဝအခက်အခဲတွေကို “တောင်”တွေနဲ့တင်စားတယ်။ တောင်တွေ တတောင်ပြီးတတောင် အမေ ကျော်ဖြတ်ခဲ့ရမှာပဲ။ ဒါပေမယ့်၊ အမေက ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး။

အခု အမေ့သမီးကလည်း တောင်တွေကို တတောင်ပြီးတတောင် ကျော်ဖြတ်နေရတာပါပဲ။ အခုအချိန်မှာတော့ မြင်ရတဲ့တောင်တွေ။ နောင်အခါကျရင် မမြင်ရတဲ့တောင်တွေ တတောင်ပြီးတတောင် တက်လိုက် ဆင်းလိုက်နဲ့ပေါ့။ အဲဒီအခါ အမေ့လို အပြုံးမပျက် ခရီးဆက်နိုင်ဖို့ သူကြိုးစားရမယ်လေ။
တောင်တွေကို တက်ရတာ ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ ဆူးငြှောင့်ခလုတ်တွေ ပေါတယ်၊ ဒါကြောင့် ပင်ပန်းတယ်။
ဒါပေမယ့် …… သူ ပျော်ပါတယ် …..။


မိုးချိုသင်း

Friday, July 24, 2009

ပေါက်ကရ ကဗျာ ပျော်စရာ

ဒီနေ့ အီးမေးလ်ထဲမှာ လန်ဒန်က ညီမငယ် ဇီဇ၀ါ က စာပို့လာတယ်။ tag ထားတယ် တဲ့။ ကိုယ်ကလဲ စာမရေးဖြစ်တာ ကြာနေပြီဆိုတော့ စာရေးဖို့ လမ်းစ ရသွားတာပေါ့။ သူ ရေးစေချင်တာက ငယ်ငယ်တုန်းက ရွတ်ခဲ့၊ဆိုခဲ့တဲ့ ပေါက်တတ်ကရ ကဗျာလေးတွေပါ တဲ့။ မြန်မာပြည်က ကလေးတွေ ဘယ်လို ကဗျာလေးတွေနဲ့ ကြီးပြင်းလာသလဲ သိချင်လို့ ဆိုပဲ။

တကယ်က ကိုယ်ငယ်ငယ်က ကဗျာလေးတွေ ဆိုနေရရင် ပျော်နေတာ တဲ့။ ကလေးကဗျာလေးတွေကို အဖေက သင်လိုက်၊ အမေက သင်လိုက် နဲ့မို့ ကိုယ်ကလဲ အမူအရာလေးတွေ အမျိုးမျိုး လုပ်ပြီး ဆိုခဲ့တာပါ။

ဧည့်သည်လာတိုင်း ကိုယ်က အဖျော်ဖြေခံ ဖြစ်ရတာပါ။ သမီးရေ ဟိုကဗျာလေး ဆိုပြ လိုက်ပါအုံး ဆိုရင် ကိုယ်က ကိုယ်လေးယိမ်းပြီး ဆိုတော့တာပါ။ ကက်ဆက် နှိပ်လိုက် သလိုပေါ့။ အဖေ့ ကဗျာလေး ဖြစ်တဲ့ ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ယောင် ဆိုရင် ယုန်နားရွက် ထောင် ပုံလေး လုပ်ပြသေးတာ တဲ့။

ဒါပေမဲ့ အဖေတို့ အမေတို့က မသင်ရပါဘဲ၊ ကျောင်း ကလဲ မသင်ရပါဘဲ အမတွေ သူငယ်ချင်း တွေ ဆိုနေကြတဲ့ အင်မတန် အတတ်မြန်တဲ့ ပေါက်တတ်ကရ ကဗျာလေးတွေလဲ ရှိတတ်သေးတယ်။ ဒါမျိုးဆို နှစ်ခါလောက် ကြားလိုက်ရင်ကိုပဲ အလွတ်ရနေပြီ။ နောက်တီးနောက်တောက် ဥာဏ်က ဒါမျိုးဆို ကောင်းတယ်လေ။

ငယ်ငယ်က ဘာရယ်မဟုတ်ဘူး၊ မိုးရွာတာနဲ့ အော်ဆိုပစ်လိုက်တဲ့ စာလိုလို ကဗျာလိုလိုလေး ကို အရင်ဆုံး မှတ်မိတယ်။ အဲဒါကတော့

မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်
တဲ့..

အဲဒီလို အော်ဆိုတဲ့ အရွယ်က မေမေပြန်လာရင် နို့စို့တဲ့ အရွယ် မဟုတ်တော့တာတော့ သေချာတယ်။ ဒါပေမဲ့ မိုးရွာရင်တော့ ဆိုမိတာပဲ။ နောက်ထပ် မိုးရွာရင် ဆိုမိတာလဲ ရှိသေးတယ်။

နေပူမိုးရွာ သူခိုးလာ
လာတဲ့သူခိုး လှံနဲ့ထိုး
သူခိုးအီးပေါက် တို့မကြောက်
ဆေးတံကြီးနဲ့ ခေါက်
ဒေါက် ဒေါက် ဒေါက်
… တဲ့။

သူခိုး အီးပေါက်တာတော့ ဘယ်ကြောက်လိမ့်မတုန်း၊ ဓားနဲ့ ပေါက်တာမှ မဟုတ်ဘဲကိုး။ ကိုယ်က လှံကြီးနဲ့တောင် ပြန်ထိုးမယ် ဆိုထားတာ မဟုတ်လား။ ကဗျာထဲမှာတော့ သတ္တိခဲ ပေါ့။

နောက်တပုဒ်ကတော့ ကြက်ဖခွပ်တမ်း ကစားရင် ဆိုတာမျိုးပါ။

ငါတို့ကြက်ဖ နိုင်နိုင်၊ ရွှေဖလားနဲ့ ကြက်သားကိုင်
နင်တို့ ကြက်ဖ ရှုံးရှုံး၊ ကြေးဖလား နဲ့ ကြက်ချေးတုံး..
တဲ့။

တကယ်က ကြေးဖလား နဲ့ ကြက်သားတုံး ဖြစ်ရမှာ ထင်တယ်။ ကိုယ်လဲ ဖျက်ဆိုတာကို စွဲနေလေတော့ မူရင်းက ဘာမှန်းတောင် မသိတော့ဘူး ဖြစ်နေတယ်။ ကိုယ်ကြီးလာလို့ အမေ့ကျောင်းမှာ ဆရာမပြန်လုပ်ရင်း ကလေးတွေကို ဒီကဗျာလေး ပြန်သင်ပေးတော့ ကြက်ချေးတုံး လို့ပဲ ဆိုဆို မိနေလို့ အဲဒီနေရာရောက်ရင် ပါးစပ်ပိတ်ထားရတော့တာ။

နောက်ထပ်လဲ ကိုယ်တို့တွေ ဆိုကြတာ ရှိသေးတယ်။

ကတုံးပြောင် အုန်းမောင်
တောင်ပေါ်တက် ဇီးကွက်
ရေထဲကျ ငါးပြေမ ..
တဲ့။

တောင်ပေါ်တက်တော့ ကတုံးက ဘယ်လို ဇီးကွက်ဖြစ်သွားသလဲတော့ ကိုယ်မသိဘူး။ ဆိုလို့ ကောင်းနေတာတော့ အမှန်ပဲ။ တခါကများ အဲဒီလို ဆိုကောင်းတုန်း ကိုယ်တို့ အိမ်ဘေးက အံတီက လာပြောရှာတယ်။ အဲဒီကဗျာ မဆိုပါနဲ့ သမီးတို့ရယ်၊ ဘာဖြစ်လို့ဆိုတော့ အံတီ့အဖေနံမည်က ဦးအုန်းမောင် ဖြစ်နေလို့ပါ တဲ့။

နောက်ပြီး ငယ်ငယ်က မွေးနေ့တွေနဲ့ ပတ်သက်ပြီး ပေါက်ကရ ကဗျာလေးလဲ ဖျက်ဆိုလိုက်သေးတယ်။ အဲဒါက

တနင်္ဂနွေ ဂဠုန်၊ ချီးတွေ ငုံ
တနလာင်္ ကျား၊ နတ်ပြည် သွား (ကိုယ်က တနလာင်္ သမီးကိုး)
အင်္ဂါ ခြင်္သေ့၊ ချီးတွေ တွေ့
ဗုဒ္ဓဟူး ဆင်၊ ချီးတွေ နင်
ကြာသပတေး ကြွက်၊ ချီးတွေ လျက်
သောကြာ ပူး၊ ချီးတွေ လူး
စနေ နဂါး၊ ချီးတွေ စား
… ဆိုပဲ။

ကိုယ့်နေ့နံ တခုသာ အကောင်း လုပ်ပစ်လိုက်တာပါ။ ကျန်တဲ့ နေ့သမားတွေ အကုန် ချီးနဲ့ တွေ့လိုက်၊ ငုံခိုင်းလိုက်၊ စားခိုင်းလိုက်၊ လူးခိုင်းလိုက် နဲ့ တချို့ဆို စားလို့ နင်တောင် နင်နေရော ဆိုပါ့လား။ ဆိုးတယ် ပြောရမှာပေါ့နော်။

ကလေးဆိုတော့လဲ ချီးလို့ ပြောလိုက်ရင်ကို အတော် ရင့်သီးသွားပြီ ထင်တော့တာလေ။ ဒါ့အပြင် ပေါက်ကရဆို ဥာဏ်နီဥာဏ်ဝါလေးတွေကလဲ အသားကုန် ထွက်တာ ဆိုတော့ ဒါမျိုးတွေ ခု ကြီးတဲ့အထိလဲ မှတ်မိနေသေးတာ။

နောက်တခါ အုပ်စုလိုက် ၀ိုင်းထိုင်ပြီး ခေါင်းပုတ်တမ်း ကစားရင်လဲ ဘိုကျားသေနတ် ဆွဲရမှာကို ကောင်းကောင်း မဆွဲဘူး။ သူ့အလှည့် ကိုယ့်အလှည့် အချင်းမများရအောင် ကဗျာလေးနဲ့ မဲ ချ လိုက်သေးတာပါ။ အဲဒီလေးက

