မီးခိုးကြွက်လျှောက်

ဒီနေ့ စာမရေးခင် သတင်းတွေ ထုံးစံအတိုင်း လျှောက်ဖတ်နေတာ။ ဖတ်ရင်းနဲ့ ဖတ်သမျှသတင်းက အကြောင်းအရာ တခုတည်းပေါ်မှာပဲ အခြေခံတယ်လို့ ထင်လာမိတယ်။ အထဲက အကြောင်းအရာတွေကို အသာထားလို့ ခေါင်းစဉ်လေးတွေကိုပဲ ကြည့်ပါအုံးလေ..

အရှင်ဂမ္ဘီရကို အမှုကြီး ၁၆မှုဖြင့် တရားစွဲထား..တဲ့။ မေတ္တာပို့ လမ်းလျှောက်တဲ့ ဘုန်းဘုန်းကို ဘာကြောင့်များ ဧရာမအမှုကြီးတွေ တပ်ရတာပါလိမ့်..။
လူဆိုးသူဆိုးများကိုသာ ဖမ်းရန်အကြောင်းရှိသည်၊ သတင်းထောက်များကို မဖမ်းပါနှင့်..တဲ့။ အဲဒီသတင်းက သတင်းထောက် တယောက်ကို ဖမ်းတဲ့အကြောင်း ရေးထားတာ..။
အင်တာနက်ကို အမိန့်အာဏာနဲ့ ပိတ်လို့ရမည် မဟုတ်.. တဲ့။ ဒီသတင်းက အင်တာနက်တွေ ပိတ်ဆို့လို့ ထွက်လာရတဲ့ သတင်းတပုဒ်..။

ဒါနဲ့ ဘာရယ်မဟုတ်ဘူး၊ ကိုယ်ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ ၀တ္တုတပုဒ်ကို သတိရတာနဲ့ ပို့စ်တင်ချင်စိတ် ပေါက်လာလို့ တင်ပေးလိုက်ပါတယ်။ ၀တ္ထုနံမည်က မီးခိုးကြွက်လျှောက် တဲ့။ ၁၉၉၃၊ ဇွန်လ၊ မြားနတ်မောင် မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ဆိုင်မဆိုင်တော့ မသိဘူးလေ..။
ဖတ်ကြည့်ကြပါအုံး။ လွန်ခဲ့တဲ့ ၁၅နှစ်က လက်ရာပါ။


မီးခိုးကြွက်လျှောက်

ကျနော်က ဦးဘသာရဲ့ ဒရိုင်ဗာ ကိုစံအေးပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး ဒီမှာ အလုပ်ဝင်ပါတယ်။ ကျနော် ဒီမှာလုပ်ရတာ ပျော်လား၊ ဟုတ်လား။ အင်း..ဘယ်လို ပြောရမှန်းတောင် ကျနော်မသိဘူး။ ဒါပေမဲ့ ဒီလို အလုပ်ရှင်မျိုး တခါမှ မတွေ့ဖူးတာတော့ အမှန်ပဲဗျ။

ခင်ဗျားတို့သိချင်ရင် ကျနော်ပြောပြဖို့ ၀န်မလေးပါဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူ လခ ကောင်းကောင်းပေးပါတယ်။ အဲဒီအတွက် ကျနော် စိတ်မဘစ်ပါဘူး။ ကျနော်စိတ်ညစ်ရတာက တခြားဗျ။ အဲ- အဲ..အခုကိစ္စပေါ့လေ။ အခုဖြစ်သွားတဲ့ ကိစ္စကြောင့် စိတ်ညစ်ရတာ။

ပထမဆုံး ကျနော်အလုပ်စ၀င်တဲ့ အကြောင်းလေး ပြောပြမယ်နော်။ တွေ့ဆုံပုံလေးက တကယ်သင်းတယ်။ ကျနော့်ကို ဦးဘသာရဲ့ မိတ်ဆွေ ကျနော့်ဆရာ ဦးထွန်းအေးက တဆင့် ဒီမှာ အလုပ်ဝင်ဖို့ လွှတ်ပေးလိုက်တာပါ။ ဆရာက ဦးဘသာအကြောင်း ဘာမှ ကျနော့်ကို မပြောဘူးဗျ။ သူနဲ့သိပ်ခင်တဲ့ သူငယ်ချင်းမို့ အဆင်ပြေအောင်နေဖို့ပဲ ပြောတယ်။ ဒါနဲ့ ကျနော် ဦးဘသာအိမ် ရောက်သွားတယ် ဆိုပါတော့။

