ဒီနေ့တော့ ခင်ရတဲ့ မနော်ဟရီက ဘလော့ဂ်မှတ်စုလေး လုပ်ပါအုံး တဲ့။ tag လာတယ်။
မှတ်စုဆိုတော့ ကိုယ့်မှာက မှတ်မှတ်သားသား ဘာမှမရှိလို့ကို ဒီမှတ်တမ်းလေး လုပ်ထားရတာ။ ဘလော့ဂ်လုပ်သက်ကလဲ ၂လခွဲ ဆိုတော့ ပြောပလောက်အောင် မရှိပေမဲ့ ဘလော့ဂ်နဲ့ပတ်သက်ရင် ကိုယ့်သူငယ်ချင်းအကြောင်း ပြောရသလို ဖြစ်နေတာမို့ ကြိုးစားပြီး ပြောမှာပေါ့ လို့ မနော်ကို ပြောလိုက်တယ်။ ငယ်ငယ်ကစာမေးပွဲဖြေသလို မေးခွန်းတခြား အဖြေတခြား ဖြစ်တတ်လွန်းလို့ အဲဒီလို ဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပေါ့ နော..။ ကဲ စပြီ။
ဘလော့ဂ်ဆိုတဲ့စကားကို ပထမဆုံး ကြားဖူးတာ ဆရာမ မေငြိမ်းဆီကပါ။ ဆရာမနဲ့ ဂျီတော့ခ် ပြောနေတုန်း ဆရာမက သူဘလော့ဂ်လေးတခု လုပ်နေတာ သိလား တဲ့။ ဒီက ငဒူကလဲ ထုံးစံအတိုင်း မသိပါဘူးဆိုတော့ ဆရာမက လင့်ခ်လေး တခု ပို့လိုက်တယ်။ “အဲဒါ ဆရာမ ဘလော့ဂ်ပဲ၊ ရဲရဲသာ နှိပ်လိုက်” တဲ့။ ဒါနဲ့ ကိုယ်လဲ နှိပ်ပစ်လိုက်တာ ဆရာမ ဘလော့ဂ်ကို တန်းရောက်သွားတော့တာပဲ။
တွေ့တွေ့ချင်း အံ့သြလိုက်တာ။ ပထမဆုံး ခံစားရတာက လွတ်လပ်တဲ့ အရသာ ပါ။ ကိုယ် ကြိုက်တာကို၊ ကိုယ်ရေးချင်တဲ့အချိန်မှာ၊ ကိုယ်ရေးချင်သလောက် စိတ်ကြိုက် ရေးစမ်းပါလေ့။ စာပေစိစစ်ရေးမရှိတာကို သဘောအကျမိဆုံး။ ကိုယ်သာလျှင် အယ်ဒီတာ၊ ကိုယ်သာလျှင် စာရေးသူ၊ ကိုယ့်စာကိုယ် တာဝန်ယူပေတော့ပဲ။
ဗမာပြည်မှာတုန်းက ကိုယ်ရေးတဲ့စာမူလေးက အယ်ဒီတာငယ်ကတဆင့်၊ အယ်ဒီတာကြီးတွေဆီရောက်၊ သူတို့ကြိုက်လို့ ရွေးရင်တောင် စာပေစိစစ်ရေး စားပွဲတွေ အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ မဂ္ဂဇင်းစာမျက်နှာတွေပေါ် ရောက်ရတာ။ သင့်ဘ၀မဂ္ဂဇင်းမှာ အယ်ဒီတာ ပေါက်စ၀င်လုပ်တုန်းကဆို စာပေစိစစ်ရေးနဲ့ သင့်ဘ၀ကို ခေါက်တုံ့ခေါက်ပြန် ကျောပိုးအိတ်လေး တလုံးနဲ့ ပြေးလွှားလိုက်ရတာ။ ချောင်းပေါက်မတတ်ပဲ။
ဒီစာမူတခု လွတ်ပါမဲ့အရေး စာရေးဆရာကလဲ ကိုယ်ပေးချင် ပြောချင်တဲ့ မက်ဆေ့ခ်ျကို လျှို့ဝှက်သည်းဖိုထက်တောင် လျှို့ဝှက်ရသေး။ တခါတလေများ လွတ်တော့လွတ်ပါရဲ့၊ အရသာများတောင် ပျက်လို့။ နောက်က ခက်ဆစ် အဓိပ္ပါယ်ဖွင့်သလို နောက်ဆက်တွဲနဲ့ တွဲထုတ်ရမဲ့ပုံ။ ဖတ်တဲ့သူကလဲ ပဟေဠိ အဖြေညှိနေရသလိုပဲ။
ဘယ်စာရေးဆရာ၊ အနုပညာသမားမှ ကိုယ့်စာကို အလွှမ်းမိုးခံချင်မှာ မဟုတ်ပါဘူး။ အဲဒီအရသာကို ဒီဘလော့ဂ်တွေမှာ ရက်ရက်ရောရော တွေ့ရတတ်တာ။ စာရေးသူရဲ့ သဘောအတိုင်းပဲ။ ဒါကြောင့် ဘလော့ဂ်ရေးတာဟာ လွတ်လပ်စွာရေးသားခွင့် ဆိုတာကို ရော့ - ဆိုပြီး ပြန်ပေးတာ လက်ခံလိုက်ရသလိုပဲ ကိုယ်က ခံစားမိတယ်။ ဒါကြောင့် မြုပ်နေတဲ့၊ ကွပ်ညှပ်ခံနေရတဲ့ အနုပညာတွေ၊ အယူအဆတွေ ရဲရဲရင့်ရင့် လှလှပပ ပွင့်နေကြတာ မြင်လိုက်ရသလိုပဲလေ။
