အသက် ဆိုသည်မှာ..

အသက်အကြောင်း မတန်ခူး က ရေးလာတော့ အသက်ကို မကွယ်ဝှက်တတ်သူပီပီ “ကျမ အသက် ၃၈ ၊ ခစ် ခစ် ခစ်” တဲ့။ ပြီးတော့ ကိုယ့်ကိုလဲ သူ့ထက်ကြီးတယ်ထင်ပြီး အမ ခေါ်မိတာ တောင်းပန်နေသေးတယ်။ ကိုယ်ကလဲ မတန်ခူးကို မမြင်ဖူးပေမဲ့ ခင်နေတော့ သူငယ်ချင်းတွေနဲ့သာ အတူသွားရရင် ဘယ်ကိုမဆို လိုက်မယ်ဆိုတဲ့ စိတ်က ရှိပြီးသားမို့ သူဖော် ကိုယ်ဖော်ဆိုပြီး ကိုယ့်အသက်ကိုပါ ကွန်မန့်သွားရေးပစ်လိုက်တယ်။

တကယ်တော့ ကိုယ်က အမထက် ၁နှစ်ပဲ ငယ်တာပါ လို့။ အဲဒီလို ကွန်မန့်မရေးခင်လဲ စဉ်းစားသေးတာ။ အမ သူ့ အသက်အမှန်ကို ရေးထားတာကို ၃ ဂဏန်း မှာ အောက်က အချောင်းလေး သွားဖြုတ်ပြီး ၁ လိုလို သွားလုပ်ထားရ ကောင်းမလားလို့ပါ။ ဒါဆို မတန်ခူးက ၁၈၊ ကိုယ်က တနှစ်ငယ်တယ်ဆိုထားတော့ ၁၇ နှစ် ပေါ့။ ဟန်ကိုကျလို့..၊ စိတ်ကူးထဲမှာ ပြောပါတယ်။

နောက်တော့ သူ့ ပို့စ်ကို ကိုယ်ဝင်ပြင်လို့ မရတာနဲ့ ၁ ပြင်မဲ့ အစီအစဉ် လက်လျှော့ လိုက်ရတယ်။ ရှိပါစေတော့လေ ဆိုပြီး။ လောကကြီးက အစိုးမရတာတွေလဲ ကြာလေ သိလေပဲ ဆိုပါတော့။

အသက်ဆိုတာ သူ့ဖာသာသူနေပေမဲ့ အဒီအသက်ကိုပဲ သွား သွား ခလုတ်တိုက်နေရတယ်။ ဘာကိုမဆို ကိုယ့်အသက်အရွယ်နဲ့ သင့်တင့်လျောက်ပတ်တာ မလုပ်ရင်၊ မပြောရင်၊ မနေထိုင်ရင် သူများ ပြောစရာ ဖြစ်မှာမို့ ဆင်ခြင်ရတာတွေ ရှိတယ်။ သူများတော့ မသိဘူး၊ ကိုယ်တော့ အဲဒီလို အဖြစ်အပျက်မျိုးတွေ ကြုံဖူးတယ်။

ပထမဆုံး အသက်အကြောင်း စဉ်းစားမိတာ မှတ်မိသလောက် ဆယ်တန်းရောက်မှ ထင်တာပဲ။ အိမ်မှာတော့ အငယ်ဆုံးမို့ ငယ်ငယ်က တအိမ်လုံးက မီးမီးလေး၊ မီးချိုလေး နဲ့ ချစ်စနိုးခေါ်ကြတာ။ ကိုယ်က ချူချာသူမို့ ၀ိုင်းပြီး ဂရုစိုက်ကြတာလဲ ပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို မီးမီးက..လို့ ပြောတာ အကျင့်ပါသွားတယ်။

ဆယ်တန်းရောက်တော့ တနေ့ အဖေ့ကို စကားပြောရင်း မီးမီးက မီးမီးက နဲ့ ပြောနေတော့ အဖေက ပြောပါတယ်။ သမီး၊ မီးမီးလို့ ကိုယ့်ကိုယ်ကို မပြောနဲ့တော့ တဲ့၊ သမီးလဲ အရွယ်ရပြီ၊ သူများတွေနဲ့ စကားပြောရင် နံမည်ဖြစ်ဖြစ် တပ်ပြောလေ..တဲ့။ အဲဒီမှာ အရင်က ကိုယ့်ကိုယ်ကို သတိမထားမိတာ ချက်ချင်း ဂရုပြုမိသွားတယ်။ ကိုယ်မထင်တဲ့ အပြုအမူက ကလေးဆန်သလို ဖြစ်နေတာကိုး။ အဲဒီကစလို့ အသက် ဆိုတာကို ထည့်တွက်ရမှာပါလား လို့ နည်းနည်းရိပ်မိလာတယ် ထင်တာပဲ။