ကျနော် သူ့အိမ်ကို မနက်စောစောပိုင်းမှာ ရောက်သွားသွားချင်း ဦးဘသာလို့ ထင်ရတဲ့သူကို ဧည့်ခန်းမှာ တွေ့ရတယ်။ ကံဆိုးချင်တော့ ဒေါသ အကြီးအကျယ် ပွနေချိန်ဗျ။ တအိမ်လုံး သူ့အသံတသံပဲ ဟိန်းနေတယ်။ အိမ်ဖော်အဒေါ်ကြီးကလဲ အရွယ်နဲ့ မလိုက်အောင် ကြောက်နေတယ်။ ကျန်တဲ့ အလုပ်သမားတွေကလဲ တန်းစီပြီး ခေါင်းငုံ့နေကြတယ်။ တကယ့် ပြဿနာပေါ့။ ပြဿနာဖြစ်တဲ့ မနက်ကြီးမှာမှ ကျနော်က ရောက်သွားမိတာ။

ဟာ ဖြစ်ပါ့မလား။ ကျနော်လဲ ပြန်လှည့်မယ် စိတ်ကူးတော့ ကျနော့် ကုတ်ချောင်းချောင်းပုံကို ဦးဘသာ မြင်သွားတယ် ထင်ပါတယ်။ “ခင်ဗျား ဘယ်သူလဲ၊ ဘယ်သူနဲ့ တွေ့ချင်လို့လဲ” တဲ့။ လှမ်းမေးတယ်။ ကျနော်က ဆရာဦးထွန်းအေးက လွှတ်လိုက်တဲ့အကြောင်း ဒီအိမ်မှာ ဒရိုင်ဗာလုပ်ဖို့ လာတဲ့အကြောင်း တရိုတသေပဲ ပြန်ပြောပြလိုက်ပါတယ်။

ဒီတော့မှ သူက ပြုံးတယ်ဗျ။ သူ့အပြုံးက နှစ်ခါပြန်ကြည့်ဖို့ မပြောနဲ့ တခါတည်းတောင် စိတ်ကုန်ချင်စရာကောင်းတဲ့ စပ်ဖြဲဖြဲ အီလည်လည် အပြုံးမျိုး။ အတော်ပဲ တဲ့။ တခါတည်း ပြောထားရမယ် တဲ့။ ခင်ဗျားက လူသစ်ဆိုတော့သိသေးမှာ မဟုတ်ဘူး တဲ့။ သူတို့ကို ကျနော် ဆူနေတာ ဘာကြောင့်လဲ ခင်ဗျား သိလား တဲ့။

ကျနော်ဘယ်မှာလာပြီး သိနိုင်မှာလဲ ခင်ဗျာလို့ ပြန်ပြောတော့ သူက တခါတည်း ဒေါသတကြီးပုံ ပြန်ဖြစ်သွားပြီး ဟောဒီ မီးခလုတ်ကို ဖွင့်ပြီး လျှောက်သွားနေလို့ တဲ့ဗျ။ အောင်မလေးဗျာ။ သူ့ကိစ္စက တကယ့် ရေးကြီးခွင်ကျယ်ပါလား။ မီးပေါ့ဆရင် အန္တရာယ် ဖြစ်စေမှန်း ကျနော်သိပေမဲ့ ဒီလောက် အချိန်လေးအတွင်းမှာတော့ ဒုက္ခရောက်မသွားနိုင်ဘူး လို့ ကျနော်ထင်ပါတယ်လေ။ အဲဒီကတည်းက ကျနော်ရိပ်မိသွားခဲ့ပါတယ်။ ကျနော်ဟာ ဂွကျကျ ကပ်သီးကပ်သပ် လူတယောက်ဆီမှာ အလုပ်ဝင်ရတော့မှာပါလား လို့ပေါ့။

ဦးဘသာရဲ့ အိမ်က တကယ့်ကို ခမ်းနားကြီးကျယ်ပါတယ်။ အဆောင်ဆောင် အခန်းခန်း တွေနဲ့ပါ။ ရှိုးကေ့စ်ထဲမှာလဲ ကျနော်တခါမှ မမြင်ဖူးတဲ့ ပစ္စည်းပစ္စယတွေ၊ အရုပ်သေးသေးလေးတွေ၊ ပန်းကန်လုံး ဆိုက်ဇ်စုံတွေနဲ့ သိပ်လှတာပဲ။ လှပေ့ဆိုတဲ့ ပန်းချီကားတွေဆိုတာ အခန်းတိုင်းမှာ။ ဒါတွေဟာ သူဆင်ထားတာ မဟုတ်ဘူးလို့ ကျနော် သိရတယ်။ တအိမ်လုံး လှပအောင်၊ အနုပညာဆန်အောင် လူအထင်ကြီးစရာ ဖြစ်အောင် အခကြေးငွေနဲ့ ငှားပြီး ပြင်ဆင်စေတာဆိုပဲ။ တကယ်တော့ သူဟာ ဒီပစ္စည်းတွေနဲ့ အဝေးကြီးမှာ တဲ့။ သူစိတ်ဝင်စားတာ ဒါတွေ မဟုတ်ဘူး တဲ့လေ။ ဘယ်လောက် အံ့သြဖို့ ကောင်းလဲ။

