မှုံနံ့သာ ခြယ်ကာ သ တော့..

မနေ့က ကိုယ်ဘာမှ မလုပ်တတ် မကိုင်တတ်တဲ့ အကြောင်း ရေးလိုက်လို့ ဘလော့ဂါ သူငယ်ချင်းတွေ ၀ိုင်းပြီး အားပေးလိုက်ကြတာ.. ပျော်တောင် ပျော်သွားတယ်။ အားမငယ်ရအောင် သူတို့လဲ ကိုယ့်လိုပါပဲဆိုပြီး အဖော်လာလုပ်ပေးကြတာလဲ ရှိတယ်။

တကယ်တော့ ကိုယ်က ဘ၀မှာ အပူအပင်ကင်းကင်း စိတ်ချမ်းချမ်းသာသာ နေချင်သူပါ။ ဒီက လူတွေလိုပေါ့။ သွားချင်ရင် သွားပစ်လိုက်မယ်၊ စားချင်ရင် စားပစ်လိုက်မယ်၊ ပျော်စရာရှိရင် နောက်ဆံမတင်းဘဲ ပျော်ရွှင်ပစ်လိုက်ချင်တာ။

ဒါပေမဲ့ ဘာလို့လဲမသိဘူး။ သူတို့တွေလို ကိုယ့်မှာ မနေတတ်တော့ဘူး။ ခရီးတခု သွားမယ်ဆိုရင်လဲ ရေ ကအစ စားစရာအဆုံး အကုန် တိုလီမုတ်စ လျှောက်ထည့်၊ လျှောက် စဉ်းစားရတယ်။ သူငယ်ချင်းအိမ်မှာ အိပ်မယ်ဆိုရင်တောင် ဧည့်စာရင်း တိုင်ဖို့လိုသေးလား တွေးရတယ်။ လမ်းခရီးမှာ လမ်းပြပုလိပ် က တားပြီး ငွေညှစ်မှာလား လန့်ရသေးတယ်။

သတင်းတခုခု ကြားရင် ကျီးလန့်စာစား ဆန်တွေ၊ ဆီတွေ ထ ထ စု တာလဲ ဘာအကျင့်မှန်းကို မသိ။ သူတို့ဖာသာ သူတို့ စီးပွားကျလို့ ဘဏ်တခု ပိတ်လဲ ဆန် သွားဝယ်မိတာပဲ။ ဘာဖြစ်လို့ ကိုယ့်ဖာသာကိုယ် ပျော်ပျော်ရွှင်ရွှင် အေးအေး မနေတတ်ရတာလဲ လို့ တွေးမိရတော့တာပေါ့။

တကယ်ဆို ကိုယ်က ဖြစ်နိုင်ရင် လှလှပပလေး ၀တ်စားပြီး ပျော်ပွဲရွှင်ပွဲလေးတွေပဲ သွားနေချင်တာပါ။ မိန်းကလေးဆိုတော့ အလှအပလဲ သိပ်ကြိုက်။ သူများ မိန်းကလေးတွေ လှရင် ချောရင် သဘောတွေကို ကျလို့။ တမျိုးတော့ မထင်ပါနဲ့။ အမတွေကြားမှာ နေခဲ့၊ ကြီးပြင်းခဲ့ရတာ ဆိုတော့ မိန်းကလေးတွေ ပြင်ပြင်ဆင်ဆင် နေရင် စိတ်ချမ်းသာနေ တတ်တာမျိုး။

ကိုယ့်အမအလတ်နဲ့ ကိုယ်ကတော့ ကောင်မလေး ချောချော တယောက် ကိုယ်တို့ရှေ့မှာ ဖြတ်လျှောက်သွားပြီ ဆိုရင် လိုက်ကြည့်ရတာ အမော။ ယောကျာင်္းလေးသာ ဖြစ်ရင် တော်တော်ဆိုးတဲ့ကောင်လေး ဖြစ်မှာ။ တခါတလေများ နှစ်ယောက်သား ပါးစပ်ကြီး ဟ လို့၊ သွားရည်မကျရုံတမယ်ပဲ။