အီး အီး ဘယ်သူပေါက်
နင် ပေါက်
ပေါက်တဲ့လူ မှန်မှန်ပြော
အီးဘွတ်တရားဟော
ဟောလို့ မသေ
သံပုရာရည်
ဘွတ် ရွှတ် ဒိုင်း………
တဲ့။

ဒိုင်း ကျတဲ့သူက ခေါင်းငုံ့ပြီး ခေါင်းပုတ်တမ်း ဆော့ကြရတာ။ ခေါင်းပုတ်တမ်းဆော့တာ အီးပေါက်တာနဲ့တော့ မဆိုင်ဘူး ထင်တယ်လို့ ကြီးလာမှ တွေးမိပေမဲ့လဲ အချိန်က နှောင်းသွားပါပြီ။ ကိုယ်ငယ်ငယ်က အကြိမ်ပေါင်း များစွာ ရွတ်ပြီးသွားပြီလေ။

ဒီလိုမျိုး ပြောလို့ ကိုယ် ငယ်ငယ်က တော်တော် ဆိုးခဲ့ ပေခဲ့တယ်လို့ ထင်သွားမှာလဲ စိုးမိသား။ အဲဒီလိုတော့လဲ စာဖတ်သူတွေကို မထင်စေချင်ပါဘူး။ တကယ်က ပျော်ရွှင်တဲ့ ကလေးဘ၀လေး ရခဲ့တယ်လို့သာ ကိုယ့်ဖာသာကိုယ် ဖြေတွေးတွေးလိုက်ရတာပဲ။

စာဖတ်သူတွေ ဆိုခဲ့တဲ့ အဲဒီလို ပေါက်ကရ ကဗျာလေးတွေကိုလဲ ကွန်မန့်မှာ ရေးပေးခဲ့ရင် ကျေးဇူးတင်မိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီမ ဇီဇ၀ါက မှတ်တမ်းလေး ပြုစုထားချင်လို့ပါတဲ့။
ကဲ ကလေးဘ၀ကို ခဏ ပြန်ရောက်ကြပါစို့လေ။


မိုးချိုသင်း

Monday, July 6, 2009

သမိုင်းရေးသူများ

အဲဒီအချိန်တုန်းက ကိုယ် ၃နှစ်သမီး လောက် ဖြစ်လိမ့်မယ်။
လမ်းကို တောက်တက် တောက်တက် လျှောက်ပြီး အိမ်ထဲမှာ လျှောက်သွားနေတာ။ ကလေးပီပီ လူကြီးတွေ လုပ်သမျှ လိုက်စူးစမ်း လိုက် မှတ်နေချိန်ပေါ့။

ကလေးဆိုတော့လဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေတာတွေ လိုက်ပြောနေတော့တာလေ။ အဲဒီတုန်းက နားမလည် ပါးမလည် ဆိုဆိုနေတာက “ဦးသန့် ဗိမ္မာန် တည်ဆောက်ရေး ဒို့အရေး ဒို့အရေး” တဲ့။ ကိုယ် ဒီလို အော်လိုက်တိုင်း ကိုယ့်ကိုထိန်းတဲ့ အမကြီးက လူကြားထဲကနေ ကိုယ့်ကို ပွေ့ချီသွားရတာ။ ကိုယ်က ယက်ကန် ယက်ကန်နဲ့ ပါသွားရင်း အော်နေသေးတာ တဲ့။ အမေက ပြုံးရင်း နောင်တော့ ပြန်ပြောပြတယ်။

ဟုတ်တယ်။ ကိုယ်တို့ငယ်ငယ်က တက္ကသိုလ်ဝင်းထဲက ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တွေမှာ မွေးခဲ့၊ နေခဲ့၊ ကြီးပြင်းခဲ့ရတော့ ဒါမျိုးတွေနဲ့ ရင်းနှီးခဲ့ရတာ မဆန်းတော့ဘူး။ အဲဒီတုန်းက အဖေက ကိုယ့်ကို ချီပြီး ကျောင်းထဲမှာ ကျောင်းသားတွေ ဟောကြတဲ့ ဟောပြောပွဲတွေကို သွားနားထောင်တတ်တယ်။ ကိုယ့်ငယ်ဘ၀မှာ အကျီင်္အဖြူလက်ရှည်ကို လက်ခေါက်ထားပြီး ကချင်ပုဆိုးဝတ်ထားတဲ့ လူငယ်လေးတွေဟာ အမြဲ လေးစားစရာ ကောင်းနေခဲ့တယ်။

တခါက မှတ်မှတ်ရရ ကိုယ်တို့အိမ်ရဲ့ ၀ရန်တာလေးမှာ အမေက ကုလားထိုင်လေးနဲ့ စာအုပ်ဖတ်နေတယ်။ ကိုယ်တို့တအိမ်လုံး အားလုံး တိုးတိုးတိတ်တိတ်ဖြစ်နေတာ ကလေးဖြစ်တဲ့ ကိုယ်တောင် ရိပ်မိနေတယ်။ ကိုယ်တို့အိမ်ရှေ့မှာ စစ်သား၀၀ကြီးတယောက်။ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာ။

ကိုယ်ကလဲ အေးအေးဆေးဆေး စာဖတ်နေတဲ့ အမေ့ဘေးမှာ ဆော့နေမိတာ ထင်တယ်။ တော်ကြာနေတော့ စစ်သားကြီးက အိမ်သာ တက်ချင်လိုက်တာ တဲ့၊ မထိန်းနိုင်တော့သလို လက်နှစ်ဖက်ကို စုံခါပြီး အိမ်ရှေ့မှာ လျှောက်နေတယ်။ ကိုယ်ကလဲ အမေ့ကို တလှည့်၊ သူ့ကို တလှည့် ကြည့်လို့။ သူများကို အမြဲကူတတ်တဲ့အမေက ဘာဖြစ်လို့ တံခါး မဖွင့်ပေးပါလိမ့်။

အမေက စာအုပ်ကို ပိတ်၊ အေးအေးဆေးဆေးပဲ အိမ်ထဲကို ၀င်သွားတယ်။ လာ လာ သမီး၊ အိမ်ထဲကို ၀င် တဲ့။ နောက်တော့မှ ကိုယ် နားလည်ရတာ။ ကိုယ်တို့ အိမ်သာရဲ့ အပေါ် ထပ်ခိုးမှာ၊ ကိုယ်တို့ အိမ်အောက်မှာ တိတ်တိတ်လေး ပုန်းနေကြတဲ့ အသက်ကိုတောင် ပြင်းပြင်း မရှူရဲတဲ့ ပြေးလာကြတဲ့ ကျောင်းသားတွေ၊ ဦးပဉ္ဖင်းတွေ။

စစ်ဖိနပ်တွေနဲ့ လားလားမှ မဆိုင်တဲ့ တက္ကသိုလ်မြေကို နေ၀င်း စစ်တပ်က စီးနင်းခဲ့ပြီလေ။

လက်နက်ရှိတဲ့လူတွေရဲ့ အနိုင်ကျင့်မှုက ပြေးခဲ့ရလို့ တချို့က ခြေထောက်တွေ ကွဲ၊ သွေးတွေဖြာကျလို့။ အိမ်နောက်ဖေး တံခါးကို လျင်လျင်မြန်မြန်ပဲ ဖွင့်လိုက်ကြတယ်။ အိမ်ထဲကို တချို့ သုတ်သုတ် ၀င်လာပြီး ထပ်ခိုးပေါ်တက်၊ ကုတင်အောက်ထဲ ၀င်ပြီး ငြိမ်ငြိမ်လေး သူတို့နေကြတယ်။

ညီမလေး..အကိုတို့ကို ရေလေး တခွက်လောက် တိုက်ပါ တဲ့။ ကိုယ်က ကလေးပီပီ ပြေးပြီး သောက်ရေအိုးစင်က ရေကို ကြေးခွက်လေးနဲ့ ခပ်၊ အိမ်အောက်မှာ ပုန်းနေတဲ့ အကိုကြီး အမကြီးတွေဆီ သွားပေးရတယ်။ ဒါကို အမတွေက ဧည့်သည်တွေလာမှ ထုတ်တိုက်တဲ့ ဖန်ခွက် အသစ်တွေ ထုတ်၊ ရေစင်စင်ဆေးပြီးမှ ရေထည့်တိုက်တယ်။

အဲဒီအချိန်မှာပဲ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသံတွေ မိုးခြိမ်းသံလို ကြားလိုက်ရတယ်။ တခြားနေရာမှာ ပုန်းနေကြတဲ့ ကျောင်းသားလေးတွေ တချို့ မိကုန်ပြီလေ။ ကိုယ်တို့လဲ ကြောက်လိုက်၊ စိတ်ပူလိုက်တာ မပြောပါနဲ့တော့။ ဘာနဲ့မှ မတူတဲ့ ဆိုးဝါးတဲ့ ခံစားမှုတွေပါပဲ။

ဟေ့ကောင်တွေ ထွက်ခဲ့စမ်း။ တော်တော်အလုပ်ရှုပ်တဲ့ ကောင်တွေ၊ ချစမ်းကွာ၊ ဆော်စမ်းကွာ။ မင်းလားကွ ဒို့အရေး အော်တာ။ မင်းလားကွ ကျောင်းသား သမဂ္ဂ အဆောက်အဦ ဆောက်ချင်တာ။ မင်းလားကွ သမဂ္ဂဖွဲ့ချင်တာ။ လုပ်ချင်အုံး၊ အော်ချင်အုံး တဲ့။

ခုနက ဥာဏ်ဆင်ပြီး အိမ်သာတက်ချင်လွန်းတဲ့ စစ်သား၀၀ကြီးက မျက်နှာလိုအားရ သေနတ်ဒင်နဲ့ ချတယ်။ ခေါင်းမှာ သွေးတွေက ဖြာကနဲ။ အိမ်အောက်မှာ ပုန်းနေတဲ့ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ ကိုယ်တို့ ခြံထိပ်မှာ ရပ်ထားတဲ့ ကားအပြာကြီး ထဲ ထိုးကြိတ်ပြီး သူတို့ ထည့်လိုက်ကြတယ်။

