လူညံ့လေး တယောက် အကြောင်း

အခုတလော စာမရေးချင်သေးဘူး။ ဒီလိုပဲ လူမှုရေးလေးတွေ၊ ဗာဟီရလေးတွေနဲ့ အလုပ်များချင်ယောင် ဆောင်နေတယ်ပဲ ထားပါတော့။

ဘာဖြစ်လို့လဲ မသိဘူး။ အလုပ်တွေ၊ စိတ်တွေ များလို့ ထင်ပါရဲ့၊ စိတ်လဲ ပင်ပန်းလိုက်တာ။ ဒါနဲ့ အိမ်ကလူကြီးကို စာမရေးချင်ဘူး၊ ဟင်းမချက်တော့ဘူး ပြောပစ်လိုက်တယ်။ အဲဒီတော့ သူက စာတော့ ရေးလိုက်ပါအုံး လို့ ပြောမလား မှတ်တယ်။ မရေး၊ နေပေါ့ တဲ့။ အမာခံ ပရိသတ်ပေပဲ။ ဟင်းကတော့ မချက်ချင်လဲ သူက ၀မ်းတောင်သာနေပုံပါ။ သူလဲ ဖြစ်ညှစ်စားနေရရှာတာပါ။

ဒါနဲ့ မရေးဘူးကွ ဆိုပြီး ဒီနေ့ သတင်းစကားမှာ စာမရေးချင်သေးဘူး လို့ တင်ထားလိုက်တယ်။ အေးဆေးပေါ့။ ပါမစ်လဲ ကျပြီ။ စာရေးမလိုလို လုပ်နေစရာလဲ မလိုတော့ဘူးဆိုပြီး နှပ်နေလိုက်တယ်။

ဆိုတော့ ဒီရက်ပိုင်းအတွင်း ကိုယ်လုပ်ချင်တာလေးတွေ လျှောက်လုပ်နေခဲ့တာပေါ့။ သိပ်စူးစိုက်စရာ မလိုတဲ့ သာမန်ကိစ္စလေးတွေပေါ့။ လမ်းတွေ မှတ်မိအောင် ကိုယ်တိုင် ကားပြန်မောင်းတယ်။ အရင်ကတော့ လမ်းမမှတ်မိတာရော၊ မျက်စိက ဆီးချိုတက်ရင် သိပ်မမြင်ဘဲ ၀ါးနေတာမို့ အန္တရာယ်များလို့ မမောင်းတာကြာပြီ။ အဖေနဲ့ သွားရင်တောင် အဖေ ဟိုရှေ့က ဆိုင်းပုဒ်မှာ ဘာလမ်း တဲ့လဲ၊ ဖတ်ပါအုံး လုပ်ရတာ။

ဒါပေမဲ့ အခုတော့ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ ရှိလာပြီး လမ်းတွေလဲ သိဖို့ ကြိုးစားလာတယ်။ ပထမဆုံး ကိုယ်ကြိုက်တဲ့ စားသောက်ဆိုင်တွေကို သွားတတ်အောင် လမ်းသိအောင် ကြိုးစားရတယ်။ ပြီးမှ ဟင်းချက်ဖို့ ဈေးဝယ်ဖို့ နေရာတွေ၊ Shopping Mall တွေကို သွားတတ်အောင် လုပ်ရတယ်။

အရင်တခါကတော့ သူမရှိတုန်း ကိုယ်က သူငယ်ချင်းတယောက်နဲ့ Mall မှာ ဈေးဝယ်ဖို့ သွားတာ၊ သွားနေကျမို့ လမ်းသိပါတယ်ဆိုပြီး မောင်းပြီးခေါ်သွားတယ်လေ။ ဒါနဲ့ သီချင်းလေးဖွင့်၊ စကားလေး တပြောပြောနဲ့ သွားလိုက်တာ ဘေးကထိုင်လိုက်တဲ့ အမက တနေရာလဲ ရောက်ရော လက်ညှိုးထိုးပြတယ်။