နောက်ပြီး ကျနော့်ကို အိမ်ဖော် ဒေါ်ခင်ကြီး ပြောပြထားတာ ရှိသေးတယ်။ ဦးဘသာဟာ သိပ်ချမ်းသာတာပဲ တဲ့။ ဒါတောင် ဒီတအိမ်တည်း ပိုင်တာ မဟုတ်ဘူး တဲ့။ ချမ်းသာတဲ့သူများ တကယ်ချမ်းသာရင် လိုက်မမီဘူးနော်။ မန္တလေးနဲ့ တောင်ကြီးမှာလည်း အိမ်တွေ ရှိသေးတယ်လို့ ပြောတယ်။ ဘာနဲ့ ဒီလောက်ချမ်းသာနေမှန်း ကျနော် သိဖို့ မလိုသလို ကျနော်ကလဲ မစပ်စုတတ်ပါဘူး။ ဒါပေမဲ့ ကျနော် မစပ်စုဘဲ မနေနိုင်လောက်အောင် ကလိကလိ နဲ့ အသည်းယားရတဲ့ ကိစ္စတခုတော့ရှိတယ်။ အဲဒါကတော့ မီးကြိုးတွေ၊ မီးခလုတ်တွေပါပဲ။

ဒီအိမ်ကြီးမှာ အထူးခြားဆုံးက မီးခလုတ်တွေပဲဗျ။ ဦးဘသာအိမ်က မီးခလုတ်မျိုး နောင်ဘ၀တွေမှာ မဖြစ်ပါရစေနဲ့လို့ ကျနော်တော့ ဆုတောင်းမိပါရဲ့။ တကယ်ပါ။ ခင်ဗျား မြင်ရင် ကျနော်ပြောတာ မလွန်ဘူးဆိုတာ သေချာသွားမယ်။

မီးမလုတ်တွေဟာ တကယ့်ကို မွန်းကြပ်ပြီး ပုံပန်း မကျမန ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပလာစတာတွေနဲ့ အထပ်ထပ်ကိုင်ထားလို့လေ။ မီးခလုတ်တွေတောင် မပီသရှာပါဘူးဗျာ။ အဲဒါ ဘာဖြစ်လို့လဲ ခင်ဗျား သိချင်သေးလား။ ဦးဘသာစကားအတိုင်း ကျနော်ပြောရရင် “ရှော့ခ် ဖြစ်မယ်ဗျ၊ ရှော့ခ် ဖြစ်မယ်။ ခင်ဗျား ဘယ်လောက်နားလည်လို့လဲ” တဲ့လေ။ ဟဲ..ဟဲ။

“ခင်ဗျားတို့ မီးခလုတ်တွေ၊ မီးကြိုးတွေ ငြိမ်နေလို့ အထင်သွားမသေးရဘူး။ သူတို့က အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ သေစေလောက်အောင် မီးခိုးကြွက်လျှောက် ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေဗျ။ ခင်ဗျားတို့ မီးကြိုးတွေကို ကျုပ်တယောက်တည်း ကြည့်လို့ လုံလောက်ပြီ မထင်နဲ့။ ဒီအိမ်မှာ အလုပ်လုပ်တဲ့ လူတိုင်း မီးခလုတ်တွေကို ဂရုစိုက်ရမယ်။ မီးဖွင့်မယ်ကြံရင် အနားမှာရှိတဲ့ အ၀တ်နဲ့ ကိုင်ဖွင့်၊ အ၀တ်နဲ့ပိတ်၊ ဒါပဲ။ ဒီလိုမှမလုပ်လို့ ဓာတ်လိုက်ပြီး ရှော့ခ်ဖြစ်ရင် တအိမ်လုံး မီးခိုးကြွက်လျှောက် ဒုက္ခရောက်မယ်။ ကျုပ်ပစ္စည်းတွေ ဆုံးရှုံးမယ်။ ပြီးတော့ မီးပေါ့ဆမှုနဲ့ အိမ်ရှင်ဖြစ်တဲ့ ကျုပ်က ထောင်ကျမယ်။ ကဲ ကောင်းကြသေးရဲ့လား။”

သိပ်ကောင်းပါတယ်လို့ ကျနော် ပြန်ပြောချင်စိတ်ကို မနက်တိုင်း ထိန်းချုပ်ရတာ တကယ်ကို ပင်ပန်းပါတယ်ဗျာ။ ဒီလက်ချာဟာ တနေ့လည်း မဟုတ်ဘူး။ နေ့တိုင်း။ နေ့တိုင်းတောင် မနက်တိုင်း မကဘူး။ ရုံးသွားရုံးပြန် အားရင် အားသလို ပွစိပွစိ။

