ဘ၀ရဲ့ ဆုလာဘ်

တနေ့က ကော်ဖီဆိုင်မှာ နှစ်ယောက်သား စကားပြောကြရင်း ဝေးကွာနေကြရတဲ့ သူငယ်ချင်းတွေကို သတိရလို့ လွမ်းမိရတယ်။ လွမ်းတဲ့အတိုင်းလဲ တယောက်နဲ့ တယောက် ကိုယ့်သူငယ်ချင်းတွေ အကြောင်း ရေပက်မ၀င် ပြောမိကြတာပေါ့။

ကိုယ့်မှာက အိမ်နီးနားချင်း သူငယ်ချင်း၊ ငယ်ငယ်တုန်းက TTC တက်တုန်းက သူငယ်ချင်း၊ Augustine က သူငယ်ချင်း၊ Geology က သူငယ်ချင်း၊ တခြားသင်တန်းပေါင်းစုံက သူငယ်ချင်း၊ စာပေလောက က သူငယ်ချင်း၊ အခု ဒီရောက်မှ ခင်ရတဲ့ သူငယ်ချင်း နဲ့ နောက် ဘလော့ဂ်လုပ်တဲ့အခါမှာ တွေ့တဲ့ သူငယ်ချင်းတွေဆိုပြီး လိုင်းပေါင်းစုံလှတယ်။

ကိုယ်ကလဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ပါတတ်တာမို့ အားလုံးကို တယောက်တမျိုးစီ ခင်နေမိတတ်တာပါပဲ။ နောက်ပြီး ကိုယ်က ပျော်ဝင်လွယ်တတ်လွန်းလို့ ကိုယ်ငယ်ငယ်တုန်းကဆိုရင် အိမ်က ကိုယ်ဘယ်သူနဲ့ ပေါင်းနေသလဲဆိုတာ မျက်လုံးဒေါက်ထောက် ကြည့်နေရတယ်။ နည်းနည်းဆိုးတယ်လို့ ထင်တဲ့ သူငယ်ချင်းတွေနဲ့ အတွဲများနေပြီဆိုရင် အမတွေက သတိပေးလေ့ရှိတယ်။

ကိုယ်ကလဲ ကိုယ့်သူငယ်ချင်းဆိုရင် ဘာကြီးလုပ်နေနေ အပြစ်မမြင်လေတော့ အမြဲတမ်း အကြောင်းပြချက် ရှိတယ်။ ကိုယ့်သူငယ်ချင်းဘက်က ရှေ့နေလိုက်ပေးတတ်တယ်လေ။ နောက် ကြီးလာတော့ အမတွေလဲ မပြောတော့ပါဘူး။ ငယ်တုန်းကတော့ မစဉ်းစားတတ်သေးတော့ ကိုယ်မမြင်တာတွေ ထောက်ပြ ရတဲ့ သဘောမျိုးပေါ့။

သူကလဲ ကိုယ့်လိုပဲ မိတ်ဆွေ အပေါင်းအသင်း သိပ်ခင်သူပါ။ ဒါပေမဲ့ ကိုယ့်လို နွေးထွေးတာကို မဖော်ပြတတ်ပါဘူး။ စိတ်ထဲကပဲ ခင်နေပြီး ဘာပဲလုပ်လုပ် သူငယ်ချင်းဖက်က အမြဲ စဉ်းစားပေးတတ်တာ။ အဲဒီတော့ သူ့သူငယ်ချင်းတွေက ဟိုးငယ်ငယ်ကတည်းက တွဲလာတဲ့သူတွေဆိုတာ ခုချိန်ထိ တွဲတုန်း။ ငယ်ငယ်ကအတိုင်း ခင်တုန်း။ သူနဲ့ ရတော့ သူ့သူငယ်ချင်းတွေက ကိုယ့်ကိုလဲ ညီမလေးတယောက် ကောက်ရ သလို ခင်ကြပြီး သူတို့ ဘော်ဒါစာရင်းထဲ သွင်းလိုက်ကြတယ်။ ပျော်စရာကြီး။