ချိုသင်းရေ၊ ဒါ အမတို့ သွားမဲ့ Mall ကြီး မဟုတ်လား တဲ့။ ကိုယ်လဲ မောင်းရင်းတဖက် လှမ်းကြည့်လိုက်တာ ဟုတ်ပ၊ ကိုယ်တို့ သွားမဲ့ Shopping Mall ကြီးကို မြင်နေရပြီပဲ။ ဒါပေမဲ့ ခက်တာက ကိုယ်က မျဉ်းပြိုင်လို သွားနေပြီး အလယ်မှာ ဖရီးဝေးကြီး ခြားနေတာလေ။ ကိုယ်က ဆန့်ကျင်ဖက်ကို ဆက်မောင်းနေတုန်း။

အဲဒါမှ ပလုတ်တုတ် ပေါ့။ သန်းနိုင်သီချင်းထဲကလို သံဇကာအလယ်မှာ တို့နှစ်ယောက် တယောက်တဖက်ခြား မဟုတ်ဘဲ ဖရီးဝေးအလယ်မှာ တယောက်တဖက်ခြား ဖြစ်နေတာကိုး။ အဲဒီအခါမျိုးဆိုရင် ကာတွန်းကားတွေကို သိပ်သတိရတာ။ ကာတွန်းကားထဲကလို ရွှီးဆိုပြီး ဖရီးဝေးကို ကားလေးနဲ့ ပျံပြီး ကျော်သွားလို့ ရရင်ကောင်းမှာ။ ခုတော့ ဘယ်နှယ့်လုပ်ရပါ့။

ဒါနဲ့ ပြန်ကွေ့၊ ကားကို ဟိုထိုး ဒီထိုး လျှောက်မောင်းလိုက်တာ ချွေးနည်းနည်း ပြန်ပြီးတော့ ဘယ်လိုက ဘယ်လိုမှန်းမသိ Mall ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတယ်။ ဒီလိုနဲ့ ပြန်လာတော့ ဘာမှ အရေးမကြီးသလို အိမ်ကလူကို ဈေးဝယ်သွားတယ်လို့ ပြောလိုက်တယ်။ သူ့မှာ ကိုယ် သွားတတ်၊ လာတတ်နေပြီ၊ ကြိုးစားချင်စိတ်ရှိနေပြီဆိုပြီး ပီတိတွေ ဖြစ်လို့။ လမ်းတွေကို မှတ်မိနေပြီပေါ့၊ ၀မ်းသာလိုက်တာ တဲ့။ သွား၊ သွား အဲဒီလို သွားသွားပေး တဲ့။ တကယ်က ဖရီးဝေးကို ဒေါင်လိုက်ကြီး ဖြတ်မသွားလိုက်ရတာ ကံကောင်း။

ဒါနဲ့ နေစမ်းပါအုံး၊ ကိုယ် ဒီလောက် မတုံးသေးပါဘူး ဆိုပြီး သူမပါဘဲ ကိုယ်တိုင် ဈေးဝယ်ဖို့ ထွက်သွားလိုက်တယ်။ ဒီတခါတော့ အိမ်နဲ့ တခေါ်လောက်ပဲ ဝေးတဲ့ မက္ကဆီကန်ဆိုင်ကို မဟားတရား စွန့်စားပြီး သွားလိုက်တာပါ။

ကိုယ့်ရုပ်ကလဲ ခက်တယ်။ နေရာကိုလိုက်လို့ အလိုက်သင့်ရော တတ်တယ်။ ဥပမာ မလေးရှားမှာနေတုန်းကဆို စင်ကာပူ ကူးတဲ့အခါ ကိုယ်က ပုဝါလေး ခေါင်းမှာခြုံလိုက်ရင် ကိုယ့်ကို မလေးမ ထင်ပြီး မလေးရှားImmigration ကတောင် မစစ်ဘူး။ အဝေးကနေ သွား သွား ဆိုတဲ့ သဘောမျိုး လက်နဲ့ပဲ ပြလိုက်တယ်။ ဟန်ကိုကျလို့။ စာအုပ် မကုန်ဘူးပေါ့။

