မေ့မရတဲ့ သူငယ်ချင်းတယောက်

ငယ်ငယ်တုန်းက သူငယ်ချင်းတယောက် ရှိခဲ့တယ်။ ဆယ်တန်းတုန်းက သိပ်ခင်ရတဲ့ သူငယ်ချင်းမလေးပါ။ အသားက ညိုညို၊ မျက်နှာက ချိုချို၊ ဆံပင်က တိုတို နဲ့။ နံမည်က တိုးတိုး တဲ့။

အဲဒီတုန်းက ဆယ်တန်းဆိုတော့ ၁၉၈၇ ခုနှစ်လောက်ကပေါ့။ ကိုယ့်အိမ်မှာ စာ စု သင်ကြ၊ ကျက်ကြတော့ အသိတယောက်က တဆင့် သူပါ ပါလာတယ်။ အဖေကလဲ ကိုယ်တို့ကို မြန်မာစာ သင်ပေးတယ်။ ကိုယ်တို့ နှစ်ယောက်လဲ တွေ့တွေ့ချင်း ခင်သွားလိုက်ကြတာ ညီအမတွေလိုကို ဖြစ်သွားပါလေရော။

သူက အေးလဲအေး၊ သဘောလဲ ကောင်း၊ စာရှင်းပြတာလဲ တော်တယ်။ ဆယ်တန်း တနှစ်လုံး ကိုယ်တို့နှစ်ယောက်က အမြဲတတွဲတွဲပဲ။ သူနားမလည်တာ ကိုယ်ရှင်းပြ၊ ကိုယ်နားမလည်တာ သူရှင်းပြ ပေါ့။ မှားရင်လဲ နှစ်ယောက်အတူတူ ဆရာအဆူခံကြရတယ်။ အဲဒီအချိန်ဆို မျက်ရည်လေး ၀ဲတဲ ၀ဲတဲနဲ့ တယောက်နဲ့တယောက် ကြည့်ရင်း ပြုံးပြီး အားပေးရတယ်။ ၀မ်းနည်းလွယ်တဲ့နေရာမှာလဲ တူကြတယ်လေ။

သူနေတာက မင်္ဂလာဒုံ အရာရှိရိပ်သာမှာ။ ကိုယ်နေတာက တက္ကသိုလ် ၀င်းထဲမှာ။ ကိုယ်တို့အိမ်မှာ စာသင်ပြီးရင် မင်္ဂလာဒုံကို အဝေးကြီး ညတိုင်း ပြန်ရတယ်။ ဒါပေမဲ့ သူက တရက်မှ စာအလာသင် မပျက်ဘူး။ နေမကောင်းတောင် အနွေးထည်လေးနဲ့ လာတာပဲ။

မှတ်မှတ်ရရ ကိုယ်က သူ့ကို ၀ါးယပ်တောင်လေးတချောင်း ပေးဖူးတယ်။ ယပ်တောင်ရွက်ကလေးတွေပေါ်မှာ ကိုယ်က လက်ရေးဝိုင်းဝိုင်းကြီးကြီး တွေနဲ့ နင် စိတ်မအိုက်နေစေဖို့ တဲ့၊ ကိုယ်ရေးတာကို သူက သဘောကျလွန်းလို့ ပြောမဆုံးဘူး။

ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်တော့ သူနဲ့ ကိုယ် မေဂျာ ကွဲသွားတယ်လေ။ သူက ဓာတုဗေဒ၊ ကိုယ်က ဘူမိဗေဒ။ ဒါပေမဲ့ ကိုယ်ကအတန်းအားတာနဲ့ လှစ်ကနဲဆို သူ့ဆီရောက်သွားပြီ။ သူကလဲ အားတာနဲ့ ကိုယ်တို့ဖက် ကူးလာပြီ။ ညဆိုရင်လဲ ဖုန်းဆက်ပြီး ကျောင်းကအကြောင်းတွေ ပြောကြတာပေါ့။