နောက်တော့ အဖေပြောတာ မှန်တယ်ဆိုတာ သိလာတယ်။ တခါက အသက် ၅၀ကျော် အမျိုးသမီးတယောက်ရယ်၊ သူ့သမီးလေး တယောက်ရယ် အဖေနဲ့ စကားပြောနေကြတာ ဘေးကနားထောင်နေတုန်း မီးကလေ မီးကလေ နဲ့ ပြောနေတော့ သူ့သမီးကို ပြောနေတယ် မှတ်တာ၊ ဘယ့်နှယ်ဟုတ်ရမှာလဲ၊ သူ့ကိုယ်သူ မီးကလေ လို့ ပြောနေတာ။ အဲဒါနဲ့ နားထောင်ရတာ မသင့်တော်မှန်း သိလို့ ငါ ဒီလိုမဖြစ်တာ တော်ပါသေးရဲ့ ဖြစ်ရတယ်။

အသက်ကို ကြည့်လို့ အခေါ်အဝေါ်ကလဲ အရေးကြီးသေးတယ်။ ကိုယ်ထက် သိပ်မကြီးရင် အကို၊ အမ၊ မမ ပေါ့။ ငယ်ရင်တော့ ညီမ၊ မောင်လေး၊ သိပ်ငယ်ရင် သမီး၊ သားလို့လဲ အခုအရွယ်မှာ ခေါ်နေရပါပြီ။ ရန်ကုန်မှာနေတုန်းက ကိုယ်တို့အိမ်မှာ လာနေ၊ အလုပ်လုပ်တဲ့ ကောင်မလေးက ကိုယ့်ထက် ၅ နှစ်လောက်ပဲ ငယ်ပေမဲ့ ကိုယ့်ကို ခေါ်တာ အံတီ တဲ့။ တော်တော် အောင့်သွားတာ။ အော်..ငါတော်တော် ရင့်ကျက်နေပုံပေါက်တယ်လို့ ကြံဖန် ဖြေလိုက်ရတယ်။

တချို့ကျတော့လဲ အသက်သိပ်မကွာဘူးထင်လို့ မေးကြည့်တော့ ကိုယ့်ထက်တောင် ၃ နှစ်လောက် ကြီးနေသေးတယ်။ အော် ဒါဆို ချိုသင်းက တို့ထက်တောင် ငယ်နေတာပေါ့နော် တဲ့။ ပြီးတော့လဲ ဆက်ပြီး ခုနကခေါ်သလို အမ ပဲ ဆက်ခေါ်တာပဲလေ။ တကယ်တော့ အဲဒီတုန်းက တို့ဘယ်လို နားလည်ရမလဲ တွေဘာတွေ လုပ်လိုက်ရမှာ။

နောက်တခါ ကြုံဖူးတာက ကိုယ့်အမအလတ် မအေး နဲ့ ကိုယ်နဲ့က ရုပ်ချင်းက အတော်ဆင်တယ်။ သူနဲ့က ရီဖော်ရီဖက်မို့ တတွဲတွဲ သွားလာတတ်သလို၊ တခါတလေ အကျီ င်္ တွေဘာတွေ ဆင်တူ ၀တ်တတ်သေးတယ်။ တခါက အကျီ င်္ ဆင်တူဝတ်ပြီး လမ်းလျှောက်လာတော့ နောက်ကနေ ပြောသံကြားတယ်။ အမွှာထင်တယ် တဲ့။ ကောင်လေး နှစ်ယောက် စက်ဘီးစီးလာရင်း ပြောနေသံပါ။ ရှေ့ကို သွားကြည့်ရအောင် တဲ့။ ဒါနဲ့ ကိုယ်တို့လဲ မျက်နှာကြည့်မိရင်တော့ မဟုတ်ဘူးလို့ ကွဲသွားလောက်တယ် ထင်တာပေါ့လေ။ သူတို့လဲ ကိုယ်တို့ကို ကျော်တက်ပြီး မျက်နှာကို သမင်လည်ပြန်ကြည့်ပြီးမှ မှတ်ချက်ချတယ်။ ဟုတ်တယ်ကွ၊ အမွှာပဲ တဲ့။