“အိမ်ထဲမှာ ဖွက်ထားတာရှိရင် ထုတ်၊ ဖွက်ပေးထားတဲ့လူပါ ဖမ်းမှာနော်” တဲ့။ ကိုယ့်အမေက သူ့မျက်နှာကို ခပ်အေးအေးပဲ ကြည့်နေခဲ့တယ်။ အိမ်တံခါးကတော့ ဧည့်ဆိုးတွေအတွက် သော့ခတ်ထားဆဲ။

လူခြေပါးချိန်မှ အဖေ့အ၀တ်အစား တွေ ထုတ်၊ ထပ်ခိုးပေါ်က ကျောင်းသားတွေကို အကျီ င်္လဲစေတယ်။ သူတို့ အကျီ င်္တွေက ချွေးတွေ ရွှဲပြီး ညစ်ပတ် ပေကျံနေတာလေ။ ဖိနပ်မပါဘဲ ပြေးလာကြတဲ့အတွက် အိမ်မှာ ရှိတဲ့ ဖိနပ်တွေ ပေးလိုက်ကြတယ်။ အဖေက လက်ဆွဲပြီး တယောက်ချင်း ခေါ်၊ အိမ်ကို လာလည်တဲ့ ဧည့်သည်တွေ ပြန်လိုက်ပို့သလိုလို နဲ့ ဆရာဆောင် နောက်က တက္ကသိုလ်ဘော်လုံးကွင်းကတဆင့် လွတ်ရာ ကျွတ်ရာကို ပို့ပေးလိုက်တယ်။

ကိုယ်တို့ အိမ်နီးနားချင်း ဆရာ၊ ဆရာမတွေ အိမ်မှာလဲ တချို့က ၅ယောက်၊ တချို့က ၃ယောက်။ ညနေစောင်းမှ၊ တိတ်တိတ်ဆိတ်ဆိတ် စိတ်ချရပြီဆိုမှ လွှတ်လိုက်ကြတယ်။ တယောက်နဲ့ တယောက် နားလည်တဲ့ အကြည့်တွေနဲ့။ ဘယ်သူက ဘယ်လို ဖွက်ထားပေးကြတာ ပြောမနေကြဘူး။ အားလုံးရဲ့ မျက်ဝန်းမှာ ကိုယ့်သားသမီးတွေ ဘေးကင်းရာမှ ရောက်ပါ့မလားလို့ စိုးရိမ်ပူပန်စိတ်တွေက အထင်းသား။

အဲဒီအချိန်တုန်းက ကျောင်းသားတွေက ကိုယ်တို့ ဦးလေး အဒေါ်တွေ အရွယ်။ နောက် ကိုယ်တို့ အကိုတွေ အမတွေ အရွယ်၊ နောက် ကိုယ်တို့ ညီတွေ ညီမတွေ အရွယ်။ ခေတ်အဆက်ဆက် ကျောင်းသူ ကျောင်းသားတွေဟာ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ခဲ့ကြတယ်။ အာဏာရှင်စနစ်ကို လက်မခံကြောင်း သတ္တိရှိရှိ သူတို့ပြခဲ့ကြတယ်။

+++++++++++++++++++++++++++

ကိုယ်တို့ခေတ်မှာ နိုင်ငံကို ချစ်လို့ ကိုယ်ကျိုးစွန့် နေကြတဲ့ သူရဲကောင်းတွေ အများကြီး။ တဦးချင်းစီကို မှတ်တမ်းတင်ဖို့ရာ ကိုယ့်နှလုံးသားက ကျယ်ပြန့် နွေးထွေးပါတယ်။ အဲဒီအထဲက ကိုယ်နဲ့ တခါမှ အပြင်မှာ မတွေ့ဖူး၊ လူချင်း မသိပေမဲ့ သူ့လုပ်ရပ်တွေကို စိတ်ထဲမှာ စွဲနေမိတဲ့ ကျောင်းသားခေါင်းဆောင် တယောက်အကြောင်း ရေးချင်မိတယ်။

သူက ကိုဌေးကြွယ်။ အသား ညိုညို၊ အပြုံး ကြည်ကြည်နဲ့ ခပ်ပိန်ပိန်ပါးပါး လူတယောက်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တယောက်။ ၈၈ အရေးတော်ပုံကနေ လူထု တိုက်ပွဲထဲကို ရဲရဲရင့်ရင့် ပါဝင်လာခဲ့သူ တယောက်။

သူ့ရဲ့ လူငယ်ဘ၀မှာ ဂစ်တာတီးရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ သီချင်းနားထောင်ရင်း ပျော်ပျော်ရွှင်ရွှင် ကုန်မဲ့အချိန်တွေထဲ တိုင်းပြည် စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် သူ့အချိန်တွေကို ဖဲ့ပေးခဲ့သူတွေထဲက တဦးပေါ့။ တန်ဖိုးရှိတဲ့ ငယ်ဘ၀ အချိန်တွေထဲမှာ ဆယ်စုနှစ်တနှစ်ကျော် ကြာအောင် (၁၄နှစ် ကျော်) ထောင်ထဲမှာ နေခဲ့ရပြီးသူ။ အခုလက်ရှိလဲ နောက်တကြိမ် ထောင်နန်းစံနေရသူ။

ကိုယ် သူ့ကို လူချင်းတော့ မသိခဲ့ဘူး။ တွေ့ဖို့လဲ အကြောင်းမတိုက်ဆိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ စကားတွေ၊ ဆွေးနွေးချက်တွေက တဆင့် သူ့ကို သိခဲ့ရတယ်။ သူရဲ့စကားတွေက ပျော့ပြောင်းတယ်၊ ဒါပေမဲ့ သူ့ခံယူချက်က ပြတ်သားတယ်။ သူ့မှာ တိုင်းပြည်အေးချမ်းဖို့ အတွက်ဆိုရင် ရန်သူကိုလဲ မိတ်ဆွေလို လက်ခံနိုင်တဲ့ အမြင်ရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ သူ့ရပ်တည်ချက်ကို အလျော်အစားပေးမဲ့သူမျိုး မဟုတ်တာလဲ သေချာတယ်။

နိုင်ငံရေးဆိုတာ ရှုပ်ထွေးချင် ရှုပ်ထွေးမှာပဲ။ အယူအဆ တိုက်ပွဲတွေ ကိုယ့် အချင်းချင်းကြားမှာ ဖြစ်ချင်ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်နဲ့ သူတို့ သွေးစည်း ခဲ့ကြတယ်။ ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ပြည်သူတွေအဖို့ မွေးရကျိုးနပ်တဲ့ သားကောင်းရတနာတွေ ဖြစ်ခဲ့ပါတယ်။



“၈၈ မျိုးဆက်ဟာ ဘာတွေလုပ်ခဲ့လဲလို့ ပြောရင် ကျနော်တို့ဟာ အငြိမ်းချမ်းဆုံးနဲ့ အညင်သာဆုံး အသွင်ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျနော် ခိုင်ခိုင်မာမာ ပြောလိုပါတယ်” လို့ ကိုဌေးကြွယ်က သူတို့သဘောထားကို အဓိပ္ပါယ် ဖွင့်ခဲ့တာပါ။

ဆန္ဒက ဒီလိုဆိုပေမဲ့ အခြေအနေက မပေးလာခဲ့ရင်လဲ ပြတ်ပြတ်သားသား ဆုံးဖြတ် ပြောဆိုခဲ့တယ်။ “တခြားရွေးစရာ လမ်းမရှိတော့ဘူး ဆိုရင်တော့ အရိုးတွေ တောင်လိုပုံမှပဲ တည်ဆောက်လို့ရတော့မယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ မျိုးဆက်သစ်တွေဟာ ပေးဆပ်ဖို့ အဆင်သင့်ပါပဲ” တဲ့။

သူ အမှာစကား ပါးလိုတာက “ဒိထက်ပိုပြီး ညီညွတ်မယ်၊ ဒိထက်ပိုပြီး ကြိုးစားမယ်၊ ဒိထက်ပိုပြီး ရဲရင့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်ကို ပျက်သုဉ်းရမယ်ဆိုတာ သေချာပါတယ်” တဲ့။

ကိုယ်သူ့ကို အမှတ်ရဆုံးနဲ့ အလေးစားမိဆုံး အချိန်တွေ ပြောပြချင်သေးတယ်။ အဲဒီအချိန်တွေက ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတုန်းကပါ။ အဲဒီတုန်းက လောင်စာဆီ သပိတ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ လမ်းလျှောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေချိန်။ လူထုခေါင်းဆောင် ကလည်း နေအိမ်အကျယ်ချုပ် ကျနေချိန်။

အဲဒီအချိန်မှာ စစ်တပ်က လက်ဦးမှု ယူပြီး ကျောင်းသားခေါင်းဆောင်တွေ၊ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို တညတည်းမှာပဲ ဖမ်းဆီးလိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကိုဌေးကြွယ် ကံကောင်းထောက်မစွာ အဖမ်းမခံခဲ့ရဘူး။ ရှောင်တိမ်းနေခဲ့တာပါ။

လူထုကလဲ အထွေထွေ အကြပ်အတည်းကြောင့် မကျေနပ်ဘူး။ မီးခဲပြာဖုံး အခြေအနေ။ စနက်တံကို မီးရှို့မဲ့သူ လိုနေတယ်။ ပြတ်သားတဲ့ ခေါင်းဆောင်မှု အရေးတကြီး လိုနေပါတယ်။ လူထုက အကြောက်တရားတွေ၊ ဖိနှိပ်မှုတွေရဲ့ အောက်က မရဲတရဲ ခေါင်းပြူပြီး ကြည့်နေတဲ့အချိန်မှာ ခေါင်းဆောင်တွေ ပါသွားတော့ ဘယ်လိုနေမလဲ စဉ်းစားသာ ကြည့်ပေတော့။