တခါတုန်းကများ သူ နိုင်ငံခြားသွားနေတုန်း ကိုယ်က ရန်ကုန်မှာ ကျန်ခဲ့တုန်းကပေါ့။ ကိုယ့်ကို တယ်လီဖုန်း ပြင်တဲ့ လိုင်းသမားလေးက နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိမှန်းသိလို့ ဖုန်းလိုင်းကို ခဏခဏဖြတ်ပြီး ငွေညှစ်နေတယ်။ ဒါနဲ့ ကိုယ်လဲ သူ့သူငယ်ချင်း တယောက်ကို အဲဒီအကြောင်း စကားစပ်လို့ ပြောပြလိုက်တော့ အဲဒီအကိုကြီးကကိုယ့်ကို ငွေညှစ်ရပါ့မလား ဆိုပြီး ဒေါသတွေထွက်ပြီး သွားရိုက်မလို့ တဲ့လေ။ ကိုယ့်မှာ တားလိုက်ရ၊ ရီလိုက်ရတာ။ လူပုံက လူကြီးလူကောင်း သဘောကောင်း။ ကိုယ့်ကိုထိတော့ ရိုက်မလို့ တဲ့။ ဒေါသအိုးပဲ။

သူ့သူငယ်ချင်းတွေက လူရိုးတွေ၊ လူပျော်တွေ များပါတယ်။ အဲဒီထဲက နှစ်ယောက်ကတော့ သူတို့လူပျိုဘ၀မှာ တခါမှတောင် ရည်းစားဆိုတာ မထားဖူးပါဘူး။ ကြိုက်မိတဲ့လူတော့ ရှိခဲ့တာပေါ့လေ။ တယောက်က ကိုနိုင် တဲ့၊ နောက်တယောက်က ကိုဦး တဲ့။ ကိုနိုင်ဆိုတဲ့ အကိုကြီးကတော့ ကျောင်းသားဘ၀က ကောင်မလေး တယောက်ကို တိတ်တိတ်လေး ကြိုက်ခဲ့ဖူးပါတယ်။

တနေ့တော့ သူတို့ နှစ်ယောက် ကောင်မလေး အိမ်ရှေ့မှာ ခြေအေး ၀မ်းယောင် သွားလုပ်ကြတာပေါ့။ သူက အဖော်လိုက်ပေးပြီး နှစ်ယောက်သား ကောင်မလေး လမ်းထိပ်မှာ ဘာရယ် မဟုတ်၊ သွားထိုင်နေကြတယ်။ တနေ့တော့ လမ်းထိပ်မှာ ထိုင်နေတုန်း ကောင်မလေးအိမ်ပြန်လာတာ ဟိုးဝေးဝေးကနေ မြင်လိုက်တယ်။ ကောင်မလေးနဲ့ကလဲ မေဂျာတူ တတန်းတည်းသမားတွေမို့ သူက သွားစကားပြော၊ နှုတ်ဆက်ဖို့ ကိုနိုင့်ကို အတင်းတွန်းလွှတ်ပါတယ်။

ကိုနိုင်ကလဲ အေးပါ၊ အေးပါကွာ၊ ငါကြောက်လို့ပါ တဲ့။ ထိုင်ရာက မထ ပါဘူး။ နောက်တော့ သူက ကောင်မလေး အနားမရောက်ခင် မြန်မြန်သွားစမ်းပါ ဆိုပြီး တွန်းထုတ်လိုက်တော့ ရပ်တော့ ရပ်လိုက်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက် လမ်းလျှောက်လို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒူးတွေ တဆတ်ဆတ် တုန်နေလို့ပါ။ အဲဒီလိုဖြစ်နေတာနဲ့ ကောင်မလေး သူတို့နား ရောက်လာတယ်။ ကြည့်လိုက်တော့ ကောင်မလေး မဟုတ်ဘဲ သူ့အကျီ င်္ကို ယူဝတ် ထားတဲ့ ကောင်မလေးရဲ့ အမ ဖြစ်နေတာ တဲ့။ မပြောမိတာပဲ ကံကောင်းလို့ ဆိုရမှာ။

ကျောင်းရောက်တော့လဲ လှည့်ပတ်တော့ ချောင်းနေတာပါပဲ။ ဘယ်လိုချောင်းသလဲဆိုရင် ကောင်မလေးကို အတန်းအပြင်ဖက် နောက်နားကျကျက ခိုးကြည့်ပြီး ငါ့ကို မြင်သွားပြီကွ၊ ပြန်ရအောင် တဲ့၊ သတ္တိခဲကြီးက လုပ်သေးတာ။ သူငယ်ချင်းတွေက မင်းကို ကောင်မလေးက နောက်စိနဲ့ ကြည့်လို့ မြင်တာလား လို့ မေးယူရတယ်။