သူ့မှာ ဒီစကားပဲ ပြောစရာ ရှိပုံမျိုးပါ။ တနေ့တနေ့ တအိမ်လုံးရဲ့ မီးကြိုးတွေကို လိုက်စစ်နေရတာ သူ့မှာ အမော။ ဘယ်နေရာမှာ ပေါက်ပြဲနေပြီလဲ။ ဘယ်နေရာမှာ ပလာစတာ ကွာနေပြီလဲ။ ဘယ်ကလာ..ခင်ဗျားကလဲ။ မီးကြိုးတွေက သူ့ဖာသာသူနေတဲ့ ဥစ္စာ။ ဒီအိမ်မှာ လက်ဆော့တဲ့ကလေးလဲ မရှိဘူး။ ကုန်ကုန်ပြောရရင် မီးကြိုးကိုက်မဲ့ ကြွက်တောင် မရှိဘူး။ အလကား သူ့ဖာသာသူ အကြောက်ကြီးနေတာ။ တွေးကြောက်နေတာ။ ဟိုကဖြင့် အနေသာကြီး။

တခါကများ ပြောရရင် ရီချင်တယ်။ ကျနော်က ဦးဘသာကို ရုံးပို့ပြီးအပြန် မီးဖိုချောင်ထဲ တိတ်တိတ်လေး ၀င်လာတော့ ဒေါ်ခင်ကြီးက မိပုကို ပြောနေတယ်။ “ညက တချွတ်ချွတ်နဲ့ အသံကြားတော့ ချက်ချင်း မကြည့်ရဲဘူး။ သူခိုးကပ်တယ် အောက်မေ့တာ။ ဒါနဲ့ ချောင်းဟန့်ကြည့်တော့လဲ တချွတ်ချွတ်အသံက ပျောက်မသွားဘူး။ နောက်ဆုံးတော့ ငါလည်း တံခါးပေါက်က ချောင်းကြည့်လိုက်တော့ လား လား ဘယ်သူထင်သလဲဟေ့ မိပု” (မိပုရော ဒေါ်ခင်ကြီးပါ ကြိုသိထားတဲ့အလား တခွိခွိရယ်နေကြတယ်)

“ဘယ်သူရှိရမလဲ၊ အကြောက်ကြီး လေ။ (ဦးဘသာကို ကွယ်ရာမှာ အလုပ်သမားတွေက ဒီလိုပဲ ခေါ်ကြတယ်။) ဘာလုပ်နေတာလဲ သိလား။ မီးခလုတ်တွေတင် မကဘူး။ အခု မီးကြိုးတွေပါ ညသန်းခေါင် ပလာစတာ လိုက်ကပ်နေတာဟေ့။” သူတို့ပြောမှ ကျနော်လဲ မီးကြိုးတွေ မော့ကြည့်မိတော့ ပလာစတာ အနီအ၀ါလေးတွေနဲ့ တွေ့ရတာကိုး။ သူတို့က အတောမသတ်နိုင်အောင် ရယ်နေကြတော့ ကျနော်လည်း ပုန်းနေရာကနေ ဟိတ် ဆိုပြီး ခြောက်လိုက်တာပေါ့။ နှစ်ယောက်စလုံး အကြောက်ကြီး..အဲလေ..ဦးဘသာထင်လို့ လန့်သွားကြတာ ဒေါ်ခင်ကြီးဆို ကြောက်သေးတောင် ပါချတယ်.. ကဲ။

တကယ်တော့ ကျနော်တို့ အဲဒီကတည်းက ဆရာဝန်တွေ ဘာတွေနဲ့ တိုင်ပင်ဖို့ ကောင်းမှန်း သိပါတယ်ဗျာ။ ဒါပေမဲ့ အခြေအနေက ခင်ဗျားပဲ စဉ်းစားကြည့်လေ။ သူက အိမ်ရှင်၊ အလုပ်ရှင်။ ကျနော်တို့က အလုပ်သမား။ ဖြစ်မလားဗျ။ ကျနောတို့ ကိုယ်တိုင်က သူလို အလုပ်ရှင်အောက်မှာ လုပ်နေရတာ ရှေးဘ၀ ၀ဋ်ကြွေးလို့ပဲ အောက်မေ့လိုက်ပါတယ်လေ။

ကျနော်တို့ အလုပ်မဆင်းရဲပါဘူး။ ဦးဘသာက တယောက်တည်း သမားလေ။ ဒါပေမဲ့ စိတ်ဆင်းရဲရတယ်။ စကားမစပ်သူက အပျော်အပါးတော့ အတော်လေး လိုက်စားတဲ့သူနော်။ ကျနော်က သူ့ဒရိုင်ဗာမို့ တခြားအလုပ်သမားတွေထက် ဒီအကြောင်းပိုသိတယ်။ ဒီလို စည်းစိမ်လေးတွေ လိုချင်လို့လဲ တကိုယ်တည်းနေသလားမှ မသိနိုင်ဘဲ။ နောက်ပြီး ဒီလောက်ချမ်းသာနေတာတောင် မကျေနပ်နိုင်ဘဲ ထပ်ထပ်ကြံဖန်နေတာကတော့ သူ့လောဘ မီးနဲ့ တူပါတယ်ဗျာ။ ကျနော်နဲ့ သိပ်မဆိုင်လှပါဘူး။

