စကား ဘယ်လိုပြောကြသလဲ

ဒီနေ့တော့ စကားတွေ ပြောကြတာနဲ့ ပတ်သက်ပြီး ကိုယ်စဉ်းစားမိတာလေးတွေ ရေးကြည့်မလို့ပါ။
လူတွေ တယောက်နဲ့တယောက် ပြောဆို ဆက်ဆံကြတဲ့အခါ ပြောတဲ့စကားက ဘာကို ဆိုလိုသလဲဆိုတာ သိမှ နားထောင်တဲ့လူက ပြန်ပြော၊ ပြန်ဖြေနိုင်တာမျိုး မဟုတ်လား။ အဲဒီတော့ လူတွေက စကားပြောကြပြီဆိုရင် သူ့စတိုင်နဲ့သူ၊ သူ့ဝသီနဲ့သူ ပြောတတ်ဆိုတတ်ကြတယ်လေ။ အဖေ့မိတ်ဆွေတွေထဲမှာကို စတိုင်အမျိုးမျိုးနဲ့ အများကြီးတွေ့ရတယ်။

တချို့ကျတော့ စကားစ ပြောရင် သမိုင်းနဲ့ ချီတယ်။ တကယ့်လိုရင်းက ခုနကလေးတင် ဖြစ်သွားတဲ့အကြောင်း ပြောမလို့။ ဒါပေမဲ့ အစချီတော့ ဘိုးတော်ဘုရား လေးဖက်သွားတဲ့ ခေတ်ကနေ စ ပြောတယ်။ အဲဒီတော့ နားထောင်ရတဲ့လူက focus တွေ ဝေ ၀ါးကုန်တယ်။ သူပြောချင်တာ သမိုင်းကို ပြောချင်တာ ထင်တယ်တို့ ဘာတို့ ဖြစ်ကုန်တယ်။ အပျိုး များသွားတယ် ဆိုပါတော့။

တချို့ကျတော့လဲ ကျောင်းဆရာလုပ်လာတာ နှစ်ကြာလာတော့ အရိုးစွဲသွားတာမျိုး ရှိတတ်သေးတယ်။ သူက နားထောင်နေတဲ့သူကို ပြန်မေးတာ။ ကျောင်းသားကို စာမေးသလိုမျိုး။ စကားတ၀က်မှာ ရပ်ပြီး အဲဒီတော့.. ဘာဖြစ်သလဲ..တဲ့။ အဲဒီအခါ နားထောင်နေတဲ့ကိုယ်က စကားထောက်ပေးရတော့တာ။ သူက ဒီလို ဖြတ်ဖြတ်မေးနေတော့ သူ့စကားကို အမြဲစူးစိုက်နေမှကို ဖြစ်တော့မယ်လေ။ ဒါမှ ထောက်လို့ ရမှာပေါ့၊ ဟုတ်ဖူးလား။

ကိုယ်တို့မိဘတွေက ဆရာ၊ ဆရာမ အသိုင်းအ၀ိုင်းဆိုတော့ ဒါမျိုးတွေ ခဏခဏ ကြုံရတတ်တယ်။ အကျင့်ကြီးကို ပါနေတာပါလေ။ အဲဒီလို လူမျိုးတွေနဲ့တွေ့ရင်တော့ ကိုယ်တို့က မအောင့်နိုင်ဘဲ အရယ်သန်သူပီပီ သူ့ရှေ့မှာပဲ တခွိခွိ နဲ့ ရီမိတော့တာပဲ။ ပြောတဲ့သူကတော့ ဘာကို ရီမှန်းမရိပ်မိလို့ အံ့သြလို့။ သူ့အဖို့တော့ ဘာမှ မထူးဆန်းဘူးလေ။ နိစ္စဓူဝ ကျောင်းသားတွေကို စာသင်သလိုပဲ ပြောနေမိတာကိုး။
အဲဒီတော့ ဘာဖြစ်သလဲ သမီး..။
ခွိခွိ ခွိ ဘာမှ မဖြစ်ပါဘူး ဦး၊ ခွိ ခွိ..