ဒီလို ကိုယ်အလှကြိုက်တာ မငြင်းနိုင်ပေမဲ့ ကိုယ်တိုင်ကတော့ မပြင်ဆင်တတ်ဘူး။ အမြဲတမ်း မျက်နှာပြောင်ပဲ။ နှုတ်ခမ်းနီဆိုလဲ ကိုယ် ဒီအရောင်ကို ကြိုက်တယ်ဆိုရင် ဒီတမျိုးပဲ ဆိုးတယ်။ ဒီနှုတ်ခမ်းနီ ကုန်မှ နောက်တခု ၀ယ်တယ်။ ၀ယ်လဲ ဒီအရောင်ပဲ။ ကြိုက်မိရင် မရိုးတမ်း ဆိုးတော့တာပဲ။ အဲဒီတော့ အမတွေက ပြောတယ်။ နင့်ဟာက အရောင်လဲ မထွက်ပါလား တဲ့။ ကိုယ်ကတော့ ဒုံရင်း ဒုံရင်းပဲ။

အိမ်ထောင်ကျပြီးလို့ ရန်ကုန် ခဏ ပြန် နေတုန်းက FMI City ထဲက အိမ်တွင်းဒီဇိုင်းဆင်တဲ့ ကုမ္ပဏီတခုမှာ အလုပ် ခဏ ၀င်လုပ်သေးတယ်။ တနေ့မှာ သူငယ်ချင်းတွေနဲ့ ညစာစားပွဲသွားတော့ သူတို့က ၀ိုင်းပြင်ဆင် ပေးကြတယ်လေ။ အဲဒီတုန်းက ဆံပင်အရောင်ဆိုးတာ ပေါ်ခါစ။ အဲဒါနဲ့ ကိုယ်လဲ သူတို့ ပြင်ပေးတာ ခံကောင်းကောင်းနဲ့ ခံနေတုန်း ဆံပင်ကို ထိပ်ကလေးပဲ ရွှေညိုရောင်လေး ဆိုးပေးလိုက်ကြတယ်။

ကိုယ်လဲ ပျော်လို့။ အိမ်ပြန်ရောက်တော့ သူ့ကို မျက်နှာ အတင်းကြည့်ခိုင်းပြီး ဘာထူးသွားလဲ မေးရတာအမော။ သူကတော့ မပြောတော့ပါဘူး။ လုပ်ပြီးပြီဟာကို။ နောက်တနေ့လဲကျရော သူ့အမေက ကိုယ့်ကို ကြည့်ပြီး သနားလွန်းလို့။ ငါ့သမီးလေး နေပူထဲများ အလုပ်လုပ် နေရသလား တဲ့။ ဆံပင်တွေတောင် နေရောင် ပေါက်ကုန်ပြီဆိုပဲ။ အဲဒီလို ပြင်တာ ဆင်တာ အမြင်တည့်တယ် ဆိုရမှာပေါ့။

ဒါပေမဲ့ ကိုယ့်ဘ၀မှာ အလှအပနဲ့ပတ်သက်ပြီး မိဘ၊ ဆွေမျိုးထဲက မဟုတ်ဘဲ တပါး မိတ်ဆွေက ဆုံးမတာကို ခုထိ မှတ်မိနေတာ တခု ရှိခဲ့တယ်။ အဲဒီလိုပြောခဲ့တာ ကိုယ်တို့ မိဘရဲ့  မိတ်ဆွေ အံတီတယောက်ပါ။ အံတီ့နံမည်က ဒေါ်မြတ်သူ တဲ့။ အဲဒီတုန်းက ကိုယ်တို့မှာ အဖေရော၊ အမေရော မရှိဘူး။ အမေကတော့ ဆုံးသွားခဲ့ပြီ။ အဖေကတော့ အထဲမှာပေါ့။