အဲဒီအချိန်မှာ ပြည်သူက သူ့ကို လိုအပ်ခဲ့တယ်။ လိုအပ်တဲ့အတိုင်း ကိုဌေးကြွယ်က ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။ မမီးမီးက လူထုရှေ့က ရပ်ခဲ့တယ်။ မနီလာသိန်းက ရှေ့ဆုံးကနေ ပါခဲ့တယ်။ သာသနာကို စောင့်ရှောက်တဲ့ သံဃာင်္တော်တွေကို ငြိမ်းချမ်းစွာ မေတ္တာပို့နိုင်ဖို့ လူထုကို မေတ္တာရပ်ခံရင်း စည်းရုံးခဲ့တယ်။ သူတို့အသံတွေ လေလှိုင်းမှာ ပျံ့လွင့်နေခဲ့တယ်။ မေတ္တာပို့သံနဲ့ လွှမ်းခြုံတဲ့၊ မတရားတာကို ဆန့်ကျင်တဲ့ လှပမှုတခု ဖြစ်ခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ရင်းနှီးသမျှ ပေးဆပ်သမျှဟာ သဲထဲ ရေသွန် ဖြစ်သွားမှာ မဟုတ်ဘူး။ အချည်းနှီး မဟုတ်ဘူး။ လူမိုက်တွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ နိုင်ငံရဲ့ စနစ်တခုကို ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေရဲ့ လေးနက်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်” လို့ ကိုဌေးကြွယ်က ရိုးသားစွာ ပြောခဲ့တာ ကိုယ့်နားထဲ စွဲနေခဲ့တာပါ။ သူ့ရဲ့ လွတ်မြောက်ခြင်းဟာ အမှန်တရား ရှင်သန်ခြင်းပါ။

အဲဒီအချိန်တွေဟာ ကိုဌေးကြွယ်ရဲ့ အခက်အခဲဆုံးအချိန်တွေထဲက တခု ဖြစ်မှာ အသေအချာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူသိပ်ချစ်တဲ့ သူ့အမေက သူ့ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ရင်ဆိုင်နေရလို့ပါပဲ။ ကိုဌေးကြွယ်ရဲ့ အသံတွေကို ပြည်သူတွေ ရေဒီယိုတွေက နားထောင်နေသလို သူ့အမေကလဲ အိပ်ယာထဲကနေ နားထောင်ရင်း သူ့သားလေး လွတ်မြောက်နေသေးတယ်လို့ စိတ်မှန်းနဲ့ သိနေရသူပါ။

အမေချစ်တဲ့ သား..။ သူ့လိုအပ်ချက်တွေကို အရိပ်ကြည့် ဖြည့်ဆည်းပေးနေသူ အမေ..။ အမေ့ နောက်ဆုံး အချိန်မှာ ဘယ်လို စိတ်နဲ့များ အဝေးမှာ နေနိုင်ပါလိမ့်မလဲ။ အပြေး လာတွေ့ချင်မှာပေါ့။ လွတ်လွတ်လပ်လပ် သားအမိ တွေ့ခွင့်၊ ပြုစုခွင့်ကို တမြို့တည်း နေနေရပေမဲ့ အာဏာရှင်စနစ်ကြီးက တံတိုင်းခြားလိုက်တယ်။ တိုင်းပြည်ချစ်စိတ်နဲ့ ဘ၀ကူးခါနီး အမေရဲ့ ဝေးရာမှာ အလုပ်လုပ်ရင်း နေခဲ့ရတယ်။

သူ့ဓာတ်ပုံတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်းရဲ့ နေရာ အနှံ့အပြားမှာ ကပ်ပြီး ဆုငွေ ထုတ်စေကာ အာဏာရှင်ရဲ့ နံပါတ် (၁) ရန်သူ ဖြစ်ကြောင်း သိသာစေခဲ့တယ်။

နောက်တော့ အမေနားထောင်နေကျ ရေဒီယိုလေးဟာ အသံတိတ်သွားခဲ့ပြီ။ မီးပျက်လို့၊ ရေဒီယိုပျက်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူ့သားလေးရဲ့ သတင်းဆိုးကို အမေ့ကို ဖုံးကွယ်ေ၀၀ါး မှောင်ချလိုက်ကြတယ်။ အမေ သိပါတယ်။ ကောင်းကောင်း ရိပ်မိပါတယ်။ “အော်..ဒီကလေးကို အမေ ဘာလို့များ မွေးမိပါလိမ့်၊ ဒုက္ခရောက်လိုက်ရရှာတဲ့ သားရယ်” လို့ အိပ်ယာထဲက ရေရွတ်ရှာသတဲ့။ နောက်တော့ အမေ ရှင်ရက်နဲ့ ပြန်တွေ့ခွင့် မသာတော့ပါဘူး။

ခက်ခဲကြမ်းတမ်းတဲ့ သူရဲကောင်း မှတ်ကျောက် စစ်ကြောရေးစခန်း အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးချိန်မှာ သူချစ်တဲ့ သူငယ်ချင်းရဲဘော်တွေနဲ့အတူ နိုင်ငံတော်က ကိုဌေးကြွယ်ကို ဆုတံဆိပ် ချီးမြှင့်လိုက်တယ်။ ရခိုင်၊ ဘူးသီးတောင် ထောင်မှာ ထောင်ဒဏ် (၆၅)နှစ် တဲ့။

++++++++++++++++++++++++++++++++++++++++

ဒီနေ့ဟာ ဇူလိုင် (၇)ရက်နေ့။ ခေတ်အဆက်ဆက်က ကျောင်းသားတွေဟာ မတရားတဲ့ အာဏာရှင်စနစ်ကို အဆင့်ဆင့် ပုခုံးပြောင်း ဆန့်ကျင် တော်လှန်ခဲ့ကြတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီးကို အာဏာရှင် နေ၀င်း အစိုးရအဖို့ သူပုန်စခန်းရယ်လို့ မှတ်ချပြု အငြိုးထား၊ ဒိုင်းနမိုက်နဲ့ ဖြိုချခဲ့တဲ့ ဖျက်မရတဲ့ သမိုင်းအမည်းစက်ဟာ ဒီနေ့ပေါ့။

ဒီနေ့မှာ ကိုယ်ဟာ သူရဲကောင်းတွေ ပေါများလှတဲ့ ကိုယ်တို့တိုင်းပြည်က အညတရ သူရဲကောင်းလေးတွေကို ဦးညွှတ် အလေးပြု လိုက်ပါတယ်။ သူတို့အသက်၊ သွေး၊ ချွေးတွေ၊ သူတို့စွန့်လွှတ်မှုတွေကြောင့် သူတို့ချစ်တဲ့ အမှန်တရားဟာ တနေ့တော့ အရာထင်လာရမှာ ဧကန်မုချပဲ။

ကိုယ်တို့ရဲ့ ခေတ်အဆက်ဆက် သူရဲကောင်းမှတ်တမ်းကြီးမှာ သူတို့ဟာ သူတို့နံမည်လေးတွေကို ထွင်းထု သွားခဲ့ပြီ။
ကိုယ်တို့ထက် ကြီးတဲ့လူကြီးတွေက ဒီမှတ်တမ်းကြီးကို အသိအမှတ်ပြု လေးစားသမှုနဲ့ ရင်မှာ အပ်ကြလိမ့်မယ်။
ကိုယ်တို့တတွေကတော့ ချစ်ခင် လေးမြတ်မှုတွေနဲ့ အရိုအသေ ပေးရလိမ့်မယ်။
ကိုယ်တို့ထက်ငယ်တဲ့ လူငယ်တွေကလဲ အားကျ ကြည်ညိုစိတ်တွေနဲ့ မှတ်တမ်းကြီးကို ဆက်ဖတ်ကြ၊ ဆက်ရေးကြလိမ့်မယ်။

မှတ်တမ်းတခုလုံး မျက်ရည်တွေ သွေးတွေ စွန်းပေလို့ပါလား။ ။



မိုးချိုသင်း

(စာပါ အင်တာဗျူး အချက်အလက်များကို အင်တာနက် သတင်းဝက်ဘ်ဆိုက်ဒ်များမှ ယူပါသည်။)

Wednesday, July 1, 2009

Kick Boxing

တလောက ဆရာဝန် သွားပြပါတယ်။
ဆရာဝန်က ထုံးစံအတိုင်း လိုအပ်တာတွေ မေးမြန်းရင်း နောက်ဆုံး ဘူတာဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ဆီးချိုကို ထိန်းဖို့ ပြောတယ်။ အဲဒီတော့ ကိုယ်ကလဲ အားကျမခံ ကိုယ် လေ့ကျင့်ခန်းလုပ်နေပြီ ဖြစ်ကြောင်း ပြောပြလိုက်တာပေါ့။

ဆရာဝန်မျက်နှာက ၀င်းပသွားတာ အတော် သိသာတာပါ။ လေ့ကျင့်ခန်းလုပ်ဖို့ ပြောတိုင်း အမြဲ ဟိုကွေ့ ဒီရှောင် လုပ်နေရာက အခုတော့ ကျောက်ခဲ ရေ ပေါ်ပြီဆိုပြီး ၀မ်းသာအားရ ဖြစ်သွားတာ ဖုံးမရဘူး။ ဒါနဲ့ ပြုံးရင်း တပတ်ကို ဘယ်နှစ်နာရီ လုပ်သလဲ တဲ့။ ကိုယ်ကလဲ တက်တက်ကြွကြွပဲ ဖြေလိုက်တယ်။ ၁ နာရီ လို့။

ဒေါက်တာလဲ အပေါ်ကိုရောက်ပြီးမှ အောက်ပြန်ပြုတ်ကျသလိုပဲ။ မျက်နှာမပျက်အောင် အတော် ထိန်းထားလိုက်ရပုံပါ။ တကယ်က သူကြားချင်တာ တနေ့ကို တနာရီ ဖြစ်မှာပေါ့။ ကိုယ်က တပတ် တနာရီဆိုတော့ စားကောင်းသောက်ကောင်းရုံ လုပ်တာလို ဖြစ်နေတာ။