ကိုယ်တို့လဲ သူတို့မှတ်ချက်ကို ကြားတော့ မနေနိုင်အောင် ပြုံးစိစိ ဖြစ်သွားရတယ်။ ဒါပေမဲ့ သေချာ ပြန်စဉ်းစားလိုက်တော့ မအေးက ကိုယ့်ထက် ၆နှစ်ကြီးတာမို့ အမွှာထင်တာ ကိုယ့်အတွက် ၀မ်းသာစရာ မဟုတ်။ ကိုယ်က ၆နှစ်ကြီးတဲ့ ရုပ်ထွက်နေတာလား၊ သူက ၆နှစ် ငယ်တဲ့ ရုပ်ဖြစ်နေတာလား..။ တွေးရင်တော့ ကိုယ့်ဖက်က ၀မ်းနည်းစရာချည်းပါ။

အဲဒီတော့ ကိုယ်လဲ မသိစိတ်မှာ ငယ်ချင်သလား မသိ။ ဈေးဝယ်ရင် တခါတလေ junior တန်းဖက် သွားပြီး အကျီ င်္လေးတွေ ကိုယ်မှာ ကပ်ကြည့်ဘာညာ လုပ်မိသေးတယ်။ အဲဒီတော့ ကိုယ့်မောင်တော်က မေးတယ်။ တူမတွေအတွက် ၀ယ်ပေးမလို့လား တဲ့။ အဲဒါတွေ ခက်တာပဲ။ ဒီက ကိုယ့်အတွက် စဉ်းစားနေတဲ့ဟာကို..။

ဒါက သူများတွေ အသက်မခန့်မှန်းတတ်တာကို ပြောပြနေတာပါ။ ကိုယ်ကိုယ်တိုင်ကလဲ အသက်ကို မခန့်မှန်းတတ်လို့ အားနာရဖူးပါတယ်။ အဖေ့မိတ်ဆွေ အံတီတယောက်က ကိုယ်တို့ငယ်ငယ် ရန်ကုန်မှာကတည်းက ခင်ခဲ့သူမို့ ဒီရောက်တော့လဲ ကိုယ့်ကို ဖုန်းအမြဲဆက် စကားပြောဖြစ်နေတယ်။ နေတဲ့နေရာချင်းကလဲ မတူတော့ မတွေ့ဖြစ်ကြဘူးပေါ့။

တနေ့တော့ အိမ်ကို ပါဆယ်ထုပ်ကြီး တထုပ်ရောက်လာလို့ ဖွင့်ကြည့်လိုက်တော့ ဒီမှာ ရှားပါးတဲ့ ဗမာအစားအစာတွေကို အမျိုးမျိုးအစုံစုံ ပို့လိုက်တာပါ။ သူ ဗမာဆိုင်ရောက်တုန်း ငါ့တူမလေး စားချင်ရှာမှာပဲ တွေးမိလို့ တဲ့။ နည်းတာမှ မဟုတ်ဘဲ။ အဲဒီတော့ ကိုယ်လဲ အားနာပြီး ဘာများ သူ့ကို ပြန်ပေးရင်ကောင်းမလဲလို့ တွေးရတာပေါ့။

နောက်တော့ စဉ်းစားမိတာက အယ်လ်အေမှာ ပဲကြော်က နံမည်ကြီးလေ။ အိမ်ရှင်မတွေ အကြိုက် မုန့်ဟင်းခါးထဲပဲ ထည့်ထည့်၊ အသုပ်ပဲ သုတ်စားစား လတ်လတ်ဆတ်ဆတ် ပဲကြော်လေးတွေ ကြိုက်တတ်တာမို့ ပုံးကြီးနဲ့ တပုံး ပဲကြော်တွေ ၀ယ်ပြီး ပို့ပစ်လိုက်တယ်။ အံတီက အပျိုကြီးမို့ တယောက်တည်းပဲ၊ စားပါလေ့။