အဲဒီတုန်းက ကိုယ်က တက္ကသိုလ် ပထမနှစ် တက်နေချိန်။ ဒါပေမဲ့ မိဘက အနားမှာ မရှိနိုင်ရှာတော့ ညီအမတွေ ဘယ်သူ့ကိုမှ အားမကိုးဘဲ သတ္တိရှိရှိ လောကဓံကို ရင်ဆိုင်နေရချိန်ပေါ့။ အမေ ထောင်ခဲ့တဲ့ မူကြိုကျောင်းလေးမှာ မနက်ပိုင်းဆို ကလေးတွေကို စာသင်၊ ကျောင်းတဖက် တက်၊ ထောင်ဝင်စာ သွားတွေ့၊ အဲဒီလို ကသီနေချိန်ပေါ့။ အလှအပလဲ စိတ်ဝင်စားပေမဲ့ မလုပ်အားဘူးပေါ့။

အဲဒီတုန်းက ထောင်ဝင်စာ တွေ့ချိန်တွေက ပျော်စရာကောင်းခဲ့တယ်။ ထောင်ရှေ့မှာ နိုင်ငံရေးနဲ့ ထောင်ကျ မိသားစုတွေ အချင်းချင်း တယောက်နဲ့တယောက် သိုက်သိုက်ဝန်းဝန်း ဖေးဖေးမမ။ ဖျာတွေခင်းပြီး ၀ိုင်းထိုင်ကာ ကိုယ့်ကို ခေါ်မဲ့ အလှည့်ကို စောင့်လို့။ သတင်းတွေ အချင်းချင်း မျှလို့။ ကိုယ့်အတွက် အကောင်းဆုံးဆိုတဲ့ စားစရာလေးတွေကို အထဲက ကိုယ်ချစ်ခင်သူတွေအတွက် ထုပ်ပိုးလို့။ အဲဒီမှာ အံတီ ဒေါ်မြတ်သူက ကိုယ်တို့ကို ပြောခဲ့တာ။

“သမီးတို့၊ မိန်းကလေးဆိုတာ ပြင်ပြင်ဆင်ဆင် နေတတ်ရတယ်၊ အထူးသဖြင့် သမီးတို့ အဖေကို လာတွေ့တဲ့အချိန်မှာ သပ်သပ်ရပ်ရပ် လှလှပပ ဖြစ်စေချင်တယ်။ ငါတို့ကို သူတို့ ဘယ်လောက်ပဲ ထုထောင်းပစေ၊ ဘယ်တော့မှ လဲကျမသွားဘူး၊ ဘယ်လောက်ပဲ ဘ၀က ခက်ခဲ ကြမ်းတမ်းပါစေ၊ ပြုံးပြုံးရွှင်ရွှင်ပဲ ရင်ဆိုင်မယ် ဆိုတာ ပြ တဲ့ သဘောပဲ” တဲ့။

ကိုယ့်မိဘတွေ အနားမှာ မရှိတဲ့အချိန်မှာ ကိုယ်တို့ကို ကိုယ်ချင်းစာစိတ် အပြည့်၊ ချစ်ခင်စိတ်အပြည့်နဲ့ ပြောခဲ့၊ ဆုံးမခဲ့တာပါ။ အဲဒီကတည်းက ကိုယ်တို့လဲ ဖိုသီဖတ်သီ ဘယ်တော့မှ မနေတော့၊ မ၀တ်တော့ဘူး။ မလှပချင်နေ၊ သူများအမြင်မှာ သပ်သပ်ရပ်ရပ်နဲ့ ပြုံးပြုံးရွှင်ရွှင် ဖြစ်နေအောင် ကြိုးစားနေခဲ့ပါတယ်။ ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရလေ..။

ကိုယ်တို့ ပြင်ပြင်ဆင်ဆင်လေး နေရင် အံတီက အမြဲပဲ သဘောကျတယ်။ “အေး၊ အဲဒီလို နှုတ်ခမ်းနီလေး ဆိုးလာတော့ လှတာပေါ့ သမီးရယ်။ သမီးတို့က မတရား ချွန်ထွက်နေအောင် ပြင်ကြတာမှ မဟုတ်ဘဲ” တဲ့။ ဒီလိုစကားလေးတခွန်းကလဲ ကိုယ်တို့ကို အားတွေ ဖြစ်စေခဲ့တာပဲလေ။ အဲဒီလို အမြဲ အားပေးတဲ့ အံတီ့အမျိုးသား(မုံရွာ ဦးတင်ရွှေ) ကတော့ ထောင်ထဲမှာပဲ ဘ၀ဆုံးတဲ့အထိ နေသွားခဲ့ရရှာပါတယ်။