နောက်တော့ သူလဲ လုံးဝ မကြိုးစားရဲဘဲ နေလိုက်တာ ဟိုတယောက်က ယောကျာင်္းရပြီး ဘွဲ့ယူတော့ ကိုယ်ဝန် ကြီးနဲ့။ သူကြိုက်တာ ကောင်မလေးက ရိပ်မိနေလို့ ကိုနိုင့်ကို အတင်းခေါ်ပြီး ဓာတ်ပုံ တွဲရိုက်လိုက်သေးတယ်။ လွမ်းရတဲ့ အဖြစ်လေးတွေပေါ့။

နောက်တယောက်ကတော့ ကိုဦး တဲ့။ သူကတော့ အရက်မသောက်၊ ဆေးလိပ်မသောက် တဲ့သူ။ မိဘကိုလဲ ရိုသေလိုက်တာ တိုက်ပေါ်က တိုက်အောက် ဆင်းရင်တောင် ချိတ်ထားတဲ့ မိဘ ဓာတ်ပုံကို လက်အုပ်ချီပြီးမှ ဆင်းတာ။ အစားအသောက်ပဲ ၀ါသနာပါတယ်။ သူများကိုလည်း ကူညီတတ်လွန်းလို့ ပွဲတခုလုပ်ရင် သူ့ကိုသာ လွှဲထားလိုက်၊ နောက်ပိုင်းကိစ္စတွေ အကုန်လုံး သူလုပ်၊ သူ စီစဉ်သွားတယ်။

ကိုယ်တို့ မင်္ဂလာဆောင်တုန်းကလဲ သူ့မှာ ကာယကံရှင်ထက်တောင် ဖတ်သီ ဖတ်သီ ဖြစ်သေး။ ပျော်လဲ ပျော်တတ်တယ်။ ရီရင်လဲ အကျယ်ကြီး အော်ရီတတ်တယ်။ သူလဲ အသက်ကြီးတဲ့အထိ ချစ်သူ ရည်းစား မရှိဘူး။ ကိုယ့်ကို ညီမလေးအရင်းတယောက်လို ခင်မင်ပြီး အမြဲ စ နောက် နေတတ်သူ။ နင့်မှာ ညီမလေးတွေ ရှိရင်တော့ ငါယူမယ်ဟေ့ လို့ ပြောတတ်သူ။ ကိုယ့်မှာလဲ ဘာ ညီမ မှ မရှိတော့ ခက်တယ်။

တခါကတော့ ကိုယ့်နဲ့ သိပ်ခင်ရတဲ့ သူငယ်ချင်းတယောက်နဲ့ အဆင်ပြေသွားပါစေတော့ ဆိုပြီး မိတ်ဆက်ပေးတာ၊ သူက ယောကျာင်္းလေးတန်မဲ့ ပတ်ပြေးနေတော့တာပါ။ အဲဒီအကြောင်း မေးမှာစိုးလို့ ကိုယ်တို့အိမ်ကို လုံးလုံး ခြေဦးမလှည့်တော့ဘူး။ အဲဒီတုန်းကတော့ ထင်မိသေးတယ်၊ ဒီလိုလူတွေ မိန်းမတော့ ရအုံးမယ် အားကြီးကြီး လို့။

တကယ်ပဲ နှစ်ယောက်စလုံး မိန်းမ ရသွားကြပါတယ်။ သူတို့ပြောတော့ ယုံတောင် မယုံနိုင်ဘူး။ နှစ်ယောက်စလုံး တူတဲ့အချက်က သူတို့ ရွေးချယ်လိုက်သူတွေက သူတို့ထက် အသက် အများကြီးငယ်ကြပြီး ခေတ်ဆန်ဆန် ကောင်မလေးတွေ ဖြစ်တာရယ်၊ သူတို့ နှစ်အိမ်စလုံးရဲ့ မိဘတွေက သဘောမတူဘဲ အခေါ်အပြော မလုပ်ဘဲ ပစ်ထားလိုက်တော့တာပါ။ အဲဒီတော့လဲ သတ္တိတွေရှိပြီး အမေချစ်သားတွေက ကိုယ့်ဖာသာကိုယ် ကြိုးစားထူထောင်နေကြရှာတယ်။

