လူလေး နဲ့ ဘုံဘုံ

ကိုယ့်မှာ တူ၊ တူမ ၆ ယောက်တောင် ရှိတယ်။ ကိုယ်တို့မှာ သားသမီးကလဲ မရှိတော့ ဒီကလေးတွေကိုပဲ ချစ်လိုက်ရတာ။ နှစ်ယောက်စလုံးက ကလေးဆို သိပ်ချစ်တော့ တနေ့တနေ့ သူတို့အကြောင်းလေးတွေပဲ ပြောပြီး အငွေ့ရှူနေရတယ်။ ကလေးတွေက သူတို့ မိဘတွေနဲ့အတူနေကြတာဆိုတော့ သူတို့လာလည်တဲ့အခါ၊ ကိုယ်သွားလည်တဲ့အခါလောက်ပဲ တွေ့ရတာလေ။

သူ့အမက နှစ်ယောက်မွေးထားတယ်၊ လူလေးနဲ့ ဘုံဘုံ တဲ့။ ကိုယ့်အမအလတ် မအေးက နှစ်ယောက် မွေးတယ်။ မိုးပွင့် နဲ့ မိုးဥ တဲ့။ အမအငယ် မနှင်းက နှစ်ယောက် မွေးတယ်။ စန္ဒရာ နဲ့ မာယာ တဲ့။

တူ၊ တူမတွေရှိတော့မှ ငယ်ငယ်က အမေ ပြောတဲ့စကား တယ်မှန်ပါလား လို့ ပြန်စဉ်းစားမိတယ်။ ငယ်ငယ်ကတော့ အမေ့ကို နေ့တိုင်းလောက် မေးရတာ။ အမေ သားသမီးထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ လို့။ အမေကလဲ အမြဲတမ်း ဒီအဖြေပဲ ဖြေတယ်။ အော် သမီးရယ်၊ တယောက်တမျိုးစီ ချစ်ရတာပေါ့၊ ဘယ်သူ့ကိုမှ ပိုတယ် မရှိပါဘူး တဲ့။

ကိုယ်ကလဲ အမေ ဘယ်အချိန်များ ယောင်မှားပြီး ကိုယ့်ကို အချစ်ဆုံးပေါ့ လို့များ ဖြေလိုက်မလဲ လို့ နေ့တိုင်း မေးတာ။ အမေကလဲ တခါမှ ယောင်လို့ မဖြေဘူး။ တကယ်တော့ အဲဒါအမှန်ပဲ ဆိုတာ အခု ကိုယ့်မှာ တူ တူမတွေ ရှိတော့ သိပြီလေ။

လူလေးကတော့ ကိုယ့်ကို အင်မတန်ကပ်တယ်။ ရန်ကုန်မှာနေတုန်းကဆို ကျောင်းဆင်းလို့ အိမ်မှာ လွယ်အိတ်ချပြီးတာနဲ့ ကိုယ်တို့အိမ်ဖက် ကူးလာပြီး အိမ်မှာပဲ နေတော့တာ။ ည မိုးချုပ်မှ သူ့အိမ်ပြန်တယ်။ အဲဒီတုန်းက သူက ၅နှစ်၊ ၆နှစ်သားလောက် ရှိသေးတာ။ သူ့အတွက် ဘာမှ အထူးအထွေ လုပ်ပေးစရာ မလိုဘူး။ သူက စာဖတ် ၀ါသနာပါတော့ အိပ်ယာထဲမှာ သူက ရွှေသွေးပေါင်းချုပ်ဖတ်၊ ကိုယ်ကလဲ စာအုပ်တအုပ်ဖတ်ပြီး နေကြတာပဲ။

ရန်ကုန်မှာတုန်းက ကိုယ်နဲ့လူလေးကို အမြဲတတွဲတွဲတွေ့ရတတ်တယ်။ သူ့တူလေးဆိုတော့ ရုပ်ကလဲ သူနဲ့ဆင်နေတယ်၊ အဲဒီတော့ တချို့ မိတ်ဆွေတွေက ကိုယ့်ကလေးပဲ ထင်ကြတယ်။ ကိုယ်ကလဲ လူလေးကို ကိုယ့်သား အထင်ခံရလဲ မနည်းဘူးဆိုပြီး မဟုတ်ဘူး ဘာညာ မရှင်းဘူး။ သူကလဲ ကိုယ်သွားလေရာ တကောက်ကောက် လိုက်တာပဲလေ။

