သနားခြင်း

လောကမှာ ချစ်တာ မုန်းတာ သနားတာ စတဲ့ ခံစားမှုတွေ အမျိုးမျိုး ရှိကြရာမှာ သနားတဲ့ စိတ်ခံစားမှုကတော့ အဆိုးဆုံးပဲ ထင်ပါရဲ့။ သနားမိရင်လဲ တခါတလေ ချစ်တာတွေ ထက်တောင် သူက အလေးသာတတ်တာမို့ သနားပိုတယ် ဆိုတဲ့ အသုံးအနှုန်းများ ပေါ်လာတာလား မသိ။

ကိုယ်ငယ်ငယ်က ကိုယ့်ထက် တနှစ်ငယ်တဲ့ မောင်လေးနဲ့ ကစားရတော့ မိဘတွေ အမတွေက ဘာပဲဖြစ်ဖြစ် ကိုယ်တို့ အငယ်နှစ်ယောက်ကို တော်တော် ဦးစားပေးတယ်။ မုန့်ဆိုလဲ မိဘကို ဦးချပြီးရင် အငယ်နှစ်ယောက် အရင်ရွေးယူပစေ ပဲ။ ပြီးမှ အမတွေက စားတယ်။

အမေကလဲ ဘာလေးဝယ်ဝယ် အငယ်နှစ်ယောက်ကို ၀ယ်ပေးရင် ဆင်တူ ၀ယ်ပေးတတ်တယ်။ ဥပမာ ချွန်စက်ဆိုရင်လဲ ကြောင်ပုံလေးဆို နှစ်ခု၊ သမင်ပုံလေးဆို နှစ်ခု အဲဒီလို ၀ယ်လာတတ်တယ်။ အရောင်တော့ ကွဲတာပေါ့။ မကွဲရင် သူ့ဟာ ကိုယ့်ဟာ ဖြစ်အုံးမှာကိုး။ အ၀ါရောင်လေး တခု၊ အနက်ရောင်လေး တခု အဲဒီလိုမျိုး။ ဒါတောင် ကိုယ်တို့က လှတဲ့ အရောင်ကို လုကြသေးတာ။

ကိုယ်ကတော့ မမှတ်မိတော့ပါဘူး။ သနားတာနဲ့ ပတ်သက်ပြီး အဖေတို့က ပြန်ပြောပြတာပါ။ အဲဒီလို ချွန်စက်တွေလုကြပြီဆိုရင် ကိုယ့်မောင်လေးက လှတဲ့ အ၀ါရောင် ကြောင် ချွန်စက်လေးကိုပဲ လိုချင်တယ်။ ကိုယ်ကလဲ သူ့နည်းတူ အ၀ါရောင်ပဲ လိုချင်တယ်။ အဲဒီအခါ ကိုယ်က မောင်လေးကိုလဲ ဦးစားပေးရာရောက်အောင် အနက်ရောင်လေးကို ယူပေးလိုက်တယ် တဲ့။

ဒါပေမဲ့ ရိုးရိုးတန်းတန်း အနက်ရောင်ကို ယူတာ မဟုတ်ပါဘူး။ ပြောပြီးမှ ယူတာ တဲ့။ ဘယ်လို ပြောလဲ ဆိုရင် “မောင်လေးက ကြောင်အ၀ါလေး လိုချင်တယ်ဆိုရင်လဲ ယူလိုက်ပါ မောင်လေး ရယ်၊ မမက အနက်ရောင်လေးပဲ ယူလိုက်ပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ အ၀ါလေးက လှတော့ ဘယ်သူမဆို ချစ်ကြမှာပဲလေ။ အနက်လေးကတော့ မလှရှာဘူး။ အဲဒီတော့ မမချိုက သနားလို့ အနက်လေးကိုပဲ ယူလိုက်ပါ့မယ်” တဲ့။

