မနှစ်တုန်းက ဒီအချိန်ဆို..

ဒီနေ့ အိမ်နားက Kaiser ဆေးရုံမှာ ထိုးဆေးကုန်နေလို့ ဆေးသွားယူတော့ ဒီဆေးရုံကြီးဆီကို အမေရိကားရောက်တဲ့ ၅ နှစ်အတွင်း အကြိမ်ပေါင်း မြောက်မြားစွာ လာခဲ့ရတာကို သတိရနေတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအာမခံက ဒီမှာ ရှိနေတဲ့အပြင် အိမ်နဲ့ က ကားမောင်းသွားရင် ၅ မိနစ်လောက်သာ ဝေးတာမို့ အဆင်ပြေပါတယ်။

ဒီဆေးရုံမှာ အမှတ်တရတွေ အများကြီးရှိတဲ့အထဲက အဖေ့ကို နောက်ဆုံးလာတွေ့ရတဲ့ အကြိမ်ကို မေ့လို့ရမှာ မဟုတ်ပါဘူး။ အဖေက အိမ်နားက မက္ကဆီကန် ဆိုင်လေးမှာ နားရင်း၊ ထိုင်နေရင်း ရုတ်တရက် လဲကျ ဆုံးပါးခဲ့ရတာပါ။ အဲဒီအချိန်က ကိုယ်တို့က ရုံးမှာ။ အဖေနဲ့ အဖေ့မိတ်ဆွေ ဦးလေးကြီးတို့ အတူထိုင်ရင်း ဗြုန်းကနဲ နှလုံးရပ် ထိုင်ရက်နဲ့ လဲကျသွားခဲ့တာ။

911 ကို ခေါ်တော့ တမိနစ်တောင် မဆိုင်းဘဲ လာကြသတဲ့။ ခြံဝင်းလေးထဲမှာ ရှိနေတဲ့ အဖေ့ဆီ အသက်ကယ်ဖို့ ဆိုင်တံခါးပေါက်ကတောင် ပတ်မ၀င်ဘဲ ဆိုင်ရဲ့ ခြံစည်းရိုးလေးကို ခုန်ကျော်ပြီး ၀င်ကြသတဲ့။ နှလုံးခုန်ဖို့ ကြိုးစားရာမှာ အဖေ့ အနွေးထည် ဂျာကင်ကြီး ချွတ်နေရင် ကြာနေမှာစိုးလို့ အကျီ င်္တွေ ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်ပြီး အမြန်ဆုံး ကုသမှု ပေးခဲ့ပါတယ် တဲ့။ ဒါပေမဲ့ အဖေ့ကို သူတို့ မမီတော့ဘူး။

အဖေတောင် သူဆုံးသွားတာ သိလိုက်မှာ မဟုတ်ဘူး။ ခင်မင်ရတဲ့ မိတ်ဆွေနဲ့ စကားစမြည်ပြောရင်း၊ သမီးပြန်အလာစောင့်ရင်း၊ အအေးလေးတခွက် သောက်ရင်း အဝေးကြီးကို ထွက်သွားပြီ။ အဖေ့ကို အိမ်နဲ့ အနီးဆုံးဖြစ်တဲ့ ဒီ Kaiser ဆေးရုံသစ်ကြီးဆီ ခေါ်လာခဲ့ပြီး သူတို့ ထပ်ကြိုးစားခဲ့ကြပါသေးတယ်။ အဲဒီတုန်းက အဖေ့ကို သမီးဖြစ်တဲ့ကိုယ်က မျက်ရည်လည်ရွဲနဲ့ အပြေး လာတွေ့ခဲ့ရတာ။ ဟောဒီ Emergency အခန်းလေးမှာပေါ့။

အဲဒီနေ့က ဇန်န၀ါရီ ၂၂ရက်။ အဲဒီနောက်ပိုင်း ကိုယ်က အရူးတပိုင်းလို..။ ညတရေးနိုးလဲ ထ ငို..။ ခံစားမှုသက်သာအောင် အလုပ်တွေကို ဖိလုပ်နေရင်းလဲ မျက်ရည်တွေကျ။ အလုပ်က ပြန်ရင်လဲ အိမ်မှာ မျှော်တဲ့အဖေ မရှိတော့ ဒါကို ရင်မဆိုင်ရဲလို့ အိမ်ကို မပြန်ရဲ။ နှစ်ယောက်သား အလုပ်ကအပြန်တိုင်းမှာ beach တွေ တခုပြီးတခု သွားပြီး သမုဒ္ဒရာကြီးကို ငေးလို့။ အားကိုးရာမဲ့သလိုမျိုး၊ ဘာဆို ဘာမှ မရှိတော့သလိုမျိုး..။