ပို့ပြီးနောက်ပိုင်း ဖုန်းပြောတော့ ကိုယ်လဲ မမေးဘဲ ဒီအတိုင်း တခြားအကြောင်းပဲ ပြောနေတယ်။ သူ့ဆီ မရောက်သေးလို့ မသိသေးတာနေမှာ။ နောက်တခါ ဖုန်းဆက်တော့လဲ သူက စ ပြီး မပြောပြန်ဘူး၊ ပဲကြော်တွေ ပို့လိုက်တာ ရပြီသမီးရေ၊ ဒါနဲ့ ရရချင်းကို မုန့်ဟင်းခါးလေး ချက်စားလိုက်တာ ဘာညာ ပြောမယ်ထင်တာ။ ဒီတခေါက်လဲ မပြောပြန်ဘူး။

နောက်တော့ စဉ်းစားရတယ်။ ငါပို့လိုက်တာ အမြန် နဲ့ပို့တာပါ။ ပဲကြော်ပုံး ရောက်သင့်ပါပြီပေါ့။ ဒါနဲ့ နောက်တခါ ဖုန်းဆက်တော့ မေးကြည့်လိုက်တယ်။ အံတီ သမီး ပဲကြော်တွေပို့တာ ရောက်ပြီလား ပေါ့။ အံတီ့အသံက အေးတိအေးစက်ပဲ၊ ၀မ်းသာတဲ့အသံလဲ မဟုတ်ဘူး။ အေး၊ ရပါပြီ သမီး တဲ့။ အော် ချိုသင်းက လမ်းမှာများ ပျောက်သလားလို့။ ဒီမှာတော့ အဲဒီ ပဲကြော်လိုချင်ရင် ကြိုတောင် မှာရတာ၊ နံမည်ကြီးပဲကြော်မို့ အံတီ စားစေချင်လို့ပါ ပေါ့။

အဲဒီတော့ အံတီက ပြန်ပြောတယ်။ အံတီ သူငယ်ချင်းတွေကို ဝေလိုက်ပါတယ်ကွယ်။ အံတီကတော့ သွားတွေ မရှိတော့လို့ ပဲကြော် မစားတာ ကြာပါပြီ တဲ့။ ကောင်းပါရောရှင်။ အော်..အသက်..အသက်..၊ လုပ်ပေါက်က လူကို လာမသတ်သွားတာပဲ ကံကောင်းတယ် ပြောရမလိုပါပဲလေ။

မိုးချိုသင်း

24 comments:

sin dan lar said...

ဆရာမ..
အသက်(၃၀)မရောက်ခင်အထိ သိပ်အသက်ကြီးချင်ခဲ့တယ်..
ဘယ်သူနဲ့ပြောပြော အသက်တန်းတူလောက်ဆို
ကိုယ့်ကိုယ်ကို အစ်မက..အစ်မကနဲ့
အသက်လည်း(၃၀)ကျော်လာရော တုန်လှုပ်ခြောက်ခြားလာပါရော...

မေသဇင် said...

ဟဲဟဲ.. တို့ကလည်း ချိုသင်းခေါ်ရတော့မယ်ထင်တယ်။ အရင်က မမိုးချိုသင်းခေါ်နေတာကိုး။ ချိုသင်းက ၁၇ ဆို တို့က ၂၀-လောက်ပေါ့ကွာ.. ပဲကြော်များတပုံးကြီးများတောင် သွားပေးလိုက်တာလား။ တော်သေးတာပေါ့။ မစားလို့။ စားမိလို့ မရှိမဲ့ရှိမဲ့သွား ကျိုးသွားမှ ချိုသင်းတရားခံဖြစ်နေဦးမယ်။

ဇနိ said...

ဟုတ်တယ်နော် မမမိုးချိုသင်း.
အသက်ကလည်း အမြဲငယ်ချင်နေကြတာ.
ကိုယ်တိုင်လည်း အမြဲငယ်ချင်နေတာပါ.
တခါတလေကျလည်း ကိုယ့်ထက်ကြီးမှန်းသိသိကြီးနဲ့ကို အမ အမနဲ့ လာခေါ်တာခံရတယ်.
နောက်တော့ အကျင့်ပါသွားပြီး ကိုယ်ကပဲစပြီး ညီမရေ လုပ်တတ်သွားပြီ.
တနေ့ကလည်း ကျောင်းအတူလာတက်တဲ့ တခြားမြို့က (၃၅)နှစ် အမတစ်ယောက်က ဖုန်းဆက်လာတယ် “အမ ကျွန်မ ဒါလေးသိချင်လို့ပါ ဟုတ်ကဲ့အမ ကျေးဇူးတင်တယ်နော် အမတဲ့”ဗျာ။ တကယ်က သူသိတယ် အတူလာတဲ့အထဲမှာ ညီမတို့က ငယ်တယ်ဆိုတာ..
ရုပ်ရင့်လို့ခေါ်ခံရတယ်လို့ အောက်မေ့ပါတယ်.
အခုတော့လည်း နေတတ်နေပြီဗျ..
သေချာတာတော့ (၁၀) တန်းအောင်စ အသက်(၁၇) နှစ် မဟုတ်တော့ဘူး အမရေ တုန်လှုပ်စပြုနေပြီ..
မဇနိ