ပြီးတော့ ကိုယ်က ကြောင်အနက် ချွန်စက်လေးကို ပွတ်သပ်ပေးနေသေးတာ။ သနားစရာ ကောင်းလိုက်တဲ့ ကလေး၊ နင့်ကို ဘယ်သူ့မှ မလိုချင်ဘူး ဆိုတဲ့ စတိုင်ပေါ့။ အဲဒီတော့ ကိုယ့်မောင်လေးကလဲ စိုက် ကြည့်နေတယ်။ သူလဲ အနက်လေးကို အရမ်းသနားနေပြီ။ ဒါနဲ့ ပေး ပေး သားကို ကြောင်အနက်လေး ပေး ဆိုပြီး အတင်းယူတယ်။ ကိုယ်ကလဲ မမပဲ ယူပါ့မယ် လုပ်သေးတယ်။ ပြီးမှ ကိုယ်က အ၀ါရောင် ကြောင်ချွန်စက်လေးကို မယူချင်ဘဲနဲ့ အငယ်မို့ သူ့ကိုလျှော့ပေးလိုက်ရသလိုလို နဲ့ ရသွားရောလေ။

အဲဒါကိုကြည့်ပြီး ကိုယ့်မိဘတွေက သိပ်သဘောကျတာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ ငယ်ငယ်က မောင်နှမ နှစ်ယောက် ရန်မဖြစ်လို့။ နှစ်ယောက်စလုံး ကိုယ်လိုချင်တာ ရတော့ ကျေကျေနပ်နပ်နဲ့ ကစားကြတယ်လေ။ အဲဒါကို အဖေတို့ အမေတို့က ကြီးလာတဲ့အထိ ပြောမဆုံးဘူး။ နောင်ကျတော့ သူလဲနားလည်သွားပြီး တခုခု ရွေးချယ်ရမယ်ဆိုရင် “နင်ငါ့ကို ငယ်ငယ်ကလို ကြောင်အနက်လေး မမယူပါ့မယ် လာမလုပ်နဲ့တော့။ အနက်လေးကို သနားရင် နင်ပဲယူတော့” တဲ့။ သိကုန်ပြီကိုးလေ..။ ဒုက္ခ ဒုက္ခ။

ကိုယ်ပြောချင်တာက သနားတာဟာ လူ့စိတ်ကို အတော် ကသိကအောက်ဖြစ်စေတာကိုပါ။ အခုပဲ ကြည့်လေ။ ဟိုတခါ သံယောဇဉ်ဆိုတဲ့ ပို့စ်မှာ ကိုယ်ရေးဖူးတဲ့ ကြောင်မိသားစုမှာ ကြောင်ကလေးလေးတွေက ၄ကောင်၊ ကြောင်အမေကြီးက ၁ ကောင် ပြန်လာနေတယ်။ ကိုယ်တို့ကလဲ ၀မ်းသာအားရ ဖြစ်ပြီး စားစရာတွေ ကျွေး၊ နို့တွေတိုက် လုပ်နေတော့ အိမ်က မခွာတော့ဘူး ဆိုပါတော့။

ဒါပေမဲ့ သူတို့က ပိုင်ရှင် မရှိတဲ့ ကြောင်မိသားစုထင်ပါရဲ့။ လူနဲ့ မနီးစပ်လို့ နည်းနည်းရိုင်းတယ်။ စားတဲ့အချိန်ပဲ လာစားတယ်။ ပြီးရင် အကိုင်မခံဘူး။ အရောင်တွေက အမေက တကိုယ်လုံး အနက်ဆိုတော့ ကလေးတွေကလဲ ၂ကောင်က အနက်၊ ၁ကောင်က အနက်ကြား၊ နောက်တကောင်က အဖြူလိုလို၊ ၀ါချင်သလိုလို နဲ့မို့ အနီးစပ်ဆုံး ပြောရရင် လက်နှီးစုတ် အရောင် တဲ့။ ကိုယ့်အမျိုးသားက ပြောတာလေ။

အဲဒီအထဲက အနက်လေး တကောင်ကတော့ ရောဂါသည်လေးပါ။ အစားလဲ သိပ်မစားနိုင်ရှာဘူး။ သနားလို့ သူ့ကိုချည်း သပ်သပ်ကျွေးလဲ နည်းနည်းပဲစားပြီး အသက်ရှူကြပ်နေရော။ ပန်းနာရောဂါသည် ထင်တယ်။ ကိုယ်တို့က သူ့ကို ပိန်ပိန်လေးမို့ ပိညှက်လေး လို့ နံမည်ပေးထားတယ်။