သူများတွေ ကမ်းခြေမှာ ပျော်ရွှင်ကစားကြတာတွေလဲ ကိုယ်နဲ့မဆိုင်။ မြင်လဲ မမြင်။ တခါတလေ ကားထဲကတောင် မဆင်းမိဘူး။ ပင်လယ်ကို မျက်နှာမူပြီးကားထိုးရပ်၊ အသံတိတ် ကြေကြေကွဲကွဲ ဖြတ်သန်းရတဲ့ကာလတွေ..။ ညသန်းခေါင်မှ အိပ်ဖို့ပဲ ပြန်တယ်။

ဆရာဝန်တွေနဲ့ ဆေးပြားတွေနဲ့ မွန်းကြပ်ခဲ့ရတဲ့ အချိန်တွေပေါ့။ ဆေးရုံမသွားရတဲ့ နေ့တိုင်းမှာ အီးမေးလ်နဲ့ ကိုယ့်အခြေအနေကို အမြဲ အကြောင်းကြားနေရတာ။ ဒီနေ့မှာတော့ ဘယ်လို ခံစားရတယ်ဆိုတဲ့ အသေးစိတ် အစီရင်ခံစာတွေ..၊ ကိုယ့်ကိုတာဝန်ယူထားတဲ့ ဆရာဝန်မလေးဆီက အားပေးတဲ့ ပြန်စာ အီးမေးလ်လေးတွေ..။

အဲဒီအချိန်မှာ စက်တင်ဘာကို ရောက်လာတယ်။ လောကကြီးရဲ့ အပြင်ဖက်ကို ရောက်နေတဲ့ ကိုယ့်ကို ဗမာပြည်ရဲ့ နေ့စဉ်သတင်းတွေက ဗြုန်းကနဲ တုန်လှုပ်ရပ်တန့်သွားစေတယ်။ သံဃာတော် အရှင်သူမြတ်တွေရဲ့ မေတ္တာပို့သံက ကိုယ့်ရင်ကို အေးချမ်း တည်ငြိမ်စေခဲ့တယ်။ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်ရတာ၊ မြန်မာတယောက်ဖြစ်ရတာ ပြီးပြည့်စုံစေခဲ့တယ်။

ကြည့်ပါအုံး။ တကမ္ဘာလုံးက အံ့သြငေးမောလို့။ အဆင့်တန်းမြင့်လှတဲ့ လှပတဲ့ ငြင်းဆန်မှု။ မိုးတွေ သည်းသည်းရွာနေတဲ့ကြားမှာ..။ သေနတ်တွေ ချိန်ထားတဲ့၊ သံဆူးကြိုးတွေကာထားတဲ့ ကြားမှာ..။ ဆွမ်းလေးတနပ် မ၀တ၀ စားလို့ သတ္တ၀ါအပေါင်းကို မေတ္တာပို့လို့..။ လမ်းတွေအားလုံး ရွှေဝါရောင် လွှမ်းလို့လေ..။

ဒါကမှ ဒို့ ကိုးကွယ်တဲ့ ဘာသာ။ မေတ္တာဓာတ်နဲ့ လွှမ်းခြုံလို့လေ..။ ဒါကမှ ဒို့ မြန်မာ။ ယဉ်ကျေးတဲ့ ညီညွတ်မှုနဲ့လေ..။ ကိုယ့်ကို ကျွေးတဲ့ မြန်မာပြည်သူ ပြည်သား တကာ၊ တကာမတွေရဲ့ ကျေးဇူးကို သိတတ်၊ အလေးအနက်ပြုသောအားဖြင့်..၊ သူတို့ရဲ့ ဒုက္ခကို စာနာသော အားဖြင့် မေတ္တာပို့ အေးချမ်းစေရပါတယ် တဲ့။ ဒီလိုနဲ့ ကိုယ်တို့တတွေရင်ထဲက ဘုရားသာသနာကို အဓွန့်ရှည်စေခဲ့ပါတယ်။