နောက်တော့ အရေးအခင်းဖြစ်လို့ ကျောင်းပိတ်ကြတော့ ကျောင်းမှာ မတွေ့ရတော့ဘူး။ ဖုန်းနဲ့ပဲ စကားပြောကြ၊ အဆက်အသွယ်လုပ်ကြတယ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲ မသိဘူး၊ သူနဲ့ ကိုယ်နဲ့ ဝေး သွားသလိုပဲ ခံစားရတယ်။ ကိုယ်ကလဲ နေ့စဉ်ရက်ဆက် ဆန္ဒပြတဲ့အထဲရောက်လို့။ သူကလဲ အဲဒီအချိန်မှာ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်ဘူး တဲ့။ အဲဒါတွေနဲ့ ခပ်ကင်းကင်းမှာ နေသတဲ့။

အဲဒီကတည်းက စကားတွေ ပြောကြရင် သူပြောတာလဲ ကိုယ်မခံစားနိုင်၊ ကိုယ်တို့ ခံစားချက်ကိုလဲ သူ နားမလည်နိုင်၊ သူ အထင်ကြီးတာလဲ ကိုယ်က အထင်မကြီး ဖြစ်နေတယ်။ ဒါနဲ့ ဖုန်းလဲမဆက်ဖြစ်၊ အရင်လို ဖက်လှဲတကင်းလဲ စကား မပြောဖြစ်တော့ဘူး။ ရန်ဖြစ်ကြတာလဲ မဟုတ်ဘဲနဲ့လေ။

နောက်တော့ ကိုယ့်အဖေ အထဲ ရောက်သွားတယ်။ အဖေ့ကို သူက ဆရာတယောက်အနေနဲ့ အင်မတန်ချစ်တာမို့ အဲဒီတုန်းက သူ ဖုန်းဆက်လာတယ်။ အဲဒါ သူနဲ့ နောက်ဆုံး ဖုန်းဆက်ဖြစ်တာ ထင်တာပဲ။

ဘာဖြစ်လို့ ဆရာ့ကို ဖမ်းကြတာလဲ တဲ့။ ကိုယ်လဲ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တယ်။ နင်လဲ အဖေ့အကြောင်း သိနေတာပဲလေ။ အဖေက ကဗျာဆရာ၊ ကျောင်းဆရာတယောက်ပဲ။ ကဗျာဆရာ.. ကဗျာရေးလို့ ဖမ်းတယ် တဲ့၊ ကျောင်းဆရာ..ကျောင်းသားတွေနဲ့ အတူရှိလို့ ဖမ်းတယ် တဲ့။ ခုထိ ငါတို့ အဖေ့သတင်း မရသေးဘူး။ ၈လကျော်ပြီ..။

သူလဲ အသံတိတ်သွားတာမှ အကြာကြီး။ ချိုသင်း.. ငါ စိတ်မကောင်းပါဘူး တဲ့။

အဲဒီတုန်းက သူလဲ ဖုန်းကိုင်ရင်းတွေး၊ ကိုယ်လဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ တွေးနေလိုက်တာ။ အဲဒီတုန်းက သူဘာတွေ စဉ်းစားနေလဲ လို့ အခုအချိန်မှာ သိချင်မိတယ်။ သိပ်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အတွေးမှာ အမုန်းတွေတော့ မပါဘူး ထင်တာပဲ။

ကျောင်းတွေပြီးကြတော့ ကိုယ်လဲ အလုပ်နဲ့ မအား၊ သူလဲ ကျောင်းမှာ ဆရာမ ပြန်လုပ်နေတာ သိရတယ်။ တခါကတော့ ကျောင်းထဲကို ကိစ္စတခုရှိလို့ သွားတော့ တောင်ငူဆောင် ကင်တင်းမှာ သူနဲ့ ဆုံသေးတယ်။ နှစ်ယောက်သား ပြန်တွေ့ရလို့ ၀မ်းသာတာ မဖုံးဖိနိုင်ဘူး။ သူက ပြောသေးတယ်။ တနေ့ကတောင် ငါ နင့်ကို အိပ်မက်မက်သေးတယ် တဲ့။ ဒီလိုပဲ သူအမြဲ ပြောနေကျ။ ကိုယ်လဲ အမြဲသတိရတာတွေကိုတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတယ်။