အလှအပနဲ့ ပတ်သက်ရင် ကိုယ့်စိတ်မှာ စွဲသွားတဲ့ အဲဒီ စကားလေးတခွန်းကို ပြန် ဝေမျှတာပါလေ။ ကိုယ်လဲ ခုထိ အလှပြင်ဖို့ မှန်ရှေ့မှာ ထိုင်လိုက်တိုင်း အဲဒီစကားလေးကို သတိရပြီး အလှပြင်ပါတယ်။ ဘ၀မှာ ဘာကိုပဲ ရင်ဆိုင်ရပါစေ၊ မပြိုလဲပါစေနဲ့ တဲ့။

မိုးချိုသင်း

27 comments:

s0wha1 said...

" ဘ၀မှာ ဘာကိုပဲ ရင်ဆိုင်ရပါစေ၊ မပြိုလဲစေပါနဲ့ "

အမရေ မှတ်သားလောက်တဲ့ စကားလေးပါပဲ။ ကျေးဇူး။

ဇနိ said...

အမချိုသင်းပြောတဲ့စကားလေးကြောင့် ပြင်ပြင်ဆင်ဆင်လေး နေအုံးမှပါ။ ဒီက မြန်မာအမကြီးတယောက်ကလည်း မဇနိကို အလှမပြင်လို့ သိပ်အူယားတယ်ပြောတယ်။ နိနိလည်း အလှပြင်တော့မယ်။ ဘ၀မှာ အခက်အခဲတွေတွေ့လာရင် ရင်ဆိုင်နိုင်အောင် ပြောပေးတာတွေအတွက် မှတ်ထားမယ် အမချိုသင်း။

မေသဇင် said...

ကျေးဇူးပါ ချိုသင်းရေ.. တန်ဖိုးရှိတဲ့စကားလေးတွေ ဝေမျှတဲ့အတွက်...။ ဟုတ်ပါတယ်။ မဖြစ်မနေ ရင်ဆိုင်ရမယ့်အတူတူတော့ အလှမပျက် အပြုံးမပျက် ရင်ဆိုင်လိုက်ရတာ ပိုကောင်းတာပေါ့နော်..။

Kay said...

အန်တီဒေါ်မြတ်သူ ရဲ့စကားလေး က..တကယ်မှတ်သားစရာ ပါ။ ဒါကတော့..အမျိုးသမီးရေးရာ ( အဲ..အဲလိုပြောချင်ဘူး) အမျိုးသမီး ကိစ္စ လည်း ဖြစ်တယ်ပေါ့။

တချို့..ဒေါ်စု ကို ချစ်တဲ့လူတွေတောင်.. သူ-လှလှ ပပ နေတတ် တာကို.. တမျိုး တိုးတိုးလေး ရှိတတ်တယ်။ မိန်းမတယောက်ရဲ့ တင့်တယ် ဆင်ယင် ခြင်း အမြဲ ရှိတဲ့ ဂုဏ်အင်္ဂါ တရပ် အဖြစ်..ကျ မတို့ကတော့..ရှင်းရှင်းလင်းလင်း လက်ခံတယ်။ အားကျတယ်..အတုယူတယ်။

ကြုံလို့ပြောတာပါ- အိမ်မှာဆို..အဖေက..သမီးတွေကို နှုတ်ခမ်းနီ လုံးဝ မဆိုးခိုင်းခဲ့။ (စိတ်ညစ်တာပေါ့နော်) ၈၈ နောက်ပိုင်း..ဒေါ်စု နှုတ်ခမ်းနီ လေး တွေကိုမြင်ကာမှ.. နှုတ်ခမ်းနီ.. approved ဖြစ်ခဲ့ရပါတယ်။

မေ said...

ကျေးဇူးပါ အစ်မရေ ... အစ်မရဲ့ စာကို ဖတ်ပြီး ကျွန်မ မေ့လျော့နေတာကို သတိပေးလိုက်သလို ဖြစ်သွားတယ်။

Exit of thinking mind said...