ကိုယ်တို့မိဘတွေက ပြောခဲ့တယ်။ လောကမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ အနန္တော၊ အနန္တ (၅)ပါးကို ဘယ်တော့မှ စိတ်နဲ့တောင် မပြစ်မှားလေနဲ့ တဲ့။
အခုတော့..မကြုံဖူးတာတွေ ကြုံကြရပြီ။ လူတွေ ဖိနပ်ချွတ်ပြီးမှတောင် ၀င်ခွင့်ရှိတဲ့ ဘုရားရိပ်၊ တရားရိပ်တွေကို သူတို့ စစ်ဖိနပ်တွေနဲ့ ၀င်ပြီး သူပုန်စခန်းလို ၀င်ရောက် ရက်စက် အကြမ်းဖက်ခဲ့ကြပြီ။

မမြင်ဖူးတာတွေ မြင်ကြရပြီ။ ကမ္ဘာ့သတင်းဌာနတွေက သာသနာ့အလံကို စွဲစွဲမြဲမြဲ ကိုင်ထားတဲ့ ကိုယ်တော်တွေကို စစ်သားတွေက ရိုက်နှက် ကန်ကြောက်နေတာတွေ အကြိမ်ပေါင်းများစွာ ထုတ်လွှင့်ပြသခဲ့ကြပြီ။

မကြားဖူးတာတွေ ကြားကြရပြီ။ ဟေ့ လိမ်မော်သီး လာစမ်း။ ဘယ်သွားမလို့လဲ။ သွား..၊ ဟို နားက နေပူထဲမှာ ဒူးတုပ် သွားထိုင်နေစမ်း တဲ့။ အဲဒါ ကိုယ်အမွန်အမြတ်ထားတဲ့ ဘုရားသားတော် တွေကို ပြောတဲ့ စကားတဲ့လား။

အဲလိုအချိန်မှာ ကိုယ် အဖေ့ကို မတူသော သတိရခြင်းနဲ့ ပထမဆုံးအကြိမ် သတိရမိပါတယ်။ အဖေကြီးရေ..၊ အဖေ ဒါတွေ မမြင်လိုက်ရတာ အင်မတန် ကံကောင်းပါတယ်။ နို့မို့ဆို အဖေ့ အသည်းနှလုံးတွေ နုံးကြေကြရလိမ့်မယ်။ မေတ္တာအစား မုန်းတီးရွံရှာရလိမ့်မယ်။ ငါချစ်တဲ့ပြည်ကိုတော့ မိစ္ဆာတွေ အုပ်စိုးကြလေပြီလို့ ငိုကြွေးမိရလိမ့်မယ်။

အဖေ သိတော့ သွားခဲ့ပါတယ်။ ဒါကြောင့်လဲ ဒီကဗျာလေးကို စပ်ခဲ့တာ ဖြစ်မှာပေါ့။ ၂၀၀၀ ခုနှစ်က စပ်တဲ့ ကဗျာတပုဒ်ကို ဒီနေ့မှာ အမှတ်တရ ပြန်ဖော်ပြချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


စစ်ကို မလိုပါ

စေတီ တန်ဆောင်း
ဂူကျောင်း ပြာဿဒ်တွေမှာ
စစ်ဖိနပ်နဲ့ တက်နင်းတော့
ခံပြင်းတဲ့ ဒဏ်ရာ
ရင်တွင်းက အနာ။

စေတီပုထိုးတွေရှိရာ
မေတ္တာမိုးရွာသင့်ပါလျက်
မသမာတဲ့ စိတ်ဓာတ်
လက်နက်ကိုင်တပ်တွေက
အထွတ်အမြတ်နေရာခင်းတော့
ခံပြင်းတဲ့ဒဏ်ရာ
ရင်တွင်းက အနာ။

ငါတို့ မြန်မာနိုင်ငံ
စစ်မှန်တဲ့ မေတ္တာနဲ့ တည်ဆောက်ရင်
ပြီးမြောက်အောင်မြင်ရာမှာ
စစ်တပ်ခင်းပြီး
စစ်ဖိနပ်နဲ့ နင်းဖို့ မလိုပါ။

တင်မိုး
၂၉၊ ၂၊ ၂၀၀၀

ရင်ထဲက အနာတွေ မရှိဘဲ အဖေ အေးချမ်းပါစေတော့။ ။

မိုးချိုသင်း

27 comments:

myatnoe said...