နောက် ၄နှစ်ကြာတော့ အဖေလဲ ပြန်လွတ်လာတယ်။ အဖေထွက်လာပြီးမှ ကိုယ်လဲ အိမ်ထောင်ပြုပြီး ရေကြည်ရာ မြက်နုရာမှာ အလုပ်သွားလုပ်တယ်။ သူ့အကြောင်းတော့ နီးစပ်ရာ အမြဲမေးမိလို့ သူ စစ်တပ်က ဗိုလ်ကြီး တယောက်နဲ့ အိမ်ထောင်ပြုသွားတာ ကြားပါတယ်။ ကိုယ့်မင်္ဂလာဆောင်လဲ မဖိတ်မိ၊ သူ့ မင်္ဂလာဆောင်လဲ မသွားဖြစ်ဘူး ထင်ပါရဲ့။

ချစ်သူခင်သူတွေ ဝေးသွားကြတာတွေက အကြောင်းအမျိုးမျိုးတော့ ရှိကြတာပဲ။ ဘယ်လိုပဲ ဝေးဝေး ဝေးကြပြီဆိုရင် စိတ်တော့ ထိခိုက်ကြရတာပါပဲလေ။

ကိုယ့်မှာ သူငယ်ချင်းတယောက်ကို ခင်မိပြီဆိုရင် တိုးပြီး ခင်ဖို့သာ ရှိခဲ့တာ။ သူငယ်ချင်းတွေ အများကြီးထဲက ဒီသူငယ်ချင်းလေးတယောက်ကတော့ ချစ်စ လေးတောင် ပြတ်သလိုလို ဖြစ်ရတာမို့ ၀မ်းနည်းမိပါတယ် သူငယ်ချင်းရယ်။ တကယ်တော့ ကိုယ်ကလဲ ဘာမှ မဟုတ်၊ မင်းကို မုန်းလို့လဲ မဟုတ်၊ စနစ်ဆိုးတခုကို မရှိခိုးနိုင်တာပါပဲ။

ဂဏန်းတွဲတွေနဲ့ ပတ်သက်ရင် ကိုယ်က မှတ်ဥာဏ်သိပ်ကောင်းတာမဟုတ်ပေမဲ့ သူ့ဖုန်းနံပါတ်ကိုတော့ ခုထိ မှတ်မိနေတုန်းပဲ။ အသုံးမပြုတာ နှစ် နှစ်ဆယ်ကျော် ကြာနေတဲ့ ဖုန်းနံပါတ်လေးတခုပေါ့လေ။

တို့ပြည် တို့ရွာ လငပုပ်ဖမ်းတာက လွတ်တဲ့ တနေ့ကျရင် ကိုယ်လဲ ကိုယ့်ပြည်ကို ပြန်နိုင်ပြီး မင်းအိမ်ကို လာလည်ခွင့်ရမယ် ထင်ပါရဲ့ သူငယ်ချင်းရယ်။


မိုးချိုသင်း

19 comments:

Ko Paw said...

ဟုတ်ပ။ စနစ်ဆိုးကြီးက ချစ်သူခင်သူတွေကို သေကွဲရော၊ ရှင်ကွဲရော မျိုးစုံခွဲပစ်တာဘဲ။ အင်မတန် ကြေကွဲစရာကောင်းလှပါတယ်။

ကျနော့်အကိုဝမ်းကွဲတယောက်ဆို အလုပ်သင်ဗိုလ် မ၀င်ခင်က ပုခုံးဖက်ကြီးလာပြီး ပြောမနာဆိုမနာ။ ဟော ၈၈ နောက်ပိုင်းမှာ သူခွင့်နဲ့ ရွာကို ခဏပြန်လာတော့ စကားပြောရတာ အကြောမတည့်တော့ဘူးဗျာ။ နောက်ပိုင်းတွေ့လို့ စကားပြောကြရင်လည်း ကြားထဲမှာ တံတိုင်းကြီးတခုခံနေသလိုဘဲ။

မေသဇင် said...