နောက်တခါ အသံကလဲ မထွက်ဘူး။ လည်ချောင်းကွဲနေသလား မသိ။ ပါးစပ်ဟပြီး လျှာလေး နီနေလို့သာ သူအော်နေမှန်း အမြင်နဲ့ သိရတာ။ ဒါတောင် အသားက မဲနေလို့ မှောင်ထဲမှာ ထိုင်နေရင် ဘာမှကို မမြင်ရဘူး။ နောက်ပြီး နှာခေါင်းတဖက်ကလဲ နှာရည်တွေ တချိန်လုံး စီးကျနေသေးတယ်။ မပြည့်စုံ မလှပတဲ့နေရာမှာတော့ complete ပဲ။ ပြောရရင် complete ပိညှက် ပေါ့။

ကိုယ့်အမျိုးသားကိုလဲ သူက ချစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ့ကိုပဲ ကြောင်လေးတွေက ချစ်နေအောင် အစာကျွေးလဲ သူ၊ နို့တိုက်လဲ သူ လုပ်ထားတယ်။ ကိုယ့်ကိုတော့ သူ့ထက်ပိုချစ်သွားမှာစိုးလို့ အနားမကပ်စေချင်လို့ စာရေး၊ စာရေး ကိုယ်ကျွေးလိုက်မယ် တဲ့။

ဘလော့ဂ်ဖတ်လဲ သူတို့နှစ်ယောက် ကွန်ပျူတာရှေ့မှာ အတူတူ။ ပိညှက်ကလေးက သူ့ပေါင်ပေါ်မှာထိုင်ပြီး ကွန်ပျူတာကို စိုက်ကြည့်လို့။ တီဗီမှာ ဘောလုံးပွဲ ကြည့်တော့လဲ အတူတူ။ ပိညှက်လေးက နားရွက်လေးထောင်ပြီး သူ့ရင်ခွင်ထဲမှာ ထိုင်လို့။

ဘောလုံး တီဗီဂိမ်း ကစားရင်လဲ ဟိုကလေးက သူ့ဘေးမှာ မော့လို့။ သူ့ကိုကြည့်လိုက်၊ အရုပ်တွေကို ကြည့်လိုက်နဲ့။ နှာရည်တွေက ကျလို့။ သူကလဲ ဘေးမှာ တစ်ရှူးဗူးနဲ့။ ကိုယ်က စာရေးရင်းတဖက် သူတို့ နှစ်ယောက်ကို လှမ်းကြည့်ပြီး အကိုရေ ကလေးကို နှပ်သုတ်ပေးလိုက်ပါအုံးဆိုရင် သူကလဲ တစ်ရှူးလေးနဲ့ ဖြေးဖြေးလေး သုတ်ပေးတယ်။ ဖြစ်နေတာ ဖြစ်နေတာ။

သူ့အတွက် အိမ်လေးလဲ ကိုယ့်အမျိုးသားက ကိုယ်တိုင်လုပ်လေရဲ့။ အခန်းလေးတွေဖွဲ့လို့ ဆောက်ထားတော့ ကြောင်က ဧည့်ခန်း၊ အိပ်ခန်း ခွဲသိပါ့မလား မေးရသေးတယ်။ မနေ့ညကလဲ မနက် ၃နာရီကြီး ပိညှက်လေးကို သူက ရှုရှုး ထ တည် သေးတယ်။ ရောဂါပေါင်းစုံ ဖြစ်နေတဲ့ကြားထဲ ဆီးချုပ် ၀မ်းချုပ်ပါ ဖြစ်သွားမှာစိုးလို့။ ကြောင် Insurance လဲ ၀ယ်ဖို့ စုံစမ်းနေရပြီ။ ရောဂါသည်လေး ဆိုတော့လေ။

ညနေဆို ရုံးကနေ နှစ်ယောက်သား သုတ်သုတ် သုတ်သုတ်နဲ့ ပြန်လာကြတယ်။ စတားဘက်စ်လဲ မထိုင်နိုင်၊ ရုပ်ရှင်လဲ မမော့နိုင်၊ သူငယ်ချင်းတွေနဲ့လဲ သဝေမထိုးနိုင်။ အိမ်ရောက်လို့ ပိညှက်လေး တွေ့မှ အော် သူ မသေသေးဘူးလို့ ရင်အေးရတယ်။ ဒီ Fall တောင် မခံလောက်ဘူး ထင်ရတယ်။ အသက်ရှူရင်လဲ ဂလူးဂလွမ်းနဲ့။ အသံပေါင်းစုံ ထွက်နေတယ်။