အဖေ့မိတ်ဆွေ ဂီတဆရာတယောက်ကတော့ စကားကို တ၀က်ပဲ ပြောတယ်။ သူက အတွေးထဲမှာ ရှေ့က တ၀က်ကို ပြောပြီးသွားပြီ။ အဲဒီတော့ နောက်ဆုံးစကားလုံးလောက်ပဲ ပြောလိုက်တယ်။ နားထောင်ရတဲ့သူက တ၀က်တန်းလန်းကြီးနဲ့ ဘာကိုဆိုလိုမှန်း မသိ ဖြစ်ရတယ်။ ပြီးတော့ လူကလဲ ညင်သာယဉ်ကျေးလေတော့ အသံက တိုးတိုးလေး။ သူ တနာရီလောက် တိုးတိုး တိုးတိုးနဲ့ ပြောသွားရင် ကိုယ်တကယ်သဘောပေါက်တာက တလုံး နှစ်လုံးလောက်ပဲ ဖြစ်နေတယ်။ တကယ့်သေရေး ရှင်ရေး ဆို ဒုက္ခ။

နောက်တယောက်ကတော့ ကိုယ်တို့မိသားစုနဲ့ အရမ်းခင်တဲ့ ပန်းချီဆရာ။ သူကတော့ စကားပြောရင် subject တွေ အကုန် ဖြုတ်ခဲ့တယ်။ verb လောက်ပဲ ပြောတယ်။ ဥပမာ..

“အဲဒီတော့ … ဖြစ်တယ်၊ ဖြစ်တယ်”
“ဘာဖြစ်တာလဲ ဦး၊ ဘာတွေ ဖြစ်ကုန်တာလဲ”
“အော်..မြို့ထဲမှာ အရေးအခင်းတွေ ဖြစ်တာကို ပြောတာပါ”
“ဟင် ဟုတ်လား၊ ဘယ်နားမှာလဲ”
“ရှိတယ် ရှိတယ်..”
“ဘာရှိတာလဲ ဦး”
“အော်..ထောက်လှမ်းရေးတွေ ရှိနေတာကို ပြောတာ သမီး”
“အဲဒီတော့ ဘာဖြစ်ကုန်သလဲ ဦး”
“ပါကုန်တယ် ပါကုန်တယ်..”
“ဘာလဲ ကျောင်းသားတွေ ပါကုန်တယ် ပြောတာလား”
“အေး ဟုတ်တယ်၊ ပါကုန်တယ်”

ကဲ စဉ်းစားသာ ကြည့်ကြပါတော့ အရပ်ကတို့။ အဲလိုမျိုးနဲ့ ကိုယ်သိချင်တဲ့ သတင်းကို မေးနေရတာပါ။ တကယ်တော့ သူက မြို့ထဲက ပြန်လာတာမို့ ကိုယ်တို့ကို ဒီသတင်း ပြောပြချင်လွန်းလို့ အပြန်မှာ အိမ်ကို ၀င်လာတာ။ သူက အခုလို verb လေးတွေပဲ ပြောတဲ့အခါကျတော့ စကားတခု လိပ်ပတ်လည်ဖို့ ပဟေဠိဖော်နေရသလိုပါ။

ဒါနဲ့ ကိုယ်လဲ ဒီလိုအသိုင်းအ၀ိုင်းမှာ ကြီးပြင်းခဲ့ရတော့ စကားပြောရင် သတိထားပါတယ်။ ကိုယ်ပြောတာ သိပ်ရှည်နေမလား၊ မြန်မြန်ဖြတ်တယ်။ နားထောင်တဲ့သူ စိတ်ဝင်စားရဲ့လား အကဲခတ်တယ်။ အဆုံးတွေချည်း မပြောမိဖို့လဲ ဂရုစိုက်ပါတယ်။