ဟုတ်တယ်.. မမိုးချိုသင်းရေ...။ သူငယ်ချင်းချင်း ချစ်တယ်ဆိုပေမယ့်လည်း ပြောစရာအကြောင်းတွေရှားသွား၊ ကျင်လည်တဲ့ အသိုင်းအ၀ိုင်းကလည်းကွာခြားသွားရင်တော့ ပြောစရာစကားတွေ အလိုလိုနေရင်း ပျောက်ဆုံးသွားတတ်ကြတာ ကိုယ်တွေ့တွေပါပဲ။

MyowinZaw said...

မှန်တယ်ဗျာ ကျွန်တော်ဆို ငယ်ငယ်လေးထဲက လည်ပင်းဖက်ပေါင်းကြတာ ရက်ကွပ်ထဲမှာ ၇ ယောက် ၈ယောက်လောက်ရှိတယ် အဲဒီထဲက ၂ ယောက်က ၁၀ တန်းအောင်တော့ DSA သွားတက်ဗိုလ်ဖြစ်ပေါ့ ခုတော့ ဗိုလ်မှူးတွေဖြစ်နေပါပြီ သူတို့ဗိုလ်ကြီး လောက်တုန်းက သူငယ်ချင်းတွေဆုံဖြစ်ကြတယ် ပျော်ပျော်ရွှင်ရွှင်ပါဘဲ နောက် စကားပြောကြရင်း တိုင်းပြည်စီးပွားရေးနိုင်ငံရေး အကြောင်းရောက်တာ ပေါ့ အဲဒီမှာပြဿနာစတာဘဲ သူတို့က၀န်ကြီးတွေ မကောင်းဘူးဆိုတာထိလက်ခံသေးတယ် ခေါင်ကစမကောင်းတာလို့ သူငယ်ချင်းတစ်ယောက် ကပြောတယ် အမှန်တော့သူငယ်ချင်းအချင်းချင်းမို့ ပြောတာပါ နောက်တစ်ယောက်တခွန်း တွေဖြစ်ကုန်တယ် နောက်စကားမပြောဖြစ်ကြ လမ်းတွေ့တာတောင်နုတ်မဆက်ဖြစ်တာ ဆယ်စုတစ်ခုတောင်ရှိတော့မယ် သူတို့က ကျွန်တော်တို့ကို သနားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ အမှန်သူတို့ကိုကျွန်တော်တို့သူငယ်ချင်းတွေက သနားနေတာပါ သူတို့ လူတောမတိုးတော့ဘူး ပြည်သူကြားထဲမတိုးတော့ဘူးဆိုပိုမှန်မယ် ရပ်ကွက်ထဲကသူတို့မိဘအိမ်ပြန်လာရင် သူတို့ပုံစံတစ်မျိုးဖြစ်သွားတယ် အဲဒါကျန်ခဲ့တဲ့ ကျွန်တော်တို့သူငယ်ချင်းသုံးသပ်တာမဟုတ်ဘူး ဘေးလူ ရပ်ကွက်ထဲကလူတွေကပြောတာ.....

MyowinZaw said...

နောက်တစ်ခုပါ July 27 ကစခဲ့တဲ့ မိုးချိုသင်းမှတ်တမ်း ဆိုတဲ့ဘလော့လေးဟာ အခု တစ်လ ကျော်လာတဲ့အချိန်မှာ hit 20000 ကျော်လာပါပြီ ရေးသူရဲ့ ကိုယ်တိုင်ဝမ်းစာပြည့်မှုရော ရေးသူရဲ့ဖခင်ကြီး ကို လေးစားချစ်ခင်မှု တွေကြောင့်ရောစတာတွေကြောင့် post 31 ပုဒ်မှာ hit 20000 ကျော်ဆိုတော့ ပျမ်းမျှ post တစ်ခုကို ပရိတ်သတ် ၆၀၀ ကျော် လာကြည့် ကြတယ်ဆိုတဲ့သဘောပါ ဒီလိုသာ ဆက်သွားမယ်ဆိုရင် နောက် ငါးလဆို hit တစ်သိန်းပြည့်သွားမှာဘဲ ဒီထက်မြန်ချင် တောင်မြန်အုံးမယ် သတင်းကိုတင်ဆက်တာ မဟုတ်တဲ့ မြန်မာဘလော့တွေထဲမှာ (ကိုယ့်အကြောင်းတွေဝေမျှတဲ့)အမြန်ဆုံး စာဖတ်သူများတဲ့ ဘလော့အဖြစ် ဂုဏ်ယူမိပါကြောင်း

အယ်ဇီ said...