ကျနော်လည်း ကျနော့်ဆရာ ဦးထွန်းအေးမျက်နှာနဲ့ ကြိတ်မှိတ်ပြီး နေခဲ့ပါတယ်။ တအိမ်လုံး မီးခလုတ်တွေတင်မကဘဲ မီးကြိုးတွေပါ လူနာတွေလို ပလာစတာနဲ့ ဖြစ်ကုန်တော့ သူအကြောက်ကြီးမှုဟာ ကျနော်တို့အပေါ် တော်တော် ထိခိုက်နေတယ်ဗျာ။ အိမ်ကြီးမှာနေရတာ လူမချမ်းသာ၊ စိတ်လည်း မချမ်းသာနဲ့ပါလား။ သူများလည်း ဒီလိုပဲ နေနေကြတာပဲ။ သာမန်ပေါ့ဗျ။ ဒီလောက် အပြင်းအထန် ရှော့ခ်ဖြစ်မှာ ကြောက်နေဖို့ မလိုဘူးလေ။ သူကပြောတော့..ဘာတဲ့၊ တနေရာက စဖြစ်ရင် အကုန်လုံး မီးခိုးကြွက်လျှောက် တဲ့။ အခုတော့ ရှော့ခ် ဆိုတဲ့စကားကို သူ့စိတ်မလုံခြုံတိုင်း ကျနော်တို့ ကြားနေရတာပဲ။

အခုဖြစ်ပုံက ဒီလိုပါ။ ကျနော်လဲ သူ့အနားမှာ ရှိနေချိန်ပါ။ သူခိုင်းဖို့ ကျနော့်ကို ခေါ်ထားပါတယ်။ သူက ကျနော့်ကို စကားလှမ်းပြောရင်း ဗီဒီယို ခလုတ်ကို သွားဖွင့်လိုက်တယ်ဗျ။ အဲဒီမှာ ပြဿနာက စ တာပဲ။ ဟင့်အင်း..၊ သူစိုးရိမ်နေတဲ့ မီးကြိုးတွေ မီးခလုတ်တွေက မဟုတ်ပါဘူး။ သူဘယ်လိုမှ မျှော်လင့်မထားတဲ့ တီဗီအနောက်ဖက်ကပါ။

ပထမ မီးပွားတွေ ဖြောင်း ဖြောင်းဆိုပြီး နှစ်ချက်ဆင့် ပွင့်ထွက်လာတာ ကျနော်တွေ့လိုက် ရတယ်။ တအိမ်လုံးလည်း မီးတွေ ငြိမ်းသွားတယ်။ ဦးဘသာလည်း ပထမတော့ အံ့အားသင့်နေတယ်။ ပြီးမှ “သွားပြီဗျ၊ သွားပြီ။ ရှော့ခ် ဖြစ်ပြီ၊ ကယ်ကြပါအုံး”လို့ အော်ပြီး ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး အခန်းထဲ ပတ်ပြေးတော့တာပါပဲ။

ကျနော် ဦးဘသာကို လိုက်ဆွဲပါသေးတယ်။ ဒါပေမဲ့ သူက “မီး-ခိုး-ကြွက်-လျှောက်၊ မီး-ခိုး-ကြွက်-လျှောက်” ဆိုပြီး ပတ်ပြေးနေတော့ တော်တော်နဲ့ ဖမ်းမမိဘူး ဖြစ်နေတာ။ နောက်မှ ဘုန်းကနဲ ဆက်တီပေါ် ပစ်ကျသွားတယ်။ မီးပွားကလဲ ခဏလေးပါ။ တကယ့်ကို သုံး လေးချက်ပါ။ ဒါပေမဲ့ ဦးဘသာကတော့ လုံးဝ သတိမလည်လာတော့ဘူးလေ။ ဒါနဲ့ ကျနော်တို့လည်း ဖုန်းတွေ အကုန်လျှောက်ဆက်ပြီး ဆေးရုံပို့လိုက်ရပါတယ်။

အခုတော့ သူ့ဆွေမျိုးတွေက ဦးဘသာ ရူးသွားတဲ့ကိစ္စမှာ မကျေနပ်ကြဘူးတဲ့လေ။ သွေးရိုး သားရိုးလို့ မထင်ကြဘူးဗျ။ ဘယ်တတ်နိုင်မှာလဲ။ ကျနော်တို့ အလုပ်သမားတွေ အားလုံးကိုလဲ အလုပ်ကဖြုတ်ပစ်လိုက်တယ်။ အကောင်းပကတိကြီးကနေ ခုလို သွက်သွက်ခါအောင် ရူးသွားတော့ သူတို့ မယုံနိုင်ကြဘူး ဖြစ်နေတယ်။