အမရယ်..ဒီတခါတော့...
သက်မမောချပီး ပြန်ရတယ်...။
ဟုတ်တယ် မိစ္ဆာတွေ ..
လူမဟုတ်တဲ့ ဘီလူးတွေ..။

သံဃာတော်တွေကို သတ်တဲ့ ..
ခိုကိုးရာမဲ့ ပြည်သူတွေကို သတ်တဲ့...
လူမဟုတ်တဲ့... သူတွေ..ဟာ ... မြန်မာနိုင်ငံမှာ ဖြစ်နေတယ်ဆိုတာ အိပ်မက် မဟုတ်ခဲ့ဘူး။
မျက်ဝါးထင်ထင်တွေ့ခဲ့ရတာထက်စာရင် တွေ့မသွားခဲ့တဲ့သူတွေက ပိုကောင်းပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

မမိုးချိုသင်း ခင်ဗျာ ဆရာကြီးဦးတင်မိုးရယ့် ကွယ်လွန်
သွားမှုဟာ အမတို့ မိသားစုအတွက်သာ မက မြန်မာ
စာပေ ယဉ်ကျေးမူတစ်ခုလုံးအတွက် အစားထိုးမရတဲ့
ဆုံးရှုံးမူပါ။ “စစ်ကို မလိုပါ” ဆိုတဲ့ ကဗျာလေး
ကို ဖတ်ပြီး များစွာ စိတ်မကောင်း ဖြစ်မိပါတယ်။

ဂျူနို said...

ချိုသင်း ဖေဖေက မသေပါဘူး။ လူတွေအများကြီးရဲ့  ရင်ထဲစိတ်ထဲမှာ သူကရှိနေပါတယ်။ ကောင်းသော သတိရခြင်းတွေ ကိုပေးသူပါ။
အယ်ဇီ

လင်း said...

အမရေ အဲလို ရုတ်တရက်ခွဲခွာရခြင်းမျိုးဟာ ထွက်သွာသူအတွက် သက်သာအေးချမ်းပေမဲ့ ကျန်ရစ်ခဲ့ရသူမှာ ပိုထိခိုက်ရတယ်နော်။

Aung Kyaw Soe said...

very sorry to read this post...

ရွာသားလေးဝိုင်တီယူ said...

အမရေ အစားထိုးမရတဲ့ဆုံးရှုံးမှုအတွက် အမနဲ့ထပ်တူကြေကွဲရပါတယ်။ ပြီးတော့ ရင်ဘက်တင်းကြပ်စေတဲ့ ဒီအဖြစ်မျိုးတဲ့ ဝေးကွာရပါစေ နောက်ထပ်မကြားပါရစေနဲ့ အမရေ

သက်ဝေ said...

ချိုသင်းရေ...

အခုတလော စိတ်တွေကိုက မကောင်းဘူး..
သိပ်ထိခိုက်လွယ်နေကြတယ်ထင်ပ...
ချိုသင်း ရေးထားတာလေး ဖတ်ပြီး တော်တော်ကြာကြာဘာမှမလုပ်နိုင်အောင် ငိုင်နေမိတယ်...။ အရမ်းလဲ ၀မ်းနည်းမိတယ်..။
ချိုသင်း အဖေ ကိုလွမ်းတဲ့အကြောင်းလေးက
ဝမ်းနည်းစရာ တစ်မျိုး... ကဗျာလေး ကိုဖတ်ပြီးတော့
ဝမ်းနည်းမိတာက တစ်မျိုး...။

Ko said...

ချစ်တဲ့လူတွေကျ တော့ ဘာလို့ အသက်ရှည်ရှည် မနေရတာလဲ

တန်ခူး said...

ချိုသင်းရေ… ကီးဘုတ်ပေါ်မှာ မျက်ရည်တစက်… ဘဘသတင်းကြားခဲ့ရတော့ ငိုခဲ့ရတယ်… ခုလဲ ငိုနေရပြန်တယ်… ကဗျာလေးဖတ်လို့  အံ့သြကြေကွဲမိတယ်… ပညာရှိတို့ တွေးကြည့်တော့လဲ…

sin dan lar said...

ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်..ဆရာမ

My Wonderful Moral Thoughts said...

ရင်ထဲက အနာတွေ မရှိဘဲ ဆရာ ဦးတင်မိုး အေးချမ်းပါစေတော့။ ။

ထပ်တူ ဆုတောင်းပါတယ် မမချိသင်းရေ။

All the best.
SMNTL

nu-san said...

အမရေးတဲ့ “ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့ ..” ပို့စ်ဆိုလည်း ဖတ်ပြီး ရင်ထဲမှာ ဆို့နစ်ပြီး ငိုခဲ့ရတယ်.. အခု ဒီပို့စ်ဖတ်ပြီးလည်း ငိုရပြန်ပြီ အမရယ်...

thorn musem said...

မမိုးချို....
ဆရာကြီးကို လွမ်းတဲ့ စိတ်ကို ကိုယ်ချင်းစာပါတယ်...။
မြန်မာစာပေ၊ကဗျာတွေနဲ့ ပါတ်သက်ပြီးပြောရရင်တော့
ကျနော်တို့ အားလုံးက ဆရာကြီး သားသမီးတွေပါ..
မမိုးချိုလဲ ကျမ္မာရေးဂရုစိုက်ပါ..။
ကျနော်တို့ ရင်ထဲမှာတော့...
“ဆေးလိပ်လဲတို နေလဲညိုပြီ ငါ့ကိုပြန်ပို့ ကြပါလေ”
ဆိုပေမယ့်...ဆေးလိပ်က မကုန်သေးပါဘူး...
ကမ္ဘာမှာ ဆေးလိပ်တွေ ရှိနေသမျှ ကျနော်တို့ ရင်ထဲက
ဆရာကြီးကို ဘယ်တော့မှ ပြန်မပို့ ပါဘူး...
ရင်ထဲမှာ သိမ်းထားမှာပါ..။

ဇနိ said...

မမမိုးချိုသင်း မမနဲ့ထပ်တူ ၀မ်းနည်းရင် လွမ်းမိပါတယ်။

Kay said...

မချိုသင်းရေ..နှစ်တွေ..နှစ်တွေ..အပတ်တွေ လည်လာခဲ့ပြန်ပြီနော်။ ဒီလိုပါပဲ- သတိရစရာ တွေ နဲ့..အတိပြီးတဲ့..လူ့ရွာကြီးထဲမှာ- ကျမ တို့ကိုယ်တိုင်လည်း..သတိရစရာတွေ..လုပ်နေ..ချန်နေ ကြတာပါပဲ။ ဆရာကြီးတင်မိုး ရဲ့ ကဗျာလေး တွေ နဲ့ ကြီးပြင်းခဲ့တဲ့ ကျမ တို့တွေ အတွက်.. ဆရာကြီးရဲ့ ကျေးဇူးလည်း ကြီးမားလှပါတယ်။ ဒါကပဲ- ပြီးပြည့်စုံ ခြင်းပါပဲနော်။ ငယ်တုန်းက..အမြဲတမ်း ဧည့်သည်လာရင် ဆိုပြ ရတာ..ယုံကလေးက..နားရွက်ထောင်..ပညာရှိယောင်ယောင်.. ဆိုတာ..အမြဲသတိရစရာပါပဲ။

ကျမ တို့ညီအမ တွေအားလုံးကို..ဖေဖေက..တင်မိုးကဗျာ စာအုပ်ကလေး တွေနဲ့..ကြီးပြင်းစေခဲ့တာပါ။ စကားစပ်လို့..မချိုသင်း တို့..သံစဉ်လေးတွေသွင်းပြီး.. ကလေး သီချင်း လေးတွေလုပ်ပေးနိုင်ရင်..သိပ်အကျိုးများမယ်နော်။ အကြံပြုတာပါ။

ခင်မင်လျက်-

PTi said...

အမရယ်.. ထပ်တူထပ်မျှခံစားရပါတယ်။ ဆရာကြီးတင်မိုးကတော့ ကျွန်တော်တို့နဲ့ အမြဲရှိနေမှာပါ။

ကဗျာလေးရဲ့ နောက်ဆုံးစာပိုဒ်က အဓိပ္ပာယ်ပြည့်ဝပြီး စကားလုံးအသုံးကလည်းအင်မတန်ကောင်းတယ်နော်...