ဒါပေမဲ့ အခုတလော ကိုယ်က ဟိုတွေး ဒီတွေးနဲ့မို့ စကားတွေလဲ ဟိုဒီရောက်ကုန်တယ် ထင်ပါ့။ စကားတွေကို မှတ်မိတဲ့အချိန်၊ သတိရတဲ့အချိန်မှ ထ ပြောတတ်တာပါ။ ကိုယ့်ဒဏ်ကို ကိုယ့်အမျိုးသား ခံနေရတယ် ဆိုပါတော့။
ညနေခင်း အလုပ်တွေဘာတွေပြီးလို့ အေးအေးလူလူ ပြန်လာကြတော့..သီချင်းလေး နားထောင်နေတုန်း..

“အဲဒီပစ္စည်း မပို့လို့ မဖြစ်ဘူးနော်”
“ဘာပစ္စည်းလဲ၊ ဘာကို ပြောနေတာလဲ ချိုသင်း”
“အော် မနက်က ဟိုလူ မှာထားတာလေ၊ ပို့ရအုံးမယ် ပြောတာ”
“အေးပါ သိပါတယ်။ ချိုသင်းဟာက ဘာမှန်းမသိ၊ အမြီးမပါ ခေါင်းမပါ နဲ့။ တယ်ခက်ပါလား။”

“ဟိုကိစ္စကြီး လုပ်ပြီးပြီလား”
“ဘာကိစ္စကြီးလဲ၊ လုပ်လာပြန်ပြီ” (သူက ခေါင်းကို တွင်တွင်ကုတ်ပါတယ်)
“ဟိုကိစ္စကြီးဟာလေ..၊ သူပဲလုပ်ပေးမယ် ပြောပြီးတော့..။”
“အေးလေ၊ ဘာကိုပြောနေတာလဲ လို့ မေးနေတာ။”
“အော်..ဖုန်းဆက်ရမဲ့ ကိစ္စလေ။”
“သိပြီ သိပြီ။ အဲဒီလိုလေးဘာလေး ထည့်ပြောစမ်းပါကွာ..။”

“အကိုရေ အရမ်းအရေးကြီးတယ်၊ သွားယူရမယ်နော် မမေ့နဲ့”
“ဘာသွားယူရမှာလဲ ဘာအရေးကြီးတာလဲ”
“အော် ဆေးသွားယူပေးဖို့လေ၊ မေ့နေမှာစိုးလို့ သတိပေးတာ”
“မင်းဟာက အလယ်သားချည်းပဲ ပြောနေပါလားကွ”

ဟိုး..ရှေးရှေးတုန်းက တဲ့။ ဘုရင်ကြီးက အမတ်ကြီး ဦးပေါ်ဦးကို မေးတော်မူတယ် တဲ့။ အမတ်ကြီး၊ ကမ္ဘာပေါ်မှာ ဘယ်ဥက အဆိမ့်ဆုံးလဲ တဲ့။ အမတ်ကြီးက ပြန်ဖြေတယ်။ လိပ်ဥ ပါဘုရား တဲ့။ ဘုရင်ကလဲ ဘာမှ ပြန်မပြောဘူး။ ဆိတ်ဆိတ်နေတယ်။ အမတ်ကြီးကလဲ သူ့ memory chip လေးထဲမှာ ထည့်ထားလိုက်ရတာပေါ့။ နောက်တခါ သူပြန်မေးရင် အဆင်သင့် ဖြစ်နေအောင်လေ။

နောက် တော်တော်ကြီး ကြာမှ ဘုရင်ကြီးက တခြားစကားတွေ ပြောနေရင်းက ထ မေးတယ်။ အလယ်ကနေ ဖောက်မေးတာပါ။ ပေါ်ဦး သူ့ချည်းပဲလားဟေ့ တဲ့။ အဲဒီတော့ အမတ်ကြီးက သူ့ memory ထဲကနေ ကမန်းကတန်း ထုတ်လိုက်ပြီး ဆားနဲ့ပါ ဘုရား လို့ လျှောက်လိုက်တယ် တဲ့။ ဘုရင်ကြီးက ကျေနပ်သွားတာပေါ့။