ထိုင်းရောက်တော့ ထိုင်းမ အထင်ခံရပြန်ရော။ ထိုင်းလိုတွေ လာပြောရင် ကိုယ်ကလဲ အားလုံးနဲ့ အလိုက်သင့်ဖြစ်ချင်တော့ ပြုံးပြီး ခေါင်းညိတ်တယ်။ တချို့များ ကွိကျိကွကျ အရှည်ကြီး လာပြောနေတာ။ ပြီးမှ တခုခု မေးလိုက်ပုံရပါတယ်။ ကိုယ်လည်း နားမလည်တော့မှ သူတို့လဲ စိတ်လေ သွားတယ်။

အခုလဲ ဖြစ်ပြန်ပြီ။ ဒီမှာက မက္ကဆီကိုနဲ့ နီးတော့ မက္ကဆီကန်လူမျိုးတွေက မျက်လုံး နက်နက်၊ ဆံပင်နက်နက်တွေမို့ ကိုယ့်ကိုလဲ သူတို့ လူမျိုး ထင်ပြန်တယ်။ ဒါနဲ့ ဆိုင်ရောက်တော့ အသား ၀ယ်ဖို့ လူများနေတာမို့ တိုကင်လေး ယူထားလိုက်တယ်။ ကိုယ့်တိုကင် နံပါတ်ခေါ်ရင် ကိုယ်ဝယ်ချင်တာပြောပြီး ၀ယ်ရမှာလေ။

ဒါပေမဲ့ ခက်တာက မက္ကဆီကန် ဆိုင်ဆိုတော့ သူတို့ဘာသာစကားနဲ့ နံပါတ်တွေကို ခေါ်တာပါ။ နံပါတ်လေးတွေ ပေါ်တဲ့စက်ကလဲ ရပ်ထားတယ်။ ကိုယ်လဲ အဲဒါမှ ဂွပဲ ဆိုပြီး သူတို့က ဘာမှန်းမသိ တခါ အော်လိုက်တိုင်း လက်ထောင်ပြ လိုက်တယ်။ အဲဒီအခါ အဲဒီလူက ကိုယ့်ဆီ ပြေးလာပြီး နံပါတ်တောင်းကြည့်တယ်။ ပြီးတော့ ပြန်ပြောတယ်၊ မဟုတ်သေးဘူး ဒါမှမဟုတ် နင့်နံပါတ် မရောက်သေးဘူး အဲဒီလို ဖြစ်မှာ။ ပြီးတော့ ထပ်အော်ပြန်ရော။

နောက် အားတဲ့ တယောက်က နံပါတ်ခေါ်ပြန်ရော။ ကိုယ်လဲ လက်ထောင်လိုက်ပြန်ရော။ သူတို့လဲ ပြေးလာပြီး နံပါတ်တောင်းကြည့်ပြန်ရော။ ပြီးတော့ ခေါင်းကုတ်ပြီး ကိုယ့်နံပါတ်တိုကင်လေးကို ခြေမွပြီး လက်ထဲ ထိုးထည့်ခဲ့တယ်။ ပါးစပ်ကလဲ ပွစိပွစိနဲ့။

ခက်တာက သူတို့က ကိုယ့်ကို ဘယ်နံပါတ်ရောက်နေပြီလို့ အင်္ဂလိပ်လို မပြောခဲ့တာပဲ။ ကိုယ်ကလဲ နံပါတ်ခေါ်တိုင်း လက်ထောင်တာပဲ။ ကြာတော့ နောက်သလိုတောင် ဖြစ်နေတယ်။ နောက်တော့ သူတို့က ဘာနံပါတ်ခေါ်ခေါ် ကိုယ်လက်ထောင်ရင် ကိုယ့်ကို အသာနေဖို့ ဘေးဖယ်နေဖို့ လက်ပြတားတော့တာ။

ကိုယ့်အဖို့မှာလဲ သနားဖို့တောင် ကောင်းနေပါပြီ။ ကျီးကန်းတွေကြားက ဗျိုင်းလေးလို ဖြစ်နေပါပြီ။ သူတို့လုပ်ပုံက ကိုယ့်နံပါတ်ရောက်ရင်တောင် ကျော်ချ သွားမဲ့ပုံ။ ဒါနဲ့ ဘေးဘီကို မျက်နှာငယ်လေးနဲ့ လိုက်ကြည့်လိုက်တာ သဘောကောင်းမဲ့ပုံပေါက်တဲ့ ခပ်၀၀ လူကြီးကို ပြုံးပြီး မေးရတယ်။ သူကလဲ ကိုယ့်ကို ကြည့်ပြီး သနားသွားတယ် ထင်ပါရဲ့၊ ကိုယ့်နံပါတ်ရောက်ရင် ပြောမယ် တဲ့။