ရဲရင့်@ပုရစ် said...

မချိုသင်းရေ.စိတ်မောလို့မရေးတော့ဘူးနေမလို့ပါပဲ.. ဒါပေမယ့်.စစ်ကိုမလို လို့...စစ်ကိုမုန်းလို့ပါ.။

ကျနော်နဲ့ ဆရာကြီးနဲ့ စစ်အစိုးရရဲ့အင်းစိန်အကျဉ်း ထောင်(၅)ဆောင်မှာတူနေတုန်းကတည်းကဆရာ ကြီးကညနေစောင်းဆိုယင်ထနောင်းပင်မရှိတဲ့စိုက်ခင်း အစပ်ကသြဇာပင်အောက်မှာစကားစမည်ပြောလိုက်၊ငေး လိုက်၊တွေးလိုက်၊ကဗျာရွတ်လိုက်နဲ့နေလေ့ရှိတာပါ။ည နေ(၅နာရီခွဲလောက်)အိပ်ဆောင်ပိတ်ချိန်ကျလာယင်၊ မ၀င်ချင်လည်းသံတံခါး ပိတ်ရဲ့နောက်မှာ အိပ်စက်ခဲ့ရတယ်။
ဆရာကြီးကထနောင်းပင်ရိပ်မှာအိပ်စက်ချင်မှာပါ...
ဒါပေမယ့်ဗျာ.ဆရာဟာ နောက်ဆုံးနှလုံးခုန်သံ...နောက်ဆုံး အချိန်အထိ၊သူသိပ်ချစ်မြတ်နိုးတဲ့မြန်မာ့မြေကိုခြေချ ခွင့်မရ၊အမိမြေလွတ်မြောက်မှုကိုလည်းမမြင်ခဲ့ရတာ တော့ဗျာ.......။
ဒါပေမဲ့စစ်အာဏာရှင်ရဲ့အစွန်းကုန်ရက်စက်မှုကိုတော့ သိခဲ့လို့စစ်ကိုမလိုဆိုတဲ့ကဗျာနဲ့ကျနော်တို့အားလုံး အတွက်စစ်ကိုဆန့်ကျင်ပြီးငြိမ်းချမ်းရေးကိုလမ်းညွှန် ဖေါ်ကြူးခဲ့တာလို့ယုံကြည်ပါတယ်။
အဲဒီတုန်းကဆရာ့အတွက်ကျနော်တို့ဒုက္ခသည်စခန်း မှာပဲဂုဏ်ပြုပွဲဖြစ်အောင်လုပ်ခဲ့ကြတယ်။ ကိုလွဏ်းဏီပေးလိုက်တဲ့ရှေးဟောင်းဖန်မီးအိမ်လေး ထဲကိုရေနံဆီမရလို့ဖယောင်းတိုင်ထွန်းပြီးဆုတောင်း ခဲ့ကြတယ်။ကဗျာမြတ်နိုးသူများစုပြီးနံရံကပ်ကဗျာပွဲ လုပ်ကြတယ်။ကျနော့်ရဲ့ဂုဏ်ပြုကဗျာလေးကိုပါအမှတ် တရထည့်ပေးလိုက်ပါတယ်။

ကမ္ဘာမြေရဲ့ကဗျာ
-----------
အဲဒီနေ့က
တောင်တွေငိုတယ်
မြူတွေစိုတယ်
ကမ္ဘာကြီးက..
မျက်ရည်ယိုတယ်
ကျနော့်အနားက ရေဒီယိုလေးလည်း
ငိုနေတယ်။

ဆရာ့ရဲ့
အချင်းနဲ့အဆင်း
ပိုးစုန်းကြူး
ဖိုးလမင်း
မီးအိမ်ငယ်ကလည်း
လင်းတလက်လက်နဲ့ရယ်။

ဒို့ရင်ထဲက..
ကဗျာတစ်ပုဒ်
ကမ္ဘာမြေရဲ့သဲတစ်ဆုပ်က
ဘယ်တော့မှမကြေတဲ့..
မော်ကွန်းတစ်ပုဒ်။ ။

ပုရစ်@ရဲရင့်
29.1.2007
အုန်းပြန့်ဒုက္ခသည်စခန်း
ထိုင်းနိုင်ငံ။
(Comment ရှည်သွားတာခွင့်လွှတ်)

MyowinZaw said...