ဟုတ်လိုက်လေ မိုးချိုသင်းရေ။ ခင်ခဲ့ တွဲခဲ့တဲ့ သူတွေနဲ့ တကယ့်တစိမ်းတွေ ဖြစ်သွားရတာ။ သဘောထားချင်းမတိုက်ဆိုင်၍ ပေါ့။ တချို့ ကလဲ မိဘပြောတာ နားထောင်လိုက်ရပြီး မခေါ်ရဲ မလာရဲပေါ့။ မုန်းသွားကြတာတော့ မဟုတ်ပါဘူး။
ကုသိုလ်ကံ နည်းတဲ့သူတွေဟာ အမှန်ကို အမှား အမှားကို အမှန်လို့  ယူဆတတ်ကြတယ်တဲ့ လေ။ မေတ္တာပို့ ပေါ့ချိုသင်းရယ်။
အယ်ဇီ

ခင်မင်းဇော် said...

အမမှာလဲ အဲလိုသူငယ်ချင်းရှိဖူးတယ်။။ ချိုသင်းရေးသလိုလေး ရေးဖို့တောင် ရင်ထဲ မချိဘူး။
သူ့အဖေက တဆညက အမတ်ဝင်ရွေးခဲ့တယ်လေ။

myatnoe said...

အမ ကော်မန့်အတွက် ကျေးဇူးပါ။

အမစာတွေ လာလာဖတ်တယ်။ မအားလို့ ကတကြောင်း
ဲမြန်မာစာ ဖွန့် မရလို့တကြောင်းနဲ့ ကော်မန်ံမရေးဖြစ်တာပါ။
အမက ဘာရေးရေး ဖတ်လို့ အရမ်းကောင်းတာပဲ။

အဲလို သူငယ်ချင်းကို အမက မမုန်းနိုင်ပေမဲ့ မြတ်နိုးကတော့ ခေါ်ကိုမခေါ်တော့ဘူး စိတ်ကုန်သွားတာ
အံ့လဲသြတယ် သူတို့ နားနဲ့ မျက်စိတွေကို သိသိကြီးနဲ့ ဖင်ပိတ်ငြင်းတာ အမရဲ့..။ မြတ်နိုးတော့ မုန်းတယ်။

ရွာသားလေးဝိုင်တီယူ said...

အမရေ စာတွေလာလာဖတ်ဖြစ်တာသိလို့ အားတတ်ရပါတယ်။ ကြုံဆုံဖြစ်ပျက်တာလေးတွေ ရေးတတ်တဲ့ အမဆီကနေ အသိဥာဏ်တွေရင့်သန်စေပါတယ်။ အမရေ ဆက်ရေးပါဗျာ...

Ko said...

အမ စာတွေဖတ်ရ တာဆရာ့ကို အရမ်း သတိရတယ်ဗျာ။
ူအဖမ်းခံရတဲ့နေ့က ညနေဘက် လှန်းတန်းမှာ ဆရာကား စောင့်နေတုန်း တွေ့လိုက်သေးတယ်။ ဆရာ့ကို နောက်ဆုံးတွေ့ရတာတော့ ၂၀၀၀ တုန်းက New York မှာလုပ်တဲ့ မြန်မာ သင်းကြန်မှာပဲ။ ထီလာစစ်သူက ဆရာ့ကို "ခင်ဗျား သတိလဲ ထားနေဦး" လို့ ပြောတာကို ဆရာက "ငါ့ကို သတိပေးတာလား ခြိမ်းခြောက်တာလား မသိပါဘူးကွာ" လို့ ပြောဘူးတယ်။
စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ ဆရာက ကောင်းမွန်တဲ့ ဘ၀ကို ရောက်မှာ သေချာပါတယ်။

khin oo may said...