ဒါနဲ့ ကိုယ်လဲ ဟိုက နံပါတ်တခါခေါ်လိုက်တိုင်း သူ့ကို မော့ကြည့်လိုက်တယ်။ သူက ခပ်ဖြေးဖြေးပဲ ခေါင်းခါ ပြတယ်။ မဟုတ်သေးဘူး ဆိုတဲ့သဘော။ ကိုယ်ကလဲ ခပ်အေးအေးပဲ ပြန်စောင့်နေတယ်။ နောက်တခါ ခေါ်လိုက်ပြန်တယ်။ ကိုယ်ကလဲ စွေပြီး ကြည့်လိုက်တယ်။ လူကြီးကလဲ ယောင်ယောင်လေး ခေါင်းခါတယ်။ အလုပ်ကို ဖြစ်လို့။

ဒါနဲ့ပဲ နောက်ဆုံးတော့ အသားဝယ်နိုင်ခဲ့ပါတယ်။ ဒါဆို ကိုယ်ဘယ်မှာ ညံ့လို့လဲ။ နော်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ကို အမြဲ စိတ်ပူတယ် ပြောနေလို့ ကြိုးစားနေရတာပါ။ သူက ဖွဟဲ့ လွဲစေ၊ သူ များ မရှိခဲ့ရင် ဘယ်လိုပုံနဲ့များ ချိုသင်း နေပါ့မလဲ လို့ စိတ်ပူနေရတယ် ဆိုပဲ။ ကိုယ့်အမတွေရှိတဲ့ ဥရောပမှာ သွားနေနော် လို့ တဖွဖွ မှာတတ်တာပါ။ အဲဒီတော့ ကိုယ့်ဖာသာကိုယ် အကုန်လုပ်တတ်အောင် သင်ထားစမ်းပါ တဲ့။

ဒီနေ့လဲ အသက်အာမခံသွားဝယ်ဖို့ စုံစမ်းမယ်ဆိုပြီး မနက်ပိုင်းက နှစ်ယောက်သား သွားကြတယ်။ အသက်အာမခံတွေက နားမလည်ရင် လက်တလုံးခြား လှိမ့်တတ်တာမို့ သူက မ၀ယ်ခင် ကိုယ့်ကို နားလည်စေချင်တာပါ။ ရောင်းတဲ့ အေးဂျင့်ကလဲ ရှင်းပြပါတယ်။ ဇယားတွေဘာတွေ ဆွဲပြီးတော့ကို ရှင်းနေတာပါ။

အေးဂျင့်က သူ့ပေါ်လစီကို အထောက်အကူပြုဖို့ တခြားနေရာမှာ ပိုက်ဆံကို သုံးရင် tax တွေ ဖြတ်တယ်၊ အသက်အာမခံကတော့ ဘာမှ မဖြတ်တဲ့အပြင် ဘာညာ စသဖြင့်ပေါ့။ သိုင်းဝိုင်းပြီး ပြောနေတယ်။ တကယ့် လိုရင်းကို မရောက်သေးဘူး။ ကိုယ်က ဖော်လို လဲ ဟုတ်ပြီ ဟုတ်ရဲ့ လိုက်တော့ ကိုယ့်ကို စိုက်ကြည့်ပြီးပဲ ရှင်းတယ်။

ဒါပေမဲ့ ကိုယ်က ကြာတော့ ငြီးငွေ့လာပြီ။ အဲဒီဇယားတွေလဲ စိတ်မ၀င်စားတော့ဘူး။ ဒါနဲ့ တကယ်ဝယ်ရမဲ့ သူ့ပေါ်လစီလဲ ရှင်းပြတဲ့ အချိန်ကျရော ကိုယ်လဲ အိပ်ငိုက်သွားတော့တာပဲ။ ဘာမှကို နားမလည်လိုက်ဘူး ဖြစ်သွားတယ်။ အေးဂျင့်လဲ ပထမတော့ သူပြောတာ ထောက်ခံပြီး ခေါင်းညိတ်နေတယ် ထင်တာ၊ နောက်မှ ငိုက်နေမှန်း သိတယ်။