ဟိုးတခါက Zumba သွားသင်တာ ကိုယ် ရေးဖူးပါတယ်။ Zumba ဆိုတာ ပေါ့ပေါ့ပါးပါး သီချင်းလေးနဲ့ က သလို လေ့ကျင့်ခန်း လုပ်တာမျိုးပါ။ အစ ပထမမှာတော့ ကိုယ်လဲ စိတ်ညစ်ညစ်နဲ့ ကြိုးစားလုပ်ရတာမို့ တပတ် တနာရီလောက် သွားလုပ်ဖို့ကို အတော် စဉ်းစားရတာ။ အခုတော့ ပျော်သလိုလို ရှိပြီ။

သင်တန်းဆရာမကလဲ ကိုယ့်ကို ကောင်းကောင်း မှတ်မိနေပြီ။ ကိုယ်ကလဲ တချိန်လုံး သူ့ကို စိုက်ကြည့်ပြီး ကြိုးစားလိုက်လုပ်ပါတယ်။ ဆရာမလဲ ကိုယ့်အကြည့်ကို အတော် ရှောင်ရှာပါတယ်။ သူကြည့် ကိုယ်ကြည့် လုပ်မိရင် ကိုယ်တလွဲလုပ်နေတာတွေ တွေ့ပြီး ရီမိမှာ စိုးလို့ ထင်ပါရဲ့။

အခု နောက်ပိုင်းတော့ သူ လက်မြှောက်ရင် ကိုယ်က ခြေမြှောက်တာမျိုး၊ သူက ရှေ့ကိုပြေးရင် ကိုယ်က နောက်ကို ပြန်ပြေးနေတာမျိုး မတွေ့ရတော့လို့ တိုးတက်တယ် ဆိုနိုင်ပေမဲ့ သူထိုင်ရင် ကိုယ် ထ နေတတ်တာမျိုးတော့ မြင်နေရသေးလို့လေ။

ကိုယ်ကလဲ မိန်းကလေးချည်း လုပ်နေတာဆိုတော့ စိတ်ချပြီး အခုဆိုရင် အတော်ရဲလာပြီ ပြောရမှာပေါ့။ တခါတလေ နောက်ဆုံးမှာ လုပ်နေရာကနေ အရဲကိုးပြီး ရှေ့တွေဘာတွေ တက်လာသေးတာ။ တောသား ရဲ တော့ ဆွဲထုတ်ရသလို ဖြစ်နေမစိုးလို့ နောက်မှာ ပြန်ပြန် နေရသေးတယ်။

တနေ့တော့ ကိုယ်တို့ Zumba အခန်းထဲကို ယောကျာင်္းကြီးတယောက် လာတက်တာ တွေ့ရတယ်။ ကိုယ့်မှာ မိန်းကလေးချည်းမို့ ပျော်မယ် ကြံကာရှိသေး၊ ဒီလူကြီးကြောင့် ပျော်တဲ့စိတ်ကလေး ပြန်ငုပ်သွားရ ပြန်ပါပေါ့။ လူကြီးက အသက်ကြီးကြီး၊ ဆံပင်က ဖြူလှပါပြီ။ ဘာမှတောင် သိပ်လှုပ်နိုင်ပုံ မရပါဘူး။ ဒါတောင် မျက်မှန်အထူကြီးနဲ့ မိန်းကလေးကြား လှုပ်လီလှုပ်လဲ့ လာလုပ်နေသေးတာ။

ဘယ့်နှယ်ဟာကြီး လာတက်နေပါလိမ့်လို့ စိတ်ထဲမှာ အတော်ကသိကအောင့် ဖြစ်မိသေးတယ်။ လေ့ကျင့်ခန်း လုပ်ချင်ရင် သွားတက်ပါလား ကရာတေးတို့ ဂျူဒိုတို့။ ကူးစမ်းပါလား ရေကူးကန်ထဲမှာ မီတာ၂၀၀၀ လောက်။ လုပ်စမ်းပါလား တိုက်ကွမ်ဒို။ ဒီလောက်မှ ကျန်းမာရေး ၀ါသနာပါနေရင် သွားဂျွမ်းထိုးလိုက်အုံး။ ဘေးက ဗုံတောင် တီးပေးလိုက်အုံးမယ်။

အခုဟာက သူ့နေရာ သူမနေ၊ သူတို့ အလုပ် သူတို့မလုပ်၊ မိန်းကလေးတွေကြား ပြုံးဖြီးဖြီးနဲ့ ပုလင်းကွဲ မျက်မှန်ကြီးတပ်ပြီး နေရာတကာပါတယ်။ အခုတော့ ဆရာမကလဲ ဘာမှ ပြောနိုင်ပုံ မရဘူး။ သူ့ကို ပိုက်ဆံပေးထားတော့ ငြိမ်နေရတာ ဖြစ်မှာပေါ့။

အခုတော့ ပြေးလွှား က တဲ့အကွက်ရောက်ရင်လဲ သူက ကိုးလိုးကန့်လန့်။ အားလုံး ညီညီညာညာ ကနေချိန်မှာလဲ သူက ဟိုလျှောက်သလို ဒီလျှောက်သလိုလို။ မောလို့ပဲ မလိုက်နိုင်လို့ ရေသောက်နေရသလိုလို။ တကယ်က ဒီအဘဟာ ရိပ်သာမှာ ပုတီးစိပ်နေသင့်ပါပြီ။

တနေ့ကတော့ အဖော်ကောင်းတာနဲ့ အဲဒီဆရာမပဲ သင်တဲ့ boot camp တခုမှာ သွားစာရင်းသွင်းလိုက်တယ်။ ဆရာဝန်က လေ့ကျင့်ခန်းကို အချိန်တိုးလုပ်နိုင်ဖို့ ကြိုးစားပါဆိုတာလဲ ပါတာပေါ့။ kick boxing သင်မှာ တဲ့။ ကိုယ်လဲ အားကစား ၀ါသနာပါစ ပြုလာတာ ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်တော့ဘူး။ အဲဒီ kick boxing ကတော့ Zumba လို နုနုနယ်နယ် မဟုတ်ဘူး။ တကယ့် အကြမ်းပတမ်း။

ပထမတရက်မှာပဲ အတော်ပျာသွားတယ်။ တချိန်လုံး ခုန်နေရပြီး လက်သီးထိုးတဲ့ပုံစံ လုပ်နေရတာ။ မျက်နှာနားမှာ လက်သီး နှစ်ခု ကာပြီး ကိုယ့်ကိုယ်ကိုလဲ ကာကွယ်၊ ကိုယ်ကလဲ ပြန်ထိုးတဲ့ပုံစံမျိုး။ ကိုယ်လဲ အစ တော့ တက်တက်ကြွကြွပဲ။ နောက်တော့ ဟိုက်လာတာမို့ လက်ကို ဟန်ပါပါ မထိုးနိုင်တော့ဘူး။

အဲဒါကို ဆရာမက ငါးမျှားတံ ပစ်သလို ပျော့ပျော့လေး လက်ကို ကွေးလိုက် ဆန့်လိုက် လုပ်မနေနဲ့ တဲ့။ ထိုးစမ်းပါ အားရပါးရ။ ပင့် လက်သီး၊ ၀ိုက် လက်သီး၊ ဒါက ဖြောင့် လက်သီး တဲ့။ ဒါနဲ့ ကိုယ်လဲ စိတ်ကိုသွင်းပြီး ထိုးလိုက်တာ အဲဒီနေ့ ပြန်လာကတည်းက တပတ်လုံး လက်တွေ အောင့်ပြီး နာနေတာ ဘာမှကို မလုပ်နိုင်တော့ဘူး ဖြစ်သွားတယ်။

ကိုယ်က အပီအပြင်လုပ်မယ်ဆိုပြီး အားရပါးရ ထိုးနေတာ ပစ်မှတ်က ဟိုအဘမျက်နှာ မြင်ယောင်ပြီးတော့လေ။

အင်းးး အတော်စိတ်ပေါ့သွားတာတော့ အမှန်ပဲ။ နောက်နေ့လဲ သွားအုံးမှာ..။


မိုးချိုသင်း

Saturday, June 27, 2009

စစ် မဖြစ်ရာ မြေ

နေ့လည်က စာတိုက်ပုံးလေးထဲမှာ ပါဆယ်လေး တထုပ် ရောက်နေတယ်။ အပြာရင့်ရောင် အထုပ်ကလေး။
ဖွင့်လိုက်တော့ စာအုပ်ထူထူလေး တအုပ်။ စိုင်းခမ်းလတ်၏ သီချင်းများ တဲ့။ မျက်နှာဖုံးက ဆရာ စိုင်းခမ်းလိတ် ဂစ်တာတီးနေတဲ့ပုံ နဲ့။ သီချင်းတွေနဲ့အတူ မေတ္တာတွေ ထုပ်ပိုး ပို့လိုက်တဲ့သူက ညီမလေး နန်းခမ်းနွဲ့လိတ်။ ကိုယ် ကျေးဇူးတင် ၀မ်းသာလွန်းလို့ စာအုပ်လေးကို ရင်မှာ အပ်ထားမိလိုက်တယ်။

ဆရာ စိုင်းခမ်းလိတ်က ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်က အသက် ၆၀ ပြည့်ခဲ့ပါတယ်။ ဒီသီချင်းစာအုပ်လေးက ဆရာ့မွေးနေ့ အထိမ်းအမှတ်အတွက် ထုတ်တဲ့စာအုပ်လေးပါ။ နန်းဒေ၀ီစာပေက ထုတ်တာပါ။ ဆရာ ရေးစပ်ခဲ့တဲ့ သီချင်းအပုဒ်ရေ ၁၀၀၀ကျော်ထဲက သီချင်း ၃၄၆ ပုဒ် ပါတယ်။ အံ့သြဖို့ မကောင်းဘူးလား။ သီချင်းတပုဒ် လှလှပပ အဓိပ္ပါယ်ရှိရှိ ရေးဖို့တောင် ခဲယဉ်းလွန်းတာ သီချင်းအပုဒ် ၁၀၀၀ ကျော် တဲ့။ ဒါတောင် ပုံနှိပ်ခွင့် မရတဲ့ သီချင်းတွေ အများကြီး ရှိလိမ့်အုံးမယ်။