တကယ်တော့ ဒါ ဆန်းမှ မဆန်းဘဲ။ ဦးဘသာ ရူးသွားတာ ရူးသင့်လို့ရူးသွားတာပဲ လို့ သူနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ ကျနော်တို့ အလုပ်သမားတွေက သိနေတယ်။ ဦးဘသာရဲ့ ဘယ်အလုပ်သမားကို မေးမေး၊ အခု ကျနော်ပြောသလိုပဲ ပြောမှာပဲ။

ခင်ဗျားတို့ထင်သလို သွေးရိုးသားရိုးကိစ္စ ဟုတ်ချင်ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူး။ ဒါ ကျနော်မပြောတတ်ဘူး။ သိလည်း မသိဘူး။ သေချာတာ တခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုရင် ဦးဘသာတယောက် အကြောက်လွန်ပြီး ရူးသွားတယ် ဆိုတာပါပဲဗျာ။ ။

မိုးချိုသင်း
(အပေါ်က သရုပ်ဖော် ပန်းချီက ပန်းချီဆရာ အောင်အောင်တိတ် ဆွဲတာပါ။ ပွင့်သစ် မဂ္ဂဇင်း အဖုံးအဖြစ် တခါ အသုံးပြုခဲ့ဖူးပါတယ်။)

26 comments:

တန်ခူး said...

ကောင်းလိုက်တာ ချိုသင်းရယ်… အဲဒီဝတ္ထုလေး မဖတ်ဖူးသေးဘူး… လွန်ခဲ့တဲ့ ၁၅နှစ်ကပေမယ့် ခေတ်မှီနေသေးတယ်နော်… အင်း…ဦးဘသာ… ဦးဘသာ… တခါထဲ အသက်မပါသွားပဲ ရူးရတယ်လို့ ….

Ko Paw said...

ကောင်းလိုက်တာဗျာ။ စင်္ကာပူက လီကွမ်းယူလည်း မီးခလုပ်တွေ မီးကြိုးတွေတိုင်းမှာ ပလာတာ လျှောက်ကပ်နေလေရဲ့။ ဒါပေမယ့် သူက ဦးဘသာထက် ဘုန်းကြီးတော့ သူ့ကို ကိုးကွယ်တဲ့ သူတွေလည်း ရှိသဗျိုး…. အံ့ရော… အံ့ရော။

အယ်ဇီ said...

ကောင်းလိုက်တာ။ ဖတ်ဖူးပြီးသားပါ။ ဒါပေမဲ့ အခု ထပ်ဖတ်တော့ အရသာပိုလို့ တောင်တွေ့ သေး။ ဦးဘသာကြီး အဖြစ်က သနားစရာပါ။ တချို့ ကြတော့ မီးကြိုးမဟုတ်ဘူး။ လူတွေရဲ့ နားတွေ ပါးစပ်တွေ မျက်စိတွေ မက ဦးနှောက်ကိုတောင် ပလပ်စတာပတ်ထား ကြတယ်။ ဦးဘာသာကြီးက အခန်းပတ်ပြေးနေတာဘဲရှိတာ။ အပြင်ကဦးဘသာကတော့ သေနပ် တစ်လက်နဲ့ ပတ်ရမ်းတတ်တော့ ပလပစ်တာတန်းလန်းနဲ့ သူတွေ က အခန်းပတ်ပြေးရတော့တာ။
အယ်ဇီ

ပီတိ said...

မဖတ်ဖူးဘူး... ဖတ်လို့ကောင်းလိုက်တာ... အမက ငယ်ငယ်လေးကတည်းစာရေးကောင်းတာကိုး။ ကျွန်တော်က ၉၃တုန်းက ဆယ်တန်းအတွက် စာစီစာကုံးရေးဖို့ပျင်းနေတုန်း...

အပြင်က ဦးဘာသာက အဲလို ရှော့ဖြစ်မှာစိုးလို့ မီးတွေ ဖြတ်ထားပေးတာပါ။ လူတွေက စေတနာကိုနားမလည်ကြတာ... :P

SMN said...

သရုပ်ဖော်ပုံက မီးခိုးပေါ် ကြွက်လျှောက်နေတာလား..ဟင်
ဟဲဟဲ..
ပန်းချီဆရာက ပြောတယ် "ကြွက်ပေါ် မီးခိုးလျှောက်" နေတာပါတဲ့။ တော်သေးတာပေါ့ ဒေါ်အေးသာကျော့။

မေသဇင် said...

ကောင်းလိုက်တာလို. ထပ်မပြောတော့ဘူးနော် ချိုသင်း။
“အခုတော့ ရှော့ခ် ဆိုတဲ့စကားကို သူ့စိတ်မလုံခြုံတိုင်း ကျနော်တို့ ကြားနေရတာပဲ။”တဲ.။ ဖြစ်သင့်တာထက် ပိုဖြစ်နေရင်တော့ ပုံမှန်မဟုတ်တော့လို့နေမှာပေါ့နော်..။ ချိုသင်းရဲ့ အရင်လက်ရာလေးတွေလည်း တင်ပေးပါဦး။

လင်း said...