အဲဒီကြောင်လေးက အကိုင်လဲ ခံနေပြီ၊ လူကိုလဲ ခင်နေပြီဆိုတော့ သံယောဇဉ် ဖြစ်ရပြီပေါ့။ မွေးမဲ့မွေးတော့လဲ ကျန်းမာတဲ့ ကြောင်လေးတွေ ရှိရက်နဲ့ ရောဂါသည်လေးကိုပဲ သည်းသည်းလှုပ် ချစ်မိရတယ်။

သံယောဇဉ်ဆိုတာ ဖြတ်ရခက်ရတဲ့အထဲ ချစ်တာအပြင် သနားတာပါ တိုးလာတော့ ခက်တော့ ခက်နေပါပြီ။ ကိုယ်တို့လဲ ရုန်းမထွက်နိုင်တော့ဘူးလေ..။
မိုးချိုသင်း

26 comments:

Chit Lay Pyay said...

အမ ရေ ညီမလဲ ကြောင်လေးတွေကို သိပ်ချစ်တာ၊ ညီမမှာလဲ အဲလို နေမကောင်းတဲ့ ကြောင်မ အနက်ကလေး ရှိဖူးတယ်၊ သူက နေမကောင်းဖြစ်ပြီးကတည်းက ညှက်သွားတာ အဲဒီအရွယ်သေးသေးလေးက မတတ်ဘူး၊ မျက်နှာကလဲ သူများ ကြောင်လေးတွေလို မဟုတ်ဘူး မှိုင်မှိုင်လေးနဲ့ ငိုင်ငိုင်လေး ။ နောက်တော့ သူ က ညီမတို့ ဘေးအိမ်က အိမ်နောက်ဖေး အမှိုက်ပုံနားမှာ သွားထိုင်ထိုင်နေရင်က ပြန်မလာတော့ဘူး၊ ဘယ်ရောက်သွားလဲ မသိဘူး၊ အခုထိ သူ့ကို သတိရနေတုံး၊ တခါတလေ အိပ်မက်ရင် သူပြန်လာတယ် လို့ အိပ်မက်မက်နေသေးတယ်၊ အမ ရဲ့ ယနေ့ အခြေအနေမှာ ၀မ်းနည်းစရာ သတင်းကြောင့် စာမရေးနိုင်ပါဆိုလို့ စိတ်ပူသွားတာ၊ အခု ပြန်လာကြည့်လို့ ပို့စ်တက်တာတွေ့လို့ ဦးဆုံး ကွန်မန့်ပွတ်သွားတယ်၊ အစစ အရာရာ အဆင်ပြေပါစေ အမရေ၊

ခင်မင်လျှက်

PAUK said...

အမရေ..
ဝမ်းနည်းစရာဆိုတာ..ဘာကိုဝမ်းနည်းတာလဲ
ကြောင်လေးအတွက်လား....
အဟိ...
ကျွန်တော်ကကြောင်..ခွေးမချစ်တတ်တော့
ဘယ်လိုနှစ်သိမ့်ရမှန်းတောင်မသိဘူး
အမကရီရတယ်
်(ခဲချွန်စက်အ၀ါလိုချင်တာတဖက်လှညိ့နဲ့ရအောင်ယူတယ်)
အမဘာရာသီဖွားလဲ..(ပြောလို့ရမှပြောပါနော့)
ကျွန်တော့်အထင်ကတော့Geminiထင်တာပဲ
အဟဲ..မွှားသွားရင်ဆောတီး

ကိုအောင်(ပျူနိုင်ငံ) said...

မမိုးချိုသင်းက စာအရေးအသား အရမ်းကောင်းတာဘဲ
ကျနော်ဆို ကြောင်ထက် ခွေးကို ပိုချစ်တယ်။ အမရေး
လိုက်တော့မှဘဲ ကြောင်တွေကို သနားမိတယ်။

myatnoe said...