သူ တာဇံ တီဗီဂိမ်း ကစားရင် ကိုယ်က ဘေးမှာ ထိုင်ပြီး ဝေဖန်တာပါ။ ကစားနည်းက တာဇံသွားတဲ့လမ်းမှာ မျောက်တွေထွက်လာပြီး နှောင့်ယှက်တတ်လို့ ခြောက်ထုတ်၊ အုန်းသီးနဲ့ ပေါက် အဲလိုလုပ်ရတယ်။ နို့မို့ဆို မျောက်က ကိုက်ရင် အမှတ်လျော့တယ် ဆိုပါတော့။ အဲဒါဆို ကိုယ်က ဘေးကနေကြည့်နေတယ်၊ လူလေးက မျောက်ကို အုန်းသီးနဲ့ သုံးခါပေါက်လို့ မျောက်က ပျောက်သွားပြီဆိုရင် ကိုယ်က ထ ပြောပြီ။ သားရယ်၊ မျောက်ကလေး သနားပါတယ်၊ အဲဒီလို လုပ်တာ အံတီချို မကြိုက်ဘူးနော်၊ မျောက်ကလေးကို မပေါက်နဲ့နော်။

ဟာ အံတီချိုကလဲ၊ သား မပေါက်ရင် သား တာဇံ သေသွားမှာပေါ့။ သူက ကိုက်တယ်ဗျ တဲ့။ ကိုယ်ကလဲ စ ချင်တာနဲ့ အတည်ယူပြီး လူလေးရယ်၊ မျောက်ကလေး သနားပါတယ် လို့ ဘေးကနေ တချိန်လုံး ထိုင်လုပ်နေတာ။ နောက်တော့ သူ စိတ်ညစ်လာတယ်။ ဒါ ကစားနေတာ အံတီချိုရ။ ကဲ ကဲ သား မျောက်ကို ရှောင်သွားပြီနော်၊ မသတ်တော့ဘူးနော်။ ဒါပေမဲ့ အချိန်တွေကြာကုန်လို့ အမှတ်တွေတော့ လျော့ကုန်ပါပြီ တဲ့။

သူ့ညီမလေးကတော့ ဘုံဘုံတဲ့။ ဘုံဘုံလေးကတော့ အရမ်း အကင်းပါးတာပါ။ သူ့စိတ်ထဲမှာ လူလေးကို ကိုယ်တို့နှစ်ယောက်က ပိုချစ်တယ်များ ထင်နေသလား မသိ၊ ကိုယ်တို့လာရင် သူ့မှာ လုပ်ပေးကိုင်ပေးချင်တာ ပျာလို့။ စာကလဲ တော်လိုက်တာ ပြောစရာ မရှိ။ အိမ်ပြန်ရောက်တာနဲ့ ဘယ်သူကမှ မပြောရဘဲ စာတွေ လုပ်တော့တာပဲ။ စာပြီးမှ ကစားတယ်။

ဒါပေမဲ့ ကိုယ်တို့လာပြီလို့ အသံကြားတာနဲ့ သူရေးနေတာ၊ လုပ်နေတာတွေ အကုန်ချ၊ ပြေးပြီး ရေသွားခပ်ရတာ။ အံတီချို သောက်ပါအုံး တဲ့။ ကိုယ်အပြင်သွားမယ်ဆိုရင်လဲ သူ့အိမ်က နှင်းဆီတွေ၊ စပယ်တွေခူးပြီး ကိုယ်ပန်ဖို့ ပေးရတာ အမော။ သူလဲ သူ့နည်းသူ့ဟန် နဲ့ သူ့ကို ချစ်အောင် လုပ်ရတာပေါ့လေ။

ဘုံဘုံလေးက အလှအပလည်း ကြိုက်တတ်တော့ ကိုယ့်ရဲ့ ဆွဲကြိုးလေးတွေ၊ ကလစ်လေးတွေ လိုချင်တယ်။ ဒါပေမဲ့ သူက သူ့အမေ ဆူမှာလဲ စိုးတယ်။ အဲဒီတော့ ကိုယ်က ပြောရတယ်။ သမီးလေး၊ အံတီချိုတို့မှာ သားသမီးလဲ မရှိတော့ တူ၊ တူမလေးတွေ အတွက်ပဲပေါ့။ သမီးတို့မှ မယူရင် ဘယ်သူယူမလဲ ပေါ့။ အဲဒါနဲ့ သူလဲ ကိုယ့်အဖြေကို ကျေနပ်ပြီး ယူတယ်။ နောက်တော့ သူ့အမေက သိသွားလို့ သူ့ကို ဆူတော့ ဘုံဘုံက ဘာပြန်ပြောသလဲဆိုရင် အံတီချို့ဆီမှာ သားသမီးမှ မရှိတာ ယူရမှာပဲ တဲ့။ အခု အံတီချိုလဲ နေမကောင်းဖြစ်နေပြီ၊ ဒီတော့ ယူကို ယူရမှာပဲ တဲ့။ သူက သူယူမိတာ ပိုခိုင်မာအောင်လို့ ဖြည့်ပြောလိုက်တာလေ။ ကိုယ်တို့မှာ ရီ လိုက်ရတာ။