ကိုယ်တို့ငယ်ငယ် ကက်ဆက်တွေ စ ပေါ်စ က အဖေက ရေဒီယို အမြဲဖွင့်ထားလို့ ရေဒီယို သီချင်းတွေနဲ့ ရင်းနှီးနေခဲ့ရတယ်။ နောက် စတီရီယို သီချင်းတွေ..။ ကိုယ်တို့အိမ်မှာ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ကက်ဆက်ခွေလေးက စိုင်းထီးဆိုင် အခွေပဲ။ မန္တလေးရောက် ရှမ်းတယောက် တဲ့။ ကက်ဆက်ကာဗာက လက်ရေးလေးတွေနဲ့ ရေးထားတာ။ စိုင်းခမ်းလိတ် စာသားတွေနဲ့ စိုင်းထီးဆိုင်ရဲ့ အဆို။ နတ်ဖက်တဲ့ အတွဲပါပဲ။

အဲဒီအခွေကို အဖေက အပ်ကြောင်းထပ်လောက်အောင်ကို ဖွင့်တယ်။ နောက် ဘီးကလေးကို စီး သီချင်း။ စက်ဘီးလေးတွေ တွေ့တိုင်း အဲဒီသီချင်းကို သတိရမိသွားရလောက်အောင်၊ စက်ဘီးစီးတိုင်း မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောဘူး လို့ ဆိုမိရလောက်အောင် စွဲခဲ့တဲ့ သီချင်း။ နောက်များဆို ကိုယ်တို့သမီးလေးပါ ခေါ်မတဲ့၊ ဘီးရှေ့မှာ ခုံတပ်ပြီး လိုက်စေမတဲ့။ ဘယ်လောက် ရိုးသားပြီး ချစ်စရာကောင်းလိုက် တဲ့ မိသားစုလေးလဲနော်။

ငယ်ငယ်တုန်းက ကိုယ်တို့မောင်နှမတွေ အားရင် သီချင်းဆိုနေကြတာပဲ။ ဘာရယ် မဟုတ်၊ သီချင်းပေါင်းချုပ်တွေကိုင်ပြီး အိပ်ယာပေါ်မှာ လှဲရင်း ညီအမတတွေ ခေါင်းချင်းဆိုင် ဆိုကြတာပဲ။ အနှစ်နှစ်ဆယ် တေးပေါင်းချုပ်လဲ ပါရဲ့၊ စိုင်းထီးဆိုင် တေးပေါင်းချုပ်လဲ ပါရဲ့။ ကိုယ်တို့ညီအမတတွေထဲမှာ ကိုယ့်အထက်က အမဖြစ်တဲ့ မနှင်းက အသံ အကောင်းဆုံး။ မနှင်းက သီချင်း အဆိုတတ်ဆုံး။

အမေက မေရှင် သီချင်းတွေ ဆိုလေ့ရှိတယ်။ အမေ့အသံက အေးအေး ချိုချိုလေး။ အမေဆိုရင် ကိုယ်တို့ညီအမတွေက အိပ်ယာကြီးပေါ်မှာ လှဲရင်း ငြိမ်ငြိမ်သက်သက် နားထောင်ကြတယ်။ အမေက မေရှင့်သီချင်းတွေကို ချစ်သလို မေရှင့်ကိုလဲ ချစ်တယ်။ အပြင်မှာ မြင်ဖူးပုံတော့ မရဘူး။ အမေ ဆိုပြီးရင် မနှင်းက စိုင်းထီးဆိုင် သီချင်းတွေ ဆက်ဆို..။

အဲဒါဆိုရင် အဖေရော အမေပါ အတူ လိုက်ဆိုတတ်ကြတာ။ အဲဒီလိုဆိုပြီးရင် အဖေက သီချင်းစာသားလေးတွေ အဓိပ္ပါယ်ရှိရှိ လှတဲ့အကြောင်း ပြောမဆုံးဘူး။ ဘယ်နေရာလေးမှာ ဘယ်လိုလေး စပ်လိုက်တာ စသဖြင့်ပေါ့။ သုံးသွားတဲ့ အသုံးအနှုန်းလေးက ယဉ်ယဉ်ကျေးကျေးနဲ့ ချစ်စရာကောင်းပုံကိုလဲ ခံစားပြောပြတတ်တယ်။ အဖေ အကြိုက်ဆုံး သီချင်းကတော့ ခြင်္သေ့လည်ပြန် ထင်မိတယ်။

ဒါကြောင့် ငယ်ငယ်ကတည်းက ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတာ။ “နန်းခမ်းနွဲ့အတွက် သီချင်းတပုဒ်”ဆိုရင် ကိုယ်က ကိုယ့်ကို ကိုယ့်အဖေက ပြောနေသလို စိတ်ကူးယဉ်မိတာ။ ကိုယ်ရနိုင်သလောက်လေးကိုသာ ရောင့်ရဲပျော်ရွှင်တတ်ဖို့ အရေးကြီးဆုံး ဆိုတာ ကိုယ့်အသည်းထဲ စွဲနေခဲ့တာပေါ့။

ဆရာ့သီချင်းတွေက စကားလုံးလဲ ကြွယ်ဝတယ်။ ငယ်ငယ်တုန်းက “သခင့်ဆီ အပြေးပြန်လာမည်” နားထောင်တော့ ပခြုပ်ဆိုင် ဆိုတဲ့ စကားလုံးက ကိုယ့်အတွက် အသစ်ဖြစ်နေခဲ့တာ။ သိတဲ့အတိုင်း အဖေ့ကို စကားပြောနေတုန်း ဖြတ်ပြီး “အဖေ ပခြုပ်ဆိုင် ဆိုတာ ဘာလဲ” လို့ မေးတော့ အဖေ မျက်လုံးပြူးသွားတာပေါ့။ ဘယ်ကသိလာတာလဲ လို့လဲ မေးသေးတယ်။ သီချင်းထဲက ဆိုတော့မှ သက်ပြင်းချတယ်။

နောက်တော့ အရွယ်ရောက်လာတော့ ပိုခံစားနားလည်လာပြီ။ ကိုယ်ကတော့ ချစ်တာတခုပဲ သိတယ် လို့ ညည်းတတ်လာပြီ။ ချယ်ရီကိုတော့ မယုံနိုင်စရာ အကြောင်းမရှိဘူးပေါ့၊ ကံကိုတော့ မယုံဝံ့လို့ ကိုယ်ဆုတောင်းမိတဲ့ အဖြစ်တွေလဲ ရှိခဲ့ပြီ။ ပျော်ရွှင်ကြည်နူးရတာ ဒီတခါ နောက်ဆုံးဖြစ်မှာလဲ စိုးရိမ်တတ်ခဲ့ပြီ။ ကြားလူဖျက်လို့ ပျက်မှာစိုး ကိုတောင် ကူးပြီး သူ့ကို ပေးဖူးသလားမသိ။

နောက်တော့ ကိုယ်တို့တွေ ဘွဲ့ရ၊ အလုပ်ရှာရတော့ နှစ်ရှည်လများ ပညာသင်ပေးခဲ့တဲ့ မိဘများကို အားနာမိတယ်။ ဘွဲ့ရတယ်ဆိုတာ ဘွဲ့ဝတ်စုံဝတ်ပြီး ဧည့်ခန်းမှာ ချိတ်ထားရုံပဲလား။ တတ်တဲ့ပညာတွေက ဒီနေ့ခေတ်ကြီးမှာ အသုံးမ၀င်တော့ဘူးလား။ တကယ့်လူမှန်နေရာမှန် မရှိတဲ့ဘ၀တွေကို ဆရာက နံမည်တပ်ပေးလိုက်တယ်။ ခေတ်လူငယ် ခြေကျ တဲ့။ တကယ်ပဲ ကိုယ်တို့ဟာ အတောင်လက်ရှိပါလျက် လွတ်လပ်တဲ့ ကောင်းကင်ကို မဖန်တီးနိုင်တဲ့ လူငယ် ခြေကျတွေ ဖြစ်ခဲ့ပြီလား။ ကိုယ့်ဖာသာကိုယ် ပြန်မေးမိတယ်။

ကိုယ်တို့ရဲ့ နိစ္စဓူဝ ကိစ္စတွေဟာ ဆရာ့သီချင်းတွေချည်း ဖြစ်ခဲ့တာပါ။ နောက်တော့ သီချင်းဟာ သီချင်းမှာပဲ ရပ်မနေဘဲ သီချင်းကတဆင့် သီချင်းရေးဆရာရဲ့ ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားမိတယ်။

ကိုယ်သာ ဆရာနဲ့ ဆုံတွေ့ စကားပြောခွင့်ရမယ် ဆိုရင်….
“ငွေတောင်တန်းဆီသို့ သီချင်းတပုဒ်” ကို ဘယ်အကြောင်းတွေက စေ့ဆော်လို့ စပ်ဖြစ်သလဲ မေးမိမှာပဲ။
“မောင့် အရိုင်းပန်း” ဘယ်လိုများ ဖြစ်ပေါ်လာသလဲ တွေးမိတာပဲ။
“စာခြောက်ရုပ်” လို သီချင်းမျိုးအတွက် ဆရာ့ကို ကန်တော့ချင်တာပဲ။

“ဒီကမ္ဘာကြီးမှာ ကိုယ်အလိုချင်ဆုံးအရာဟာ
ကမ္ဘာတည်မဲ့ ကမ္ဘာတည်မဲ့ မေတ္တာ …..” တဲ့။
ဆရာက ကမ္ဘာကြီးကို မေတ္တာနဲ့ ငြိမ်းချမ်းစေချင်ပုံပါပဲ။ ရသည်ဖြစ်စေ မရသည်ဖြစ်စေ တောင့်တ မိပါတယ်တဲ့။ အဲဒီစိတ်ကလေးနဲ့ ဆရာ သီချင်းတွေ စပ်ခဲ့တယ်လို့ ကိုယ်တော့ ယုံကြည်နေမိတယ်။

သီချင်းအပုဒ်တိုင်းကို ကြိုက်မိပေမဲ့ ကိုယ်အကြိုက်ဆုံး သီချင်းကတော့ သဘာဝရဲ့ ရင်သွေးငယ် သီချင်းပါ။

ဒီကမ္ဘာမှာ စစ်၊ စစ်၊ စစ် မဖြစ်ရာမြေ
တနေရာ ရှိ၊ ရှိ ရှိရမယ်လေ..
ထာဝရငြိမ်းချမ်းမှု ရှာကာ ပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ..
သဘာဝရဲ့ ရင်သွေးငယ်တွေ..