မှတ်သားစရာသိပ်ကောင်းတဲ့ စကားလေးပဲ..ဆရာမ...
လောကဓံကို ကြံ့ကြံ့ခံနိုင်တယ်ဆိုတာ ဂုဏ်ယူစရာ သိပ်ကောင်းပါတယ်...မတရားခံနေရတဲ့ကြားထဲ...
အပြိုပြိုအလဲလဲ ထပ်ဖြစ်ရင် မိအေးနှစ်ခါနာ ဖြစ်ပေမပေါ့... တနေ့နေ့ တချိန်ချိန်တော့ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ.....မသေသေးရင်တော့ မြင်ရပါစေလို့ ဆုတောင်းနေတာပဲ....

sin dan lar said...

ဆရာမစာကို လာဖတ်ရင်
မှတ်သားစရာတစ်ခုခုအမြဲပါလာတယ်

MANORHARY said...

ချိုသင်းရေ...ကိုယ်လည်းခုထိ အရာရာကို လှလှပပ ပဲကျော်ဖြတ်ချင်တယ်...

nomoo said...

မရေ
"ဘ၀မှာ ဘာကိုပဲ ရင်ဆိုင်ရပါစေ၊ မပြိုလဲစေပါနဲ့"

အရမ်း အဓိပ္ပါယ်ရှိတာပဲ မရေ....

ပြိုင်ဘက်ရှိရင် ကိုယ့်ပြိုင်ဘက်ကို သူ့ကြောင့် ကိုယ်ယိုင်လဲနေတာကို မမြင်စေနဲ့တဲ့

ကျေးဇူးးးအထူးးး
နိုမို

PAUK said...

မချိုသင်းရေ...
ကိုယ်မရင်ဆိုင်ရဲတာကိုရင်ဆိုင်ခဲ့ပြီးပြီ..
မပြိုလဲအောင်တော့...
ကြိုးစားနေတာပဲ အမရေ...
အားတင်းထားပါတယ်...
မချိုသင်းက ပထမနှစ်မှာပဲ..အမေမရှိ..
အဖေကအထဲမှာဆိုတော့...
အဲဒီအချိန်တုန်းကအရမ်းအားငယ်မှာပဲနော်...

Ko Paw said...

ဂျာနယ်ကျော်မမလေး ၀တ္ထုတွေ စာတွေထဲမှာလည်း မိန်းမတွေ သပ်သပ်ရပ်ရပ် ပြုပြုပြင်ပြင်နေတာကို သဘောကျတဲ့ပုံစံနဲ့ အတော်လေးအသားပေး ရေးတယ်နော်.

nu-san said...

အမရေ.. နောက်ဆုံးစာကြောင်းလေး ကိုအမြဲမှတ်ထားပါ့မယ်...။

PTi said...

ဟားဟား အမကတော့ မှတ်သားစရာ ရီစရာပါအောင် ရေးတတ်တယ်။

ုဟုတ်တယ် ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သင့်တော်အောင်တော့ ပြင်ဆင်နေသင့်ပါတယ်။

ရွာသားလေးဝိုင်တီယူ said...

ဘာကိုပဲရင်ဆိုင်ရပါစေ မပြိုလဲပါစေနဲ့တဲ့လားအမရယ်...

khin oo may said...

ရန်ကုန်မှာ တုံး ကအေးအေးခိုင် ဆီ သွားခှူပ်ရင် အကျီပူံစံပေးတော. ခင်ရယ် ဒီထက် ရိုးတဲ.ပုံ မရှိတော.ဘူးလား လို. အမေးခံရဘူးပါ့ရဲ.။

ThuHninSee said...

နောက်ဆုံးစာသားလေးက
အခုလို အလုပ်တွေလှုပ်..
ဘာတွေမှန်းဖြစ်နေမှန်းမသိတဲ့အချိန်မှာ
အသုံးဝင်လိုက်တာ။

tututha said...