လူ့ဘ၀တွေက တခါတလေ တကယ်ပဲ ဆန်းကြယ်တယ်။ နေရတဲ့ လူ့ဘ၀ ခဏလေးမှာ လူတွေ သန်းပေါင်းများစွာထဲကမှ ရေစက်ဆုံပြီး တွေ့ကြ၊ ခင်ကြ၊ ပျော်ရွှင်ကြရတယ်။ ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ကိုယ် ဘ၀ကို ရင်ဆိုင်ဖြတ်သန်း ကြရတယ်။ အဲဒီအခါ မိတ်ဆွေကောင်းတွေ ကြုံကြိုက်ရရင်တော့ ဒါဟာ ဘ၀ရဲ့ ဆုလာဘ် တခုပဲ။

ကိုယ်တို့လဲ မိတ်ဆွေကောင်းတွေနဲ့ ကင်းကွာပြီး ဘယ်လိုမှ မနေနိုင်ပါဘူးလေ။
မိုးချိုသင်း

21 comments:

ThuHninSee said...

သြော်.သူငယ်ချင်းတွေကိုပိုလွမ်းသွားပြီ။

ဇနိ said...

ဟုတ်တယ် အမချိုသင်းရေ သူငယ်ချင်းကောင်းတွေကို မကင်းကွာနိုင်တာတော့ အသေအချာပါပဲ။
အဆင်ပြေတဲ့လက်တွဲဖော်ရထားတာ အမကတော့ ဘ၀ရဲ့ဆုလာဘ်ကောင်းကို ရတာပေါ့နော်။
အိမ်ထောင်ရေးကလည်း ဘယ်သူမှလုပ်ယူလို့ မရဘူးနဲ့တူပါတယ်။
ထူးဆန်းထွေလာတဲ့ ဘ၀ရဲ့ဆုလာဘ်ကို ညီမလည်း စိတ်ဝင်စားနေမိတယ်။

sin dan lar said...

ငယ်ငယ်တုံးက သူငယ်ချင်းတွေကို
လွမ်းမိပါရဲ့..အမှတ်တရနဲ့ ရယ်စရာအဖြစ်အပျက်တွေကို
မှတ်မိနေသေးတယ်..
ဆရာမလို စာမရေးတတ်တော့လည်း
အခက်သား.....

ဂျူနို said...

ဒီလိုစာရေးကောင်းတာလဲ ဘ၀ရဲ့ ဆုလာဘ် တပါးဘဲ ထင်တယ်နော်။
စိတ်ချမ်းသာ ကိုယ်ကျမ်းမာလို့ စာတွေ အများကြီးရေးနိုင်ပါစေ

လင်း said...

ဟင့် ဒါဖတ်ပြီးတော့ သူငယ်ချင်းတွေကို လွမ်းးးသွားပြီ။

မေသဇင် said...

ချိုသင်းတို့ ကိုယ်တိုင်က သူငယ်ချင်းတွေအပေါ် တန်ဖိုးထားတတ်တာကိုး။ ဒီတော့ သူငယ်ချင်းကောင်းတွေရတာ မဆန်းပါဘူးထင်ရဲ့။ ဘ၀ရဲ့ဆုလာဘ်လို့ ခံယူလိုက်တာကို သဘောကျတယ်...။ ကျေးဇူးပါ.. ချိုသင်းစာတွေဖတ်ရတာ.. ပေါ်လီယာနာ ဖတ်ရသလိုပဲ။

Ko Paw said...

မမိုးချိုသင်းက ကျနော်နဲ့ အသက် မတိမ်းမယိမ်း။ တီတီစီလည်း တက်ဖူးတယ်ဆိုတော့ အာလိန်ငါးဆင့်ဘုရားရှေ့ နံ့သာကုန်းရပ်ကွက်ထဲက ကျနော့် သူငယ်ချင်း ညီအကိုနဲ့ တတန်းတည်းသားတွေတောင် ဖြစ်ခဲ့မယ်ထင်ပါရဲ့။ ကြံဖန် အမျိုးစပ်ကြည့်တာပါ။ (ခေါင်းနည်းနည်း နောက်သွားစေကြောင်း ဒုက္ခပေးတဲ့အနေနဲ့ ပဟေဠိကို အဖြေညှိခိုင်းကြည့်တာ။)

တန်ခူး said...