အဆင်ပြေ ချမ်းမြေ.ပါစေ.

My Wonderful Moral Thoughts said...

နန္ဒာစီလာလည်ပြီး မမ Comment ရေးပေးသွားတာ အရမ်း ပျော်လိုက်တာ။

နန္ဒာ မမရေးပုံလေးတွေ သိပ်ကြိုက်တယ်။ မမတို့လို စာရေးကောင်းသူ Bloggers တွေစီက အမြဲ အတုယူ လျှက်ပါ။

ဒါကြောင့် နန္ဒာ့ အရေးအသားတွေ Improve ဖြစ်လာရတာပါ။

နန္ဒာ မှားတာရှိရင်၊ လိုအပ်တာရှိရင် သင်ပြ၊ ထောက်ပြပေးပါ။

ဆရာကြီးဦးတင်မိုး ကိုလဲ အပြင်မှာ ၃ခါလောက် မြင်ဘူး ပါတယ်။ ဓါတ်ပုံ အတူ ရိုက်ထားတာရှိလို့တောင် Stand နဲ့ ထည့်ပြီး ထောင်ထားပါတယ်။

မမ လိုပဲ မြန်မာပြည်မှာ နန္ဒာ့ သူငယ်ချင်း တယောက် ရှိခဲ့တယ်။ နန္ဒာ့နဲ့ ပါတ်သတ်ရာက ရာထူး အရမ်း ကြီးမြင့်လာတော့ ကိုယ့်မှာ ဘာအပြစ်မှမရှိပဲ ''နင်တို့ကိုမုန်းတယ်'' ဆိုပြီး ပြတ်သွားကြတယ်။

မမလိုပဲ အဲဒီ နန္ဒာ.သူငယ်ချင်းကို ဒီ Post ဖတ်ပြီး သတိရသွားတာ မျက်ရည်တောင်ကျတယ် မမရယ်။

SMNTL

ကလိုစေးထူး said...

အမ...။
စီဘောက်စ်ထဲက အမ မက်ဆေ့တွေ့တာနဲ့ ချက်ချင်းလာခဲ့တာ။ အခုပို့စ်ကို ဖတ်လိုက်ရတော့ (ခါတိုင်းဆို အမပို့စ်တွေ ဖတ်ပြီးရင် ပြုံးနေကျလေ) စိတ်ထဲမှာ လေးလေးလံလံကြီးတောင် ဖြစ်သွားတယ်။

အမ ကွန်မန့်ရေးတဲ့အခါမှာ moe လို့ တလုံးထဲပေါ်နေတာက တခြားကြောင့် မဟုတ်ဘူး အမ။ အမရဲ့ ဂျီတော့ခ်မှာဖြစ်ဖြစ်၊ ဂျီမေးလ်မှာဖြစ်ဖြစ် first name ကို moe တလုံးထဲ ရေးထားမိလို့နေပါလိမ့်မယ်။ အဲဒါကြောင့် first name ကို ပြန်ရှာပြီး moe နေရာမှာ MoeChoThin ဖြစ်ဖြစ်၊ မိုးချိုသင်းဖြစ်ဖြစ် ပြန်ပြောင်းလိုက်ရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

yu said...

Hello Moe Cho Thin,

How are you? Actually this is not a comment for the article but I couldn't find your mail address in your blog. May I know your spouse's name please if possible. As far as I remember, he is KWN. Right? If I am wrong with this ,please accept my apology. But if he is KWN, pass my mail address to him.
yupaicon@gmail.com
I think my name is not yet faded away from his memory.
Thanks
YU PA

rose said...