ပြည်သူကြားကပြည်သူ့ကဗျာဆရာကြီးးတင်မိုးပါ မြန်မာစာပေ ကဗျာသမိုင်း တင်မိုး ကြည်အောင် မောင်သာနိုး မောင်စွမ်းရည်စတဲ့ စာပေသြဇာကြီးတဲ့ ကဗျာဆရာတွေထဲ အနာဂတ်အတွက် လူတော်လူကောင်းလေးတွေ ပေါ်ထွန်းဖို့ ကလေးကဗျာကဏ္ဍကိုပါ ဖြည့်ဆည်းပေးတဲ့ ဆရာကြီးကို အင်းစိန်ထောင်ထဲပို့ခဲ့ကြတယ် နောက်ဝမ်းနည်းတာက ဆရာကြီး အင်းစိန်ထောင်မှာရောက်နေတဲ့အခါ ကမ်းနားလမ်း ခြောက်ထပ်ရုံးမှာရှိတဲ့ အမျိုးသားစာကြည့်တိုက်မှာ ဆရာကြီးရဲ့ စာပေလက်ရာ ကက်တလောက်ကို ဖြုတ်ထားလိုက်တာဘဲ ပြန်တွေးရင်ရင်နာဖို့ ကောင်းသလို ခံပြင်းလဲခံပြင်းတယ်

khine said...

အစ်မရေ....ဒီpostလေးကိုဖတ်ပြီး
ရင်ထဲနင့်နေအောင်ခံစားရပါတယ်...

La said...

အမရေ...
ဒီpostလေးကိုဖတ်ပြီးတုန်လှုပ်ဝမ်းနည်းသွားတယ်...
ပြီးတော့ဖေဖေကိုPhထခေါ်မိတယ်...
အမရေသားသမီးတိုင်းခံစားရမဲ့ဝေဒနာတခုပဲ..
ှs.m

ဗမာပြည်လွတ်မြောက်စေချင်တယ်။ said...

တရားကိုချစ်ရင်တော့ဓါးကိုပစ်လို့မရဘူးထင်တယ်။ မမိုးချိုသင်းရေ....
တကယ်လို့..ဒီမကောင်းဆိုးဝါးတွေကိုသူတပြန်ကိုယ်တပြန်ချရမယ်ဆိုရင်စစ်ပွဲတပွဲလောက်တော့ချလိုက်ချင်သေးတယ်။
ကျောင်းကဆရာမတယောက်ကပြောတယ်။
ဗမာပြည်ထဲကိုလာပြီးအနုမြူဗုံးသာကြဲချလိုက်ပါတော့တဲ့
ငါတို့လည်းမနေဘူး၊သူတို့လည်းမနေနဲ့တဲ့
ကြိမ်ဖန်များစွာဆုတောင်းခဲ့ဘူးတယ်။
ပြည်သူတွေစစ်ပွဲတွေကိုအနိုင်တိုက်နိုင်ပါစေသားလို့။
ပြောရင်းနဲ့ဒေါသထွက်ရတယ်။
ကျနော်ဆီမှာ ဆရာဦးတင်မိုးနဲ့ဆရာစွမ်းတို့ကိုသန်းဝင်းအိမ်မှာသီချင်းဆိုကြတဲ့ဗွီဒီယို မှတ်တမ်းခွေလေးရှိသေးတယ်။ ဖလော်ရီဒါမှာလေ။ ကျနော်တို့တပ်ဦးသီချင်းတွေ၊ အရေးတော်ပုံသီချင်းတွေကိုနားထောင်ခဲ့ကြတယ်။
လူတွေကထင်မှာပဲ ဒီအဖိုးကြီးတွေ၊ ဘာတွေဝတ်ထားမှန်းလည်းမသိဘူး။ သူများတွေကျန်းမာရေးလုပ်တဲ့ကမ်းခြေမှာလာပြီး ဆေးလိပ်လာဖွာနေတယ်။ပြီးတော့ဘာတွေအော်နေမှန်းမသိဘူးလို့။ ကျနော်တို့အားလုံးကပင်လယ်ကိုကြိုက်တယ်မို့လား။ စိတ်ထဲမှာထင်နေတာကိုး။ ဟိုးဘက်ကမ်းမှာ ကျနော်တို့နိုင်ငံလေးများရှိနေမလားလို့။ လှိုင်းတွေကသယ်သွားခဲ့ရင်ပေါ့။

အောင်မိုးဝင်း

ကလိုစေးထူး said...