myatnoe said...

ဟုတ်တယ်အမရေ.. မြတ်နိုက သမီးသမီးနဲ့ ပြောနေကျ..။ အိမ်ကမိသားစုတွေပေါ့။ ပြောရင်းနဲ့ပဲ သမီးက မပီပဲ သဲ သဲ နဲ့ ဖြစ်သွားတာ..အလုပ်ထဲမှာတော့ မပြောပေမဲ့ အန်တီတွေ အများကြီးနဲ့ အလုပ်လုပ်ရတုန်းတော့ သမီးသမီးနဲ့ ပြောမိတာပဲ။ ကိုယ့်အောက်က ကလေးတွေပေါ့နော်..ဟီးဟီး သူတို့နဲ့ကျမှ အမ လို့ပြောဖြစ်တယ်။
များသော အားဖြင့် တော့ ကျန်သူတွေကို ကျနော်လို့သုံးတတ်ပါတယ်။
ဟုတ်ပ အမရယ်..။ သိပ်မငယ်ချင်လှပေမဲ့ အသက်ကြီးမှာတော့ ကြောက်သား။
ကလေးလုပ်ရတဲ့ဘ၀ကို ဆုံးရှုံးသွားတယ်။
ဘာပဲဖြစ်ဖြစ် သမီး ..အဲလေ..ဟောင်လို့ မိဘတွေနဲ့တော့ သမီးလို့ပြောနေကျကိုတော့ မပြင်တော့ပါဘူး။ ပြင်လိုက်ရင် စိတ်မကောင်းဖြစ်မှာပေါ့ အမရဲ့..။ အမက ဘာရေးရေး ရီရတယ်
ဖတ်လို့လဲကောင်းတယ်

တန်ခူး said...

ချိုသင်းက အရေးကောင်းတော့ အသက်အကြောင်းလေးလဲ ဖတ်လို့ အရမ်းကောင်း…
မီးမီးပြဿနာက တို့ လဲ ကြုံဖူးတယ်… မြန်မာပြည်မှာ အလုပ်ဝင်တော့ ကိုယ့်ထက် အသက် ၁ နှစ်လောက်ကြီးတဲ့ အမကြီးတွေလဲ သမီးက သမီးကနဲ့ ပြောနေတာ… ဖီးလ်လာဆင်းတဲ့ ကောင်လေးတွေက ဒီအရွယ်ကြီးနဲ့ သမီးက လုပ်နေတယ်လို့  မနေနိုင်ပဲ ထောက်ပြမှ ကိုယ့်ကိုယ်ကို သတိထားမိတယ်… ခုဆို နာမည်အစားထိုးပြောတဲ့ အကျင့်တော်တော်ပါနေပြီ… ကိုယ့်ထက် ၁၀ နှစ်ငယ်တဲ့ ညီမလေးရဲ့ ဆေးရုံလိုက်သွားတော့ အသက်သိပ်မကွာတဲ့ လူနာယောင်္ကျားလေးတွေကို သားလို့ ခေါ်တော့ မရှင်းလို့ မေးရတယ်… ကိုယ်ဆို မောင်လေးလို့ ခေါ်မိနေဦးမှာလေ… ညီမလေးက ကိုယ့်ထက်ရင့်ကျက်ပုံများ အဲဒါမှ ပြောလို့ ဆိုလို့ ဆေးကုလို့ ကောင်းမှာတဲ့… လူနာ သူ့ စကားနားထောင်အောင်လေ… ဟုတ်တယ်… မအေးနဲ့  ချိုသင်းကို လွဲတာဖြစ်မယ်… ချိုသင်းရင့်လို့ မဟုတ်ပါဘူး… မြင်ဘူးတာကိုက မအေးတယောက်ထဲကိုပါ… ချိုသင်းတို့ အိမ်ကို ဖေဖေနဲ့ လိုက်လာတုန်းက… တော်တော်ကြာပါပြီ… ဖေဖေက ဘဘဂျမ်းနဲ့ ခင်ပါတယ်…

My Wonderful Moral Thoughts said...