အင်း..ကိုယ့်အမျိုးသားကိုလဲ အမတ်ကြီး ဦးပေါ်ဦးရဲ့ memory chip လေးတခုတော့ ၀ယ်ပေးအုံးမှပါ။

မိုးချိုသင်း

34 comments:

Aung Kyaw Soe said...

good story ma cho thin...

myatnoe said...

ဟားဟား..အမကတော့ရေလည်ရီရတယ်..။
အမ တကယ်ပဲ..။

ညီမလဲ အဲ့လိုပဲ စကားဆို ငြိမ်နေရာကနေထထပီး အသည်းအသန်ပြောမိလို့..။
အဆပ်စပ်မရှိပဲ သိပ်ပြောတာပဲလို့....
အင်းးး သူငယ်ချင်းကပြောတယ်..။

malay said...

Moe Cho lay yay......
Just I read ur post already, firstly i consider that ur post means me or other things. Because today i send long long comments to you with free heart. Some are not concerned. So as soon as i read frist paragraph, I shouted myself " Oh. Bode Daw ". She means me? :P..... Heee....
A he`... after the end, I can be happy and free..... Hmuuu.... That means Ur beloved husband's story. Thanks u sis lay.
Ama tangue also long long and writing also long long. Sorry my sis..
with love
ML
Not Ma Long Long Naw :D
Have a great smile without pressure

Ko said...

နဉ္စ္စ ဒူဝ ရေးလား နေ့တဒူဝ ရေးလား
ဘယ်ဟာက အမှန်လဲ
မကွဲလို့ပါ

khine said...

Memory chip လေးဝယ်လို့ရရင်ပြော
နော် အစ်မ... ၀ယ်ချင်လို့ပါ.. :D

sin dan lar said...

လာဖတ်သွားပါတယ် ဆရာမ

SMN said...

KO သို့ ...
နိစ္စ=အမြဲ။ ဓုဝ=အမြဲ လို့  မြန်မာစာအဖွဲ့ က ထုတ်ထားတဲ့ (၁၉၉၃၊သြဂုတ်) မြန်မာစာ မြန်မာစကားမှာ ဖော်ပြထားပါတယ်။ နိစ္စဓူဝ ပဲရှိပြီး နေ့ တဒူဝ ဆိုတာမရှိဘူးလို့ လဲ ဆိုပါတယ်။ ချိုသင်းရေ.. ပြင်ကြအုန်းစို့ ။ KM

Moe Cho Thinn said...

ပြင်လိုက်ပါပြီရှင် Ko နဲ့ ကိုမိုးရေ..
ထောက်ပြပေးတာ ကျေးဇူးပါ။ အဟီး။

ဇနိ said...

အမရေ memory chip လေး မ၀ယ်ချင်ရင် အမအမျိုးသားက “အင်း” တလုံး မမြဲပြန်ပြောရင်လည်း အိုကေမယ်ထင်တယ်နော်။
အမ ဘယ်ကစပြောပြော ဘာမေးမေး “အင်း”သာ ဖြေလိုက် ကွက်တိ။

ဂျူနို said...

ဟဲဟဲ ဒို့ ကိုတော့သိတဲ့လူတွေက ရာဇ၀င်အိုးတုတ်နဲ့ ထိုးဆိုပြီးသိကြတယ်။
မသိသေးတဲ့လူတွေက စကားပြောကောင်းတယ်ဆ်ုပြီး နားထောင်နေကြတယ်။ သနားတယ်။
ကျားရှေ့ မှောက်လဲ သွားတာကိုး ။ပြေးဖို့ လမ်းမရှိ ဘူး။
မချိ သွားဖြဲပြီး နားထောင်ကြတယ်။
ကိုယ်ကတော့ မှောက်လဲမဲ့ လူတွေကို မျှော်နေတာဘဲ။
အယ်ဇီ

Taungoo said...