အမရေးထားတဲ့ ပထမ စာပိုဒ်တွေကို ဖတ်ပြီး ဒီဗွီဘီက တင်ဆက်သွားတဲ့ ဆရာကြီးတင်မိုး အမှတ်တရအစီအစဉ်မှာ ဆရာကြီးရဲ့ အကြောင်းကို ရှင်းပြနေတဲ့ မချိုသင်းကို ပြန်မြင်ယောင်လာတယ်။ ဆရာကြီးရဲ့ အရိုးအိုးကို လှမ်းပြပြီး `ဟိုမှာ အဖေ´ လို့ ပြောတာကိုလဲ ပြန်ကြားယောင်လာတယ်။

ဒီပို့စ်ကို ဖတ်ရတာဟာ တခြားပို့စ်တွေနဲ့ မတူတဲ့ ခံစားချက်တမျိုးကို ပေးသလို စစ်ကို ရွံရှာစေတဲ့စိတ်ကိုလဲ ထင်ဟပ်နေတယ်။ ကျနော်ကတော့ အမကို အခုလို ပို့စ်လေးတွေ မကြာခဏ ရေးပေးဖို့ တောင်းဆိုချင်တာပဲ။ ကျနော်တို့ ရေးလိုက်တာနဲ့ အမ ရေးတာနဲ့ ထိရောက်မှုခြင်းကလဲ ကွာတယ်လေ။ ကိုယ့်ထက် အကြီးကို ဆရာလာလုပ်နေသလို ဖြစ်နေပြီလား မသိပါဘူး။

ဂျစ်တူး - gyit_tu said...

:( မျက်ရည်ဝဲမိပြန်တယ် ။

M.Y. said...

"ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်တာထက်မှန်"
ဆိုတာဒါပဲထင်တယ်။
ကမ္ဘာတည်သရွေ့ နာမည်မသေမယ့်ကလောင်နဲ့ အကျိုးပြုနေဆဲ ဆရာကြီးကို နှမျောတသစွာဖြင့်..

ပုံရိပ် / Pon Yate said...

မချိုသင်းရေ ဖတ်ပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

BLACK DREAM said...

ဘာပြောရမှန်း မသိတော့ပါဘူး အစ်မရယ် :(

han tha said...

ဘဘ ဦးဘဂျမ်းရေ...။ အဘကတော့ ငြိမ်းချမ်းနေပီပေါ့..အဘနဲ့ ထိုင်နေကြ အင်းစိန်က လက်ဘက်ရေဆိုင်မှာ အချိန်များစွာ (ကဗျာဆရာတင်မိုး) ကိုကျနော်တို့စောင့်နေခဲ့ကြတာ...။ သေမင်းကသာ ကျနော်ပြောတာကိုကြားနိုင်တဲ့နားပါမယ်ဆိုရင်။ကျနော်လှမ်းအော်ပြောချင်ပါတယ်..... သူ့မှာလုပ်စရာတွေ အများကြီးကျန်သေးတယ်လို့...ဦးရှမ်းကြီး ကတော့ ( သေမင်း မင်းခေါ်ပေမဲ့လဲ ငါမလိုက်နိုင်သေး အကြွေးဆပ်စရာကျန်သေးတယ် ) လို့ဆိုတာပဲ..အဘရော နောက်ဆုံးအချိန်မှာ ဒင်းကိုမပြောခဲ့ရော့လေသလား......ဒင်းကဘဲ လစ်လှုရှုရော့လေသလား.....ကျနော်တို့တွေလဲ ဇီးသီးမရောင်းတဲ့ မောင်ဗျိုင်း ဖြစ်လို့နေပေါ့ အဘရေ....
မချိုသင်းရေ ကိုဝဏ ကို ကိုဟန် (အလင်းထောင့်)နုတ်ဆက်ကြောင်းပြောပေးပါ..http//hantharmyintoo.ning.com