ကောင်း၏။ လက်ရာဟောင်းလေးတွေ မကြာခဏပြန်တင်ပေးနော်။ ဒီဟာလေးကတော့ သေချာမမှတ်မိဘူး ရေးရေးဘဲ။ ဘောလုံးကတော့ သေချာမှတ်မိတာ။

myatnoe said...

အမရေ.. ခုမှ လာဖတ်ရတယ် ညစာစားရင်းနဲ့..

အမ.. ဦးဘသာလဲ အရူးတမျိုးလေ..။
လူတိုင်းက အရူးတွေ ကြီးဆိုပေမဲ့ တခုခုမှာ ထူးခြားစွာ ရူးနေတာ ..အရူးပေါ့..ဟီးဟီး..

သူရူးတာ ... သူ့အသိုင်းအဝိုင်းလေးရယ်..သူများတွေဆို....

Andy Myint said...

ရန်ကုန်က အဖေကို သွားသတိရတယ်။
သူက (မိသားတစ်စုလုံး) အပြင်သွားရင် Main Switch ပိတ်သွားတယ်။
လူမရှိတဲ့ အချိန် ရှော့ဖြစ်မှာ စိုးလို့တဲ့။
အမေက သူ့ ရေခဲသေတ္တာ မီးပိတ်ရတာ သားငါးတွေ ပုတ်မှာ စိုးလို့ အဖေနဲ့ တကျက်ကျက်။

ငြိမ်းဝေ said...

ဆရာမလေး
စာရေးတယ်ဆိုတာဒါမျိုးမှဗျာ။
အရမ်းလှတယ်ဗျား။
ကျနော်ကအဲသလိုပြောတဲ့ဟန်ကိုကြိုက်တယ်။
ကိုယ်ကိုယ်တိုင်ကျတော့မရေးတတ်ဘူးဗျ။
ကျနော်ကအနွဲ့ တွေအလွမ်းတွေနဲ့ပဲ အချိန်ကုန်နေ
ရတယ်။ဆရာဦးဝင်းဖေပြောသလို ပြောရရင် ဒီဝတ္ထုလေးကတော့ တကယ့်ကို “ဖလား” ပဲဗျို့။

သက်ဝေ said...

ချိုသင်းရေ...
ဆိုင်မဆိုင်တော့ မသိဘူးလေ.. ဆိုလို့ သာပါဘဲ...။
သိများသိရင်တော့လား...။
အဲဒီ ၀တ္ထုလေးကို မှတ်မိပါတယ်...။ ဒါပေမယ့်
အရင်က ဖတ်ခဲ့ရတာထက် အခုပြန်ဖတ်ရတာက အရမ်း ပိုကောင်းနေသလိုဘဲ... အဟဲ... ဆိုင် မဆိုင်တော့ မသိဘူးလေ.. နော့...။

Exit of thinking mind said...

ကောင်းလိုက်တာ ဆရာမ ချိုသင်းရယ်......
ဦးဘသာရူးတာထက် အဆပေါင်းများစွာ ဆိုးတဲ့ အရူးကြီးကတော့ လူသန်းပေါင်းများစွာကို ဒုက္ခပေးနေလေရဲ့...... သူရဲ့ စိတ်မလုံခြုံမှုအတွက် အပြစ်မဲ့ လူသားပေါင်းများစွာရဲ့ ဘဝတွေ စတေးခံနေရတယ်လေ.....

khin oo may said...

အခုဘဲ ညီမ ပိုစ်ဖတ်ပြီးလို. Comment ရေးမလို. Browser ဖွင်.ထားတုံးရှိ သေးတယ်။
ချစ်ခင်စွာဖြင့်

rose said...

ဟာ မမက
လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ကြိုသိနေတာပဲ။ ဒါဆိုဗေဒင်ဆရာဆိုတာ သေချာသွားပြီ။ သမီးလဲ တွက်ပေးအုံး။ ဟားဟားဟား

ဂျစ်တူး - gyit_tu said...

အမချိုသင်းရေ .. အရင်ရေးထားဖူးတဲ့ ၀တ္ထုတွေ တင်ပေးပါဦး ။ ညီမက ငယ်ငယ်က နိုင်ငံခြားမှာရောက်နေတော့ မြန်မာစာတွေ တချို့  ဖတ်ဖူးပေမယ့် ၊ စာရေးဆရာတော်၂များ၂ရေးတာ မဖတ်ခဲ့ရဖူးလေ ။ ခုမှ လိုက်ရှာဖတ်နေရတာ ။

အမမေငြိမ်းဝတ္ထုတွေဆိုလည်း သူ့ ဘလောဂ့်မှာ ပြန်တင်မှ ပြန် လိုက်ဖတ်ပြီး အရသာခံနေရတား)

မေငြိမ်း said...

လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက ဖတ်ရင်းနဲ့ ကွက်တိပဲလို့ တွေးဖြစ်ခဲ့တဲ့ ၀တ္ထုလေး.. ခုထိ ခေတ်မီနေသေး တယ်ဆိုတော့ ဦးဘသာရဲ့ ၀န်ထမ်းတွေ ခံစားနေရတာ ၁၅နှစ်မကတော့ဘူးဆိုတဲ့ သက်သေပဲနော်..။ ခက်တာက ခုကျတော့ ဦးဘသာရဲ့ဆွေမျိုးတွေပါ အလိုတူအလိုပါ ရူးလာကြလို့ ပိုဆိုး.....။ တွေးကြည့်ရတာနဲ့တောင် အသက်ရှူကျပ်စရာပါ...

little moon said...

မဂ္ဂဇင်းထဲမှာကတည်းက ဖတ်ခဲ့ဖူးပါတယ် ခင်ဗျ။

ရွာသားလေးဝိုင်တီယူ said...

အင်းမီးခလုတ်ကလေးတွေ မီးခလုတ်ကလေးတွေ.....

ကလိုစေးထူး said...

ဆရာကြီး ဦးတင်မိုး ပြောခဲ့တဲ့ `ရေးသူထက် ဖတ်သူ ပိုတော်တယ်´ ဆိုတာ တော်တော်မှန်တာပဲကိုး အမချိုသင်းရေ...။ :D

မချိုသင်းကတော့ ၀တ္ထုတိုဟောင်းလေးကိုပဲ ပြန်တင်တာပဲ။ တွေးလိုက်ကြတဲ့ အတွေးတွေ။ ကျနော်တော့ ကွန်မန့်တွေကို ဖတ်ပြီး ကျနော့်အတွက် ပြောစရာ မှတ်ချက်တောင် မကျန်တော့ပါလားလို့ အတွေးပေါက်သွားတော့တာပဲ။ ရှုထောင့်တွေ စုံနေအောင်တွေးကြရတာကိုက စာကောင်းတပုဒ်ကို ဖတ်ရတဲ့ အရသာပဲထင်ပါရဲ့။

ရွှေဂျမ်း said...

အသစ်တွေရော အခုလို အမရဲ့ လက်ရာအဟောင်းတွေပါ ဆက် တင်ပေးပါ အမရေ။း)

myatnoe said...

အမ... အမတုတုသတောင် စီဘောက်ထည့်ထားတယ်နော်..အမ

အသစ်လေးလုပ်ပါဦးအမရေ..။

khin oo may said...

ဖတ်ကြီး ဘဲ မနေ နဲ. ။ ရေးပါဦးလေ.။ ဟိုမှာ မျက်လုံးကြီး ပြူး ပြီး ကြည်.နေ ပြီ. ။ မကြောက်ဘူး လား။

thorn musem said...

မမိုးချိုသင်း
ပထမဆုံး စာလာဖတ်ပါတယ်....
စာတွေကိုလည်းကြိုက်ပါတယ်ဗျာ...။
အရင်က ဒီဦးဘသာကို ဖတ်ဘူးတယ်လို့ ထင်မိပါတယ်...
ပြန်ဖတ်လည်း ကောင်းနေတာပါဘဲ...။

ရဲရင့်@ပုရစ် said...

မီးခိုးကြွက်လျှောက်တာတင်မကတော့ဘူး မချိုသင်းရေ မီးကြိုးပေါ် ဠင်းတ ပါနားနေပြီဗျ....
ဦးဘသာကသူ့ဘာသာရူးသွားတာ၊မိုက်ခဲတို့အုပ်စု ကတော့ဖြင့်အချင်ချင်းအရူးဆေးလှည့်ထိုးရင်း နို့ဆီခွက်တွေလည်ပင်းဆွဲပြီးရူးကြဦးမှာမြင်
ယောင်သေးတော့တယ်ဗျို့.......ဦးဘသာအကြောင်း ဖတ်ရတော့..ဆရာမတို့အိမ်ခြံစည်းရိုးကိုတိုးခတ်တဲ့ ဦး........ကိုတောင်အမှတ်ရမိသေး..ဗျို့
လောကမှာ...သွပ်သွပ်သွပ် ..လူတစ်ယောက်ကြောင့်...လူအများဒုက္ခ ရောက်ခြင်းမှကင်းဝေးပါစေကြောင်း....ပါခင်ဗျား

ကျေဇူးတင်ပါသဗျို့

TZA said...

အနှစ်ပါပဲဗျာ။

Kay Mhoo Paing Cho said...

ဟိဟိ ဟုတ်ပါ့
တချို့လူတွေကအရ်းကို ဇီဇာကြောင်တာနော်