အမရေ
အနုပညာနယ်ပယ်က တစ်ချို့ကတော့ ပေါ့နော် တွေ ထည့်ထည့်ပြောတာ။ ထွင်တာလား။ အကျင့်ဖြစ်နေတာလား မသိဘူး။ ပေါ့နေရင်လည်း ခဲလေးတစ်လုံးလောက် ဆွဲထားကြရင် ကောင်းမယ်ပေါ့နော်။

မေတ္တာဖြင့်

လင်း said...

အဲဒိတော့ ဘာဖြစ်လဲ လို့  လင်းက ပြောရင် သူကလေ မင်းကို ကိုယ်ချစ်တာပေါ့လို့  ပြန်ပြန်ပြောတတ်တယ်။ ဟီး ဘာမှလဲမဆိုင်ဘူးနော် အသားလွတ် ၀င်ပြီး အတိတ်ကိုလှန်သော လုပ်သွားတာ

ဂျူနို said...

ကောမန့် ရေးပေးတဲ့ အတွက် သိတ်ဝမ်းသာပါတယ်။
ဦးဘသာ ၀တ္တု တိုကနေ မိုးချိုသင်း ကို သိနေတာ။ အဲ့ဒီဝတ္တုကိုတို့ က တအိမ်လုံးကို ဖတ်ပြခဲ့တာ။ သဘောတွေကြ လိုက်ကြတာလေ။ ဖေဖေ ကဆို သူ့ လုပ်ဖော်ကိုင်ဖက်တွေကိုတောင် ဒို့ ငှားထားတဲ့ စာအုပ်ကို ပေးဖတ်နေတာ။
အယ်ဇီ

ရွာသားလေးဝိုင်တီယူ said...

အမရေ အမေ့ကိုသတိရလိုက်တာ အမေလည်းအဲလိုပဲ စကားကို အဆုံးမရှိအစမရှိပြောတတ်တယ်။ သူ့အကြောင်းကိုသိထားမှ ဒါမှမဟုတ်အစောက ပြောထားတဲ့အကြောင်းအရာတွေကို လုံးစေ့ပတ်စေ့နားလည်မှ မဟုတ်ရင် သူတချက်တချက်ထပြောတာတွေကို လိုက်လို့မမှီဘူး။ အခုတော့ ကျင့်သားရနေပါပြီ။

တန်ခူး said...

ပန်းချီဆရာအကြောင်းရောက်တော့ တယောက်ထဲလှိမ့်ရယ်နေလို့  သားအဖနှစ်ယောက် အူကြောင်ကြောင်နဲ့ ဝိုင်းကြည့်ကြတယ်… ဒီတော့ စာဖတ်ရမှာပျင်းတဲ့ အမျိုးသားကို ပေးဖတ်လိုက်တာ တခွိခွိနဲ့ သဘောပေါက်သွားတယ်… ဖေတို့ မေတို့ လဲ ဆရာ ဆရာမတွေမို့  ချိုသင်းပြောတာနဲ့ ကွက်တိပဲ… ဖေဖေဆို အရမ်းကို ပြန်မေးတတ်တာ… သူစိမ်းတွေနဲ့ ဆို ကိုယ်က ကြားထဲက အားတွေနာလို့ … ချိုသင်းရေ… ဦးပေါ်ဦးရဲ့ memory chip လေး နှစ်ခုပိုဝယ်ပေးပါနော်… အိမ်က အမျိုးသားက နှစ်ခုလောက်မှ အတော်ပဲလေ…

ဂျစ်တူး - gyit_tu said...