နောက်တခုက ဘလော့ဂ်ရေးတော့ ဘလော့ဂ်ရေးသူနဲ့ ဖတ်သူ ပိုရင်းနှီးခင်မင်မိစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချင်းချင်း မျှဝေကြတာကိုး။ ကိုယ်ဆို ဘလော့ဂ်ဖတ်နေတာလို့တောင် မခံစားမိဘူး။ သူပြောတာကို သွားနားထောင်လိုက် ကိုယ့်အကြောင်းလေး ပြန်ပြောပြလိုက်.. လို့တောင် ခံစားနေမိတယ်။ အသက်ဝင်နေလို့လေ။
စာလာဖတ်နေသူ ဘယ်သူဘယ်ဝါဆိုတာလဲ ကိုယ်မသိ၊ သိဖို့လဲ မကြိုးစား သူပြောသမျှ ကျေနပ်၊ သူ မျှတာ ကိုယ်ယူ၊ သူချက်တာ ကိုယ်စားလို့ ပျော်ပျော်ပဲ သူငယ်ချင်းဖွဲ့နေတယ်။ ကိုယ့်အကြည်ဓာတ်လေး မပျက်အောင် နေရင် ပျော်စရာကောင်းတယ်။ အဲဒါ ဘလော့ဂ်ရဲ့ လွတ်လပ်တဲ့ အရသာကို တန်ဖိုးထားလို့ပဲ။
တခါတလေ စိတ်ခံစားမှုကို ဖော်ပြတဲ့ သင်္ကေတ ပုံလေးတွေ ထည့်တတ်တာမို့ ဒါလေးတွေ ဘယ်သူများ ထွင်ပါလိမ့်လို့ ကြည်နူး ကျေးဇူးတင်ရသေးတယ်။ ကိုယ်ကတော့ အဲဒီလိုလေးတွေ့ရင် ခေါင်းစောင်း စောင်းသွားတတ်တာ။ ဥပမာ :) smilie လေးဆိုရင် ကိုယ့်ကွန်ပျူတာမှာ အတည့်မပေါ်တော့ စောင်းပြီး ပြန်ပြုံးပြရတာ။ သူပြုံး ကိုယ်ပြုံး၊ သူငို ကိုယ်ငို ပေါ့။
အဲဒီတော့ ဘလော့ဂါ ဖြစ်ရတာ မကျေနပ် မပျော်ရွှင် ဘယ်ရှိပါ့မလဲ။ ကိုယ်ဖတ်ချင်တာ ဖတ်ရတယ်၊ ကိုယ်နဲ့ တူတဲ့ မိတ်ဆွေတွေ အများကြီး တွေ့ရတယ်၊ ကိုယ်ရေးချင်တာတွေကို open diary လို ရေးနေလို့ စိတ်လက်ပေါ့ပါးတယ်။ အဲဒါအပြင် ဘလော့ဂ်လောကမှာ အချင်းချင်း ချစ်ခင်စိတ်နဲ့ appreciate လုပ်တဲ့ အလေ့အထကြောင့် စာပိုရေးချင်စိတ်ကို ဖြစ်ပေါ်စေတာတော့ အမှန်ပါပဲ။ သူ့အားပေးပြုံးကို ကိုယ်တွေ့လိုက်ရသလိုပဲလေ။
ဒါကြောင့် စာကို ရေးချင်လို့ကို ရေးနေတဲ့သူတွေအဖို့မှာတော့ ဘလော့ဂ်က ပိုက်ဆံလဲ မရပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ မယှဉ်နိုင်တဲ့ စိတ်ကြည်နူးမှုတွေ၊ ဗဟုသုတတွေ၊ သတင်းတွေ ရလို့ ရသ သုတ ပေါင်းစုံ ရတဲ့ ကွန်ယက်ကြီးလိုပါပဲ။ အဲဒီအထဲက ကိုယ်လိုချင်တာယူ၊ ကိုယ်မလိုချင်တာ မဖတ်ချင်တာ မသွားရုံသာ။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်။ ကိုယ့် စိတ်ဝင်စားမှုနဲ့ ကိုယ်။ ကိုယ့် စိတ်ချမ်းသာမှုနဲ့ ကိုယ်ပေါ့။
ဒီလောက်ဆို ကိုယ့်ရဲ့ ဘလော့ဂ်အပေါ်မှာ နားလည်သလောက်၊ ဘလော့ဂါတယောက်ရဲ့ ခံစားမှုကို မနော် ဖတ်မိပြီ ထင်တာပဲလေ။
ဘလော့ဂ်ပေါ်မှာ အတူတူ စီးဆင်းရင်း ရွှင်လန်းချမ်းမြေ့ဖို့ ဆုတောင်းနေပါတယ်။
မိုးချိုသင်း