ချိုသင်းရေ… အသက်ကြီးမှ အိမ်ထောင်ကျတဲ့ တို့ သူငယ်ချင်းတော်တော် များများလဲ ကောင်မလေးငယ်ငယ်လေးတွေနဲ့  အိမ်ထောင်ကျကြတယ်… ဒါနဲ့ စကားမစပ်… တို့ မှာလဲ ဘ၀ပေးတဲ့ ဆုလာဘ်လေးတယောက်တိုးလာတာ လပိုင်းပဲ ရှိသေးတယ်… သူကတော့ ပါရမီထူးလွန်းတဲ့ စာကောင်းကောင်းလေးတွေ ရေးတတ်တဲ့ ချိုသင်းလေ….

PAUK said...

လွမ်းသွားပြီ....
တစ်ခုတော့ရှိပါတယ်..
အိမ်ပြန်တိုင်း..ငယ်ငယ်တုန်းကသူငယ်ချင်းတွေနဲ့
ပြောစရာစကားတွေနည်းသွားတယ်..

Taungoo said...

အမကြီးစာ တစ်ပုဒ်ဖတ်မိတိုင်း ရသတစ်မျိုးစီရတယ်။
ခုလဲ သူငယ်ချင်းတွေအကြောင်းရေးတော့ လွမ်းသွားရပြန်ပြီ။ အမကြီး အစဖော်ပေးလို့ ကျွန်တော်ရေးစရာ အကြောင်းတစ်ခုထပ်ရသွားပြီ။
ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ အားပေးသွားတဲ့အတွက်လဲ တကယ့်ကို ကျေးဇူးတင်ရပါတယ် အမကြီးရယ်။

မေတ္တာဖြင့်

myatnoe said...

အမရေ့....
အမလုပ်မှ သယ်ချင်းတွေကိုလွမ်းတယ်...။
ပီးတော့ အမပြောသလို ဘဝရဲ့ဆုလာဘ်ဖြစ်တဲ့ မြတ်နိုးတို့လဲ အမ မိုးချိုသင်း ဆိုတဲ့ အမကို ရလိုက်တာ လာဘ်တပါးပဲ..။

khin oo may said...

တို.သူငယ်ချင်းကောင်လေး တစ်ယောက် ကို တို.က သူငယ်ချင်းနဲ. အောင်သွယ်ပေးပါတယ။် ဝါသန်ာပါလို.ပါ။ ဒေဝရယ် ငါ.သှူုယ်ချင်း ကလေ တစ်ခါ မှ ရည်းစားမထားဘူးဘူးဆိုတော. သူ ကလေ ခါးခါးသီးသီး ငြင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော. တစ်ခါ မှ ရည်းစားမထားဘူးဘူး ဆိုတာ သူ ကို မကြိုက်တဲ.သူ များလို.လို.ပညာရှိ က ဆိုပြါတယ။ အဲဒီတော. မိုးချှိုသင်းလည်း အစ်ကိုကြီးတွေ ရည်းစားမရှိကြောင်ူး သိတ်မပြောနဲ.နော်.

နတ်လူ said...

မချိုသင်းရေ... စကားမစပ်... မြန်မာပြည်မှာ နာဇီစစ်ခမောက်တွေကို ဆိုင်ကယ်ဦးထုပ်အဖြစ်နဲ့  ဘုန်းဘောလအော ရောင်းနေတယ်လို့  ကမ္ဘလှည့် ခရီးသွားတစ်ရောက်က ရေးထားပါတယ်။

"the Burmese have no clue about their meaning" ဓာတ်ပုံတွေအောက်မှာရေးထားတဲ့ အဲဒီစာတန်းကလေးက ကျွန်တော့်ရင်ကို အချွန်တစ်ခုနဲ့  ထိုးနှက်လိုက်သလိုခံစားရတယ်။

အသိရှိရင် လက်တို့ ပြီး ပြောပေးကြပါ။ ရှက်ရမှန်းသိရင် ရှက်ကြမှာပါ။ မလွန်ခင်ပေါ့။

rose said...

မမရေ

တကယ်တော့ မမသူငယ်ချင်း အစ်ကိုကြီးနှစ်ယောက်ကို ကိုရီးယားရုပ်ရှင်ကားတွေက ကယ်လိုက်တာ ဘာလို့လဲ သိလား ကိုရီးယားကားတွေမှာဆို ကောင်မလေးတွေက လိုက်ပြောလိုက်တော့ သူတို့ရှက်ပြီး မပြောပဲ နေစရာ မလိုတော့ဘူးလေ ခေါင်းလေးငြိမ့်ပြီး အဖြေပေးလိုက်လို့ မိန်းမရသွားတာ သမီး သိတယ်။ :))

thorn musem said...