သူတို့မောင်နှမ နှစ်ယောက်က ခဏခဏ နောင်ဂျိန်ပလေးတတ်တော့ ကိုယ်က ကစားနည်း တခု လုပ်ထားရတယ်။ သည်းခံတမ်း ကစားတာလေ။ တယောက်ကို တယောက်က သည်းခံလိုက်ရင် သည်းခံလိုက်တဲ့လူကို အမှတ် ၁မှတ် ပေးတယ်ပေါ့။ အမှတ်များတဲ့သူကို ကိုယ်က သူတို့တောင်းဆိုတာ ၀ယ်ပေးမယ်ပေါ့။ အဲဒီလို စည်းကမ်းလုပ်ထားတယ်။

တနေ့ကျတော့ လူလေးနဲ့ဘုံဘုံက ကိုယ့်ကို ဥာဏ်စမ်းစာအုပ်တအုပ်ကိုင်ပြီး ၀ိုင်းမေးခွန်းထုတ်ကြတယ်။ ကိုယ်ကလဲ ဥာဏ်စမ်းဆိုရင် ခပ်တုံးတုံးမို့ လုံးဝ မစဉ်းစားချင်ဘူး။ သူတို့နှစ်ယောက်ကလဲ ညှိထားတယ်၊ အဖြေမပြောကြေးပေါ့။

ဒါနဲ့ စ မေးတယ်၊ အံတီချို ကမ္ဘာပေါ်မှာ ဘယ်အရာက အလေးဆုံး လဲ တဲ့။
ကိုယ်။ ။ ဒါလေးများ...၊ ကျောက်တုံးကြီးပေါ့..
လူလေးနဲ့ ဘုံဘုံ ။ ။ မဟုတ်ဘူး..
ကိုယ်။ ။ ဒါဆို ဘာဖြစ်ပါလိမ့်မလဲ..ကဲ အံတီချိုလဲ မသိတော့ဘူးကွာ၊
ဘုံဘုံ။ ။ (သူက အဲဒီဥာဏ်စမ်းစာအုပ်ကို အကုန်ဖတ်ပြီး မှတ်မိနေတော့ အရမ်းပြောချင်ဇောနဲ့) အော်၊ အံတီချိုကလဲ ဒါလေးက လွယ်လွယ်လေး..။ မျက်ခွံပေါ့ အံတီချိုရဲ့၊ သူက အိပ်ချင်ပြီဆိုရင် လေးလွန်းလို့ ဘယ်လိုမှ တွန်းလို့ မရတော့ဘူးလေ။
လူလေး။ ။ (အသံအကျယ်ကြီးနဲ့) ဘုံဘုံ!!! နင်ပြောလိုက်ပြန်ပြီလား။ ငါဒေါသထွက်လာပြီနော်။ အေးလေ.. သည်းခံလိုက်ပါမယ်လေ၊ အံတီချို သား သည်းခံလိုက်တယ်နော်၊ တမှတ်နော်။

နောက် ဆက်မေးကြပြန်ရော..
လူလေးနဲ့ဘုံဘုံ။ ။ လူတယောက်က အမြင့်ကြီးပေါ်က ခုန်ချတာ ဘာမှ မဖြစ်ဘူး တဲ့၊ အဲဒါ ဘာဖြစ်လို့လဲ။
ကိုယ်။ ။ အိပ်မက်ထဲမှာမို့လို့ ဖြစ်မှာပေါ့၊ ဟုတ်တယ် မဟုတ်လား။
ဘုံဘုံ။ ။ (ကြားဖြတ်ပြီး) မဟုတ်ဘူးလေ အံတီချိုရဲ့။ သူက ရေထဲခုန်ချတော့ ဘာမှ မဖြစ်ဘူးပေါ့။
လူလေး။ ။ ဘုံဘုံ!!! နင်ပြောလိုက်ပြန်ပြီလား။ မပြောပါနဲ့ဆိုမှ..။
အေးလေ.. သည်းခံလိုက်ပါတယ်လေ၊ အံတီချို သားသည်းခံလိုက်တယ်နော်။