မမရေ
သမီးရဲ့ သူငယ်ချင်းလဲ အဲဒီလိုပဲ အရမ်းအေးတာ ဒါကြောင့် အကြောင်းမသိသူကို သူနဲ့ မခေါ်ဘူးလို့ ပြောမိလို့ကတော့ ကိုယ့်အဆိုးဖြစ်မှာလေ များသောအားဖြင့် လူတွေက ဆိတ်ဆိတ်နေ ထောင်တန်လို့ သတ်မှတ်တာမို့လား တကယ်က ကြောက်တတ်တာရယ် စားကောင်းတာရယ်ကြောင့် ငြိမ်နေတာလေ ဒါကြောင့် မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာလိုပဲ (သမုဒယအမောတွေ တစ်ဇာတ်သိမ်းအောင်) ခပ်စိမ်းစိမ်းပဲ နေလိုက်တယ်
တစိမ်းထက် သူငယ်ချင်းတွေထဲက အဲလိုလုပ်ရင် ပိုရင်နာလို့------

တန်ခူး said...

ဒီပို့ စ်ဖတ်ပြီး မ လို့ ခေါ်ရာကနေ မချိုသင်း လို့ ပြောင်းခေါ်ခွင့်ပြုနော်… ၁၀ တန်းတုန်းက ၁၉၈၇ ဆိုတော့ မချိုသင်း ကျွန်မထက် ငယ်နေလို့ ပါ… စာရေးတဲ့ဝါရယ် နောက် မချိုသင်းအထက်က အမနဲ့ လွဲပြီး မ လို့ ခေါ်မိတာ ခွင့်လွှတ်နော်… ကိုယ်လေးစားရတဲ့ သူမို့  မ ကို ရှေ့ မှာတတ်ပြီး ခေါ်ပါရစေ…
အဲဒီလို သူငယ်ချင်းတွေ ရှိခဲ့ဘူး ရှိနေဆဲပါ… တချို့ က ဘယ်လိုမှ ဆက်လက်တွဲ မရသလို တချို့ ကတော့ ကိုယ်ယုံကြည်ရာ ပြောနေရင် ငြင်းလို့ မရတော့ ငြိမ်နေကြတာမို့  ခုထိ တွဲဖြစ်နေတာ… သူငယ်ချင်း သံယောဇဉ်ဆိုတာလဲ အတော်ကြီးတာမို့  မချိုသင်းခံစားချက်ကို မျှဝေခံစားသွားပါတယ်…
(မနေ့ က ဘလော့ဂ်ဖတ်သူ သူငယ်ချင်းတယောက် အိမ်လာလည်တော့ မချိုသင်း အကြောင်းပြောနေကြတာ… သူကလဲ ကိုယ့်လို မချိုသင်းဘလော့ဂ်ကို တနေ့ မလည်ရရင် မနေနိုင်အောင်စွဲနေပြီတဲ့… )

sin dan lar said...

ဆရာမ..
အနည်းဆုံး တစ်နေ့ နှစ်ခေါက်မှန်မှန်လာတယ်လေ..
မနက်တစ်ခေါက်၊ ညတစ်ခေါက်..
ဒီစာလေးကိုလည်းကြိုက်ပြန်ရော...

Kay said...

မြန်မာပြည်ကြီး ထဲမှာ..ကျေးသားညီနောင် ဇာတ်လမ်းတွေ.. တကယ့်ကို အများကြီး ဖြစ်နေ ပြီနော်။
---
ကွက်လပ်ဖြည့်ဖို့..မခင်မင်းဇော် က.. ကျမကိုလည်း..လုပ်ချထားပြန်တယ်။ ရေးရ အုံးမယ် ။း)

သက်ဝေ said...

ရင်ထဲက စကားချင်း၊ အတွေး အမြင်ချင်း မတူကြလို့  ခပ်စိမ်းစိမ်းဖြစ်သွားတဲ့ သူငယ်ချင်း တစ်ယောက်ရှိဘူးတယ်..။ ခုတော့ သူ နဲ့  ကိုယ်နဲ့  လဲ အဝေးကြီးမှာ...။ ဒါပေမယ့် ချိုသင်းလိုဘဲ သူ့ ဖုန်းနံပါတ်ကို ခုထက်ထိ မှတ်မိနေတုံး...။ လွမ်းစရာကောင်းတဲ့ ပိုစ့်လေး တစ်ခုပါ ချိုသင်းရေ..။

ချစ်ကြည်အေး said...

စနစ်ဆိုးတခုကို မရှိခိုးနိုင်တာပါပဲ။ Yes ....Totally agreed :D