အမကတော့နော်။ ကောင်းချက်။
စီဘောက်စ်ချိတ်ဖို့ မပြောတော့ပါဘူး။ ပြောင်းပြောမယ်။ အမရေ ဘလော့ကို နှုတ်ခမ်းနီလေးဆိုး မိတ်ကပ်လေး လိမ်းပေးလိုက်ဦးလေ။ :P

ရှင်မင်းညို said...

"ငါတို့ကို သူတို့ ဘယ်လောက်ပဲ ထုထောင်းပစေ၊ ဘယ်တော့မှ လဲကျမသွားဘူး၊ ဘယ်လောက်ပဲ ဘ၀က ခက်ခဲ ကြမ်းတမ်းပါစေ၊ ပြုံးပြုံးရွှင်ရွှင်ပဲ ရင်ဆိုင်မယ်" ...ဆိုတဲ့ အန်တီမြတ်သူရဲ့ စကားကိုလေးစားပါတယ်...
မှတ်ယူနှလုံးသွင်းသင့်တဲ့ဆုံးမစကားပါ.....

thorn musem said...

ဒီပို့ စ်လေးက အလှတရားရော၊စိတ်ပိုင်းဆိုင်ရာကိုပါ
တွေးတတ်အောင် ၊မြင်တတ်အောင်မှတ်သားထိုက်ပါတယ်...
လေးစားပါတယ် မမိုးရေ....။

ဟိုနေရာလေးတော့ သနားတယ်
ညီအမနှစ် ပါးစပ်ကြီးတွေ ဟ”ပြီး သွားရည်ကျမတတ်ဘဲ....ဆိုတာလေး...။
မမိုးရယ်...
ကိုယ်ပိုင်အလှဆိုတာ...ရုပ်တစ်ခုတည်းနဲ့ ဆုံးဖြတ်မရပါဘူး...။
လူတိုင်းမှာ အလှကိုယ်စီရှိနေပတယ်..။

myatnoe said...

ဟုတ်တယ် အမရေ..
မြတ်နိုးကတော့ စိတ်သိပ်ညစ်လို့ တအားငိုချင်နေရင်တောင် လူတွေ ရှေ့မှာ ပြုံးပြလိုက်တာပဲ.
လူတွေက သိပ်ခံစားနေရတယ်ဆိုရင် မျက်နှာကိုကြည့်တာကိုး
ရီစရာတွေပြောပီး အဲလိုနေ့တွေဆို ပိုအလှပြင်တယ်။ဟီး
နာဂစ်တုန်းကတော့ ကိုယ့်အမျိုးသားရေးနဲ့ဆိုတော့ အဲဒီအကြိမ်ရယ်
ရွှေအိုရောင်တော်လှန်ရေးတချိန်ရယ်ကတော့ ဘဝမှာ တခါမှ မထိန်းဘူးပဲ မျက်နှာကို ပျက်နေတော့တာလေ.။ ရင်ထဲမှာလဲဆို့ပီး အများရှေ့မှာ ငိုမိတယ်။ တားလို့ရဘူးးးးးအဲဒီအတွက်လည်း ငိုမိလို့ နောင်တ မရပါဘူး။

အမ..ဟုတ်တယ် မိန်းကလေးဆိုတာ အလွန်အကျွံ ပြင်ဖို့ မလိုပေမဲ့ အများအမြင်မှာ သပ်ယပ်အောင်တော့ ပြုပြင်သင့်ပါတယ်။
မြတ်နိုးလည်း အလှပြင်ရမှာ ပျင်းပါတယ်။ သပ်သပ်ရပ်၂လေးတော့ နေပါတယ်။
အဲဒီအန်တီပြောသလိုမျိုးပဲပေါ့..။ထီမထင်တဲ့ မျက်နှာလေ.. always look like smiling lady but don't be check in my mind. ဟဲဟဲ

တန်ခူး said...

အယက်အကန်ခံလို့  ဗေဒါပြန်အံကိုခဲ ပန်းပန်လျက်ပဲ… အမေက အမြဲတမ်း ပန်းလေးနဲ့ လေ… ချိုသင်းရေ… ပန်းလေးတွေ အမြဲပန်နေနော်…..

ကလိုစေးထူး said...