အမ..ကြောင်ကလေးသနားပါတယ်။
ဒါပေမဲ့ မြတ်နီုးကတော့ ..ပါးစပ်ကပဲ သနားနိုင်မယ်ထင်တယ်။ ဘာလိုံလဲဆိုတော့ .. ကြောင်ဆို အိမ်မှာ ညစ်ပတ်နေပီလို့ ယူဆရင် လုံးဝမကိုင်တော့ဘူးလေ..။

ဒါကြောင့် သနားတယ်ဆိုတာ ပါးစပ်နဲ့ပဲ ဖြစ်မယ်ထင်တယ်။
အမတို့လို အမှန်တကယ်သနားတဲ့ သူရှိတော့လဲ ..မြတ်နိုးက ကြောင်ကလေးကိုယ်စားကျေးဇူးတင်ပါတယ်လို့ ပြောတတ်ပါတယ်။

အမ မြတ်နိုးက ကြောင်ကိုပဲပြောတာနော်။ ပါးစပ်က သနားတယ်ဆိုတိုင်းရင်ထဲကသနားပေမဲ့ လက်က မလုပ်ဖြစ်တာ ကို ပြောပြတာပါ။

လေးစားလျက်

khin oo may said...

တို.လဲ ငယ်ငယ် က မောင်လေးဖျားလို. ကြေးအို.ဝယ်တိုက်တတော. (အဲဒီ အချိန်တုံးက တော.ဒါ အန်မတန်ဈေးကြီးလို. လူ မမာ ကိုဘဲ တိုက်နိုင်တာပါ။ ပိုက်ဆံ သိတ်မပြည်.စုံဘူးလေ) တို.လဲစားချင်တာပေါ။ အဲဒါနေဲ. မောင်လေးကို ပြောတယ်။ ဟယ် နင် အများကြီး မစားနဲ. အစာအိမ်တင်းလိမ်မယ် ဆိုတော. မောင်လေးက အကုန် မစားတော့ဘူး။ ပိုတာ တို.သောက်လိုက်တာပေါ.။
၂။ တိုလဲ အဲဒီညော်င် ကလေးကို တောင် ချစ်လာပြီး တို့ ကအန် မတန် ကြောင် မုန်းတယ်။ သူ အပြော ကောင်းတာ နဲ.။

khin oo may said...

ကိုယ့်ကိုတော့ သူ့ထက်ပိုချစ်သွားမှာစိုးလို့

ဂျစ်တူး - gyit_tu said...

ဟုတ်တယ် အမရေ ။ သံယောဇဉ်ရော .. သနားတာရော ပေါင်းလိုက်ရင်တော့ .. မလွယ်ရေးချာ မလွယ်ဘဲ ။

ဂျစ်တူး - gyit_tu said...

ဒါနဲ့ အမ မောင်လေးကို ပြောတာဖတ်ပြီး သဘောကျလွန်းလို့ အဟား ။ ကျနော်လည်း ကျနော့်မောင်လေးကို အဲလိုလေး လုပ်ကြည့်ဦးမှ ။ ခက်တာ သူက အသက် ၂၆ တောင် ရှိနေပြီး)

may lay said...

တီတီချို..
စီဗုးံလဲရှိဖူး..အိမ်ကိုလဲလာလည်နော်.လင့်ထားခဲ့မယ်
http://koyinnawkhinlaynge.blogspot.com/

ဇနိ said...

အမရေးလိုက်တော့ ငယ်ငယ်တုန်းက ကျနော့်အကိုက ကျနော့်ဆီက ဘယာကြော်ကို ညီလေးပူတယ်နော် မစားနဲ့ ပြောပြီး ညာ ယူစားတာတောင် သွားသတိရမိတယ်..
း)

လင်း said...

အမရေ မောင်လေးကို ညာတာပါတေးနဲ့  လုပ်ပြီးလိုချင်တာကို ရအောင်ယူတာကို ဘဘောကျတယ်။ အမတို့ မောင်နှစ်မတွေ အကြောင်းဖတ်ရတာ ပျော်စရာကြီး။ စကားမစပ် လင်းက ကြောင်ကိုသိပ်ကြောက်တာ။ မချစ်ဘူးးးးး

pandora said...

သနားတတ်တဲ့ စိတ်ကလေးက သိပ်ကိုချစ်စရာကောင်းပါတယ် အစ်မရေ။

nu-san said...