ဒီလိုနဲ့ သူတို့နှစ်ယောက် စာအုပ်တအုပ်လုံး ကုန်အောင် မေးခွန်းတွေ မေးလိုက်ကြ၊ ကိုယ်က မဖြေနိုင်တော့ စဉ်းစားလိုက်၊ ဘုံဘုံက မနေနိုင်လို့ အဖြေ ၀င်ပြောလိုက်၊ လူလေးက ဘုံဘုံ လို့ အော်ပြီး ဒေါသဖြစ်လိုက်၊ နောက် သည်းခံလိုက်ပါတယ်လေ ဆိုပြီး တမှတ်ယူလိုက်။

စာအုပ်လဲ ကုန်ရော လူလေးလဲ သည်းခံရတဲ့အမှတ်တွေ တော်တော်ရသွားပြီ။ ဘုံဘုံလဲ မနေနိုင်လို့ အဖြေ၀င်ပြောမိတာ နောက်ဆုံးကျတော့ သူ့အကိုက အမှတ်တွေရပြီး သူ့မှာ မျက်နှာကောင်းလဲ မရ။ အိပ်ယာပေါ်သွားမှောက်ပြီး တအိအိနဲ့ ငိုပါလေရော။
ကိုယ်လဲ အဲဒီ သည်းခံတမ်း ကစားတာလေးကို ခုထိမမေ့နိုင်ဘူး ဖြစ်သွားတော့တာပါပဲလေ။

မိုးချိုသင်း

15 comments:

amayar said...

So cute Lu Lay & Bon Bon. A ma also:-)

sin dan lar said...

ha..ha
We have also no child.I want such lovely kids.

khin oo may said...

ဘုံဘုံလေး သနားပါတယ်.။ သူ အပြောကောင်းတာနဲ. တို.တူနဲ တူမကို လွမ်းရပြန်ပြီး တို.တူ ကလည်း တို့လာတုံးက ၅ နှစ် ဝန်းကျင်လောက် .အဲလိုဘဲ တို.သွားရာ တကောက်ကောက်. တို့သားလို.ထင်ကြပြန်. တို့ကလည်း အရသာခံ. တို.တူမကို မွေးတော့ တို.အစ်မကြီး။ (သူကလည်ူးခလေးမရှိ( အရသာခြံ့ပီးးခလေးချှီပြီး ဆေးရုံပေါ်ကဆင်..ဟယ် သူ့သမီးလေးလို့ထင်တယ်ဆိုပြီး အရသာခံ။)
မေမေရေ လို. ဆိုရေ တို.နဲ.တို.အစ်မနဲ. ကဘာ လဲ သား. လို .အလုအယက် ထူးကြ။ နောက်ဆုံးခလေး က သည်းမခံ နိုင်လို. မေမေ ဘိုမရေ...လို.သူ့အမေနာမည် တက်ခေါ်မှဘဲ ဇတ်လမ်းရှင်းတော.တယ်။ အမှိုးတွေ ကို လွမ်းမိပြီ။

ThuHninSee said...

ဘို့များတဲ့ကုလားအုတ် ကဗျာစာအုပ်မှာ ပန်းချီဆွဲခဲ့တဲ့က လေးလေးကရောဟင်။ သူ့ပန်းချီလေးတွေက ချစ်စရာလေးတွေ။

ဂျစ်တူး - gyit_tu said...

အမရေ .. လူလေး နဲ့ ဘုံဘုံက လိမ်မာလိုက်ကြတာ ။ အဲလိုကလေးရတဲ့ မိဘတွေ ကံကောင်းလိုက်တာနော် ။ အမရေးထားတာ ဖတ်ပြီး စိတ်ထဲက သူတို့ကို ချစ်သွားတယ် ။

အမထွင်လိုက်တဲ့ သည်းခံတမ်းကစားနည်းကလည်း တယ်ကောင်းး) သည်းခံရတဲ့ လူလေးနဲ့ နောက်ဆုံး အမှတ်မရလို့ ငိုနေမယ့် ဘုံဘုံတို့ကို စဉ်းစားကြည့်ပြီး ပြုံးမိတယ်း)

Nu Thwe said...

သည်းခံတမ်း ကစားနည်းတဲ့လား။ တကယ် အမြော်အမြင် ရှိပါပေတယ်။ တခြားမိဘတွေ အတုယူစရာပဲ။ ကောင်းတဲ့ အလေ့အထကို အားပေးတဲ့ ကစားနည်းလေးမို့ပါ။

Nu Thwe said...