ဒါပေမဲ့ ကမ္ဘာတည်မဲ့ မေတ္တာတွေ လွှမ်းခြုံထားတဲ့ စစ်မဖြစ်ရာ မြေ ကို ကိုယ်တို့ ရဖို့ အများကြီး ကြိုးစားရအုံးမှာ..။


မိုးချိုသင်း

Monday, June 22, 2009

တယ်လီဖုန်း

တယ်လီဖုန်းဆိုတာ ဝေးနေတဲ့ ချစ်ခင်သူတွေကို နီးသွားစေတာမျိုး၊ ၀မ်းသာစရာ ၀မ်းနည်းစရာ သတင်းတွေကို အလျင်အမြန်နဲ့ သိသွားစေတာမျိုးဆိုတော့ ခေတ်နဲ့အတူ ပေါ်ပေါက်လာတဲ့ တိုးတက်မှုတွေထဲမှာ သာဓုခေါ်စရာ ကောင်းတဲ့ တီထွင်မှုတခုပေါ့။

ကိုယ်တို့ငယ်ငယ်က တယ်လီဖုန်းတွေ အင်မတန် ရှားသေးတယ်။ အဲဒီတုန်းက တယ်လီဖုန်းတွေက ဒီလို လှလှပပ ပါးပါးလျလျလေးတွေ ဘယ်ဟုတ်ပါ့မလဲ။ အားရပါးရ လူကို ကောက်ထုရင် ခေါင်းကွဲသွားနိုင်လောက်တဲ့ ထုထည်ကြီးတွေနဲ့ အမဲရောင် ဖုန်းကြီးတွေပါ။ ဒါပေမဲ့လည်း အဲဒီလို မဲမဲဖုန်းကြီးတွေနဲ့ပဲ အလှဓာတ်ပုံရိုက်တဲ့ မင်းသမီးပိုစတာပုံတွေ ခေတ်စားသေးတယ်။

ကိုယ်တို့ငယ်ငယ်လေးတုန်းက အိမ်မှာ ဖုန်းမရှိပါဘူး။ ဖုန်းကို ပထမဆုံး မြင်ဖူးတာ တက္ကသိုလ် ဆရာများဆောင်မှာလို့ ထင်တာပဲ။ ကိုယ်တို့ ခြံကနေ ဟိုဖက်ကားလမ်းကူးလိုက်ရင် တက္ကသိုလ် ဆရာများဆောင်ကို ရောက်တယ်။ ဖုန်းဆက်ဖို့ ကိစ္စတခုခု ရှိရင် လမ်းကူးပြီး အမတွေ ဖုန်းဆက်သွားရင် ကိုယ်က ဘေးက လိုက်သွားတတ်တာပါ။ အမတွေ ဖုန်းဆက်နေရင် ကိုယ်က အောက်ကနေ မော့ပြီး ငေးနေတာပါ။

ဆရာဆောင်က ဖုန်းက သစ်သား သေတ္တာလို ပုံးမျိုးနဲ့ တခါတလေ သော့ပိတ် ထားတတ်သေးတယ်။ ကိုယ်တို့ကလေးတွေ ဖုန်းလာဆက်ရင် ဖုန်းဆက်ချင်လို့ပါ လို့ ပြောလိုက်ရုံပါပဲ။ ထမင်းစားခန်းထဲမှာ ရှိနေတဲ့ ဆရာ တယောက်ယောက်က ဆက် ဆက် လို့ ခွင့်ပြုတာပါပဲ။ သော့ခတ်ထားရင်လဲ သော့ပေးလိုက်ပါ လို့ ပြောလိုက်တာပါပဲ။ ဆရာ၊ ဆရာမ သားသမီးတွေမှန်း သိနေတော့လဲ သိပ်ထူးထွေ မမေးပါဘူး။

ကိုယ်တို့လဲ ကလေးပေမဲ့ ကိစ္စရှိမှ ဆက်ရတယ်လို့ နားလည်တယ်။ တယ်လီဖုန်းဆိုတာကြီးက ရှားပါး ပစ္စည်းကြီးမို့ ရိုရိုသေသေ သုံးရတယ်လို့ ထင်နေသလား မပြောတတ်ဘူး။ ကိုယ်တို့ဆက်ရင် များသောအားဖြင့် အမေ့အမ ကြီးကြီးတို့ဆီကို ဆက်တာပါပဲ။ အမေပြောခိုင်းလို့ လူကြီးမှာတာပြော၊ ပြီးတာနဲ့ တန်းချလိုက်တော့တာပဲ။

နောက် နှစ်ရှည်လများ လျှောက်ထားတဲ့ ကိုယ်တို့အိမ်လဲ ဖုန်းရတဲ့ လျှောက်လွှာလေး ကျလာတယ်။ အဲဒီတုန်းကများ အံ့သြလွန်းလို့။ တယ်လီဖုန်းဆိုတာ တော်ရုံတန်ရုံ လူမရဘူးလို့ သိထားတာကိုး။ အဲဒီတုန်းက အဖေက “ဖုန်းလျှောက်ထားတဲ့ ပါမစ်ကျပြီ၊ ရုံးမှာ ငွေလာသွင်းပါ” ဆိုတဲ့ စာရွက်ကို မယုံ့တယုံနဲ့ ဖုန်းရုံးကို ယူသွားမေးရတာ။ အဲဒီတုန်းက ဖုန်းဖိုးရော၊ ကြိုးသွယ်ခရောပါမှ ၁၁၀ကျပ်လား ပေးရတယ်။

ခလုတ်လေးတွေနဲ့ ဖုန်း။ ဒိုင်ခွက် လှည့်ရတာမျိုး မဟုတ်ဘူး။ တနေ့လုံး ကြည့်မ၀ဘူး။ ဖုန်းစာအုပ်သေးသေးလေးတွေဝယ်၊ သူငယ်ချင်း ဖုန်းနံပါတ်တွေလဲ တကုပ်ကုပ်နဲ့ မှတ်ရသေးတာ။ ဖုန်းကို ဖုန်တက်မှာစိုးလို့ သိုးမွှေးချည်လေးတွေနဲ့ ထိုးထားတဲ့ အဖုံးလေးနဲ့ လဲ အုပ်ထားရသေးတာ။

ဖုန်းရှိတော့ တာဝန်လဲ ကျေတယ်။ သာရေး နာရေး မေးတာ သွားတာ ပိုလွယ်ကူသွားတယ်။ သူများတွေရဲ့ လိုအပ်နေတာတွေလဲ ကူခွင့်ရတယ်။ ကိစ္စရှိရင် ဘယ်သူမဆို တခြံလုံး ဆက်ကြတာပဲ။ အဖေတို့ အမေတို့ကလဲ ဘယ်သူ ဘယ်လောက်ဆက်ဆက် ငြိုငြင်တယ် မတွေ့ဖူးဘူး။

အဲဒါကတော့ ငယ်ငယ်က ကိုယ် တယ်လီဖုန်းနဲ့ စ ရင်းနှီးခဲ့ရတဲ့အကြောင်းပါ။ ကိုယ့်အဖေ ဖုန်းစ ကိုင်ဖူးတဲ့အကြောင်းလဲ ပြောချင်သေးတယ်။

အဖေ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်လာလည်တော့ ရှုမ၀တိုက်မှာ အဖေ ထိုင်နေတုန်း အဖေ့ဆီ ဖုန်းလာပါသတဲ့။ အဖေကလဲ တကယ့်တောသား ဆိုတော့ ဖုန်းကိုင်ရမှာ လန့်နေတယ်။ ဒါပေမဲ့ စာရေးလေးက ဆရာ ဖုန်းလာတယ်လို့ ပြောတော့ သူ မပြောတတ်ပါဘူး ဆိုမှ ဖုန်းဆက်လာတဲ့ သူငယ်ချင်းကိုလဲ စိတ်ထဲက စိတ်တို လိုက်သေးသတဲ့။

ဒါနဲ့ ဖုန်းသွားကိုင် သူငယ်ချင်း အချင်းချင်းတောင် ဖုန်းအရှိန်နဲ့ ရိုရိုသေသေ ပြောနေတုန်း စာရေးလေးက ဘေးနားကနေ အသာရောက်လာပြီး ရှက်သွားမှာစိုးလို့ ဘာမှ မပြောဘဲ ဖုန်းခွက်ကို လှည့်ပေးလိုက်သတဲ့။ တကယ်က အဖေက ဖုန်းပြောတာ နားထောင်ခွက်ကို ပြောထည့်နေတာပါ။ အသံတိုးလှချည့်လို့ ထင်တော့ ထင်သား တဲ့။ အဖေလဲ ရှက်လိုက်တာ မပြောပါနဲ့တော့ တဲ့။

နောက်တော့ ခေတ်ကလဲ တိုးတက်လာ၊ ကိုယ်တို့လဲ ပြည်ပမှာ အလုပ်လုပ်ကြတဲ့အခါ ဖုန်းဆိုတာ မထူးဆန်းတော့ဘူး။ ရန်ကုန်မှာသာ ဖုန်းတွေက ဈေးကြီးနေတာ၊ ပြည်ပမှာက လူတန်းစားမရွေး ကလေးကအစ ဖုန်းကိုင်ကြတာမျိုး။ အဲဒီလို ဖုန်းတွေ ပေါ နေပြီဆိုမှတော့ ကိုယ်တို့သားအဖမှာလဲ လက်ကိုင်ဖုန်း ကိုယ်စီ ရှိကြရပြီပေါ့။