အမက ငယ်ငယ်ကတည်းက ဖြတ်ထိုးဥာဏ်ကောင်းတယ် ပြောရမယ်.. :)

ကြောင်တွေ ခွေးတွေ နဲ့ ပတ်သက်လို့ comment ရေးလိုက်ရရင် အရှည်ကြီးဖြစ်သွားမှာ.. :P

အဖေက လမ်းဘေးက ခွေးလေးတွေလျှောက်သွားနေရင် အိမ်ခေါ်တာတယ်.. ကားကြိတ်မိမှာစိုးလို့.. ခွေးမကြီးက မွေးလို့ ခွေးလေးတွေ တောက်တောက် လမ်းလျှောက်နိုင်ပြီဆိုလည်း မုန့်ကျွေးရင်း အဲဒါလေးတွေက အိမ်တိုင်ယာရောက် ပြောင်းရွှေ့လာကြရော.. ဘာလုပ်ရလဲဆိုတော့ အားပြီဆိုရင် သူတို့ကို ရေချိုးပေး သန်းရှာပေး ဆေးပေါင်ဒါဖြူးပေး၊ ပြီးရင် ဆန်ခွဲတွေ ကျိုပြီး ကျွေးလို့ ခွေးတွေ ပြောင်ယောင်လာပြီဆိုရင် လမ်းသွားလမ်းလာတွေက ယူသွားကြတယ် အမရယ်..

ကြောင်လည်း အဲဒီလိုပဲ သူများအိမ်က ကြောင်က ကိုယ့်အိမ်ကို လာနေရင်းက ကလေးတွေမွေးပြီး အမေက ပြန်ကို လှည့်မကြည့်တော့ဘူး.. နို့ဘူးတိုက်လို့မရလို့ မင်စုတ်တဲ့ဟာနဲ့ အစက်လေးတွေ တိုက်ပြီး ကျွေးရတယ်.. နောက်ပိုင်း ပျောက်တာတို့ သေတာတို့ဆိုရင် ငိုရလွန်းလို့ ... တိရစ္ဆာန်တွေအပေါ်ထားရတဲ့ သံယောဇဉ်ကို တဖြည်းဖြည်းကြောက်လာတယ်.. အမရယ်.. အခုတော့ ဘာကြောင် ဘာခွေးမှ မမွေးဖြစ်တော့ဘူး.. :)

thorn musem said...

မမိုးချိုရေ.....။
ကျနော်တော့ စဉ်းစားနေတာ...။
မမိုးက သနားတတ်တယ် ၊သံယောဇဉ်ကြီးတယ်လို့ 
ဝန်ခံထားတာနော်.....
ခဲချွန်စက်လေးနဲ့ ကြောင်လေးကတော့..
အ၀ါရောင်နဲ့ အနက်ရောင်နော်....။
အမမိုး သံယောဇဉ်တွယ်ခဲ့ တဲ့ ....
မမိုး အမျိုးသားက....ဘာရောင်ယေးယဲ...ဟင်..။

ရွာသားလေးဝိုင်တီယူ said...