ဖတ်သွားပါတယ်။

မမချိုသင်း ဘာရေးရေး စွဲဆောင်မှု့ အပြည့်ရှိပြီး ဖတ်ကောင်းနေတာပဲ။

အရင်က နန္ဒာ အတွက် နိုင်းနိုင်းစနေ Blog ဟာ နေ့စဉ်မပြတ် ဖတ်ရတဲ့ Blog တခုပဲ။ သူက အမြဲ Update လဲလုပ်နိုင်တယ်။

သူ့အရေးအသားက မြန်မာစာ Weak ဖြစ်သူ နန္ဒာ့ အတွက် Easy to understand ဖြစ်စေတယ်။ အခု သူ မြန်မာပြည် ပြန်သွားပြီ ဖြစ်လို့ အရင်လို Update မလုပ်နိုင် တော့ဘူး။

အဲဒီလိုအချိန်မှာ မမချိုသင်း Blog ကို ရင်းနှီးခဲ့ ရတယ်။

မမချိုသင်း အရေးအသားကလဲ ရှင်းလင်းပြေပြစ်လို့ နန္ဒာ့ အတွက် ဖတ်ရ.. လေ့လာရ လွယ်ကူပြီး အတူယူစရာပါပဲ။ အခုဆို Post အသစ်တင်တာနဲ့ အမြဲ လာဖတ်ပါတယ်။


မမချိုသင်း ရဲ့ Writing Skills 'Talent' ကို လေးစားပါတယ်။

ခင်မင်လျှက်
SMNTL

AyeKhaing said...

အသက်က သူ့ဖာသူမနေဘူး။ သူ့ယောက်ျားက ကိုလူမော်တဲ့။ ရန်ကုန်မှာ နေတယ်။
ဗမာပြညက ထွက်ပြေးလာတုန်းက ကျနော့်အသက် ၃၆ ပဲရှိသေးတာ။ လမ်းမှာ အိမ်တအိမ်မှာတည်းနေတုန်း သွားရတော့မယ်ဆိုတော့ ဖတ်လက်စ စာအုပ်ကို တည်းတဲ့ အိမ်ရှင်က ပေးလိုက်တယ်။
"ဘကြီး.. လမ်းမှာဖတ်ချင်ရင်ယူသွား...." တဲ့။

ပီတိ said...

ကလေးဘ၀တုန်းက အင်မတန်ကြီးချင်တဲ့အသက် အခုတော့ ကလေးဘ၀ကိုပြန်ပြီးလိုချင်သား.. အဲလိုဖြစ်တာ အသက် ၃၀ကျော်ပြီးကတည်းက...

လင်း said...

အသက် အသက် မပြောချင်တော့ပါဘူး။ ဒီအသက်အကြောင်းတော့ ။ ခုတော့ ရှေ့ ကိုမတက်ဘဲ နောက်ကို တနှစ်ချင်းစီ ပြန်ဆုတ်မလို့  စဉ်းစားထားတယ်.။ ဒါမှ အသက်နဲ့ အတူ လိုက်မကြီးလာတဲ့ ဦးနှောက်နဲ့ အတော်လောက်ရှိမှာလေ

ပန်းခရမ်းပြာ said...

အသက်ကို မေ့ထားတာတော့ကြာပြီ။ ငယ်ငယ်က အသက်လိမ်ပြီး ကျောင်းစောနေမိလို့ အတန်းထဲမှာ အငယ်ဆုံး။ ခုတော့ အလုပ်မှာ ဘယ်သွားသွား ကိုယ့်ထက်ငယ်တဲ့သူတွေချည်းပဲ။ "အမ" ကိုထည့်ပြောနှိုင်အောင် နုတ်တိုက် ကျက်ထားရတယ်။ တခါတရံကျတော့ အန်တီတဲ့။ :(

May Moe said...