ဒါနဲ့ စိတ်ညစ်ပြီး စာအုပ်တွေ ပေးလိုက်တယ်။ terms & conditions တွေကို ဖတ်ပေတော့ တဲ့။ ကိုယ်တို့လဲ အကြောင်းပြန်ပါမယ် ပြောပြီး ပြန်ခဲ့ရတယ်။
ကိုယ်သိပါတယ်။ ကိုယ်က ဘာမှ မလုပ်တတ်၊ မလုပ်ရဲ ညံ့တဲ့လူဆိုတာ..။ အဲဒီလိုလေးမှာ လူကလဲ မကြိုးစားချင်တော့ အရည်အချင်းက ပြောစရာမရှိ ဖြစ်သွားတယ်။

တခါတလေကျတော့လဲ အားငယ်မိတာလေးကို ရင်ဖွင့်ကြည့်တာပါလေ။

မိုးချိုသင်း

32 comments:

အငယ်လေး said...

အမရေ

အသစ်တင်မလားလို့ မျှော်နေတာ။ အခုတော့ ဖတ်ရပြီ။

myatnoe said...

ခေါင်းကိုက်ရက်နဲ့ စာလာဖတ်တာ ပြုံးပီးပြန်သွားပါတယ်။
အမ.. အဲလိုမျိုးနေခွင့်ရတယ်ဆိုတာ ကုသိုလ်ကံကောင်းလို့..။ သိလားးးး

အမချစ်ချစ်ကို ကျေးဇူးတင်ပီး .. ပီးရင် မသိမသာသင်ထားပီးရင် မတတ်ချင်ယောင်ဆောင်ပီး နေ..။ လူသက်သာတယ် အမရ..ဟီးဟီး

zarnywin said...

ဈေးဝယ်ဖို့အတွက် စပိန်စကား သင်ရမလိုဖြစ်နေပြီး)
Mr. Z

s0wha1 said...

မက်ဆီကိုဆိုင်မှာ ဈေးဝယ်တာ ဖတ်ပြီး အားရပါးရ ရယ်မိတယ်။ နောက်ဆုံးအပိုဒ်လေး ဖတ်ပြီးတော့ ကိုယ်လည်း အားငယ်သွားသလိုပဲ။ ဒါမဲ့ မမြတ်နိုးပြောသလိုဆို မဆိုးဘူး။ :P

sin dan lar said...

နေ့တိုင်း လာကြည့်တာ..
ဒီနေ့မှ အသစ်နဲ့တိုးတယ်...
ကျမက ဆရာမထက်အများကြီးပိုဆိုးတယ်..

လင်း said...

ပျောက်နေလို့ စိတ်ပူနေတာ။ အော်စရာ စီဗုံးလဲမရှိတော့ ဘလော့ကို လာကြည့်ကြည့်ပြီးဘဲ ပြန်သွားရတာ။ ဟိဟိ အမလုပ်တဲ့နည်းအတိုင်း လုပ်ကြည့်လိုက်အုံးမယ် နောက်တခါ စလုံးသွားရင် ခေါင်းမှာ ပုဝါလေးပတ်ပြီးတော့။

ရှင်မင်းညို said...

မမိုးရေ....
ရှင်မင်းလဲအဲလိုပျင်းပြီး ဘာ Term and Condition
တွေမဖတ်လို့ ခဏခဏ အပိုတွေပေးနေရတဲ့ပြသနာတွေအများကြီး...
america ရောက်စ ကျောင်းသွားဖို့တောင်ကားမမောင်းတတ်လို့ ဟိုလူ့မျက်နှာကြည့်ရ ဒီလူမျက်နှာ ကြည့်ရ...

သက်ဝေ said...