ကျမဆီ အလည်ရောက်လာတာ ကျေးဇူးတင်ပါတယ် မမိုးချိုသင်း။ ခဏခဏ ဖတ်မိ၊ နှစ်ချိုက်မိပေမယ့် ကိုယ် ပြောချင်တာလေးတွေ သူများ ပြောပြီးသား ဖြစ်ဖြစ်နေလို့ ခုမှ မှတ်ချက် ထားဖြစ်ခဲ့တာပါ။
ကျမရဲ့ တူ၊တူမလေးတွေ ငယ်ငယ်က ညနေဆို ရင်မ-နေရတယ်။ မြူးချိန်ရောက်ရင် မနိုင်ဘူး။ တစ်ယောက်ယောက် နာပြီး ဗြဲကနဲ ငိုမှ ပွဲပြီးတာ။ အငယ်ဆုံးမလေး စကားတတ်ခါစက Helicopter ကို မပီကလာနဲ့ “ဟယ်ဘလီကော်တာ” ဆိုသံလေး ချစ်လွန်းလို့ ခဏခဏ ဆိုခိုင်းတာ။ ခလေးက စိတ်ရှုပ်လာတော့ နှစ်ခါဆက်တိုက် ဆိုပြပြီး “ဆိုတတ်ပြီလား တီတီသွဲ့” လို့ သင်ပေးခံရတာ သဘောကျမဆုံးပဲ။ သူတို့လေးတွေတောင် တက္ကသိုလ် တက်တဲ့အရွယ် ရောက်ကုန်ကြပြီ။ လွမ်းစရာ အတိတ်ချိုချိုတွေပါ။

khine said...

ကစားနည်းလေးကအရမ်းကောင်းတယ်နော်..

တန်ခူး said...

မ ရေ… ဒီပို့ စ်လေးဖတ်ပြီး မ ရေးခဲ့ဖူးတဲ့ အမြွှာပူးဝတ္ထုတိုလေးကို သွားသတိရတယ်… ပြန်တင်ပါလား မ ရေ…လူလေးနဲ့ ဘုံဘုံကို ချစ်သွားပြီ…

sin dan lar said...

Arrrrrrrr!!!!!!!!
I visit ur post at least 10 times 2day.Only "Lu Lay and Bon Bon"...
Come on a new one.
"Pya-Bar-Tot-Byoeee"

Moe Cho Thinn said...

စာလာဖတ်ကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။
အခုတလော တော်တော်မအားတာမို့ စာအသစ် မတင်နိုင်ဘူး ဖြစ်နေလို့ပါ။
အားတာနဲ့ စာရေးမှာပါ။ အားပေးတာ ကျေးဇူးပါနော်။
ခင်မင်စွာဖြင့်
မိုးချိုသင်း

khin oo may said...

တို.တော.မာမာ အေးရဲ. အာယားမ သီချင်း ကြားရင် မျက်ရည်စှိုတယ်။ ကလေးမရှိတဲ.ဘဝကို ဝမ်းနည်းလှို အခုတော့နေသားကျ နေပါပြီ။ ရမှာ တောင် ကြောက် နေမိသေး။ မပြူ စု ချင်/နိုင်တော့လို့.

rose said...

ဖြေသမျှလွဲတဲ့ ဒိုင်လူကြီးရယ် ဒိုင်လူကြီးကို သနားလို့ အဖြေမှန်ပြောမိတဲ့ ဘုံဘုံရယ် သီးခံပါတယ် သီးခံပါတယ်ဆိုပြီး အမှတ်ယူသွားတဲ့ လူလေးရယ် ဘယ်သူက ဘယ်သူဖြစ်မလဲဟင် မမ

ဟားဟားဟား အရမ်းကောင်းတယ်
မမ ပိုစ့်အသစ်မတင်ပဲ ပိတ်ရက်ရှည်မှာ ဘယ်တွေလျှောက်သွားနေလဲ

JulyDream said...

သည်းခံတိုင်း ကစားနည်းလေးကို မှတ်သွားပါတယ်ဗျို့။ တစ်ချိန်ချိန်မှာ ပြန်ပြီး အသုံးချသင့်ရင် အသုံးချရမယ်လေ။ ကျေးဇူးပါ အစ်မရေ...

Aye said...

Ha... I still remember those times, Oty Chan... :) Bro is such a bully: my annoyance is his pleasure... Still, good times, good times...