အမရေ အမြဲလာဖတ်ဖြစ်ပင်မဲ့ ဘာမှမရေးဖြစ်ခဲ့ဘူး ။ Link ထားလိုက်တယ်နော် ။ တမီး က အမထက် ၁၀နှစ်ငယ်တယ် ။ :D :P

Ko Paw said...

ဒီပို့စ်ကို ဖတ်လိုက်ရတာ စိတ်ချမ်းသာသွားတယ်။ ငါ့လို လူမျိုးရှိပါသေးလား ဆိုပြီး…အားရှိသွားလို့။ ကျနော်လည်း မချိုသင်းနဲ့ ရွယ်တူဘဲဗျိုး။ ဒါပေမယ့် သိတဲ့အတိုင်း လူတွေက အမှန်းအဆ အရမ်းညံ့ကြတာလေ။

ဂျစ်တူး - gyit_tu said...

အဟိ .. အဲဒီလို မြန်မာစကားမှာ အသက်နဲ့ လိုက်ပြီး ခေါ်ရတာလည်း ခက်တယ်နော် ။ အမ ရေးထားတာ ဖတ်ပီး ပြုံးစိစိ တချိန်လုံးဖြစ်သွားတယ်း)

ရွာသားလေးဝိုင်တီယူ said...

အမရေ မမိုးချိုသင်းနဲ့ အလွဲများ စီးရီးလိုက်ရေးလို့ရမယ်နော်။ စိတ်ညစ်လာတဲ့ဒီနေ့ အမပို့စ်ကို ဖတ်ပြီး ရီသွားပါတယ်။ စာဖတ်သူတွေ ပျော်ရွှင်သွားသလို စာရေးသူလည်း အမြဲပျော်ရွှင်နိုင်ပါစေ...

khin oo may said...

တို.လေ ရန် ကုန်ပြန် တုံး က ထီး တစ်ချောင်း လက် ဆောင် ပေးမိ သေးမယ်။ ခြေထောက် တစ်ဘက် မရှိ တဲ.သူ ကို. ။ သူ ကပြောတယ်။ သြော် ငါ.နှယ် ဘယ် နှဲ. အပြင် ထွက် ရ လို.တုံး ဆို တော.မှ အားနာ လိုက် တာ. ကိုယ် ကလဲ ကိုယ်ရှိတာ ပေးရတာ ကိုး။ လုပ် လိုက် မှဖြစ် တလွဲ ကြီး ဘဲ။

khin oo may said...

တို.လဲ အသက် နဲ.ပက်သက်ပြီး စာကြမ်းရေးထားသေးတယ်။ တင်ဖြစ်ရင် စုတုပြူတယ် လို.ဘဲ သဘောထားပါနော်။

ကလိုစေးထူး said...

ဖတ်ရတာ စိတ်ကိုပေါ့ပါးသွားတာပဲ။ ကျနော်ကတော့ အမ အသက်ကို အခန့်မှန်းတော်ပါတယ်။ တခါတည်းကို `အမ´ လို့ တန်းခေါ်လိုက်တာပဲ။ :P သွားမရှိတဲ့ အဒေါ်ကြီးကို ပဲကြော် လက်ဆောင်ပေးမိတဲ့ အလွဲကို တော်တော်ရယ်နေရတယ်။ :D

khine said...

Hi sist .. thkx for yr post..

ပုံရိပ် / Pon Yate said...

မချိုသင်းရယ် ဖြစ်မှဖြစ်ရလေ။ ပဲကြော် လက်ဆောင်ပေးမိ တာကိုး။

rose said...

မမရေ

သမီးဘ၀က ပိုဆိုးတယ် ဟိုနေ့က ဘုန်းဘုန်းတစ်ပါးက သမီးကို အစ်မသန်း သူငယ်ချင်းဆိုတော့ အစ်မသန်းထက် ကြီးလားတဲ့ ဟီး---------ဆိုပြီး အော်ငိုလိုက်ချင်တာပေါ့နော် ဒါပေမဲ့ မကောင်းလို့ မကြီးပါဘူးလို့ ပဲ ၀မ်းပန်းတနဲနဲ့ ဖြေလိုက်ရတယ်။ ကိုဇာနည်ကလဲ မိတ်ဆက်တုန်းက အစ်မက အသက်ဘယ်လောက်ရှိပြီလဲ ကျွန်တော်က ၃၈ပါတဲ့ ဒါနဲ့  ပေါက်တဲ့ နဖူးမထူးဘူးဟဲ့ဆိုပြီး ကျွန်မ ၄၀ ၀န်းကျင်ရှိပါပြီလို့  ပြောလိုက်တယ်။
မမရေ ဒီလိုသတင်းကြားလို့လဲ သမီးကို တောင်ဝှေး လက်ဆောင် မပေးနဲ့ အုံးနော်။ ပေးချင်ရင် Disney လက်ဆောင်ပဲပေး။ (ငယ်ချင်လွန်းလို့ပါ) ဟားဟားဟား

သက်ဝေ said...