သူများတွေ ပြောသွားကြတာ စုံနေတာပဲ။ ကျနော် ဘယ်နေရာမှပြောဖို့တောင် မကျန်တော့ဘူး။ :D

သိင်္ဂါရ said...

အဲဒီ စကားလေး သဘောကျတယ် အစ်မရေ...
ဘ၀မှာ ဘယ်လောက်ပဲ ခက်ခဲပါစေ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲ နေတဲ့ပုံ မပေါက်အောင် နေဖို့ ဆိုတာ...

khin oo may said...

လည်လာပါသည်။ နေ့တိုင်းမရေ့းရင် စိတ်ဆို.တယ်။ ညောင်နာ ကြောင်လေး ဘယ်ရောက် သွားလဲ.။

Taungoo said...

အမကြီးရဲ့ မှုံနံ့သာ ခြယ်ကာသတော့ က ကျွန်တော့်ကို အတိတ်က အကြောင်းလေးတစ်ခု ဆက်စပ်သတိရသွားတယ်။ မြှားနတ်မောင်မှာပါတဲ့ မလှမွန်(ရေနံ့သာ)ရဲ့ မိန်းမတို့၏ကောင်းမြတ်သော စံလက္ခဏာများ ဆိုတဲ့ အခန်းဆက်ဆောင်းပါးတွေကို စုပြီး စာအုပ်ထုတ်တော့ ကျွန်တော့်ညီမလေးဆီတစ်အုပ်၊ မကွေးက တစ်ယောက်သော ဆေးကျောင်းသူလေးဆီ တစ်အုပ်ပို့ခဲ့တယ်။ ခုတော့လဲ...

ဂျစ်တူး - gyit_tu said...

အဲဒီ အန်တီကြီးပြောတဲ့စကားကို ကြိုက်လွန်းလို့ ။ လှ၂ပ၂ နေတယ်ဆိုတာ လူတွေက အကြောင်းအမျိုး၂ကြောင့် နေတတ်ကြတယ် ... ဥပမာ .. ကိုယ်ကြိုက်နေတဲ့ ကောင်လေးက ပြန်ကြိုက်အောင် ၊ လူအမြင်မှာ ချီးမွန်းခံရအောင် ၊ ကိုယ်တိုင် သပ်၂ရပ်၂ လှ၂ပ၂လေးဆို စိတ်ချမ်းသာလို့ ၊ အများအမြင်မှာ စိတ်ထဲ အေးချမ်းသွားအောင်လို့ ၊ ကိုယ့်ချစ်သူအတွက် လှ၂ပ၂လေး ဖြစ်နေချင်လို့ စသည်ဖြင့် .... ။

အဲလို အမျိုးမျိုးသော အကြောင်းအရာတွေထဲမှာ ဒီ အန်တီကြီးပြောတဲ့ အကြောင်းအရာကတော့ တသက်စာ ရင်ဘတ်ထဲ ဦးနှောက်ထဲ စွဲမြဲ ခံစားသွားစေတဲ့ အကြောင်းအရာပါပဲ အမ ။

ဖိနှိပ်သူကို ခုလိုမျိုး အနူးညံ့ဆုံး အသိမ်မွေ့ ဆုံး ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ ပြန် ရင်ဆိုင်လိုက်တဲ့ စိတ်ဟာ အလွန်လေးစား မှတ်သားလောက်တာပါ ။ ညီမကတော့ ပို့စ်တခုလုံးမှာ အလှအပနဲ့ ပတ်သက်တယ်ဆိုတဲ့အချက်ထက် ခုန အချက်ကို ရင်ထဲစွဲ မှတ်သားသွားမိတယ် ။

TZA said...

ဟုတ်တယ်အစ်မ၊ နောက်ပြီး လောကကြီးမှာ ရုပ်ဆိုးတဲ့မိန်းခလေးမရှိဘူး၊ ပျင်းတဲ့မိန်းခလေးပဲရှိတယ် ဆိုတဲ့စကားလည်း ရှိသေးတာကိုးဗျ။ မိန်းခလေးတိုင်း၊ အဲ၊ အမျိုးသမီးတိုင်း လှလှပပနေတတ်ကြပါစေဗျာ။