ချိုသင်းရေ...
သက်ဝေလဲ တချို့ နေရာတွေမှာတော့ သူ့ ကို အားကိုးရင်း လူလဲ ရေသာခို အချောင်သမား လုံးလုံးကို ဖြစ်လို့ ...။
ဒါပေမယ့် မတတ်လို့ မလုပ်တာ မဟုတ်.. မလုပ်ချင်လို့ မလုပ်တာ... မလိုသေးလို့  မလုပ်တာ.. ဟင်းးးး... ဆိုပြီး ခပ်တင်းတင်းဘဲ...။
ချိုသင်းလဲ ဒီလိုဘဲဖြစ်မှာပါ...။
အသက်အာမခံ အကြောင်းကတော့ သူ့ အလုပ်..။ Agent တွေရှင်းပြတာကို စိတ်မရှည်နိုင်လွန်းလို့ 
တို့ ဘယ်တော့မှ နားမထောင်ပါ...။

phyophyo said...

Ma MCT,

Don't worry i am also one of ur members.
:)
with rgrds

တန်ခူး said...

တော်ရုံလူမတတ်တဲ့ စာရေးခြင်း အနုပညာမှာ တဖက်ကမ်းခတ်နေမှတော့ ဘယ်လူညံ့ဟုတ်လိမ့်မတုန်း… တို့ တွေဆို ချိုသင်းရေးတာလေးတွေ လာလာဖတ်ပြီး အဲလိုလေး ရေးတတ်ချင်လိုက်တာဆို အားတွေကျကျနေတာ… အားမငယ်နဲ့ … ချိုသင်းကမှ ကားမောင်းတတ်သေး… တို့ က ကားမပြောနဲ့ စက်ဘီးတောင် မနင်းတတ်ဘူး… ရေလဲမကူးတတ်… ဒါပေမယ့်  အနားမှာရှိတဲ့ တယောက်က ချိုသင်းတယောက်လောက် မစိုးရိမ်ပါဘူး… အဲလို စိုးရိမ်တတ်သူလေးရထားတာ ဘယ်လောက်ကံကောင်းလဲ… အသက်အာမခံကတော့ နုံလွန်းတယ်… ဘယ်လောက်ရှင်းရှင်း မရဘူး… ဒီတော့ အမျိုးသားက ဥာဏ်မှီသလောက်လေးပဲ ပြောပြတယ်… ဦးနှောက်မစားရဘူးပေါ့…

phyophyo said...

Ma MCT,

most of the ppl including myslelf look down on ourself like we can't do we have no knowledge. According my experience everything we can do, need to be patient and follow on time. For me, compare with last decade, more knowledge but also still make a lot of silly mistakes......

ဂျူနို said...

ဒို့ လည်းလမ်းတွေ မမှတ်မိဘူး။ ကိုယ်သွားရမယ်လိုစိတ်ထဲဖြစ်တာရဲ့ ပြောင်းပြန်သာသွားတဲ့။ ဒါဆိုရင် အမှန်ဘဲတဲ့။
ချိုသင်းရေ ကျန်းမာရေးဂရုစိုက်ပါနော်။

SMN said...

ဟဲဟဲ...ချိုသင်းရဲ့ ဟန်အတိုင်း လိုရာဆွဲပြီး တွေးယူကြပါကုန်။

Kay said...

အားမငယ်နဲ့လေ..မချိုသင်းရဲ့.. လူသက်သာတယ်။
( အင်း..ငယ်ချင်ယောင်ဆောင်ပြီး..သူ သနားအောင်ရေးထားတာ..ဖြစ်မှာပါ..အဟဲ)

ရွာသားလေးဝိုင်တီယူ said...

အမရေ တွတ်ပီနဲ့ဗိုက်ကလေးကိုမြင်ယောင်မိတယ်။ မှတ်တိုင်ပါလားမေးလိုက်မပါဘူးအော်လိုက်နဲ့ဖြစ်နေတာမျိုးလေ။ အမရေ လူတစ်ယောက်မှာသူ့ရဲ့တန်ဖိုးဆိုတာ ရှိပါတယ်။ မမိုးချိုသင်းရဲ့ တန်ဖိုးကို ဒီဘလော့ကြီးက သက်သေပြနေတာပေါ့....အားမငယ်နဲ့နော် (လူကြီးလုပ်ပြီး အားပေးသွားပါတယ်)

pandora said...