ကျနော်လည်းချစ်ခင်ခြင်းကို ပူလောင်ခြင်းကင်းချင်လိုက်တာ အမရေ။ ငယ်ငယ်က အိမ်ဘေးမှာ ထမင်းအမြဲလာစားနေကျ ခွေးအတွက် ထမင်းမကျန်တော့လို့ စိတ်မကောင်းဖြစ်ပြီး ငိုမိတယ်။ ကိုယ်တွေက စားပြီး သူ့အတွက်မကျန်လေခြင်းဆိုပြီးငိုလိုက်ရတာ။ အဲဒါပြီးကတည်းက အိမ်က ဘာအကောင်ပလောင်မှမမွေးရတော့ဘူးတဲ့ အမိန့်ထုတ်ထားတယ်။ ရန်ကုန်တုန်းကလည်း စနိုးဆိုတဲ့ ခွေးဖြူလေး လမ်းဘေးမှာ သွားစရာမရှိလို့ အဆောင်ကိုခေါ်ထားဘူးတယ်။ လူကိုသိပ်ခင်တာ။ လူပေါ်မှာပဲနေချင်တာ။ ကျနော်ရုံးသွားရင်နောက်ကလိုက်လိုက်လာလို့ အခန်းထဲပြန်ထည့်ပြီး ကြိုးချည်ထားရင် တနေကုန်ကို အော်နေတာ။ ပြန်မလာမချင်း။ နောက်တာ့ အားကုန်ရုံးပြီး ချည်ထားတဲ့ကြိုးကိုဖြတ်ပြီး လိုက်လာတယ်နေမှာ။ ပျောက်သွားပါလေရော။ အမရေ ချစ်ခင်ခြင်းက တခါတခါ ပူလောင်တယ်ဗျာ။ ချစ်တတ်အောင်ဘာဖြစ်လို့သင်ပေးလဲမသိဘူးနော်။ ချစ်ခြင်းနဲ့ အတ္တကလည်း တစ်ပါတည်းပါလာတတ်တယ်။ ကိုယ်ကချစ်ပြီး ကိုယ့်ကိုဂရုစိုက်တာလည်းခံချင် ကိုယ့်အနားမှာအမြဲရှိစေချင် အင်း မုန်း၍မဟူထဲကလိုဝေေ၀လိုအဖြစ်မျိုးထားမိမှာကြောက်တယ်။ ချစ်ခြင်းဖြင့်ပူလောင်ခြင်းကင်းချင်လိုက်တာ လောဘကြီးတယ်လို့ပြောချင်ပြောပါ...

ပန်းခရမ်းပြာ said...

ချစ်လို့ သနားလို့ ဆိုပြီး မွေးခဲ့ဘူးတဲ့ အကောင်တွေ မနည်းဘူး။ ပထမတော့ ကိုယ်က သခင်။ သူတို့က pet ။ နောက်တော့ သူတို့က သခင်ဖြစ်သွားရော။ သူတို့ကိုပဲ အမြဲ ဦးစားပေးနေရတယ်လေ။

ရဲရင့်@ပုရစ် said...

လာဖတ်သွားပါတယ်မချိုသင်းရေ

ကိုယ့်ထက်ခွန်အား၊ညာဏ်အားနည်း သူတွေအပေါ်မှာညှာတာသနားတတ်တဲ့ သူဟာလူသားဆန်ပါတယ်ဗျာ....
ဒီလိုစိတ်ထားမျိုးမရှိပဲတချို့ကလမ်းပေါ် တွေ့တဲ့၊အိမ်မွေးတိရစ္ဆာန်လည်းဖြစ်တဲ့ခွေး
တွေကြောင်တွေကိုခြေထောက်နဲ့ကန်၊ခဲနဲ့
ပစ်တတ်တဲ့သူတွေတော့..ဘာနာကြည်းချက်နဲ့ ဒီလိုလုပ်ကြတာလဲလို့စဉ်းစားမိသွားတယ်။

(သူစားမယ့်ဟင်းတုံးကိုကြောင်သို့မဟုတ် ခွေးတကောင်ကောင်ကစားသွားတာခံရဖူးလို့ လည်းဖြစ်နိုင်တယ်-အဟိ :D )

phyophyo said...

hi,

i think u 2 forgot already about your's family warning about love for animals. i understand u all feeling, love is difficult to break down,,,,,

ကိုရင်နော်ခင်လေးငယ် said...

အစ်မရေ..
စာတွေဖတ်သွားပါတယ်.. အရေးအသားလေးတွေ အရမ်းကောင်းပါတယ်.. အချိန်ပေးပြီး ပိုစ့်အဟောင်းလေးတွေ လာဖတ်ပါဦးမယ်..
ကြောင်လေးတွေကို အရမ်းချစ်ကြတယ်နော်.. ကြောင်လေးတွေအကြာင်း ရေးထားတာဖတ်ပြီး ပြုံးမိတယ်.. ဘာလို့လည်းဆိုတော့ ကျနော်နဲ့ ခင်လေးလည်း ကြောင်အကြောင်းရေးဖူးတယ်.. ကျနော်ကတော့ ကြောင်မုန်းသူ လူကြမ်းကြီးပေါ့.. ခုတော့ ကျနော်လည်း ကြောင်လေးတွေကို ချစ်တတ်နေပါပြီ.. :)

may lay said...