အမရေ .. အလုပ်မှာ ဖတ်ရင်း ရယ်လိုက်ရတာ .. အသံတောင် ထွက်တယ် အဟီးးး ။

PAUK said...

အမရေ..
ဖတ်နေတာတော့ကြာပါပြီ..
တစ်ခါမှဝင်မရေးဖြစ်သေးဘူး...
ကျွန်တော်တို့အလုပ်ကသူဌေးမလည်း
အလယ်ကတစ်ခွန်းပဲပြောတတ်တယ်...
ဟီးး

PTi said...

ဟားဟား အမဘာရေးရေး ရီနေရတော့တာပါပဲ… ကျွန်တော့်အမေကလည်း ဆရာမလေ… အမေကတော့ ဆုံးမစကားပြောရင် တခါတည်းမပြောပြီး ထပ်ခါထပ်ခါပြောတော့တာပဲ။ အဲတော့ အမေက ခဏခဏပြောထားပြီးအကြောင်း ထပ်ပြောဖို့စလိုက်တာနဲ့ မောင်နှမသုံးယောက်စလုံး သူပြောမှာ အကုန်ကြိုပြောထားလိုက်တယ်…. အဲဒီတော့မှ အမေက ရီပြီးတော့ … ကဲ ငါ ပြောဆိုဆုံးမတာ အဲလိုအလွတ်ရသွားအောင် လုပ်ပေးလိုက်တာ လို့ပြောလေရဲ့…

တခုလည်းကြည့် တနေ့က ဖုန်းထဲမှာ ဆုံးမထားတာကို စာရေးပြီးပို့လိုက်တယ်.. ဘလော့ပေါ်မှာတင်ဖို့တဲ့။ ဘလော့ပေါ်တင်ဖို့စာရိုက်ရင်တခါဖတ်ရမယ်လေ၊ ပြန်စစ်ရင်တခါဖတ်ရမယ် ဆိုတော့ အလွန်ရသွားပြီပေါ့… အဲဒီဆုံးမစကား အမတို့ပါဖတ်ရမယ်…

khin oo may said...

တို.ကတော.ပြ သာနာ သွားသွားရှာ တယ်။ တို.ရင် ထဲ ကပြောနေ တာ တွေ သူ မကြားလို့ ဆို ပြီး။

MyowinZaw said...

မခင်ဦးမေက ဘလိုင်းကြီးပြဿနာသွားရှာတာထင်တယ် မခင်ဦးမေအိမ်ဦးနတ်ကို memory chip တင်မကဘူး ရင်ထဲဝင်လို့ရတဲ့နည်းပါ program ရေးပေးရ မလို့ဖြစ်နေပြီ ဟားဟား

tututha said...

ရှေးရှေးတုန်းကတဲ့ ဘုရင်ကြီးကမေးတယ်တဲ့ ဥတကာ ဥထဲမှာ ဘာဥက အဆိမ့်ဆုံးလဲ ဆိုတော့ အမတ်ကြီးက ဆေးဘဲဥပါဘုရာ့တဲ့ အဲဒါနဲ့ ဘုရင်ကြီးလည်း အပေါ့အပါးသွား၊ ကာရာအိုကေ တပုဒ်လောက်ဆိုပြီးမှ အမတ်ကြီး ဘာနဲ့လဲကွယ့်တဲ့ အဲဒီမှာ အမတ်ကြီးက ဖြေတယ် ... ဘီအီးနဲ့ပါဘုရားတဲ့။ အမရေ ဘယ်လောက် ကောင်းလဲ ဆိုတော်တော့်ကိုကောင်းပါတယ်။ အမရဲ့လက်ကတော့ ရွှေလက်ဗျိုး။

thorn musem said...

မမိုးလက်ကတော့ ...
မျိုးရိုးကို ထိမ်းထားတာဘဲ...
သဘောကျတယ်...
မမိုး မကြုံဘူးသေးလို့ ....
ကျနော့် ယောက္ခမ စကားစပြောရင်...နတ်သမိုင်းနဲ့  ဖွင့်တာဗျ...။

ကလိုစေးထူး said...