ကိုယ်ချင်းစာတယ်။ အနော်လည်းအဲလိုပဲ။ တုံးတဲ့နေရာမှာ သာမန်သူများသိတာတွေတောင် မသိတာ အများကြီးပဲ။

Ko Paw said...

အာမခံအကြောင်းတွေက အင်မတန် နားလည်ရခက်တာ။ ရှင်းပြနေတုန်းမှာ နားလည်သလိုလိုနဲ့ ပြီးရင် ပြန်ပြီး ရှုပ်ထွေးသွားပြန်ရော။

အဟီး...မလေးလို့ အထင်ခံရတဲ့ နေရာမှာတော့ ကျနော်လည်း အတူတူဘဲ။ ကြည့်ရတာ အမေရိကားလာရင်လည်း မက်ဆီကန် အထင်ခံရကိန်းရှိတယ်။ ဝေးဝေးမှာဘဲ နေမှ။

M.Y. said...

အင်း..လူညံ့ ကလေး မို့ သာပဲ..
တော်များတော်
ကမ္ဘာကြီး၊ရီလိုက်၊ ထိုင်ငိုလိုက်ဖြစ်လိမ့်မယ်..

ဆွဲဆောင်အားကောင်း လွန်းတဲ့..
သူ့ အရေးအသားအောက်မှာ..

ဇနိ said...

အမ စာရေး ဒီလောက်ကောင်းတာ ဘာမှ အားမငယ်နဲ့..
အဆင်ပြေအောင်နေတတ်တာ နည်းတဲ့ပညာမှတ်လို့နော် အမရယ်

nu-san said...

အမရေ... အမသာ လူညံ့လို့သုံးရင် ကျနော်တို့ဆို ဘယ်လိုပြောရမှန်းမသိတော့ဘူး.. အမက စာရေးလည်းတော်.. ကားလည်းမောင်းတတ်.. ကျနော်တို့ဆို ကားမောင်းဖို့ကတော့ ဂိမ်းထဲတောင် ဖြောင့်အောင် မမောင်းတတ်ဘူး.. အဟီး.. :D အတူတူပါပဲ အမရေ.. .. အားမငယ်နဲ့.. ကျနော်ဆို အားကိုးချင်စိတ်တွေ တအားများနေလို့ မနည်းလျော့နေရတယ်.. :P

khin oo may said...

နောက်တတ်တယ်နော်။။

khin oo may said...

မိုးချူိုသင်း ပိုစ် ကိုလာဖတ်မိလို. စာ မရေး နိုင်တော.ပါ။ ဒီည. မှောက်သွားပြီ။ စိတ်ဓါတ် ကျလို့.။

PAUK said...

မချိုသင်းရေ..
ကျွန်တော်ကမချိုသင်းထက်ညံ့တယ်..
မချိုသင်းထက်ဆိုးတယ်...
ဒါပေမဲ့...
ကျွန်တော်...
တစ်ယောက်တည်းရင်ဆိုင်ဖို့ကြုံလာတဲ့အခါ....
ဒီလိုပဲ..ရင်ဆိုင်လိုက်တာပဲပေါ့...

thorn musem said...

ကျနော့်အမြင်တော့ မမိုးက မညံ့ ပါဘူး....
အပြင်ထွက်တဲ့ အတွေ့ အကြုံ နဲ နေသေးလို့ ပါ....။
ကျနော်တို့ ထက် အများကြီးသာပါတယ်ဗျာ....။

rose said...

မမရေ

အားမငယ်နဲ့တော့ သမီး comment တွေဖတ်ကြည့်တာ မမနဲ့ တူတဲ့ အဖေါ်တွေ အများကြီးပဲ သိလား။
:))))))))))))))))))) me too

tututha said...

အမတို့က မရေးချင်ပေလို့ပဲနော်။ ခါတည်းကို။ စီဘောက်စ်ချိတ်ပါတော့ဆို ချိတ်ဘူး။ ညီမလိုပဲ အရပ်ကူပါ လူဝိုင်းပါဆိုပြီး ချိတ်ပေါ့ အမရဲ့။ ဂလိုပဲ ကြိုးစားရတာပဲလေ ..။

ပုံရိပ် / Pon Yate said...