မမိုး..ရေ..
မမိုးစာရေးတာ အရမ်းတော်တယ်ဗျ....။
ဒါပါရမီဘဲ...မမိုးဘာအကြောင်းရေးရေး ဖတ်ရတာ ရေးသူ ဖတ်သူ တစ်သားတည်း ဖြစ်နေတတ်တာ..။
မမိုးရဲ့ စာတွေက ငါးမျှားချိတ်ဆန်တယ်...
မမိုးကဘယ်လို အစာဘဲတပ်ပြီး မျှားပါစေ...
ဟပ်မိပြီဆို ရုန်းရခက်တယ်..။ ။

ကိုအောင်(ပျူနိုင်ငံ) said...

အမရေ အမရယ့် ပို့စ်အသစ်ကို လာဖတ်သွားပါတယ်။
အားပေးလျက်ပါ။

ပန်းခရမ်းပြာ said...

thorn musem ပြောသလိုပဲ ငါးမျှားချိတ်ကို ဟပ်မိနေပြီ ။

ရဲရင့်@ပုရစ် said...

မချိုသင်းရေ...
မဒမ်ပုရစ်ရောက်နေလို့..
ဒီနေ့မှတက်ဖတ်တာပို့စ်နှစ်ခုတောင်မှ..good..။
ဒါနဲ့ပဲကျနော်တို့သူငယ်ချင်းနှစ်ယောက်သား
သူ့ကိုသူငယ်ချင်းလို့ခေါ်တယ်၊တခါတလေ
တော့ရည်းစားလို့ခေါ်တယ်...အဟီး.)
သူကကျနော့်သူငယ်ချင်းထဲကတော့မဟုတ်ဘူး.. ဘ၀လက်တွဲဖေါ်သူငယ်ချင်းပေါ့၊ကျနော့်ထက်နဲနဲ (၁၀)နှစ်လောက်ပဲငယ်တယ်လေ..(အဟဲကြွားတာ)
rose ပြောတဲ့ကိုရီးယားကားထဲကလိုပေါ့(..:D)
သူနဲ့မတွေ့ခင်ဟိုတုန်းကဒူးတွေလည်းဆတ်ဆတ်
တုန်ဖူးတယ်၊ကိုယ်ဝန်ကြီးနဲ့ဓါတ်ပုံတော့တွဲခေါ်အ ရိုက်မခံခဲ့ရပေမယ့်ဆိုင်ကယ်နောက်မှာကို့ယို့ကားယား နဲ့ပါသွားတာကိုလည်းအူကြောင်ကျားနဲ့ရပ်ငေးကြည့် ကျန်ရစ်ဖူးတယ်(သနားစရာ..:-)...)

ခုတော့...ဘုရားသခင်ခွဲလိုက်တဲ့ကိုယ်ခန္ဓာတခြမ်း ကိုမိတ်ဆွေအဖြစ်၊လက်တွဲဖေါ်အဖြစ်..ကမ်းကပ်ခွင့် ရခဲ့တာ မချိုသင်းပြောသလို ဘ၀ရဲ့ဆုလာဘ် တခုပဲဗျို့....။(ကြော်ငြာ..ပြီး၏။)
ဒီပိုစ့်လေးအတွက်ကျေးဇူးတင်ပါတယ်.....

PTi said...

ဟုတ်တယ် အမရေ.. သူငယ်ချင်းကောင်းတွေမှန်သမျှက ဆုလာဘ်တွေပါပဲ...

ကျွန်တော်လည်း အမလိုပဲ အပေါင်းအသင်းစုံတော့ အချိန်ကုန်တာများလို့ အိမ်က အမြဲပြောနေရတယ်.

BLACK DREAM said...

ဟာ.. အစ်မလည်း St.Augustine ကပဲလား။ ကျွန်တော်လည်း Augustine ခြံပေါက်ပဲ အစ်မရေ..။ ကျွန်တော်သိသလောက် အစ်ကိုကြီး ကိုအောင်သာငယ်လည်း ကျွန်တော်တို့ ကျောင်းကပဲ...။ ပျော်စရာကြီး..။ :)

ဂျစ်တူး - gyit_tu said...

အဟိ အမ သူငယ်ချင်းတွေကလည်း ရယ်စရာတွေပဲး)

ယောက်ျားလေးတွေ ကြီးလာရင် ကောင်မလေးငယ်၂လေးတွေ ကြိုက်ကြတာ ဘာကြောင့်လဲ မသိ .. အဟိ ။