သွားမရှိသူကို ပဲကြော်လက်ဆောင်ပေးလို့  ရယ်ရတယကတစ်မျိုး... ခြေတစ်ဖက်မရှိသူကို ထီးလက်ဆောင်ပေးတာကို ရယ်ရတာက တစ်မျိုး...။

ချိုသင်း ကိုတော့ တို့ က ချိုသင်း လို့ ဘဲ
ခေါ်လို့ ရပါတယ်...။ တို့ ကိုတော့ အမ လို့  (တစ်ခါတစ်လေ) ခေါ်ချင်လဲ ခေါ်ပေါ့နော်...။ အသက်လေ... အသက်ပေါ့...။

Kay said...

မချိုသင်းရေ- ဒါဆို မီး နဲ့တူတူပဲ။ အဟဲ-
ဗမာစကားက..နာမ်စားတွေများတာ..ကောင်းတာလား..မကောင်းတာလား မသိတော့ပါဘူး။
ဦးဘသာ လည်းဖတ်သွားတယ်။ အမှန်အတိုင်းပြောရင်- မချိုသင်းဝတ္တုတွေ..မဖတ်ဖူးဘူး၊။ ( အဲဒီအချိန်တွေတုန်းက..မဂ္ဂဇင်းသိပ်မဖတ်ဖြစ်လို့ပါ) စာရေးဆရာမ ကြီး မှန်း တော့သိတာပေါ့။း)
တခါ..ကလော ကို ဖီးလ် ရောက်တော့.. ကလော သားလေး တွေ ၀ိုင်းလာပီး..မေးကြတာ..အမှတ်ရတယ်။ ဒီ ကျောင်းသားအုပ်ထဲမှာ..ဆရာမ မိုးချိုသင်းပါ သလား ..တဲ့..။ တောက်- ညံ့သွားတာ..ကျမပါ လို့ ပြောပီး..မုန့်လေးဘာလေး မစားခဲ့ရဘူး။ ပရိသတ်တွေ ကျယ်၂ပြန့်၂ ရှိခဲ့တာကို ပြောတာပါ။း)
ခင်မင်လျက်-

မေငြိမ်း said...

အမလေး.. တခါတလေကျတော့လည်း ဘ၀ကြောင့် အသက်ကြီးပေးရတာလည်း ရှိပါသတော်။ တက္ကသိုလ်မှာ ဆရာမစဖြစ်တော့ အသက် ၂၁နှစ်ပဲ ရှိသေးလို့ ကျောင်းသားတွေရှိန်အောင် ကိုယ်နဲ့ အသက်မတိမ်းမယိမ်းတွေကို သားတွေ သမီးတွေ ဖမ်းခေါ်ပစ်လိုက်ရတာ.. အဲဒီကတည်းက အသက်ကြီးသူကြီ့းဖြစ်ရော..။ ပြီးတော့ Rose ပြောသလိုပဲ အသက်မေးတဲ့သူက "အမက နည်းနည်းကြီးမယ်ထင်တယ်နော်.."လို့ ခံထားတော့ ကိုယ့်ခမျာ ရှိရင်းထက် ပိုကြီးပြီး ပြောလိုက်ရတာ လည်း ရှိသေး။ အဟီးး ပီးတော့ ချိုသင်းလိုပဲ.. "မမေငြိမ်းက ကျမထက်ငယ်တာကိုး"ဆိုပီးတော့ အမလို့ ဆက်ခေါ်ခံရတာ လည်း ရှိသေး.. သိနေတယ်နော်.. :D

ချစ်ကြည်အေး said...

Cho Thin, I think all bloggers should atleast update their age in profile....so we know how to address each other , right ....hee hee, some may want to beat me up for this suggestion hee:D Like That-wei, she will kill me first :D