မချိုသင်း အသစ်မျှော်နေတာ ကြာပြီ။ အခုမှပဲ။
အစ်မပို့စ်လေး ဖတ်ပြီး ဆရာမဂျူးရဲ့ ၀တ္ထုထဲက ဇာတ်ကောင် ပြောတာ သတိရတယ်။ အတိအကျတော့ မမှတ်မိတော့ ပါဘူး။ လိုရင်းကတော့ မိန်းမတစ်ယောက်ဟာ သူ့ကို သိပ်ချစ်သိပ်ဂရုစိုက်တဲ့ လူနဲ့လက်တွဲ လိုက်ရင် သူကိုယ်တိုင်မှာ ရှိတဲ့ အရည်အချင်းတွေကို အသုံးမချ ဖြစ်တော့ဘူးတဲ့။ အဲဒီလိုပေါ့။ အစ်မ အမျိုးသားက အစ်မကို ချစ်လို့ အစ်မ မလုပ်ဖြစ်တာ နေမှာပါ။ အစ်မညံ့လို့ မဟုတ်ပါဘူး။ :D

ကလိုစေးထူး said...

ကျနော် စာမရေးတာကြာရင် သုံးတဲ့ လက်သုံးစကားလိုပေါ့။ စာရေးဖို့ ကီသွင်းလိုက်ဦးမယ် ယိစ်...ဆိုတာလေ...၊ :D ကြည့်ရတာ အမလဲ စာမရေးဖြစ်တဲ့ ကြားရက်တွေထဲမှာ ကီသွင်းနေလို့ နေမယ်။ ပြန်စရေးတဲ့ အပုဒ်မှာတင်ကိုက ရိုးရိုးလေးနဲ့ ဖတ်ချင်စရာကောင်းလိုက်တာ။ Mall နဲ့ ဖရီးဝေး တဘက်ခြားနေတဲ့ ဖြစ်အင်ကို မျက်လုံးထဲ မြင်ယောင်ပြီး ရယ်လိုက်ရတာ။

LIN LET KYAL SIN said...

မမရေ အမြဲစာလာဖတ်ဖြစ်ပါတယ်။ တခါတလေ စိတ်ညစ်စရာ ၊ စိတ်အနှောင့်ယှက်ဖြစ်စရာတွေက နေ့စဉ်ဘ၀မှာ ကြုံရပါတယ်။ အရာအားလုံး ပျော်ရွှင်ချမ်းမြေ့အဆင်ပြေပါစေရှင် :)

p.s စီဗောက်စ်ထားပါလား မမရေ။ တခါတလေ စာအသစ်မတွေ့ရင်ဖြစ်ဖြစ် ၊ နှုတ်ဆက်ချင်ရင်ဖြစ်ဖြစ် အော်ချင်တာအော်လို့ရအောင်ပါ။

moe ngal said...

မမ..
အမြဲအားပေးနေတယ်...
လူတိုင်းမှာ သူတန်ဖိုးသူ၇ှိပြီးသားပါ...မမ
မမက စာေ၇းသိပ်ကောင်းတာဘဲနော်...
မမကို အားကျနေတဲ့လူတွေအများကြီးဘဲ.....
ဒါတွေကိုသိ၇င်....မမတော်မှန်းသိ၇တာပေါ့....

ဇနိ said...

အမချိုသင်း မအားလို့ ကမန်းကတန်းဖတ်သွားရတာ အရင်နေ့တွေက။
ကွန်းမန့်မရေးဘဲက မနေနိုင်လို့ ပြေးလာပြန်ရော။
ဖတ်ပြီးကတည်းက လက်ခဏခဏထောင်နေတဲ့ မမြင်ဖူးတဲ့အမပုံကို မှန်းကြည့်မိနေတာ။
အမဘယ်ညံ့မလဲဗျ လက်ခဏခဏထောင်ရဲတာ နည်းတဲ့သတ္တိမဟုတ်ဘူးနော်။
နိနိ

Kay Mhoo Paing Cho said...

မမ အမျိုးသားက မမကို တော်တော်ချစ်တာပဲ
ကံကောင်းတယ် မမရေ

ချိုမာ
www.kyiphyupaing.blogspot.com