ကိုယ်တို့ သားအဖ ဖုံးနှစ်ခုကို အကောင့်တခုတည်းမှာ လင့်ခ်လုပ်ထားတာမို့ ကြိုက်သလောက်သာ ပြော၊ ပိုက်ဆံ မပေးရဘူး လို့ အိမ်က ဆရာကြီးက ပြောတာပါပဲ။ ဒါနဲ့ ကိုယ်အလုပ်သွားလဲ အချင်းချင်းဆို ပိုက်ဆံမပေးရဘူးဆိုပြီး အဖေက ဖုန်း စမ်း ခေါ်ကြည့်နေ တော့တာပါ။ ဖုန်းရတဲ့နေ့ကတော့ သားအဖ နှစ်ယောက် မိတ်ဆွေတွေ နံပါတ်တွေ သွင်းလိုက်ကြတာ တတီတီနဲ့ နားတောင် မနားရပါဘူး။

ဝယ်ပေးထားတဲ့ ဖုန်းက ဓာတ်ပုံရိုက်လို့ရတဲ့ ကင်မရာပါ ပါသေးတယ်။ တကယ်က ကိုယ်က ဖုန်းဆိုရင် ဖုန်းပဲ ပီပီသသ သုံးချင်တာ။ သုံးချင်တာထက် သုံးတတ်တာ ဆိုရင် ပိုမှန်မယ်။ ကိုယ်တို့လို ခေတ်ပေါ်နည်းပညာတွေနဲ့ လားလားမှ မဆိုင်သူအဖို့ ဘယ်လောက် function များများ လုပ်မှ မလုပ်တတ်ဘဲ။

သားအဖနှစ်ယောက် ဖုန်းကင်မရာနဲ့ ဘောင်ထဲဝင်အောင် ခေါင်းအတင်း ထိုး၊ တိုးဝှေ့ ရိုက်ထားတဲ့ပုံကို အဖေဖုန်းမှာရော ကိုယ့်ဖုန်းမှာပါ wall paper တင်လိုက်ပြီးရင် ကိုယ်တို့ လုပ်တတ်သမျှ ကုန်သွားပါပြီ။ ဖုန်းကို ကိုယ်နဲ့မကွာ စောင့်ရှောက် ထိမ်းသိမ်းရတဲ့ ၀တ္တရားတခုကို ရင်ဝယ်ပိုက်ထားလိုက်ရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းပြုတ်ကျလို့ လဲရတာ ခဏခဏ။ ဘယ်နေရာမှန်း မသိ ကျန်ခဲ့တာက ခဏခဏ မို့ပါ။

ဒါပေမဲ့ အခုလို ရပ်ဝေးမှာ နေရတဲ့သူအဖို့ အထီးကျန်သမျှ ဒီဖုန်းလေးက အတော်အသုံးဝင် ပါတယ်။ အဖေဆိုရင် ဖုန်းက သူ့အဖော်မို့ ဆေးလိပ်နီးပါး စွဲရှာတာ။ အဖေ့အသည်းလေး လို့ ကိုယ်တို့က နံမည်ပေးထားရတာ။ အဖေ့သူငယ်ချင်းတွေ၊ မိတ်ဆွေ တပည့်တပန်းတွေ နဲ့ ပြောနေတော့တာ တနေ့လုံး။

တခါကတော့ ညဖက် အဖေ အိပ်တုန်း ၀ူးဝူးဝါးဝါး ထ ယောင်လို့ အလန့်တကြား ဖြစ်ရသေးတယ်။ ကိုယ့်ကို နိုးလာတာနဲ့ မေးတာက “သမီး စုန်းမကို မိလိုက်သလား၊ မိလိုက်တယ် မဟုတ်လား” တဲ့။ ဘယ်က စုန်းမလဲ လို့ မေးတော့ အဖေ့ဖုန်းကို စုန်းမတယောက် လု ပြေးတယ် တဲ့။ ကိုယ့်မလဲ ရီတောင် မရီရက်ပါဘူးလေ။

တခါကတော့ အဖေက စိတ်မကောင်းဖြစ်ပါသေးတယ်။ အဖေ့မိတ်ဆွေတချို့က ဆရာ့ကို ဖုန်းခေါ်တာ မရဘူး၊ မက်ဆေ့ခ်ျထားခဲ့တာလဲ မပြန်ဘူး ဘာညာ ပြောကြတော့ အဖေက ဖုန်းလွတ်သွားမှာ သိပ်စိုးရိမ်တယ်။ ဒါနဲ့ ကိုယ်လဲ အကြံထုတ်ရတယ်။ “အခု ပြောနေတာ ဦးတင်မိုးဖုန်းကပါ၊ မက်ဆေ့ခ်ျ မသွင်းခဲ့ပါနဲ့ရှင်။ အဖေ ပြန်မခေါ်တတ်ပါဘူး” လို့ ဖုန်းထဲမှာ အသံ သွင်းထားလိုက်မှ ကိစ္စအေး သွားပါတော့တယ်။ အဖေနဲ့သမီးကတော့ ဟုတ်နေတာပါပဲ။

ကိုယ်ကသာ အဖေ့အကြောင်း ပြောနေတာ တကယ်က ကိုယ်လဲ သိပ်တော့ မထူးပါဘူးလေ။ တလောကတော့ ည ၈နာရီခွဲလောက် Zumba Class က ပြန်လာတယ်။ ညကလဲ မှောင်နေပြီ။ အိမ်နဲ့ကလဲ လမ်းလျှောက်ရင် ၃မိနစ်ဆိုတော့ လာမကြိုခိုင်းဘဲ တယောက်တည်းပဲ ပြန်လာတယ်။

ဒီညမှပဲ မှောင်တာ အတော်စောတယ်။ ကိုယ့်မှာက အက်ရှင်ကားတွေ ကြည့်ပြီး ညဖက် ကားပါကင်ထဲ တယောက်တည်း မသွားရဲတာတို့ ညဖက် လမ်းအကွေ့တွေ မသွားရဲတာတို့ စိတ်အခံက ရှိနေတယ်။ အခုလဲ မိုးကချုပ်၊ တယောက်တည်း ပြန်လာရတော့ သတ္တိက ပြလာတယ်။ ဒါနဲ့ အိတ်ကလေး လွယ်ပြီး ခပ်သုတ်သုတ်ပဲ လမ်းလျှောက်လာတယ်။

အိမ်က ရောက်တော့မယ်။ အဲဒီအချိန်မှာ ဘယ်က ကားနက်ကြီးမှန်း မသိ ကိုယ့်ဘေးကနေ ကွေ့ပြီး ပေါ်လာတာ။ ရုပ်ရှင်တွေထဲကလို လူဆိုးတွေ ဆင်းလာ၊ ဖမ်းတင်သွားတတ်တဲ့ ကားမျိုး။ ကိုယ်လဲ လေအေးလို့မဟုတ်ဘဲ ကျောက စိမ့်ပြီး လက်ဖျားတွေတောင် အေးလာတယ်။ အဲဒီအချိန်မှာ ခလောက် ဆိုပြီး အသံကြားလိုက်ရတာပဲ။

ကိုယ့်အထင်တော့ ကိုယ့်ကို ရေသန့်ဗူးနဲ့ ပေါက်လိုက်ပြီလို့ ထင်မိတာ။ လမ်းသရဲတွေ ဖြစ်မယ်၊ ပြေးမှ ဆိုပြီး အိမ်ကို တချိုးတည်း ပြေးတာ တန်းနေတာပါ။

အိမ်အ၀င်ကျတော့ ချက်ချင်း အိနြေ္ဒဆယ်တယ်။ သတ္တိမရှိဘူး အပြောခံရမှာစိုးလို့ ခပ်တည်တည်ပဲ အိမ်ထဲ ၀င်ခဲ့တယ်။ အိမ်မှာ အလ္လာပသလ္လာပ ပြောပြီး ဘလော့ဖတ်နေတဲ့ထိ မသိသေးဘူး။ နောက်တော့ အိမ်ကို ဖုန်းလာတာနဲ့ ကိုင်လိုက်တာ ညီမတယောက် ဖြစ်နေတယ်။ အမ ဖုန်းကို ခေါ်တာ ခေါ်လို့ကို မရဘူး တဲ့။ ဒါနဲ့ ကိုယ်လဲ ငါဖုန်းဖွင့်ထားပါတယ်ဆိုပြီး ရှာလိုက်တာ ဒေါင်းတောက်ပါရောလား။

နောက်မှ ခုနက အိမ်အပြန် ကားနက်ကြီးအနားအရောက် ခလောက်လို့ ကြားလိုက်တာ ကိုယ့်ဖုန်း ပြုတ်ကျတဲ့အသံ ဖြစ်နေတာကိုး။ ကိုယ်က ရေသန့်ဗူးနဲ့ ပေါက်တယ်ထင်ပြီး လှည့်မကြည့်ဘဲ တချိုးတည်း ပြေးလာတာလေ။ ဒါနဲ့ နှစ်ယောက်သား လက်နှိပ်ဓာတ်မီးကိုင်ပြီး လမ်းတလျှောက် ညကြီး မင်းကြီး ဖုန်း လိုက်ရှာကြသေးတယ်။ မတွေ့တော့ပါဘူး။

အခုတော့ ကိုယ် ဖုန်း အသစ် ကိုင်ထားရတယ်။ ဖုန်းကိုလဲ ရှေ့ရေး မျှော်တွေးပြီး warranty ၀ယ်ထားလိုက် ရတယ်။ Zumba သွားရင် အသွားရော အပြန်ရော လမ်းမလျှောက်စေဘဲ ကားနဲ့ သူ လာကြိုပေး ပို့ပေးရတယ်။
ဒီလိုဆိုတော့လဲ သူ့ကုသိုလ်နဲ့သူ ဖြစ်လာတာ ဘယ်တတ်နိုင်ပါ့မလဲ။


မိုးချိုသင်း