ကြည့်ရတာ အမကို အကိုက အခုတလော `ဟာသတွေ ရေးနေတာလား´ လို့ မမေးဖြစ်ဘူးနဲ့တယ်။ :D

ရွာသားလေးဝိုင်တီယူ said...

အမရေ မအားဘူးနဲ့တူပါရဲ့ အမ ကိုမတွေ့တာကြာလို့....

Ko said...

သြော် နိစ္စဓူဝ လို့စာလုံးပေါင်းတာကိုး
ကျွန်တော်လည်း စာလုံးမပေါင်းတတ်ဘူး
ငယ်ငယ်တုန်းက မြန်မာ့အသံမှာ အဲဒီ မြန်မာစာ မြန်မာ့ စကား အစီအစဉ်လာတုန်းက ကြည့်ဘူးတာ သတိရလို့။ အမှန်ကို ရှင်းပြတာ ကျေးဇူးတင်ပါတယ်။

rose said...

မမရယ်

ရီလိုက်ရတာ

Verb နဲ့ ပြောတဲ့လူကြီးကို အကြိုက်ဆုံးပဲ ဟားဟားဟား

သမီးဒီမှာတွေ့ တဲ့ လူကြီးကတော့ ပွဲတိုင်းမှာ ကဗျာရွတ်တာ အရမ်းရီရတယ်

လင်း said...

အမရေ tag ထားတာလေးရေးပေးပါ

myatnoe said...

i wish u always free and get a mood.

coz i wanna read ur new posts all the time .

ama yay, u always time make me smile.

khin oo may said...

မှတ်တမ်းဆိုပြီး နေ့တိုင်းလဲ မရေးဘူး စိတ်ဆိုးတယ်။

ဟန်လင်းထွန်း said...

အမရေ

ကျနော် အမရေးတဲ့ စာတွေကို အကုန်လုံးဖတ်ဖြစ်တယ်။ အားလုံးကို ကြိုက်တယ်။ အမ ဆိုက်ကိုလည်း လင့်လုပ်ထားတာ အမကို ခွင့်မတောင်းတာ အမ ခွင့်ပြုမယ်ထင်လို့ပါ။ အမဆိုက်တစ်ခုလုံးမှာ စိတ်အ၀င်စားဆုံးက ကွန်မန့်တွေပါ။

malay said...

hote pa! Han Linn Htunn yel.... Ama le` do like to read comments in here, thay make me smile.
All of comment writers are very clever and will be great writers in future.

ရဲရင့်@ပုရစ် said...

ရီရတယ်..ရီရတယ်....ကောင်းတယ်..ကောင်းတယ်.. ဟိုဟာလေ..ဟိုဟာ...ဘလော့လေ...ပိုစ့်....
ဦးပေါ်ဥိးလေ....ဟာ..ခက်တာပဲ..လိပ်ဥ....
ဟာရှုပ်ကုန်ပြီ..
အင်း...memory chip ၀ယ်လို့မရဘူး..
မိုးချိုသင်းမှတ်တမ်းသာတက်ဖတ်လိုက်ကွာ..ရှင်းရော...
(အဟီး...)
မချိုသင်းရေ..အဲဒီလိုပဲပြောလိုက်မှရှင်းသွားတယ် ကျနော့်ရည်းစားကို(ကြွားတာ)

**ဒီပို့စ်လေးအတွက်ကျေးဇူးကမ္ဘာ*****

myatnoe said...

အမရေ..သိလားးးး

အမစာမဖတ်ရလဲ အမဆီက ကော်မန့်တွေကို လာလာဖတ်တယ်..။
အမရေ့....
မြန်မြန်အားပါတော့....

BLACK DREAM said...

ွGb များများသာ ဆင်ပေးလိုက်အစ်မ :)