တီတီချို
ယာလယ်ဒါတိုင်းကျူး...ကလေးလေးကတော့ကြောင်ချစ်ဖူး..
တီတီချိုစာတွေနေ့တိုင်းလာဖတ်ဒယ်..ဦးနော်နဲမေမေခင်က
တကျက်ကျက်
တီတီချိုပျင်းရင်ရန်ဖစ်တာ
လာနားထောင်..အဲလာဖတ်ယေ
နောင်ယဲယာလယ်မယ်
ကလေးလေး

သဉ္ဇာ - Thinzar said...

ဒီပို့စ်ကို ဖတ်ပြီး ငယ်ငယ်တုန်းက အကြောင်းတွေတောင် ပြန်သတိရသွားတယ်။ သဉ္ဖာလည်း အစ်မလိုဘဲ။ အိမ်မှာ အကြီးဆုံးပေမယ့် အစ်မလိုဘဲ မမဘဲ အနစ်နာ ခံလိုက်ပါမယ်လို့ အမြဲလုပ်ရင်း အငယ်နှစ်ယောက်က ကိုယ့်ကို သနား၊ နောက်ဆုံးတော့ ကိုယ်လိုချင်တာ အားလုံးရတာဘဲ။ အဖေတို့ဆို အမြဲ အံ့သြနေတာ။ ဘယ်နှယ့် အမြဲ နောက်ဆုံး သူဘဲ အကုန်ရသွားပါလိမ့်ဆိုပြီး သမီးရယ် အငယ်တွေကို သိပ်အနိုင်မကျင့်ပါနဲ့တဲ့။ :)

တန်ခူး said...

ချိုသင်း ငယ်တုန်းက ဖြတ်ထိုးဥာဏ်ကောင်းတာ ချစ်စရာလေး… တို့ နဲ့ တို့ မောင်လေးကတော့ ရန်ဖြစ်ရင်းချစ်ကြတာ… ပိညှက်လေးက သနားစရာလေးနော်… ချိုသင်းတို့ မောင်နှံက တို့ အမျိုးသားနဲ့  အတော်တူတယ်… ခုပဲ ပိညှက်လေးအကြောင်း ဖတ်ပြီး သူ့ ကို ပြောပြတော့ သူနဲ့ တူတဲ့ အဖော်တွေဆိုပြီး ပြုံးပြုံးကြီး… ပိညှက်လေးကျန်းမာပါစေ…

rose said...

မမပြောတာဟုတ်တယ်
သနားတဲ့ သံယောဇဉ်က ချစ်တဲ့ သံယောဇဉ်ထက် ပိုဖြတ်ရခက်တယ်နော်

PTi said...

အင်း ကြည့်ပါလား အကြီးတွေများ လူလည်ကျတတ်တာ... ကြီးတော့ ဥာဏ်ရည်မြင့်၊ ပြီးတော့ အငယ်တွေကို အနိုင်ကျင့်ကြတယ်... :P

Taungoo said...

အမကြီးရဲ့
ချွန်စက်ရယူပုံလေးက ညင်ညင်သာသာနဲ့
လှပလွန်းတယ်။ အမက ငယ်ငယ်လေးနဲ့ စိတ်အကြောင်း နားလည်နေသလိုပဲ။

တောင်ငူငယ်ရဲ့ စာတွေကို အမြဲတခုတ်တရနဲ့ အားပေးစကားပြောတတတ်တဲ့ အမကြီးကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော် စာမူခပို့စ်တိုင်း မချီးမြှင့်ဖြစ်ခဲ့တာကို နားလည်ခွင့်လွှတ်ပေးပါအမ။

မေတ္တာဖြင့်

Nu Thwe said...

ကောင်းလိုက်တဲ့ စာလေး။ ခုမှ ဖတ်ဖြစ်လို့ နောက်ဘိတ်ဆုံးကပဲ ရေးလိုက်ပါတယ်။
တိရစ္ဆာန် ဖြစ်တာတောင် ချူချူချာချာနဲ့ ကံမကောင်းတဲ့ ပိညှက်လေးဟာ မေတ္တာ၊ ဂရုဏာတွေနဲ့ လွှမ်းနေတဲ့ မချိုသင်းတို့အိမ်ကို ရောက်လာတာ အင်မတန် ကံကောင်းလို့ပါ။ ဆက်ပြီး ကံကောင်းပါစေ။
ခင်မင်လျက်
နုသွဲ့